Friday, February 13, 2009

“ဆွံ့ အခြင်း”

“ဆွံ့ အခြင်း”


ဗိုလ်ချုပ်ရေ

ဗိုလ်ချုပ်ရေ လို့ တကြော်ကြော်

အော်ခေါ်ချင်ပေမယ့်

အသံဟာ ရင်ဝမှာတစ်ဆို့ သွားတယ်…



အဘပေးခဲ့တဲ့တိုင်းပြေမှာ

အဘမွေးခဲ့တဲ့ အာဇာနည်စိတ်ဓါတ်နဲ့

အဘ သားမြေးတွေ အာဇာနည်ဆန်ဆန်

တိုက်ပွဲဝင်နေကြရတုန်းပါအဘ…



အဘချစ်ခဲ့တဲ့ လူမျိုး

ဒီတခေတ်မှာ အဖြစ်ဆိုး

လေနှင်ရာပါသွားတဲ့ ဖုန်မှုန့်လေးတွေလို

နေရာအနှံ့ပြန့်ကျဲ

အမျိုးဂုဏ်ဟာ အဘမြှင့်ခဲ့သလို

မမြင့်နိုင်တော့တာ အဘသိများသိရင်…



သခင်အောင်ဆန်း

သခင် ၊ သခင်မတွေ

သခင်တွေလက်နဲ့ စိုက်ခဲ့တဲ့ စိတ်ဓါတ်သစ်ပင်

ကျောက်ဖြစ်ရုပ်ကြွင်းတခုလိုသာ

ပြတိုက်မှာတွေ့ နိုင်တော့တာများ

အဘတို့ များမြင်ရင်…



ကြားယောင်နေမိတုန်း

ရွာကယောင်ထုံးနဲ့ဘိုးလေးရဲ့စကား

အားနဲ့ မာန်နဲ့သူပြောလိုက်ပုံများ

“ငါ့မြေး ကမ္ဘာမှာ မြန်မာဟာ ဂုဏ်မငယ်ပါဘူးကွာ”တဲ့

ကဲ…




ရဲဝင့်သူ

ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း) မွေးနေ့အမှတ်တရရေးဖွဲ့သည်။



မှတ်ချက် ။ ။ http://www.yewintthu.co.cc မှ ကူးယူ မျှဝေပါသည်။