Wednesday, March 4, 2009

ရန်ကုန်မြို့တွင်း တနာရီခန့် ခြားပြီး ဗုံးနှစ်လုံး ဆက်ပေါက်ကွဲ (ဗီဒီယိုပါ)

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ 04 2009 09:19 - မြန်မာစံတော်ချိန်



ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ စမ်းချောင်း၊ ပဒုမ္မာ ပန်းခြံဝင်းအတွင်း ဗုံးပေါက်ကွဲပြီး တစ်နာရီဝန်းကျင် အကြာတွင် လှည်းတန်းမှတ်တိုင်ရှေ့တွင် နောက်ထပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။

မတ်လ (၃) ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်တွင် စမ်းချောင်း ပဒုမ္မာပန်းခြံအတွင်း၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း ပေါက်ကွဲမှု ပြင်းထန်ကြောင်း မိုင်ဝက်ခန့် အကွာအဝေးမှပင် ကျယ်လောင်စွာ ကြားရကြောင်း မျက်မြင်သက်သေများက ပြောသည်။

အခင်းဖြစ်ပွားရာသို့ မဇ္ဈိမ သတင်းထောက် ရောက်ရှိချိန်တွင် လုံခြုံရေးများ ၊ စစ်ထောက်လှမ်းရေးများ ယာဉ်ထိန်းရဲများနှင့် နယ်မြေရဲများဖြင့် ရှာဖွေနေသော်လည်း လုံခြုံရေး တင်းကျပ်ထားခြင်း မရှိသောကြောင့် ပတ်ဝန်းကျင်မှ လာရောက် ကြည့်ရှုနေသည်ကို တွေ့ရသည်။ ပေါက်ကွဲမှုမှာ ပန်းခြံအနီး ဈေးဆိုင်တန်းရှိ ဆိုင်အမှတ် (၂၄) နှင့် (၂၅) ရှေ့ တွင် ဖြစ်ပွားခဲ့သည်ဟု လုံခြုံရေး တာဝန်ကျသူ တစ်ဦးက အတည်ပြုသည်။

ည ၁၁ နာရီတိတိ အချိန်တွင် လုံခြုံရေး တပ်လှန့်မှုကြောင့် ပန်းခြံဝင်းအတွင်း ရှာဖွေနေသော တပ်ဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများ အားလုံး ကမာရွတ် လှည်းတန်း မီးပွိုင့်ဘက်သို့ အပူတပြင်း ထွက်ခွာသွားကြသည်။

ကမာရွတ်လှည်းတန်း ရန်ကုန်-အင်းစိန်ကားလမ်းမ အင်းစိန်ဘက်အသွား မှတ်တိုင်တွင် ထပ်မံ ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ရာသို့ မြေနီကုန်းမှလာသော တာဝန်ရှိသူများ ရောက်လျှင်ရောက်ခြင်း ရန်ကုန် အင်းစိန်လမ်းမကြီးအား ယာဉ်သွားလာမှု ဖြတ်တောက်လိုက်သည်။

ပေါက်ကွဲမှုမှာ ည ၁၀ နာရီ ၅၀ အချိန်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း စံရိပ်ငြိမ်မှတ်တိုင် အကျော် (မိုင်ဝက်ခန့် အကွာအဝေး) မှပင် ကျယ်လောင်စွာ ကြားရကြောင်း သက်သေတစ်ဦးက ဆိုသည်။

စံရိပ်ငြိမ်မှတ်တိုင်နှင့် လှည်းတန်းမှတ်တိုင်အကြား (၀င်းစားသောက်ဆိုင်အနီး)တွင် ကားလမ်းကို ပိတ်ဆို့ ထားလိုက်သည်ကို တွေ့ရသည်။

လှည်းတန်းမှတ်တိုင် (အင်းစိန်ဘက်သို့ သွားသည့်အခြမ်း) ရှိ ယာဉ်ထိန်းရုံးရှေ့ တွင်ရှိသော ကွန်ပျူတာမိတ္တူ ဆိုင်ရှေ့ တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲချိန်တွင် မြို့ထဲဘက်မှလာသော ၉၇ လိုင်းကားမှာ အဆိုပါဆိုင်ရှေ့ တည့်တည့်တွင် ရပ်နားကာစဖြစ်ကြောင်း ကားပေါ်တွင် လူရှစ်ဦး ခန့်သာပါပြီး ထိခိုက်မှု မရှိကြောင်း ၊ အနီးတွင် တဆက်တည်းရှိသော ကားမှတ်တိုင်မှ အမိုးများ ပေအတော်များများ မြင့်တက်သွားကြောင်း ပေါက်ကွဲမှုဖြစ်ပွားရာ ကားလမ်း၏ တဘက်ရှိ အရောင်းဆိုင်တခုမှ ပြောသည်။

အခင်းဖြစ်ပွားရာသို့ လှည်းတန်း ပတ်ဝန်းကျင်မှ လူအများအပြား လာရောက်ကြည့်ရှုကြရာ ရဲများက နှင်ထုတ်ခဲ့ကြသည်။ အချို့ ရဲများက လာရောက်ကြည့်ရှုသူများအား တွန်းထိုးနှင်ထုတ်မှုကြောင့် ပဋိပက္ခများ ဖြစ်ပွားနေသည်ကို တွေ့ရသည်။


ဗီဒီယို ကြည့်ရန်



မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။