Tuesday, July 20, 2010

အာဇာနည်နေ့အထိမ်းအမှတ် အလံတဝက်လွှင့်ထူရန် ပျက်ကွက်

ဝီရ / ၁၉ ဇူလိုင် ၂၀၁၀


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင် (၁၉) ရက်နေ့၌ ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် နိုင်ငံတော်အလံတဝက် လွှင့်ထူသည့် အစဉ်အလာကို အစိုးရရုံး၊ ဌာနများ၊ မယကရုံးများက လိုက်နာခြင်း မရှိတော့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

“ဒီနေ့မှာ ဘယ်ရုံးဌာနပဲဖြစ်ဖြစ် (နိုင်ငံတော်) အလံတဝက် လွှင့်ထားရမယ်ဆိုတဲ့အမိန့် ရှိပြီးသားပါ။ ဒါပေမယ့် ရန်ကုန်က အစိုးရဌာနတွေရဲ့ အလံတွေက တိုင်ထိပ်မှာ ဒီအတိုင်း ပုံမှန်လွှင့်ထားကြတာ မမြင်ချင်အဆုံးပဲ။ ဒီနေ့မှာ မြို့တော်ခန်းမမှာတောင် အလံအပြည့်ထူထားတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံတော်အလံကို တိုင်တဝက်တွင် လွှင့်ထူထားခြင်း မရှိသည့်အတွက် ရှုမြင်သူတိုင်း ဒေါသဖြစ်ရကြောင်း အဆိုပါ ရန်ကုန်မြို့ခံက ဆိုသည်။

“ဒီနေ့ အလံတဝက် လွှင့်မထားတဲ့ ရုံးတွေထဲမှာ မြို့နယ်ရဲစခန်းတွေ၊ ပြီးတော့ ရန်ကုန်တိုင်း တရားရုံးရယ်၊ ကမ်းနားလမ်းတလျှောက်က ရုံး၊ ဌာနတွေ အားလုံးလိုလိုပဲ။ မလွှင့်လည်း ရတယ်ဆိုပြီး ဒါ သက်သက်မဲ့ လုပ်တာ” ဟု ရန်ကုန်မြို့တွင်းပိုင်းသို့ ရောက်ရှိခဲ့သူ တက္ကသိုလ်ကျောင်းသား လူငယ်တဦးက ပြောသည်။

ယနေ့၌ ယင်းကဲ့သို့ တိုင်ထိပ်၌ နိုင်ငံတော်အလံ လွှင့်ထူထားသည့်အထဲတွင် ဗဟန်းမြို့နယ်၊ တာမွေအဝိုင်းအနီး၊ ခြောက်ထပ်ကြီးဘုရားရှိ ရွှေဂုံတိုင်ဆေးခန်း၊ မြေနီကုန်းရှိ ဒဂုံအရောင်းစင်တာ စသည့် ပုဂ္ဂလိကဌာနများစွာလည်း ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ အစိုးရရုံးဌာနများက အလံတဝက် လွှင့်ထူခြင်း မရှိခဲ့သည်မှာ ယခင်နှစ်များတွင် ရှိခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ထင်သာမြင်သာသည့် အဖြစ်မျိုးမဟုတ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုသည်။

အာဇာနည်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာစစ်အစိုးရ၏ သတင်းစာများတွင် ကဗျာ၊ ဆောင်းပါးများ ယနေ့ ဖော်ပြခြင်း မရှိသည့်အတွက်လည်း ဝါရင့်စာရေးဆရာတဦးက ဝေဖန်လိုက်သည်။

၎င်းက “အာဇာနည်နေ့ဆိုတာ လူတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းမှု မရှိတော့အောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ ဖြစ်တယ်။ အစိုးရရုံးတွေ အလံမထောင်ဘူး။ ဘာဖြစ်သွားလို့လဲ။ အရေးယူတယ်ဆိုတာ ဝေးရောပဲ။ ဒါကြောင့် လူတွေမေ့သွားအောင် တမင်ကို လုပ်ကြံတာ။ အခုဆို အစိုးရဝန်ထမ်းတွေကိုယ်တိုင်က ဒီနေ့ နားရက်ရတာထက် ပိုမသိတော့ဘူး။ မထူးတော့သလို ဖြစ်လာကြတယ်။ ဒါတွေအားလုံးဟာ စစ်အစိုးရရဲ့ ပယောဂ မကင်းဘူးဆိုတာ နားလည်သင့်တယ်” ဟု ပြောကြားသည်။

source by : http://www.khitpyaing.org