
ဟောင်းဒိန် | အစိုးရစာသင်ကျောင်းတွင် ယူနီဆက် ဗလာစာအုပ်ကြေးကို ကျောင်းသူ/သားများက ဝယ်ယူနေရသည်ဟု ကျောင်းသားမိဘများက ပြောသည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အထက်တန်းကျောင်းခွဲတစ်ခုတွင် ကျောင်းအပ်ခဲ့သည့်မိဘတို့က ဒုတိယတန်း ကျောင်းသင်ရိုးညွန်းတမ်း ကျောင်းသားတစ်ဦးအတွက် ၅၀၀၀ ကျပ် ဗလာစာအုပ်ကြေး ၅၀၀၀ ကျပ်ပေးရသည်ဟု ဒုတိယတန်း ကျောင်းသားမိဘ မိလှငွေက ပြောသည်။ ဗလာစာအုပ်ကြေး ၅၀၀၀ ကျပ် ပေးပြီး ယူနီဆက်တံဆိပ်ပါ ဗလာစာအုပ်ကိုသာ ရရှိခဲ့သည်။
“ဒီနှစ်မှာ ယူနီဆက်တံဆိပ်ပါတဲ့ ဗလာစာအုပ်တစ်မျိုးပဲ ကျောင်းကနေရတယ်။ မနှစ်က ယူနီဆက်ကနေ ပေးထားတဲ့ လွယ်အိတ်ရော စာအုပ်ပါ စာသင်ကျောင်းကနေရတယ်” ဟု မိလှငွေက ပြောသည်။
ယူနီဆက်မှ လှူဒါန်းပေးထားသော်လည်း ကျောင်းသားတို့မှာ အလကားမရကြောင်း မိလှငွေက ပြောသည်။
“စာအုပ်ထုတ်ဖို့ ၄၀၀၀ ကျပ် စေတနာကြေးနဲ့ ထောက်ပံ့ငွေက ၁၀၀၀ ကျပ်လို့ ကျောင်းသွားအပ်တဲ့အချိန်မှာ ဆရာမက ပြောတယ်” ဟု မိလှငွေက ပြောသည်။
အထက်တန်းကျောင်းအုပ်ဆရာမတစ်ဦးက မြန်မာအစိုးရမှ မူလတန်းကျောင်းသူ/သားများကို အခမဲ့စနစ်ဖြင့် ကျောင်းအပ်ခြင်းကို ကျင့်သုံးခဲ့သော်လည်း စာသင်ကျောင်းများသို့ ပေးသောငွေ မရှိခြင်းကြောင်း ဆရာ/မများက ကျောင်းသူ/သားများထံမှ ယခင်ကဲ့သို့ ကောက်ခံရခြင်း ဖြစ်သည်။
“ကျောင်းဆောက်တာဆိုရင်လည်း အစိုးရက သူတို့ပေးသလောက်ပဲ သူတို့ပေးတယ်။ ကျန်တာ မလောက်လို့ရှိရင် ရွာခံက ကျောင်းက စိုက်ရတယ်” ဟု ဆောက်လုပ်ဆဲကျောင်းတွင် စာသင်နေသော မူလတန်ပြ ဆရာမတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ပညာသင်နှစ်မှစ၍ မြန်မာတနိုင်ငံလုံးရှိ မြို့နယ် ၉ မြို့နယ်တို့တွင် ယူနီဆက်မှ ကျောင်းသူ/သားများကို သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးရန် ၄င်း ၉ မြို့နယ်ရှိ ဆရာ/မတို့အား သင်တန်းပေးခဲ့သည်။
“ပြီးခဲ့တဲ့နှစ် တစ်နှစ်ကပဲ မူလတန်းကျောင်းသူ/သားတွေအားလုံးကို လွယ်အိတ်နဲ့ စာအုပ် ယူနီဆက်ကပေးတယ်။ ဒီနှစ်မပေးဘူး” ဟု မူလတန်းပြဆရာမတစ်ဦးက ပြောသည်။
၂၀၀၈ ခုနှစ်တွင် ၄င်းသင်တန်းတက်ရောက်ခဲ့သည့် ဆရာမတစ်ဦးက ၂၀၀၉ ခုနှစ်တွင် ၄င်းမြို့နယ် ၉ မြို့နယ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော်လည်း ယခုနှစ်တွင် အခြားမြို့နယ်၌ ယခုကဲ့သို့ အကောင်အထည်ဖော်ခြင်းကို မကြားမိသေးဟု ဆိုသည်။
သို့သော်လည်း ၄င်းကျောင်းရှိ စာသင်ခန်းတွင် ကျောင်းသူ/သားအရေအတွက်မှာ ၄၀ ကျော်ခန့်ရှိပြီး၊ တခန်းနှင့် တစ်ခန်း နီးကပ်နေသည့်အတွက် ကလေးများကို ထိန်းရသည်မှာ ခက်ခဲကြောင်း ကလေးများအားလုံး စာတတ်မြောက်အောင် သင်ကြားရာမှာ မလွယ်ကူကြောင်း မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။
ကျောင်းသူ/သားများအတွက် လမ်းစရိတ်၊ အထွေထွေကျာင်းစရိတ် အကုန်အကျများသော်လည်း ကလေးများမှာ စာမတတ်ကြောင်း ကလော့သော့တိုက်နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ အလယ်တန်းကျောင်းအတွက် ၁၅၀၀၀ ကျပ် အထက်တန်းကျောင်းအတွက် ၂၀၀၀၀ ကျပ် ကျောင်းအပ်စဉ် ကုန်ကျကြောင်း ခရီးစရိတ်အတွက် တစ်လလျှင် ၄၀၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း ကျောင်းသားမိဘတို့က ပြောသည်။
အထက်တန်းကျောင်းအုပ်ဆရာမတစ်ဦးက “ကလေးတွေကို အတန်းတင်ပေးတဲ့စနစ်ကြောင့် အတန်းကြီးလာတော့ ဒုက္ခရောက်ရတယ်” ဟု ဆိုသည်။ အချို့ကျောင်းသူ/သားများသည် ဆရာ/မမှ သင်ကြားသော သင်ခန်းစာများကို မလိုက်နိုင်သည့်အတွက် စာသင်နှစ်မကုန်ဆုံးမီ ကျောင်းမှ ထွက်ကြရသည်။
source by : http://monnews.org
Tuesday, July 20, 2010
ယူနီဆက် စာအုပ်ကို ကျောင်းသားများအား ရောင်း
အာဇာနည်နေ့အထိမ်းအမှတ် အလံတဝက်လွှင့်ထူရန် ပျက်ကွက်
ဝီရ / ၁၉ ဇူလိုင် ၂၀၁၀
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင် (၁၉) ရက်နေ့၌ ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် နိုင်ငံတော်အလံတဝက် လွှင့်ထူသည့် အစဉ်အလာကို အစိုးရရုံး၊ ဌာနများ၊ မယကရုံးများက လိုက်နာခြင်း မရှိတော့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ဒီနေ့မှာ ဘယ်ရုံးဌာနပဲဖြစ်ဖြစ် (နိုင်ငံတော်) အလံတဝက် လွှင့်ထားရမယ်ဆိုတဲ့အမိန့် ရှိပြီးသားပါ။ ဒါပေမယ့် ရန်ကုန်က အစိုးရဌာနတွေရဲ့ အလံတွေက တိုင်ထိပ်မှာ ဒီအတိုင်း ပုံမှန်လွှင့်ထားကြတာ မမြင်ချင်အဆုံးပဲ။ ဒီနေ့မှာ မြို့တော်ခန်းမမှာတောင် အလံအပြည့်ထူထားတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
နိုင်ငံတော်အလံကို တိုင်တဝက်တွင် လွှင့်ထူထားခြင်း မရှိသည့်အတွက် ရှုမြင်သူတိုင်း ဒေါသဖြစ်ရကြောင်း အဆိုပါ ရန်ကုန်မြို့ခံက ဆိုသည်။
“ဒီနေ့ အလံတဝက် လွှင့်မထားတဲ့ ရုံးတွေထဲမှာ မြို့နယ်ရဲစခန်းတွေ၊ ပြီးတော့ ရန်ကုန်တိုင်း တရားရုံးရယ်၊ ကမ်းနားလမ်းတလျှောက်က ရုံး၊ ဌာနတွေ အားလုံးလိုလိုပဲ။ မလွှင့်လည်း ရတယ်ဆိုပြီး ဒါ သက်သက်မဲ့ လုပ်တာ” ဟု ရန်ကုန်မြို့တွင်းပိုင်းသို့ ရောက်ရှိခဲ့သူ တက္ကသိုလ်ကျောင်းသား လူငယ်တဦးက ပြောသည်။
ယနေ့၌ ယင်းကဲ့သို့ တိုင်ထိပ်၌ နိုင်ငံတော်အလံ လွှင့်ထူထားသည့်အထဲတွင် ဗဟန်းမြို့နယ်၊ တာမွေအဝိုင်းအနီး၊ ခြောက်ထပ်ကြီးဘုရားရှိ ရွှေဂုံတိုင်ဆေးခန်း၊ မြေနီကုန်းရှိ ဒဂုံအရောင်းစင်တာ စသည့် ပုဂ္ဂလိကဌာနများစွာလည်း ပါဝင်ကြောင်း သိရသည်။
ယင်းကဲ့သို့ အစိုးရရုံးဌာနများက အလံတဝက် လွှင့်ထူခြင်း မရှိခဲ့သည်မှာ ယခင်နှစ်များတွင် ရှိခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ထင်သာမြင်သာသည့် အဖြစ်မျိုးမဟုတ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုသည်။
အာဇာနည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာစစ်အစိုးရ၏ သတင်းစာများတွင် ကဗျာ၊ ဆောင်းပါးများ ယနေ့ ဖော်ပြခြင်း မရှိသည့်အတွက်လည်း ဝါရင့်စာရေးဆရာတဦးက ဝေဖန်လိုက်သည်။
၎င်းက “အာဇာနည်နေ့ဆိုတာ လူတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းမှု မရှိတော့အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ ဖြစ်တယ်။ အစိုးရရုံးတွေ အလံမထောင်ဘူး။ ဘာဖြစ်သွားလို့လဲ။ အရေးယူတယ်ဆိုတာ ဝေးရောပဲ။ ဒါကြောင့် လူတွေမေ့သွားအောင် တမင်ကို လုပ်ကြံတာ။ အခုဆို အစိုးရဝန်ထမ်းတွေကိုယ်တိုင်က ဒီနေ့ နားရက်ရတာထက် ပိုမသိတော့ဘူး။ မထူးတော့သလို ဖြစ်လာကြတယ်။ ဒါတွေအားလုံးဟာ စစ်အစိုးရရဲ့ ပယောဂ မကင်းဘူးဆိုတာ နားလည်သင့်တယ်” ဟု ပြောကြားသည်။
source by : http://www.khitpyaing.org
၆၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ဓါတ်ပုံများ
Sunday, July 18, 2010
၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့
ဗိုလ်မှူးအောင်လင်းထွဋ်
ကျွန်တော့်အနေဖြင့် အခုတစ်လော ပြည်တွင်း၊ ပြည်ပမှာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်နေသူများကို ယခင်အတွေ့အကြုံ နဲ့ ယခုလက်ရှိ နေပြည်တော်လို့ခေါ်တဲ့ ကြပ်ပြေးမြို့တော်က သူငယ်ချင်းများရဲ့ ပေးပို့နေတဲ့ သတင်းများကို အခြေခံကာ သုံးသပ်တင်ပြချင်ပါတယ် ။
၁၉၈၈ ခု စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းမှာ AD လမ်းမှာနေတဲ့ ဗိုလ်ချုပ်နေ၀င်းရဲ့ အိမ်တွင်ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေး တစိတ်တပိုင်းကို အရင်ဦးဆုံး ပြောပြချင်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဦးနေ၀င်းနဲ့ သူ့ရဲ့လက်ရုံးတင်မဲ့ လက်သားတွေဖြစ်ကြတဲ့ ဦးစန်းယု၊ ဦးအေးကို၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင် အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်များ ရှိခဲ့ကြပါတယ်။
လက်ရှိတပ်မတော်ရဲ့ တာဝန်ရှိသူတွေထဲမှာ ထိုစဉ်က စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ညွှန့် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ဦးနေ၀င်းကနေပြီး “စောမောင်နဲ့ ခင်ညွှန့် တိုင်းပြည်ရဲ့အခြေအနေကို အားလုံး သိအောင်ရှင်းပြ” လို့ အမိန့်ပေးတော့ ဗိုလ်မှူးကြီးခင်ညွှန့်က တစ်နိုင်ငံလုံး ဆူပူအုံကြွပြီး အုပ်ချုပ်ရေးယန္တရား လုံးဝ ရပ်ဆိုင်းနေပြီ ဖြစ်တာရယ်၊ ကုန်သွယ်ရေးဝန်ကြီးရုံးမှာ ပြည်သူလူထုနဲ့စစ်တပ် နားလည်မှု ရသွားတာရယ်၊ တပ်မတော်တွင်းမှာ စစ်သည်များ မကြေမနပ်ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာတွေ၊ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်များရဲ့လှုပ်ရှားမှုတွေ၊ ဖမ်းဆီးရမိမှု အခြေအနေအလုံးစုံကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဦးနေ၀င်းက ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ တင်ပြချက်အပေါ် တက်ရောက် နားထောင်ကြတဲ့ အစိုးရခေါင်းဆောင်များရဲ့ သဘောထားကိုမေးခဲ့ပါတယ်။ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုံးစံအတိုင်း ဘာသဘောထားမှတ်ချက်ကိုမှ ဦးနေ၀င်းရဲ့ရှေ့မှာမပေး ရဲ ခဲ့ကြပါဘူး။ ဒီတော့ ဦးနေ၀င်းက မဆလပါတီနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထောက်ခံမှု၊ ဘယ်လောက်ရာနှုန်းလောက် ရှိနိုင်လဲဆိုတာ ကိုတက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုမေးတော့ သူတို့က အဲဒီအချိန်မှာ တပ်မတော်သားတွေကို သူတို့ရဲ့ထောက်ခံမဲလို့ အပိုင်တွက် ထားပုံပေါ်ပါတယ်။ ဒါကြောင့် တပ်မတော်မိသားစုနဲ့ မဆလပါတီဝင်အင်အားစုတွေကို ပေါင်းပြီးတော့ ပြည်သူလူထုထောက်ခံမှု အနည်း ဆုံး ၆၀%အထက်မှ ရှိကြလိမ့်မည်လို့ တွက်ခဲ့ကြပါတယ်။
အဲဒီနောက် ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ လက်ရှိအာဏာယူထားတဲ့ လူကြီးတွေကို “မင်းတို့ စောမောင်နဲ့ ခင်ညွှန့်တို့ကို အာဏာ လွှဲပေးလိုက်တော့”လို့ အမိန့်ပေးခဲ့ပါတယ်။ ဆက်လက် ညွှန်ကြားတာကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုပြီး ဖွဲ့ ဖို့ရယ် ဥက္ကဋ္ဌက စောမောင်၊ အတွင်းရေးမှူးက ခင်ညွှန့် ကိုထားပြီး တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စစ်တိုင်းမှူးတွေကို အဖွဲ့ ၀င်တွေထားပြီးဖွဲ့ဖို့ ဦးနေ၀င်းက အမိန့်ပေးခဲ့ပါတယ်။ အာဏာလွှဲယူပြီး စစ်အစိုးရဲ့ကြေငြာချက် လမ်းညွှန်မှုအနေနဲ့ကတော့ ဒို့တာဝန်အ ရေးသုံးပါးကိုအခြေခံပြီး ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဆိုတဲ့ (Guide Line) အား ဦးနေ၀င်းက အဲဒီအစည်းအဝေးမှာ ချမှတ်ပေးခဲ့ပါတယ်။
ဦးနေ၀င်းရဲ့ Guide Line တွေကို စာသားအဖြစ်ရေးပေးခဲ့ရသူက ဒေါက်တာမောင်မောင် ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ ပြည်သူလူထုထံ ပြောကြားသည့် ကြေငြာချက်ကို အဲဒီအစည်းအဝေးမှာဘဲ ဒေါက်တာမောင်မောင်က လက်ရေးမူနဲ့ ရေးသားခဲ့ပါတယ်။ န၀တ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ကတော့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်မှူးကြီးခင်ညွှန့်တို့က အဲဒီအစည်းအဝေးမှာဘဲ ဘယ်သူတွေ ပါဝင် ဖွဲ့စည်းမည်ဆိုတာ ကို ဦးနေ၀င်းကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လက်ရေးမှုတွေနဲ့ ရေးထားတဲ့ စာရွက်တွေကို ထိုစဉ်က တပ်မတော်ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဗိုလ်မှူးကြီး မျိုးသန့်(နောင် ပြန်ကြားရေးဝန်ကြီး) ဒုတိယတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (နောင်ဘဏ္ဍာ ရေး ဒုတိယ၀န်ကြီး)တို့ (၂)ဦးက မြန်မာ့အသံကို သွားရောက်ပြီး စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ (၄)နာရီမှာ နိုင်ငံတော်ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမိန့်ကြေငြာချက်တွေ ဆက်တိုက် ထုတ်ပြန်လာပြီး နိုင်ငံရေးသမားတွေနဲ့ ပြည်သူ လူထုတွေကို ဆူပူဆန္ဒပြနေရာက ရွေးကောက်ပွဲလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီးစောမောင် အနေနဲ့ အမှန်တကယ်ဘဲ ရွေးကောက်ပွဲပြီးရင် ပြည်သူလူထုကို အာဏာလွှဲပေးမယ်ဆိုတာကို တရားဝင် ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့သိသလောက် ဗိုလ်ချုပ်စောမောင် အဲဒီအချိန်က ယုံကြည်ခဲ့တာက တစညနဲ့ စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေ သည်ရွေးကောက်ပွဲမှာ ရှုံးရင်တောင်မှ အပြတ်အသက် မရှုံးနိုင်ဟု လျော့တွက်ခဲ့ပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲကို သမာသမတ်နဲ့ လုပ်ဖို့ လက်အောက်ကို အမိန့်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင် မသိတာကတော့ တစညပါတီကို ပြည်သူတွေ ဘယ်လောက်မုန်းတီး နေတယ်ဆိုတာနဲ့ တစည အမတ်လောင်းတွေ(Golf)ရိုက်ပြီး စည်းရုံးရေး ဆင်းနေတာတွေကိုပါ။
ဒီ့အပြင် ဗိုလ်စောမောင်ဟာ ဦးနေ၀င်းနဲ့အစည်းအဝေးမှာ သူ့ရဲ့ ဆရာသမား မဆလ ခေါင်းဆောင်တွေရဲ့ ပြောစကားတွေကို ယုံကြည်မိခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်စစ်တပ်ကို ကျောထောက်နောက်ခံလုပ်မဲ့ အစိုးရကသာ အာဏာရလိမ့်မယ်လို့ သူ့အနေနဲ့ လျော့တွက်ခဲ့ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပါဘဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ န၀တ တဖွဲ့လုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ခဲ့ကြပါတယ်။ခြေမကိုင်မိ၊လက်မကိုင်မိ ကြိတ်မနိုင် ခဲမရဖြစ်ခဲ့ကြတယ်။
ဒီအထဲမှာ ရွေးကောက်ပွဲမှာနိုင်တဲ့အမတ်အချို့က စစ်တပ်ကို ပြုပြင်ပြောင်းလဲရမယ်၊ အရေးအခင်းမှာ ပြည်သူတွေကို သတ်ခဲ့သူတွေ ဖေါ်ထုတ်အရေးယူရမယ်၊ စစ်တပ်တွင်းမှာလဲ ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်ပုဂ္ဂိုလ်များကို ဖယ်ရှားပစ်ရမယ်၊ စတဲ့အချက်တွေကို ကြွေးကြော်လာခဲ့တာ တွေ့ရှိလာပါတယ်။ စစ်တပ်အတွင်းမှာလဲ တပ်မတော်ရဲ့အနာဂါတ် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို စိုးရိမ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကိုလဲ ကျန်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် န၀တအဖွဲ့ဝင်တချို့က ဖိအားပေးလာခဲ့တာ တွေ့ရှိရပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရ ပိုမိုရင်းနှီးတဲ့ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ်ဖုန်းမြင့်၊ဗိုလ်ချုပ်မောင်မောင်ခင် (ရေ)၊ ဗိုလ်ချုပ်တင်ထွန်း(လေ)၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်တင်ဦး တို့ရဲ့ ဖိအားကိုလည်း ဗိုလ်ချုပ်ကြီးစောမောင် ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီးစောမောင် အရက်တွေ ဖိသောက်လိုက်၊ ပုတီးစိပ်လိုက် နဲ့ ဂယောင်ချောက်ခြား ဖြစ်ခဲ့ရပါတယ်။
NLD ကလည်း ရွေးကောက်ပွဲနိုင်တဲ့ အမတ်တွေစုပြီး စစ်တပ်ကိုအာဏာလွှဲပေးဖို့ ဂန္ဒီခမ်းမမှာ စုဝေးပြီး တောင်းဆိုမဲ့ ကြေငြာချက်စာတမ်းတွေ ထုတ်မယ်လို့ သတင်းတွေလဲရခဲ့ပါတယ်။ နောက်ဆုံးတော့ NLD ကို အာဏာလွှဲမပေးဖို့ ဗိုလ်ချုပ်သန်းရွှေနဲ့ အပေါင်းအပါတွေ သဘောထားတင်းမာတဲ့ သူတွေရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ်ခင်ညွှန့်တို့ ပါပူးတွဲပြီး ဗိုလ်ချုပ်ကြီးစောမောင်ကို တင်ပြလာတဲ့အခါမှာတော့ NLD ကို အာဏာလွှဲမပေးဖို့နဲ့ ရွေးကောက်ပွဲနိုင်အမတ်တွေဟာ အခြေခံဥပဒေအသစ်ရေးဆွဲဖို့သာ ဖြစ်တယ်ဆိုတဲ့ န၀တရဲ့ ၁/၉၀ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကတိကို လွယ်လွယ်လေး လက်နဲ့ရေးပြီး ခြေနဲ့ဖျက်ခဲ့တာကို အားလုံးအမှတ်ရလိမ့်မယ် ထင်ပါတယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရဲ့ သင်ခန်းစာကို ဗိုလ်ချုပ်ကြီးသန်းရွှေ ကောင်းကောင်းကြီး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်လဲ ရွေးကောက်ပွဲမှာ ကတိ ဖျက် ခဲ့ရတာရယ်၊ လက်အောက်က လုပ်ဖေါ်ကိုင်ဖက်များရဲ့ Pressure တွေရယ်၊ ပြည်တွင်းနိုင်ငံရေးအင်အား စုတွေရဲ့Pressure တွေရယ်၊ ပြည်ပနိုင်ငံများရဲ့ Pressure တွေရဲ့ဒဏ်ကို အကြီးအကျယ်ခံခဲ့ရပြီး နောက်ဆုံး ယဉ်ယဉ်လေးနဲ့ ရူးခဲ့ရတဲ့ အရှုးတပိုင်းလို ဖြစ်သွားခဲ့ရပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင် ဗိုလ်ချုပ်သန်းရွှေဘက်ကို ဘက်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ကြီးစောမောင် ဖယ်ရှားရေးကို တိုးတိုး တိတ်တိတ် ကြိတ်ပြီးစီစဉ်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာဘဲ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို တသားတည်း ဥပက္ခာပြု ဖယ်ရှားခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်ကြီးသန်းရွှေတက်လာပြီး အမျိုးသားညီလာခံဆိုတဲ့ နိုင်ငံရေးခေါင်းစဉ်တပ်ကာ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုကို လှည့်စားခဲ့ပြန်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး နိုင်ငံရေး လှည့်ကွက် အမျိုးမျိုးနဲ့ အယုံသွင်းခဲ့တယ် ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ သတိပေးချင်ပါတယ်။
ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့တန်းကအော်နေရှာတဲ့ ကိုအေးလွင်(၈၈ကျောင်းသား)နဲ့ အဖွဲ့တွေကို အကျဉ်းကျနေစဉ် ထောက်လှမ်း ရေးအဖွဲ့တွေက ကြိမ်ဖန်များစွာနားချ စည်းရုံးမှုနဲ့အတူ အမျိုးသားညီလာခံဆိုတာကြီးကို ဘုမသိဘမသိ အချိန်ကတည်းက သဘောတရားရိုက်သွင်းနိုင်ခဲ့ပါတယ်။ NLD ဖြိုခွဲရေးဆိုတဲ့ Plan အရလည်း NLD ထဲက မိုးလင်း၊ ကြည်ဝင်းတို့ အဖွဲ့တွေကို ထောက်လှမ်းရေး အဖွဲ့ တွေကဘဲ ဖဲ့ထုတ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ ထောက်လှမ်းရေး ပျောက်သွားပေမဲ့ ဒီအဖွဲ့တွေကတော့ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေရဲ့(Psy War)မှာ အသုံးချဖို့ လက်ကွက် ကျန်ရစ်နေဆဲပါ။
ပြည်ပမှာဆိုရင် နိုင်ငံခြားသားတွေနဲ့ ပေါက်ရောက်တဲ့ အထူးသဖြင့် အနောက်နိုင်ငံတွေကို ထိုးဖောက်ဝင်ရောက်နိုင်မဲ့ ဒေါက်တာကျော်ရင်လှိုင်တို့၊ ဒေါက်တာဇာနည် တို့အား ထောက်လှမ်းရေးကဘဲ အသိမဲ့သတင်းပေး Unconscious Informer အဖြစ် သုံးခဲ့သလို ယခုလဲ ဒေါက်တာကျော်ရင်လှိုင် အပါအ၀င် English လို ဘိုလိုပြောနိုင်တဲ့သူတွေကို အများကြီး ပြန်လည်အသုံးချနေတာတွေကို တွေ့ရမှာဖြစ် ပါတယ်။ နအဖရဲ့စည်းရုံးမှုကို ခံသွားရရှာသော အေးလွင် ကို ကျွန်တော့်အနေနဲ့ ပြောချင်တာက ယခင်၊ ယခု အသုံးချနေတဲ့သူတွေကို မျိုးချစ်စိတ်ဓာတ်တွေသွင်းပြီး ထင်ရောင်ထင်မှားဖြစ်စေမဲ့ အကြောင်းအရာများကို အခြေခံကာ မြှောက်ပင့်ပေးလိုက်သည့်အတွက် Brain Wash လုပ်ခံရမှန်းမသိ လုပ်ခံလိုက်ရတာကို သတိထားစေချင်ပါတယ်။
အဲဒီသူတွေကိုယ်တိုင်ကတော့ သူတို့ကိုယ်သူတို့ မသိ ဖြစ်နေပါတယ်။ ဒါကြောင့်သူတို့ကိုလည်း အမြင်မှန်တွေ ပြန်ရအောင် Brain Wash ပြန်လုပ်ပေးဖို့ လိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒါကြောင့်ယနေ့ နေပြည်တော်ကနေ သတင်းပေးပို့လာတဲ့ အတွင်းသတင်း တစ်ခုကို အသိပေးချင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ် စေရန်၊(Plan)များ ရေးဆွဲထားတယ်လို့သိရပါတယ် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မှာ ဖြစ်ပါတယ်။
*(A-Plan) အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ အုပ်စုက ပြတ်ပြတ်သားသား နိုင်ခဲ့မည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေအနေဖြင့် အစိုးရဖွဲ့၍ အာဏာလွှဲပြီးပါက ၄င်းအနေဖြင့် တရုတ်နိုင်ငံကခေါင်းဆောင် တိန့်ရှောင်ပိန်၊ အီရန်နိုင်ငံက ဘာသာရေးခေါင်းဆောင် အဌာကိုလာခိုမေနီ တို့လို ရှိနေမည်ဖြစ်ပြီး နေရာတိုင်း အစိုးရအဖွဲ့ကို ၀င်စွက်တော့မည်မဟုတ်ပါ။
*(B-Plan) အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့သူများ ပြတ်ပြတ်သားသားမနိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အတူ လက်ရှိ SPDC(သို့)အလားတူ စစ်ကောင်စီတစ်ခုသည် အစိုးရ၏နောက်ကွယ်တွင် ရှိနေမည်ဖြစ်ပါတယ်။ ဥပမာအနေဖြင့် မြောက်ကိုးရီး ယား၊ကျူးဘားနိုင်ငံ တို့လို ယခင် မဆလဥက္ကဋ္ဌဦးနေ၀င်းလို ပုံစံမျိုး ဆက်ရှိသွားမည်ဖြစ်ပါတယ်။
*(C-Plan) အနေဖြင့် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံသူများ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်က အာဏာပြန်သိမ်းဖို့ ဆိုပြီး Plan(၃)ခု ရေးဆွဲထား ပြီးဖြစ်တယ်ဆိုတာကိုသိရပါတယ်။
ဒီ Plan တွေမတိုင်မှီ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေမှ နေ၍ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေကို သတင်းစုဆောင်းပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ရုံးကို အစီရင်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေကို ရေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမျိုးသားညီလာခံ ဗဟိုကော်မတီဝင်၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းညွှန့်ကို တိုက်ရိုက် လမ်းညွှန်ပြီး ရေးခိုင်းတယ်လို့ သိရပါတယ်။ ၂၀၀၈ ခုမကုန်မှီ ဦးသောင်းညွှန့် ကိုယ်တိုင် အချောသတ်ပြီး ဗိုလ်ချုပ်ကြီးသန်းရွှေထံ လက်မှတ်ထိုးဖို့ တင်ပြထားတယ်လို့သိရပါတယ်။
မူလက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လွတ်လပ်ရေးနေ့မှာ Election Law ထုတ်ဖို့လက်အောက်က စီစဉ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုံးကထွက်လာတဲ့ သတင်းအရကတော့ ရွေးကောက်ပွဲမတိုင်မှီ (၆)လလောက် လိုမှ အမိန့်ထွက်မယ်။ ပါတီတွေကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချိန်ကန့်သတ် ထားတာဖြစ်တယ်။ ဒီ့ပြင်စစ်တပ်ထောက် ခံမည့် ကြံ့ဖွတ် အပါအ၀င်အခြား နိုင်ငံရေးပါတီတွေအပေါ် လက်ရှိအခြေအနေကို အားမရသေးဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှတ်ချက်ပြုထားကြောင်း သိရပါတယ်။ ဒါကြောင့်ဒီအဖွဲ့တွေကို ရက်တိုနိုင်ငံရေး မွမ်းမံ သင်တန်းတွေပေးဖို့ ကြံ့ဖွတ်ဝန်ကြီးတွေကို ဆူပူနေတယ်လို့ သိရပါတယ်။
နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ နာဂစ်မုန်တိုင်းအပြီး ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသစ်ကို အ နောက်နိုင်ငံတွေက လက်ခံလာအောင်လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထောက်လှမ်းရေးအဖွဲ့တွေကို Pressure ပေးနေတယ်လို့ သိရ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားပေမဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုမရဘူးဆိုရင် ဘယ်လိုအစိုးရမျိုးဘဲ ပေါ်လာပေါ်လာ ထူးခြားမှု မရှိနိုင်ဘူး ဆိုတာကို ဗိုလ်ချုပ်သန်းရွှေအနေနဲ့ သဘောပေါက်တယ်လို့ သိရပါတယ်။ဒါပေမဲ့ သူ့အနေနဲ့ မထူးဇာတ်ခင်းပြီး ဖြစ်ချင်ရာဖြစ် ဆိုတာမျိုးလဲ လုပ်သွားနိုင်တယ်လို့ နေပြည်တော် ဗိုလ်ချုပ်မှူးကြီးရုံးက ထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။
ယခု နောက်ဆုံးရတဲ့ သတင်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘယ်တော့မှ အာဏာကို လက်လွှတ်မှာ မဟုတ်၊သေရင်တောင် သရဲဘ၀ကနေ အာဏာကို ယူထားမှာဟု ၄င်းနှင့်နီးစပ်သော ဆွေမျိုးအသိုင်းအ၀ိုင်းက တဆင့် သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး နားလည်ထားရမှာ ကတော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ မြန်မာနိုင်ငံအတွက် ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူး ဆိုတာကို သေသေချာချာ နားလည်ထားစေချင်ပါတယ်။
ယနေ့ မြန်မာနိုင်ငံဟာ သာမန်အရပ်သူ အရပ်သားများတင် မက ပါဘူး။ တပ်မတော်သားများအားလုံးလည်း ကျေးကျွန်ဘ၀ကို ရောက်နေ ကြရတာပါ။ ဒီဖွဲ့စည်းပုံ၊ ဒီရွေးကောက်ပွဲနဲ့ ဆက်လက်သွားနေလို့ကတော့ “ကျွန်” ဘ၀ကလွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန် မာနိုင်ငံကို စစ်ကျွန်ပြုမည့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဒီရွေးကောက်ပွဲကို လက်မခံဖို့ လိုပါတယ်။ဒါကြောင့် ကျွန်တော်တို့ အားလုံးအနေနဲ့ မြန်မာနိုင်ငံကို တကယ်ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံတကာမှာ မြန်မာလူမျိုးရယ်လို့ ဖြစ်စေချင်ရင် လက်ရှိစစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၊ တိုင်းရင်းသားလူမျိုးတွေရယ်၊အတိုက်အခံအင်အားစုတွေရယ်၊ လယ်သမား၊ အလုပ်သမားများရဲ့ကိုယ်စားလှယ်တွေရယ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ၀ိုင်းဝန်းဖိအားပေးဖို့ လိုပါတယ်။ ဒီလို ဖိအားကို အားလုံး တက်ညီလက်ညီသာ လုပ်ပေးမည်ဆိုလျှင် တပ်မတော်တွင်းမှာ ရှိနေသော ပုဂ္ဂိုလ်များလည်း ပါဝင်လာနိုင်လိမ့်မည်ဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် တင်ပြချင်တာကတော့ စစ်တပ်အတွင်းမှာလည်း မြန်မာနိုင်ငံ ကောင်းကျိုးအတွက် ပြုလုပ်ချင်နေတဲ့ အစုအဖွဲ့တစ်ခု ရှိ ကို ရှိ နေပါတယ်။ ကျွန်တော်တို့ အားလုံးသာ သဘောထားကွဲတာတွေ တခြားကိစ္စတွေကို ဘေးဖယ်ထားပြီး “ကျွန်တော်တို့ နိုင်ငံအတွက်” ဆိုတဲ့ ဦးတည်ချက် တစ်ခုထားကာ ညီညီညွတ်ညွတ် စုပေါင်းလိုက်ကြရင် စစ်တပ်ထဲကလည်း ပါဝင်လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက် ပွဲကြီးဟာ ကျွန်တော်တို့လိုချင်တဲ့ ပုံစံမျိုး၊ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိမ်လည်လှည့်ဖျားမှုကိုသတိပြုကြပါ”
* (ဆောင်းပါးသည် တနှစ်ကျော်က ရသော သတင်းအပေါ် အခြေခံထားသော်လည်း နအဖသည် ဆက်လျှောက် နေဆဲဖြစ်သည်။ )
Friday, July 16, 2010
ဒင်းလိုလူစား သတိထားဟေ့
ဂါမဏိ / ၁၆ ဇူလိုင် ၂၀၁၀
သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွားကြီးပြင်းလာခဲ့ပြီး အင်္ဂလိပ်ခေတ် (၇) တန်းအောင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက် အသက် (၂၇) နှစ်မှာ အောက်တန်းရှေ့နေ စာမေးပွဲဝင်ဖြေတာ အောင်လို့ ရှေ့နေလုပ်ခဲ့ပါတယ်။ အင်မတန် ရဲတင်းပြီး ရည်မှန်းချက်ကြီးလှတဲ့ ဒီလူဟာ တဘက်က ရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာနယ်တွေထဲ ထိုးဖောက်ခြေကုပ်ယူခဲ့ပါတယ်။ သူရိယသတင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေးအဖွဲ့ကြီးဖြစ်တဲ့ ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ (၂၁) ဦးအဖွဲ့ဘက် ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမယ့် အရွေးမခံရပါ။ သူ့အသက် (၂၇) နှစ်အရွယ် ၁၉၂၇ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်ကနေ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါတယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေးမှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတမြောက်ပိုင်းအမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။
၁၉၃၁ သြဂုတ်လမှာ လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံကို အင်္ဂလိပ်တွေ ဖမ်းမိတဲ့အခါ သူဟာ ဆရာစံဘက်က ရှေ့နေလိုက်ပေးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရအရာရှိတွေ၊ စစ်တပ်တွေ၊ ပန်ချာပီပုလိပ်တွေဟာ ပုန်ကန်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်လို့ အင်္ဂလိပ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင် ရေးခဲ့ပါတယ်။ “၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး” ဆိုတဲ့နာမည်နဲ့ အင်္ဂလိပ်လို စာအုပ်တအုပ်ရေးပြီး နိုင်ငံခြားပို့တဲ့အခါ အင်္ဂလိပ်အစိုးရက ပိတ်ပစ်တာ ခံရပါတယ်။ ဒါဟာ ပုဒ်မ ၁၂၄ (က) နဲ့ ငြိစွန်းနေတယ်လို့လည်း သတိပေးခံရပါတယ်။ သူဟာ ဥပဒေပြုလွှတ်တော်ထဲမှာလည်း ဆရာစံ သူပုန်ထမှုနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အစိုးရရဲ့ အရေးယူကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ ပြည်ထဲရေးအတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီက “မောင်မင်း ဂဠုန်ဖြစ်လာပြီ” လို့ ဝေဖန်ခဲ့ပါတယ်။
၁၉၃၅ မေလမှာတော့ သူဟာ မီဒီယာကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံကိုသွားပြီး အဆာဟိရှင်ဘွန်း သတင်းစာတိုက်မှာ မီဒီယာလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်ငန်းတွေ လေ့လာခဲ့ပါတယ်။ အပြန်မှာ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံတွေဝင်ပြီး နိုင်ငံရေး လေ့လာခဲ့ပါသေးတယ်။ ဗမာပြည်ပြန်ရောက်ပြီးတော့ သူရိယသတင်းစာတိုက် ရှယ်ယာတွေ ထပ်ဝယ်ပြီး ၁၉၃၆ ခုမှာ သူရိယတိုက် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ နောက် (၂) နှစ်အကြာမှာ အယ်ဒီတာချုပ် ဖြစ်လာပြီး သတင်းစာမူဝါဒကို ကြိုးကိုင်နိုင်ခဲ့ပါတယ်။
သူဟာ ဆရာစံသူပုန်ဘက်က ရပ်တည်လို့ နာမည်ထင်ရှားလာတဲ့နောက် ၁၉၃၆ ခုမှာ ဂဠုန်စစ်သူကြီးဘွဲ့ခံယူပြီး ဝါးရင်းတုတ်ကိုင် ဂဠုန်တပ်ရဲ့ ဗိုလ်ချုပ်ရာထူး ယူခဲ့ပါတယ်။ ၁၉၃၆ ခုမှာပဲ ကိုအောင်ဆန်း၊ ကိုနုတို့ ခေါင်းဆောင်တဲ့ ဒုတိယကျောင်းသားသပိတ် ဖြစ်တဲ့အခါ ကျောင်းသားတွေနဲ့ ရင်းနှီးမှုရအောင်လည်း ကြိုးစားခဲ့ပါတယ်။
တက္ကသိုလ်သမဂ္ဂအဆောက်အဦမှာ အင်္ဂလိပ်စာ ကျွမ်းကျင်လှတဲ့ စိန်ပေါကျောင်းထွက် တက္ကသိုလ်ဘွဲ့ရ ဘိလပ်ပြန် ဒေါက်တာဘမော်နဲ့ ကျောင်းသားတွေရှေ့မှောက် အင်္ဂလိပ်လို စကားရည်လုပွဲ လုပ်ခဲ့ရာမှာ (၇)တန်းပဲ အောင်တဲ့ သူ့ကို ကျောင်းသားတွေက ထောက်ခံ အားပေးခဲ့ပါတယ်။
ဒီနောက်မှာ သူဟာ ၁၉၃၈ ခု မတ်လမှာ မျိုးချစ်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၁၉၃၈ သြဂုတ်လ အောက်လွှတ်တော် အစည်းအဝေးမှာ ဒေါက်တာဘမော်အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့တာ မအောင်မြင်ခဲ့ပါ။ ရေနံမြေအလုပ်သမားသပိတ်၊ တတိယကျောင်းသားသပိတ်တွေ ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကာလ ၁၉၃၈ ဒီဇင်ဘာလထဲမှာ မျိုးချစ်ပါတီဝင်တွေ၊ ဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေတိဂုံဘုရားခြေရင်းမှာ ကျောင်းသား-အလုပ်သမား ထောက်ခံရေး အာဏာဖီဆန်မှုလုပ်လို့ အင်္ဂလိပ်အစိုးရရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းမှုခံရပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီ လွှတ်တော်အစည်းအဝေးမှာတော့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေကို ဖိနှိပ်တဲ့ ဒေါက်တာဘမော်အစိုးရကို သူ ဦးဆောင်ပြီး အယုံအကြည်မရှိ အဆိုသွင်း ဖြုတ်ချနိုင်ခဲ့ပါတယ်။
သူဟာ ၁၉၄၀ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဗမာပြည်ကို သတင်းစာဆရာပုံစံနဲ့ လာထောက်လှမ်းတဲ့ ကာနယ်ဆူဇူးကီး (ဗိုလ်မိုးကြိုး) ကို ခေါ်တွေ့ပြီး ဗမာ့လွတ်လပ်ရေး တိုက်ပွဲအတွက် ဂျပန်နိုင်ငံဆီက လက်နက်ခဲယမ်းပစ္စည်း ငွေကြေး အပါအဝင် စစ်ကူရနိုင်မလား မေးခဲ့ပါတယ်။
၁၉၄၁ အောက်တိုဘာလမှာ သူဟာ အင်္ဂလန်နိုင်ငံကိုသွား၊ ဝန်ကြီးချုပ် ချာချီနဲ့ တွေ့ဆုံပြီး ဒုတိယကမ္ဘာစစ်ပြီးရင် ဗမာပြည်ကို လွတ်လပ်ရေး (ဒိုမီနီယံ ကိုယ်ပိုင်အုပ်ချုပ်ရေး) ပေးဖို့ အဓိက ဆွေးနွေးတောင်းဆိုခဲ့ပေမယ့် ချာချီက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကအပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ဂျပန်ကောင်စစ်ဝန်နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဗမာပြည် လွတ်လပ်ရေးရမယ်ဆိုရင် ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလို ဆက်သွယ်ဆောင်ရွက်ခဲ့တာကို အင်္ဂလိပ်က သိသွားလို့ ၁၉၄၁ ဒီဇင်ဘာလမှာ ပါလက်စတိုင်းနိုင်ငံ (အခု အစ္စရေးနိုင်ငံ) ဟိုင်ဖာမြို့မှာ အဖမ်းခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကာလတလျှောက်လုံး အာဖရိကတိုက် ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်နေခဲ့ရပါတယ်။ စစ်ကြီးပြီးလို့ ၁၉၄၆ ဇန်နဝါရီလကျမှ အင်္ဂလိပ်အစိုးရ ပြန်လွှတ်ပေးလိုက်ပါတယ်။
အခုဖော်ပြခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းကို ကြည့်လိုက်ရင် ဒီလူဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် တောက်လျှောက် အားကြိုးမာန်တက် ဇွဲနပဲနဲ့ လုပ်ခဲ့တဲ့ မျိုးချစ်နိုင်ငံရေးသမား တော်လှန်ရေးသမားလို့ ထင်စရာပါပဲ။ ဒါပေမယ့် ဒီလူဟာ ဂဠုန်ဦးစော ဖြစ်ပါတယ်။ အပေါ်ယံရွှေမှုန့်တွေကို ဖယ်ကြည့်လိုက်ရင် သူဟာ အာဏာ၊ စည်းစိမ်ချမ်းသာနဲ့ ကျော်ကြားထင်ရှားမှုကိုသာ တသက်လုံး အာသာငမ်းငမ်းတက် လိုက်စားခဲ့တာ မြင်နိုင်ပါတယ်။ သူလုပ်သမျှတွေဟာ မျိုးချစ်ပုဂ္ဂိုလ်အဖြစ် ပြည်သူလူထုက အထင်ကြီးအောင်၊ မဲရအောင် နိုင်ငံရေးစတန့်ထွင် လှည့်စားပြနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နယ်ချဲ့အလိုကျ လုပ်ကြံသတ်ဖြတ်ခဲ့လို့ ကြိုးစင်တက် ဘဝဆုံးသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံမှုနဲ့ တရားရုံးထုတ်တဲ့အခါ သူဟာ (၅)တန်းပဲ အောင်တယ်လို့ တရားသူကြီးရှေ့မှာ ဝန်ခံခဲ့ပါတယ်။ ဝံသာနုဂျီစီဘီအေထဲ ဝင်လုပ်ခဲ့ပေမယ့် ကွဲကြပြဲကြတဲ့အခါ (၂၁) ဦးဆိုတဲ့ အင်္ဂလိပ်နယ်ချဲ့နဲ့ စေ့စပ် အပေးအယူလုပ်ချင်တဲ့ ရာထူးအာဏာ ငမ်းငမ်းတက်အုပ်စုဘက် ပါခဲ့ပါတယ်။ အင်္ဂလိပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ‘ဘူး’ အသင်းတွေ တည်ထောင် အာဏာဖီဆန်ခဲ့တဲ့ ဦးစိုးသိမ်း ဂျီစီဘီအေဘက်ကို မပါခဲ့ပါဘူး။
ဗမာလူထုရဲ့အသည်းနှလုံးကို ဆရာစံက သိမ်းကျုံးယူနိုင်တဲ့အခါကျတော့ ဦးစောဟာ ဂဠုန်သူပုန်တွေဘက်က အာပေါင်အာရင်းသန်သန်နဲ့ ပါခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေး အားသန်သလိုလို အယောင်ပြပြီး သူတည်ထောင်ခဲ့တဲ့ ဂဠုန်တပ်ဟာ သိပ်မကြာခင်မှာ ဒို့ဗမာအစည်းအရုံးဝင် သခင်တွေကို ဝါးရင်းတုတ်နဲ့ ရိုက်တာတွေပဲ လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီကို ယုံကြည်လှပါတယ်ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဖေ (ဦးစောရဲ့ ဆရာ၊ ၂၁ ဦးဂျီစီဘီအေ ခေါင်းဆောင်) တို့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သခင်တွေ ကျောင်းသားတွေ ထောင်ကျတာ သူ အာဏာရချိန်မှာ အများဆုံးဖြစ်ပါတယ်။ မျိုးချစ်စိတ်ထက်သန်လှပါတယ်ဆိုတဲ့ ဦးစောဟာ “လယ်သမား ဖိုးရွှေလုံးညည်းချင်း” “သခင်ဋီကာ” စာအုပ်တွေထုတ်ပြီး ဒို့ဗမာအစည်းအရုံးကို သိက္ခာချခဲ့ပါတယ်။ ဒါကြောင့် ဦးစော ဝန်ကြီးချုပ်ဖြစ်ချိန်မှာ ကျောင်းသားတွေက လွှတ်တော်အပြင်ကနေ သံပုံးတီး တောထုတ်ခဲ့ပါတယ်။
၁၉၄၆ စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရတက်လာချိန်မှာ ဗိုလ်ချုပ်က သူ့ကို ဝန်ကြီးရာထူး ပေးခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ပြင်းထန်လှပါတယ်၊ လွတ်လပ်ရေးအတွက် စိတ်အားထက်သန်လှပါတယ်ဆိုတဲ့ ဂဠုန်ဦးစောဟာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်တဲ့အခါ လက်မှတ်မထိုးဘဲ ၁၉၃၅ အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) ကိုပဲ လိုလားတယ်လို့ နယ်ချဲ့အင်္ဂလိပ်အကြိုက် လိုက်ပြောပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၄၇ ဖေဖော်ဝါရီမှာ ဝန်ကြီးရာထူးက ထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရ ဖဆပလအဖွဲ့ချုပ်ကို အတိအလင်း ဆန့်ကျင်လာခဲ့ပါတယ်။
လူမှုရေးပိုင်းကိုကြည့်ရင် ဂဠုန်ဦးစောဟာ မိန်းမကိစ္စဘက်မှာ မယားကြီးရှိနေပေမယ့် သမီးကို စာသင်ပေးတဲ့ ဆရာမနဲ့ ရှုပ်ခဲ့တာ၊ ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်ကျနေတုန်း ဂျာမန်မတယောက်နဲ့ ညားခဲ့တာ၊ ဗမာပြည်ပြန်ရောက်ပြီးတော့ (၁၀နှစ် သမီးကတည်းက အိမ်မှာခေါ်ထားခဲ့တဲ့) (၁၉) နှစ်အရွယ် တောင်တွင်းကြီးသူ အိမ်ဖော်မလေးနဲ့ ကလေးတယောက် ရတဲ့အထိ သောင်းကျန်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီ (၃) ယောက်ကတော့ မီဒီယာတွေထဲ ဟိုးလေးတကျော် ဖြစ်လာခဲ့ပေမယ့် သူဖျက်ဆီးခဲ့တဲ့ တခြားမိန်းကလေးငယ်တွေ အများကြီး ရှိပါသေးတယ်။
ဒီအချက်တွေကို သမိုင်းလှန်နေရတာက ဒီကနေ့မှာလည်း ဂဠုန်ဦးစောလို လူမြင်ကောင်းအောင် ဟိတ်ဟန်ထုတ် ညာဝါးလှည့်ဖျားပြီး ရာထူးအာဏာ ချမ်းသာစည်းစိမ် ဂုဏ်ရှိန်ကျော်ကြားမှု သုံးမျိုးစလုံးကိုဖြစ်စေ၊ တမျိုး သို့မဟုတ် နှစ်မျိုးကိုဖြစ်စေ သဲကြီးမဲကြီး လိုက်နေသူတွေ ပြည်တွင်းပြည်ပ တော်လှန်ရေးအဝန်းအဝိုင်း အတိုက်အခံအဝန်းအဝိုင်းထဲ ရှိနေတဲ့အတွက် အားလုံးကို တပ်လှန့်တဲ့အနေနဲ့ ဂဠုန်ဦးစောအကြောင်း ဖော်ပြလိုက်တာဖြစ်ပါတယ်။
ဂဠုန်ဦးစောခေတ်တုန်းက သူဘယ်လိုပဲ ဟန်ဆောင်လုပ်ပြခဲ့ပေမယ့် အင်မတန်ရိုးသားဖြောင့်မတ် အနစ်နာခံပြီး တိုင်းပြည်အတွက် တကယ်စွန့်လွှတ် စွန့်စားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရှိနေတော့ ဘယ်လိုမှယှဉ်မရ နေရာမရခဲ့ပါဘူး။ ဒါကြောင့်လည်း နောက်ဆုံးမှာ မိုက်မိုက်ရိုင်းရိုင်းနဲ့ လုပ်ကြံသတ်ဖြတ် နေရာလုဖို့ ကြံခဲ့တာဖြစ်ပါတယ်။ အခုခေတ်မှာလည်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင် တော်လှန်ရေးသမားတွေ၊ အယောင်ဆောင် အတိုက်အခံတွေက ယှဉ်မရနိုင်လို့ စစ်အာဏာရှင်နဲ့ပေါင်းပြီး ယုတ်မာ ပက်စက်တာတွေ လုပ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝေးတဲ့ ပြည်ပအတိုက်အခံ နယ်ပယ်မှာလည်း ဂဠုန်ဦးစောလို အယောင်ဆောင် တော်လှန်ရေးသမားတွေ၊ အရေခြုံ ဒီမိုကရေစီသမားတွေ၊ အာဏာရူး တိုင်းရင်းသားခေါင်းဆောင်တွေ လူတွင်ကျယ်လုပ် ဖြီးဖြန်းလုပ်စားပြီး တော်လှန်ရေးကို ဖျက်ဆီးနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပမှာရော ပြည်တွင်း အတိုက်အခံနယ်ပယ်မှာပါ ဒင်းလိုလူစား သတိထားပြီး ပြတ်ပြတ်သားသား နှိမ်နင်းကြဖို့ အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။
(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင်လည်း ခွင့်လွှတ်ရန်မလို။)
source by : http://www.khitpyaing.org
Tuesday, July 13, 2010
ရာဇ၀တ်ဘေးက ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံက ရာဇ၀တ်ကောင်တွေကို အရေးယူအပြစ်ပေးကြပါစို့
လွန်ခဲ့တဲ့ သုံးနှစ်အတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ ချိုးဖောက် ကျူ:လွန်မှုတွေအပေါ် ကမ္ဘာကြီးက ယခင့်ယခင်နဲ့ မတူအောင် အာရုံစိုက်လာခဲ့ပါတယ်။ မြန်မာစစ်အာဏာရှင် သန်းရွှေကတော့ ဒါတွေကို ကမ္ဘာကြီးက မကြာခင် မေ့ပျောက်သွားစေဖို့ ရည်ရွယ်မျှော်လင့်ပြီး သူ့ရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်အောင် အရောင်တင်ပေးမယ့် ဟန်ပြရွေးကောက်ပွဲတရပ်ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေရဲ့ ရဲစွမ်းသတ္တိရှိစွာ ဦးဆောင်ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက် ကင်ဂျိနာဂါအိကို သတ်ဖြတ်ခဲ့မှုအပါအ၀င် အဲဒီ ဆန္ဒပြပွဲတွေအပေါ် မြန်မာစစ်အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွင်းမှုတွေက သူ့ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်အခါတုန်းကနဲ့မှ မတူအောင် ရှင်းရှင်းလင်းလင်း ပွင့်ကျသွားစေခဲ့တယ်။
နောက်ရှစ်လအကြာမှာတော့ နာဂစ်မုန်တိုင်းကြီးက မြန်မာပြည်ကို ဖြတ်သန်းတိုက်ခတ် ချေမွပစ်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီ မုန်တိုင်းဘေးဒုက္ခသည်တွေအပေါ် နိုင်ငံတကာရဲ့ စာနာထောက်ထား ကူညီမှုတွေကို မြန်မာစစ်အစိုးရက စောစောပိုင်းကာလမှာ လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ဒီစစ်အစိုးရရဲ့ လူသားမဆန်မှုကို ထင်ထင်ရှားရှား သက်သေပြခဲ့တာပဲဖြစ်တယ်။
တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ မြန်မာစစ်အစိုးရက ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်။ ထင်ရှားအရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင် အနည်းဆုံးတဦးလောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေကိုလည်း အလားတူ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းပြည်နယ်မှာ လူတွေအငတ်ဘေးဆိုက်ပြီး အတိဒုက္ခရောက်နေမှုအပေါ် အကြင်နာတရားကင်းမဲ့စွာ ဥပက္ခာပြုထားခဲ့တယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသားလူနည်းစု တွေကို ရှင်းလင်း သုတ်သင်ပစ်ဖို့ ဒီအစိုးရမှာ အစီအစဉ်ရှိနေတယ်ဆိုတာ ဖော်ထုတ်ပြသနေတာပဲဖြစ်တယ်။
ဒီအစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာ ကမ္ဘာကြီးအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ခံအခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဟားဗတ် ဥပဒေကျောင်းတော်ကြီးက “မြန်မာနိုင်ငံတွင်းက ရာဇ၀တ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။
အမေရိကန်တရားသူကြီး ပက်ထရီရှာဝဲလ်ဒ်၊ မွန်ဂိုးလီးယားက ဂန်ဇိုရစ်ဂွန်ဘိုဆူရင်၊ အင်္ဂလန်က ဆာဂျက်ဖရီနိုက်စ်ကျူစီ၊ တောင်အာဖရိကက တရားသူကြီး ရစ်ချက်ဂိုးလ်စတုန်းနဲ့ ဗင်နီဇွဲလားက တရားသူကြီး ပီထရို နစ်ကင်းန်တို့ အပါအ၀င် ကမ္ဘာတလွှားက ထင်ရှားအရေးပါတဲ့ ဥပဒေပညာရှင်အချို့ တာဝန်ယူကြီးကြပ်ပြုစုထုတ်ဝေခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်ဖောက်ဖျက် ကျူးလွန်တဲ့ အတိုင်းအတာအထိ ရှိနိုင်ကြောင်းနဲ့ အဲဒီ ကျူးလွန်ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း သုံးသပ်ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း တယောက်အနေနဲ့ ကျနော် ဒါကို သဘောတူပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တာဝန်ယူခဲ့စဉ်ကာလက အဓမ္မအလုပ်စေခိုင်းမှု၊ အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းကျင့်မှုကို စစ်လက်နက်တခုသဖွယ် အသုံးချမှု စတာတွေကို မြန်မာနိုင်ငံတ၀ှမ်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာမလိုတဲ့ အထောက်အထားတွေ ကျနော်ရရှိခဲ့တယ်။ အဲဒီအချိန်ကစလို့ နောက်ထပ်ရရှိတဲ့ အထောက်ထားတွေက ခိုင်မာသထက် ခိုင်မာလာနေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်း လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ရဲ့ အဆိုအရ ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသတွေမှာ ကျေးရွာပေါင်း (၃,၅၀၀) လောက် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေကိုလည်း လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးချခဲ့ကြတယ်လို့ ဆိုတယ်။ စစ်ရေး လိုအပ်ချက်အရ မိုင်းကွင်းတွေကို ရှင်းလင်းဖို့အတွက် မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရာ မိုင်းကွင်းတွေအတွင်း ကျေးရွာသားတွေကို ရှေ့ကနေ အတင်း အဓမ္မဖြတ်လျှောက်ခိုင်းပြီး လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခဲ့ကြလို့ မကြာခဏဆိုသလို ကျေးရွာသားတွေ အသက်ဆုံးရှုံးခဲ့ရတာတွေ ခြေတွေ လက်တွေ ပြတ်ခဲ့ရတာတွေ ရှိခဲ့တယ်။
ကျနော် မြန်မာပြည်က ထောင်တွေ တော်တော်များများကို ရောက်ခဲ့တယ်။ နှိပ်စက် ညှဉ်းပန်းမှုပုံစံမျိုးစုံကိုလည်း ကြားနာ သိရှိခဲ့ရတယ်။ ယခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော်လောက် မြန်မာအကျဉ်းထောင်တွေထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ရှိနေဆဲပါပဲ။ သူမဟာ လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ (၁၄) နှစ်ကျော်မျှ အထိန်းသိမ်းခံဘ၀နဲ့ နေနေရသူပါ။
မြန်မာနိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင် လူနည်းစုတွေအပေါ် ညှာတာထောက်ထားမှု လုံးဝမရှိပါဘူး။ ချင်းလူမျိုးနဲ့ ကချင်လူမျိုး တိုင်းရင်းသားအများစုပါဝင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အလားတူ ကရင်နဲ့ ကရင်နီလူမျိုး ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားရှိခိုးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီးခံရမှုအပါအ၀င် ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေခံနေရတယ်။ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို အတင်းဖြိုချ ဖယ်ရှားခိုင်းပြီး အဲဒီနေရာမှာ ဗုဒ္ဓဘာသာဘုရားပုထိုး စေတီတွေ တည်ခိုင်းတယ်။ ဒါတွေကို သေနတ်နဲ့ချိန်ပြီး အတင်းအဓမ္မ လုပ်ခိုင်းနေတာပါ။ မွတ်စလင် ရိုဟင်ဂျာတွေလည်း အလားတူ ဖိနှိပ်ခံနေရပြီး မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ခွင့်မရဘဲ ငြင်းပယ်ခံနေကြရတယ်။ ဒီလို ငြင်းပယ်ခံရတာကြောင့် သူတို့ဟာ သွားလာလှုပ်ရှားမှုနဲ့ လက်ထပ်ထိမ်းမြားမှုတွေမှာ အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ခံနေရပြီး ပညာသင်ကြားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးနေရတယ်။
ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီးသားပါ။ ကျနော့်မိတ်ဆွေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ရာဇူးမားလားလားက ဒီကျူးလွန်ဖောက်ဖျက်မှုတွေဟာ “နိုင်ငံရေးအရရော ဥပဒေအရပါ တာဝန်ရှိတဲ့ အမြင့်ဆုံး အာဏာပိုင်အဆင့်က ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီတွေကြောင့်သာဖြစ်တယ်” ဆိုတာကို ၁၉၉၆ ခုနှစ်ကတည်းက သုံးသပ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ နိုင်ငံတကာဥပဒေ ချိုးဖောက်နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်း တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံကို လူသားမျိုးတုံး သုတ်သင်မှု ရှိမရှိ စောင့်ကြည့်ရမယ့် နိုင်ငံတနိုင်ငံအဖြစ် စာရင်းသွင်းထားပြီး လူသားမျိုးတုံးသုတ်သင်မှု အန္တရာယ်ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံကို ဆူဒန်နိုင်ငံနဲ့အတူ အန္တရာယ်အရှိဆုံး နိုင်ငံ နှစ်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။
အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အလားတူပဲ သုံးသပ်အကဲဖြတ်ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် သတ်မှတ်ဖော်ပြထားပြီး လူနည်းစု အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ကလည်း တိုင်းရင်းသား လူနည်းစုတွေအပေါ် အန္တရာယ်ပြု ခြိမ်းခြောက်ခံနေရဆုံး နိုင်ငံ (၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်ထားပါတယ်။ ဖရီးဒမ်းဟောက်စ်အဖွဲ့ကတော့ မြန်မာနိုင်ငံကို “အဆိုးတကာ့ အဆိုးဆုံး” နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ နိုင်ငံတကာ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့တို့ကလည်း အလားတူ သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ “ရွေးကောက်ပွဲကိစ္စတွေ” နေရာယူ လွှမ်းမိုးနေမှုနဲ့အတူ သူ့ရဲ့စိုးမိုးအုပ်ချုပ်မှုအပေါ် တိုင်းရင်းသား လူနည်းစုတွေရဲ့ ဆန့်ကျင်တွန်းလှန်မှုမှန်သမျှကို လက်စတုံးချေမှုန်းပစ်ရေးဆိုတဲ့ သန်းရွှေရဲ့လုပ်ရပ်ကြောင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ပျံ့နှံ့တိုးပွားလာနေတဲ့ အချိန်အခါပါ။ ခုလိုအချိန်အခါမျိုးမှာ နောက်ထပ်အသက်တွေ မဆုံးရှုံးရခင်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် အရေးယူဆောင်ရွက်ဖို့လိုနေပါပြီ။
မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအပေါ် အရေးယူအပြစ်ပေးမခံရဘဲ လွတ်ကင်းမှုတွေ နေရာအနှံ့ရှိနေပါတယ်။ ဒီရာဇ၀တ်မှုတွေကို ပပျောက်သွားစေမယ့် အရေးယူဆောင်ရွက်မှုတွေလည်း ဘာတမှုမှမရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထောက်ခံတင်ပြထားချက်အပေါ် တုံ့ပြန်ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်စုအပေါ် ဖောက်ဖျက်ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ အကြောင်းရင်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာစစ်အစိုးရအပေါ် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို နိုင်ငံအားလုံးက လိုက်နာဆောင်ရွက်စေမယ့် အရေးယူပိတ်ဆို့မှုမျိုး ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။
မြန်မာစစ်အစိုးရဟာ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့်ရရှိနေခဲ့တာ နှစ်ကာလအလွန် ကြာညောင်းခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ဘာတခုမှ အရေးယူ အပြစ်ပေးမခံရဘဲ ရာဇ၀တ်မှုတွေ ဆက်လက်ကျူးလွန်နေမယ့် အခြေအနေမျိုးကိုတော့ ကျွန်တော်တို့ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။
မှတ်ချက်။ ။
၂၀၁၀ ခု ဇူလိုင် (၆) ရက်ထုတ် The Jakarta Post သတင်းစာပါ Yozo Yokota ၏ Challenge impunity in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
စာရေးသူ Yozo Yokota သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးရသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကုလသမဂ္ဂကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။
source by :NEJ

