Saturday, February 19, 2011

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန် ဦးဆောင်ဆွေးနွေးမည်

ဓာတ်ပုံ AP

မတ်လမှာကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စုက ဦးစားပေး ဦးဆောင်ဆွေးနွေးဖို့ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆူဇန်နိုဆယ်လ် (Suzanne Nossel) က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ပြစ်တင်ရှုတ်ချဖို့ အတွက် ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဆူဇန်နိုဆယ်လ်နဲ့ မနေ့ကတွေ့ဆုံခဲ့တဲ့ USCB လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မူဝါဒရေးရာညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“(၁၆) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကနေပြီးတော့ ပုံမှန် အစီရင်ခံစာ တင်သွင်းတယ်။ အဲဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများကနေ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို တင်သွင်းဖို့ ရှိတယ်။ လောလောဆယ်မှာတော့ အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ အဓိကပါမှာကတော့

တစ်အချက်က - မစ္စတာကင်တားနားရဲ့ mandate ကို ၂ နှစ် သက်တမ်းတိုးဖို့။

နောက်ပြီးတော့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ၆ နှစ် လုပ်ခွင့်ရှိတယ်။ အဲဒီသူ့ရဲ့ သက်တမ်းကို တနှစ်တခါ သက်တမ်း တိုးရတယ်။ ဒီဆုံးဖြတ်ချက်မှာ မစ္စတာကင်တားနားရဲ့သက်တမ်းကို နောက်ထပ် သက်တမ်းတနှစ် တိုးဖို့။

ဒုတိယအချက်ကတော့ မြန်မာနိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အထားတွေနဲ့ တင်ပြပြီးတော့ ပြစ်တင်ရှုတ်ချဖို့ ပါတယ်ပေါ့။ ဒါက သူတို့ဘက်က ရှင်းပြတာပေါ့နော်။”

ဦးအောင်ဒင်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေတင်ပြခဲ့ပါသလဲ။ -

“ကျနော့်ဘက်က ပြန်ပြီးဆွေးနွေးတာကတော့ ကျနော်တို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်မှာ ညှင်းပမ်းနှိပ်စက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ထည့်သွင်းဖို့ မဖြစ်နိုင်ဘူးလားဆိုတော့ သူက လောလောဆယ်မှာတော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။”

ဘာလို့မဖြစ်နိုင်ဘူးလို့ ပြောတာလဲ။ -

“သူရှင်းပြတာကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ကမ္ဘာ့နိုင်ငံများက သုံးသပ်ပြီးတော့ အကြံပြုချက်တွေ တင်ခဲ့ကြတာရှိတယ်။ အဲဒီအကြံပြုချက်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်အစိုးရက လာမယ့် လူ့အခွင့်အရေးကောင်စီ ဇွန်လအစည်းအဝေးမှာ ပြန်ပြီးတော့ ရှင်းပြမယ်။ အဲဒီအခါကျတော့ ကမ္ဘာ့နိုင်ငံ အတော်များများက မြန်မာစစ်အစိုးရက သူတို့ရဲ့ အကြံပြုချက်တွေကို လိုက်နာ မလိုက်နာဆိုတဲ့ အချက်အပေါ်မှာ လာမယ့် ဇွန်လအထိ စောင့်ကြည့်ချင်တဲ့ သဘောထား ရှိတယ်ပေါ့ဗျာ။ အဲဒါကြောင့်မိုလို့ ဒီမတ်လမှာ ကျင်းပမယ့် အစည်းအဝေးမှာတော့ commission of inquiry ပေါ့နော်၊ စုံစမ်းရေးကော်မရှင် ဖွဲ့ရေးကိစ္စကို ထည့်သွင်းဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။”

အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးနဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ကိစ္စ တခုတည်းလား၊ ဒါမှမဟုတ် တခြားဘာတွေများ ဦးအောင်ဒင်တို့အနေနဲ့ ထည့်သွင်း ဆွေးနွေးခဲ့ပါသေးလဲ။ -

“ကျနော်တို့ အဓိကဦးစားပေးကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးပဲခင်ဗျ။ ဒါကတော့ အင်မတန်အရေးကြီးတဲ့ ကိစ္စကိုး။ သူတို့ကို ကျနော် ထပ်ပြီးရှင်းပြခဲ့တယ်။ အမေရိကန်အစိုးရကိုယ်နှိက်က ဒီကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းဖို့ကိစ္စကို တရားဝင် ထောက်ခံထားပြီးသားပါ။ ပြီးတော့လည်း အခုချိန်ထိကို နိုင်ငံပေါင်း ၁၄ နိုင်ငံက ထောက်ခံနေတာ ဖြစ်တယ်။ ဆိုတော့ ဒီစုံစမ်းစစ်ရေးကော်မရှင်ရဲ့ အရေးကြီးမှုဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးအတွက် နအဖကို ဖိအားပေးတာဖြစ်သလိုပဲ အခြားအရေးကြီးတဲ့အချက်က နအဖ လက်ရှိကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ၊ ကျူးလွန်နေဆဲ ရာဇ၀တ်မှုတွေ၊ ကျူးလွန်ဦးမယ့် ရာဇ၀တ်မှုတွေကို ဟန့်တားဖို့ ဖြစ်တယ်။

“အဲဒီဒုတိယအချက်ကို ထပ်ပြီးတော့ သူတို့ကို ကျနော် ရှင်းပြတယ်။ နအဖက အခုသူ့ရဲ့ အခြေခံဥပဒေမှာ သူ့ကိုယ်သူ ပြီးခဲ့တဲ့ ရာဇ၀တ်မှုတွေကနေ သက်ညှာခွင့်ပေးထားပြီးသား။ ရှေ့သက်တမ်းမှာလည်း အပြစ်ကျူးလွန်သူတွေကို ဆက်ပြီးအကာအကွယ်ပေးနေဦးမှာပဲ။ နောက်တခုက ဒီလိုမျိုး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတဲ့ကိစ္စက တချို့အမြင်မှာကျတော့ ကလဲ့စားချေဖို့ဆိုပြီး တွေးကြတာရှိတယ်လေ။ အဲဒါက ကလဲ့စားချေတာမဟုတ်ဘဲနဲ့ ဥပဒေဘောင်ထဲကနေပြီးတော့ တရားမျှတမှုကို တောင်းဆိုတာ။ မြန်မာနိုင်ငံထဲမှာရှိတဲ့တရားဥပဒေတွေက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို အထောက်အကူပြုတဲ့ တရားစီရင်ရေးစနစ် ဖြစ်တဲ့အခါကျတော့ မြန်မာနိုင်ငံထဲမှာ ဥပဒေဘောင်ထဲကနေ တရားမျှတမှုကို တောင်းဆိုဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့်မိုလို့ နိုင်ငံတကာဥပဒေကြောင်းအရ တရားမျှတမှုကို တောင်းဆိုတာပေါ့။ ကလဲစားချေရေးလို့မြင်တာတွေက မှားတယ်ဆိုတဲ့အကြောင်း ကျနော် သူ့ကိုထပ်ပြီးတော့ ရှင်းပြခဲ့တယ်။”

ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော ဒီရှင်းပြချက်တွေကို လက်ခံတဲ့ အနေအထား ရှိရဲ့လား။

“လက်ခံပါတယ်။ သူက ကျနော်ပြောတာတွေအားလုံးကို စာရေးပြီး တင်ဖို့ပြောတယ်။ နောက်ပြီးတော့လည်း ရှေ့မှာဆက်လက်ပြီးတော့ ဆွေးနွေးဖို့ အကြံပြုတယ်။ အဓိကကတော့ သူတို့ဘက်က ဒီကိစ္စတွေအပေါ်မှာ မသဲကွဲတာ မဟုတ်ပါဘူး။ တခြားဥရောပနိုင်ငံတွေကို သူတို့နဲ့အတူတူ ရပ်တည်ပြီးတော့ ဒီကော်မရှင် ဖြစ်မြောက်ရေးအတွက် စည်းရုံးတဲ့နေရာမှာ တချို့နိုင်ငံတွေမှာ စောစောကပြောတဲ့ သံသယလေးတွေ ရှိတယ်ဗျာ။ ဒါက ကလဲ့စားချေဖို့လား ဘာလားပေါ့။

အဲဒီမှာ ကျနော်စရှင်းပြခဲ့တာက ကော်မရှင်ဖွဲ့စည်းရေးက အရမ်းကို အရေးတကြီးလိုအပ်တဲ့ ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဟိုးအတိတ်က တရားမမျှတမှု အကြောင်း ခဏထားလိုက်။ လက်ရှိဖြစ်ပေါ်နေတဲ့၊ နောက်ဖြစ်ပေါ်ဦးမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားဖို့အတွက် ကော်မရှင်ဟာ အရေးတကြီး လိုအပ်တယ်။

“ကော်မရှင်ကတော့ စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးပြီးတဲ့အခါကျတော့ ကော်မရှင်က ဘယ်လို အကြံပြုမလဲဆိုတာ ကျနော်တို့က ဘာမှမသိသေးဘူး။ လုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့ အကြံပြုကောင်း ပြုနိုင်တယ်။ သို့မဟုတ်လည်း ယူဂိုဆလပ်တို့မှာ လုပ်ခဲ့သလိုမျိုးပဲ international tribunal လုပ်ဖို့၊ သို့မဟုတ်ရင်လည်း တောင်အာဖရိကမှာ ဖြစ်ခဲ့သလိုမျိုး Truth and Reconciliation Commission ဆိုပြီးတော့ လုပ်ဖို့၊ သို့တည်းမဟုတ်လည်း ကမ္ဘောဒီးယားမှာလုပ်ခဲ့သလိုမျိုး ကုလသမဂ္ဂနဲ့အစိုးရနဲ့ ပူးတွဲထားတဲ့ ကော်မရှင်ခုံရုံးဖွဲ့ဖို့ကိုလည်း ဖြစ်နိုင်တယ်။

ဆိုတော့ ဒါတွေအားလုံးက စုံစမ်းရေးကော်မရှင် လက်ထဲမှာပဲ။ ဆိုတော့ နောက်ဘာဖြစ်လာမလဲဆိုတာ ကြိုတွေးပြီးတော့ နှောင့်နှေးနေမယ့်အစား အခုလုပ်ရမယ့်အလုပ်ကို အရင်ဆုံးအမြန်ဖြစ်အောင် လုပ်ဖို့၊ ဒီလိုလုပ်ဖို့ကလည်း ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို ကျနော်တို့ ထပ်ပြီးတော့ တတ်နိုင်သလောက် ထောက်ခံသွားဖို့ ပြောခဲ့တယ်။”

ကျေးဇူးအများကြီးတင်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံတော်ကိုယ်တိုင်က အကြမ်းဖက်သမားဖြစ်နေပြီလား


ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ | ဒီတပတ် ဆရာဦးဝင်းတင်နဲ့ ဆုံတွေ့စကားပြောဖြစ်တဲ့အခါမှာ အဓိကမေးဖြစ် ပြောဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို စစ်အစိုးရအာဘော် သတင်းစာများကနေပြီးတော့ ကြေကွဲဖွယ် ဇာတ်သိမ်းနဲ့ ကြုံရလိမ့်မယ်လို့ တရားဝင်ခြိမ်းခြောက်လိုက်တာရယ်၊ စီးပွားရေးပိတ်ဆို့မှုများနဲ့ ပတ်သက်တဲ့ သဘောထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ပြစ်တင်ဝေဖန် ပြောဆိုလာတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလ ၁၃၊ ၁၄၊ က စပြီးတော့ စစ်အစိုးရသတင်းစာတွေကနေပြီးတော့ အင်န်အယ်ဒီရဲ့ ဆန်ရှင်အပေါ် သဘောထားနဲ့ ပတ်သက်ပြီး ပြန်လှန် ဝေဖန်တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထည့်လာတယ်။ အဲဒီအထဲမှာ စီးပွားရေးပိတ်ဆို့မှုအပေါ်မှာ ပြန်လှန်ပြီး ပြောဆိုဆွေးနွေး ဝေဖန်ရန်တွေ့နေတာတွေအပြင်ကို ထူးထူးခြားခြား ဘာကို ထည့်ပြောလာသလဲဆိုတော့ ဒီလိုမျိုးစစ်အစိုးရကို ဆန့်ကျင်တဲ့ သဘောထားရှိတဲ့ ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီဟာ သမိုင်းနိဂုံးချုပ်မယ်၊ နိုင်ငံရေးကျဆုံးမယ်လို့ ခြိမ်းခြောက်တဲ့ စကားကို ပြောတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာမှာတော့ ဒေါ်စုကို အင်္ဂလိပ်ဘာသာနဲ့ တိတိကျကျ ပြတ်ပြတ်သားသားကို အသက်အန္တရာယ်နဲ့ ကြုံရမယ်၊ ကြေကွယ်ဖွယ် ဇာတ်သိမ်းနဲ့ ဇာတ်သိမ်းမလှ ဖြစ်လိမ့်မယ်လို့ကို ပြောင်ပြောင်တင်းတင်း ပြောလိုက်တယ်။ အတိအကျ စကားလုံးက She will meet her tragic end လို့ ပြောလိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘာမြင်သလဲဆိုတော့ လက်နက်ကိုင်ထားတဲ့ စစ်အစိုးရက စစ်အာဏာပိုင်တွေက လက်နက်မဲ့တဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကြမ်းဖက်မယ်၊ ရန်မူမယ်လို့ ပြောလိုက်တယ်လို့ မြင်တယ်။ စိုးရိမ်စရာကောင်းတဲ့ သဘောလို့ မြင်ပါတယ်။ ဒါကို ဆရာက ဘာပြောချင်သလဲ။ ဆရာတို့က ဒါကို ပေါ့ပေါ့ဆဆပဲ သဘောထားသလား။

အဲသည်ဆောင်ပါးတွေရဲ့ ဂယက်နဲ့ ကျနော်တို့ သဘောထားကို မပြောခင်မှာ၊ ပြည်သူလူထုဖက်က တုန့်ပြန်မှုကို မပြောခင်မှာ အရင်ဆုံး ဘာကို ပြောချင်သလဲ ဆိုတော့ - သူတို့စစ်အစိုးရရဲ့ သတင်းစာကနေ ဒီလိုမျိုး စကားလုံးတွေ သုံးစွဲပြီး ခြိမ်းခြောက် ရေးသားလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကနေပြီး အလွန်အမင်း စိုးရိမ်သွားပြီးတော့ သူတို့အစိုးရတရပ်အနေနဲ့ စစ်အစိုးရကို တရားဝင် သတိပေးပြောဆိုချက် ထွက်ပေါ်လာတာကို တွေ့ရတယ် လို့ ပြောချင်ပါတယ်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရကို သတိပေးတဲ့ စကားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ စောင့်ရှောက်ပေးဖို့ တာဝန်ဟာ စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တယ်။
မြန်မာပြည်တွင်းက ပြည်သူတွေနဲ့အတူ စိုးရိမ်တယ်လို့ သဘော ပြောလာတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့တွေမှာကော၊ ပြည်သူလူထုတွေ ကြားထဲမှာ စိုးရိမ်မှုတွေ၊ သောကတွေ ပိုပြီး ဖြစ်လာတယ်။ ကျယ်ပြန့်လာတယ်လို့ ကျနော်တို့ ကြုံတွေ့နေရပါတယ်။

သူတို့စစ်အစိုးရ ကျင်းပနေတဲ့ လွှတ်တော်ဆိုတဲ့ ဆီမှာကလည်း ၀န်ကြီးတွေ ခန့်တာတွေ၊ ထွက်တာတွေ၊ အပြောင်းအလဲတွေ ဖြစ်တယ်လို့ သတင်းတွေ၊ ပါးစပ်အပြောတွေကလည်း ပြန့်နှံ့ပြီး တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီလ ၁၇ နေ့က ဆိုရင် ဘယ်လောက်ထိ ကောလဟလတွေက ဖြစ်သလဲ ဆိုတော့ ညကပဲ အင်န်အယ်ဒီပါတီကို ၀င်သိမ်းတယ်၊ ၀င်ဖမ်းတယ် ကြားလို့ သတင်းဌာနတွေက ပြည်သူတွေက ဖုံးဆက်ပြီး မေးကြ၊ မြန်းကြ၊ စုံစမ်းကြတာတွေကိုတောင် ကျနော်တို့ ကြုံကြရတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ စစ်အစိုးရရဲ့ တင်းမာတဲ့ သဘောထား ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာမှာကော၊ ပြည်တွင်းက ပြည်သူလူထုတရပ်လုံးမှာပါ မတည်မငြိမ်နဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောချင်ပါတယ်။

နောက်မေးခွန်းတခုကတော့ ဆရာရယ်။ အခု ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ အင်န်အယ်ဒီရဲ့ နိုင်ငံတာကဆန်ရှင်ပေါ်မှာ လက်ခံတယ်ဆိုတဲ့ သဘောထား၊ ပြီင်္းတော့ နိုင်ငံတကာကလည်း ဆန်ရှင်တွေ၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းမယ်၊ စဉ်းစားမယ် ဆိုရင်လည်း စစ်အစိုးရနဲ့ အပေါင်းအပါတွေနဲ့ တဖက်သတ် တွေ့ဆုံပြီး မဆုံးဖြတ်နဲ့၊ ပြည်သူလူထုထောက်ခံမှုရရှိထားတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်န်အယ်ဒီနဲ့တကွ မဟာမိတ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါလို့ ကမ်းလှမ်းလိုက်တယ်၊ ပြောလိုက်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ အဲသည်လို ပြောတာ ဖြစ်တဲ့အတွက် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးနဲ့ မြန်မာပြည်တွင်းသာမက၊ ပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေကိုပါ ရည်ရွယ်ပြီး ရေးသားလိုက်တယ်လို့ ရှုမြင်မိပါတယ်။ ဒီလိုမျိုး ရှင်းလင်းချက်က ဘာများ လူအများ နားမလည်စေတဲ့ မျက်စိလည်စရာများ ရှိနေလို့လဲ။

ဒါက ရှင်းလင်းပါတယ်။ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်၊ သဘောထားထုတ်ပြန်ချက်က အင်န်အယ်ဒီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေ မပါဝင်ဘဲနဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့တာတွေကို ရုတ်သိမ်းဖို့၊ ပြင်ဆင်ဖို့၊ ဘာပဲ လုပ်လုပ်၊ မစဉ်းစားပါနဲ့၊ မဆုံးဖြတ်ပါနဲ့။ ကျနော်တို့နဲ့ ဆွေးနွေးပါလို့ ပြောလိုက်တာ ဖြစ်တယ်။ ဒါကို အနောက်နိုင်ငံတွေထဲမှာ အရင်ဦးဆုံး လက်ခံတာ၊ အသိအမှတ်ပြုတာက အမေရိကန်နိုင်ငံဖြစ်တယ်။ ဥရောပတို့ အီးယူတို့က ဘာပြောမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါတွေက အမြဲတစိုက်ပြောနေတာက ဆန်ရှင်တွေက ပြည်သူလူထုကို ထိခိုက်တယ်လို့ ပြောတယ်။ ကျနော်တို့ပြောနေတာက ပြည်သူလူထုကို ထိခိုက်တာထက် လူ့အခွင့်အရေးတွေ အမြဲချိုးဖောက်နေတဲ့ ဒီမိုကရေစီရေး တိုင်းပြည်အရေးကို အလေးမထားတဲ့ စစ်အစိုးရကို ထိခိုက်စေတယ် လို့ ပြောတယ်။ ဒါကြောင့် ဆန်ရှင်ကိစ္စကို လျော့ချင်တာပဲ ဖြစ်ဖြစ်၊ တိုးချင်တာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ။ သဘောထားကို တောင်းပါလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့က ပြောချင်တာတခုကတော့ ပြည်သူလူထုတွေ၊ ပြည်တွင်းက တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမား လယ်သမားတွေ အားလုံးမှာ နိုင်ငံရေးချွတ်ခြုံကျမှု၊ စီးပွားရေး ချွတ်ခြုံကျမှု၊ ပညာရေးချွတ်ခြုံကျမှု၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား လယ်သမားအခွင့်အရေးတွေ အားလုံး ချွတ်ခြုံကျမှုတွေ ဖြစ်နေတယ်။ ခံစားနေရတယ်။ လူမှုရေး ကျန်းမာရေး အစစအရာရာ အထွေထွေ ဆင်းရဲ ချို့တဲ့နေရတာတွေ အားလုံးဟာ ဆန်ရှင်ကြောင့်လို့ စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၀ိုင်းပြီး လက်ညှိုးထိုးနေတာကို စစ်အစိုးရလက်အောက်က ပြည်သူလူထုကြီး အားလုံးက တပြိုင်နက်တည်း ခေါင်းတွေ ညိတ်ပြီး ဟုတ်တယ် ဟုတ်တယ်လို့ ပြောနေကြလို့လား။ လူထုက ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုနားလည် သဘောပေါက်နေတယ်လို့ ဆရာက မြင်သလဲ။ ပြောချင်သလဲ။

အခု ကျနော်တို့ သဘောထားထုတ်ပြန်ချက်တွေမှာလည်း ပြောပြီးပါပြီ။ တိုင်းပြည်မှာ အစစအရာရာ ချွတ်ခြုံကျပြီး ဆင်းရဲဒုက္ခမျိုးစုံနဲ့ လွတ်လပ်ရေးတွေ ဆိတ်သုဉ်းနေတာ၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတာဟာ ဆန်ရှင်ဆိုတာထက် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ခြယ်မှုတွေ၊ စီမံခန့်ခွဲမှု ချွတ်ခြုံကျနေတာတွေ ကြောင့်ဖြစ်တယ်။ လက်ဝါးကြီးအုပ် စစ်အုပ်ချုပ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြည်သူတွေက ထင်ထင်ရှားရှား ပြတ်ပြတ်သားသား နားလည်နေပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ လူထုက စစ်အစိုးရကြောင့် သည်လို အထွေထွေဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ လူ့အခွင့်အရေး အလုပ်သမား လယ်သမား အခွင့်အရေးတွေ မရှိလို့ ဆင်းရဲတာ၊ စီးပွားရေးအခွင့်အရေးတွေ မရှိတာကြောင့် တိုင်းပြည် ကြပ်တည်းတာဆိုတာကို သိပြီး ဖြစ်တယ်။ အခုထုတ်ပြန်တာကလည်း ပြည်သူလူထုကို ရှင်းပြတာထက် နားဝေးတဲ့ ပြည်ပက အစုအဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သဘောပေါက်အောင်၊ နားလည်အောင် ရှင်းတာပဲ ဖြစ်တယ်။ ဒါကြောင့် ဘာလုပ်လုပ် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ပါ၊ ဒါကြောင့် ကျနော်တို့က အင်္ဂလိပ်ဘာသာနဲ့ စနစ်တကျ အချက်အလက်နဲ့ သေသေချာချာ ရေးသား ထုတ်ပြန်ရတာဖြစ်တယ်။ ဒါကို နားလည်ကြစေချင်တယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

(ဆက်လက်ဖော်ပြပါမည်)

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ကုလသမဂ္ဂစိုးရိမ်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီအားလုံး ပါဝင်စေဖို့ ကုလသမဂ္ဂကလိုလားကြောင်းနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်မှုတွေ ဆက်ပြီးထားရှိဖို့ တိုက်တွန်းနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရရဲ့အာဘော်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာထဲမှာ ခြိမ်းခြောက်ရေးသားမှုတွေ တွေ့လာရတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စိုးရိမ်စိတ်ပူကြောင်း သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မာတင် နာဆာကီက အခုလိုပြောပါတယ်။

“ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံရေးပါတီအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရဖို့ အစဉ်တစိုက်ထောက်ခံနေတာပါ။ နောင်ကိုလည်း ဆက်ပြီး ထောက်ခံနေမှာပါ။ ဒီလိုပါဝင်ခွင့်မရအောင်လုပ်ဆောင်တဲ့ ဘယ်လုပ်ဆောင်မှုပဲစ်ဖြစ်၊ ဒါမှမဟုတ် ဘယ်ကြေညာချက်မျိုးဖြစ်ဖြစ် ကုလသမဂ္ဂရဲ့ စိုးရိမ်မှု ဖြစ်လာပါလိမ့်မယ်။” - လို့ မာတင်နာဆာကီ ကပြောသွားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရပိုင် သတင်းစာတွေက ဝေဖန်တိုက်ခိုက် ရေးသားလာတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာအစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် အထက်လွှတ်တော်ရဲ့ ရီပါပလစ်ကန်အမတ် မစ်ခ်ျမက်ကောနဲလ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ စိုးရိမ်တဲ့အကြောင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ပြောကြားခဲ့ပါသေးတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကျောက်တလုံးစခန်းကို DKBA တိုက်၊ စစ်ဆင်ရေး ဆက်လုပ်မည်

ဧရာဝတီ | ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။

မြ၀တီ၊ ကော့ကရိတ်၊ ဘားအံ မြို့များသို့ တရက်ခြားပြေးဆွဲနေသည့် ယာဉ်များ။ (ဓာတ်ပုံ - ဧရာဝတီ)

မြ၀တီမြို့ခံ ယာဉ်မောင်းတဦးက “ကားတန်း အဆင်းရက်၊ ကားအစီး ၁၀၀ ကျော် ဆင်းတာ၊ DKBA က နေ့လယ်ပိုင်းမှာ ကျောက်တလုံး စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ထုလို့ နှစ်ဘက်အပြန် အလှန်ပစ်ကြတော့ ကော့ကရိတ်ဆင်းမယ့် ကားထဲက တ၀က်လောက် မြ၀တီဘက် ပြန်သွားရတယ်” ဟု ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်ကျောက်တလုံးစခန်းသည် မြ၀တီခရိုင်အတွင်း တည်ရှိပြီး ၎င်းစခန်းအနီးတွင် နအဖတပ် ခမရ ၃၅၅ နှင့် ၃၅၆ တပ်ရင်းများ အခြေစိုက်သည့်နေရာ ဖြစ်သည်။

ထိုနေ့က တိုက်ခိုက်မှုဖြစ်ပြီးသည့်နောက်ပိုင်း ညဘက်တွင် မြ၀တီမြို့ရှိ ရပ်ကွက် ၅ရပ်ကွက် ကိုလည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်တပ်၊ ရဲ အပါအ၀င် ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် နအဖတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့မှ ကုန်သည်တဦးက ပြောသည်။ ကော့ကရိတ်မြို့ပေါ်တွင်လည်း လုံခြုံရေးတိုးမြှင့်ထားပြီးရပ် ကွက်များအတွင်း ညလုံးပေါက် ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ ရှာဖွေစစ်ဆေးမှု များပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လမ်းကြောင်းကို DKBA အဖွဲ့က ပိတ်ဆို့ဖြတ်တောက်သည့် စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်သောကြောင့် အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ကြရန် ကြိုတင် အသိပေး ပြောကြားမှုများရှိခဲ့သော်လည်း ခရီးသွားများနှင့် ကုန်သည်အများစုမှာ အချိန်ကုန်သက်သာပြီး ခရီးတွင်သည့် လက်ရှိလမ်းကိုသာ အသုံးပြုနေကြသည်ဟု ခရီးသွားများက ပြောသည်။

DKBA တပ်မဟာ ၅ ၏ တပ်မဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်က “လူထုတွေကို အသိပေးလိုတာက မဖြစ်မနေ ခရီးသွားရရင်တောင် သတိထားပြီး သွားလာကြာဖို့၊ နအဖနဲ့ ကင်းကင်းရှင်းရှင်း သွားလာကြဖို့ သတိပေးချင်တယ်။ ဒီစစ်ဆင်ရေးကိုလည်း ဆက်လုပ်သွားမှာ ဖြစ်တယ်။ ကျနော်တို့ရဲ့ပစ်မှတ်က နအဖရဲ့ အာဏာရှင် စစ်ယန္တရားပဲ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက မြ၀တီခရိုင် ဖလူးဒေသနှင့် ကျောက်ခက်ဒေသတွင် DKBA နှင့် နအဖတပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း DKBA ဘက်မှ ပြောသည်။

source by : http://www.bur.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Friday, February 18, 2011

ဒေါက်တာထွန်းရှင် ရှေ့နေချုပ်အဖြစ် အရွေးခံရ

မြန်မာနိုင်ငံမှာ လက်ရှိဒုတိယရှေ့နေချုပ် တာဝန်ယူထားသူ ဒေါက်တာထွန်းရှင် ကို ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်ဖို့အတွက် ရွေးချယ်ခံသမ္မတက အမည်စာရင်း တင်သွင်း လိုက်ပါတယ်။ ဒေါက်တာထွန်းရှင် ဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာမှာ အပြင်းအထန် ခုခံကာကွယ်ပြောဆိုသူ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုအလားအလာ ဘယ်လိုမျှော်လင့်လို့ ရနိုင်ပါသလဲ။

ဒီကနေ့ လွှတ်တော်မှာပဲ မနေ့တုန်းက အဆိုတင်သွင်းခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်ဖို့ကိုလည်း အတည်ပြုလိုက်ပါပြီ။ အပြည့်စုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ဒေါက်တာထွန်းရှင်ဟာ လက်ရှိမှာ ဒုတိယရှေ့နေချုပ်တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်မှာ ပါခဲ့သလို မြန်မာစစ်အစိုးရဖွဲ့စည်းပေးခဲ့တဲ့ လူ့အခွင့်အရေးကော်မတီ မှာလည်း အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအစမှာ မနေ့တုန်းက အမည်စာရင်းတင်သွင်းထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကနေ ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပြီး တဲ့နောက် ဒေါက်တာထွန်းရှင်ကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်ထားဖို့ ရွေးကောက်ခံသမ္မတက အမည် စာရင်း တင်သွင်းလိုက်တာပါ။

“ဒီနေ့ နိုင်ငံတော်သမ္မတကနေ ထပ်တင်တာကတော့ ပြည်ထောင်စုရှေ့နေချုပ် အဖြစ်ခန့်အပ်ဖို့ ဒေါက်တာ ထွန်းရှင်ကို ထပ်တင်လိုကတယ်။ အဲဒါကို မနက်ဖြန်ညနေ စနေနေ့မှာ ကန့်ကွက်လွှာအပြီးတင်၊ တနင်္လာနေ့ ၁၂ နာရီမှာ အစည်းအဝေးပြန်စမယ်။ တကယ်လို့ ကန့်ကွက်တဲ့သူမရှိရင် အဲဒီနေ့မှာ အတည်ပြုမယ်ပေါ့။ ဒါပဲခင်ဗျ။ ၁၁ နာရီ ၁၅ မှာ အစည်းအဝေး ပြီးပါတယ်။”

ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေပါ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား မြန်မာနိုင်ငံကို လာရောက်ခဲ့ချိန်တွေတုန်းက တွေ့ဆုံပွဲတွေမှာ ဒေါက်တာထွန်းရှင်ဟာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့တဦးအဖြစ် ပါခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ဇန်န၀ါရီလ နောက်ဆုံးပတ်က ဂျနီဗာမှာလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေက သုံးသပ်ကြတဲ့ကိစ္စမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီးတော့ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ UPR ခေါ် နိုင်ငံတခုချင်းစီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ပြန်လည်သုံးသပ်တဲ့ ညီလာခံမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်ပြီး သူက အပြင်းအထန် ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို အာမခံချက်ပေးထားတယ်လို့ သူကဆိုပါတယ်။

“ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီညီလာခံမှာ တင်ပြဖို့ လာရောက်ခြင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ မြန်မာနိုင်ငံသားတွေကို ပေးထားတဲ့ ရပိုင်ခွင့်တွေအကြောင်း တင်ပြဖို့ ဖြစ်ပါတယ်။

အခြေခံ လူ့အခွင့်အရေးအပိုင်းဖြစ်တဲ့ အပိုင်း (၈) မှာ အခြေခံလူ့အခွင့်အရေး မူတွေက တခြားနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေနဲ့ တန်းတူ ပေးထားပါတယ်။ တရားဥပဒေရေး အရလည်း ဘက်လိုက်မှုကင်းပြီး တရားမျှတမှုရှိဖို့ အာမခံချက် ပေးထားပါတယ်။”

အဲဒီ လူ့အခွင့်အရေးကောင်စီမှာ သုံးသပ်တဲ့ပွဲကို မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ကြပြီး မြန်မာစစ်အစိုး ရရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ဒေါက်တာထွန်းရှင်က ခုခံကာကွယ် ပြောဆိုခဲ့ချိန်မှာ ရှိနေသူတွေထဲ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းလည်း အပါအ၀င်ဖြစ်ပါတယ်။

ဒေါက်တာထွန်းရှင်ဟာ မြန်မာလူထုရဲ့ လူ့အခွင့်အရေးအခြေအနေ တကယ်တမ်းတိုးတက်လာရေး ပြောဆိုခဲ့တာမဟုတ်ဘဲ အုပ်ချုပ်သူ စစ်အစိုးရဘက်ကနေ ခုခံကာကွယ်သွားတာက အတော်စိုးရိမ်စရာ ကောင်းတယ်လို့ ကိုအောင်မျိုးမင်းက ပြောပါတယ်။ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် တရားရေးမဏ္ဍိုင်ကနေ ကူညီ လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့သူက အာဏာရှိသူကို အကာအကွယ်ပေးနေတဲ့ အတွက် ဒီလိုပုဂ္ဂိုလ်မျိုး ရှေ့နေချုပ်ဖြစ်လာတာဟာ လူ့အခွင့်အရေးအခြေအနေ ပိုကောင်းလာစရာမရှိဘဲ ပိုဆိုးလာဖို့ပဲရှိတယ်လို့ ကိုအောင်မျိုးမင်းက မြင်ပါတယ်။

“တကယ်လို့များ လူတယောက်က လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ မြန်မာပြည်ရဲ့ တရားဥပဒေကို အကာအကွယ်ယူပြီးတော့ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပြန်လည်ပြီးတော့ တုံ့ပြန်မယ်ဆိုရင် ဒီတရားရေးမဏ္ဍိုင်က ဘယ်လိုမှ မကောင်းနိုင်ဘူး။

ဒီမဏ္ဍိုင်ကောင်းအောင်လုပ်မယ့် တာဝန်အရှိဆုံးသူကလည်း လူ့အခွင့်အရေးကိစ္စကို ကာကွယ်မယ့်သူ မဟုတ်ဘဲနဲ့ စစ်အစိုးရဘက်ကနေ ခုခံပြောဆိုမယ့်သူ ဖြစ်မယ်ဆိုရင်လည်း ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက ဘယ်လိုမှ ကောင်းနိုင်တဲ့ အခြေအနေလည်း မဟုတ်ဘူး။ အခုလက်ရှိဖြစ်နေတဲ့ တရားစီရင်မှုတွေ၊ ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေ၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေက တကယ် အဂတိလိုက်စားမှုတွေ များနေတယ်၊ လူ့အခွင့်အရေး ကာကွယ်မှုမရှိဘူးဆိုတဲ့ အခြေအနေထက် ပိုမိုဆိုးရွားသွားတဲ့ဟာကို တရားဝင်လုပ်ဆောင်သွားမယ့် အခြေအနေမျိုး ဖြစ်နေတာ တွေ့ရပါတယ်။”

အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အတည်ပြုပေးခဲ့ပြီးပြီဖြစ်တဲ့ အခြေခံဥပဒေ တရားခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့နဲ့ အခု ဒေါက်တာထွန်းရှင်တို့ အားလုံးဟာ တခြား စစ်ဘက် အရပ်ဘက် ထိပ်တန်းခေါင်းဆောင် အများအပြားနဲ့အတူ ဥရောပသမဂ္ဂ EU က ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ ပါဝင်သူတွေဖြစ်ပါတယ်။

ဒါကြောင့်လည်း လူအပြောင်းအလဲ ဘာမှမရှိဘဲ နေရာတွေသာ ပြောင်းလဲသွားပြီး ပုံစံလေး အနည်းငယ် ပြောင်းလိုက်တဲ့ မြန်မာနိုင်ငံမှာ ထူးးခြားတိုးတက်တဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ အကောင်းမြင် မျှော်လင့်သူ မရှိသလောက်ပါပဲ။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

သတင်းစာဆောင်းပါးများဖြင့် အန်အယ်လ်ဒီနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်တိုက် တိုက်ခိုက်

မိုးမခ အထောက်တော် (ရန်ကုန်) | အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာဆောင်းပါးများဖြင့် ယခုလဆန်းမှစတင်ပြီး တောက်လျှောက် ဝေဖန်တိုက်ခိုက်လျက်ရှိရာ ယနေ့ထုတ် သတင်းစာတွင် ဆောင်းပါးရှင် ငါးမင်းဆွေ ရေးသားသည့် စီးပွားရေး ပိတ်ဆို့မှုသည် တနည်းအားဖြင့် အကြမ်းဖက်ဝါဒဖြစ်သည် ဆိုသည့်စွပ်စွဲချက် ဆောင်းပါးကို ဖေါ်ပြပေးထားသည်။ ကာလအတန်ကြာ ရပ်ဆိုင်းဖေါ်ပြခြင်း မပြုခဲ့သည့် နိုင်ငံရေး အတိုက်အခံ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တိုက်ခိုက်သည့် ဆောင်းပါးများကို ယခုလဆန်းကတည်းက စစ်အစိုးရပိုင် သတင်းစာများတွင် ပြန်လည်ရေးသား ဖေါ်ပြလာသည်ကို တွေ့ရသည်။

ထိုသို့ရေးသားရာတွင် နိုင်ငံရေးသမားဟောင်းများဖြစ်သည့် သခင်တင်မြ၊ ကိုကိုမောင်ကြီး (မဆလ အစိုးရလက်ထက် ဗဟိုနိုင်ငံရေး တက္ကသိုလ်နည်းပြချုပ် ဦးချစ်လှိုင်)၊ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် ဆောင်းပါးရေးသူ မောင်စူးစမ်း (ဦးချမ်းအေး) တို့၏ အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်သည့် ဆောင်းပါးများကိုလည်း ထည့်သွင်းဖေါ်ပြပေးခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျင် အဆိုပါ နိုင်ငံရေးသမားဟောင်းများ၏ ဆောင်းပါးများကို ပုဂ္ဂလိကပိုင် သတင်းဂျာနယ်နှင့် မဂ္ဂဇင်းများတွင်သာတွေ့ရှိရလေ့ရှိပြီး လတ်တလောကာလတွင် စစ်အစိုးရပိုင် သတင်းစာမှ ဖိတ်ခေါ်ရေးသားစေခြင်း ဖြစ်မည်ဟု ရန်ကုန် စာနယ်ဇင်း သမားများက ယူဆကြသည်။

သခင်တင်မြနှင့် မောင်စူးစမ်း တို့မှာ အန်အယ်လ်ဒီပါတီနှင့် ပုဂ္ဂိုလ်ရေး အညှိုးအတေး ရှိသည့်အတွက် ယခုလို ဝေဖန်သည့် ဆောင်းပါးများအား ရေးသားလျက်ရှိခြင်း ဖြစ်နိုင်သည်ဟု ၄င်းတို့နှင့် နီးစပ်သူ အချို့က ပြောသည်။

အထက်ပါ နိုင်ငံရေးသမားဟောင်းများက တိုင်းရင်းသား လူမျိုးစုပြဿနာအား ယခုလက်ရှိ စစ်အစိုးရ ကမကထပြုလုပ်ကျင်းပနေသည့် လွှတ်တော်သုံးရပ်တွင် ဖြေရှင်းနိုင်သည့် အနေအထားရှိ၍ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုနေသည့် ဒုတိယပင်လုံ အဆိုသည် မယောင်ရာဆီလူးသည့် ကိစ္စတရပ်ဟု ရေးသားလျက်ရှိသည်ကို တွေ့ရသည်။

အထက်ပါ ပြင်ပဆောင်းပါးရှင်များအပြင် ရန်ကြီးအောင် အမည်ခံသည့် အစိုးရပေါ်လစီဆိုင်ရာ ဆောင်းပါးရေးသူကလည်း အန်အယ်လ်ဒီက ၈ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်သည့် အစီရင်ခံစာကို ဝေဖန်တိုက်ခိုက်သည့် ဆောင်းပါးတစောင်ကို ရက်ဆက်ဖေါ်ပြခဲ့သည်။

ယနေ့ထုတ် သတင်းစာတွင်မူ ဆောင်းပါးရှင် ငါးမင်းဆွေဟု လူသိများသူ ဦးမင်းဆွေက ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး ပိတ်ဆို့မှု ဆက်လက်ရှိဖို့လိုအပ်သည့် အစီရင်ခံစာကို ထပ်မံတိုက်ခိုက်ရေးသား ထားသည်ကို ဖတ်ရှုရသည်။ ဒေါ်အောင်ဆန်းစုကြည် မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်ရေး ၀ါဒကို လက်ခံယုံကြည်သည့်နည်းတူ ဆောင်းပါးရှင် ငါးမင်းဆွေကလည်း ယုံကြည်သည်ဟု ရေးသားထားပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ပြောဆိုသင့်သည်ဟု ဖေါ်ပြထားသည်။

ငါးမင်းဆွေသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မကြာမီပင် ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးသို့ ၄င်းရေးသားထားသည့်ဆောင်းပါးမိတ္တုများအား ပေးအပ်ရန် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မျက်စေ့နားပိတ်မထားကြပါနဲ့ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်

တိုင်ထိပ်က…
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။

လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။

လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။

လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။

စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။

စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။


ကောင်းကင်ကို


source by : http://kaungkinko.blogspot.com

အပြည့်အစုံ ဖတ်ရန် ...