Saturday, March 20, 2010

“မကြွေသင့်လျက် ကြွေ၊ မဝေသင့်လျက် ဝေ” - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်ရဲထက်

ယနေ့လက်ရှိ နိုင်ငံတော်အကြီးအကဲဟု ဆိုနေသည့် စစ်အာဏာရှင်တို့၏ မှားယွင်းသော မူဝါဒတို့ကြောင့် တပ်မတော် အတွင်း၌ပင် ကြွေလွင့်သွားရပြီး နှမြောဖွယ်ရာ ကောင်းလှသည့် တပ်မတော်သားများသည် တိုင်းပြည်အတွက်နှင့် တပ်မတော် အတွက်ပါ လွန်စွာမှ နစ်နာနေပါသည်။ ကျွန်တော် လက်လှမ်းမှီသရွေ့ ပြောရလျှင် ပထမဦးစွာ စစ်တက္ကသိုလ် တွင် တရားဝင်အမိန့်စာ မ၀င်သော်လည်း (၀င်ရင်လည်း ၀င်ပါမည်) ထပ်တလဲလဲ ကြားခဲ့ရသည့် နည်းပြများမှ ဗိုလ်လောင်း များသို့ ပြောနေကျ စကားတစ်ခွန်း ရှိပါသည်။

မြန်မာ့တပ်မတော်မှ အရာရှိများ သွားရောက် သင်ကြားနေသော ရုရှားနိုင်ငံမှကျောင်းများ အနက် တခုအပါအ၀င် ဖြစ်တဲ့ MEPHI ကျောင်း မြင်ကွင်း

၎င်းစကားမှာ “ M.Sc မပါရင် တပ်ရင်းမှူး မပေးဘူး၊ Ph.D မရရင် တိုင်းမှူး၊ တပ်မမှူး မထွက်ဘူး” ဟု ဖြစ်ပါသည်။ ဤပြော စကား မှန်သော်ရှိ၊ မှားသော်ရှိ အကျိုး၊ အပြစ်တို့ကို အောက်ပါအတိုင်း သုံးသပ် တင်ပြလိုက်ရပါသည် -


၁။ အကျိုး

(က) ဗိုလ်လောင်းများ အနေဖြင့် စာပေကို ပိုမိုကြိုးစားလိုစိတ် ရှိလာပြီး စာပေတတ်မြောက်သည့် အတွေးအခေါ် ရင့်သန် သော အရာရှိများ ပေါ်ထွက်လာခြင်း။ ၎င်းကြောင့် တိုင်းပြည်နှင့် တပ်မတော်အတွက် အကျိုးရှိပါသည်။

(ခ) စာပေ၏ သဘောသဘာဝအရ လေ့လာရင်း ဆက်လက်လေ့လာချင်သော စိတ်ဆန္ဒအရ အသိပညာ၊ ဗဟုသုတနှင့် အတတ်ပညာများ တိုးပွါးစေပြီး နှလုံးရည်နှင့် ပြည့်စုံသော အရာရှိ ခေါင်းဆောင်ငယ်များ တိုးပွါးလာစေနိုင်ပါသည်။


၂။ အပြစ်

(က) အထက်ဖော်ပြပါ စကားအရ မဟာဘွဲ့ မရရင်ဖြင့် “ ငါ့ဘ၀ကတော့ တက်လမ်းမရှိတော့ဟု ထင်ကာ” ဘ၀ကို ရေစုန် မျောလိုက်ပြီး ဘယ်အရာကိုမှ လေးလေးနက်နက် မတွေးတော့သည့် အရာရှိများ ရှိလာပါသည်။

(ခ) ဘ၀အတွက် မျှော်လင့်ချက် မရှိတော့သော လုပ်ငန်းအပေါ် တာဝန်ယူမှု၊ သစ္စာရှိမှု မရှိတော့သော အရာရှိများ တိုးပွါး လာပါသည်။

(ဂ) ရာထူးမှ မရရင် ရတာယူမယ်ဆိုပြီး လမ်းလွဲသို့ ရောက်သွားသော ကိုယ်ကျိုးရှာ အရာရှိများ ရှိလာပါသည်။

(ဃ) ကြိုးစားလို့လဲ ထူးတော့မှာမှ မဟုတ်တာ ဆိုသည့် အသက်၂၀၊ ၂၁ နှစ် ကတည်းက ဘ၀ဆုံးပြီထင်ကာ မထူးဇာတ်ခင်း သည့် အရာရှိများလည်း တိုးပွါးလာပါသည်။

(င) အထူးသဖြင့် အရာရှိငယ် အချင်းချင်းတွင် စိတ်ဝမ်းကွဲလာကာ တစ်ယောက်နှင့် တစ်ယောက် စိတ်အခန့်မသင့်လျှင် “အေးပေါ့ကွာ မင်းက မာစတာပါတာကိုး” ၊ “မင်းက မာစတာတောင် မပါပဲနဲ့” စသဖြင့် ခနဲ့စရာ (သို့မဟုတ်) လက်နက် သဖွယ် ပြောဆို အသုံးပြုလာကြပါသည်။

အထက်ပါ အကြောင်းအရာများကို လေ့လာကြည့်လျှင် အကျိုးထက် အပြစ်က ပိုများနေကြောင်း တွေ့ကြရပါမည်။ လက်ရှိ တပ်မတော်ထဲမှ အရာရှိငယ်များအကြား ၎င်းခံစားချက်များ ကြီးစိုးနေသည့်အပေါ် အချို့သော တပ်ရင်းမှူးများ၏ တာဝန်မဲ့ သည့် အောက်ပါ စကားရပ်ကြောင့်လည်း အခြေအနေမှာ ပိုမိုဆိုးသထက်ဆိုး လာရပါသည်။ တပ်ရင်းမှူးများ လက်ကိုင်ထား သော ထိုစကားလုံးမှာ-

“ မင်းတို့ရဲ့ ရာထူးတက်ရေး မတက်ရေးက ငါထောက်ခံပေးတဲ့ အပေါ်မှာ အများကြီး ဆိုင်တယ်....... ငါ့မှတ်ချက် တစ်ခုက ဘာဖြစ်သွားမယ် ထင်လဲ...” ဟု ခြိမ်းချောက်လာခြင်းပင် ဖြစ်ပါသည်။

တပ်မတော်အရာရှိ တစ်ယောက်အနေဖြင့် ဦး - ၄ (စစ်ဦးစီးဆိုင်ရာ ထောက်လှမ်းရေးဌာန) အစီရင်ခံစာအရ မိမိရာထူး တိုးတက်ရေးသည် မိမိအထက်တပ်မှူးနှင့် များစွာသက်ဆိုင်နေကြောင်း သိရှိနားလည်ထားပြီး ဖြစ်ပါသည်။

အခြေအနေအရ အနီးကပ် အုပ်ချုပ်ရသည့် တပ်မှူးများမှာ မိမိလက်အောက်ရှိ အရာရှိအကြောင်းကို ပိုမို သိရှိနိုင်သောကြောင့် ယခုကဲ့သို့ တပ်ရင်းမှူးများ၏ ဦး - ၄ အစီရင်ခံစာကို အခြေခံပြီး ရာထူးပေးရေး၊ မပေးရေးအား စဉ်းစားခြင်း ဖြစ်ပါသည်။ သို့သော် တပ်မှူးကောင်းသဖွယ် လိုက်နာကျင့်ကြံကြရမည့်အစား လက်အောက်ငယ်သားအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ကို မှန်မှန်ကန်ကန် ဂရုစိုက်ခြင်း မရှိဘဲ ရာထူးအာဏာကို အကြောင်းပြုပြီး တပည့်မွေးခြင်းများလည်း ဖြစ်ပေါ်နေပါသည်။

အဆိုပါ အခြေအနေမျိုးများနှင့် ကြုံတွေ့ကြရသည့် အခါမှာ အရာရှိငယ်များသည် အခက်အခဲ အကြပ်အတည်းများကြားထဲက ထွက်ပေါက်ရှာပြီး ပျော်ပါးမှုများ၊ “ကုလားမနိုင် ရခိုင်မဲ” ကာ လက်အောက်ကို အနိုင်ကျင့်မှုများနှင့် ပြည်သူများအား မတရားညှင်းပန်းမှုများ ဖြစ်ပေါ်လာကာ တပ်တွင်းအထက်အောက် ပြဿနာများလည်း ဖြစ်ပေါ်လာရပေသည်။

တစ်ခုစဉ်းစားစရာ ရှိသည်က လက်ရှိအုပ်ချုပ်နေသော စစ်အာဏာရှင်များ အနေဖြင့် ဤအချက်ကို မသိသေး၍ပဲလား၊ သတိမထားမိတာလား သို့တည်းမဟုတ် တပ်မတော်အတွင်းသော်လည်းကောင်း၊ တပ်မတော်နှင့် ပြည်သူ သွေးကွဲအောင်သော်လည်းကောင်း တမင် အကွက်ချ၍ စီစဉ်ခြင်းပေလား ဆိုတာကိုတော့ဖြင့် ကာယကံရှင် ဗိုလ်ချုပ်များသာ အသိဆုံး ဖြစ်ပါလိမ့်မည်။

ထို့အပြင် နိုင်ငံတော်တွင်း ဖြစ်ပေါ်ခဲ့သော အချို့နိုင်ငံရေး ပြဿနာများသည်လည်း နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့်အစား မလိုအပ်ဘဲ တပ်ကို အသုံးချ ဖြိုခွင်းခဲ့သည့် ကိစ္စများသည်လည်း စဉ်းစားရမည့် အချက်ပင်။

ထိုပြဿနာများ ဖြစ်ပေါ်လာသောအခါ အမှန်တကယ် တိုင်းပြည်ချစ်၍ တပ်မတော်သို့ ၀င်လာသော စစ်သည်များမှာ စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်လာကာ တပ်မတော်အပေါ် စိတ်ကုန်ခန်းနေသော်လည်း ဘ၀အတွက် အပြင်တွင် အာမခံချက် မရှိ၍သာ ဆက်လက် အောင့်အီး နေထိုင်နေကြရသည့် အနေအထားမျိုး ရှိတော့သည်။


အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက် တင်ပြသွားပါမည်။


source by : http://www.photayokeking.org