Saturday, January 23, 2010

လက်တို့ပြီးတော့ ပြောရအုံးမယ်… “အင်းမ သတင်း”

အပိုင်း (၁)

တပ်မ (၆၆) ဌာနချုပ်ဟာ အင်းမမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းက ခလရ - ၈၀ (အင်းမ) မှာ စားဝတ်နေရေး ကျပ်တည်းမှုကို အကြောင်းပြုပြီး စစ်သည်အချို့ အစုလိုက် အပြုံလိုက် နှုတ်ထွက်ခွင့်တင်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ တောမီးပမာ ပျံ့နှံ့ခဲ့ပြီး ကပစ (၉)၊ ကပစ (၁၀) မှ စစ်သည်တွေလည်း အလုပ်မလုပ်ကြတော့ဘဲ နှုတ်ထွက်ခွင့်တင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အလားတူပင် ခြေလျင်တပ်ရင်းများဖြစ်ကြတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ - ၄ (သဲကုန်း - အင်းမ)၊ ခမရ - ၅ (သဲကုန်း - အင်းမ)၊ ခလရ- ၇၅ (ပြည်)၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ - ၄၃၉ (ကညွှတ်ကွင်း)၊ ပြည် (ဒကစ) လက်အောက်ခံ ခလရ - ၅၃ (ပေါက်ခေါင်း) တို့မှာလည်း အစုလိုက် အပြုံလိုက် ထွက်စာတင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်မှာ ထွက်ခွင့်တင်တဲ့ကိစ္စကို လုံးဝခွင့်မပြုလို့ ခက်ခဲမှန်းသိနေကြတာကြောင့် တပ်ပြေးမှုတွေဟာလည်း ဆက်တိုက်လို ဖြစ်ပွားနေပါတယ်။


တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်းက တပ်မ (၆၆) မှ အရာရှိ စစ်သည်များအား ချွေးသိပ်နေပုံ

အပိုင်း (၂)

အဲ့ဒီဂယက်ဟာ အလွန်အန္တရာယ်ကြီးမားမှန်း ကြိုတင်တွက်ဆမိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေဟာ ကက (ကြည်း) အနေနဲ့ အဆိုပါ အရေးအခင်းအပေါ်မှာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ညင်သာစွာ ကိုင်တွယ်ဖို့ ကဗျာကယာ အမိန့် ထုတ်လိုက်ရပါတယ်။ အဲ့ဒီနောက် လစာငွေများအား ကျပ် ၂၀၀၀၀ စီ တိုးပေးဖို့ ချက်ချင်း အမိန့်ထုတ်ပြန် ပေးလိုက်ပြန်ပါတယ်။ အမှန်မှာတော့ အဲဒီလို တိုးပေးဖို့ ငွေတွေကို ဗိုလ်သန်းရွှေအနေနဲ့ ရွေးကောက်ပွဲ အတွက် မဲ စည်းရုံးဖို့နဲ့ မြူဆွယ်ဖို့ လျာထားတာ ဖြစ်ပေမဲ့ ယခုလို ကတိုက်ကရိုက် ကျပ်ငွေ ၂၀၀၀၀ အား အရေးပေါ် တိုးပေးလိုက်ရတဲ့ အတွက်ကြောင့် ဘတ်ဂျက် နှစ်ကုန်ခါနီးမှာ ဘဏ္ဍာရေး အကျပ်အတည်းများနဲ့ ကြုံတွေ့ရဖို့ စိန်ခေါ်ခြင်း ခံနေရပါတယ်။ မူလက ကျပ်ငွေ ၅၀၀၀ တန် ငွေစက္ကူသစ်ကို ငွေကြေး ဖောင်းပွမှုဖြစ်မှာစိုးလို့ တဖြည်းဖြည်းချင်း ထိမ်းထုတ်ခိုင်းရာမှ ယခု အခြေအနေဆိုရင် ငွေစက္ကူများအား တက်သုတ်ရိုက် ထုတ်ရမယ့် အနေအထားမျိုး ရောက်ပါတော့မယ်။


အပိုင်း (၃)


ဖြစ်စဉ်ဖြစ်ပွားရာ တပ်မ (၆၆) ဌာနချုပ်နဲ့ ခလရ - ၈၀ (အင်းမ) အပါအ၀င် ပတ်ဝန်းကျင် တပ်ရင်းများ တဝိုက်ကို အရေးပေါ် ကန့်သတ်ဧရိယာအဖြစ် အမိန့်ထုတ်ထားပြီး မူလက အဝင်အထွက်ရှိသော ဈေးရောင်းဈေးဝယ် အရပ်သားများကိုပင် ပေးမဝင်တော့ကြောင်း သိရှိရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမင်း ကိုယ်တိုင် ၂၃-၁-၂၀၁၀ ရက်နေ့မှာ အင်းမတပ်နယ်ခန်းမသို့ သွားရောက်ကာ တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် စန်းမြင့်အား အရေးယူမှု မပြုလုပ်တော့ကြောင်း ပြောဆိုခဲ့ပြီး အင်းမတပ်နယ်ခန်းမတွင် အရာရှိ၊ စစ်သည်များအား တွေ့ဆုံရင်း စည်းရုံးသိမ်းသွင်း ဖျောင်းဖျနားချ တတွတ်တွတ် မှာကြားခဲ့ကြောင်း စစ်ရုံးရှိ ပြည်သူ့ဘက် ရပ်တည်လိုသော အရာရှိများမှ “စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်” သို့ သတင်း ပေးပို့ခဲ့ပါတယ်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ကိုးကန့်၊ ဝဒေသ မြန်မာစစ်အစိုးရတပ်ပြေး များလာ

2010-01-23 ( RFA )

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသနဲ့ ဝဒေသ နယ်စပ်အကြားမှာ ယာယီတပ်စွဲထားတဲ့ မြန်မာစစ် အစိုးရတပ်က စစ်သားတွေ တပ်ကနေ ထွက်ပြေးနေကြတာဟာ ခုတလော မကြာခဏ ဖြစ်ပွား လာနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရှေ့တန်း စစ်စခန်းတခုတွင် နအဖ တပ်ဖွဲ့မှ စစ်သားများကို တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား ၇ဝ,ဝဝဝခန့် ရှိနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။ (Photo: AFP)

ဇန်နဝါရီလ ၁၉ ရက်နေ့က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတရင်းက တပ်သား ဒါယန်းနဲ့ တင်ထွန်းအောင်တို့ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ခမရ ၃၁၅ က တပ်သား ထွန်းထွန်းနိုင်နဲ့ အောင်မြင့်ထွန်းတို့ နှစ်ဦး လက်နက်တွေနဲ့ ထွက်ပြေးရာမှာ ဝ နယ်နဲ့ ကိုးကန့်နယ်မြေအစပ် သံလွင်မြစ်ဘေးမှာ အခြေစိုက်တဲ့ နမ့်ကြမ်းပြည်သူ့စစ်က သူတို့ နှစ်ဦးကို ဖမ်းဆီးပြီး သူတို့တပ်ရင်းကို ပြန်အပ်လိုက်တယ်လို့ ကိုးကန့်ဒေသအတွင်းက စစ်တပ်နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။

ဒေသအတွင်းမှာ တပ်ပြေးတွေ များပြားလာတာကို တရုတ်-မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း အတည်ပြု ပြောဆိုပြီး စစ်အစိုးရတပ်တွေ ကိုးကန့်ကို သိမ်းပြီးတဲ့နောက်ပိုင်း အဲဒီဒေသမှာ လာရောက် တပ်စွဲထားတဲ့ တပ်တွေက တပ်ပြေး အများအပြား ရှိနေပြီး အရာရှိအဆင့် တွေအထိ ပါတယ်လို့ ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။'တိုက်ပွဲဖြစ်စဉ် ကာလတုန်းကလည်း လူ ၂ဝ ကျော် ၃ဝ လောက် လက်နက်တွေ ထားပြီး ထွက်ပြေးသွားကြတယ်။ အဲဒီနောက်ပိုင်းမှာလည်း ပြောက်ကျား ပြောက်ကျား နှစ်ယောက်ပြေး သုံးယောက်ပြေးတွေက အများကြီး၊ ရာဂဏန်းလောက် ရှိမယ်ထင်ပါတယ်။ လေးလပတ်တွေမှာ တင်တဲ့ ပြုန်းတီးအင်အား ဆိုတာတပ်သားသစ်စုတဲ့ အင်အားထက် ပိုများသလိုတောင် ဖြစ်တယ်။ အခုဟာက အရာရှိတွေ ကိုယ်တိုင်က ထွက်ပြေးတဲ့သဘော ဖြစ်လာတယ်။ ကပ္ပတိန်အဆင့်လောက်တွေ လက်ဖတင်နင် အဆင့်လောက်တွေ ပြေးတာတွေ့ရတယ်။ ဟိုတလောက တပ်ရင်းတရင်းက သင်တန်းလွတ်တာကို သွားမတက်ဘဲနဲ့ သုံးလလောက် ခွင့်မဲ့ ပျက်ကွက်နေပြီးမှ တပ်ကိုပြန်လာပြီး အဖမ်းခံတဲ့ ဗိုလ်ကြီးတယောက်တောင် ကျနော်တို့ ကြားရပါတယ်'

အဲဒီလို မြန်မာစစ်တပ်က တပ်ပြေးတွေ များလာရတဲ့ အဓိက အကြောင်းရင်းကတော့ တပ်တွင်း စားဝတ်နေရေး အခက်အခဲတွေနဲ့ တပ်တွင်း မညီမျှတဲ့ ဆက်ဆံရေးတွေကြောင့်လို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

ဦးအောင်ကျော်ဇော။ ။'အဓိက ပြဿနာကတော့ ဆင်းရဲဒုက္ခရောက်မှုတွေက သူတို့ကိုလည်း ရိုက်ခတ်မှု ရှိတယ်လေ။ ဘယ်သူမှ လိုလားလို့ စစ်တိုက်ကြတာ မဟုတ်ဘူး အခုဟာက။ ချောဆွဲလို့ ဖမ်းလာပြီး စစ်သားလုပ်ခိုင်းတဲ့ လူတွေပဲ ဖြစ်တယ်။ တပ်ထဲမှာလည်း တပ်တွင်းဆက်ဆံမှုက ကြာလေ မြင်သာတယ်။ နောက် ဒေသရဲ့ ဆင်းရဲပင်ပမ်းမှု ဒဏ်ကလည်း အတော်ကြီးတယ်လေ။ ဗိုလ်ချုပ်တွေက နေပြည်တော်မှာ ကောင်းကောင်းမွန်မွန် မီးနဲ့ဘာနဲ့ နေရပေမယ့် ကိုးကန့်ဒေသ အင်မတန် အေးမြတဲ့နေရာမှာ ထောက်ပံ့မှု မရှိတဲ့ ဗမာစစ်သားတွေ အဖို့ အဓိက ကတော့ အနေအစား ဆင်းရဲဖြစ်တယ်'

အခုလို တပ်က ထွက်ပြေးနေကြတဲ့ အဖြစ်အပျက်တွေဟာ ရှေ့တန်းတပ်တွေ မှာသာမကပဲ နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတာလို့လည်း ပြောပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

တပ်မတော်မှ ယာဉ်ထိန်းရဲ (မော်တော်ပီကယ်) များ


ဆောင်းပါးရှင် - ဗိုလ်ရဲရင့် (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)


ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် (D.S.A) တွင် ဗိုလ်လောင်းများ တက်ရောက်သင်ကြားသော စာပေ ဌာန (၁) နှင့် ကျောင်းဆင်းပြီး အရာရှိများကို ပြည်တွင်း Master (M.S.C) နှင့် နိုင်ငံခြားသို့ သင်တန်းတက်ရောက်ရန်အတွက် ဖွင့်လှစ် ထားသော သင်တန်းအဖြစ် စာပေ ဌာန (၂) တို့ ရှိပါသည်။ စစ်တက္ကသိုလ် စာပေ (၂) မှ သင်တန်းသား အရာရှိအချို့သည် စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် လားရှိုးမြို့သို့တက်ကာ တရုတ်နိုင်ငံမှလာသော တရားမ၀င် ဆိုင်ကယ်များအား ကိုယ်တိုင် သွားရောက်သယ်ယူခဲ့ကြပြီး မန္တလေးမြို့သို့ ဆင်းကာ ပြန်လည်ရောင်းချကြပါသည်။

ထိုသတင်းသည် တိုင်းမှူး၊ တပ်နယ်မှူး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး) များ သိရှိသွားသောအခါ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန် ဦးစီးသော စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အရာရှိငယ်များ၏ ကယ်ရီဆိုင်ကယ်များအား လိုက်လံဖမ်းဆီးခဲ့ရာ ဆိုင်ကယ်ပေါင်း မြောက်များစွာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်စုံစမ်းခဲ့ရာ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန်က တစ်ဦးလျှင် ကျပ်လေးသောင်းနှုန်းဖြင့် ဆိုင်ကယ်များကို ပြန်ရွေးခိုင်းကြောင်း သိရှိရပါသည်။ ဆိုင်ကယ်တစ်စီးကို ကျပ် လေးသောင်း မဟုတ်ပါ။ လူတစ်ဦးကို ကျပ် လေးသောင်း ဖြစ်ပါသည်။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလျှင် ကျပ် ရှစ်သောင်း ပေးရပါသည်။ တစ်ချို့အရာရှိများသည် ငွေကြေးမပြည့်စုံ၍ ရှယ်ယာထည့်ကာ အဖော်အဖြစ် လိုက်ပါပြီး သုံးယောက်စီးသဖြင့် ထိုသုံးယောက်စလုံး ဖမ်းမိလိုက်ရာ ကျပ်တစ်သိန်းနှစ်သောင်း ပေးရပါသည်။ ဆိုင်ကယ်ပေါင်း များစွာဖြင့် အရာရှိငယ်ပေါင်း မြောက်များစွာထံမှ သိန်းနဲ့ချီ၍ ပိုက်ဆံများ တောင်းယူခဲ့ပါသည်။


ပြင်ဦးလွင်တွင် သင်တန်းသားများ အလွန်များပြားနေရာ ဆိုင်ကယ်များ မည်မျှရှိသည်ကို ခန့်မှန်းနိုင်ပြီး ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန်နှင့် အပေါင်းအပါများ တောင်းခံထားသည့် ငွေပမာဏလည်း မြောက်မြားစွာ ရရှိသွားသည်ကို တွက်ကြည့် နိုင်ပါသည်။

ငွေကြေးအခက်အခဲများကြောင့် မပေးနိုင်သေးသည့် အရာရှိငယ်များအား "မင်းတို့ ဘ၀ပျက်သွားချင်သလား... ငါလုပ်လို့ ရတယ်..." စသည်ဖြင့် ဒုဗိုလ်မှူးကြီး မောင်မောင်ဟန်က ပိုက်ဆံ မပေးမချင်း ခေါ်ယူပြောဆို ခြိမ်းခြောက်ခဲ့ပါသည်။ ခေါ်ယူတိုင်းလဲ ဆူပူ သောင်းကျန်းသည်ဟု သိရပါသည်။ အမှန်တကယ်တော့ ဒီလောက်မဖြစ်သင့်ပါ။

သင်တန်းသားများ၏ ဘ၀ရပ်တည်ရေးနှင့် စားဝတ်နေရေးအတွက် ကိုယ်ချင်းစာနာမှု မရှိဘဲ စစ်တက္ကသိုလ်ရှိ နည်းပြ အရာရှိများက အဆမတန် နှိပ်ကွပ်သည်မှာ ရက်စက်လွန်းအား ကြီးလှပါသည်။ ဤသို့ဆိုလျှင် နည်းပြများ ကယ်ရီချသော အခါ မည့်သည့်အတွက်ကြောင့် ထိရောက်စွာ အပြစ်ပေး အရေးမယူသနည်း။ စဉ်းစားစရာ ရှိပါသည်။ သင်တန်းသားများ ဆိုင်ကယ်ကယ်ရီ လုပ်သောအခါ သူတို့ စားခွက်ဝင်လုသည်ဟု ထင်လို့လား…..

ရရှိသောငွေများအား တပ်တွင်း သက်သာချောင်ချိရေးအတွက် တထောင့်တနေရာတွင် အသုံးပြုခဲ့ခြင်းမျိုးလည်း မရှိဟု သိရပါသည်။ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ မျက်မမြင်၊ မိဘမဲ့၊ ဘိုးဘွားရိပ်သာ စသည်ဖြင့် တစ်နေရာရာကို လှူဒါန်းလိုက်ပါသည်ဆိုသော သတင်းလည်း မကြားရပါ၊ အရာရှိငယ်များ၏ အဆောင်တွင် မှန်ကွဲ၊ ခုံကျိုးများအား ပြုပြင် ပေးခြင်း၊ အရာရှိငယ်များ၏ စာပေသင်ကြားရေးအတွက် အထောက်အကူပြုပစ္စည်းများ ၀ယ်ယူပေးသံလည်း မကြားရပါ။ အရာရှိငယ်များ၏ စားရိပ်သာတွင် ပန်းကန်များ ကွဲနေခြင်း၊ ရိပ်သာ ပျက်ယွင်းခြင်းများအား ပြန်လည်ပြုပြင် ပေးခြင်းလည်း မတွေ့ရပေ။ ထိုကြောင့် သိန်းနဲ့ချီ ရထားသော ထိုငွေများသည် ဘယ်ရောက်သွားပါသနည်း။ မည်သည့်နေရာတွင် အသုံးပြု လိုက်ပါသနည်း။ အဆိုပါငွေများ ဘယ်ကိုရောက်သွားသည် ဆိုတာကိုတော့ အုပ်ချုပ်သည့် နည်းပြအရာရှိများနှင့် ကျောင်းအုပ်ကြီးတို့သာ အသိဆုံး ဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ တဆင့် တင်ပြလိုက်ရပါသည်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Friday, January 22, 2010

ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇန္နဝါရီလ ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်။


ရှမ်းပြည်၊ အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်နှင့် ကုန်ကြမ်း မြို့အကြား တာရွှေထန်ကျေး ရွာရှိ ဂိတ်စောင့်တာဝန်ကျနေသည့် မြန်မာစစ်အစိုးရ စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ (၁)ဦး သေ ဆုံးပြီး (၂)ဦး ဒဏ်ရာ ရရှိသွားသည်။

တပ်မ(၃၃)လက်အောက်ခံတပ်များ ရှေ့တန်းလှုပ်ရှားနေသည့် အဆိုပါကိုးကန့်နယ်မြေရှိ တာရွှေထန် ကျေးရွာ တွင် ဂိတ်တာဝန်ကျ စစ်သားအချင်းချင်း ယခုလ(၁၆)ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားရသည့် အ ကြောင်းရင်းကို မသိရကြောင်း လောက်ကိုင် ဒေသခံကုန်သည်များနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဖြစ်တာက တပ်ကကောင်တွေဖြစ်တာ၊ တယောက်သေ၊ နှစ်ယောက် ဒဏ်ရာရတယ်၊ လုပ်တဲ့ကောင် ကို ပြန်ဖမ်းမိတယ် ပြောတယ်။ ထောက်ပို့တပ်(၉၃၆) တာရွှေထန်မှာ ရှိတယ်။ အဲဒီနားမှာက တပ်မ (၃၃)ဌာန ချုပ်လည်းရှိတယ်။ ဖြစ်တာက တာရွှေထန်မှာ။ တာရွှေထန် ဂိတ်မှာ။ ဟိုတုန်းက ကိုးကန့် ကုန်သွယ်ရေး ဂိတ်ပေါ့ဗျာ။”

ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းက ကိုးကန့်နယ်မြေအတွင်း ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)အဖွဲ့အား စစ်အစိုးရက ချေမှုန်းတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကိုးကန့် ဒေသအား နအစစ်တပ်များဖြစ်သည့် လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)နှင့် တပ်မ(၃၃) လက် အောက်ခံတပ်များ စုစုပေါင်း တပ်ရင်း(၂ဝ)ခန့် ထိန်းချုပ်ထားသည်။ ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန် တပ်ဖွဲ့ တို့ကို စုစည်းပြီး နယ်ခြားစောင့်တပ်ရင်း၊ အမှတ်(၁ဝဝ၆)အဖြစ် အသွင်းပြောင်း ခဲ့သည်။

ယခင် ကိုးကန့်တပ်ဖွဲ့ အခွန်ကောက်ခံနေခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များနှင့် ဒေသ အတွင်းရှိ ဂိတ်များတွင် မြန် မာစစ်တပ်များက တာဝန်ယူနေချိန်တွင် ယခုလို အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။


source by : http://www.nmg-news.com

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင်၏ အမှု နောက်ဆုံးလျှောက်လဲချက်ပေး

2010-01-22 ( RFA )

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ရဲ့ အမှုကို ထောင်တွင်းတရားရုံးမှာ ဇန်နဝါရီ ၂၂ ရက် ဒီကနေ့ နောက်ဆုံး လျှောက်လဲချက်ပေးခဲ့ပါတယ်။


နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

စစ်အစိုးရက စွဲချက်တင်ထားတဲ့ အမှုသုံးခုလုံးကို ကိုညီညီအောင်ဖက်က ခုခံချေပ လျှောက်လဲနိုင်ခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ကိုညီညီအောင်အပေါ်မှာ စွဲထားတဲ့အမှု ၅ဝ၊ အမှု နံပါတ် ၅ဝ၊ အမှုနံပါတ် ၅၄၊ အမှုနံပါတ် ၆ဝ၊ အဲဒီမှာ ၅ဝ နဲ့ ၆ဝ ပေါ့နော်၊ ၅ဝ ကတော့ နိုင်ငံသားကဒ်အတု ကိစ္စ၊ ၆ဝ ကတော့ လိပ်စာပြောင်း မတိုင်တာတို့၊ မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေပေါ့။ အဲဒီ နှစ်ခုကတော့ ဥပဒေအရ အရမ်းကောင်းတယ်။ လုံး ကိုညီညီအောင် ဒီဟာတွေက ဟို အပြစ်မရှိဘူး။'

စစ်အစိုးရက စွဲချက်တင်ထားတဲ့ အမှုသုံးခုလုံးဟာ နိုင်ငံခြားသားဖြစ်သူ ကိုညီညီအောင်နဲ့ ပတ်သက်မှု ရှိမနေဘူးလို့လည်း ရှင်းပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ဘာကြောင့်လဲလို့ ဆိုတော့၊ ပထမအမှု နိုင်ငံသားကဒ်မှာ ကိုညီညီအောင် လုပ်တယ်၊ ကိုညီညီအောင်က ဒါကို လက်ဝယ်ရှိတယ်၊ ကိုညီညီအောင်ဟာ ဒီဟာကို အသုံးပြုဖို့ ကြံရွယ်ချက်နဲ့ ဆိုတဲ့ အဲဒီအချက်တွေ ပါမှဖြစ်မှာ။ အဲဒီအချက်တွေ တခုမှ တရားလိုဖက်က သက်သေ မတင်ဘူး။ အဲဒါကြောင့်၊ အဲဒီအမှုကလည်း ကောင်းတယ်၊ နောက် ၆ဝ ကတော့ ခုန အခုစွဲတဲ့ ပုဒ်မတွေက ဒီ နိုင်ငံခြားသားနဲ့ မဆိုင်ဘူး။'

'နိုင်ငံခြားသားနဲ့ မဆိုင်ဘူး ဆိုတဲ့ဟာလည်း သူ့နည်းဥပဒေမှာ ပါပြီးသား။ အဲဒါကြောင့်၊ ဒီနှစ်ခု ကောင်းတယ်။ ဟိုတခုကတော့ ငွေစက္ကူအမှုပေါ့နော်၊ နိုင်ငံခြားငွေကိစ္စကတော့ နိုင်ငံခြားငွေ အဲဒီလောက်ကို တကယ်ယူလာရင်တော့ အပြစ်ရှိတယ်။ နောက်ပြီးတော့ ယူလာပြီးတော့ အဲ ကောင်တာမှာ နော် check-in လုပ်ရင်၊ အစစ်ဆေးခံလို့ရှိရင် ဒါတွေကို ရှိလျက်သားနဲ့ မရှိဘူး၊ ပါလျက်သားနဲ့ မပါဘူးဆိုရင် အပြစ်ရှိတယ်။'

'အခုဟာက ဒီအမှု အခြေအနေက ညီညီအောင်က အဲဒီ check-in ကို မလုပ်ခဲ့ရတာ။ Check-in မလုပ်ရပဲနဲ့ ဒီ PD form ခေါ်တဲ့ သူတို့ ကြေညာလွှာ၊ ကြေညာလွှာကို လုံခြုံရေးက သွားပေးတာ စောင့်ရတယ်။ ညီညီအောင်ပေးတာ မဟုတ်ဖူး။ နောက် ဒါတွေက လုံးဝ အားနည်းမှု ရှိတယ်။ အဲဒီအမှုမှာ။'

ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက လာမဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ ကိုညီညီအောင်ဟာ တိုက်ပိတ်ခံထားရတာမျိုး မဟုတ်ပေမဲ့ သူနေရတဲ့ အကျဉ်းခန်းကို တခြားသူတွေနဲ့ မမြင်ရအောင် ထောင်အာဏာပိုင်တွေက အကာအရံတွေ လုပ်ထားတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ မိသားစုဝင်တွေအနေနဲ့လည်း ရက်သတ္တ သုံးပတ်တကြိမ်သာ ထောင်ဝင်စာ တွေ့ခွင့်ရထားပါတယ်။

ဒီနေ့ ကိုညီညီအောင်အမှု စစ်ဆေးတာကို ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးက ကောင်စစ်ဝန်ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့ပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မလေးရှားတွင် အဖမ်းအဆီးကြမ်း

Friday, 22 January 2010 18:36 ဘစောတင်

မလေးရှား အာဏာပိုင်များက တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ပြင်းထန်စွာ အရေးယူမည် ဟူသော ထုတ်ပြန်ချက် ထွက်ပြီးနောက် ရက်သတ္တ တပတ်ခန့် အတွင်း နိုင်ငံတ၀န်း နေ့စဉ် ရက်ဆက် ဖမ်းဆီးမှု များပြုလုပ်နေသောကြောင့် မလေးရှားရှိ မြန်မာ အလုပ်သမားများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ထိုကဲ့သို့ ပြင်းထန်စွာ ဖမ်းဆီးနှိမ်နင်းမည်ဟု ထုတ်ပြန်ချက်ပါလာပြီးနောက် ယနေ့အထိ မြန်မာနိုင်ငံသားများအပါအ၀င် နိုင်ငံတ၀န်း ရှိ နိုင်ငံခြားသားအလုပ်သမား ထောင်နှင့်ချီ၍ ဖမ်းဆီးခံရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား ဌာနခွဲ) မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် က ပြောသည်။

“ဇန်န၀ါရီ ၁၄ ရက်ကနေ ဒီနေ့အထိ မလေးရှားတနိုင်ငံလုံး ဖမ်းဆီးမှုမှာ လူ ၄၀၀၀ လောက်ကိုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တွင်း၌ မလေးရှား ရဲ များက ဖမ်းဆီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကွာလာလမ်ပူအခြေစိုက် ပြည်ထောင်စု သတင်းစာ ထုတ် ဝေသူ ကိုအောင်ထွန်းဦးကလည်း ပြောသည်။

“KL (ကွာလာလမ်ပူ) မြို့ထဲမှာဆိုရင် ပုလိပ်တွေက နှစ်ယောက်တတွဲ လမ်းထိပ်နားတွေက ရပ်စောင့်ပြီး ဖမ်း တယ်၊ အထူးသဖြင့် ကိုတာရယ တ၀ိုက်မှာ အဆိုးဆုံးပဲ၊ ဖမ်းတာကတော့ တနိုင်ငံလုံး၊ ရပ်ကွက်တွေ ဆိုရင် ပုလိပ်တွေ က အုပ်လိုက်အုပ်လိုက် ၀င်ပြီးရှာနေကြတယ်”ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း မလေးရှားရှိ လူစည်ကားရာ ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ ကုန် တိုက် ကြီးများ၊ ဈေးများနှင့် စားသောက်ဆိုင်တန်းများကို ၀င်ရောက်ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ပီနန်းတွင်နေထိုင်သူ ကိုမျိုးသူကလည်း လူဝင်မှုကြီးကြပ်ရေး၊ ရဲ တပ်ဖွဲ့ဝင်များနှင့် ရလာ များ ပူးပေါင်း၍ ပီနန်း ၌ ယမန်နေ့က လူ ၁၀၀ ခန့် ဖမ်းဆီးသွားသည်ဟု ပြောဆိုသည်။ ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင်ထားသူများပင် အဖမ်း အဆီးခံရမှုရှိသည်ဟုလည်း ဆိုသည်။

“ကျနော် ကြားသိသလောက် တရားမ၀င်နိုင်ငံခြားသား အလုပ်သမား ၅ယောက်နဲ့အထက်ကို လက်ခံ ထား တဲ့ အလုပ်ရုံ ကုမ္ပဏီကိုမိရင် ပိတ်ပစ်ပြီး သူဌေးကိုပါ အရေးယူမယ်လို့ ကြားတယ်၊ နောက်တခု ကတော့ U.N လက်မှတ် ကိုင်ဆောင်သူတယောက်ကို အလုပ်ပေးထားတဲ့ အလုပ်ရှင်ဆိုရင် အဲဒီသူဌေးကို ရင်းဂစ် ၄၀၀၀ ကနေ ၅၀၀၀ အထိ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ကိုမျိုးသူက ပြောပြသည်။

ကိုအောင်ကျော်ဆက်ကလည်း“အခု တလော မလေးအနှံ့မှာ ဖမ်းတာဆီးတာဟာ အတော်လေးကို စိပ်လာ တယ်၊ မနေ့က ပီနန်းက စက်ရုံတခုကိုဝင်ဖမ်းတာ မြန်မာ အယောက် ၄၀ ကျော်ပါသွားတယ်၊ ပြီးတော့ မြန်မာ တွေ အနေများတဲ့ ကွာလာလမ်ပူနားက ပူချောင်း (Puchong) မှာဆိုရင် လော်ရီကား ၃ စီးနဲ့ တင်သွားတယ်၊ နောက် ကလန်း (KLang) မှာ လော်ရီကား ၂ စီးစာ လောက်ပါသွားတယ်”ဟုဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် အသုံးပြုသောကားများမှာ စစ်သုံးလော်ရီကားများဖြစ်ပြီး တစီးလျှင် အနည်းဆုံး လူ(၈၀)ခန့် ဆန့်သည်ဟု သိရသည်။

ဇန်န၀ါရီ ၁၄ ရက်က The Star သတင်းစာတွင် “မလေးရှား လူဝင်မှုကြီးကြပ်ရေးက လာမည့် ဖေဖော်ဝါရီ လ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်းတော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ ရလာ (Rala) များက ပူးပေါင်း ကူညီ ကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား ၁ သန်း ၈ သိန်းခန့် ရှိသည်”ဟု ဖော် ပြခဲ့သည်။

မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ကလေးငယ်အား စစ်သားအဖြစ် စုဆောင်းခံရမှုကို မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထား

ရိုးမ ၃

ကျောင်းတက်နေသည့် ကလေးငယ်တဦးအား တပ်သားသစ်အဖြစ် စုဆောင်လိုက်သည့်အတွက် မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ တိုင်တန်းအကြောင်းကြားထားပြီး သားဖြစ်သူအား အမြန်ဆုံး ပြန်လိုချင်သည်ဟု ပြောသည်။

ယခုလ (၁၄) ရက်နေ့က ပဲခူးမြို့၊ ဇိုင်းဂနိုင်တောင်၊ ပုလဲလမ်းနေ မောင်ဝေဦးချိုအား အထက (၃) တွင် ကျောင်းတက်နေစဉ် တပ်သားအဖြစ် စုဆောင်းလိုက်ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က ပြောသည်။

လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်မည့် တပ်သားသစ်များ

“အဲဒီနေ့ မနက် (၉) နာရီခွဲလောက်က ပန်းလှိုင် စစ်သားစုဆောင်းရေးကို ခမရ (၂၁၂) တပ်က တပ်သားတယောက်နဲ့ လာတယ်၊ အရပ်တိုင်းပြီး ကျောင်းသားကဒ်ကိုကြည့်တော့ (၈) တန်းတုန်းက ကဒ်၊ မွေးသက္ကရာဇ်က ၉၄ ခုနှစ်နဲ့ဆိုတော့ ငယ်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး ပြောတယ်၊ အဲဒါကို တပ်သားက သူတို့ (၂၁၂) တပ်ထဲမှာပဲ မွေးထားတော့မယ်ဆိုပြီး ပြန်ခေါ်သွားတယ်လို့ ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

မိခင်ဖြစ်သူက ဆက်လက်၍ ခမရ (၂၁၂) သို့ သွားရောက်စုံစမ်းရာ တပ်ကြပ်ကြီး သန်းအောင်က မောင်ဝေဦးချို မရှိကြောင်းနှင့် တခြားစုဆောင်းထားသည့် တပ်သားသစ်များကို ထုတ်ပြကြောင်း မိခင်ဖြစ်သူက ဆက်ပြောသည်။

ယင်းကဲ့သို့ ကလေးကို မတွေ့ရှိသည့်အတွက် မိခင်ဖြစ်သူက ပဲခူး တပ်မ (၇၇) မှ ဂျီဝမ်းထံသို့ ကလေး၏ ကျောင်းထောက်ခံချက်၊ မှတ်ပုံတင်နှင့် အထောက်အထားများကို တင်ပြခဲ့ရာ တွေ့အောင်ရှာပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေါ်နွယ်နွယ်က ဆက်ပြောသည်။

“နောက်တနေ့ ညကျတော့ ကျမတို့ လင်မယားနှစ်ယောက်ကို ခမရ (၂၁၂) က ဗိုလ်ကြီး ဌေးအောင်က ခေါ်တွေ့ပါတယ်၊ သူတို့က တာဝန်ယူပြီး ရှာပေးပါမယ်၊ ခဏစောင့်ပါလို့ ပြောပါတယ်၊ အဲဒါနဲ့ (၂၀) ရက်နေ့ညကျတော့ ကျမ သွားမေးပါတယ်၊ အဲဒါနဲ့ သူတို့က မနက်ဖြန်ကျရင် ဒညင်းကုန်းကို တပ်သားသစ် သွားအပို့မှာ အမတို့ အဲဒီကို လိုက်သွားပါ၊ အဲဒီမှာ ရှိမရှိကြည့်ပါ၊ ကျနော် ဖုန်းကြိုဆက်ထားပါတယ်လို့ ပြောတယ်” ဟု ပြောသည်။

ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်သို့ လိုက်သွားရာတွင် ဗိုလ်ကြီး ဦးကိုကိုကြီးက တပ်သားသစ် အိပ်ဆောင်များအထိ လိုက်လံပြသပြီး မောင်ဝေဦးချို မရှိကြောင်း ပြောသည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

“ကျမ ဗိုလ်ကြီး ဦးကိုကိုကြီးနဲ့ တွေ့တော့ အဖြစ်အပျက်တွေကို အားလုံးကို တင်ပြပါတယ်၊ အဲတော့ သူက စုံစမ်းပေးပါမယ်ပြောတယ်၊ အဲဒီမှာ သူက ကျနော်တို့ တပ်သားခေါ်သွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ တပ်ထဲမှာပဲ ရောက်နေမှာပါ၊ ဒါပေမဲ့ စာရင်းမသွင်းသေးတဲ့အတွက် ကျနော်တို့ မသိသေးတာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ပေးပြောပါတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်သားစုဆောင်းရေးတပ်များကို တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိသည့်အတွက် မိခင်ဖြစ်သူအနေဖြင့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့အား အကူညီတောင်းကာ ကလေးကို ပြန်ရှာဖွေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောသည်။

“အခုလို သားသမီးချင်း မစာနာဘဲ အခုလိုလုပ်တဲ့အတွက် ဦးအေးမြင့်ကိုလာပြီး အကူညီတောင်းရတာပါ၊ ကျမသားလေးဟာ စာလဲတော်ပါတယ်၊ ဒီလို ကျမသားလေးကို အညွှန့်ချိုးတာ ကျမ လုံးဝကို မခံစားနိုင်ပါဘူး၊ ကျမသားလေးကို ကျမလက်ထဲ ပြန်ထည့်ပေးပါလို့ အားလုံးကို အကူအညီတောင်း မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရအနေဖြင့် ကလေးစစ်သား အသုံးပြုခြင်း မရှိကြောင်း အကြိမ်ကြိမ် ပြောဆိုနေသော်လည်း ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရကြောင်း လမ်းပြကြယ် ဦးအေးမြင့်က ထောက်ပြပြောခဲ့သည်။

“ကျောင်းတက်နေတဲ့ ကလေး၊ ပန်းလှိုင် စစ်သားစုဆောင်းရေးစခန်းကို ရောက်တာ အရာရှိတွေက သိရဲသားနဲ့ အမေ အလိမ်ခံလိုက်ရတယ်၊ ကလေးကို ဟိုတပ်ပါသွားတယ်၊ ဒီတပ်ပါသွားတယ် ဆိုပြီးပြောတယ်၊ နအဖ အစိုးရ က အထက်ကတော့ ကလေးစစ်သားမရှိဘူးဆိုပြီး ငြင်းတယ်၊ အခု အိုင်အယ်လို အဖွဲ့ဒါရိုက်တာ လာတဲ့ အချိန်မှာ ကလေးက ပျောက်တယ်၊ အခုဟာက ပဲခူးမြို့ပေါ်က တကယ်နာမည်ကြီးကျောင်းက ကျောင်းတက်နေတဲ့ကလေး ကို စစ်သားတယောက်က အသက်မပြည့်သေးဘဲ ဆွဲသွားတာဟာ မိခင်အနေနဲ့ ဘယ်လောက်ခံစားရမလဲ ဆိုတာ အားလုံးသိစေချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မောင်ဝေဦးချို ကိစ္စနှင့်ပတ်သက်၍ ယနေ့ (ILO) ရုံးသို့ တင်ပြပြီး စနေနေ့တွင် (ILO)အဖွဲ့ အမှုဆောင်ဒါရိုက်တာနှင့် လမ်းပြကြယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းကိစ္စက ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးအေးမြင့်က ဆက်ပြောသည်။

သူက “၂၀၀၉ တနှစ်လုံးမှာ ကျနော်တို့ဆီရောက်လာတဲ့ ကလေးစစ်သား ၁၂၁ ယောက် ရှိတယ်၊ အခု ၂၀၁၀ မှာတော့ ပဲခူးမြို့ပေါ်မှာ မောင်ဝေဦးချိုကတော့ နံပတ် (၁) ဖြစ်တာပေါ့၊ အခုချိန်အထိကို သူတို့က ကလေးစစ်သား မရှိပါဘူးလို့ ငြင်းတာကို ကျနော်တို့က လက်တွေ့ပြနိုင်ပြီ၊ ဒီ ၂၀၁၀ မှာ၊ ဒီအကြောင်းကို ပူပူနွေးနွေး တင်ပြမယ်၊ ကလေးရဲ့ ဓါတ်ပုံ အထောက်အထားတွေနဲ့ ကျနော်တို့ တင်ပြမယ်” ဟု ပြောသည်။


source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...