Tuesday, February 10, 2009

စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ရန်ကုန်မှာစပြီ

မြင့်မိုးဇော်/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ နေရာအနှံ့တွင် စာတန်းများကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံခြင်းနှင့် လူထုတရပ်လုံး ပါဝင်လာအောင် နှိုးဆော်ထားသည့် ထုတ်ပြန်ကြေညာချက်များကို လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့ မှ ရဲဘော်များက လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ခြင်း၊ ကြဲချခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။

“ကျနော်တို့အနေနဲ့ ကတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ဘယ်အဖွဲ့အစည်းကပဲ ဘာပဲလုပ်လုပ် ပြည်သူများအနေနဲ့ ပါဝင်ဆောင်ရွက်စေချင်ပါတယ်” ဟု အဆိုပါ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တွင် ပါဝင်သူ လူငယ်တဦးက ပြောကြားသည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို အကောင်းဆုံးမြေသြဇာအဖွဲ့နှင့် လူထုတိုက်ပွဲ ဖော်ဆောင်ရေး ကော်မတီ (ရန်ကုန်တိုင်း) တို့က ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်ကပင် လူထုအား အသိပေးလှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီမှ ထုတ်ပြန်ထားချက်အရ ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်သည့်ကာလများမှ-
ပထမအကြိမ်- ၁၉၈၉ ခု ဇူလိုင် (၁၉) ရက်မှ ၁၉၉၅ ခု ဇူလိုင် (၁၀) ရက်ထိ၊
ဒုတိယအကြိမ်- ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၁) ရက်မှ ၂၀၀၂ ခု မေလ (၆) ရက်ထိ၊
တတိယအကြိမ်- ၂၀၀၃ ခု မေ (၃၀) ဒီပဲယင်းအရေးအခင်းမှ ယနေ့ထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံသည့်ပုံစံမျိုးမှ လူစုလူဝေးဖြင့် စစ်အစိုးရကို တောင်းဆိုသည့်ပုံစံမျိုးထိ နှစ်သက်ရာ ပုံစံမျိုးစုံဖြင့် ထောက်ခံနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောခဲ့သည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။