Friday, October 30, 2009

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအားလုံးနှင့်တွေ့ခွင့်ပေးရန် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအားလုံးနှင့်တွေ့ခွင့်ပေးရန် တောင်းဆို

NEJ / ၃၀ အောက်တိုဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ဗဟိုတရားရုံးချုပ်တွင် အယူခံတင်ရန် လျှောက်လွဲချက်မူကြမ်းကို တိုင်ပင်ဆွေးနွေးရန် ၎င်း၏ ရှေ့နေအားလုံးနှင့် တွေ့ဆုံခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအာဏာပိုင်များထံ တောင်းဆိုလိုက်သည်။


ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ၎င်း၏အကျိုးဆောင် ရှေ့နေ (၄) ဦးအနက် ကျန်ရှိသည့် ရှေ့နေ (၂) ဦးဖြစ်သည့် ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် တွေ့ခွင့်မရသည့်အတွက် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ရှေ့နေ (၂) ဦးဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်တွင် တွေ့ဆုံခွင့်ရရှိခဲ့သည်။

ဦးဉာဏ်ဝင်းက “ကျနော်တို့ ရှေ့နေ (၄) ယောက် တွေ့ခွင့်တောင်းထားတာ (၂) ယောက်ပဲ ကန့်သတ်ခွင့်ပြုတာ (၂) ခါရှိသွားပြီ။ ဟိုရှေ့ပိုင်းတုန်းကတော့ (၄) ယောက်စလုံး တွေ့ခွင့်ပေးတယ်။ ဒီဟာလည်း ဘာကြောင့်ပြောင်းသလဲ မသိဘူး။ ဒါကိုလည်း ကျနော်တို့ သီးခြားအာဏာပိုင်အဖွဲ့အစည်းတွေကို တင်ဖို့ရှိပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အယူခံအတွက် ဗဟိုတရားရုံးချုပ်သို့တင်မည့် ပြင်ဆင်မှုများကို ဆွေးနွေးကြပြီး တင်မည့်လျှောက်လွဲချက်မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သဘောတူပါက တင်ရန်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းသို့ တိုင်ပင်ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏တရားရေးရပိုင်ခွင့်အပေါ် ကန့်သတ်မှုကို ပြောကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက “ဒေါ်စုပြောတာက ရှေ့နေ (၁) ယောက်နဲ့ လုံလောက်တယ်၊ (၂) ယောက်နဲ့ လုံလောက်တယ်ဆိုတာ ပြောခွင့်မရှိဘူးတဲ့။ ရှေ့နေ (၄) ယောက်ဆိုရင် (၄) ယောက်ရဲ့ opinion ကို တောင်းလို့ရတယ်တဲ့။ (၂) ယောက်ဆိုတော့ (၂) ယောက်ရဲ့ opinion ကိုပဲ နားထောင်ရတယ်တဲ့” ဟု ပြန်လည်ပြောဆိုသည်။

ထို့အပြင် အခြားပြောဆိုခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်း ဦးဉာဏ်ဝင်းက “မစ္စတာကတ်ဒ်ကင်ဘဲလ် ရောက်မယ်လို့ သူသတင်းကြားတယ်။ တိုက်ရိုက်တွေ့ဆုံမှုတွေနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်နေတယ် ဆိုတာတော့ ပြောပါတယ်။ အကြောင်းအရာအနေနဲ့တော့ ဘာမှ ဒေါ်စုက မပြောဘူး” ဟု ဆိုသည်။

ယခုလောလောဆယ် ဖြစ်ပေါ်နေသည့် အန်အယ်လ်ဒီ ညီလာခံခေါ်ယူရေးကိစ္စနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီက ညီလာခံခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော့်ကိုမေးတယ်။ ဘာဖြစ်လို့ ဒီလို ဆောင်ရွက်ချင် တယ်လို့ သိရလဲတဲ့။ ကျနော်က ကျနော်တို့ ကြေညာချက်မှာပါတာ ပြောပြတယ်။ သူက ညီလာခံဟာ ဒီစာထဲမှာပါတဲ့အတိုင်းပဲ လုပ်ဖို့ အရင်ကတည်းက ခွင့်မသာတာကို ပြောတယ်။ အခု သူတို့ရဲ့ဆောင်ရွက်ချင်တဲ့ဆန္ဒ ဘာဖြစ်လို့ ဒီလို အခုမှဖြစ်သလဲဆိုတာ သူပြောတယ်။ ဒါပဲ။ ဒီအပေါ်မှာ ဘာမှ ထွေထွေထူးထူးမပြောဘူး။ ကျနော်ပြောနေတဲ့ ကြားနေတဲ့ဟာကို ကျနော်ပြောပြတယ်။ ဒီကိစ္စ ဒေါ်စုသဘောတူလားလို့ တယောက်က ကျနော့်ကိုမေးတယ်။ မေးတော့ ကျနော်က သူ့ကိုပြောတယ်။ ဒေါ်စုက စီအီးစီရဲ့ လုပ်ငန်းတွေကို လုပ်သာလုပ်ပါ။ အဲဒီလုပ်တဲ့လုပ်ငန်း ရှေ့ရောက်နေရင်ကာပေးမယ်။ နောက်ရောက်နေရင် တွန်းပေးမယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲတော့ ဒီစကားအရ ဒီဟာကို ဒေါ်စုသဘောတူသလားဆိုတာ ပြဿနာမပေါ်ဘူးလို့ ကျနော်ဒီလိုဖြေတယ်လို့ ပြောတယ်။ ဒီလိုဖြေတာကို ဒေါ်စုသဘောတူတယ်” ဟု ပြောသည်။

နေအိမ်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က architect နှင့် တွေ့ဆုံနိုင်ရန် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းပြောချင်လုပ်ချင်သည့် အိမ်မွမ်းမံပြင်လိုသည်များနှင့် architect ဆွဲထားသည့်ပုံစံများ အကုန်မတူသည့်အတွက် architect ကို တွေ့ဆုံမေးမြန်းရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း မြို့နယ်အဖွဲ့ခွဲများက ပါတီညီလာခံခေါ်ယူရေးနှင့် ပါတီဗဟို ဦးစီးကော်မတီ ပြန်လည်ဖွဲ့စည်းရေး တောင်းဆိုထားမှုအပေါ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လတ်တလောအားဖြင့် ညီလာခံခေါ်ယူရေး မဖြစ်နိုင်သေးကြောင်း အောက်တိုဘာ (၂၂) ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 29, 2009

နာရေးကူညီမှုအသင်းကို မြောက်ဒဂုံစည်ပင် တရားစွဲ

နာရေးကူညီမှုအသင်းကို မြောက်ဒဂုံစည်ပင် တရားစွဲ


မင်းနိုင်သူ / ၂၉ အောက်တိုဘာ ၂၀၀၉


နာရေးကူညီမှုအသင်းကို မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက ယနေ့တရားစွဲဆိုလိုက်သည်။

“စည်ပင်က ဒီနေ့စပြီးတရားစွဲတယ်။ ကျနော်မသွားဘူး။ ရုံးက မန်နေဂျာကိုပဲ လွှတ်လိုက်တယ်။ အမှုက စည်ပင်ရဲ့ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦအသုံးပြုလို့တဲ့။ ဒါပေမယ့် ဒီနေ့တရားရုံးက အစွဲဆိုခံ ကာယကံရှင် မပါလို့ဆိုပြီး အမှုကိုတော့ လက်မခံလိုက်သေးဘူး” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

မြောက်ဒဂုံမြို့နယ်စည်ပင်က တောင်ဒဂုံမြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့ခြင်းဖြစ်ရာ မြို့နယ်မတူသည့် တရားရုံးတွင် အမှုစွဲတင်သည့်အပေါ်လည်း နားမလည်နိုင်ဖြစ်ရသည်ဟု ဦးကျော်သူက ပြောသည်။


“ဘာပဲဖြစ်ဖြစ်လေ၊ ကျနော် အစောကြီးကတည်းက ပြောပြီးသား စွဲချင်တဲ့နေရာမှာစွဲ။ ကျနော်မသွားဘူး။ ဖမ်းချင်ရင် လာသာဖမ်း။ လိုက်သွားရုံပဲ။ စည်ပင်ကတရားစွဲဖို့ ပြင်နေစဉ်က မေးတယ်။ ဘယ်သူ့နာမည်တပ်ရမလဲတဲ့။ ကျနော်က အသင်းမှာ အကြီးဆုံးဖြစ်တော့ ကျနော့်နာမည်တပ်စွဲလို့ ပြောပြီးသား” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နာရေးကူညီမှုအသင်းသည် မူလက သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်းတိုက်တွင် အခြေစိုက်ကာ အခမဲ့ နာရေးဝန်ဆောင်မှုပေးခြင်း၊ ဆေးကုသပေးခြင်းတို့ ပြုလုပ်နေရာမှ စည်ပင်ကပင် ပိတ်ပင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်တွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်းပိုင် မြေ (၂) ဧကကျော်ပေါ်တွင် ကျပ်သိန်း (၂,၀၀၀) ၀န်းကျင်ကုန်ကျသည့် အဆောက်အဦကို စည်ပင်ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သော်လည်း ခြံဝင်းရှေ့တွင် ရေမြောင်းမတူးသည့်အတွက်ဟုဆိုကာ မြောက်ဒဂုံစည်ပင်က အဆောက်အဦအသုံးပြုခွင့် မပေးနိုင်ဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ရေမြောင်းတူးခိုင်းနေခြင်းနှင့်စပ်လျဉ်း၍ ဦးကျော်သူက “(၅) ပေ အကျယ်၊ (၅) ပေအနက် ရေမြောင်းတူးခိုင်းနေတာ။ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မတူးဘဲ ကျနော်တို့ ရှေ့လေးတင် ကွက်တူးထားရင် ရေလှောင်ကန်လို ဖြစ်သွားမှာဗျ။ ရေက ဘယ်ကိုမှ စီးစရာမရှိဘဲ ခြင်ဖောက်ကန်လိုဖြစ်သွားမယ်။ ဒါကြောင့် ကျနော်တို့က မတူးတာ။ နောက်တခုက ကျနော်တို့က ဟိုကနေ ပြောင်းဆိုလို့ ကမန်းကတန်းပြောင်းလာရတာ။ ကုလက်စ လူနာတွေက ရှိသေးတယ်။ ဒီ အဆောက်အဦ အသုံးပြုခွင့်ဆိုတာကြီး ကျလာဖို့ စောင့်မနေနိုင်ဘူး” ဟု ရှင်းပြသည်။

လမ်း၊ တံတား၊ ရေမြောင်းဖောက်လုပ်ရသည့်အလုပ်မှာ နိုင်ငံတော်ပိုင်အခွန်ဘဏ္ဍာငွေဖြင့် မြို့တော်စည်ပင်သာယာက လုပ်ဆောင်ရမည့် အလုပ်ဖြစ်သော်လည်း စည်ပင်က လူထုကိုသာ ခိုင်းလေ့ရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

နာရေးကူညီမှုအသင်းကို ယနေ့ တရားရုံးက လက်မခံသေးသော်လည်း ရှေ့ဆက်ဖြစ်လာမည့်ပြဿနာများကို ရင်ဆိုင်သွားမည်ဟု ဦးကျော်သူက ပြောသည်။

“နောက်ရက် ဘာဖြစ်လာမလဲတော့ မသိနိုင်သေးဘူး။ ကျနော်ကတော့ တရားစွဲလည်းစွဲ။ ထောင်ချလည်းချ။ အသင်းလုပ်နေရတဲ့ လုပ်ငန်းတွေကတော့ ရပ်ထားလို့မဖြစ်ဘူးဗျ။ သူတို့ ဆက်ပြီး တရားစွဲမယ်ဆိုလည်း စွဲပေါ့ဗျာ။ အခမဲ့ ဆေးကုပေး၊ မသာချပေးနေတဲ့ အသင်းကို ခွင့်ပြုချက်မရဘဲ အဆောက်အဦအသုံးပြုမှုနဲ့ တရားစွဲတယ်ဆိုတော့ ကမ္ဘာမှာ ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့အမှုကြီး တခုဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ပါရဂူဘွဲ့ရဆရာဝန်ကြီးများအပါအ၀င် ဆရာဝန် (၃၀) ခန့်က အခမဲ့ပညာအလှူပြု ကုသပေးလျက်ရှိပြီး အသင်းတွင် လုပ်အားဒါနပေးလှူနေကြသော စေတနာ့ဝန်ထမ်း (၂၀၀) ကျော်လည်း ရှိသည်။

အသင်းမှ ဖွင့်လှစ်ထားသည့် သုခဆေးခန်းသည် ရန်ကုန်မှ နွမ်းပါးသည့် လူနာများအတွက် အထူးအားထားရာ အခမဲ့ဆေးခန်းဖြစ်ပြီး တနေ့လျှင် လူနာပေါင်း (၂၀၀) ကျော်ကုသပေးနေရပြီး နာရေးကူညီမှုအနေဖြင့်လည်း တရက်လျှင် နာရေးဝန်ဆောင်မှုပေါင်း (၃၀) ၀န်းကျင်ခန့် ဆောင်ရွက်ပေးနေရသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အပစ်ရပ်အဖွဲ့များ၏တောင်းဆိုချက်ကို စစ်အစိုးရ မတုံ့ပြန်သေး

အပစ်ရပ်အဖွဲ့များ၏တောင်းဆိုချက်ကို စစ်အစိုးရ မတုံ့ပြန်သေး

2009-10-29 ( RFA )

မြန်မာစစ်အစိုးရက ရာဇသံပေးထားတဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မတိုင်ခင် NDAA ၊ UWSA နဲ့ KIA အပါအဝင် အပစ်ရပ်အဖွဲ့တချို့ရဲ့ခေါင်းဆောင်တွေဟာ သက်ဆိုင်ရာစစ်ဒေသ အသီးသီးမှာ စစ်အစိုးရ တပ်ခေါင်းဆောင်တွေနဲ့ မကြာခင်ရက်ပိုင်းတွေက သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လုံးလုံး သဘောတူတာထက် တန်ပြန် ကမ်းလှမ်းချက်တွေသာ တင်ပြခဲ့တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကောင်းဆုံး ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဧပြီ ၁၇ရက် ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ် ၂ဝပြည့်အခမ်းအနားတွင် စစ်ရေးပြနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of UWSA)

တရုတ် မြန်မာနယ်စပ်က စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။



မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 28, 2009

သတင်းထောက်နှင့် လူငယ်အချို့ ဖမ်းဆီးခံရ

သတင်းထောက်နှင့် လူငယ်အချို့ ဖမ်းဆီးခံရ

NEJ / ၂၈ အောက်တိုဘာ ၂၀၀၉

Foreign affair ဂျာနယ်မှ ဘာသာပြန် အယ်ဒီတာ ကိုသန့်ဇင်စိုး အပါအဝင် လူငယ် (၈) ဦးသည် အောက်တိုဘာ (၂၇) ရက်ည၌ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အိမ်ရာရှိ ၎င်းတို့နေထိုင်ရာ တိုက်ခန်းတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရကြောင်း ကိုသန့်ဇင်စိုး၏ လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

၎င်းက “ကိုသန့်ဇင်စိုးရယ်၊ အရင်က ပြည်မြန်မာဂျာနယ်မှာ လုပ်ကိုင်ဖူးပြီး လက်ရှိ Freelance သတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ကိုပိုင်စိုးဦးအပါအဝင် လူငယ် စုစုပေါင်း (၈) ဦးကို သူတို့နေထိုင်ရာ ယုဇနဥယျဉ်မြို့တော်က တိုက်ခန်းမှာ အာဏာပိုင်တွေက လာပြီး ဖမ်းသွားတယ်။ ကျနော် သိသလောက် ကိုသန့်ဇင်စိုးဆိုတာဟာ ဧရာဝတီတိုင်းအတွင်းမှာ နာဂစ်မုန်တိုင်းဘေး ဖြစ်ပြီးနောက် နာဂစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေကို ကူညီဖို့ဆိုပြီး ဂျာနယ်သတင်းထောက်အများစုနဲ့ စိတ်တူကိုယ်တူ စုစည်းထားတဲ့ လင်းလက်ကြယ်ဆိုတဲ့ အကူအညီပေးရေး အုပ်စုထဲက ဖြစ်တယ်။ နာဂစ်မုန်တိုင်း ကူညီရေးကိစ္စတွေကို တက်တက်ကြွကြွ လုပ်ကိုင်နေသူဖြစ်တယ်။ နောက် ကိုပိုင်စိုးဦးကလည်း အဲဒီအဖွဲ့က ဖြစ်သလို သတင်းလိုက်ရာမှာ တက်ကြွသူ ဖြစ်တယ်။ တခါတုန်းကဆိုရင် မီးလောင်တဲ့သတင်းသွားလိုက်ပြီး သတင်းဓာတ်ပုံရိုက်မိလို့ အာဏာပိုင်တွေက ဖမ်းတာကိုတောင် ခံရဖူးတယ်။ ဘေးပတ်ဝန်းကျင်မှာ နေသူတွေ ပြောပြချက်အရတော့ ဧည့်စာရင်းစစ်တာမျိုး မဟုတ်ဘူး။ သူတို့တိုက်ခန်းကို အသေအချာ လာဝိုင်းပြီး ဖမ်းသွားတာ” ဟု ပြောသည်။

ကိုသန့်ဇင်စိုး အလုပ်လုပ်ကိုင်နေသည့် Foreign affair ဂျာနယ်သည် The Voice ဂျာနယ်နှင့် Living Color မဂ္ဂဇင်းကို ထုတ်ဝေနေသည့် ဒေါက်တာနေဝင်းမောင် မီဒီယာက ပိုင်ဆိုင်သည့် ဂျာနယ်ဖြစ်သည်။

ကိုသန့်ဇင်စိုးကို ဘာကြောင့် ဖမ်းဆီးသွားရသည် ဆိုသည်ကို ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းသို့ စုံစမ်းကြည့်ရာ ၎င်းတို့အနေဖြင့် မသိရကြောင်း၊ အက်စ်ဘီနှင့် စရဖက လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ယခုကဲ့သို့ ကိုသန့်ဇင်စိုး အဖမ်းခံရသည့်အတွက် ၎င်းနှင့်အတူ နာဂစ်လေဘေးသင့် ပြည်သူများကို တက်တက်ကြွကြွ အကူအညီပေးနေသည့် လင်းလက်ကြယ်အဖွဲ့တွင် ပါဝင်သူများကလည်း အထူးစိုးရိမ်နေကြကြောင်း၊ လင်းလက်ကြယ်အဖွဲ့တွင် နာမည်ကြီး ဂျာနယ်တိုက် အားလုံးနီးပါးက လူငယ်သတင်းထောက်များ ပါဝင်ကြသည့်အတွက် အချို့ ကြောက်ရွံ့ပြီး တိမ်းရှောင်မှုမှုများ ပြုလုပ်နေကြောင်း သိရသည်။

နာမည်ကြီး သတင်းဂျာနယ်တခုမှ အယ်ဒီတာ လူငယ်အမျိုးသမီးတဦးက “သမီးတို့လည်း လင်းလက်ကြယ်ဆိုပြီး နာဂစ်ဘေးတွေ ဝိုင်းလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ လတွေတုန်းကတောင် သမီးတို့လို ကူညီရေးအန်ဂျီအိုအဖွဲ့တွေ တွေ့ဆုံပြီး အမြင်ဖလှယ်တာတွေ လုပ်ခဲ့သေးတယ်။ ခု ကိုသန့်ဇင်စိုးကို ဘာလို့ ဖမ်းတာလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သမီးလည်း စိုးရိမ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးကမူ အန်ဂျီအိုလုပ်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားကို သတင်းများ ပေးပို့လို့ပဲဖြစ်ဖြစ် ဘာကြောင့် ဖမ်းဖမ်း မစိုးရိမ်ကြောင်း၊ သို့သော် ယခုကဲ့သို့ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး လုပ်ကိုင်နေကြသည့် လူငယ် မျိုးဆက်သစ် သတင်းထောက်များကို မဆီမဆိုင် ဖောက်ခွဲဖျက်ဆီးရေး ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးထောင်ချမည်ကိုမူ စိုးရိမ်ကြောင်း၊ လက်ရှိစစ်အစိုးရသည် အလွန်ကောက်ကျစ်သည့် အစိုးရဆိုသည်ကို မည်သူမှ မငြင်းနိုင်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုသည်။

ယခု သတင်းကြောင့် အဆိုပါသတင်းထောက်များ၏ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များအကြား အလွန်စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြစ်ကြီးနားထောင်ရောက် ကိုဇာဂနာအခြေအနေ

မြစ်ကြီးနားထောင်ရောက် ကိုဇာဂနာအခြေအနေ

2009-10-27
( RFA )

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ကျခံနေရတဲ့ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ ခေါ် ကိုသူရ က မကြာခင်က ဗြိတိသျှ စာပေ အနုပညာရှင်အဖွဲ့က ပေးတဲ့ PEN PRINTER ဆုကို သူ့အတွက် မျှဝေပေးခဲ့တဲ့ ဆုရရှိသူ နံမည်ကျော် ကဗျာဆရာ တိုနီဟယ်ရီဆင်ကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်ပါလို့ မှာလိုက်ကြောင်း မကြာခင်ကမှ ထောင်ဝင်စာတွေ့ပြီး ပြန်လာတဲ့ ကိုဇာဂနာ မိသားစုဝင် မငြိမ်းက RFA ကို ပြောပါတယ်။

ဟာသ သရုပ်ဆောင် ဇာဂနာ (အလယ်မှ ကတုံးဖြင့်) သံဃာများကို ဆွမ်းကပ်လှူနေသော မှတ်တမ်းပုံ တခု ဖြစ်ပါသည်။ (Photo: Courtesy of myanmarisp.com)

မငြိမ်း။ ။ 'ကျမပြောမှပဲ သိတယ်။ ပြောပြတော့ ကိုသူရလို့ ကဗျာလေးတပုဒ်တော့ ရွတ်တယ်လို့ သူတို့က ကျမက အဓိပ္ပာယ်လေး ရွတ်ပြတာပေါ့နော။ ဗုဒ္ဓရဲ့တရားတော်တွေကို နာယူရင်းနဲ့ ကိုသူရက လွတ်မဲ့ရက်ကို စောင့် ၊ အော်အဲဒါကတဲ့ နိုင်တီးတုန်းက ကဗျာဖြစ်မယ်တဲ့ အဲလိုပြောတယ်။ ပြောလိုက်ပါ မငြိမ်းရယ် သူတို့ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ကြုံရင်တဲ့ အခုတော့ ဗုဒ္ဓရဲ့တရားတွေလည်း မနာယူနိုင်တော့ဘူးတဲ့။ အခုတော့ ဘုန်းကြီးတွေတောင် ထောင်ထဲ ရောက်နေတော့တဲ့။'

ကိုဇာဂနာကို မိသားစုက ထောင်ဝင်စာ သွားမတွေ့နိုင်တာ ၄ လလောက် ရှိပြီလို့လည်း သိရပါတယ်၊ ဒီတကြိမ် ထောင်ဝင်စာ တွေ့ရာမှာ မကြုံဖူးလောက်အောင် စစ်ဆေး မေးမြန်းတာတွေ ခံခဲ့ရတယ်လို့လည်း မငြိမ်းက ပြောပြပါတယ်။

မငြိမ်း။ ။ 'မရှိဘူး အရင်တုန်းက ကိုသူရတို့နဲ့ တွေ့ပြီဆိုရင် ကျမတို့ ပစ္စည်းစာရင်းပေးပေါ့နော။ အဲဒီမှာက တခါတည်းစစ်တယ်၊ အခုဟာက မဟုတ်ဘူး ကျမတို့ ထောင်ဗူးဝ ဝင်ဝင်ချင်းမှာလည်း တချက်စစ်၊ နာမည်စာရင်းပေးတော့လည်း ကျမတို့က သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူတွေ ပေးရတယ်၊ ပေးပြီးတော့မှ အက်စ်ဘီလာတော့မှ တွေ့လို့ရတာ၊ အက်စ်ဘီက ဝန်ထမ်း ၂ယောက်၊ ထောင်အပွင့်နဲ့က ၃ ယောက်လောက် ရှိတာ။ နောက်မှာ ဘေးမှာ စာရွက်နဲ့ မှတ်တာက တယောက်၊ အဲဒါက ပြည်ထဲရေးကို ပြောရတာ ကျမနဲ့ ကိုသူရပြောသမျှ အဲဒါမှ တွေ့ရတာ၊ အရင်တုန်းကတော့ အခုဟာက ကျမတို့ကလည်း ထုပ်ပိုးသွား ကြတာဆိုတော့ အလုပ်ရှုပ်တာပေါ့ဗျာ။ ခရီးဝေးကလည်း လာကြတာဆိုတော့ အဲဒီဟာလေးတော့ ဒီတပတ်က စိတ်အနှောင့်အယှက် ဖြစ်တယ်ပေါ့။'

မြစ်ကြီးနားထောင်အတွင်းမှာ ရေမသန့်ရှင်းတဲ့အတွက် ကိုဇာဂနာအပါဝင် ရေကြောင့် ယားနာ ပေါက်သူတွေ အများအပြား ရှိနေတယ်လို့လည်း ခုလိုဆက်ပြောပြပါတယ်။

ကိုဇာဂနာဟာ ၂ဝဝ၈ ခုနှစ်မေလက မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ တိုက်ခတ်သွားတဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်နေရင်း အဖမ်းခံရကာ ထောင် ဒဏ် ၅၉ နှစ် ချမှတ်ခံရသူ ဖြစ်ပါတယ်၊ အဲဒီနောက် အယူခံကြောင့် ၂၄ နှစ် လျှော့ပေးတဲ့အတွက် အခု ထောင်ဒဏ် ၃၅ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 27, 2009

စစ်ခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ခတ်မှု သြစတြေးလျ ဆက်ထားမည်

စစ်ခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ခတ်မှု သြစတြေးလျ
ဆက်ထားမည်


2009-10-26 ( RFA )

မြန်မာနိုင်ငံဆိုင်ရာ သြစတြေလျသံအမတ်ကြီး Michelle Chan က မြန်မာနိုင်ငံမှာ တနှစ်ခွဲ တာဝန်ထမ်းဆောင်အပြီး သြစတြေးလျနိုင်ငံကို ခေတ္တရောက်နေတုန်း ၊ ဆစ်ဒနေမြို့မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံမှာ သြစတြေးလျက ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကို ရှင်းပြခဲ့သလို ၊ အကြံတောင်းခဲ့ကြောင်းလည်း သိရပါတယ်။

မြန်မာ စစ်အစိုးရ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးများ ဖြစ်ပါသည်။ (Photo: AFP)

သြစတြေလျားသံအမတ်ကြီး Michelle Chan နဲ့ တွေ့ဆုံရာမှာ ဘယ်လို အကြောင်းအရာတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ် ဆိုတာနဲ့ပတ်သက်ပြီး သံအမတ်ကြီးနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာ့ရေးရာရုံး သြစတြေးလျ ရဲ့တာဝန်ခံ ဒေါက်တာမြင့်ချိုက RFA ကို အခုလို ရှင်းပြပါတယ်။

ဒေါက်တာမြင့်ချို ။ ။ 'သံရေး တမန်ရေးအရ ဆိုရင် မြန်မာနိုင်ငံမှာ နအဖ ဗိုလ်ချုပ်ကြီးတွေနဲ့ တိုက်ရိုက်ဆက်ဆံနေတဲ့ ကိစ္စအပြင် NLD ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ စသဖြင့် ဒီလို တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းတောင်းဆိုတယ်၊ နောက်တခုကလည်း အမေရိကန်၊ ဥရောပ သမဂ္ဂတို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လက်တွဲပြီးတော့ သြစတြေးလျကနေ အမြဲတမ်း မျက်ခြေမပြတ် လက်တွဲဆောင်ရွက်သွားဖို့ ကျွန်တော်တို့ တိုက်တွန်းတယ်၊ နောက်တခုက ကုလသမဂ္ဂမှာ ဒီထက်ပိုပြီးတော့ ဖိအားတွေ၊ တိုက်တွန်းမှုတွေ မြန်မာ့အရေးကို ပိုပြီးတော့ ထိရောက်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ သြစတြေးလျကို တိုက်တွန်းတယ်။'

မြန်မာစစ်အစိုးရကို ပစ်မှတ်ထားပြီး ပြစ်ဒဏ်ခတ် အရေးယူပိတ်ဆိုတဲ့ နိုင်ငံတွေထဲမှာ သြစတြေးလျ နိုင်ငံလည်း ပါဝင်နေပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ စီးပွားရေးလက်တွဲဖော်တွေကို သြစတြေးလျအစိုးရက ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်ထားပြီး ၊ ဒီထက်ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ဆက်လုပ်မယ် မလုပ်ဘူးဆိုတာ မသေချာပေမယ့် လက်ရှိဒဏ်ခတ်မှုတွေကတော့ ဆက်ရှိနေမယ်လို့ သြစတြေလျား သံအမတ်ကြီးက သူတို့ကို ရှင်းပြကြောင်း ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒေါက်တာမြင့်ချို ။ ။ 'ပထမဦးဆုံး နအဖ ဗိုလ်ချုပ်တွေနဲ့ အပေါင်းပါ ၄၁၈ ဦးကို ဘဏ္ဍာရေးအရ ပိတ်ဆို့ ဒဏ်ခတ်ခဲ့တဲ့ ဥစ္စာကို တနှစ်ပြည့်တဲ့အခါမှာ ပြန်သုံးသပ်တယ်၊ သုံးသပ်ပြီးတော့ နောက်ထပ် ၆၃ ဦးကို ထပ်တိုးပြီးတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့တယ်။ အခု ဒီနှစ်မှာလည်းပဲ သူတို့အနေနဲ့ ဒီဘဏ္ဍာရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြန်လည် သုံးသပ်မှာပေါ့လေ။ ဒီထက်မက ပိုပြီးတော့ ပိတ်ဆို့ ဒဏ်ခတ်မယ်ဆိုတာမျိုးကိုတော့ သူတို့အနေနဲ့ မပြောနိုင်သေးဘူး၊ သို့သော်၊ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကတော့ ဆက်ရှိနေဦးမယ်ဆိုတာတော့ သိရပါတယ်။'

သြစတြေလျားနိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံမှု ပမာဏ မများပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု အပါအဝင် ၊ လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်း ၊ သစ်နဲ့ဆိုင်တဲ့ ကုန်ချောလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ရှိပါတယ်။

ယခင် သြစတြေလျားအစိုးရက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လူ့အခွင့်အရေး သင်တန်းပေးခဲ့တာတွေ ရှိပေမဲ့ ၊ လက်ရှိ သြစတြေလျား လေဘာပါတီ အစိုးရ လက်ထက်မှာတော့ အဲဒီသင်တန်းတွေကိုရပ်ခဲ့ပြီး ၊ နိုင်ငံတကာ စေတနာ့ဝန်ထမ်း NGOအဖွဲ့ ဒါမှမဟုတ် ကုလသမဂ္ဂအဖွဲ့ တွေကတဆင့် ကူညီတာတွေ ရှိကြောင်း သိရပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ သြစတြေးလျနိုင်ငံရဲ့ မူဝါဒအပြောင်းအလဲ ဘယ်လို ရှိလာနိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ မြန်မာ့ရေးရာရုံး သြစတြေးလျရဲ့ တာဝန်ခံ ဒေါက်တာမြင့်ချိုကို RFAအဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 25, 2009

Liverpool vs. Manchester United

Liverpool vs. Manchester United



မှတ်ချက် ။ ။ http://www.footytube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...