Thursday, May 19, 2011

ဒေါ်စုကို တွေ့ဆုံရန် ဇေယျာသော် ကြိုးပမ်း

ရန်ကုန် (မဇ္ဈိမ) | ထောင်မှ လွတ်လာပြီးနောက် ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေသည်။

“ကျနော် သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို လေးလည်း လေးစားတယ်၊ အားလည်း ကိုးတယ်၊ သူ့ရဲ့ လုပ်ရပ်တွေ ရပ်တည်ချက်တွေဟာ ပြည်သူတွေအပေါ် အကျိုးရှိစေမယ်ဆိုတာ ယုံတယ်။ ဒါကြောင့် အန်တီစုနဲ့ တွေ့ချင်တာ” ဟု ဇေယျာသော်က ပြောသည်။

အတိုက်အခံ အဖွဲ့အစည်းတခုဖြစ်သော မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave ခေါင်းဆောင်တဦးဖြစ်သော ၃၁ နှစ်အရွယ် အဆိုတော်သည် မေလ ၁၇ ရက်နေ့တွင် ကော့သောင်း အကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သည်။

သူ့ကို ၂ဝဝ၈ ခုနှစ်ထဲတွင် တရားမဝင် အသင်းဖွဲ့စည်းမှု ပုဒ်မ ၆/၈၈ နှင့် နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ တို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရာ အထူးအယူခံရသည့်အတွက် ၄ နှစ် ချခံရသည်။
လွတ်မြောက်လာစဉ်တွင် ထောင်ဒဏ် ၃ နှစ် ကျော်ကျခံပြီး ဖြစ်သည်။

ဇေယျာသော်သည် အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်းတို့နှင့်အတူ ၂ဝဝဝ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ပ်ဟော့ပ် အဖွဲ့ဖြစ်သော အက်ဆစ်အဖွဲ့ကို စတင် တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

source by : http://www.mizzimaburmese.com