Friday, March 6, 2009

''သူတည်းတစ်ယောက်... ကောင်းဖို့ရောက်မူ...'' (အပိုင်း ၂)

(၅)

ဘယ်လိုမေးမေး အရာခံဗိုလ်ကျော်ဝင်းရဲ့သေနတ်ကို သူတို့ မယူပါဘူးလို့ပဲ ဘူးခံနေတယ်။ သကြားစက် လုံခြုံရေးကင်းစခန်းကိုသွားတာက သူတို့ ဒီည တပ်ရင်းကို ပြန်ရောက်မှာ မဟုတ်တဲ့အကြောင်း တပ်ရင်းကို သတင်းပို့ခိုင်းမလို့ သွားတာလို့ ပြောတယ်။ ဟိုရောက်တော့.. အရာခံဗိုလ်ကျော်ဝင်းတို့ ဖဲဝိုင်းကောင်းနေတာနဲ့ သတင်းမပို့ခိုင်းတော့ပဲ ပြန်ထွက်လာခဲ့တာလို့ သာထွန်းကျော်က ပြောတယ်။ ဒါပေမယ့် စစ်မေးတဲ့ သူတွေက မယုံကြဘူး။ နောက်တော့... သာထွန်းကျော်နဲ့ အတူပါတဲ့ ရဲဘော်လေးကို ခပ်ကြမ်းကြမ်းလေး ကိုင်လိုက်တော့မှ ရဲဘော်လေးက ဖော်တော့တာကိုး။ ဖြစ်ပုံကဒီလိုဗျ...။ ပထမ အရက်သောက်ကြတယ်။ ပန်းခြံထဲကဆိုင်မှာပါပဲ။ မူးလာတော့... ဒေါ်စန်းပွင့်အိမ်ကို သွားကြတာကိုး...။ ဟိုရောက်တော့ မူးမူးနဲ့ တွေ့ရာလူကို ရစ်နေတော့... ဆိုက်ကားသမားတစ်ယောက်နဲ့ တည်ရော... ဟိုလူက လက်သွက်ခြေသွက်နဲ့ ထိုးလိုက်တော့ နှစ်ယောက်သား ခံလိုက်ရရော ဆိုပါတော့...။ ဒီတော့ စစ်သားပီပီ သေနတ်အားကိုးရှာတော့....။ သကြားစက် လုံခြုံရေးဂိတ်ကို သတိရတယ်။ ဒါနဲ့ အဲဒီမှာ သေနတ်သွားယူမယ်ဆိုပြီး နှစ်ယောက်သားထွက်လာခဲ့ကြတယ်။ ဟိုရောက်တော့ အရာခံဗိုလ်ကျော်ဝင်းတို့ကလည်း ၀ိုင်းကောင်းနေပြီး ဖဲမှာ မဲနေကြတော့ သာထွန်းကျော်တို့ လွယ်လွယ်ပဲ အရာခံဗိုလ်ကျော်ဝင်းရဲ့သေနတ်ကို အသာယူ ခါးကြားထိုးပြီး ပြန်ထွက်လာ ခဲ့ကြတာပေါ့...။ ဒေါ်စန်းပွင့်အိမ်ပြန်ရောက်တော့ သူတို့နဲ့ ရန်ဖြစ်တဲ့ကောင်က မရှိတော့ဘူး...။ ဒီတော့ သေနတ်ခါးကြားထိုးပြီး သူတို့နဲ့ ရန်ဖြစ်တဲ့သူကို မြို့ ထဲလိုက်ရှာကြတာကိုး...။ ရှာရင်းရှာရင်းနဲ့ ညကနက်လာတယ်။ အမူးကလည်းပြေစပြုပြီ။ ဒီတော့မှ အထက်အရာရှိရဲ့သေနတ်ကို ခိုးခဲ့တဲ့ တပ်ပြေးဖြစ်နေပြီဆိုတာကို သိလာတယ်။ အရာခံဗိုလ်ကျော်ဝင်းဆီ ပြန်သွားပြီး အမှန်အတိုင်း ဖွင့်ပြောတောင်းပန်ပြီး သေနတ်ပြန်ပေးရင်ရော...။ အရာခံဗိုလ်ကျော်ဝင်းက သေနတ်ပျောက်ဆုံးတာကို တပ်ရင်းကို မတိုင်ကြားထားလျှင်တော့အကြောင်းမဟုတ်...။ တိုင်ကြားထားပြီးပြီဆိုရင်... မထူးတော့...။ ဘာလုပ်မလဲ...။ ဘာလုပ်ရမလဲ။ တပ်ရင်းကလည်း မြို့တွင်းလှည့်ပြီး ရှာနေလောက်ပြီနဲ့တူတယ်။

ကိုင်း... မထူးဘူး။ ဟိုဘက်ကမ်းကူးပြီး ရှောင်နေမယ်။ အဆက်အသွယ်ရရင်လည်း KNU နဲ့ဆက်ပြီး KNU မှာ လက်နက်ချမယ်။ ပြီးရင်... နယ်စပ်ကို ဖြတ်ပြီး ထိုင်းမှာ အလုပ်လုပ်မယ်...။ အဲဒီလို ဆုံးဖြတ်ပြီး ဘီးလင်းချောင်းရဲ့ အရှေ့ဘက်ကမ်းကို ကူးခဲ့ကြတယ်။ ဗိုလ်တေဇရပ်ကွက်ကနေ ဘီးလင်းချောင်းကိုဆင်းရင် ကြံခင်းတွေရှိတယ်။ ကြံခင်းတွေလွန်ရင် ကမ်းနဖူးမှာ ဦးသောင်း သစ်ခွဲစက်ရှိတယ်။ အဲဒီသစ်စက်ဘေးကကပ်ပြီး ချောင်းကို သူတို့ နှစ်ယောက်ကူးခဲ့ကြတယ်။ ချောင်းအရှေ့ဘက်ကမ်းရောက်တော့လည်း ကြံခင်းတွေပဲ။ အရှေ့ တည့်တည့်ကို တစ်နာရီလောက် ဆက်သွားရင် မြောက်သူဌေးကုန်းရွာကို ရောက်မယ်။ ချောင်းရိုးအတိုင်း အပေါ်ဖက်ကိုဆန်ပြီး တက်ရင်တော့ နှစ်နာရီစွန်းစွန်းလောက် လျှောက်ရင် 'အဟုံးဝရွာ'ကို ရောက်မယ်။ ဆက်သွားမလား... ကြံခင်းထဲမှာပဲ ဒီတစ်ညခိုမလား...။ နောက်ဆုံးဒီ တစ်ည ကြံခင်းထဲမှာပဲ အိပ်ဖို့ ဆုံးဖြတ် လိုက်ကြတယ်။ နောက်တနေ့ မနက်လင်းတော့... သူတို့ နှစ်ယောက် မြောက်သူဌေးကုန်းရွာ ဖက်ကို ထွက်ခဲ့တယ်။ ရွာနားရောက်တော့ သူတို့ရွာထဲကို ချက်ချင်းမ၀င်သေးဘူး...။ ရွာထဲမှာ ဘာရှိနေမှန်း မသိသေးတော့ အရမ်းဝင်သွားလို့က မဖြစ်။ ရွာထဲက ထွက်လာတဲ့ ရွာသား တစ်ယောက် နှစ်ယောက်ကို စုံစမ်းကြည့်တော့ ရွာထဲမှာ ဗမာ စစ်တပ် ရှိနေတယ်တဲ့...။ ဆက်သွား၍မဖြစ်..။ သူတို့ ညက အိပ်ခဲ့တဲ့ ကြံခင်းဆီကိုပဲ ပြန်ဆုတ်ခဲ့ကြတယ်။ တစ်ရက်။ နောက်တစ်ရက်လည်း မြောက်သူဌေးကုန်းက စစ်တပ်ကမထွက်ဘူး...။ သူတို့ သွားမယ့်လမ်းကိုပဲ လာပိတ်ထားသလိုဖြစ်နေတယ်။ ထမင်းမစားရတာလဲ နှစ်ရက်ရှိပြီ။ ကြံပဲစုပ်ပြီး နေနေရတယ်။ KNU နဲ့ အဆက်ရဖို့ဆိုတာလည်း မလွယ်မှန်း သိလာတယ်။ စိတ်ဓါတ်လည်း ကျလာပြီ။ ဘာလုပ်မလဲ...။

သာထွန်းကျော် စဉ်းစားရပြီ။ သူတို့ အမှုကြီးသွားတာကအရာခံဗိုလ်ကျော်ဝင်းရဲ့ သေနတ် ခိုးတဲ့ကိစ္စ။ ဒီသေနတ်ကိစ္စ မပါရင်... သူတို့အမှုက တပ်ပြေးမှုတစ်ခုတည်းသာ...။ အလွန်ဆုံးကျမှ ကွာတာ (၂၈) ရက်ပေါ့..။ ဟုတ်ပြီ...။ သူတို့ သေနတ်ယူတာ လဲဘယ်သူကမှ မမြင် မတွေ့ခဲ့ကြဘူး။ အားလုံးဖဲဝိုင်းမှာပဲ မဲနေကြတယ်။ ဟုတ်ပြီ။ သေနတ်ကို ဖျောက်ပြီး တပ်ကို ပြန်ဆက်သွယ်မယ်။ အပစ်ပေးတာခံမယ်။ သေနတ်ကိစ္စကို ဘူးကွယ်ရမယ်။ သာထွန်းကျော် သူ့ရဲဘော်အား ရှင်းပြတယ်။ ရဲဘော်လေးကလည်း သာထွန်းကျော် သဘောပေါ့...။ သူက နောက်လိုက်ပဲဟာ...။ ဒါနဲ့ သူတို့နှစ်ယောက် ဘီးလင်းချောင်းကို ပြန်ကူးခဲ့တယ်။ သေနတ်ကိုတော့ ချောင်းထဲမှာ ပစ်ချခဲ့တယ်။ ပြီးတော့ မြင်သာတောင် ဆရာတော်ဆီသွားပြီး တပ်ကိုမပြန်ရဲလို့ ကူညီပေးဖို့ လျှောက်တယ်။ သာထွန်းကျော်အကြံက ဒီလိုကိုး...။ အခုတော့ သေနတ်ကိစ္စလည်းပေါ်... ပြောတဲ့နေရာမှာ ပြန်ငုတ်တော့ သေနတ်လည်း ပြန်ရပြီ။ သက်သေခံလည်း စုံပြီဆိုတော့ သူတို့နှစ်ယောက်ကို အမှုဖွင့် စစ်ခုံရုံးတင်ပြီး တရားစီရင်ရုံပေါ့။

(၆)

သာထွန်းကျော်တို့ အမှုကိုစစ်ဖို့ စစ်ခုံရုံးအဖွဲ့ကို တပ်ရင်းအဆင့်မှာပဲ ဖွဲ့လိုက်တော့... ပထမ ကျုပ်အံသြသွားတယ်။ ဘာလို့လဲဆိုတော့... တပ်ရင်းအဆင့် ခုံရုံးက အမှုသေးလေးတွေကိုသာ စစ်ဆေး စီရင်ပိုင်ခွင့်ရှိတယ်။ ချုပ်ရက်က (၂၈) ရက်ထက်မပိုတဲ့ ပြစ်ဒဏ်မျိုးကိုသာ စီရင်လို့ရတာ...။ သာထွန်းကျော်တို့ အမှုက ထောင်ဒဏ် ငါးနှစ်ကနေပြီး (၁၅)နှစ်အထိ ကျနိုင်တဲ့အမှုကြီး။ အဲဒီအမှုမျိုးဆိုရင် တိုင်းစစ်ဌာနချုပ်အဆင့် စစ်ခုံရုံးဖွဲ့ပြီး စစ်ရတာမျိုး...။ အဲဒီခုံရုံးအဖွဲ့မှာဆိုရင် တိုင်းစစ်ဌာနချုပ်က အရာရှိကြီးတွေပါမယ်။ ပြီးတော့... စစ်ဥပဒေချုပ်ရုံးက အရာရှိကြီး တစ်ဦးပါရမယ်။ အခုတော့... တပ်ရင်းမှာပဲ ဒုရင်းမှူးရယ်၊ တပ်ရေးဗိုလ်ကြီးရယ်၊ ကျုပ်တို့ တပ်ခွဲရဲ့တပ်ခွဲမှူးရယ်...၊ ဒီသုံးယောက်နဲ့ပဲ စစ်ခုံရုံးဖွဲ့ပြီး သာထွန်းကျော်တို့ အမှုကို စစ်တာဆိုတော့ ကျုပ်အံသြတာပေါ့..။ စစ်ဆေးတာက (၂) လလောက်ကြာတယ်။ ဒီအတွင်း သတင်းတွေက အမျိုးမျိုးပေါ့...။ ထားပါ။ ကောလဟာလတွေပါ...။ ဒါပေမယ့် တပ်ထဲမှာက ကောလဟာလဆိုတာတွေက တနေ့ကျရင် အတည်ဖြစ်ဖြစ်သွားတတ်တာပဲ။ တိုတိုပြောရရင်.. သာထွန်းကျော်တို့ အမှုကို စီရင်ချက်ချမယ့်နေ့ ရောက်လာတယ်။ အဲဒီနေ့မှာ ကျုပ်လဲ သွားနားထောင်ပါတယ်။ ကောလဟာလတွေကြောင့် ကျုပ်လည်း သွားနားထောင်တာပါ။ ကျုပ် စိတ်ထဲမှာက တပ်ရင်းအဆင့် စစ်ခုံရုံးက ကွာတား ၂၈ ရက်ပဲ ချလို့ရတော့ သာထွန်းကျော်တို့အမှုလဲ အများဆုံး စီရင်ရင် ကွာတား ၂၈ ရက်ပေါ့။ ခုနက ပြောသလို ကောလဟာလတွေကြောင့်ပဲ ကျုပ်လည်း သွားပြီးနားထောင်ခဲ့တာပါ။ ကျုပ်ရောက်တော့ စစ်ခုံရုံးအဖွဲ့ခေါင်းဆောင် ဒုရင်းမှူးကြီးက စီရင်ချက်ကို ဖတ်နေပြီ။ စီရင်ချက်လည်း ဆုံးရော ... ကျုပ်တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားတယ်။ ဟုတ်ရဲ့လား...။ ကျုပ်ကြားလိုက်တာ...။ ကျုပ်နားကို ကျုပ်မယုံနိုင်ဘူးဖြစ်နေတယ်။

"တပ်ကြပ် သာထွန်းကျော် ကိုယ်ပိုင်အမှတ် ... နှင့် တပ်သား နိုင်ဝင်း ကိုယ်ပိုင်အမှတ် .... တို့ နှစ်ဦးအား ဤရုံးတော်မှ သေဒဏ် စီရင်လိုက်သည်..."

‘သေဒဏ်စီရင်လိုက်သည်...’ ‘သေဒဏ်စီရင်လိုက်သည်...’ ကျုပ်နားထဲမှာ သေဒဏ်စီရင် လိုက်သည်ဆိုတဲ့ ဒုရင်းမှူးရဲ့ အသံကြီးက ထပ်ခါ ... ထပ်ခါ မြည်နေတယ်။ ကျုပ်နား နှစ်ဖက်ကို လက်နဲ့ ပိတ်လိုက်တယ်။ ပြီးတော့ ... တပ်သားနိုင်ဝင်းကို ကြည့်တော့.... မျက်ရည်စက်လက်နဲ့ ငိုနေတယ်။ ကောင်လေးက ရှိလှမှ ဆယ့်ခွန်၊ ဆယ့်ရှစ်ပေါ့...။ ခလေးသာသာပဲ ရှိသေးတာ။ ကျုပ်သား အကြီးကောင်နဲ့မှ ရွယ်တူ...။ အရွယ်တောင် မရောက်သေးဘူး... သေရတော့မှာပါလား...။ ကျုပ်စိတ်မကောင်းလို့ မကြည့်ရက်တော့ဘူး။ သာထွန်းကျော်ကို ကြည့်တော့... လား... လား... ဒီကောင်က ခပ်တည်တည်ပဲ။ မတ်မတ်ရပ်ထားတာ ရင်ကိုကော့လို့ဗျာ။ ပြီးတော့ သူ့အရှေ့ က ခုံရုံးအဖွဲ့ဝင်တွေကို တည့်တည့်စိုက်ကြည့်လို့...။ သာထွန်းကျော်အကြည့်က မင်းတို့ လုပ်လို့ရတဲ့အခါ လုပ်ချင်တာ လုပ်ထားပေါ့... ဆိုသလိုမျိုး...။ နှုတ်က ထုတ်မပြောလို့ စကားလုံးမဖြစ်တာပဲရှိမယ်။ အဲဒီအကြည့်မှ အဲဒီအကြည့်...။

ကျုပ်အိမ်ကို ဘယ်လိုပြန်ရောက်လာတယ်ဆိုတာ ကျုပ်မသိဘူး...။ တစ်လမ်းလုံး ကျုပ်နားထဲမှာ ကြားနေတာက... သာထွန်းကျော်တို့အမှုနဲ့ ပတ်သက်တဲ့ ကောလဟာလတွေပဲ...။

"တပ်ရင်းမှူးကြီးက ခုံရုံးအဖွဲ့ကို ညွှန်ကြားချက်ပေးထားပြီးသား...။ နောင်အစဉ်အလာ မဖြစ်အောင် ပြင်းထန်စွာ အပြစ်ပေးဖို့..."

"ပြင်းထန်စွာ အပြစ်ပေးဖို့ဆိုတာက သိတယ်မဟုတ်လား သေဒဏ်ပေးဖို့ကိုပြောတာ..."

"တပ်ရင်းမှူးကြီးက ပရိုမိုးရှင်း စောင့်နေတဲ့လူလေဗျာ။ ဒီကိစ္စကို အပေါ်ဘယ်တင်မလဲ...။ အပေါ်ကို အသိဘယ်ခံမလဲ...။ ဒီမှာပဲ အပြတ်ရှင်းမှာပေါ့..."

(၇)

ကျုပ်အတွက် ပြဿနာက ဒီမှာစတာဗျ..။ သာထွန်းကျော်တို့ နှစ်ယောက်ကို စစ်ခုံရုံးက သေဒဏ်တော့ ပေးလိုက်ပြီ။ သတ်ဖို့ကျတော့ ခက်နေရော...။ တပ်ရင်းမှာက ကြိုးစင်လည်းမရှိ။ လျှပ်စစ်ထိုင်ခုံလဲ မရှိတော့... ဘယ်နည်းနဲ့ သေဒဏ်ပေးမလဲပေါ့...။ ဒါကလည်း လွယ်ပါတယ်။ တပ်မှာက သေနတ်တွေ ရှိတာပဲ..။ သေနတ်နဲ့ ပစ်သတ်ပေါ့...။ ဟုတ်ပြီ။ သေနတ်နဲ့ ပစ်သတ်မယ်။ ဒါပေမယ့် ခက်တာက ဘယ်သူမှ မပစ်ချင်ကြဘူး...။ ငြင်းကြတယ်။ အမိန့်မနာခံလို့ ကွာတားချလည်း ချဆိုပြီး အားလုံးက ညီပြီး ငြင်းကြတယ်။ အဲဒီတော့... တပ်ရင်းမှူးကြီးက လူသတ်ဖို့ကိစ္စကို မဲနှိုက်မယ်။ မဲပေါက်တဲ့သူ အာဏာပါးကွက်သားလုပ်ပေါ့...။ မဲနှိုက်ရမယ့် သူတွေထဲမှာ တပ်သားအဆင့် ရဲဘော်တွေမပါဘူး...။ နောက်ပြီး ပြန်တမ်းဝင်အရာရှိတွေမပါဘူး...။ အခြားအဆင့်တွေပဲ မဲနှိုက်ရမယ်ဆိုပြီး စည်းကမ်းချက်က ပါလာတယ်။ အခြားအဆင့်ဆိုတာက ကျုပ်တို့လို အကြပ်စစ်သည်တွေလေ...။ မတတ်နိုင်ဘူးနိုက်ပေါ့...။ ကျုပ်တို့ တပ်ရင်းမှာက ဒုတပ်ကြပ်။ တပ်ကြပ်၊ တပ်ကြပ်ကြီးနဲ့ အရာခံဗိုလ် အဆင့်ရှိသူတွေက သုံးဆယ်၊ လေးဆယ်လောက်ရှိတာပဲ။ ဒီထဲမှာတော့ ငါ မဲမပေါက်နိုင်ပါဘူးလို့ ကျုပ်က တွေးထားပြီး မဲနှိုက်လိုက်တယ်။ တပ်သား နိုင်ဝင်းကို သတ်ဖို့ အရင် မဲနှိုက်တယ်။ ကျုပ်မပေါက်ဘူး... ဗလာမဲ။ တစ်ခုတော့...။ ပင့်သက်ချနိုင်သွားပြီပေါ့...။ မဲပေါက်တဲ့ ဌာနချုပ် တပ်ခွဲက ဒုတပ်ကြပ်လေး မျက်နှာကို ကြည့်တော့ ငိုမဲ့မဲ့...။ ဒုတပ်ကြပ်လေးရဲ့ ပုခုံးကို ညှစ်ပြီး ကျုပ် နှစ်သိမ့်လိုက်သေးတယ်။ တို့ဘ၀တွေက ဘာတတ်နိုင်မှာလဲပေါ့...။

နောက်တစ်ခါ မဲထပ်နှိုက်တယ်။ တပ်ကြပ်သာထွန်းကျော်ကို ပစ်သတ်ဖို့အတွက် လူသတ်သမားရွေးပွဲ။ ကျုပ်အလှည့် ရောက်တော့ မဲလိပ်ကိုကျုပ်နှိုက်လိုက်တယ်။ မဲလိပ်ကို ဖြေတော့ ကျုပ်လက်တွေ တုန်နေတယ်။ ကျုပ်မျက်လုံးတွေ ပြာသွားတယ်။ ကံကြမ္မာက တည့်တည့်ပဲ သာထွန်းကျော်နဲ့ ကျုပ်ကို တွေ့ပေးလိုက်တယ်။

(၈)

တံတားခါးကြိုးသချုင်္င်း ဆိုတာက ကျုပ်တို့ တပ်ရင်းအရှေ့ကနေပြီး ကားလမ်းအတိုင်း 'နတ်ကြီး၊ ရင်အုံ' ဖက်ကို ဆယ်မိနစ်လောက်သွားရင် ရောက်တယ်။ ကားလမ်းရဲ့ အရှေ့ဖက်ခြမ်းမှာ ရှိတယ်။ ကျုပ်တို့ တပ်ရင်းနဲ့ဆိုရင် ကားလမ်းရဲ့ ဟိုဘက် ဒီဘက်ပေါ့...။ တံတားခါးကြိုးရွာရဲ့ သင်္ချုင်းပါ။ ကျုပ်တို့ တပ်ရင်းရဲ့ နာရေးကိစ္စတွေကိုလည်း အဲဒီ သချုင်္င်းမှာပဲ လုပ်ကြတယ်။

အဲဒီနေ့က... တံတားခါးကြိုးသချုင်္င်းကို ဌာနချုပ်တပ်ခွဲက တပ်စုတစ်စုကို လုံခြုံရေး ချထားတယ်။ သာထွန်းကျော်တို့ လူသတ်ပွဲ လုံခြုံရေး...။ အားလုံးကို ကြီးကြပ်စီမံနေတာက တပ်ရေးဗိုလ်ကြီး...။ သာထွန်းကျော်တို့ကို အရှေ့ကပဲ လက်ထိပ်ခတ်ထားတယ်။ ခြေထောက်ကိုလည်း ကြိုးချည်ထားတယ်။ ပူးချည်ထားတာတော့ မဟုတ်ဘူး။ လှမ်းလို့ ရပ်လို့ရအောင် တစ်ပေလောက်ခွာပြီး ချည်ထားတာ။ ခြေကျင်းခတ်ထားသလိုမျိုး...။

သူတို့ကို မြုပ်ဖို့ကျင်း သူတို့ကိုပဲ တူးခိုင်းတယ်။ တပ်သားနိုင်ဝင်းကတော့ ငိုယိုပြီး မြေကြီးပေါ်မှာ လူးလှိမ့်နေတယ်။ ဆွဲထူလို့လည်း မရဘူး။ တွင်းတူးခိုင်းလို့လည်း မရဘူး..။ ဒါနဲ့.. သူ့ကို ပစ်သတ်ရမယ့် ဒု တပ်ကြပ်လေးကပဲ သူ သတ်ရမယ့် သူအတွက် တွင်းတူးပေးရတယ်။

သာထွန်းကျော်ကတော့ ရတယ်ဆရာကြီး ကျုပ်ဘာသာ ကျုပ်တူးမယ်ဆိုပြီး ပေါက်ပြားကိုကိုင်ပြီး တူးတယ်။ သူ့ကိုယ်မြုပ်မယ့်တွင်း တူးနေတယ်လို့တောင် သာထွန်းကျော်စိတ်ထဲ ထင်ရဲ့လားမသိဘူး...။ ခပ်တည်တည်ပဲ...။ တွင်းကို နက်နက်တူးတယ်။ သပ်သပ်ရပ်ရပ်ဖြစ်အောင် တွင်းနံဘေးမြေသားကို ညှိတယ်။

တွင်းတူးပြီးသွားတော့...။ သာထွန်းကျော်ကို ခဏပေးနားတယ်။ နားနေရင်းနဲ့ "မင်းနောက်ဆုံး ဘာစားချင်လဲ ဘာသောက်ချင်လဲ" လို့ တပ်ရေးဗိုလ်ကြီးက သာထွန်းကျော်တို့ နှစ်ယောက်ကို မေးတယ်။ ဟိုကောင်လေးကတော့ မေးလို့မရဘူး... ငိုပဲငိုနေတယ်။ သာထွန်းကျော်ကတော့ အာမီရမ်သောက်ချင်တယ် (၁)လုံးယူခဲ့ပါ အမြည်းမလိုဘူးလို့ ပြောတယ်။ ဒါနဲ့ တပ်ရေးဗိုလ်ကြီးလည်း တပ်ကို လူလွှတ်ပြီး ချက်ချင်းစီစဉ်ပေးတယ်။

ခွက်ထဲကို အရက် နှစ်ပက်လောက်ထည့်ပြီး ကျုပ်ကို သာထွန်းကျော်က လှမ်းပေးတယ်။ ကျနော်သေတဲ့အထိမ်းအမှတ် 'ချီးယား' ပေါ့လို့ ပါးစပ်ကလည်း ပြောသေးတယ်။ ကျုပ်က ခေါင်းခါပြီး ငြင်းလိုက်တော့...။ "ဆရာကြီး ဘာဝမ်းနည်းစရာလိုလဲ။ တပ်ထဲကို ၀င်ကတည်းက ရန်သူနဲ့တွေ့ပြီး ကိုယ်သေရင်သေ၊ ကိုယ်မသေရင် သူသေ ဒါပဲရှိတာပဲ။ စစ်သားဖြစ်ကတည်းက သေခြင်းနဲ့ ရှင်ခြင်းဟာ ကျနော်တို့အတွက် ဘာဆန်းလို့လဲ ဆရာကြီးရာ...။ ဒါပေမယ့် ၀မ်းနည်းတာက တပ်ထဲမှာ အနီးကပ်ဆုံး ရန်သူတွေဟာ ကျနော်တို့ ရဲဘော်တွေရဲ့ နောက်ကြောမှာ ရှိနေတယ်ဆိုတာကို နောက်ကျမှ သိရတဲ့အတွက်ပဲ"လို့ ပြောပြီး ခွက်ထဲကို အရက်ထပ်ဖြည့်လို့ သောက်ပြန်တယ်။

ပြီးတော့... ဘယ်သူ့မှ စကားမပြောတော့ပဲ အရက်ကိုပဲ တစ်ခွက်ပြီး တစ်ခွက် သောက်နေတယ်။ အာမီရမ် တစ်ပုလင်းကို သောက်တာများ နာရီဝက်တောင် ကြာမယ်မထင်ဘူး။ အရက်လဲကုန်ရော သာထွန်းကျော်က တပ်ရေးဗိုလ်ကြီးကို ကြည့်ပြီး "ပြီးပြီဗိုလ်ကြီး သတ်တော့..."လို့ ပြောပြီး သူ့တွင်းဝမှာ တွင်းဖက်ကို မျက်နှာမူပြီး ဒူးထောက်သွားထိုင်လိုက်တယ်။ တပ်သားနိုင်ဝင်းကိုတော့ တွင်းဝရောက်အောင် တပ်ထိန်းနှစ်ယောက်က အတင်းဆွဲယူရတယ်။ ထိုင်ခိုင်းလို့လဲမရဘူး...။ မျက်လုံးကို အ၀တ်စည်းပြီး မြန်မြန်ပဲ ပစ်သတ်လိုက်ရတယ်။ သာထွန်းကျော်ကတော့ သူ့ဘေးမှာ လူတစ်ယောက်ကို ပစ်သတ်နေတာကိုသူနဲ့ မဆိုင်သလိုပဲ...။ ဒူးထောက်ထိုင်ပြီး တွင်းထဲကိုပဲကြည့်နေတယ်။

တပ်ထိန်းတစ်ယောက်က သာထွန်းကျော်ရဲ့ မျက်လုံးကို အ၀တ်စည်းဖို့သွားတော့... "ရတယ် မလိုဘူး... ရဲဘော်တစ်ယောက်သေသွားတာကို မြင်နေကျတဲ့ ရဲဘော်တွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး သေသွားချင်တယ်" လို့ပြောပြီး အ၀တ်အစည်းမခံဘူး...။ အဲဒါနဲ့ တပ်ရေးဗိုလ်ကြီးလည်း အ၀တ်မစည်းဖို့ အမိန့်ပေးလိုက်ရတော့တယ်။

ဒူးထောက်ထိုင်နေတဲ့ သာထွန်းကျော်ရဲ့ နောက်ကြောမှာ ကျုပ်ရပ်လိုက်တယ်။ "အနီးကပ်ဆုံး ရန်သူဟာ ကျနော်တို့ ရဲဘော်တွေရဲ့ နောက်ကြောမှာ ရှိနေတယ်"ဆိုတဲ့ ခုနကတင် ပြောခဲ့တဲ့ သာထွန်းကျော်ရဲ့ စကားကို ပြန်ကြားမိတော့... ကျုပ်ကိုယ်ကြီးဟာ စာခြောက်ရုပ် တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်သွားတယ်။ ကျုပ်လက်ထဲမှာ "ကာဘိုင်"ကို ပစ်ခတ်ရန် အသင့် ချိန်ထားတယ်။ သေနတ်ကို ကိုင်ထားတဲ့ ကျုပ်လက်တွေ မတုန်အောင် သတိထား ထိန်းနေရတယ်။ 'ထွေကာ' ကွင်းထဲက ခလုပ်ပေါ် တင်ထားတဲ့ လက်ညှိုးဟာ ချွေးတွေနဲ့ စီးနေတယ်။

ဒီသေနတ်နဲ့ပဲ တိုက်ပွဲတွေအကြား သာထွန်းကျော်နဲ့ ရင်ဘောင်တန်းလို့ ရန်သူတွေကို တိုက်ခဲ့တယ်။ သတ်ခဲ့တယ်...။ အခု... ဒီသေနတ်နဲ့ပဲ...။ အတွေးမဆုံး...။

မျက်ဝန်းထောင့်စွန်းက တပ်ရေးဗိုလ်ကြီးရဲ့ ပစ်ရန် အချက်ပြလိုက်တာကို တွေ့လိုက်ရတယ်။ မောင်းပေါ်က လက်ညှိုးကို ကျုပ် ကွေးလိုက်တယ်။ ကျုပ်သေနတ်ပြောင်းဝက ကျည်ဆံထိပ်ဖူးတစ်ခု ကန်ထွက်သွားပြီး သာထွန်းကျော်ရဲ့ ညာဘက် နားရွက်နောက်က ဦးခေါင်းခွံအတွင်းကိုဖောက်ဝင်သွားတာ တွေ့လိုက်ရတယ်။ ကျည်ရဲ့ အရှိန်ကြောင့် သာထွန်းကျော်ရဲ့ ဦးခေါင်း အရှေ့ကို ငိုက်ကျသွားတယ်။ ဦးနှောက်ကို ဖောက်ဝင်သွားတဲ့ ကျည်ရဲ့ အရှိန်ကြောင့် အရှေ့ကိုငိုက်ပြီး တွင်းထဲကို လိမ့်ကျသွားလိမ့်မယ်လို့ ကျုပ်ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်သလို ဖြစ်မသွားဘူး...။ ငိုက်သွားတဲ့ ဦးခေါင်း... ယိုင်သွားတဲ့ ခန္ဓာကိုယ်ကို သာထွန်းကျော်ဟာ ပြန်ထိန်းလိုက်တယ်။ နည်းနည်းလေးယိမ်းနေတာက လွဲလို့ သာထွန်းကျော်ဟာ မပစ်ခင်က အတိုင်း ပြန်မတ်လာတယ်။ ပြီးတော့...။ ပြီးတော့...။ ကျုပ်ဖက်ကို ခေါင်းကို လှည့်ပြီး ကြည့်တယ်။ ကျုပ်ပစ်ထားလို့ သာထွန်းကျော်ရဲ့ ဘယ်ဘက်မေးရိုးဟာ ပွင့်ထွက်နေပြီ။ ပါးစပ်ထဲမှာလဲ သွေးတွေနဲ့ ပြည့်နေတယ်။ ကျုပ်ကို စကားလှမ်းပြောတယ်။ ပါးစပ်ထဲမှာ သွေးတွေ ပြည့်နေတော့ စကားသံက လုံးနေတယ်။ မျက်လုံးတွေက ကျုပ်ကို စိုက်ပြီး ကြည့်နေတယ်။ သူ့မျက်ဝန်းထဲမှာ စကားလုံးတွေ အများကြီး...။ အဓိပ္ပါယ်တွေ အများကြီး။ အဲဒီအကြည့်...။ အဲဒီမျက်ဝန်းတစ်စုံရဲ့ အကြည့်...။ ကျုပ် ရင်မဆိုင်ရဲတော့ဘူး...။ မောင်းကွင်းထဲက လက်ညှိုးကို ကျုပ် ဆက်ခါ ဆက်ခါ ဆွဲညှစ်လိုက်တယ်။ သာထွန်းကျော်ရဲ့ မျက်ဝန်း နှစ်စုံရဲ့ ကြား နှာတံအရင်းမှာ ကျုပ်သေနတ်ပြောင်းက ကျည်ဖူးတွေ ဖောက်ဝင်သွားတယ်။ ကျုပ်ဘာမှ မသိတော့ဘူး...။ ကျုပ်တစ်ကိုယ်လုံး ချွေးတွေနဲ့ အေးစက်နေတယ်။ တပ်ရေးဗိုလ်ကြီးက ကျုပ်ပခုံးကို သူ့လက်နဲ့ တင်းတင်း လာညှစ်တယ်။ အားပေးတာလား... သတိပေးတာလား မသိဘူး...။ ကျုပ်သူ့ကို မော့ကြည့်လိုက်တော့... သူကလည်း ကျုပ်ကို ကြည့်နေတယ်။ ကျုပ်ကို ကြည့်နေတဲ့ တပ်ရေးဗိုလ်ကြီးရဲ့ မျက်ဝန်းတွေဟာလည်း သာထွန်းကျော်ရဲ့ မျက်ဝန်းတွေလိုပါပဲလား....။ ။

"သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ..."

မျက်ဖြေလင်္ကာ
(အနန္ဒသူရိယအမတ်)


(၂၀၀၅ခုနှစ် နိုဝင်ဘာလအတွင်းက ခြေမြန်တပ်ရင်း အမှတ် (၃)၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အမှန်အား ပြန်လည် ရေးဖွဲ့ခြင်း ဖြစ်ပါသည်။
ထိုစဉ်က ခြေမြန်တပ်ရင်းအမှတ်(၃)၏ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးမျိုးဝင်းသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ကိုယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။)


(မင်းဆွေသစ်)


မှတ်ချက် ။ ။ http://ghre.org မှ ကူးယူ မျှဝေပါသည်။