Friday, October 2, 2009

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ


Friday, 02 October 2009 18:39 ကိုထွေး


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ်လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းအယူခံကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကြားနာခဲ့ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။



“အယူခံကို ပယ်တယ်၊ ဗဟို တရားရုံးမှာ ပြင်ဆင်မှုသွင်းမယ်၊ ပြင်ဆင်မှုသွင်းဖို့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးနေတယ်၊ အမြန်ဆုံး ကျနော်တို့ လုပ်နေပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း“ ရက်ပေါင်း ၆၀ အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တင်ရမယ်၊ ဟိုတုန်းကတော့ လွတ်လွတ် လပ်လပ် တရားစီရင်နိုင်တယ်၊ အခု တရားရုံးကတော့ မလွတ်လပ်ဘူးလို့ မြင်နိုင်ထင်နိုင်တယ်၊ ရှေ့နေတွေမှာ မျှော်လင့်ချက် ရှိတယ်” ဟုဆိုသည်။

အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက်ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့ တွင် လက်ခံခဲ့ပြီး လျှောက်လဲချက် ကြားနာရန် အောက်တိုဘာလ ၂ရက်နေ့တွင် ရုံးချိန်းပေးထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ရက်နေ့တွင် တိုင်းတရားရုံးက နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ချမှတ်ခဲ့သည့် အပေါ် ယခုကဲ့သို့ အယူခံဝင်ခြင်း ဖြစ်သည်။

အဆိုပါ အယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုခဲ့ပေ။

ယနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက ထပ်မံခွင့်ပြုလိုက်သည်ဟု ကြားသိရကြောင်း သို့သော်လည်း အတည်မပြု နိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က ဒေါက်တာတင်မျိုးဝင်း သွားရောက် စစ်ဆေးစဉ်ကမူ ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ် သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။