Friday, May 22, 2009

ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားမည်

ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားမည်

Friday, 22 May 2009 14:14 ကိုစိုး


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တိုက်တွန်းဆွေးနွေး ရန် မြန်မာနိုင်ငံသို့ ထပ်မံ သွားရောက်လိုကြောင်း ပြောကြားလိုက်သည်။

မစ္စတာ ဘန်ကီမွန်းက လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြဿနာများအတွက် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ကြောင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့အတွက် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်နိုင်ရန် စစ်အစိုးရ နှင့် ညှိနှိုင်းနေကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က CNN သတင်းဌာနသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဖြစ်နိုင်ရင် အမြန်ဆုံးသွားချင်ပါတယ်၊ မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး ကျနော် အလွန် စိုးရိမ် မိပါတယ်၊ ဒါကြောင့် မြန်မာအစိုးရနဲ့ တွေ့တဲ့အခါမှာ အလေးအနက်ထားဆွေးနွေးမှာဖြစ်ပါတယ်”ဟု လည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်းက CNN နှင့် တွေ့ဆုံခန်းတွင် ဒေါ်အောင်ဆန်းစုကြည် လတ်တလော ရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျီယံ ယက်ထော အမှုနှင့် ပတ်သက်ပြီး စိုးရိမ် ကြောင်း၊ ကုလသမဂ္ဂ အနေနှင့် အနီးကပ် စောင့်ကြည့်လေ့လာမှုပြုလုပ်နေကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရန် စစ်အစိုးရအား ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

၎င်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်သွင်း အကျဉ်းချထားမည်ကို လက်မခံနိုင်ကြောင်း ပြောကြား လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး ရေး ပြုလုပ်ရာတွင် မဖြစ်မနေ ပါဝင်ရမည့်သူ ဖြစ်သည်ဟုလည်း မစ္စတာ ဘန်ကီမွန်းက CNN သို့ ပြောသည်။

မစ္စတာ ဘန်ကီမွန်းသည် ၂၀၀၈ ခုနှစ် မေလ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီးတွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးရေးအတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

ထို့နောက် ၎င်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံသွားရောက်မည့် ခရီးစဉ်အား မြန်မာနိုင်ငံတွင် ဖြစ်ပေါ် တိုးတက်မှုများ မတွေ့ရှိရ၍ဟုဆိုကာ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသော နိုင်ငံရေး အကျဉ်း သား တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးခါနီးအချိန်တွင် ၎င်း၏ အိမ်သို့ ယခုလဆန်းက ရေကူး၍ဝင်ရောက်လာသူ ဂျွန် ဝီလျီယံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အင်းစိန်ထောင် တွင်း အထူးတရားရုံး ၌ တရားရင်ဆိုင် နေရခြင်းဖြစ်သည်။

မေလ ၂၀ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် အမှုစစ်ဆေးရာတရားခွင်သို့ ပြည်တွင်းပြည်ပ သတင်းထောက် ၁၀ ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန် ၃၀ ခန့်ကို ဝင်ရောက်ခွင့်ပြုခဲ့ရာ ထိုင်း ၊ စင်္ကာပူနှင့် ရုရှားသံတမန် များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က“အားလုံး ဆန္ဒရှိမယ် ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေး အတွက် အခွင့်အလမ်းများစွာ ရှိနေပါသေးတယ်”ဟု ပြောဆိုကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြောညာချက် အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်း တွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။