Saturday, October 3, 2009

သီတင်းကျွတ် လပြည့်ည

သီတင်းကျွတ် လပြည့်ည




Photobucket

မှတ်ချက် ။ ။ ပေးပို့သူ >>> ညီငယ် CO 2 အား အထူးကျေးဇူးတင်ရှိပါ၏...

အပြည့်အစုံ ဖတ်ရန် ...

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား

NEJ / ၃ အောက်တိုဘာ ၂၀၀၉


ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သိမ်တသိမ်တွင် သံဃာအပါး (၂၀) ခန့်နှင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း ပြည်တွင်းမှ သံဃာတော်တပါးကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။

“အခုသပိတ်က တတိယအကြိမ် သပိတ်ဖြစ်ပါတယ်။ တကယ်သပိတ်ရဲ့ အောင်မြင်ခြင်းကတော့ ၁၉၉၀ သပိတ်နဲ့ ၂၀၀၇ သပိတ်တွေကတည်းက ဒါတကယ့်ကို အောင်မြင်ပြီးသားပါ။ အဲဒီသပိတ်က အခုထက်ထိ ပြန်ပြီးတော့ လှန်ရခြင်းလည်း မရှိသေးပါဘူး။ ပထမနဲ့ ဒုတိယအကြိမ်တွေမှာ မှောက်ထားတဲ့သပိတ်ကို ပြန်ပြီးတော့ ခိုင်မြဲသွားစေဖို့၊ အားလုံးကလည်း ဒီသပိတ်မလှန်ရသေးဘူးဆိုတာ သိသွားစေဖို့၊ ဆက်ပြီးအောင်အောင်မြင်မြင် ပြုလုပ်နိုင်ဖို့ကို ဦးဇင်းတို့က ထပ်ပြီးတော့ လုပ်တာပါ” ဟု အရှင်ဣဿရိယက မိန့်သည်။

ပြည်တွင်း၌ လျှို့ဝှက်ပြီး နေရာတော်တော်များများ၌လည်း သပိတ်မှောက်လိုက်သည်ဟု ပြည်တွင်းမှ သံဃာတော်များက သတင်းပါးကြောင်း၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတွေက သံဃာတော်များကလည်း အားလုံးစုပေါင်းပြီး သပိတ်မှောက် ကံဆောင်လိုက်သည့်အတွက်ကြောင့် ယနေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်အောင်မြင်သွားသည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ထို့ပြင် မော်လမြိုင်မြို့၌လည်း သံဃာတော်များက သပိတ်မှောက် ကံဆောင်လိုက်ကြကြောင်း သိရသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, October 2, 2009

ရွေးကောက်ပွဲဝင်မယ်ဆို လမ်းခွဲကကြို

ရွေးကောက်ပွဲဝင်မယ်ဆို လမ်းခွဲကကြို


ရဲဘော်ဖိုးသံချောင်း
၂ အောက်တိုဘာ ၂၀၀၉


ဗမာပြည်က မီဒီယာတွေကို ဖတ်ကြည့်တဲ့အခါ ဗမာပြည်နိုင်ငံရေးမှာ ရှုပ်ထွေးစရာတွေပေါ်လာမယ့် လက္ခဏာတွေ တော်တော်တွေ့လာနေရပါတယ်။ ဒီကြားထဲ အမေရိကန်နိုင်ငံက ပေါ်လစီပြောင်းမယ်ဆိုတဲ့ သတင်းကလည်းရှိနေတော့ မကြာခင်မှာ အသံတွေပိုစီညံလာဦးမှာ သေချာနေပါတယ်။

ဒါပေမယ့် ဘယ်လိုလေသံတွေပဲဖြစ်နေနေ၊ အဆုံးမှာသတ္တုချလိုက်ရင်တော့ ပြောဆိုနေကြတာဟာ နအဖက ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲကို ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့နှစ်ခုပါပဲ။ ကြားမရှိဘူးလို့တောင် ပြောရင်ရပါတယ်။

ဒီရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းသူတွေထဲမှာ ကိုယ်တိုင်ဝင်မယ့်လူလည်းရှိ၊ ကိုယ်တိုင်မ၀င်ဘဲ ဟောပြောတရားချတာ သက်သက်လုပ်နေသူတွေလည်းရှိ၊ လူအမျိုးအမျိုးပဲဆိုတာ တွေ့ရမှာပါ။ ဒီအထဲက တချို့ကဆိုရင် အိုဘားမားနဲ့ ဒေါ်ကလင်တန်တောင်မှ သူတို့ရဲ့နောက်ကို လိုက်လာတယ်လို့ ပြောချင်ဟန်ရှိပါတယ်။

ဒီလိုရွေးကောက်ပွဲအတွက် တောခြောက်ပေး၊ ဘေးတီးပေးသူတွေအထဲမှာ တချို့က ဒီလိုလုပ်တာဟာ သူတို့ ကိုယ်ကျိုးအတွက်မဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲကိုမ၀င်ပါဘူးလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ရဲ့အသက်အရွယ်အရ ဖြစ်စေ၊ သူတို့ရဲ့သုညနားကပ်နေတဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရပဲဖြစ်စေ၊ သူတို့ဟာ ရွေးကောက်ပွဲကို ၀င်ချင်လို့လည်း ၀င်လို့မရပါဘူး။ သူတို့ဟာ ဒီနေ့ နအဖရဲ့ အဓိကရန်ဘက်စာရင်းမှာပါနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကပ စတာတွေထဲမှာ ပါဖူးပါတယ်။ လက်နက်လည်းချဖူးကြပါတယ်။ ဒီတော့ “တခါလက်နက်ချဖူးရင် အကြိမ်ကြိမ်လက်နက်ချနေရတယ်” ဆိုတဲ့ လက်နက်ချတို့ရဲ့ အစဉ်အလာအတိုင်း မသေမချင်း တိုင်းပြည်မှာအရေးကြီးတဲ့ ကိစ္စပေါ်လာတိုင်း စစ်အုပ်စုက လိုအပ်တယ်ဆိုရင် ထောက်ခံစာတွေ ရေးပေးနေရတာပါပဲ။ သူတို့ကိုယ်တိုင်ကတော့ လူထုအပေါ်ဘာသြဇာမှမရှိတော့ပါဘူး။ ဒါပေမယ့် သူတို့က အင်္ဂလိပ်စကားလုံးတွေနဲ့ သဘောတရားတွေထုတ်တတ်တော့ နအဖကိုလည်းဖားချင်၊ ဘာသဘောတရားအကြောင်းပြချက်နဲ့ ဖားရမှန်းမသိဖြစ်နေသူတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။ နောက်ပြီး နအဖကိုဖားချင်လို့ဖြစ်စေ၊ ပညာတတ်ဂိုက်ဖမ်းချင်လို့ဖြစ်စေ သူတို့ရေးတာတွေကို ဖော်ပြပေးနေတဲ့ မီဒီယာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် သူတို့ရေးတာ၊ ပြောတာတွေဟာ တချို့လူတွေအတွက်တော့ အသုံး ၀င်တန်ဖိုးရှိတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ပြည်တွင်းက မြို့ပေါ်မှာနေသူတွေဆိုတော့ သူတို့ဟာ သူတို့နဲ့ပြိုင်ငြင်းလို့ မရမှန်းသိထားတဲ့အတိုင်း လူတကာကိုတိုက်ခိုက်တာ ဆွတာတွေလုပ်ကြပါတယ်။ တခါတလေမှာ သက်တော်ရှည် ဆရာ ဒဂုံတာရာကို သေဖော်ညှိတာလည်း လုပ်ကြပါတယ်။ ဆရာ့ခမျာ ဒင်းတို့မို့ပေကိုးဆိုပြီး မသိဟန်ဘဲ ဆောင်နေရဟန် တူပါတယ်။ ဒါပေမယ့် သူတို့ခမျာ ဖားသာဖားရ မျက်မာန်ရှမှာကိုတော့ ကြောက်နေရတဲ့ လက္ခဏာတွေလည်း မြင်နေရပါတယ်။

နောက်တမျိုးက စီးပွားရေးလုပ်ငန်းရှင်၊ ပညာတတ်လို့ ဆိုရမယ့်သူတွေဖြစ်ပါတယ်။ သူတို့က မဝေးလှတဲ့ ကုန်လွန် လေပြီးတဲ့သမိုင်းမှာ ဗိုလ်ခင်ညွန့်နဲ့နီးစပ်၊ ပတ်သက်ဖူးတယ်လို့ နားလည်ရပါတယ်။ သူတို့က ငွေကြေးတတ်နိုင်တော့ ကိုယ်ပိုင်မီဒီယာလည်းရှိတယ်၊ ပြည်ပအဆက်အသွယ်တွေလည်း ရှိပါတယ်။ ကမ္ဘာအနှံ့ရှိ ရှုပ်ထွေးလှတဲ့ အန်ဂျီအိုကွန် ရက်တွေနဲ့လည်း ပတ်သက်နေကြပါတယ်။ သူတို့က ရွေးကောက်ပွဲကို ၀င်မယ့်လက္ခဏာတွေဖော်ပြနေပါတယ်။ ဒါပေမယ့် ငွေကြေးရှင်လည်းဖြစ်၊ ပညာတတ်လည်းဖြစ်ဆိုတော့ သူများလိုပြာပြာသလဲမဖြစ်၊ တည်တည်ငြိမ်ငြိမ်နဲ့ပြောနိုင်၊ လှုပ်ရှား နိုင်ကြပါတယ်။ သူတို့မှာက နအဖစစ်အုပ်စုထဲက ဘယ်ထိပ်သီးနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ အရည်အသွေးမျိုးတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ သူတို့ရဲ့စီးပွားရေးတိုးချဲ့မှုဟာ ကင်းမှကင်းရဲ့လားလို့ တချို့က တွေး နေကြပါတယ်။ သူတို့ပြောတဲ့ သဘောတရားတွေမှာ နားယောင်စရာ ရှိကောင်းရှိနိုင်ပေမယ့် သူတို့ဘာကြောင့် ဒီရွေးကောက် ပွဲကို ထောက်ခံပါဝင်ချင်ကြတယ် ဆိုတာကတော့ ရှင်းနေတယ်လို့ ထင်ပါတယ်။

ဒီလိုအမျိုးအစားတွေခွဲပြောပြီဆိုရင် တစညလို တပ်မတော်အရာရှိဟောင်းများကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ သူတို့ကိုချန်လှပ်လို့မရပေမယ့် သူတို့ရဲ့တွေးခေါ်နည်း၊ ပြောကြားချက်စတာတွေကတော့ လူတိုင်းအဖို့ဘာမှမဆန်း၊ ရှုပ်ထွေး စရာလည်းမရှိတာမို့ ဒီဆောင်းပါးထဲမှာ ချန်လှပ်ထားခဲ့ပါမယ်။ တစညပဲ၊ ဒီလိုပဲ ပြောတော့မပေါ့လို့သာ မှတ်ထားလိုက်ကြပါစို့။

ဒါ့အပြင် နောက်တမျိုးကတော့ လူသစ်တန်းလို့ပြောရင် ရမလားပါပဲ၊ သူတို့က ပိုခြေသွက်ပါတယ်။ ပိုပြီးမျက်နှာပြောင်တယ်လို့ ပြောရင်တောင်ရမလားပါပဲ။ တကယ်က သူတို့ထဲက တချို့ဟာ ရှစ်လေးလုံးအရေးတော်ပုံတုန်းက အဖွဲ့အစည်းတချို့မှာ တတိယတန်းခေါင်းဆောင်လောက်လုပ်ဖူးပြီး အခြေအနေဆိုးလာတော့ ထိုင်သွား၊ ငုပ်သွားသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရှစ်လေးလုံးခေါင်းဆောင်တွေအပေါ် အာဃာတတွေထားကြောင်း ဖော်ပြတာလည်း တခါတရံမှာ တွေ့ရပါတယ်။ ဒီအမျိုးအစားထဲမှာ သတိမပြုဘဲမနေနိုင်တဲ့ ဒွေးရောယှက်တင်ဖြစ်နေသူတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ကြံ့ဖွံ့လိုဟာ၊ သတင်းပေးလိုဟာတွေပါ ရောပါနေတာဖြစ်ပါတယ်။ အခုဖော်ပြခဲ့သူ အားလုံးထဲမှာ သူတို့ဟာ အပြတ်သားဆုံးလို့ တောင်ဆိုနိုင်ပါတယ်။ သူတို့က ဘာမှမကြောက်ဘူး ဆိုတာမျိုးလည်း ကြုံတိုင်းလိုလို ဖော်ပြကြပါတယ်။ အင်တာနက်မှာလည်းကျက်စား၊ သူတို့ရဲ့ဖုန်းနံပါတ်တွေကိုကြေညာ၊ ကိုယ့်ကိုယ်ကိုယ် အပြတ်ကြော်ငြာနေကြပါတယ်။ ဒါ့အပြင်သူတို့က ပြည်ပမီဒီယာတွေထဲမှာ “စိမ်ခေါ်လို့ကတော့ တိမ်ပေါ်ကိုတောင်တက်ထိုးမယ်” ဆိုတာမျိုးကိုလည်း ပြောကြပါတယ်။ သူတို့ဦးတည်တာက နအဖဆန့်ကျင်သူ အားလုံးကို ဖြစ်ပါတယ်။ ဒီလိုအခါမှာ သူတို့ကို နအဖက လိုလားဟန်လည်းဖော်ပြနေတော့ သူတို့က ပိုကမ်းတက်တယ်လို့ ပြောနိုင်ပါတယ်။

ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလနဲ့ ပတ်သက်လို့ ပြည်ပမှာ ဖော်ပြချက်တွေလည်း တိုးတိုးတဖုံ၊ ဗြောင်တမျိုး အမျိုးမျိုးပေါ်လာနေပါတယ်။ တချို့ကဆိုရင် “မောင်မောင်အခေါ်” စောင့်နေကြတာပါ။ ကြိုပြီး တိတ်တဆိတ် ဖျာခင်းတာတွေ လုပ်တယ်လို့လည်း ကြားနေရပါတယ်။ သူတို့က နိုင်ငံခြားပညာရှင်ကြီးတွေရဲ့အဆိုအမိန့်တွေကို ကိုးကားပြီး ဗမာပြည်နိုင်ငံရေးကို ချဉ်းကပ်ပါတယ်။ ဒါပေမယ့် မရဲတရဲနဲ့ အချိန်မရွေးပြန်ဆုတ်လို့ရအောင် ပြောဆိုပြင်ဆင်နေကြတာလည်း သတိထားမိပါတယ်။ ကြည့်ရတာ သူတို့ဟာ နအဖရဲ့ကြိုးကိုင်ဒီမိုကရေစီရဲ့အရသာကို မြည်းစမ်းချင်ကြတဲ့ သဘောပါပဲ။ ကြိုးကိုင်ညင်သာရင် ပြည်တွင်းကကွင်းမှာကစားမယ်၊ ကြိုးကိုင်ကြမ်းရင်တော့ ပြည်ပမှာပဲနေမယ်ဆိုတဲ့ သဘောပါပဲ။ သူတို့အနေနဲ့ အန်အယ်လ်ဒီကို အပြစ်တင်တာဟာ မလုပ်မဖြစ်လုပ်ရတဲ့ ကြိုတင်လမ်းခင်းခြင်းလို့ဆိုရင် မမှားပါဘူး။
ဒီလိုလူမျိုးတွေ၊ ဒီလိုအစိုးရနဲ့ ဒီလိုရွေးကောက်ပွဲမျိုးကို ကြည့်ရတာ ပျော်စရာတော့ အကောင်းသားလို့ပဲ အောက်မေ့ရပါတယ်။ ဇာတ်က ဘုန်းကြီးရူးနဲ့လှေလူးထက် ပိုပြီးဟာသမြောက်မှာပါ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မနက်ဖြန် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်မည်

မနက်ဖြန် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်မည်

မင်းနိုင်သူ / ၂ အောက်တိုဘာ ၂၀၀၉


သံဃာတော်များ၏ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို မနက်ဖြန်တွင် ပြည်တွင်း၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သံဃာ့အဖွဲ့ချုပ်က မိန့်ဆိုလိုက်သည်။

“ဦးဇင်းတို့ မြို့(၉) မြို့မှာ ကံဆောင်ပွဲလုပ်ပါမယ်။ လုပ်ဆောင်ရမယ့် သိမ်တွေကို ရွေးချယ်ပြီးပါပြီ။ သိမ်တခုမှာ အနည်းဆုံး သံဃာ (၉) ပါးနဲ့ ကံဆောင်ကြဖို့ စီစဉ်ထားတယ်” ဟု သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်ဆိုသည်။

မည်သည့်မြို့တို့တွင် စီစဉ်ထားသည်ကိုမူ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ခြင်း မပြုနိုင်သေးဟုလည်း ၎င်းကမိန့်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့က မြန်မာတနိုင်ငံလုံးမှ သံဃာတော်များ အောက်တိုဘာလ (၃) ရက် သီတင်းကျွတ်လပြည့်နေ့မှစ၍ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ကြရန် နှိုးဆော်ထားသည်။

ယင်းသို့ နှိုးဆော်လျှောက်ထားချက် ထုတ်ပြန်ခဲ့ပြီးနောက် နအဖစစ်အစိုးရက သံဃာတော်များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်သတင်းယူမှု ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့ ရွှေစေတီကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝါယမကို နအဖစစ်အစိုးရက သြဂုတ် (၂၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် ငါးထပ်ကြီးဘုရားမှ ဆရာတော်အရှင်ဃောသိတကိုလည်း ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် လေဆိပ်၌ပင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ဆရာတော်များအပါအ၀င် လွန်ခဲ့သောလပိုင်းအတွင်း ခေါ်ယူစစ်မေးခံရသော သံဃာတော် (၁၀) ပါးခန့် ရှိနေပြီဖြစ်သော်လည်း ကံဆောင်ပွဲကို ဖြစ်မြောက်အောင် ကျင်းပမည်ဖြစ်ကြောင်း အရှင်ပါရမီခန္တီက မိန့်သည်။

၎င်းက “ကံဆောင်ပွဲကို မနက်ဖြန် မွန်းလွဲ (၃) နာရီမှာ စကြမယ်။ လုံခြုံရေးတွေက အများကြီးရှိနေတော့ တပြည်လုံး အတိုင်းအတာထိတော့ မဖြစ်နိုင်သေးဘူးပေါ့။ လူထုက ကံဆောင်သပိတ်ကို မနက်ဖြန်လုပ်ပြီး ပြီးသွားမယ် ထင်နေကြမယ်။ အဲလိုမဟုတ်ဘူး။ မနက်ဖြန်ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာပါ။ လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြဖို့ လိုပါတယ်” ဟု ဆက်လက်မိန့်ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်းကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့ရာ နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။

ထိုကဲ့သို့ ကံဆောင်မှုကို နအဖစစ်အစိုးရက တောင်းပန်မှုမပြုဘဲ ငြိမ်းချမ်းစွာ မေတ္တာပို့သ ဆန္ဒပြကြသော သံဃာနှင့်လူထုကို ၂၀၀၇ စက်တင်ဘာတွင် ပစ်ခတ်နှိမ်နင်းသတ်ဖြတ်ခဲ့ပြီး သံဃာနှင့် သီလရှင်များကို ဖမ်းဆီးတရားစွဲကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ


Friday, 02 October 2009 18:39 ကိုထွေး


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ်လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းအယူခံကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကြားနာခဲ့ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။



“အယူခံကို ပယ်တယ်၊ ဗဟို တရားရုံးမှာ ပြင်ဆင်မှုသွင်းမယ်၊ ပြင်ဆင်မှုသွင်းဖို့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးနေတယ်၊ အမြန်ဆုံး ကျနော်တို့ လုပ်နေပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း“ ရက်ပေါင်း ၆၀ အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တင်ရမယ်၊ ဟိုတုန်းကတော့ လွတ်လွတ် လပ်လပ် တရားစီရင်နိုင်တယ်၊ အခု တရားရုံးကတော့ မလွတ်လပ်ဘူးလို့ မြင်နိုင်ထင်နိုင်တယ်၊ ရှေ့နေတွေမှာ မျှော်လင့်ချက် ရှိတယ်” ဟုဆိုသည်။

အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက်ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့ တွင် လက်ခံခဲ့ပြီး လျှောက်လဲချက် ကြားနာရန် အောက်တိုဘာလ ၂ရက်နေ့တွင် ရုံးချိန်းပေးထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ရက်နေ့တွင် တိုင်းတရားရုံးက နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ချမှတ်ခဲ့သည့် အပေါ် ယခုကဲ့သို့ အယူခံဝင်ခြင်း ဖြစ်သည်။

အဆိုပါ အယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုခဲ့ပေ။

ယနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက ထပ်မံခွင့်ပြုလိုက်သည်ဟု ကြားသိရကြောင်း သို့သော်လည်း အတည်မပြု နိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က ဒေါက်တာတင်မျိုးဝင်း သွားရောက် စစ်ဆေးစဉ်ကမူ ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ် သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

တရုတ်မြန်မာဆက်ဆံရေး ရှေ့အလားအလာ

တရုတ်မြန်မာဆက်ဆံရေး ရှေ့အလားအလာ

2009-10-01 (RFA )

အမေရိကန်အစိုးရနဲ့ မြန်မာစစ်အစိုးရကြား ဆက်ဆံရေး နီနီးကပ်ကပ် ရှိလာနေချိန် အတွင်း တဖက်မှာ တရုတ်နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး အနေအထားက အေးစက်စက် ဖြစ်လာနေပုံ ပေါ်တယ်ဆိုတဲ့ အပြောအဆိုတွေ ကြားလာရပါတယ်။

မြန်မာခေါင်းဆောင်တဦး လာရောက်စဉ်အတွင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ တိန်အန်မင်ရင်ပြင် ပြည်သူ့ခန်းမကြီးရှေ့တွင် တရုတ်နှင့် မြန်မာအလံများ လွှင့်ထူထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

တရုတ် မြန်မာနှစ်နိုင်ငံ လတ်တလော ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသူတွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြ ထားပါတယ်။

စုစည်းတင်ပြချက် အပြည့်အစုံအား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 1, 2009

ဗကသ က အဝါရောင် လှုပ်ရှားမှု စတင်

ဗကသ က အဝါရောင် လှုပ်ရှားမှု စတင်

ဖနိဒါ
ကြာသပတေးနေ့၊ အောက်တိုဘာလ 01 ရက် 2009 ခုနှစ် 20 နာရီ 04 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို လှုံ့ဆော်သောအားဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က အဝါရောင်လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်လိုက်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောသည်။

ဗကသ ဦးဆောင်မှု အောက်ရှိ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂက ရန်ကုန်မြို့မှ ဗိုလ်ချုပ်ဈေး၊ သီရိမင်္ဂလာဈေး၊ တာမွေဈေး၊ တောင်ဥက္ကလာဈေး၊ မြောက်ဥက္ကလာဈေးစသည့် လူစည်ကားရာ နေရာများတွင် အဝါရောင် တီရှပ်အင်္ကျီ များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

“ရွှေဝါရောင် နှစ်ပတ်လည်နေ့မှာ သံဃာတွေနဲ့အတူ တသွေးတသားထဲ ရှိတယ်ဆိုတာကို ပြတာပါ။ ကျနော်တို့က လပြည့်နေ့အတွက် ကုသိုလ် ယူတာပါလို့ ပြောပြီးတော့ ဈေးထဲသွားဝေပြီး အမြန်ပြန်ထွက်လာလိုက်တယ်။ တီရှပ် အဝါရောင် ဗြောင်ပဲ။ အားလုံး ၂၀၀ လောက် ဝေလို့ရတယ်” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးသည့် မြန်မာနိုင်ငံ သံဃာ့ တပ်ပေါင်းစုအဖွဲ့၏ ယခင်လ ထုတ်ပြန်ချက်အား ထောက်ခံသည့် လှုပ်ရှားမှုတခုလည်း ဖြစ်ကြောင်း သိရသည်။

သံဃာတော်များ၏ ထုတ်ပြန်ချက်၌ အကယ်၍ နအဖ စစ်အစိုးရက သတိပေးချက်ကို မလိုက်နာပါက ယခုလ ၃ ရက်နေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပခုက္ကူမြို့ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်သည်ကို နအဖ စစ်တပ်က ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးနှင့်တုပ်၍ သေနတ်ဒင်ဖြင့် ထုခြင်း၊ စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းဖြင့် စော်ကားခဲ့သောကြောင့် ဒုတိယအကြိမ် သပိတ်မှောက် ကံဆောင် ခဲ့ကြသည်။

လာမည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ပြောခွင့်ရသူ ဦးဓမ္မဝံသက မိန့်ကြားသည်။

“ကံမြောက်မှာပါ။ ၃ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့မှာ ဦးဇင်းတို့က သိမ်တခုထဲမှာ သွားပြီးတော့ ကမ္မဝါစာ ပြုတဲ့အချိန်မှာ သံဃာတွေက သမဂ္ဂီဖြစ်နေတာ။ အားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ဖြစ်နေချိန်မှာ ကမ္မဝါ ညှပ်တယ်ဆိုတော့ ကံမြောက်နိုင်တယ်။ လူတွေ ထင်နေတာက အရင်စက်တင်ဘာလို လုပ်မယ်လို့ ထင်နေကြတယ်။ အဲဒီပုံစံတော့ မဟုတ်ဘူး” ဟု ဦးဓမ္မဝံသက မဇ္ဈိမကို မိန့်သည်။

သံဃာတော် အနည်းဆုံး ၄ ပါးခန့်က သိမ်ကျောင်းဆောင်အတွင်း၌ ကမ္မဝါ စာရွတ်ဆိုပြီး တမ္ဘာလုံးရှိ သံဃာတော်များ အား အကြောင်းကြား လိုက်လျှင် သံဃာများက ပြုသည့်ကံ ဖြစ်သောကြောင့် သံဃာမှန်သမျှ လေးစားလိုက်နာ ရကြောင်းနှင့် မလိုက်နာပါက သံဃာဝိနည်း၊ မြတ်စွာဘုရား၏ ဝိနည်းတော်ကို ချိုးဖောက်ရာကျကြောင်း သံဃာတော်များက မိန့်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်ပွဲ နှစ်ပတ်လည် ကာလတွင် သံဃာတော် များ၏ လှုပ်ရှားမှုများကို တားဆီးနိုင်ရန် စစ်အစိုးရက ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။

ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ အနည်းဆုံး ၃၀ ကျော်အား ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် သံဃာတော် ၁၄ ပါး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ပြောဆိုသည်။

ယမန်နေ့ကလည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် ထန်းတောကျေးရွာမှ သက်တော် ၅၀ နှစ် အရွယ်များ ဖြစ်ကြသည့် ဇေယျသီရိန် ကျောင်းထိုင်ဆရာတော် ဦးမုနိန္ဒနှင့် ဇေယျာသိမ် ကျောင်းတိုက်မှ ဦးဇင်း ဦးအဂ္ဂတို့အား မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ အပါအဝင် အထူးရဲ သတင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ထန်းတောကျေးရွာ ဒေသခံတဦးက ပြောသည်။

“နှစ်ပါးစလုံးကို ကမ္ဘာအေး ဘုရားမှာ ထားတယ်လို့ ပြောတယ်။ ဒီနေ့ ကွမ်းခြံကုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးကို အရှင်ဦးအဂ္ဂက ဖုန်းဆက်လာတယ်လို့ ပြောတယ်။ ပြန်လွတ်လာ မလားတော့ မသိသေးဘူး” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

အဆိုပါ သံဃာတော် နှစ်ပါးသည် မန္တလေးမြို့စာသင်တိုက်များတွင် ဘာသာရေးဆိုင်ရာ ဆည်းပူး ခဲ့ဖူးသူများဖြစ်ပြီး ၂၀၀၇ စက်တင်ဘာလအတွင်း သံဃာတော်များ မေတ္တာပို့ ဆုတောင်းရာတွင် ပါဝင်ခဲ့ကြောင်း ကွမ်းခြံကုန်းမြို့နယ်မှ သံဃာတပါးက မိန့်သည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...