ဆောင်းပါးရှင် - ဗိုလ်ရဲထက်
အပိုင်း ( ၁ ) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
စစ်တက္ကသိုလ် ကျောင်းဆင်းများပင် ကျောင်းဆင်းဆင်းချင်း ဘ၀သေသည့် အနေအထားသို့ ရောက်လျက် ရှိနေပါသည်။ လက်တွေ့တွင် အညွန့်တလူလူနှင့် ဖြစ်နေရမည့်၊ တောက်ပနေရမည့် အစား တချို့အရာရှိငယ်များမှာ ပျက်ဆီးခြင်း လမ်းကြောင်း အစသို့ ရောက်ပြီး ၎င်းလမ်းမှား များအတွက် အပြောခံ လိုက်ကြရသည်မှာလည်း ရစရာမရှိတော့ပေ။
လတ်တလော ကိစ္စအရ ပြောသူက မှန်သလိုလို ဖြစ်နေပြန်တော့လည်း ဘာမှပြန်ပြော၍ မရ။ ပြဿနာတစ်ရပ်ကို ခရေစေ့ တွင်းကျ စီစစ်၍ so what? ဒီတော့ဘာဖြစ်လဲ... ဆိုသော မေးခွန်းများဖြင့် အပြန်အလှန် စီစစ်သော် “M.Sc မပါရင် တပ်ရင်းမှူး မပေးဘူး၊ Ph.D မရရင် တိုင်းမှူးး၊ တပ်မမှူး မထွက်ဘူး” ဆိုသည့် စကားပေါ်တွင် ရာနှုန်းပြည့်နီးပါး တည်မှီ နေပါသည်။
ထို့ပြင် ကြိုးစားလျှင် ကြိုးစားသရွေ့ မိမိဘ၀အတွက် အခွင့်အရေးများ ရနေကြသည့် ယနေ့ ၂၁ ရာစုခေတ်ကြီးထဲတွင် သူတို့ ပေးမှ ရကြရသော အခွင့်အရေးများကြောင့် “ဂါရ၀” ဆိုတာထက် “ဖော်လံဖား” များကသာ ပိုမို တိုးပွါးလို့လာကြရသည့် အပြင် အရာရာမှာ သူတို့ ခွင့်ပြုမှရသည် ဆိုသည့် အကြောက်တရား များကလည်း လွှမ်းမိုးလို့ နေပါတော့သည်။
ဤသည်မှာလည်း တိုင်းပြည်၊ တပ်မတော်နှင့် လူမျိုးကို အညွှန့်တုံး ပျက်ဆီးစေသော အချက်ပင် ဖြစ်ပါသည်။ လူတော် လူတတ်တွေ (ပညာတတ်တွေ) ကို နှိပ်ကွပ်ခြင်းတွင် မည်မျှပီပြင်သည် မပီပြင်ဘူး ဆိုသည်ကိုလည်း တပ်မတော်တွင်းမှာ ကိုပင် ဆိုရိုးစကားသဖွယ် ခေတ်စား (ရေပန်းစား) နေသော အောက်ပါ တော် (၅) တော်ကို ကြည့်နိုင်ပါသည်။ ၄င်းတို့မှာ -
(၁) ကိုယ့်အဖေ တော်ရမည်။
(၂) ကိုယ့်ယောက္ခမ တော်ရမည်။
(၃) ကိုယ့်ဆရာ တော်ရမည်။
(၄) ကိုယ့်မိန်းမ တော်ရမည်။
(၅) ကိုယ်ကိုယ်တိုင် တော်ရမည်။
ထိုတော် ( ၅ ) တော်ကို အဆင့် က၊ ခ၊ ဂ ဆိုပြီး ခွဲမည်ဆိုလျှင် ၁ နှင့် ၂ သည် (က) အဆင့်၊ ၃ နှင့် ၄ သည် (ခ) အဆင့် ဖြစ်ကာ ကိုယ်ကိုယ်တိုင် တော်သည့် ၅ သည် နောက်ဆုံးပိတ် (ဂ) အဆင့် ဖြစ်နေပါသည်။
လက်ရှိ တပ်မတော်ထဲတွင် ဒီအတိုင်းပင် ဖြစ်နေပါသည်။ “ငါ့အဖေက ဘာ၊ ငါ့ယောက္ခမက ဘာ” ဆိုတာတွေသည်သာ ပိုပြီး နေရာရနေကြပါသည်။ ထို့နောက်တွင်မှ “ငါ့ဆရာက ဘယ်သူ၊ ငါ့မိန်းမက ဘယ်လိုဝင်ဆံ့တယ် (ပေါက်ရောက်တယ်)” ဆိုတာတွေသည်သာ နေရာရနေကြပါသည်။ ဤအထဲတွင် သနားစရာ အကောင်းဆုံးမှာတော့ “ကိုယ်တိုင် တော်သော ပုဂ္ဂိုလ်များ” ပင် ဖြစ်ကြပါတော့သည်။
“ဒီကောင်လေး တော်ရှာပါတယ် ဒါလေးတော့ ပေးလိုက်ပါ၊ ဒီနေရာလေး ဒီရာထူးလေးတော့ ပေးလိုက်ပါ” ဆိုတာမျိုး သာမန်တော်ရုံတော့ မရပါ။ တော်တကာ့ တော်ထဲမှာမှ တော်တော်ကို တော်မှ ရတာ ဖြစ်ပါသည်။ တော်လွန်းလို့ စောက်မြင်ကတ် ပုဒ်မဖြင့် ချောင်ပို့လိုက်ခြင်း ကိုလည်း ခံရသူများ ဒုနှင့်ဒေး ဖြစ်ပါသည်။ ထို့ကြောင့် တချို့က “ငါတော့ လူကြီးမဖြစ်ချင်ဘူး လူကြီးဖြစ်ဖို့ဆို လေ့လာကြိုးစားနေရဦးမှာ ဒါတောင် မသေချာဘူး၊ လူကြီး သား၊ သမီး ပဲ လုပ်ချင်တယ်” ဟု ပြောကြပါသည်။
စာဖတ်ပရိသတ်များ စဉ်းစားသာ ကြည့်ကြပါကုန်။ ဤသို့ဖြင့် (မွေးစား) မိဘမွေး၊ ဆရာမွေး၊ တပည့်မွေးသော ပြဿနာများမှာလည်း တဖြည်းဖြည်း ကြီးထွားကာ လာပါတော့ သည်။ ပတ်သက်ရာ ပတ်သက်ကြောင်း ဆိုသည်များမှာလည်း ရှိနေပြန်ပါသေးသည်။ ယင်းတို့သည် ကြိုးစားပြီး အရာရာကို စူးစမ်း လေ့လာလိုသော သူများ၏ စိတ်ဓါတ်နှင့် တိုးတက်အောင် ဖန်တီးလိုသော စိတ်ဓါတ်များကို သတ်ပစ်ရာ ရောက်နေပြီး အချောင်ခိုချင်သည့် စိတ်ဓါတ်များ ကြီးမြင့်လာစေသော အချက်များထဲမှ တစ်ချက် အပါအ၀င် ဖြစ်ပါသည်။
ထို့အပြင် ကြိုးစားချင်စိတ်ကို ဖျက်ဆီးရာလည်း ရောက်နေပါသည်။ ကျွန်တော့်တပည့် တစ်ယောက်နှင့် စကားပြောရင်း ကျွန်တော်က “လူဆိုတာ အမြဲလေ့လာ ဆည်းပူးနေရတယ်၊ ဘယ်တော့မှ ပြည့်ဝတယ်လို့ မရှိဘူး” ဟု ပြောရာ ကျွန်တော့်တပည့် ရဲဘော်လေးမှ “ဗိုလ်ကြီးတို့ကတော့ ဟုတ်တာပေါ့၊ ဗိုလ်ကြီးတို့မှာက မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်လို့ရတယ်၊ ဒီတော့ မျှော်လင့်လို့ ရတာပေါ့၊ ကျွန်တော်တို့မှာက ဘာမျှော်လင့်ချက်မှ ထားလို့မရဘူး” ဟု ပြန်ပြောပါသည်။
ကျွန်တော်က “ဟ.. မင်းကို ဘယ်သူပြောလဲ မျှော်လင့်ချက် မရှိဘူးလို့၊ မင်းလည်း တပ်ဖွဲ့ အတွင်း သင်တန်းမှာ ကြိုးစား၊ ဒါမှမဟုတ် တပ်မတော် ပညာရေးကျောင်းကနေ (၁၀) တန်း အောင်အောင် ကြိုးစား၊ ပြီးရင် ဗိုလ်သင်တန်းလျှောက်၊ ဘာမျှော်လင့်ချက်မဲ့စရာရှိလဲ မင်းအသက်လည်း မှီသေးတာပဲ၊ ဒီလိုမှ မဟုတ်ရင် ပစ်/ထောက် မှာ တကယ်တတ် အောင်လုပ်၊ ပညာသည်အုပ်စုမှာ ပါအောင်ကြိုးစား၊ ရာထူးတွေ ဘာတွေက အသာထား၊ မင်းသာ တကယ်တတ်ရင်၊ သိရင် မင်းအတွက် နေရာရှိပြီးသားပါ” ဟု ပြောလိုက်ပါသည်။
တပည့်က “ဗိုလ်ကြီးပြောသလိုကတော့ ဟုတ်နိုင်ပါတယ်၊ ဒါပေမယ့် ဒီသင်တန်းတွေ ကျောင်းတွေက လူတိုင်းတက်ရတာမှ မဟုတ်တာ၊ တပ်ရင်းမှူးက ပေးတက်ဦးမှ၊ ပြီးတော့ သင်တန်းတက်ရင် ပိုက်ဆံက ကုန်ဦးမှာ၊ ရတဲ့လစာနဲ့ ဘယ်လိုလုပ်ရမှာလဲ” ဆိုသည့် အဖြေကို ကြားရာ ကျွန်တော်လည်း ငိုင်သွားခဲ့ရပါသည်။ “အေးကွာ တတ်နိုင်သလောက် ကြိုးစားပေါ့၊ စောစောက ကိုယ်ပြောသလိုပဲ ကြိုးစားတဲ့သူ အတွက်ကတော့ နေရာတစ်နေရာ ရှိပြီးသားပါ၊ လိုအပ်တဲ့ အကူအညီလိုလဲ ပြောပေါ့၊ ကိုယ်တတ်နိုင်သလောက်တော့ ဖြည့်ဆည်းပေးပါ့မယ်” ဟုသာ ဖြေခဲ့နိုင်ပါသည်။ ကျွန်တော်မှ မဖြေရှင်း ပေးနိုင်သည်လား၊ တပ်မတော်သည် ဤကဲ့သို့ စနစ်တကျနှင့် ဖျက်ဆီးခံနေရသည်လား ဆိုသည်ကိုလည်း မဝေခွဲတတ်တော့ပါ။
ဤသို့ဆိုလျှင် ယနေ့ မျှော်လင့်ချက် ကင်းမဲ့နေသည့် တပ်မတော်တွင် မည်သူမှ စစ်မှုမထမ်းချင်ကြသည်မှာ သူတို့၏အမှား မဟုတ်ပါ။ ထို့နည်းတူစွာ စစ်တပ်ကို ပြည်သူက မုန်းနေသည်မှာလည်း ပြည်သူ မလွန်ပါ။ လက်အောက်ကို တာဝန်မယူပဲ ကိုယ်ကျိုးရှာနေကြသော စစ်အာဏာရှင်ကြီးများ၏ ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းကြောင့်သော် လည်းကောင်း၊ တိုင်းပြည်တိုးတက်ကြီးပွါးရေးထက် မိမိ မိသားစု၊ ဆွေမျိုးများ၏ ကြီးပွါးရေးကိုသာ ရှေ့ရူနေကြသော စစ်အာဏာရှင်များ၏ အုပ်ချုပ်မှု ညံ့ဖျင်းခြင်း တို့ကြောင့်ပင် ဖြစ်ပေသည်။
ထို့ကြောင့် စစ်အာဏာရှင်တို့၏ ညံ့ဖျင်းမှုကြောင့် မကြွေသင့်ဘဲ ကြွေ၊ မဝေသင့်လျက် ဝေ နေကြသော တပ်မတော်အတွင်းမှ ကြွေလွင့်သူတို့၏ ကိုယ်စား ကြုံတွေ့ခဲ့ရသည်တို့အား လက်ရှိ ဖြစ်ရပ်အမှန်အတိုင်း စာဖတ်ပရိသတ်များကို မျှဝေ ပေးလိုက်ရပါသည်။
source by : http://www.photayokeking.org