Saturday, May 23, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့ နအဖ...


ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက်

ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့

နအဖ...





နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ- ဒါမှမ ဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွား တယ်လို့ယူဆစရာရှိပါတယ်။ ဒါပေမဲ့လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေ ပါတယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက် ကိုယ့် တသက်လုပ်ရမယ့်ကိစ္စလို့ သတ်မှတ်ထားကြဟန်တူပါတယ်။ ဒါကြောင့်နေအိမ်ချုပ်သက်တမ်း စေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာအိမ်ရှင်ကိုစွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာဖြစ် ပါတယ်။ ဒါပေမဲ့သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ် သန်းရွှေတယောက်ထိုင်နေအကောင်းသားလို့ဆိုရမလိုဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေ လမ်းငွေလမ်းတော့ဖြင့် ပေါက်တော့မယ်လို့မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ် အောင်ဆန်းစုကြည့်ကိုရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်”ဆိုတာမျိုးဖြစ်သွားပါတယ်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလိုအပြစ် တင်တာခံလိုက်ပြီး ကုလ သမဂ္ဂလုံခြုံရေးကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ်တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက် ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်းခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံ တကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ်နစ်နာရတဲ့ ဘယ်သူမပြုမိမိမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့တခြားမြို့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူနေရတာကိုကြည့်ရင်သိနိုင်ပါတယ်။ ပဒူအုံကိုတုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ် လို့သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေးလို့ စသဖြင့်ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်းပေါ်ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။

ဒီလို တိုင်းပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရ တာပါ။ ဒါကြောင့်မို့ သံတမာန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံးတက် ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက် က ကျိုးကြောင်း မခိုင်လုံကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ယူဆရင်ရပါတယ်။

အခုတော့အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေးဆိုတဲ့တောင်းဆိုချက်ဟာ ကျယ်လောင် သထက်ကျယ်လောင်လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရ ဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ဖက်ကသက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက်အထောက်အကူလုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြသက်သေတွေကို တောင် စစ်နေဖို့ မလိုလောက်အောင်ဖြစ်ပါတယ်။ ဒါပေမဲ့နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင်တဲ့ဝံပုလွေလိုပဲ “နင်မဟုတ်နင့်အဖေပဲ”လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးတဲ့ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက်နားထောင်နိုင်တဲ့ တရားရုံးမှာစစ်ဆေးရေး ဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက် မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့ အပြင် လူတိုင်းသဘောတူနိုင်တဲ့ တောင်းဆိုချက်ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံဖြစ်ပါတယ်။

ဒီတခါဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝရွေးကောက်ပွဲကိုဝင်ဖို့ပြင် နေတဲ့လူ တွေအတွက်တော့ အတော်လေး အကြပ်ရိုက်သွားမှာဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကိုယမ်းချေးပန်းတယ်လို့ပြောနိုင်ပါတယ်။ တကယ်လို့သာသူတို့ အနေနဲ့ဒီကိစ္စနဲ့ ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာအတတ်နိုင်ဆုံး ခေါင်း ရှောင်ချင်ကြမှာပါ။ နအဖ အလိုကိုလိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော် တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ကိုယ့်ခံစားချက်၊ ကိုယ့်အမြင် တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် တွေ ဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တယ်ဆို တာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှုဆင်ပြီး တင်တာဟုတ်မဟုတ် ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေး မနေကြတော့ပါဘူး။ ဘာကို-ဘယ်လိုလုပ်ရင်ကောင်း မလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်းမသိတာမဟုတ်ပါဘူး။ ဒါပေမဲ့သူတို့အတွက် အနည်းဆုံး ရွေးကောက်ပွဲပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုလူထုထဲ မှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါတယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီး-ရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေဘယ်လောက်ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။


ရဲဘော်ဖိုးသံချောင်း



မှတ်ချက် ။ ။ http://gingyi.blogspot.com မှ ကူးယူ မျှဝေပါသည်။


အပြည့်အစုံ ဖတ်ရန် ...

မိုးမခ ရေဒီယို - မေ ၂၂၊ ၂၀၀၉ အစီအစဉ်

မိုးမခ - ရေဒီယို - Radio Program


အသံဖိုင်နားဆင်ရန် ( ပုံကို နှိပ် ပါ ခင်ဗျား ... )

မိုးမခ ရေဒီယို - မေ ၂၂၊ ၂၀၀၉ အစီအစဉ်


ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုသည့် တရားခွင် မြင်ကွင်းများ

ဦးဝင်းတင်

လူထုစိန်ဝင်း

ရှေ့နေ ဦးကြည်ဝင်း နှင့် ဦးဉာဏ်ဝင်းတို့၏ ပြောကြားချက်များ

မာမာအေး ၏ ကဗျာ - အဖေ့ဓား

ဇေယျ၏ ဆောင်းပါး - ရှင်ဘုရင်လုပ်ချင်တဲ့လူ လက်ညိုးထောင်

ဒေါ်အောင်ဆန်းစုကြည်၏ ၂ဝဝ၃ ခုနှစ် ဗန်းမော်မြို့ မိန့်ခွန်းကောက်နုတ်ချက်

စီစဉ်သူ - ထိန်လင်း


မှတ်ချက် ။ ။ http://www.moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အထုပ္ပတ္တိ

ဒေါ်အောင်ဆန်းစုကြည် အထုပ္ပတ္တိ

သောကြာနေ့၊ မေလ 22 2009 10:28 - မြန်မာစံတော်ချိန်

တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဖိနှိပ်ခြင်းကို သူရဲကောင်းပီသစွာ ငြိမ်းချမ်းစွာ ကြံ့ကြံ့ခံနိုင်ခြင်း၏ အပြည်ပြည်ဆိုင်ရာ ပြယုဂ်တခု ဖြစ်လာခဲ့ပါသည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများအတွက် တနေ့တွင် နိုင်ငံ၏ စစ်အာဏာရှင် ဖိနှိပ်မှု အဆုံးသတ်ရမည်ဟူသော အကောင်းဆုံးနှင့် တခုတည်းသော မျှော်လင့်ချက်လည်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒီမိုကရေစီ လိုလားသော ခေါင်းဆောင်တဦး အနေနှင့် သူသည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်းမှ ၁၃ နှစ်ကျော်ကာလကို စစ်အစိုးရ၏ ထိန်းသိမ်းမှု ပုံစံအမျိုးမျိုး အောက်တွင် ဖြတ်သန်းခဲ့ရသည်။

အင်အားမဲ့တို့၏ အင်အား

၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုအတွက် သူသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးကော်မတီ ဥက္ကဌဖြစ်သော ဖရန်စစ် စီဂျက်စတက်က သူမအား “ ထင်ရှားသော အင်အားမဲ့တို့၏ အင်အား ဥပမာ တခု” ဟု ခေါ်ဝေါ်ခဲ့သည်။

နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်ခဲ့ရပြီးနောက် ၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသို့ပြန်သွားခဲ့သည်။

သူပြန်ရောက်ပြီး မကြာခင်ပင် ရန်ကုန်မြို့တွင် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ၌ ပြန်လွတ်လာသည်အထိ ၆ နှစ်ကြာမျှ နေအိမ်အကျယ်ချုပ် အချခံခဲ့ရသည်။

ခရီးသွားကန့်သတ်ထားမှုကို အာခံသည့်အနေဖြင့် မန္တလေးသို့သွားရန် ကြိုးစားခဲ့စဉ် ၂ဝဝဝ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ်ချခဲ့သည်။

သူ့ကို ၂ဝဝ၂ ခုနှစ် မေလတွင် ချွင်းချက်မရှိ ပြန်လွတ်ပေးခဲ့သည်။ သို့သော် နောက်တနှစ် အကြာတွင် သူနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများကို စစ်အစိုးရ လက်သပ်မွေးထားသော လူမိုက်အုပ်စုကြီးက တိုက်ခိုက်မှုဖြစ်ပွားပြီး သူ့ကို ထောင်တွင်း ထိန်းသိမ်းခဲ့သည်။

၂ဝဝ၃ ခုနှစ် စက်တင်ဘာလတွင် အမျိုးသမီးရောဂါနှင့် ခွဲစိတ်ခံရပြီးနောက် သူအား အိမ်သို့ ပြန်ပို့ခဲ့သည်။ သို့သော်လည်း နေအိမ်အကျယ်ချုပ်အဖြစ်နှင့်သာဖြစ်သည်။

၂ဝဝ၇ ခုနှစ်နွေရာသီတွင် လောင်စာဆီ ဈေးနှုန်းနှင့်ပါတ်သက်၍ ဆန့်ကျင်ဆန္ဒပြမှုများ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။ ၎င်းမှနောက်ဆက်တွဲတွင် အစိုးရမှ အကြမ်း ဖက်အဆုံးသတ်ခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။

သူ့ကို မမေ့နိုင်

ဒေါ်အောင်ဆန်းစုကြည် သည်စက်တင်ဘာလတွင် သူ၏အိမ်ရှေ့သို့ ကြွချီလာသော ဆန္ဒပြ သံဃာတော်များကို အိမ်ခြံဝင်းမှ ဖူးမျှော်ခဲ့သည်။၂ဝဝ၃ ခုနှစ်ကတည်းကဆိုလျှင် ပထမဆုံး လူထုရှေ့မှောက်သို့ ပေါ်လာခြင်းပင် ဖြစ်သည်။

၂ဝဝ၉ ခုနှစ်မေလ သူမ၏နောက်ဆုံးထိန်းသိမ်းထားမှု ကာလပြည့်ကာနီးအချိန်တွင် NLD မှသူ မတွင် သွေးအားနည်းရောဂါနှင့် ရေဓါတ်လျော့နည်းသော ရောဂါခံစားနေရသောကြောင့် သူမ အားလွတ်ပေးပါရန် စစ်အစိုးရအားအယူခံဝင်ခဲ့ရာ ပယ်ချခြင်းခံခဲ့ရသည်။

ထူးဆန်းတဲ့ အမှုတက်

မကြာသေးခင်ကာလက ကန်ကိုဖြတ်၍ရေကူးကာ သူ၏နေအိမ်ဝင်းခြံထဲသို့ ခိုးဝင်ခဲ့သော အမေရိကန် နိုင်ငံသားတဦးအား ဖမ်းဆီးမိခဲ့သည်။

ထို့နောက်ရက်အနည်းငယ်အကြာတွင် ထိုသူကိုဝင်လာရန် မဖိတ်ခေါ်ခဲ့သည်မှာ ထင်ရှားသော် လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အား ထိန်းသိမ်းထားစဉ် ကန့်သတ်ထားသည့် အခြေအနေ တို့ကိုဖောက်ဖျက်သည်ဟုဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုခဲ့သည်။

သူ့အား အင်းစိန် အကျဉ်းထောင်သို့ခေါ်ဆောင်သွား၍ မေလ ၁၈ ရက်နေ့တွင် သတ်မှတ်ထား သော အမှုကြားနာမှုကိုစောင့်နေရသည်။

ဝေဖန်ချက်များက ဖမ်းဆီးမှုသည် ၂ဝ၁ဝ တွင်ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအထိ သူမအားလူအများမျက်စိရှေ့မှောက်မှ ဖယ်ရှားထားရန် အကွက်ချစီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

နေအိမ်အကျယ်ချုပ်မှာ ဘယ်လိုဖြတ်သန်းခဲ့လဲ

ထိန်းသိမ်းထားသည့် ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လေ့လာခြင်းများနှင့် အလုပ်ရှုပ်နေခဲ့သည်။

“ကျမအဖေရဲ့ သမီးတယောက်အနေနဲ့ ဖြစ်ပျက်နေတာတွေ အားလုံးကို မထူးခြားသလို ကျမ မနေနိုင်ပါဘူး“ ဟုဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခုနှစ်က ပြောခဲ့ပါသည်။

သူသည် တရားထိုင်သည်။ ပြင်သစ်စာ၊ ဂျပန်စာ ကျွမ်းကျင်မှုများအတွက် အလုပ်လုပ် နေခဲ့သည်။ ထို့နောက် စန္ဒရားတွင် ဂျာမန်တေးရေးဆရာ ဘက်ခ်ျ ၏ တေးများတီးရင်း အပန်း ဖြေတတ်သည်။

မကြာသေးခင်အချိန်များကူ သူသည်တခြား NLD မှလူကြီးများနှင့်လည်းကောင်း၊ ကုလသမဂအထူးသံတမန် ရာဇာလီ အစ္စမေးလ် ကဲ့သို့သော ရွေးချယ် ပေးထားသော သံတမန်များနှင့် လည်းကောင်း တွေ့ခွင့်ရခဲ့သည်။

သို့သော် ထိန်းသိမ်းခံရသည့် စောစောပိုင်းနှစ်များကမူ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ် တော်တော်များများတွင် တဦးတည်းသီးသန့်ခွဲထားခဲ့သည်။ ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါနှင့် ဆုံးသွားခဲ့သော အင်္ဂလိပ်လူမျိုး ခင်ပွန်းနှင့် သားနှစ်ယောက်ကို ပင်တွေ့ခွင့်မရခဲ့ပေ။

သူ၏ခင်ပွန်း သေဆုံးခါနီး အိပ်ရာထဲတွင်လဲနေစဉ်တွင် သူ့အားစစ်အစိုးကအာဏာပိုင်များ ကခင်ပွန်းအား တွေ့ဆုံနိုင်ရန် အင်္ဂလန်သို့ပြန်ခွင့်ပြုမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော်သူက နိုင်ငံသို့ပြန်လည်ဝင်ရောက်ခွင့်မပြုမည်ကိုစိုးသောကြောင့် တာဝန်အရငြင်းဆန်သင့်သည်ဟု ယူဆကာ ငြင်းဆန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းထားခြင်းကသူ၏ကျန်ရှိနေသောဘဝအား မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ကိုယ်စားပြုပေးရန် သူ့အားပိုမို၍ရည်စူးဆုံးဖြတ်လာ စေသည်ဟုမကြာခဏပြောလေ့ရှိသည်။

ကုလသမဂ္ဂ သံတမန် ရာဇာလီအစ္စမေးလ်က ဒေါ်အောင်ဆန်းစုကြည်သည် သူတွေ့ ဘူးသမျှ လေးစားအထင်ကြီးစရာအကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တယောက်ဖြစ်သည်ဟုဆို၏။

နိုင်ငံခြားတွင် နေထိုင်ရသောဘဝ

ဒေါ်အောင်ဆန်းစုကြည်အား လေးစား စိတ်ဝင်စားခံရခြင်း အကြောင်းအရင်း တော်တော်များများ မှာ သူသည် တိုင်းပြည်၏ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးမရခင် ခြောက်လခန့်အလို အပြောင်းအလဲကာလ ၁၉၄၇ ခု၊ ဇူလိုင်လ တွင်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ နှစ် နှစ်သမီးသာရှိပါသေးသည်။

၁၉၆ဝ ခုတွင် ဒေလီသို့ မြန်မာသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော မိခင်နှင့်အတူ အိန္ဒိယ သို့လိုက်ပါသွားခဲ့သည်။

လေးနှစ်ကြာသောအခါ အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် သို့ သွားရောက်၍ အတွေးအခေါ်ပညာ၊ နိုင်ငံရေးနှင့် စီးပွါးရေးတို့ကို သင်ယူခဲ့သည်။ ထိုတက္ကသိုလ်တွင် သူ၏ ခင်ပွန်းလောင်းနှင့် တွေ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နှင့် ဘူတန်တို့တွင် စွဲမြဲစွာ နေထိုင်လုပ်ကိုင်ခဲ့ပြီးနောက် သားနှစ်ယောက် ဖြစ်သော အလက်ဇန်းဒါး နှင့် ကင်မ် တို့ကို ပြုစုပျိုးထောင်ကာ အင်္ဂလိပ်တက္ကသိုလ် ကျောင်းဆရာတယောက်၏ အိမ်ရှင်မအဖြစ် ဘဝအခြေချခဲ့သည်။

သို့သော် မြန်မာပြည်သည် သူ၏အတွေးမှ ဘယ်သောအခါမှ ဝေးကွာမသွားခဲ့။

ပထမပိုင်း အလွန်ဖျားနာနေသော မိခင်အား ကြည့်ရှု့စောက်ရှောက်ရန် ၁၉၈၈ ခုနှစ် တွင်ရန်ကုန်သို့ ပြန်ရောက်သွားခဲ့စဉ်က မြန်မာနိုင်ငံသည် အဓိကနိုင်ငံရေး ပြသာနာအပြောင်း အလဲများ ကြားတွင်ရှိနေခဲ့သည်။

ထောင်နှင့်ချီသော ကျောင်းသားများ၊ ရုံးအလုပ်သမားများနှင့် ဘုန်းတော်ကြီးများသည် ဒီမိုက ရေစီအပြောင်းအလဲအတွက် လမ်းများပေါ်သို့ထွက်၍ တောင်းဆိုနေကြသည်။

“ကျမအဖေရဲ့ သမီးတယောက်အနေနဲ့ ဖြစ်ပျက်နေတာတွေ အားလုံးကို မထူးခြားသလို ကျမ မနေနိုင်ပါဘူး“ ဟုဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခု သြဂုတ် လ၂၆ ရက်နေ့တွင်ရန်ကုန်၌ ပြောသော သူ၏ မိန့်ခွန်း၌ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီတွင် ထိုစဉ်ကအာဏာရှင် ဗိုလ်ချုပ်နေဝင်းကိုဆန့်ကျင် သောတော်လှန်ရေး ၏ဦးဆောင်မှုအခန်းဂဏ္ဌထဲသို့ တွန်းပို့ခြင်းခံလိုက်ရတော့သည်။

အမေရိကန် နိုင်ငံသားအခွင့်အရေးတောင်းဆိုမှု ခေါင်းဆောင် မာတင်လူသာကင်း နှင့် အိန္ဒိယမှ မဟတ္တမဂန္ဒီ တို့၏အကြမ်းမဖက်ရေးလှုပ်ရှားမှုများ ကိုအားကျအတုယူကာနိုင်ငံ အနံ့ သွာရောက်၍ တရားပွဲများပြုလုပ်စည်းရုံးခဲ့သည်။ လွတ်လပ်သော ရွေးကောက်ပွဲနှင့် ငြိမ်းချမ်း သောဒီမိုကရေစီ အသွင်ကူးပြောင်းလဲရေးတို့ကိုတောင်းဆိုခဲ့သည်။

သို့သော် ၁၉၈၈ ခုစက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော စစ်တပ်မှ ဆန္ဒပြ ပွဲများကိုရက်ရက်စက်စက် ဖြိုခွင်းခဲ့သည်။

စစ်အစိုးရသည် ၁၉၉ဝ ခု၊ မေလတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယှဉ်ပြိုင်ရန်အချက်များနှင့်မပြည့်စုံခဲ့ဘဲ၊ နေအိမ်အကျယ်ချုပ်ကျ နေခဲ့သော်လည်း သူမ၏ NLD ပါတီသည် မဲအပြတ်အသတ် အနိုင်ရခဲ့သည်။

သို့သော် စစ်အစိုးရသည် ထိန်းချုပ်ထားမှုကို လွဲပေးရန်ငြင်းဆန်ခဲ့၍ ထိုအချိန်ကတည်းက အာဏာကိုဆုတ်ကိုင်ထားခဲ့သည်။

( ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ကို ကိုးကားပါသည်။)

မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, May 22, 2009

မလေးရှားနိုင်ငံ ကေအယ်လ်ရှိ ပြည်မြန်မာသံရုံး အတွင်း မသမာ စီးပွားရေးဈေးကွက်နှင့် စီးပွားရှာသူများ

မလေးရှားနိုင်ငံ ကေအယ်လ်ရှိ ပြည်မြန်မာသံရုံး အတွင်း မသမာ

စီးပွားရေးဈေးကွက်နှင့် စီးပွားရှာသူများ


မလေးရှားနိုင်ငံမှာ မြန်မာပြည်မှ တရားဝင်အလုပ်သမား မြောက်များစွာလာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့  ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကို အဓိက အားထားနေရပြီး တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင် အတော်လေး အဆင်ပြေသော အလုပ်လို့ ပြောလို့ ရပါတယ်။ အဲဒီ ၉၀၀-၁၀၀၀ ထဲကမှ လဲဗီးကြေး တစ်လကို ၁၅၀-၂၀၀ လောက်နုတ်ရပါသေးတယ်။ ပြီးတော့ နေ့စဉ်စားသောက်စရိတ် ချိုးခြံချွေတာစားမယ်ဆိုလျှင် တစ်လကို ၁၅၀-၂၀၀လောက်တော့ ကုန်ပါတယ်။

ဒါတောင် ဆေးလိပ်၊ ကွမ်းယာ၊ အခြေခံလိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူစရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါတယ်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာစီးပွားရှာနေသောသူများ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးမှ သတင်းပေးပို့ခဲ့ပါတယ်။

သံရုံးအတွင်း၌ဖြစ်ပေါ်နေသော မသမာစီးပွားရေးသမားတစ်စုမှာ မြန်မာနိုင်ငံကူးလက်မှတ်ကို သံရုံးကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက် တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်း၌ မသမာစီးပွားရှာသူများ(ပွဲစားများ)ထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါတယ်။ သို့သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀သာ ပိုပေးရပါတယ်။
ဒါ့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ ပိုပေးလိုက်ရုံပါပဲ။ တရားဝင်သက်တမ်းတိုးကြေးမှာ ရင်းဂစ် ၆၀၀ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်းတိုးပြီးသား စာအုပ်ကို ရရှိနိုင်ပါတယ်။ အကယ်၍ Passport စာအုပ်ပျောက်ဆုံးလို့ အသစ်ပြန်လျှောက်မည်ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။

စာအုပ်ပျောက်ဆုံးလျှောက်ထားချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်ယောက်၊ တစ်စောင်လျှင် ၅၀ပေးရပါတယ်။ ထို့အပြင် စာအုပ်စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လျှောက်လျှင် ၁ပတ်မှ ၂ပတ်အထိကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ပွဲစားများထံတွင် နေ့ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ် ၇၀၀တိတိ ပိုပေးရပါတယ်။ သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ဟု သတ်မှတ်ထားသဖြင့် ပွဲစားများအား စာအုပ်အမြန်ရလိုသူများက ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့ တွင်းချင်း ရရှိနိုင်ပါတယ်။
ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး အဆိုပါ ပွဲစားများတွင်တမျိုး နှစ်မျိုးဖြစ်နေရခြင်းမှာ ဘာကြောင့်ဖြစ်နေသလဲဆိုတာ လူတိုင်းတွေးဆကြည့်နိုင်ပါလိမ့်မည်။ ထိုကိစ္စများကို ဆောင်ရွက်ပေးနေသော သူများ၏ အမည်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။

ထိုပွဲစားများမှာ သန်းနိုင်၊ မင်းအောင်၊ ထွန်းထွန်း၊ တင်အောင်မိုး၊ အောင်မြတ်၊ တင်စိုး၊ ထွန်းခိုင် တို့ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်များမှာ သပုပ်လေလွင့် အပုတ်ချပြောဆိုခြင်းမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ အရုပ်ဆိုး အကျည်းတန်လှတဲ့ ကိစ္စများ သံရုံးကောင်တာအတွင်း၌ ဖြစ်ပေါ်နေခြင်းကို သံရုံးအကြီးအကဲများ မသိနိုင်စရာ မရှိဟု ယုံကြည်ပါတယ်။ သံရုံးရောက်ဖူးသူတိုင်းလဲ သိကြပါတယ်။ ဒါ့အပြင် ထိုပွဲစားများမှာ နေ့စဉ်ကိစ္စအ၀၀ကို လာရောက်ဆောင်ရွက်ကြသူများနှင့် စကားမပြောချင်လဲ အတင်းဝင်ရောပြောဆိုပြီး အလုပ်ကိစ္စများကို ဖျားရောင်းသွေးဆောင်ပြီး "ဆောင်ရွက်ပေးမယ်။ ဘယ်လောက်ကျမယ်။ သူတို့ကိုမယုံလျှင် အမြဲလာခဲ့ပါ ဒီသံရုံးထဲမှာ အမြဲရှိတယ်"လို့ ပြောပါသေးတယ်။ ဘာကြောင့်များ စီးပွားရှာသူတွေကို ဒီလိုမြန်မာသံရုံးမှာ တွေ့ နေရတာ စဉ်းစားစရာပါ။ ထိုကိစ္စရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခုပါ သိစေချင်ပါတယ်။

မြန်မာအလုပ်သမားပေါင်း ၃၀၀ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှားချပေးထားသော အလုပ်သမားများထဲမှ စာအုပ်သက်တမ်းတိုးဖို့ လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့ လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင်သက်တမ်းတိုးကြေးအပြင် ၀န်ဆောင်ခအတွက် ရင်းဂစ်၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်းခံရကြောင်းသိရပါတယ်။ ဘာကြောင့်အဖြတ်ခံရတာလဲ ရင်းဂစ်၃၀၀ကြီးများတောင်လို့ မေးတဲ့အခါ သံရုံးကောင်တာမှ လူမပါလျှင် ကိုယ်စားလာလုပ်လို့ မရဘူးလို့ မင်းတို့ သံရုံးက ပြောကြောင်း ဒါပေမဲ့ သူတို့ သံရုံးထဲမှာရှိသော ပွဲစားများနှင့် လုပ်လျှင်ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက်ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထိုကုပ္မဏီမှ လိုက်လံဆောင်ရွက်ပေးသူ မလေးတရုတ်က ပြောသွားပါတယ်ဟု သိရှိရပါတယ်။ ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ အဆင်မပြေလှသော ဘ၀များဖြင့်နေထိုင်နေရသော မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသောနည်းလမ်းများဖြင့် စီးပွားရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲများမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသလဲ။

စဉ်းစားစရာ အလွန်ကောင်းလှပါတယ်။ အကြီးအကဲများကိုယ်တိုင် ဆောင်ရွက်လျှင် နာမည်ပျက်မှာ စိုး၍ ထိုပွဲစားများမှာ သံရုံးရှိအကြီးအကဲများ၏ ပြယုဂ်သာ ဖြစ်နိုင်ကြောင်း။ ထို့အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ်အမြန်ထုတ် ၅၀၀၊ အခွန်မဆောင်လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ ပုံမှန်အားဖြင့် ရုံးအတွင်းတွင် ထိုကဲ့သို့ အတိအလင်း ဆောင်ရွက်နေခြင်းမှာ သံရုံးရှိ အကြီးအကဲများ မသိနိုင်စရာမရှိခြင်း၊ ၀န်ထမ်းများက အခြားသော ပွဲစားများ (ပြင်ပမှ) လာရောက်ဆောင်ရွက်ပေးလျှင် ပွဲစားလက်မခံဘူးဟု ပြောဆိုမောင်းထုတ်သော်လည်း ရုံးအတွင်းရှိ ပွဲစားများမှာ မည်သည့်ကိစ္စမဆို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်းများကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဖြစ်အပျက်မှန်များကို အများပြည်သူ သိရှိစေချင်တဲ့ ဆန္ဒအမှန်ဖြင့် သံရုံးသို့ တစေ့တစောင်းလေ့လာမိသူတစ်ဦးမှ အမှန်ကို ဖော်ထုတ်လိုက်ပါတယ်။


မှတ်ချက် ။ ။ မေးလ် မှ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဦးဝင်းတင် လုံခြုံရေး စိုးရိမ်ရ

ဦးဝင်းတင် လုံခြုံရေး စိုးရိမ်ရ

Friday, 22 May 2009 19:41 အေးလဲ့

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်နှင့် NLD အဖွဲ့ဝင်တို့က ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရာ အင်းစိန်ထောင်အနီးသို့ သွားရောက် စောင့်ကြည့် နေမှုအပေါ် လုံခြုံရေးအရ စိုးရိမ်ရကြောင်း ရှေ့နေဦးအောင်သိန်း ကပြောသည်။

NLD ရှေ့နေတဦးဖြစ်သူ ဦးအောင်သိန်းက“ ဦးဝင်းတင်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေတဲ့ သူတွေ ရဲ့ လုံခြုံရေးကို ကျနော် စိုးရိမ်မိတယ်၊ သူဟာ NLD အတွက် အရမ်းကိုအရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ ဦးဝင်းတင် က သူ့ကိုယ်သူ ပြည်သူထဲက ပြည်သူတယောက်လို့ လက်ခံထားတဲ့ အတွက် သူ့ကို လုံခြုံရေး ထားပေးရင်လည်း လက်ခံမှာမဟုတ်ပါဘူး” ဟု ပြောသည်။

ဦးဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည် အမှုကြားနာစစ်ဆေးစဉ် တလျောက်လုံး ဘတ်စ်ကားစီး၍ အင်းစိန် ထောင် ရှေ့သို့သွားရောက်ကာ တရားခွင်နှင့်ပတ်သက်သည့် သတင်းများကို စောင့်ဆိုင်းနားထောင် နေပုံများ ကို အင်တာနက် သတင်းစာမျက်နှာများတွင် ဓာတ်ပုံနှင့်တကွ မြင်တွေ့ရသည်။

ယင်းသို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်၏ လှုပ်ရှားမှုများကို ကြံ့ဖွံ့နှင့် စွမ်းအားရှင် တို့က အုပ်စုဖြင့်တမျိုး၊ ကားနှင့်တမျိုး လိုက်လံစောင့်ကြည့်နေကြောင်းလည်းကြားသိရသည်။

NLD အဖွဲ့ဝင် တဦးက “အဘက လမ်းသွားနေတဲ့ အချိန် စွမ်းအားရှင်လို့ ထင်ရတဲ့ အရပ်ဝတ်နဲ့ လူတွေ ဒိုင်နာ ကား နှစ်စီးနဲ့ အဘနားကို ကပ်သွားလိုက်၊ ပြန်လှည့်လိုက်နဲ့ လုပ်နေတာ တွေ့ရတယ်”ဟု ပြောသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် စာနယ်ဇင်းကို ဦးဆောင် ပါဝင်ခဲ့သေကြောင့် ၁၉၈၉ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခဲ့ရာ ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

ယခု လတ်တလောတွင် ၎င်း၏ အိမ်သို့ ရေးကူးဝင်ရောက်သူ အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ တရားရင်ဆိုင်နေရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည်လည်း ၁၉၉၆ ခုနှစ်တွင် တကြိမ်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင်တကြိမ် လူအုပ်စုဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံခဲ့ရဖူးသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း ရန်ကုန်တိုင်း တွံ့တေးမြို့မှ NLD အဖွဲ့ဝင် ဦးသိန်းဦး အပါအဝင် အဖွဲ့ဝင် တချို့ အစိုးရကျောထောက်နောက်ခံပြုထားသော ကြံ့ဖွံ့နှင့် စွမ်းအားရှင် တို့၏ ရိုက်နက်ခြင်းခံခဲ့ရသေးသည်။

ယင်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များသည်၂၀၀၇ခုနှစ် စက်တက်ဘာ သံဃာအရေးအခင်းကာလ မေတ္တာပို့ရွတ်ဆို ၍ ငြိမ်းချမ်းစွာ လမ်းလျှောက်သည့် သံဃာတော်များကိုလည်း အကြမ်းဖက် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အဆိုပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)သည် နိုင်ငံရေးပါတီ အသွင်ပြောင်းလဲ၍ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသည် ဆိုသည့် သတင်းများလည်း ကြားသိရ သည်။

ပြီးခဲ့သည့် မတ်လပိုင်းတွင် ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က စစ်အစိုးရ ပြဌာန်း ထားသော“တရားမဝင် အဖွဲ့အစည်း အက်ဥပဒေ”နှင့်ငြိစွန်းသည့် အတွက် ထိုကြံ့ဖွံ့ အဖွဲ့ကို ဖျက်သိမ်းပေး ရန် ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သက်ပြီး ယမန်နေ့က အမရိကန်ရှိ ဟားဗတ် တက္ကသိုလ်မှ ဥပဒေပညာရှင် ၅ ဦးက ကမ္ဘာ့ ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရက ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းသည့် စာတစောင်ကို ရေးသား ပေးပို့ခဲ့သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားမည်

ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားမည်

Friday, 22 May 2009 14:14 ကိုစိုး


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တိုက်တွန်းဆွေးနွေး ရန် မြန်မာနိုင်ငံသို့ ထပ်မံ သွားရောက်လိုကြောင်း ပြောကြားလိုက်သည်။

မစ္စတာ ဘန်ကီမွန်းက လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြဿနာများအတွက် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ကြောင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့အတွက် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်နိုင်ရန် စစ်အစိုးရ နှင့် ညှိနှိုင်းနေကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က CNN သတင်းဌာနသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဖြစ်နိုင်ရင် အမြန်ဆုံးသွားချင်ပါတယ်၊ မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ကျနော် အလွန် စိုးရိမ် မိပါတယ်၊ ဒါကြောင့် မြန်မာအစိုးရနဲ့ တွေ့တဲ့အခါမှာ အလေးအနက်ထားဆွေးနွေးမှာဖြစ်ပါတယ်”ဟု လည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်းက CNN နှင့် တွေ့ဆုံခန်းတွင် ဒေါ်အောင်ဆန်းစုကြည် လတ်တလော ရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျီယံ ယက်ထော အမှုနှင့် ပတ်သက်ပြီး စိုးရိမ် ကြောင်း၊ ကုလသမဂ္ဂ အနေနှင့် အနီးကပ် စောင့်ကြည့်လေ့လာမှုပြုလုပ်နေကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရန် စစ်အစိုးရအား ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

၎င်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်သွင်း အကျဉ်းချထားမည်ကို လက်မခံနိုင်ကြောင်း ပြောကြား လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး ရေး ပြုလုပ်ရာတွင် မဖြစ်မနေ ပါဝင်ရမည့်သူ ဖြစ်သည်ဟုလည်း မစ္စတာ ဘန်ကီမွန်းက CNN သို့ ပြောသည်။

မစ္စတာ ဘန်ကီမွန်းသည် ၂၀၀၈ ခုနှစ် မေလ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီးတွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးရေးအတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

ထို့နောက် ၎င်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံသွားရောက်မည့် ခရီးစဉ်အား မြန်မာနိုင်ငံတွင် ဖြစ်ပေါ် တိုးတက်မှုများ မတွေ့ရှိရ၍ဟုဆိုကာ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသော နိုင်ငံရေး အကျဉ်း သား တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးခါနီးအချိန်တွင် ၎င်း၏ အိမ်သို့ ယခုလဆန်းက ရေကူး၍ဝင်ရောက်လာသူ ဂျွန် ဝီလျီယံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အင်းစိန်ထောင် တွင်း အထူးတရားရုံး ၌ တရားရင်ဆိုင် နေရခြင်းဖြစ်သည်။

မေလ ၂၀ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် အမှုစစ်ဆေးရာတရားခွင်သို့ ပြည်တွင်းပြည်ပ သတင်းထောက် ၁၀ ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန် ၃၀ ခန့်ကို ဝင်ရောက်ခွင့်ပြုခဲ့ရာ ထိုင်း ၊ စင်္ကာပူနှင့် ရုရှားသံတမန် များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က“အားလုံး ဆန္ဒရှိမယ် ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေး အတွက် အခွင့်အလမ်းများစွာ ရှိနေပါသေးတယ်”ဟု ပြောဆိုကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြောညာချက် အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်း တွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

လူထုတိုက်ပွဲ လက်စွဲ

လူထုတိုက်ပွဲ လက်စွဲ
People Power Revolution Handbook by Free Burma Federation

အပြည့်အစုံ ဖတ်ရန် ...