ဝင်သူဝင်
ထွက်သူထွက်၊
ထိုင်သူထိုင်
ငိုင်သူငိုင်နဲ့
ဒီမိုကရေစီတော်လှန်ရေး
ခရီးရှည်ထဲမှာ
နောက်ဆုံးထွက်သက်အထိ
ယုံကြည်ချက်အလံကို
ကိုင်စွဲရင်း
အလံမလှဲစတမ်း
ရင်မှာစိုက်ထူထားခဲ့သူ။
ကိုးဆယ့်ရှစ်ခုရဲ့
တစ်ခုသော
နွေကာလဆီမှာ
‘အကျဉ်းသားထု
အခွင့်အရေး
အပြည့်အ၀ရရှိရေး၊
‘အကျဉ်းသားထု
အခွင့်အရေး
ကာကွယ်ရေး’
တောင်းဆိုချက်တွေနဲ့
အစာငတ်ခံ
တိုက်ပွဲဝင်ရင်း၊
ရန်သူ့အစာသွင်းပိုက်
ဆေးထိုးပိုက်တွေကို
နောက်ဆုံးကျန်
ခွန်အားတို့နဲ့
ဆွဲဖြုတ်ပစ်ခဲ့သူ။
‘အစာစားမလား၊
အသေခံမလား’တဲ့၊
လူမဆန်စွာ
ခြိမ်းခြောက်တဲ့စကားကို
ယုံကြည်ချက်
သစ္စာတရားတို့နဲ့
ခေါင်းခါယမ်းတုံ့ပြန်ခဲ့သူ။
သူဆိုသည်ကား-
ရဲဘော်အောင်ကျော်မိုး
(သို့မဟုတ်)
နောက်ဆုံးထွက်သက်အထိ
ယုံကြည်ချက်အလံကို
လွင့်ထူခဲ့တဲ့သူရဲကောင်း။
ဒီမိုကရေစီ
တော်လှန်ရေးဆိုတာ
သူရဲကောင်းတွေရဲ့
နှလုံးသွေးစက်တွေနဲ့
တည်ဆောက်ထားတဲ့အရာ၊
လူထုထဲကလာတဲ့
ပြည်သူ့နှလုံးသည်းပွတ်။
ဘာမဟုတ်တဲ့
အပေါ်ယံ
အခွင့်အရေးတွေအတွက်
လူ့သိက္ခာကို
ရောင်းစားတတ်သူတို့
ဆွမ်းဆန်ထဲ
ကြွက်ချေးရောကာ
ရှိနေတတ်ပေမယ့်၊
နောက်ဆုံးထွက်သက်အထိ
ဒူးမထောက်၊ အညံ့မခံ
ယုံကြည်ချက်အလံကို
စွဲကိုင်ထားခဲ့တဲ့
ရဲဘော်အောင်ကျော်မိုးတို့လို
သူရဲကောင်းတွေလဲ
ရှိခဲ့ဖူးပါရဲ့။
သူရဲကောင်းတွေရဲ့
တော်လှန်ရေး
ကျဆုံးရိုး
ထုံးစံမရှိ။
တစ်နေ့သော
ကာလဆီမှာတော့
ပန်းတိုင်သို့
ရောက်ရမည်မလွဲ။
ခင်မမမျိုး (၂၀၀၇)
(၁၉၉၈ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် သာယာဝတီထောင်တွင်း၊ အစာငတ်ခံ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး သူရဲကောင်း ရဲဘော်အောင်ကျော်မိုးအား ဤကဗျာဖြင့် ဦးညွတ်ပါ၏)