Monday, September 28, 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင်
ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ


ဖနိဒါ

တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 23 နာရီ 57 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လာသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“သိန်းစိန်နဲ့ ဦးဥာဏ်ဝင်းကို ဆန္ဒပြတယ်။ ဟိုတယ်ရှေ့မှာ ၇ နာရီ (မနက်) ကနေ ပိတ်ပြီး စောင့်နေတာ။ ၉ နာရီထိ လုပ်မယ်။ ကျနော်တို့က လူဦးရေ ၃ဝ လောက် ရှိတယ်။ ဘုန်းကြီး ၂ ပါး ကြွလာတယ်။ ဦးဥာဏ်ဝင်းက ထွက်လာတော့ ဖိနပ်နဲ့ ပေါက်လိုက်တယ်။ ဒို့ထဲက တယောက် ဖမ်းခံထိတယ်။ လုံခြုံရေးတွေ အများကြီးပဲ” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲတွင် သာသနာ့ဥသျှောင်အဖွဲ့ သံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ (Free Burma federation)၊ Women on the move for Burma စသည့် အဖွဲ့များက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲအား လက်မခံကြောင်း၊ ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ကျောင်းသားပြည်သူ သတ်ရန် မဟုတ်၊ Free Burma ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်လွှတ်ပေး” စသည်တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမိုးသီးဇွန်ကလည်း “ဒီစစ်အစိုးရက တရားမဝင် သူတို့ ကုလသမဂ္ဂမှာ စကားပြောခွင့် မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်။ ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိခဲ့သည်။

ယခုလ ၂၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှ ဆပ်ကော်မတီ မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb တွေ့ဆုံခဲ့သည်။

မစ္စတာဝက်ဘ်သည် ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ခိုးဝင်ရောက်သူ မစ္စတာယက်တောကိုလည်း အမေရိကန်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။