Tuesday, February 10, 2009

ကြက်တူရွေး ဗိုလ်ချုပ်များ

မင်းအောင်နိုင်
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 09 2009 19:35 - မြန်မာစံတော်ချိန်


ငယ်ငယ်တုန်းက စာကျက်ချိန်၊ စာပြန်ချိန်တိုင်း ဆရာမိဘတို့၏ ဆိုဆုံးမ စကားတခွန်းကို အမှတ်ရမိသည်။ "ကြက်တူရွေး စာအံသလို မလုပ်နဲ့" ဟု ဆိုကြလေသော စကားဖြစ်ပါသည်။ စာအုပ်ဖွင့်ကာ အော်ဖတ်မှတ်ပြီး၊ 'ဤ' - 'သည်' မရွေး တောက်ရှောက်ပြန်၍ အလွတ်ဆိုပြနိုင်လေခြင်းကို သတိပေးစကား ဖြစ်သည်။

စာ၏ အဓိပ္ပာယ်အမှန်ကို နားလည် သဘောပေါက်ရန်နှင့် စာကို အလွတ်ပြန်ရွတ်ပြနိုင်တိုင်း ကောင်းသည်မဟုတ်။ မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ်ဉာဏ်များကိုလည်း အသုံးချကာ ဖတ်မှတ်ပြန်ဆိုနိုင်ရန် သတိပေးခြင်း ဖြစ်သည်။ ကြက်တူရွေးဆိုသည့် သတ္တ၀ါမှာ သူ့ကို သခင်က နှုတ်တိုက် သင်ပေးထားသော စကားတခွန်းကိုသာ အာဂုံဆောင်၍ အလွတ်ရွတ်ပြနေတတ်သည့် ပုံကို ဥပမာပေး ပြောလေခြင်း ဖြစ်၏။

စာအုပ်ကြီးများမှ စာသားအကောင်းစားများကို အသေကျက်မှတ်ကာ ကိုးကားကောက်နုတ် ပြောဆိုတတ်သော သူငယ်ချင်းများကိုလည်း ကြက်တူရွေးကောင်ဟု ကျနော်တို့ နောက်ပြောင်ခဲ့ကြဖူးသည်။

လူစင်စစ်က ကြက်တူရွေးဖြစ်ကာ ကြက်တူရွေးလို နှုတ်တိုက်သင်ပေးထားသမျှ စကားများသာ တွင်တွင်ပြောလေသော ခေတ်သစ်လူ ကြက်တူရွေးများကို မြန်မာနိုင်ငံတွင် တွေ့ရနိုင်ပါသည်။

ကြက်တူရွေးအစစ်များနှင့် မတူသည့် ထိုကြက်တူရွေး ဗိုလ်ချုပ်များ၏ အားသာချက်မှာ အုပ်စုဖွဲ့ကာ သင်ပေးလိုက်သမျှ အာဂုံဆောင်၍ ရွတ်ပြတတ်ခြင်းပင်။

ထိုကြက်တူရွေးများ၏ အုပ်စုဗိုလ်မှာ အလိမ်တကာ့ထိပ်ခေါင် ၀န်ကြီးတပါးဖြစ်သည်။ အဖွဲ့ဝင်များကား ဘာမေးမေး မဖြေတတ်၊ မဖြေနိုင်။တေမိဝန်ကြီးတဦးနှင့် တလောကလုံးကို ရန်လိုနေသည့် မျက်နှာပေးနှင့် မယဉ်ကျေးသော ယဉ်ကျေးရေးဝန်ကြီးဖြစ်သည်။

အုပ်စုဗိုလ် ကြက်တူရွေးမှာ အာပေါင်အာရင်းသန်သန်နှင့် ပါးစပ်မှ အမြှုပ်ထွက်သည်ထိ တဖက်လူ မျက်နှာတံတွေး စင်အောင်ပင် စွမ်းစမ်းတမံ အာဂုံဆောင်ထားသမျှ မမောတမ်း ပြန်ရွတ်ပြနိုင်၏။

ထိုကြက်တူရွေးအုပ်နှင့်အတူ အာဂုံဆောင် ရွတ်ပြတတ်သော တကိုယ်တော် ကြက်တူရွေးတကောင် ရှိသေးသည်။ ထိုအကောင်မှာ အထက်က ဆိုခဲ့သော သုံးကောင်ထက် အရေးအရာ ပိုပါ၏။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်ဆိုသူ ဂမ်ဘာရီ မြန်မာပြည်လာလေတိုင်း ကြက်တူရွေးက အလွတ် ပြန်ရွတ်ပြကြရ၏။ ထိုပုဂ္ဂိုလ် ဂမ်ဘာရီ ဆိုသည်မှာလည်း ယခုတကြိမ် မြန်မာပြည် လာသွားသည်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် ရှိလေပြီ။ ၇ ကြိမ်၊ ၇ လီ အဆော်ခံရပြီး ဖြစ်သော်လည်း မမှတ်သေး။ နောက်တခေါက် ပြန်လာကာ ကြက်တူရွေးများ အာဂုံဆောင် ရွတ်ပြသည်ကို နားထောင်လိုသေးကြောင်း စကားဦး သန်းသွားခဲ့သည်။

ရှက်တတ်ရမှန်း မသိသော ကြက်တူရွေး ဗိုလ်ချုပ်များက ဂမ်ဘာရီကို ကျီးအာသလို ၀ိုင်းအာလိုက်ကြသည်မှာ .

ရန်ကုန်နှင့် ယင်းတို့ ပို့သမျှ မုန်တိုင်းသင့် ဒေသအချို့သာ သွားခဲ့ရလေသော ဂမ်ဘာရီကို "ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဖော်ဆောင်အောင်မြင်မှု အခြေအနေများ၊ ယနေ့ ပြည်သူအများစုရဲ့ ဆန္ဒသဘောထားများ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ဖြစ်တယ်လို့ ယူဆမိပါတယ်" ဟူသော စကားမှာ လက်တွေ့ သိမြင်ကြုံနေရသော မြန်မာပြည်သားများ အတွက်မှာကား ရယ်စရာသာ ဖြစ်နေတော့သည်။

လျှပ်စစ်မီးပင် မှန်အောင် မပေးနိုင်သော အခြေအနေတွင် "နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဘက်စုံထောင့်စုံမှ အလေးထား ဆောင်ရွက်ပေးလျက် ရှိပါတယ်" ဟု ပြောထွက်ခဲ့ပြန်သေး၏။

တကယ်တမ်းတွင် သူတို့နှင့် ပလဲနံပသင့်ရာ စစ်အစိုးရ အလိုတော်ရိ ထိုလက်တဆုပ်စာ စီးပွားရေးသမားများနှင့် စစ်တပ်မိသားစု အသိုင်းအ၀ိုင်းများသာ ကိုယ်စီအကျိုးစီးပွား ဖြစ်ထွန်းနေကြပါသည်။ ၅၈ သန်းသော ကျန်ပြည်သူများမှာ ထူးမခြားနား ဇာတ်ခင်းနေကြရသည်မှာ ပြည်သူထဲမှ ပြည်သူများသာ သိပါသည်။

သူတို့ဘာသာ ရေးဆွဲ၊ သူတို့ဘာသာ အာဏာဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သော အခြေခံဥပဒေ မူကြမ်းကိုလည်း "ပြည်သူလူထုကလည်း အခြေခံဥပဒေ မူကြမ်းကို ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းနဲ့ တခဲနက် ထောက်ခံ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်" ဟု အရှက်မဲ့စွာ ပြောပြန်ပါသည်။

နိုင်ငံရေး အကျဉ်းသားများကို သူတို့ပါးစပ်ထဲရှိသည့် ပုဒ်မများနှင့် အမှုဆင် ထောင်ချခဲ့သည်ကိုလည်း "ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နေရသော်လည်း အခြားတဖက်က သဘောထားကြီးကြီး ထားပြီး စိတ်နှလုံးကောင်းနှင့် ယှဉ်ကာ သူတို့ရဲ့ ပြစ်ဒဏ်များ လျှော့ပေါ့ရေးကို အမြဲတမ်း စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါတယ်" ဟု လျှာအရိုးမရှိတိုင်း ဆိုပြန်ပါသည်။ ထိုနိုင်ငံရေး အကျဉ်းသားတို့အတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများကို မတရား အမှုဆင် ထောင်ချထားပြီးဖြစ်၍ အယူခံတင်ခွင့် ဆုံးရှုံးနေပါလျက်ကယ်နှင့် "ဥပဒေနှင့်အညီ အယူခံ တင်သွင်းလာမယ်ဆိုရင် ဆိုင်ရာ တရားရုံးတွေကလည်း ဥပဒေနှင့်အညီ ပြန်လည်၍ စဉ်းစားဆောင်ရွက် ပေးသွားမှာသာ ဖြစ်ကြောင်း ပြာကြားလိုပါတယ်" ဟု မစားရ၀ခမန်း ဆိုပြန်ပါသည်။

မြန်မာပြည်လာသမျှ အချိန်တိုင်း ဘာမှမထူး၊ ယင်းတို့ အာဂုံဆောင် ရွက်ပြလေသမျှ နားထောင်ကာ မျက်စိသူငယ် နားသူငယ်နှင့် အူလည်ဝေ့လည် ပြန်သွားရလေသော ဂမ်ဘာရီကိုလည်း ..

"အတွင်းရေးမှူးချုပ်ကိုယ်စား အဆွေတော် လာရောက် ဆောင်ရွက်နေသော အကျိုးဆောင်မှု လုပ်ငန်းများ အဆင်ပြေနေပြီလို့ ယူဆပါတယ်" ဟု အရှက်မရှိ ပြောထွက်ရဲပြန်ပေသည်။

မြန်မာပြည်လာသမျှ အခါတိုင်း အရှုံးများ ရင်ဝယ်ပိုက်ကာ ပြန်သွားရလေသည့် ဂမ်ဘာရီကို အရူးလို သဘောထားကာ လှည့်စားပြောလေသည့်နောက် ကြက်တူရွေး တကောင်မှာ …

"နာဂစ်လေဘေးကြောင့် အကူအညီလိုနေသည့် ဒေသများသို့ သွားကြပါလေသော ဒေသများမှ လမ်းများ ပျက်စီးသည်ကို တပေါက်ပေါက် တပေါက်ဖာ စနစ်ဖြင့် သွားရန်၊ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်ချိန် ပြည်ပရောက် နိုင်ငံသားတို့ကို အလုပ်လက်မဲ့ဖြစ်မှာ မပူပါနှင့်၊ ကိုယ့်နိုင်ငံကို ပြန်လာခဲ့ပါ။ အလုပ်များ ပေါပါသည်" ဟု စာကို ဖတ်ပြခဲ့သည့် ကြက်တူရွေး ချုပ်ကြီးဖြစ်၏။ အဆိုပါ ကြက်တူရွေး အကြီးစားသည် ဆရာကိုတာ ပြောသလို ဖြန့်ထွက်တွေးရန်နှင့် ဆရာကျော်ဝင်း စကားအရ ဦးနှောက်ကို မုန်တိုင်းဆင်ရန် မသိပါဘဲ၊ သူများ ပြောခိုင်းသမျှ အလွတ်ပြန်ရွတ် ပြလေသော ကြက်တူရွေးတကောင်သာ ဖြစ်ချေ၏။

ဂမ်ဘာရီနှင့် တွေ့ဆုံခဲ့စဉ်ကလည်း "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြု ပေးထားသော ပြည်သူအများစု၏ ဆန္ဒကို ဦးစားပေး၊ အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း" ဟု ထိပ်ပါမက မျက်နှာပါပြောင်ဖြင့် ပြောထွက်ရဲခဲ့လေ၏။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည်မှာ သူတို့လူ သူတို့ သဘောဖြင့် အတည်ပြုထားခြင်းဖြစ်၍ သူတို့ဆန္ဒကိုသာ ဦးစားပေးလုပ်သွားမည်ဟု ဆိုရပေမည်။

"လူ့အခွင့်အရေး ဆုံးရှုံးထိခိုက်စေသည့် ဗီဇာပိတ်ပင်ထားမှုများကို ကုလသမဂ္ဂ အနေဖြင့် ဖယ်ရှားအောင် ဦးစွာကြိုးပမ်းသင့်ကြောင်း" ဟူ၍လည်း မရှက်တမ်း ပြောထွက်ခဲ့ပြန်သေးသည်။ သူတို့ စစ်ဗိုလ်ချုပ်များသာ ဗီဇာ အပိတ်ခံထားရခြင်း ဖြစ်ရာ သူတို့အတွက် ဆုံးရှုံးနေသော လူ့အခွင့်အရေးကိုမူ အလေးအနက်ထား တောင်းဆိုတတ်လေသည်ကို တွေ့ရသည်။

မိမိ တိုင်းသူပြည်သားများကို ဖိနှိပ်အုပ်ချုပ် နှိပ်စက်ဝံ့သော်လည်း ကိုယ့်အလှည့်ကျတော့မူ အနာမခံနိုင်ပုံ၊ အရေးယူ ပိတ်ဆို့ထားမှုများ သနားသောအားဖြင့် ပြန်လည် ဖယ်ရှားပေးပါရန် မျက်ရည်ခံထိုးသည့် စကား ပြောခဲ့ပြန်သေးသည်မှာ .. "ခြေနှစ်ဖက်ကို ကြိုးများဖြင့် ချည်နှောင်ထားပြီး၊ မြန်မြန် မပြေးခိုင်းပါနှင့် ကြိုးများ ဖြေပေးပါ" ဟု ဆိုပြန်သေးသည်။ သင်ပေးထားသော စကား အလွတ်အာဂုံဆောင် ပြန်ရွတ်ပြနိုင်လေသော ကြက်တူရွေးပီသစွာ အဆိုပါစကားကို ဂမ်ဘာရီ မမှတ်မိမှာ စိုး၍ထင်၏၊ နှစ်ခါ ပြန်ပြောခဲ့သည်။

ကျနော် ကလေးဘ၀က ကြက်တူရွေးတကောင် မွေးဖူးသည်။ စကားသင်ပေးဖို့ ကြိုးစားသောအခါ အဖွားက "ကြက်တူရွေးတွေက လျှာထူတယ်၊ စကားပြော မြန်မြန်တတ်စေချင်ရင် ငရုတ်သီး ကျွေး၊ ဒါမှ လျှာပါးလာပြီး စကားပြော သွက်လာမှာ" ဟု ပြောခဲ့ဖူးသော စကားကို အမှတ်ရမိသည်။

မြန်မာပြည်က ကြက်တူရွေး စစ်ဗိုလ်ချုပ်များသည် နေပြည်တော်ဒေသထွက် ငရုတ်သီးမျိုးစုံကို နေ့စဉ် စားနေလေရာ ဒေသခံပြည်သူများအဖို့ ငရုတ်သီး ရှားပါး၊ ဈေးတက်လာမည့် ပြဿနာကို စိုးရွံ့နေကြလေသည် ဟူ၏။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။