Saturday, January 24, 2009

ထိုင်း-မြန်မာ အောက်လမ်းခရီး ဟွေ့ဟင်ဖွန်ဂိတ်နှင့် (၉၉၉) လူပွဲစားများ

ရဲရင့်မြင့်မောင် / ၂၃ ဇန်န၀ါရီ ၂၀၀၉


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၀) ဂိတ်တည်ရှိရာ ထာ့အာရွာ၏တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီ ဘက်ကမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေကြသည့် မြန်မာ နိုင်ငံသားများကို လူကုန်ကူးရောင်းဝယ်ဖောက်ကားရာ နေရာဒေသတခုအဖြစ် တည်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တခုခန့် ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီခရိုင်အာဏာပိုင်များ၊ ဒီကေဘီအေအဖွဲ့ဝင်များ၊ လူပွဲစားများ ပူးပေါင်းကာ လုပ်ကိုင်ကြသဖြင့် မည်သည့်အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယနေ့ထက်တိုင် လူကုန်ကူးမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေလျက်ရှိသည်။

ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံနေရာဒေသအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများမှာ မြန်မာ ပြည် ပြန်မည့်အချိန်တွင် မိမိတို့စုဆောင်းထားသည့် လုပ်အားခများကို နယ်စပ်ရှိ မိမိတို့ ဆွေမျိုးသားချင်း အသိမိတ်ဆွေ များထံ ဘဏ်မှတဆင့်ငွေလွှဲကြပြီး ဘန်ကောက်ရှိ မော်ချိကားဂိတ်သို့သွားကာ ဘန်ကောက်-မဲဆောက် ပြေးဆွဲသည့် ညကားဖြင့် မဲဆောက်သို့ ပြန်လာကြသည်။

မနက် (၅) နာရီခန့်တွင် မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကြီးဖြစ်သည့် ဟွေ့ဟင်ဖွန်ဂိတ် အရောက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ကားပေါ်တက်လာပြီး “ဒီကားပေါ်မှာပါတဲ့ ဗမာ၊ ကရင်၊ မွန် အားလုံး ဆင်းကြပါ” ဟုဆိုလျှင် ကားပေါ်ပါ မြန်မာနိုင်ငံသားအားလုံး မိမိတို့ယူဆောင်လာသည့် ပစ္စည်း၊ အထုပ်အပိုးများနှင့်အတူ ကားပေါ်မှဆင်းပြီး အဖမ်းခံကြရသည်။

ဘန်ကောက်-မဲဆောက် ကားတစီးလျှင် နေ့စဉ်မြန်မာ (၁၅) ဦးမှ (၂၀) အထိ ပုံမှန်ပါရှိတတ်ပြီး မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ခရီးသည်တင်လိုင်းကားကြီးများမှာ နေ့စဉ် (၁၅) စီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ၎င်းနည်းလမ်းဖြင့် ဘန်ကောက်မှပြန်လာကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ် (၁၀၀) မှ (၁၅၀) ခန့် ပုံမှန်ရှိသည်။ အခါကြီးရက်ကြီးများဖြစ်သည့် သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလ၊ သီတင်းကျွတ်ကာလများတွင် ဘန်ကောက်မှ လိုင်းကားစီး၍ ပြန်ဆင်းလာသူ နေ့စဉ် (၃၀၀) ခန့်ရှိသည်။

အဆိုပါ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရသူများကို မဲဆောက် ထိုင်းလဝကရုံးတွင် ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံမှတ် တမ်းများယူပြီး ထိုင်းလဝက က ထိုင်းဘက်ကမ်း အမှတ် (၁၀) ဂိတ်မှ မြန်မာဘက်ခြမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သို့ စာရင်းနှင့်တကွလွှဲအပ်ပြီး နယ်နှင်လိုက်သည်။ နယ်နှင်ခံရသည့် မြန်မာနိုင်ငံသားများ (၉၉၉) ဒီကေဘီအေဂိတ်သို့ ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသော ဒီကေဘီအေဂိတ်မှ တာဝန်ရှိသူများက လူစာရင်းကောက်ယူပြီးနောက် ၎င်းတို့လက်သပ်မွေးထားသည့် အမာခံလူပွဲစားများထံသို့ ရောက်ရှိလာသူများကို တဦးလျှင် ထိုင်းဘတ်ငွေ (၉၀၀) နှုန်းဖြင့် အချိုးကျခွဲဝေပေးလိုက်သည်။ လူတဦး (၉၀၀) နှုန်းဖြင့် လူတရာအတွက် ဘတ်ငွေ (၉) သောင်းအား ဒီကေဘီအေသို့ ပေးရသည်။

ဒီကေဘီအေဂိတ်မှ ရွေးထုတ်သွားသူများကို ပွဲစားများက မိမိတို့နေအိမ်အသီးသီးသို့ ခေါ်ဆောင်သွားပြီး လူတဦးလျှင် (၁,၂၀၀) နှုန်းဖြင့် အရွေးခံစေသည်။ မြဝတီမှ အောက်ပြန်ဆင်းမည့် ခရီးစဉ်ကိုလည်း ၎င်းတို့ပိုင်ကားများဖြင့်သာ လိုရာသို့ သွားစေသည်။ ဘန်ကောက်ပြန်အများစုမှာ နယ်စပ်အခြေအနေအား ကြိုတင်သိရှိထားသဖြင့် အနည်းဆုံး ဘတ်ငွေ (၃-၄) ထောင်ခန့် ဆောင်ထားကြသည့်အတွက် ပွဲစားအား ငွေ (၁,၂၀၀) ပေး၍ ပွဲစား၏အစီစဉ်ဖြင့် မြဝတီမြို့ကားဂိတ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ လိုရာခရီးဆက်ကြရသည်။ အချို့ငွေပါမလာသူများအား ပွဲစားများက ၎င်းတို့အိမ်တွင် ထား၍ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဆွေမျိုးများအား အဆက်အသွယ်လုပ်စေပြီး ငွေဖြင့် လာ၍ရွေးရသည်။ လူကိုယ်တိုင်မလာနိုင်သူ များအနေဖြင့် ပွဲစား၏ဘဏ်စာရင်းမှတဆင့် ငွေလွှဲပေးရသည်။ လာရွေးမည့်လူမရောက်ခင်စပ်ကြား နေထိုင်စားသောက် ရေးအတွက် ပွဲစားက တရက် (၁၀၀) နှုန်းဖြင့် တာဝန်ယူကျွေးမွေးထားပြီး ရက်အလိုက် ကုန်ကျသမျှကို ဆွေမျိုးများက ငွေ ပေးချေပြီးမှ ခေါ်သွားခွင့်ရှိသည်။

လူတဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် နေ့စဉ် လူ (၁၀၀) မှ (၂၀၀) အတွက် ရရှိသည့်ငွေများကို ဒီကေဘီအေသို့ ပေးရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာလူပွဲစားတဦးက “ဒီကေဘီအေက ဒီငွေတွေကို အကုန်လုံးမရဘူး။ ထိုင်းလဝကကို လည်း ရာခိုင်နှုန်းနဲ့ ပြန်ပေးရတယ်။ လူတယောက်ကို ဒီကေဘီအေက (၉၀၀) ရတယ်။ ထိုင်းလဝကကို တယောက် သုံးရာနှုန်းနဲ့ ပြန်ပေးရတယ်လို့ သိရတယ်။ ဒါတရားဝင်တော့မဟုတ်ဘူး။ ထိုင်းလဝကရယ်၊ ဒီကေဘီအေရယ် မြန်မာလူပွဲစားတွေ သူတို့ညှိပြီးလုပ်ထားတဲ့ နားလည်မှုပဲ” ဟု ပြောသည်။

ယခင်ကဆိုလျှင် ဘန်ကောက်မှမဲဆောက်သို့ ပြန်လာသူများမှာ တရားဝင်မဟုတ်သောနည်းဖြင့် ထိုင်းလဝကကို တဦးလျှင် ဘတ် (၅၀၀) နှုန်း ဒဏ်ကြေးပေးဆောင်ရပြီး ထိုင်းလဝကမှ နယ်စပ်သို့ သွားရောက်ပို့ဆောင်ပေးသည်။ ၎င်းကိစ္စနှင့်ပတ် သက်၍ အထက်သို့တိုင်တန်းမှုများရှိ၍ ပြဿနာတက်သောကြောင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ခန့်ကစကာ ယခင်ကဲ့သို့ဘတ် (၅၀၀) ပေးဆောင်စရာ မလိုတော့သော်လည်း ထိုင်းလဝက၊ ဒီကေဘီအေနှင့် လူပွဲစားများညှိကာ နားလည်မှုဖြင့် ဆက်လက်လုပ်ကိုင်ကြသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ (၉၉၉) ဒီကေဘီအေဂိတ်ကို အခြေပြု၍ လူပွဲစားများက မြဝတီမှတဆင့် ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန် မာနိုင်ငံသားများကို လူတဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀) ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

လိုရာခရီးရောက်သူများရှိပြီး အချို့လမ်းခရီးတွင် ဖမ်းဆီးခံရကာ နယ်စပ်ပြန်ပို့ခံရသူများလည်းရှိသည်။ အချို့မှာ ခရီးစဉ်လမ်းကြောအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးသူများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

မြန်မာလူပွဲစားများက ဘန်ကောက် သွားမည့်သူများကို ထိုင်းဘက်ကမ်းသို့ တဆင့်ပေးပို့ပြီး ထိုင်းဘက်ကမ်းရှိ လူကြိုလူပို့မည့် ဒေသခံများနှင့် ဆက်သွယ်ကာ လိုရာခရီးသို့ ပို့ဆောင်ပေးကြသည်။ မဲဆောက်မှ ဘန်ကောက်သို့ သွားရာတွင် ကားကြီးကားငယ်များတွင် နည်းအမျိုးမျိုးဖြင့် ဝှက်ကာ တိုက်ရိုက်သယ်ဆောင်သူများရှိပြီး အချို့လူကယ်ရီများမှာ မဲဆောက်မှ တာခ်ခရိုင်မြို့အထိ တောလမ်းခရီးကို တရက်၊ နှစ်ရက်ခရီးခန့် လမ်းလျှောက်ရပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ သွားကြရသူများလည်း ရှိသည်။ အချို့တောလမ်းခရီးတွင် အဖမ်းခံရပြီး ငွေကုန်လူပန်းဖြစ်ရသူများနှင့် ဖျားနာ၍သေဆုံးသူများလည်း မကြာခဏ ရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်၊ လူရွယ်အများစုမှာ လုပ်အားခပိုမိုရရှိ သည့် ထိုင်းနိုင်ငံသို့ မည်မျှပင်အခက်အခဲနှင့် အန္တရာယ်ရှိစေကာမူ မြန်မာပြည်တွင် ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေရ သည်ထက် ယခုကဲ့သို့ စွန့်စားပါက မြန်မာနိုင်ငံထက်စာလျှင် မျှော်လင့်ချက်များစွာရှိသည်ဟု လယ်သမားဘဝကိုကျောခိုင်း ပြီး မိသားစုနှင့်အတူ မဲဆောက်ရောက်လာသည့် ပဲခူးမြို့သား ကိုတင်အောင်က ပြောသည်။

(၉၉၉) ဂိတ်မှ လူပွဲစားအမျိုးသမီးတဦးက “လူကုန်မှုဥပဒေတွေဘာတွေ ငါတို့မသိဘူး။ ဘယ်သူ့ဆီမှလည်း ပိုက်ဆံအလ ကားမတောင်းဘူး။ တန်ရာတန်ကြေးပဲယူတယ်။ အကုန်လုံးရတာလည်း မဟုတ်ဘူး။ ဟိုခွံ့ဒီခွံ့လိုက်လုပ်ရတာတွေလည်း
အများကြီးရှိတယ်။ ဘန်ကောက်သွားဖို့ လာခဲ့ကြလို့ ဘယ်သူ့ကိုမှမခေါ်ဘူး၊ ဒီဂိတ်က ပြန်လာကြပါလို့ ဘယ်သူ့ကိုမှလည်း မပြောဘူး၊ သွားမယ့်သူက သူတို့ဘာသာသူတို့ သွားကြလာကြတာပဲ။ ကားတန်းတရက်ခြား အောက်ကနေ မြဝတီကို တက်လာတဲ့လူ တနေ့ (၃-၄) ရာလောက်ရှိတယ်။ ကိုယ်တိုင်လုပ်တာလည်း မဟုတ်ဘူး၊ ငါတို့ကတဆင့်ခံပွဲစားပဲ။ ငါတို့ရတာပဲ လူမြင်တယ်၊ ပြဿနာဖြစ်လို့ အဖမ်းခံရတာ၊ ငွေကုန်တာ ဘယ်သူမှမမြင်ဘူး။ မြဝတီမှာက အကုန်လုံးနဲ့ ဝေစားမျှစားလုပ်ရတယ်။ အဲလိုလုပ်တာတောင်မှ မနှစ်က ပွဲစားတယောက် နေပြည်တော်က လာဖမ်းလို့ အခု ထောင်ကျနေတယ်။ မထွက်သေးဘူး။ ဘန်ကောက်က ပြန်လာတဲ့သူတွေကို ငါတို့က (၉၀၀) နဲ့ရွေးပြီး (၁,၂၀၀) နဲ့ ပြန်တောင်းတယ်။ တချို့ပြန်လာတဲ့ လူတွေ မြဝတီက ဟိုလူကြီးအမျိုး၊ ဒီလူကြီးအမျိုးဆိုပြီးတော့ ဒီအတိုင်းလာခေါ်သွားတယ်။ အဲဒါတွေကျတော့ ငါတို့စိုက်ထားတာတွေ တပြားမှပြန်မရဘူး။ လူတွေကို မလာစေချင်ရင် မြဝတီမှာ အဝင်မခံနဲ့ပေါ့။ ကော့ကရိတ်မှာ ပိတ်ဖမ်းပါလား။ ဘယ်သူလာရဲမလဲ။ သိချင်ရင်အောက်ဆင်းသွား၊ ကရင်ပြည်နယ်မှာဆိုရင် ရွာတိုင်းပဲ အပျိုလူပျိုမရှိတော့ဘူး။ အားလုံး ထိုင်းမှာချည်းပဲ။ ဒီကိစ္စရဲ့ အရင်းခံဟာ ပွဲစားမဟုတ်ဘူး၊ သဘောပေါက်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းလဝကမှ (၉၉၉) ဂိတ်သို့ ပြန်ပို့သည့် ဘန်ကောက်ပြန်များမှာ ငွေကြေးရှိပြီး မိမိအစီစဉ်ဖြင့် ပြန်လာကြသူများကိုသာ အဓိကပို့ဆောင်ပေးပြီး မိမိအစီစဉ်ဖြင့်မဟုတ်ဘဲ ဘန်ကောက်နှင့် အခြားဒေသများတွင် အဖမ်းခံရ၍ ပြန်လာကြသူများကို ထိုင်းလဝကက အခြားဂိတ်များမှတဆင့် မြဝတီဘက်ပြန်ပို့ကြသည်။

မဲဆောက်မှမြဝတီသို့ ဝင်ရောက်ရာတွင် (၉၉၉) ဂိတ်အပါအဝင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး၏ ဘေးဝဲယာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားသည့် လှေဆိပ် (၁၇) ဂိတ်ရှိသည်။ အဖမ်းခံရ၍ ရောက်ရှိလာသူများမှာ ငွေကြေးမပါရှိကြဘဲ အဝတ်တထည် ကိုယ်တခုဖြင့် ပြန်လာကြသူများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးခံရပါက ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး မြန်မာအလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုကျော်ထွေးက ပြောသည်။

ကားတန်းတရက်ခြား မြဝတီမြို့မှတဆင့် မဲဆောက်ဒေသအတွင်း ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေသူ (၃၀၀) ခန့်ရှိသည် ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။ မြန်မာလူကယ်ရီတဦး၏အဆိုအရ ဘန်ကောက်နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဲဆောက်မြို့မှတဆင့် ဝင်ရောက်သူများမှာ နေ့စဉ်လူဦးရေ (၁၅၀) ခန့်ရှိသည်ဟု ဆိုသည်။

ထိုင်းအစိုးရက ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (BE ၂၅၅၁) အရ ထိုင်းအာဏာပိုင်များက မြန်မာအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံအချို့မှ အလုပ်အကိုင်လာရောက် ရှာဖွေသူများအား ထိုင်း နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်မှုတားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း သန်းချီသည့် တရားမဝင် ဝင်ရောက်သူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေခြင်းသည် လူကုန်ကူးမှုများတွင် ဒေသခံများနှင့် အာဏာ ပိုင်အချို့ ပါဝင်ပတ်သက်မှုရှိ၍သာ ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့တခုမှ တာဝန်ရှိသူ တဦးက သုံးသပ်ပြောဆိုသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြားတွင်လည်း နယ်စပ်ဖြတ်ကျော်သည့် လူကုန်ကူးမှုတွင် နှစ်နိုင်ငံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်မှုမရှိလျှင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ထိုင်းရှေ့နေများအဖွဲ့က ကမကထပြုပြီး မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေ ရေးရာဆွေးနွေးပွဲတခုတွင် လာရောက်ဆွေးနွေးပို့ချသည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ဆွေးနွေးပွဲတက်ရောက်လာ သည့် မြန်မာ့အရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကို “ထိုင်းနိုင်ငံမှာ လာဘ်စားမှု တွေရှိတဲ့အတွက် အဲဒါကိုခင်ဗျားတို့ ကျေးဇူးတင်ရမယ်။ ဒီကလူတွေလာဘ်မစားဘူးဆိုရင် ခင်ဗျားတို့အခုလိုတောင် ဒီဆွေး နွေးပွဲကို လာတက်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

မြဝတီခရိုင်အတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးမှုများနှင့်ပတ်သက် ၍ မြဝတီမြို့ခံကုန်သည်တဦးက "ဒီကိစ္စမှာ ဒီကေဘီ အေနဲ့လူပွဲစား တွေ အဓိကလုပ်နေကြပေမယ့် တကယ်မရှိမဖြစ်ကတော့ ခရိုင်အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုက အဓိက ကျပါတယ်။ ခရိုင်အာဏာပိုင်တွေရဲ့ နားလည်မှုမရရင် မြဝတီမှာ ဘာမှလုပ်လို့ မရပါဘူး။ မနှစ်ကဆိုရင် (၉၉၉) ဂိတ်က ပွဲစားကြီးတဦးကို နေပြည်တော်က တိုက်ရိုက်လာဖမ်းပြီး လူကုန်ကူးမှုနဲ့ အဲဒီလူ အခု ထောင်ကျနေတယ်။ အဲဒီလူကို စစ်ကြောရေးဝင်တော့ အကုန်ဖော် ရတော့တာပဲ။ ခရိုင်အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ရပ်ကွက် အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူ့ကို ရာခိုင်နှုန်း ဘယ်လောက်ပေးရလဲ၊ လစဉ်ကြေးဘယ်လောက်ပေးရသလဲ ဆိုတာကအစ ဖော်တော့ သူတို့ ပိုက်ဆံပေးရတဲ့လူတွေထဲမှာ မြဝတီခရိုင်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆွေညွန့်လည်း ပါဝင်ပတ်သက်နေတဲ့အတွက် နေပြည်တော်ကနေ သူ့ကို မနှစ်ကနယ်ပြောင်းပြီး အရေးယူလိုက် တယ်။ ကျနော်တို့နိုင်ငံမှာက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ခရိုင်ဥက္ကဋ္ဌလိုအဆင့်တောင် နယ်ပြောင်းတာလောက်ပဲ အရေးယူ ခံရတယ်။ တကယ် တိုင်းပြည်ကောင်းအောင် လုပ်မယ့်လူတွေကို တော့ ထောင်နှစ် (၁၀၀) တို့၊ (၇၀) တို့ချတာတွေ လုပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို တွက်သာကြည့် တော့။ အခုသူ့နေရာမှာလာတဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းထွန်း လက်ထက်မှာလည်း အစကတော့ ဟုတ်မလိုလိုနဲ့ အခုပုံမှန်လိုပဲ ပြန်ဖြစ်နေပါပြီ။ ဒီကေဘီအေနဲ့ လူပွဲစားတွေဟာ ဘန်ကောက်က ပြန်လာတဲ့လူတွေကို ရွေးထုတ်တာအပြင် နေ့တိုင်းဘန်ကောက်ကို ခိုးသွားကြတဲ့ မြန်မာတွေကိုလည်း သူတို့ပဲ လူပွဲစားလုပ်ပြီး စီစဉ်ဆောင်ရွက်ပေးနေတာပါ။ ဒီကိစ္စ ကနေ့အထိ လုပ်လို့ရနေတာကတော့ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်တယ်။ ခက်တာက မြဝတီမှာ အမှန်ပြောရင် ပြဿနာရှိတယ်” ဟု ပြောသည်။

လူပွဲစားများသည် မြဝတီ-ဘားအံ ပြေးဆွဲသည့်ကားများ အသီးသီးဝယ်ထားကြပြီး ဘန်ကောက်တက်၍ အလုပ်လုပ်မည့် လူများအား ဘားအံမှတဆင့် မြဝတီ၊ ဘန်ကောက်သို့ တိုက်ရိုက်ပို့ဆောင်ပေးမှုများလည်း ရှိသည်။

ဘားအံမှ စထွက်ရာတွင် မှတ်ပုံတင်မရှိသူများအတွက် လူပွဲစားများက ဘားအံနှင့်မြဝတီကြားရှိ စစ်ဆေးရေးဂိတ်များကို လာဘ်ငွေပေး၍ အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြပြီး မြဝတီရောက်ရှိသည့်အခါ ၎င်းတို့ခေါ်လာသူများအား ဒီကေဘီအေ (၉၉၉) ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အိမ်များတွင် တည်းခိုစေသည်။ ထိုမှတဆင့်ဘန်ကောက်သို့ ဘတ် (၁၅,၀၀၀) နှုန်းဖြင့် လက်ငင်း ငွေပေးချေပြီးမှ ဆက်လက်ပို့ဆောင်ပေးသည်။ ဘားအံ-မြဝတီလမ်းကြောအတွက် ကုန်ကျသည့်လမ်းခရီးစရိတ် ကျပ် (၁) သောင်းခန့်ကိုလည်း သီးခြားပေးရသည်ဟု သိရှိရသည်။

မြဝတီမှ မြန်မာဘုန်းတော်ကြီးတစ်ပါးက “ဒီကိစ္စဘာကြောင့် ဖြစ်ရသလဲဆိုတာ လူတွေအားလုံးသိကြပါတယ်။ မြန်မာပြည် ကို အုပ်ချုပ်မင်းလုပ်နေတဲ့လူတွေလည်း သူတို့သိကြပါတယ်။ ခက်တာက အမှန်တရားကို သူတို့လက်မခံကြဘူး။ သူတို့ဖြစ် ချင်တာပဲ သူတို့လုပ်တယ်။ တိုင်းပြည် မအေးချမ်းသရွေ့တော့ ဒီပြဿနာတွေ ရှိနေအုံးမှာပဲ။ တိုင်းပြည် အေးချမ်းမှပဲ လူထု တွေလည်း သက်သာမယ်။ ဒါမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဒီဒုက္ခသံသရာကြီးဟာ ဒီလိုပဲ သံသရာ လည်နေမှာဖြစ်တယ်” ဟု မိန့်ကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏အဆိုအရ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂) သန်းခန့်ရှိပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသူမှာ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

သောင်ရင်းကမ်းစပ်က ဆုတောင်း


“သောင်ရင်းကမ်းစပ်က ဆုတောင်း”


ဒီကနေ့ရဲ့အနာဂတ်ဟာ
နက်ဖြန်ခါမှာ ပစ္စုပန်ဖြစ်တော့
သြော်... ဒီလိုဟိုလိုတွေ
လှိမ့်တချီ ပြန်တလှည့်နဲ့
ရွှေရေစိမ်သရဖူအတွက် ကြိုးဝိုင်းက
ကန္တာရဆန်လှတယ်ကွယ်...

အလဲထိုးခံလိုက်ရတဲ့
ရှောင်ချိန်မဲ့ ၀ိုက်လက်သီးများ
အားပေးသူမရှိပေမယ့် လှလိုက်တဲ့ပွဲ
လောကဓံနဲ့ လူ၊ လူနဲ့ လောကဓံသာ...

လီယိုတော်စတွိုင်းရဲ့
“လူတယောက်မြေဘယ်လောက်များများလိုသလဲ”
ဒါဟာ ယနေ့ဒစ်ဂျစ်တယ်လ်ရာစုရဲ့
လမ်းဘေးလက်ဖက်ရည်ဆိုင်ဟာသဖြစ်ခဲ့ပေါ့
ရယ်ရမလို ငိုရမလိုဘ၀များ
ပြောမဆုံးအောင် မိုးလင်းခဲ့ရ ညများနဲ့
ရွှေတို့ရဲ့ ငိုချင်းရှည်...

ဒီသွေးမြစ်တစင်းပေါ်
မိုးခါးရေတွေ အလျံအပယ်ရွာချ
ဟပြဲနေတဲ့ ပါးစပ်များသာ
ရီရယ်လစ်ဇမ် ဖြစ်သွားခဲ့ပြီ...

ဒါတွေအားလုံး ပြည်ဖုံးကားချ
အိမ်ပြန်လမ်းတွေ ဖြူးဖြောင့်
တခြမ်းပဲ့အသိုက်တွေကင်းလို့
ကဗျာဆရာတွေ အမိမြေပေါ်
ကဗျာရွတ်နိုင်ကြစေသား...



ရဲဝင့်သူ

၁၇.၃.၂၀၀၈


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.yewintthu.co.cc မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချူပ် (Free Burma Federation) ၏ ပြည်တွင်းလှုပ်ရှားမှုအဖြစ် ဦးသန့် ပုံပါ စာရွက်များအား ရန်ကုန်မြို့ တွင် ဖြန့်ဝေ။




မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://freeburmafederation.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Friday, January 23, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-၂


ဗိုလ်ထက်မင်း / ၂၃ ဇန်န၀ါရီ ၂၀၀၉


နအဖရဲ့  One Army group အရ အပစ်ရပ်အဖွဲ့ကို မြန်မာတပ်မတော်မှာ လက်ခံမယ်ဆိုရင် လည်း သူတို့အား အဆင့်တူပေးဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။

သူတို့ရဲ့  ဗိုလ်ကြီးတဦးကို မြန်မာ့တပ်မတော်မှာ တပ်ခွဲမှူးရာထူး ဗိုလ်ကြီးအဆင့် ပေးမယ်ဆိုရင် စစ်နည်းဗျူဟာ သင်ခန်းစာများ စနစ်တကျ မသင်ခဲ့ရလို့ မကျွမ်းကျင်မှု အပြင် ပညာရေး အဆင့်အတန်း၊ ဘာသာစကား ကလည်း စကားပြောပြီး မြန်မာစစ်သားများရဲ့ ကြည်ညိုလေးစားမှုကို ရရန် တော်တော် ခက်ခက်ခဲခဲ တည်ဆောက်ရဖို့ ရှိပါတယ်။

အချို့အပစ်ရပ်အဖွဲ့တွေဆိုရင် ပါတီတရပ်အသွင်ကူးပြောင်းပြီး သူတို့ရဲ့ လူမျိုးစုဆိုင်ရာ ပါတီမရှိခဲ့တာကြောင့် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပါတယ်။ လွှတ်တော်မှာ တရားဝင် ပြောရေးဆိုခွင့် အခွင့်အရေး လက်လွှတ်သွားကြမှာ စိုးရိမ်ဟန် ရှိပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာပင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်မယ့်ပါတီတရပ်ကို စခုန်တိန်ယိန်း ဦးစီးတဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA (K) နဲ့ KIA ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ အဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိ မရှိ မသေချာသေးကြောင်း သိရပါတယ်။

နအဖက လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးစားတဲ့နေရာမှာ အပစ်ရပ်အဖွဲ့တွေက ပါတီတရပ်အဖြစ် ၀င်မယ်ဆိုရင် အခြေခံဥပဒေအရ လက်နက်ကိုင် မိခင်တပ်က အပြီးအပိုင် ထွက်ရမှာဖြစ်လို့ သူ့အလိုလို လက်နက် ဖြုတ်ခိုင်းပြီးသား ဖြစ်သွားမှာကိုလည်း အပစ်ရပ်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အချို့အပစ်ရပ်အဖွဲ့တွေက လက်နက်ဖြုတ်ခိုင်းတာ မခံချင်တာကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြောနေသံလည်း ကြားနေရပါတယ်။

တချို့ အားနည်းတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ရှမ်းပြည်နယ်မှာ နအဖက အင်အားသုံး ခြိမ်းခြောက်လက်နက်ဖြုတ်ဖို့ သွေးထိုးစမ်းကြည့်တဲ့အခါမှာ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့  ဝေဖန်သံ ပွက်လောရိုက်သွားလို့ နအဖလည်း အရှိန်တန့်သွားပါသေးတယ်။

နအဖနဲ့ ငြိမ်းချမ်းရေး ရယူထားခဲ့တဲ့ ထဲဘူးဖဲ ဦးစီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ စိုင်းရီ ဦးစီး ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) (တပ်မဟာ ၁၁၊ ၁၉) အဖွဲ့၊ ခွန်သူရိန် ဦးစီး (ပင်မအဖွဲ့တချို့  မပါ) ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့တို့ဟာလည်း နအဖနဲ့ ပဋိပက္ခဖြစ်ပြီး တောထဲ ပြန်ဝင်သွားကြပါတယ်။

ဒါကြောင့် အဖွဲ့ဝင်အားလုံးပါတဲ့ KNPP နဲ့ SSNA နှစ်ဖွဲ့ နုတ်လိုက်ပါက လက်ကျန်အဖွဲ့ စုစုပေါင်း (၃၄) ဖွဲ့ရှိရာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့နှင့် လက်နက်ကိုင် စွန့်လွှတ် ထားသော အဖွဲ့များ အပါအ၀င် အုပ်စုအမျိုးအစားအနေနဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့နဲ့ အင်အားငယ်သော အဖွဲ့ငယ် (၁၉) ဖွဲ့ပါဝင်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  ခေါင်းဆောင်များ၊ အဖွဲ့အမည်တွေနဲ့ ငြိမ်းချမ်းရေး စတင်ဝင်ရောက်ခဲ့စဉ်က အင်အား (လက်နက်စာရင်း အမှန်မရှိနိုင်၍ မဖော်ပြတော့ပါ) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


မှတ်ချက်။ ။ ဂျော်နီထူး ဦးစီး ကရင် God's Army (၁၀ ဦး)၊ ဒေးမူး KNPP၊ စောဘေးဘေ KNPP နဲ့ တိတ်စိုး/သန်းစိုးအောင် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ဟာ အင်အားနည်းပြီး တဦးချင်း ၀င်၍ အဖွဲ့အနေနဲ့ မဖော်ပြတော့ပါ။

အင်အား (၁) ထောင် အထက်ရှိလို့ အနက်လိုင်း တင်ထားတဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့ထဲမှ မော်ထိုင်းတပ်မတော် (MTA) အဖွဲ့အား လက်နက်အချို့  ပြန်လည်ထုတ်ပေးပြီး ဒေသ ပြည်သူ့စစ် အဖွဲ့အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ (၉) ဖွဲ့ ဖြန့်ခွဲထားပါတယ်။

ဒါ့အပြင် နအဖက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသော သီးခြားအဖွဲ့သစ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ (၉) ဖွဲ့ ရှိပါသေးတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့ အမည်များမှာ မုံးကိုး၊ ဖောင်းဆိုင်း၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်၊ မုံးပေါ်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းငေါ့ တို့ ဖြစ်ပါတယ်။

အဲဒီလို အဖွဲ့ပေါင်းများစွာကို ကိုင်တွယ်နိုင်ဖို့ နအဖက ငြိမ်းချမ်းရေး ရယူခဲ့စဉ်မှာ သဘောတူညီချက် (၁၄) ချက် ထားရှိပေမယ့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေက နအဖရဲ့ မရိုးသားမှုကို သိရှိလာတာရယ်၊ အချင်းချင်း မယုံသင်္ကာ သံသယစိတ် ရှိတာရယ်ကြောင့် စည်းကမ်းချက်တွေအား မထိန်းဘဲ ဖောက်ဖျက်မှုတွေ ရှိကြပါတယ်။

အဲဒီ (၁၄) ချက်အနက် ဖောက်ဖျက်ခဲ့တဲ့အချက်အများစုကို ရှင်းပြရရင်

-အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနှင့် လုံးဝ မဆက်သွယ်ရန် ဆိုတာကို လျှို့ဝှက်စွာ ဆက်သွယ်နေကြခြင်း၊

-လက်ရှိ တပ်အင်အားအပြင် ထပ်မံတိုးချဲ့ ခြင်း၊ လူသစ် မစုရန်ဆိုတာကို မလိုက်နာဘဲ KIA နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ အင်အားများ တိုးချဲ့ နေကြခြင်း၊

-သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ဆိုတာကို နားမထောင်ဘဲ UWSA၊ KIA၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များ စစ်ရေးပြ သင်တန်းဆင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ကြခြင်း၊

-လူ လက်နက် ခဲယမ်း ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရန် ဆိုတာကို နှိပ်ကွပ်မှာ စိုးလို့ အင်အားကို လျော့ပြီး မမှန်မကန် ပေးထားခြင်း၊

-ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း၊ ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း စတာတွေ လုံးဝမပြုရ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အပါအ၀င် ရှမ်းပြည်နယ်ရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အများစုက အလေးအနက် လိုက်နာခြင်း မပြုဘဲ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း၊ သတ်မှတ်နယ်မြေတွင် သွားလာ၍ ရသော်လည်း အခြားနေရာများ သွားလာလိုပါက တပ်စခန်းများသို့ သတင်းပို့၍ လက်နက်မဲ့ သွားလာရန် ဆိုတာကို နားမထောင်ဘဲ မန္တလေးမြို့ တော်အထိ ပစ္စတိုကဲ့သို့ လက်နက်တိုများ ယူဆောင်သွားရာ စားသောက်ဆိုင်များတွင် ပြဿနာ တက်ရာမှ တိုင်းမှူးနှင့် ထိပ်တိုက် တွေ့ခြင်း၊ နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရန် ဆိုတာကို တရားမ၀င်ရော၊ တရားဝင်ပါ ဆက်သွယ်ကြခြင်း၊ အစိုးရရဲ့  အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အပိုင်းများမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုတာကို အပစ်ရပ်အဖွဲ့များက မြို့များ ပေါ်တွင် သူတို့ရဲ့  တပ်ဖွဲ့ဝင်တွေ ပြဿနာ ဖြစ်ပွားတာနဲ့ ရဲနဲ့ တရားသူကြီးအား ခြိမ်းခြောက်ခြင်းနဲ့ စစ်ထောက်လှမ်းရေး အကာအကွယ်သုံးပြီး ဆွဲထုတ်ခြင်း စတဲ့ ဖောက်ဖျက် ကျူးလွန်နေကြတာတွေ အားလုံးကို နအဖက အတွင်းကြိတ်ပြီး ဖြေရှင်းနေရတာတွေ အများကြီး ရှိပါတယ်။

အရေးကြီးဆုံး အချက်ဖြစ်တဲ့ အချက် နံပါတ် (၂) အရ အပစ်ရပ်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ် စွန့်လွှတ်ရန်ဆိုတဲ့ အချက်ကို စစ်အာဏာရှင်တွေ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။

စရဖ မှ ဗိုလ်ရဲမြင့်ဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေပြီး နည်းလမ်း ရှာဖွေ နေကြပါတယ်။ ဗိုလ်ရဲမြင့်ဟာ ရှမ်းအရှေ့  မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို တွေ့ဆုံကာ လာမယ့်ရွေးကောက်ပွဲမှာ ခေါင်းဆောင်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းခဲ့ပါတယ်။

အချို့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များအနေနဲ့ စစ်အစိုးရ ချဉ်းကပ်လာတဲ့ “အပစ်အခတ်ရပ်စဲရေး ပုံစံအသစ်” အား လက်ခံလိုတဲ့ သဘောရှိဟန်တူပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေးတချို့ကိုလည်း ရမယ်။ မိမိတို့ရဲ့ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းဖို့ မလိုတဲ့အတွက် စစ်အစိုးရ ကမ်းလှမ်းလာတဲ့ ထိုအပစ်အခတ် ရပ်စဲရေးပုံစံသစ်အား သဘောကျကောင်း ကျနိုင်ပါတယ်။

လက်ခံမယ်ဆိုရင် စစ်အစိုးရ အထိုက်အလျောက်ခွဲပေးတဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်အစိုးရက ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒါကတော့ အပစ်ရပ် အဖွဲ့တွေရဲ့ တပ်တွေကို ပြည်နယ်စောင့် အထူးရဲများအဖြစ် အသွင်ပြောင်းထားရှိဖို့နဲ့ တိုင်းမှူးရဲ့ ကွပ်ကဲမှု အောက်ထဲသို့ ထည့်သွင်းစေရေး နည်းလမ်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့  ကွပ်ကဲမှုအောက် အခြေခံယူနစ်ဖြစ်တဲ့ တပ်ရင်းတွေထဲ တိုက်ရိုက်ထည့်ပြန်ရင်လည်း အထက်မှာ တင်ပြခဲ့သလို အခက်အခဲများ ရှိလာနိုင်တာမို့ နည်းလမ်းအသစ် ရွေးချယ်နေဟန် တူပါတယ်။

ဒါပေမယ့် ပြည်နယ်စောင့် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို ဖွဲ့စည်းခွင့် ပေးရင်တောင် ရဲတပ်ဖွဲ့ရဲ့  ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ ဆက်ထားခွင့် မရနိုင်တဲ့ လေယာဉ်ပစ် ဒုံးပျံများ၊ စွမ်းအားမြှင့် ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးများ၊ ဗုံးများ၊ မိုင်းဗုံးများ လုံခြုံရေးနဲ့ ဆက်သွယ်ရေးစက်များကို မြန်မာစစ်တပ်က ပြန်သိမ်းလို့ ရ၊ မရ ဆိုတဲ့ပြဿနာများလည်း ရှိနေပါတယ်။

တဖန် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေက တိုင်းမှူးရဲ့  အမိန့်အတိုင်း နာခံမှုအပိုင်းမှာ နာခံမှု မရှိနိုင်ဘဲ တိုင်းမှူးရဲ့  လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်ပေးနိုင်မှု နိမ့်ပါးလာနိုင်တာမို့ အာခံနိုင်ကြောင်း “၀” တပ်ဖွဲ့တွေရဲ့ ဖြစ်စဉ်ကလည်း သက်သေပြနေပါတယ်။

ဒါ့အပြင် အချို့  တိုင်းလက်အောက်ခံ တိုင်းမှူးရဲ့  ကွပ်ကဲမှုအောက် တပ်အင်အားမှာ အပစ်ရပ်အဖွဲ့ရဲ့  အင်အားနဲ့ နှိုင်းယှဉ်ပါက အင်အားချည့်နဲ့နေတာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါတယ်။

အချုပ်ဆိုရရင် နအဖရဲ့  လက်နက်ကိုင် အပြီးစွန့်လွှတ်နိုင်ရေး “မူ” ကို အပစ်ရပ် အဖွဲ့တွေက တင်းမာစွာ တုံ့ပြန်ကြမယ့် သဘောရှိပါတယ်။

ဒါကြောင့် အပစ်ရပ်အဖွဲ့တွေဟာ စစ်အာဏာရှင်တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် လည်း ခေါင်းခဲစရာ ပြဿနာတရပ်အဖြစ် ရှိနိုင်ပါတယ်။

“အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုပြီး မြန်မာ့လွတ်လပ်ရေးအတွက် တနိုင်ငံလုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “နအဖရဲ့  အခက် ပြည်သူတွေရဲ့ အချက်” ဆိုတာကို သတိထားပြီး မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု တရားမျှတမှုတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။


၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-(၁) ကို ဒီမှာ ဖတ်နိုင်ပါတယ်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

ဦးသန့် သို့မဟုတ် မီးလျှံကြားက ကြာပန်းတပွင့်


Friday, 23 January 2009 18:45 ကိုစိုး


အာရှတိုက်ရဲ့ ပထမဆုံး ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ဟာ အသက် ထင်ရှားရှိပါက ဇန်န၀ါရီ ၂၂ ရက်နေ့မှာ အနှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။

ဦးသန့် အသက် ၁၀၀ ပြည့် အမှတ်တရ အခမ်းအနားတွေကို မြန်မာနိုင်ငံ အပါအ၀င် ထိုင်း၊ မလေးရှား စတဲ့ ကမ္ဘာ့နေရာ တော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြပါတယ်။

ရန်ကုန်မြို့အင်းလျားလိပ် ဟိုတယ်မှာလည်း ဦးသန့် နဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ၊ နိုင်ငံခြား သံတမန်တွေ၊ မိသားစုဝင်တွေက မနေ့ ညနေပိုင်းမှာ ဦးသန့် အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြ တယ်လို့ ဦးသန့်ရဲ့ သား သားမက်ဖြစ်သူ ဒေါက်တာတင်မြင့်ဦး က ပြောပြပါတယ်။

အဲဒီ အခမ်းအနားကို လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဂုဏ်ပြု သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့သ၀ဏ်လွှာမှာ ဦးသန့်ဟာ ရှေ့က အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒက်ဟားမားရှိုး ကွယ်လွန်ပြီး နောက် သူ့သက်တမ်းကာလအတွင်း ကမ္ဘာ့ပြဿနာတွေကို ထိထိ ရောက်ရောက်ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ကျေပွန်ခဲ့သူ တဦးဖြစ်ကြောင်း၊ ဦးသန့်ဟာ တခုတည်းသော ကမ္ဘာ့ မိသားစု ဖြစ်ရေးနဲ့ ကမ္ဘာ့ မိသားစုကြီးရဲ့ ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင် ဆောင် ရွက်သွားသူ ဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုထားပါတယ်။

ဦးသန့်နဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တဦး ဖြစ်သူ ကိုဖီအာနန်ကလည်း ဦးသန့်ဟာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားသူ ဖြစ်ကြောင်း ၂၀၀၃ ခုနှစ်က ပြောကြားတဲ့ မိန့်ခွန်းတခုမှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

အဲဒီအပြင် ဦးသန့်ဟာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလည်း သိနားလည်သူ ဖြစ်တယ်လို့ ကိုဖီအာနန်က ဆိုတယ်။

“ဦးသန့်ဟာ သတင်း မီဒီယာတွေနဲ့လည်း သင့်သင့်မြတ်မြတ် လုပ်ဆောင်ခဲ့ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို ကမ္ဘာ့ပြည်သူတွေဆီ ဖြန့်ဝေ အသိပေးတဲ့နေရာမှာ မီဒီယာက ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်တယ်ဆိုတာကို နားလည်ထားသူဖြစ်လို့ပါပဲ”လို့လည်း သူက ထည့်သွင်း ပြောကြား ခဲ့ပါသေးတယ်။

ဦးသန့်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဖြစ်ခဲ့သူ ရာမတ်စ် နာဆစ် ကလည်း“ဦးသန့်ဟာ သတင်းစာရှင်းလင်းပွဲ အတွေ့ အကြုံ ကောင်းကောင်းရှိတဲ့သူပါ၊ သူဟာ သတင်းသမားတွေကို အေးဆေးတည်ငြိမ်စွာ ဆက်ဆံ တတ်ပါတယ်၊ စာနယ်ဇင်းအတွေ့အကြုံရှိခဲ့သူတဦးပီပီ သူဆိုလိုချင်တာကို သတင်းသမားတွေ နားလည် အောင်လည်း ထုတ် ဖော် ပြောဆိုနိုင်သူဖြစ်ပါတယ်”လို့ ပြောခဲ့ဖူးတယ်။

ဦးသန့်ဟာ ကုလသမဂ္ဂတာဝန် မထမ်းဆောင်ခင် ရှေ့ပိုင်း အချိန်ကာလတွေမှာ မြန်မာနိုင်ငံထုတ် သတင်းစာ၊ မဂ္ဂဇင်း စတဲ့ မြန်မာစာနယ်ဇင်းတွေမှာ စာတွေ ပုံမှန်ရေးသားခဲ့ပြီး “ပြည်တော်သာ ခရီး” အမည်ရှိ အတွဲ ၃ တွဲ ထုတ်ဝေတဲ့ စာအုပ် အပါအ၀င် အင်္ဂလိပ်မြန်မာ ဘာသာပြန်နဲ့ ပင်ကိုရေး စာတွေကို ရေးသားခဲ့သူ တဦးဖြစ်ပါ တယ်။

၁၉၅၁ မှ ၁၉၅၇ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ ဦးနု ရဲ့ အတွင်းရေးမှူး တာဝန်ကို ဦးသန့် ထမ်းဆောင်နေချိန်မှာ ဦးနု နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာပြောဆိုဖို့ မိန့်ခွန်းတွေကိုလည်း ရေးသား ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဦးသန့်နဲ့ ဦးနုဟာ ယခင် ကျောင်းဆရာ ဘ၀ကပင် ရင်းနှီးခင်မင်ကြတဲ့ မိတ်ဆွေရင်းချာတွေဖြစ်ပြီး ဦးသန့်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဟာ ဦးနု လူရွေးမှန်ပေမယ့် ဦးသန့်ကိုယ်တိုင် က လူတော်တဦးဖြစ်လို့ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ဖြစ်တယ်လို့ ရန်ကုန်မြို့နေ ၀န်ကြီးချုပ် ဟောင်း ဦးနု ရဲ့ သမီး ဒေါ် စန်းစန်းနုကလည်း ပြောပြတယ်။

“ဦးလေးသန့်က အင်မတန် သဘောထားပြည့်ဝပြီးတော့ အင်မတန် သဘောကောင်းတဲ့ ပုဂ္ဂိုလ်ပါ၊ စာလည်း သိပ်ဖတ်တယ်၊ ဖေဖေနဲ့က ဆရာလုပ်ကတည်းက ရင်းနှီးတာ၊ နောက် သူတော်လွန်းလို့ ဖေဖေခေါ်တာ ၊ ရန်ကုန် မှာ အစိုးရ အဖွဲ့မှာ အလုပ်လုပ်ကြတာ၊ ဖေဖေက ပြောပါတယ်၊ ကိုသန့်ဟာ အင်မတန် သဘောကောင်း ပြီး အင်မတန် အေးဆေးတဲ့ လူတဲ့၊ သူ့ကို တော်မှန်းသိလို့ ယူအန်ကို ပို့တာပါ၊ အတွင်းရေးမှူးချုပ် မဖြစ်ခင်ပေါ့၊ သံအမတ်အနေနဲ့ ၅၇ ခု လောက်က၊ ဖေဖေ လူရွေးမှန်သွားတာလည်း ပါတာပေါ့၊ ဖေဖေ ဘယ်လောက်ရွေးရွေး ဦးလေးသန့်ကိုယ်တိုင်က မတော်ရင်လည်း မဖြစ်ပါဘူး၊ ငယ်ငယ်ကတည်းက ဦးလေးသန့်နဲ့က လက်ပွန်းတတီး နေခဲ့တာပါ၊ ဦးလေးသန့် ဂူကို ပန်းချင်းပို့လိုက်ပါတယ်”လို့ ဒေါ်စန်းစန်းနုက ပြောဆိုပါတယ်။

ဒီလို ဂုဏ်ယူဖွယ်ရာ တည်ကြည်တဲ့ ဥပဓိရုပ်ပိုင်ရှင် ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်လာရခြင်းဟာ ဦးနု က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ပေးအပ်လိုက်ခြင်းက စတင်ခဲ့တာလို့ သံအမတ် ကြီး ဟောင်း ဦးသက်ထွန်းကလည်း အတွေးအမြင်စာစောင်မှာ အမှတ်တရ ပြောပြထားပါသေးတယ်။

ဦးသန့်ဟာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်က မွေးဖွားခဲ့ပြီး ငယ်စဉ်က ပန်းတနော် အမျိုးသား အထက်တန်းကျောင်းမှာ အခြေခံပညာကို သင်ကြားခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်ကို ဆက်လက် တက်ရောက်ကာ ပညာဆည်းပူးခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ တတိယ မြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဦးသန့်ဟာ ၁၉၆၁ ခု မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့ရာ သူ့ သက်တမ်းကာလအတွင်း ကမ္ဘာစစ်ပွဲ ဖြစ်ပွားနိုင်တဲ့အထိ ကြီးမားတဲ့ ကျူးဘား နျူကလီးယားဒုံး ပြဿနာကို စေ့စပ်ဖြေရှင်းနိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းဝင် ဆောင်ရွက်ချက်မျိုးကို ပြုလုပ် နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲ အပါအ၀င် ၁၉၆၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ စတဲ့ ကမ္ဘာ့ရေးရာ များစွာကို ဦးသန့်ဟာ သူ့ရဲ့ အတွင်းရေးမှူးချုပ် သက်တမ်း ၂ ကြိမ်အတွင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်။

ဦးသန့်ဟာ လုပ်ဖော်ကိုင်ဖက် အဖွဲ့ဝင်တွေနဲ့အတူ ပြဿနာဖြစ်ပွားရာ ကမ္ဘာ့နေရာဒေသတွေကို သွားရောက်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်မှုတွေကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ဦးသန့် ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေစဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အစီ အစဉ်၊ ကုလသမဂ္ဂ ရန်ပုံငွေ အစီအစဉ်၊ ကုလသမဂ္ဂ ပညာရေးဆိုင်ရာနဲ့ ကုလသမဂ္ဂတက္ကသိုလ် အစီအစဉ် စတဲ့ ဖွံ့ဖြိုးရေး အစီအစဉ်များစွာကိုလည်း တည်ထောင် လုပ်ကိုင်ခဲ့ပါတယ်။

သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက ဦးသန့်ရဲ့ အရည်အချင်းပြည့်ဝပြီး ဆက်ဆံရေးကောင်းမွန်ခြင်း ကြောင့် သော်လည်းကောင်း၊ အဲဒီအချိန် ဖဆပလ အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ ကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံကို ကမ္ဘာကသိရှိ လေးစားခံခဲ့ရတယ်လို့ပြောပါတယ်။

“ဦးသန့်ဟာ သူ့ရဲ့အရည်အချင်းတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အလေးစားခံခဲ့ရတယ်၊ ဒါကြောင့် ဗမာနိုင်ငံ အနေနဲ့ ဦးသန့်အတွက် အင်မတန် ဂုဏ်တက်ခဲ့သလို ဦးသန့်ကိုလည်း ဗမာနိုင်ငံသားတိုင်းက မမေ့အပ်ဘူး၊ ဂုဏ် ပြုထိုက်တယ်လို့ ပြောချင်ပါတယ်”လို့ သခင်ချန်ထွန်းက ဆိုပါတယ်။

ဒီလို ဂုဏ်ပြုထိုက်သူကို ဦးနေ၀င်းဟာ သူရဲ့ ပုဂ္ဂလိက အာဃာတ ကြောင့် ဂုဏ်မပြုခဲ့တာလို့ သိမီခဲ့သူများက ပြောပြပါတယ်။

ဦးနေ၀င်း တိုင်းပြည်အာဏာသိမ်းပြီးနောက် ၁၉၆၉ ခုနှစ်မှာ ဦးနုက ဦးနေ၀င်းအစိုးရကို လက်နက်ကိုင် တော်လှန်ဖို့ ကမ္ဘာကိုပတ် အကူအညီတောင်းခံနေရာမှ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦ အတွင်းရှိ သတင်းစာအသင်း ခန်းမမှာ သူ့အစိုးရကို ပုတ်ခတ် ပြောဆိုတာကို ဦးနေ၀င်းက ခွင့်မလွှတ်နိုင်ဘဲ ဖြစ်ခဲ့ကြောင်းနဲ့ အဲဒီနောက်ပိုင်းမှာ ဦးသန့် မြန်မာပြည် ပြန်တဲ့အခါ ကြိုဆိုပုံပြောင်းလဲသွားခဲ့ကြောင်းကို သံအမတ်ကြီး ဟောင်း ဦးသက်ထွန်း က အတွေးအမြင် စာစောင်မှာ ရေးသားထားပါတယ်။

သတင်းစာအသင်းခန်းမ အသုံးပြုပုံကို ကုလသမဂ္ဂတွင်းရေးမှူးချုပ်က ၀င်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာကို အဲဒီအချိန်က ဗိုလ်ချုပ်ကြီးနေ၀င်း မသိရှိကြောင်းလည်း ဦးသက်ထွန်းရဲ့ ရေးသားချက်မှာ ပါရှိတယ်။

ဒီလို အာဏာရှင်တဦးရဲ့ မျက်စောင်းဒဏ် ခံခဲ့ရတဲ့ ဦးသန့်ဟာ မြန်မာပြည်ကိုပြန်လာတိုင်း အာဏာရှင်ကို တွေ့ဆုံ ဖို့ ကြိုးပမ်းခဲ့သူဖြစ်ကြောင်းလည်း သိရတယ်။ ဦးသန့်ရဲ့ အဲဒီအပြုအမူဟာ ကမ္ဘာ့ရေးရာတွေကိုဖြေရှင်းရာမှာ အေးချမ်း တည်ငြိမ်စွာ ဖြေရှင်းတတ်တဲ့ ပင်ကိုစိတ်ထားအပြုမှုကို ပြဆိုခြင်းဖြစ်တယ်လို့လည်း ဆိုကြတယ်။

ဦးသန့်ဟာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်က အနားရပြီးနောက် ၁၉၇၄ ခုနှစ် နိုဝင်ဘာ၂၅ ရက်မှာ အမေရိ ကန်နိုင်ငံ နယူးယောက်မြို့မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တယ်။ သူ့ ရုပ်ကလာပ်ကို မိသားစုက မြန်မာနိုင်ငံ ကို ပြန်လည်သယ်ဆောင်ခဲ့ရာက နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်တဲ့ အရေးအခင်းတခု ပေါ်ပေါက်ခဲ့တယ်။

အဲဒီအချိန်က အာဏာရ ဦးနေ၀င်း အစိုးရက ဦးသန့်ကို တလေးတစား ဂုဏ်ပြုဖို့ ပျက်ကွက်တာကြောင့် တက္ကသိုလ်ကျောင်းသားတွေက မကျေမနပ် ဖြစ်ပြီး ဆန့်ကျင်ခဲ့ပါတယ်။ ဦးသန့်ရုပ်အလောင်းကို ရန်ကုန် တက္ကသိုလ်ရှိ ယခင် သမဂ္ဂ အဆောက်အဦ နေရာ ဟောင်းမှာ ဂူသွင်းသင်္ဂြီုဟ်ဖို့ ကျောင်းသားတွေရဲ့ ဦးဆောင်စီစဉ်တဲ့လှုပ်ရှားမှုမှာ ရဟန်းသံဃာတွေနဲ့ အများပြည်သူတွေလည်း ပါဝင်ခဲ့ပြီး ဦးသန့် အရေး အခင်း ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဦးသန့်အရေးအခင်းမှာ ဦးနေ၀င်းအစိုးရက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့လို့ ရန်ကုန် တက္ကသိုလ် ကျောင်းဝန်းအတွင်း အနည်းဆုံး ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပြီး လူ ၇၀ ခန့် ဒဏ်ရာရရှိကာ လူပေါင်း ၃၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပေမယ့် အသေအပျောက် နှင့် ဒဏ်ရာရသူစာရင်း ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

နောက်ဆုံးမှာတော့ ဦးသန့် ရုပ်ကလာပ်ကို ဦးနေ၀င်း အစိုးရက ကန်တော်မင်ပန်းခြံအတွင်းမှာပဲ ဂူသွင်း သင်္ဂြီုဟ်စေခဲ့ပါတယ်။

အဲဒီ ကန်တော်မင် ပန်းခြံအတွင်းက ဦးသန့် အုတ်ဂူရှိရာကို ပြီးခဲ့တဲ့နှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးအတွက် မြန်မာပြည်ကို ရောက်ရှိလာတဲ့ လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သွားရောက် ဂါရ၀ ပြုခဲ့ပါသေးတယ်။

အဲဒီလို ကမ္ဘာ့အလယ်မှာ ၀င့်ကြွားလောက်စရာ မြန်မာနိုင်ငံသား ဦးသန့်ကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က မီးလျှံကြား က ကြာပွင့်တပွင့် လို့ တင်စားပြောဆိုသွားခဲ့ပါတယ်။

“တိုင်းပြည်ရဲ့ လွတ်လပ်ရေး သက်တမ်း နှစ်ပေါင်း ၆၀ အတွင်းမှာ နှစ်ပေါင်း ၄၀ လောက်က စစ်အစိုးရ တွေက အုပ်ချုပ် တယ်၊ နှစ်ပေါင်း ၂၀ ကျော်ကျော် လောက်က ပြည်တွင်းစစ်တွေဘာတွေနဲ့ ကြုံရတယ် ဆိုတော့၊ တိုင်းပြည်မှာ အကြီးအကျယ် ဆင်းရဲ ဒုက္ခတွေရောက်နေတယ်၊ အဲဒီထဲကနေပြီးတော့ မီးလျှံတွေထဲကနေပွင့်တဲ့ ကြာပွင့် တပွင့် လိုပဲ ဦးသန့်လို ပုဂ္ဂိုလ်မျိုး ပေါ်ထွက်ခဲ့တယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ နမူနာတွေ၊ အဲဒီပုဂ္ဂိုလ်ရဲ့ ထူးချွန်မှုတွေ၊ အဲဒီပုဂ္ဂိုလ်ရဲ့ အားထုတ်မှုတွေမျိုး ကျနော်တို့ ဗမာတွေဟာ အမြဲတမ်း ကျနော်တို့ စိတ်ထဲမှာ ရှိဖို့ကောင်းတယ်၊ ရှိဖို့သင့်တယ်၊ ဗမာနိုင်ငံသားတိုင်းဟာ ဦးသန့်လို ထူးချွန်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးပမ်းသင့်တယ်၊ အားထုတ် သင့်တယ်လို့ အဲဒီလိုပဲ တိုက်တွန်းချင်တယ်”။ ။

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 22, 2009

မလေးရှားက နိုင်ငံခြား အလုပ်သမားများကို တံခါးပိတ်ပြီ

Thursday, 22 January 2009 17:16 ဇာနည်ဝင်း

မလေးရှားနိုင်ငံသည် ၎င်း၏နိုင်ငံသားများ အလုပ်အကိုင် ရှားပါးလာမည်ကို ကာကွယ်သည့် အနေဖြင့် စက်ရုံ၊ စတိုးဆိုင်၊ စားသောက် ဆိုင်များအတွက် ပြည်ပမှ အလုပ်သမားများ ခေါ်ယူခြင်းကို တားမြစ် လိုက်ကြောင်း အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မလေးရှားရောက် နိုင်ငံခြားသားတို့၏ ရှေ့ရေးကလည်း မရေမရာ ဖြစ်လာသည် (ဓာတ်ပုံ - အေပီ)

နိုင်ငံခြားသား အလုပ်သမားများ လျှော့ချရန် ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း အဆိုပါ အမည် မဖော်လိုသူ အရာရှိက ပြောပြသည်ဟု ဆိုသည်။

မလေးရှားနိုင်ငံ The Star သတင်းစာ အင်တာနက် စာမျက်နှာတွင်မူ ပြည်ပမှ အလုပ် သမားများ ခေါ်ယူမှု လျှော့ချခြင်းကို တဆင့်ပြီး တဆင့် လုပ်ကိုင်သွားမည် ဟူသော ဒုဝန်ကြီးချုပ် Datuk Seri Najib Tun Razak ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ပို့ကုန် အားထားသည့် မလေးရှား နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် ပြီးခဲ့သည့် သုံးလအတွင်း နိုင်ငံသား တသောင်းကျော်၊ နိုင်ငံခြားသား အလုပ်သမား သုံးထောင်ကျော် အလုပ်ပြုတ်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံသား လေးသောင်းခွဲခန့် အလုပ်ပြုတ်ဦးမည်ဟု အစိုးရက ခန့်မှန်းထားသည်။

မလေးရှားတွင် မြန်မာနိုင်ငံသား အများအပြားလည်း အလုပ် လုပ်ကိုင်လျက်ရှိသည်။ ဤသို့သော အခြေအနေတွင် မြန်မာ အလုပ်သမားအချို့သည် အလုပ် ဖြုတ်ခံရမည်ကို စိုးရိမ်သဖြင့် အချိန်ပို အခမဲ့ လုပ်အားပေးနေရသည်ဟု မလေးရှားအခြေစိုက် မြန်မာ အလုပ်သမား အဖွဲ့ တခုက ဆိုသည်။

“အိုဗာတိုင်ကြေးတွေ မပေးတော့တာတို့၊ လစာတွေ လျှော့လိုက်တာတို့ အဲဒါတွေ ရှိတယ်။ အဲဒါကို မကျေနပ်ရင်တော့ ပြန်ရမယ်ပေါ့” ဟု မြန်မာနိုင်ငံသား အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ (BWRPC) မှ ကိုရဲမင်းထွန်းက ဧရာဝတီသို့ ပြောပြသည်။

“အသက် ၂၃ နဲ့ ၂၈ ကြားထဲရှိတဲ့ မိန်းကလေးတွေ။ ဗမာပြည်ကနေ စက်ချုပ်မယ် ဆိုပြီး ဒီလာ။ ဒီလာပြီးတော့ ယုံတောင် မယုံနိုင်စရာပဲ၊ တခါ အလုပ်လုပ်ရင် နာရီ ၂၀၊၂၆ နာရီ အဲဒီလို လုပ်ရတာ။ ပလာတာ တချပ်ကျွေးတယ်။ ပြီးတော့ အဲဒီလို လုပ်ရတာ” ဟု ကိုရဲမင်းထွန်းက ရှင်းပြသည်။

စက်ရုံ အလုပ်သမားများသည် လစာက မလေးရှား ရင်းဂစ် ၅၀၀ကျော် (ဒေါ်လာ ၂၀၀ ခန့်) ရရှိကြောင်း၊ မလေးရှား နိုင်ငံသားများ မက်မောသည့် ၀င်ငွေ မဟုတ်ကြောင်း ကိုရဲမင်းထွန်းက ဆိုသည်။

မလေးရှားသည် အာရှတိုက်တွင် ပြည်ပ အလုပ်သမား အများဆုံး ခေါ်ယူ တင်သွင်းသည့် နိုင်ငံတခုဖြစ်သည်။ လူဦးရေ ၂၇ သန်းရှိသော မလေးရှားနိုင်ငံတွင် ပြည်ပမှ အလုပ်သမားပေါင်း ၂ သန်းကျော် အလုပ် လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံသားများ ပါဝင်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းခွင် နှင့် စက်ရုံများတွင် လုပ်ကိုင်ကြသည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, January 21, 2009

ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ပိုင်ခွင့် မေလကုန် (၆) နှစ်ပြည့်ပြီဟု ရှေ့နေ ဦးကြည်ဝင်းပြော


မင်းနိုင်သူ/ ၂၁ ဇန်န၀ါရီ ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချုပ်ပိုင်ခွင့်မှာ ၂၀၀၉ ခုနှစ် မေလ (၂၉) ရက်တွင် (၆) နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်ကြောင်းနှင့် အယူခံအမှုမှာ အမှုအဖြစ်လက်ခံထားသည့်အဆင့်တွင်သာ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အခုဆိုရင် အကျယ်ချုပ်က လွတ်ဖို့ လေးလသာသာလောက်ပဲ လိုတော့တယ်လေ။ ဒေါ်စုကို သူတို့ တားဆီးထားတဲ့အမိန့်က (၂၉) ရက် မေဗျ။ ဆိုတော့ မေလ (၂၉) ရက်ဆိုရင် ကုန်ဆုံးပြီ။ အဲဒီမှာ (၆) နှစ်ပြည့်ပြီ။ ဒါ…သူတို့တွက်ကိန်းနဲ့သူတို့ ချုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး သူတို့ဘာသာထားတာ။ ကျနော်တို့ တွက်ကိန်းကတော့ (၅) နှစ်ပဲ။ အဲတော့ ကောင်းပြီ… ဒါကအငြင်းပွားစရာဖြစ်လာပြီဆိုတော့ လျှောက်လဲပေါ့ဗျ။ အဲဒီ လျှောက်လဲမှုကို ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတော့ တရားရုံးချုပ်လိုဟာမျိုးလည်း မရှိဘူးဗျ။ ဆိုတော့ (၆) နှစ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကပဲ ပြန်ပြီးတော့ ဆုံးဖြတ်ရမယ့်သဘော ဖြစ်နေတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီးတွင် နအဖအစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် ထိန်းသိမ်းအရေးယူခဲ့သည်။ ထိုဥပဒေသည် ၁၉၇၅ ခုနှစ် ဥပဒေသတ်မှတ်ချက်အရ (၁) နှစ်အထိ တားဆီးမှုပြုလုပ်နိုင်ကာ ဆက်လက်တားဆီးလိုပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် ရက် (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၎င်းနောက် ၁၉၉၁ ခုနှစ် န၀တလက်ထက်တွင် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ခဲ့သည်။ ထိုဥပဒေအရ နအဖက ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅) နှစ် စုစုပေါင်း (၆) နှစ်ချမှတ်ခွင့်ရှိကြောင်း ကိုင်စွဲထားကာ အန်အယ်လ်ဒီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားချက်ကို ထောက်ပြသည်။

“အခုလို အငြင်းပွားစရာတွေဖြစ်လာပြီဆိုတော့ အယူခံလျှောက်လဲရတာပေါ့။ လျှောက်လဲတယ်ဆိုတာကိုက အမှန်တရားကိုသိချင်လို့။ ကျနော်တို့ကလည်း တင်ပြမယ်။ တဖက်ကလည်း ကျနော်ထင်တယ်။ ဗဟိုအဖွဲ့အတွက် များသောအားဖြင့်တော့ ရှေ့နေချုပ်ရုံးက လုပ်ပေးတာ။ အဲတော့ ကျနော်တို့ နှစ်ဦးပြိုင်ပြောတာကို အစိုးရအဖွဲ့က ဆုံးဖြတ်ပေါ့။ အခုဟာကတော့ အချိန်ဆွဲနေလို့ပဲ လေးလကျန်တော့တယ်” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ (၁၂) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့ တွေ့ခွင့်ရခဲ့သည်ဟူသော သတင်းများပေါ်ထွက်ခဲ့ရာ မဟုတ်ပါကြောင်း ဦးကြည်ဝင်းက ငြင်းဆိုသည်။ သို့ရာတွင် တွေ့ဆုံနိုင်ရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာတစောင် ပေးပို့ထားကြောင်း သိရသည်။

“ကျနော်တို့ ဇန်န၀ါရီ (၂၀) ရက်နေ့ကမှ ဒေါ်စုနဲ့တွေ့ခွင့်ရဖို့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ ပေးပို့ထားပါတယ်။ သတင်းတပ်ဖွဲ့ကိုတင်ပြတော့ သူတို့မှာ ခွင့်ပြုနိုင်ခြင်းမရှိပါဘူးဆိုတော့ ၀န်ကြီးချုပ်ဆီကိုပဲ တင်လိုက်တယ်။ တွေ့ခွင့်ပြုဖို့တင်ထားတဲ့ ရက်ကိုတော့ ထုတ်မပြောတော့ဘူးဗျ” ဟု ဦးကြည်ဝင်းက ပြောသည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...