Saturday, December 6, 2008

တောထဲက ကဗျာ ( ဖန်မီးအိမ်ကဗျာဝိုင်း )

Taw Htal Ka Poem



မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

မျက်လှည့်ဆရာ စစ်အုပ်စု

န၀တ၊ နအဖ စစ်အုပ်စုအဆက်ဆက်တို့သည် ၄င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူနှင့် ကမ္ဘာကို မျက်လှည့်ပြလေ့ရှိကြသည်။ သို့ပေမယ့် ၄င်းတို့မျက်လှည့်ပညာကပဲ မကျွမ်းကျင်၍လား၊ ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပဲ ပါးနပ်လွန်းနေ၍လားမသိ။ ယင်းတို့၏ မျက်လှည့်ပြကွက်များမှာ ရှေ့ကဖုံး၊ နောက်ကပေါ်ဖြစ်ကာ မြင်မကောင်း၊ ရှူမကောင်းဖြင့် ဇာတ်သိမ်းမလှ ဖြစ်တတ်လေ့ရှိသည်။


၁၉၈၈ တွင် မဆလပါတီဇာတ်သိမ်း၍၊ လူထုတိုက်ပွဲ အရှိန်ရလာသည်ကို အာဏာသုံး၍ ရက်ရက်စက်စက် ဖြိုခွဲခဲ့ကြသည်။ ယင်းသို့ မဆင်မခြင် ရမ်းရမ်းကားကား နိုင်ငံတော် လူသတ်မှုကျူးလွန်မှုများကြောင့်၊ ကျောင်းသားတပ်မတော် ပေါ်ပေါက်လာသည်။ စစ်ရေးဒေသအသီးသီးတွင် လက်နက်ကိုင်လှုပ်ရှားမှုများ အားကောင်းလာသည်။ နိုင်ငံတကာမှ အာရုံစိုက်မှု မြင့်တက်လာသည်။ ဤသည်ကို ကုစားရန်က န၀တတွင် မျက်လှည့်ပြကွက်တခုသာရှိသည်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်းနည်းလမ်းများအရ၊တိုင်းပြည်အာဏာကို ခေတ္တထိန်းသိမ်းသော ကြားဖြတ်အစိုးရဆိုလျှင် နိုင်ငံတကာ အာရုံစိုက်မှု လျော့ကျသွားနိုင်သည်။ လူထု၏ တော်လှန်ရေး အရှိန်ငြိမ်ကျသွားနိုင်သည်။ တော်လှန်ရေးအင်အားစုများအကြားတွင် ပလက်ဖောင်းမျိုးစုံဖြင့် တိုက်ပွဲဝင်မှုများ ပေါ်ပေါက်လာမည်ဖြစ်သောကြောင့် အင်အားစုများ ပြန့်ကျဲသွားနိုင်သည်။ ဤတွက်ကိန်းဖြင့် န၀တက တရားဝင်ပါတီထောင်ခွင့်များ ပေးလိုက်သည်။ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပရန် ကြေညာသည်။ ပြည်တွင်းအင်အားစုများ ပါတီများ၊ ရွေးကောက်ပွဲကိစ္စများနှင့် ရှုပ်ကုန်ကြသည်။ ထိုအချိန်တွင်မှ ပစ်မှတ်ကို လက်နက်ကိုင်အင်အားစုများဘက်သို့ ဦးတည်လိုက်သည်။ စစ်ရေး၊ စည်းရုံးရေး နည်းလမ်းမျိုးစုံဖြင့် မီးစတဘက်၊ ရေမှုတ်တဘက် လမ်းစဉ်ကို ကျင့်သုံးသည်။ စစ်ဆင်ရေးများ တဘက်က ဆင်နွှဲနေစဉ်ဝယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စည်းရုံးရေးလုပ်ငန်းများ စတင်လုပ်သည်။ အခွင့်အရေးများပေးသည်။ ဤနည်းဖြင့် တိုင်းရင်းသားအဖွဲ့များ တဖွဲ့ပြီး တဖွဲ့ န၀တထောင်ချောက်ထဲ ရောက်ကုန်ခဲ့ကြသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် န၀တ မျက်လှည့်ပြကွက်က လှပသယောင်ထင်ရပါသည်။ သို့ပေမယ့် မျက်လှည့်ဆရာစစ်အုပ်စုတို့၏ ပြကွက်ကြောင့် ကို ၉၀ ရွေးကောက်ပွဲရလာဘ် ထွက်ပေါ်လာတော့သည်။


န၀တစစ်အုပ်စုတို့အတွက် ၉၀ ရွေးကောက်ပွဲရလာဘ်သည် လောင်းကြေးကြီးကြီးပေး၍ ကစားခဲ့ရသော ပွဲတခုသဖွယ် ဖြစ်သွားခဲ့သည်။ တစညကို မည်သို့ပင် အားပေးအားမြှောက်လုပ်ခဲ့သော်လည်း၊ လူထု၏ အသဲကြားက မဲတပြားကို မတားဆီးနိုင်ခဲ့။ ဤမှာတင် စစ်အုပ်စုတို့ မျက်လုံးပြူးကြတော့သည်။ ရွေးကောက်ပွဲကျင်းပပေးခဲ့သည့် ဗိုလ်စောမောင်ကို အမြန်ဖြုတ်ချပစ်လိုက်သည်။ ၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးရန် ရည်ရွယ်ချက်ဟူ၍ ကြေညာသည်။ အမျိုးသားညီလာခံကျင်းပသည်။ သို့ပေမယ့် ဤမျက်လှည့်ပြကွက်ကို ပြည်သူနှင့် နိုင်ငံတကာက လက်မခံကြ။ စင်ပြိုင်အစိုးရက ပေါ်ပေါက်လာသည်။ နောက်ဆုံးအနိုင်ရပါတီကပါ ညီလာခံကို ကန့်ကွက်လိုက်သည့် အချိန်ကျတော့ နအဖတို့ ထွက်ပေါက်မဲ့သွားသည်။ အမျိုးသားညီလာခံကို နှစ်ရှည်လများကြာအောင် အချိန်ဆွဲထားသည်။ တစညသည် ကောက်ကာငင်ကာ ဖွဲ့လိုက်ရသည့် နိုင်ငံရေးထိုးစစ် အဖွဲ့တခုဖြစ်သောကြောင့်၊ ပိုမိုအင်အားကြီးမားသည့် နိုင်ငံရေးထိုးစစ်အဖွဲ့ တခုဖွဲ့ရန် စစ်အုပ်စုတို့ ယူဆလိုက်ပုံရသည်။ ဤမှာပင် စစ်အုပ်စုအတွေးထဲသို့ local people ကို အသုံးပြုရန်လမ်းညွှန်ထားသည့် အတိုက်အခံ ချေမှုန်းရေး principle တခုက ၀င်ရောက်လာခဲ့သည်။ အဆိုပါလမ်းစဉ်ဖြင့် ကြံ့ဖွတ်အဖွဲ့ကို ဖွဲ့စည်းကြတော့သည်။ တချိန်တည်းမှာပင် စစ်ရေးထိုးစစ်အဖြစ် နိုင်ငံရေးလှုပ်ရှားမှုများ၏ ဗဟိုချက်မဖြစ်နေသော မာနယ်ပလောကို မြှားဦးလှည့်တော့သည်။ သို့ပေမယ့် နအဖ မျက်လှည့်ပြကွက်များက သိပ်မထိရောက်လှ။ အတိုက်အခံများ၏ လက်နက်ကိုင်လှုပ်ရှားမှု စစ်မျက်နှာတွင်အားလျော့သွားသော်လည်း နိုင်ငံတကာ စစ်မျက်နှာက ပိုမိုအားကောင်းလာခဲ့သည်။ နိုင်ငံတကာ၏ အရေးယူမှုများ အဆက်မပြတ်ပေါ်ပေါက်လာခဲ့သည်။ ၉၆ ကျောင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ စီအာပီပီ ပေါ်ထွက်လာသည်။


သို့ဖြစ်ရာ စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ စစ်မျက်နှာကို ထပ်မံဖွင့်လှစ်ကြရတော့သည်။ မြန်မာ့အရေး လှုပ်ရှားသူများအား ခွဲထုတ်ဖဲ့ခြွေသည့် နည်းလမ်းများ၊ နိုင်ငံရေးစစ်မျက်နှာ ကျွမ်းကျင်သူ အချို့အား ငွေပေးဝယ်၍ ၀ါဒဖြန့်ချိရေး နည်းလမ်းများသုံးခဲ့ကြသည်။ ပြည်တွင်းမှ လူထုကိုလည်း နေ့စဉ်လုပ်ငန်းတာဝန်များဖြင့် အလုပ်ရှုပ်နေစေရန် အာရုံပြောင်းထားသည်။ ချဲထီများ၊ နှစ်လုံးထီများဖြင့် လောင်းကစားဘက်သို့ အာရုံရောက်နေစေရန် ယုတ်မာစွာ ကြံစည်ကြသည်။ ၁၉၉၆ မှ ၂၀၀၀ အထိ နှစ်ရှည်လများ ကျောင်းရက်ရှည်ပိတ်၍ ကျောင်းသားမျိုးဆက်ကို ခါးဆက်ဖြတ်လိုက်သည်။ တက္ကသိုလ်များကို ဝေးလံသော နေရာများသို့ ပြောင်းရွှေ့သည်။ အဆိုပါတက္ကသိုလ်သစ်များသို့ သွားရာလမ်းတလျှောက်တွင် တံတားကြီးများ ထားရှိခြင်းမှာ စစ်ဗျူဟာကျကျ ပြုလုပ်ထားကြခြင်းဖြစ်သည်။ လူထုနှင့် ကျောင်းသားကို ပညာပါပါဖြင့် ခွဲထုတ်ထားခြင်းဖြစ်သည်။ ထောက်လှမ်းရေးကြိုးကိုင်ဂျာနယ်များ၊ ရုပ်မြင်သံကြားလိုင်းသစ်များဖြင့် လူထု၏ နိုင်ငံရေးအသိစိတ်ကို ချိုးနှိမ်ပစ်လိုက်ကြသည်။ ထိုသို့ယုတ်မာသော နည်းလမ်းများဖြင့် မျက်လှည့်ပြထားသည်ကို အောင်မြင်ပြီဟု ယူဆသောအခါ၌ လူထုခေါင်းဆောင်ကို လွှတ်ပေးလိုက်သည်။ ဤမှာတင် စစ်အုပ်စုမျက်လှည့်ဆရာတို့ ၄င်းတို့ ပြပွဲမအောင်မြင်ကြောင်း သိလိုက်ရပြန်သည်။


တောရော၊ မြို့ပါမကျန် ပြည်သူလူထု၏ ရင်ထဲမှ သဘောထားဆန္ဒများမှာ ပျောက်ကွက်သွားခြင်း မရှိခဲ့။ ၂၀၀၂၊ ၂၀၀၃ ခုနှစ်ကာလ လူထုခေါင်းဆောင်၏ မြန်မာပြည်အနှံ့ခရီးစဉ်များ ခြိမ့်ခြိမ့်သဲ အောင်မြင်ခဲ့လေသည်။ စစ်အုပ်စုထဲတွင်လည်း အပြောင်းအလဲ လုပ်လိုသူများ၏ လျှို့ဝှက်ကြံစည်ချက်များက ပေါ်ထွက်လာသည်။ လူထုခေါင်းဆောင်အင်အားစုနှင့် အဆိုပါအင်အားစုတို့ ပေါင်းစည်းသွားပါက အကျပ်အတည်းဖြစ်တော့မည်ကို စစ်အုပ်စုတို့သဘောပေါက်ကြသည်။ သို့ဖြစ်၍ လူထုခေါင်းဆောင် အင်အားစုချေမှုန်းရေး၊ အပြောင်းအလဲအတွက် လျှို့ဝှက်ကြံစည်နေသော စစ်အုပ်စုဂိုဏ်းသားချေမှုန်းရေး စသည်များ ပေါ်ပေါက်လာတော့သည်။ လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို ဒုံးစိုင်း၍ အကောင်အထည်ဖော်ကြတော့သည်။ အမျိုးဖျက်ညီလာခံကို အပြီးသတ်ကြတော့သည်။ ဒီမိုအင်အားစုများ အတွေးအခေါ်ရှုပ်ထွေးစေရန် မြှားဦးလှည့်ကြတော့သည်။ တတိယအုပ်စုဆိုသူများ ပေါ်ပေါက်လာသည်။ နအဖနှင့် အတိုက်အခံများ တိုက်ပွဲဖြစ်၍ လူထုမှ ကြားနေစေရန် လှုံ့ဆော်သည့် ကြားနေအုပ်စုများ ပေါ်ထွက်လာသည်။ ပြည်သူနှင့် အာဏာရှင်အစိုးရကြားမှ တိုက်ပွဲသဏ္ဍာန်ကို အသွင်ပြောင်းရန် နည်းမျိုးစုံဖြင့် ကြိုးစားကြတော့သည်။


သို့ပေမယ့် လူထု၏ တော်လှန်ရေးအရှိန်ကား ပြုတ်ကျမသွားခဲ့။ မျက်လှည့်ဆရာတို့ ရှုံးကြပြန်လေပြီ။ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် လူထုနှင့် အာဏာရှင်တို့ ရန်စည်း၊ ငါစည်းပြတ်သွားသည်။ ပါးစပ်မှ ဖွင့်မပြောသေးလျှင်သာရှိမည်။ စစ်အုပ်စုဆိုသည်ကို အလွန်ပင် ခါးသီးရွံရှာနေသော စိတ်များက မြန်မာအားလုံး၏ ရင်ထဲတွင် ရှိနေကြပြီ။ ရေရှည်ဆိုလျှင် လူထုတိုက်ပွဲကြီး အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာတော့မည်ကို စစ်အုပ်စုတို့ စိုးရိမ်လာကြသည်။ သို့ဖြစ်ရာ လက်နက်ကိုင်အင်အားစုများကို အပြီးသတ်ထိုးစစ်ဆင်ရေးစီမံချက်အား အကောင်အထည်မဖော်ကြတော့ပဲ၊ Referendum ကိစ္စနှင့် ရွေးကောက်ပွဲကိစ္စကို ဇောင်းပေးလိုက်ကြသည်။ လူထုအရှိန်ကို ခေတ္တလျော့ကျသွားစေရန် အာရုံပြောင်းလိုက်ကြခြင်းဖြစ်သည်။ နိုင်ငံတကာကို မျက်လှည့်ပြရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ သို့ပေမယ့် အဖြေရလာဘ်သည် တရားမျှတသော ရလာဘ်တခုမဟုတ်ကြောင်း အားလုံးက သဘောပေါက်နေခဲ့ကြသည်။ နာဂစ်မုန်တိုင်းတွင် စစ်အုပ်စုတို့၏ အသုံးမကျသော တိုင်းပြည်အုပ်ချုပ်မှု စွမ်းရည်ကိုလည်း မြင်နေကြပြီးဖြစ်သည်မို့ စစ်အုပ်စုသိက္ခာက အလွန်အမင်း ကျဆင်းနေခဲ့ပြီ။


ယခု ၂၀၁၀ ရွေးကောက်ပွဲသည်ကား စစ်အုပ်စုတို့၏ မဲပြာပုဆိုး မျက်လှည့်ပြကွက်များထဲမှ တခုသာ ဖြစ်လေသည်။ သို့ပေမယ့် ယခုမျက်လှည့်ပြကွက်ကိုတော့ အားလုံးသတိပြုကြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အုပ်စုသည် ယင်းတို့ အင်မတန်ကြောက်သော ၉၀ ရွေးကောက်ပွဲရလာဒ်ကို ချေဖျက်နိုင်ရန် ရည်ရွယ်ထားသည့် ပွဲဖြစ်နေသောကြောင့်ဖြစ်သည်။ နိုင်ငံတကာစစ်မျက်နှာထိုးစစ်၊ ၀ါဒဖြန့်ချိရေးထိုးစစ်များကိုလည်း အရှိန်အဟုန်ဖြင့် ပြုလုပ်နေကြသည်။ ဒီမိုအင်အားစုများအား ဖဲ့ခြွေရေး၊၊ အတိုက်အခံနှင့် လူထုအား ခွဲထုတ်ရေးလမ်းစဉ်များကိုလည်း တစိုက်မတ်မတ်ပြုလုပ်နေကြသည်။ သို့ရာတွင် ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူထုလူတန်းစားကွဲပြားမှုများတွင် အလယ်အလတ်လူတန်းစား တိုးတက်များပြားလာမှု၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည့် နိုင်ငံတော်ဖြစ်တည်မှုနှင့် political institutions များရှိမှု၊ Civil Society အားကောင်းမှု၊ နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ်၊ International engagements စသည့် Explanatory factors ခြောက်ရပ်အပေါ်တွင် မူတည်ပါသည်။


ထိုအချက်များနှင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ခြေအနေနှင့် နအဖဖွဲ့စည်းပုံကို ချိန်ထိုးကြည့်ပါက ရွေးကောက်ပွဲပြီး၍ အရပ်သားအစိုးရတက်လာမည် မှန်သော်လည်း ထိုအရပ်သားအစိုးရကို ကြိုးကိုင်မည့်သူများမှာ စစ်အုပ်စုသာဖြစ်ခြင်း၊ အမတ်ဝင်ရွေးရန် နအဖတို့ စီမံရွေးချယ်နေသူများမှာ စစ်အုပ်စုကြိုးဆွဲ စီးပွားရေးသမားများနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်များဖြစ်ခြင်း၊ ရွေးကောက်ပွဲကို အခြေခံပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနည်းလမ်းမကျသော အချက်များစွာ ပါဝင်နေခြင်း၊ စီးပွားရေးလုပ်ငန်းများအား လက်ရှိစစ်အုပ်စုဝင်များ၏ ဆွေတော်မျိုးတော်များနှင့် ဆက်စပ်သူများမှသာ ဦးဆောင်လုပ်ခြင်း၊ Civil Society ထွက်ပေါ်မှုကို ထိန်းချုပ်မှုများစွာရှိခြင်း၊ အလယ်အလတ်လူတန်းစား မထွက်ပေါ်ပဲ နအဖနှင့် ဆက်စပ်သူများသာ ချမ်းသာသထက်ချမ်းသာလာ၍ ပြည်သူလူထုမှာ ဆင်းရဲသထက်ဆင်းရဲနေခြင်း၊ Intra- state conflicts များကို ဖြေရှင်းနိုင်မည့် နိုင်ငံတော်ဖွဲ့စည်းပုံမရှိခြင်း၊ နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးခေါ်များ မပြန့်ပွားစေရန် နည်းမျိုးစုံဖြင့် ထိန်းချုပ်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်ပါ။


မြန်မာ့ရေးရာ ပြဿနာများကို မျက်လှည့်ရွေးကောက်ပွဲများနှင့် မဖြေရှင်းနိုင်ပါ။ ဖြေရှင်းနိုင်မည့် နည်းလမ်းများမှာ ဒီမိုကရေစီနည်းလမ်းကျသော ဖွဲ့စည်းပုံ၊ ဒီမိုကရေစီနည်းလမ်းကျသော ရွေးကောက်ပွဲ၊ တိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှ အခွင့်အရေးကို အာမခံပေးနိုင်သော ဖဒရယ်ပြည်ထောင်စုစနစ်၊ မှန်ကန်တိကျသော စီးပွားရေးပေါ်လစီ၊ ဖြောင့်မတ်သော နိုင်ငံခြားရေးပေါ်လစီ၊ အောင်မြင်သော နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေးပြုလုပ်သော လူမှန်နေရာမှန် တပ်မတော်၊ တိုးတက်သော နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ်ရှိသည့် လူ့အဖွဲ့အစည်း၊ လူတိုင်းအတွက် ပညာရေး၊ ကျန်းမာရေးစနစ် စသည်များသာ ဖြစ်ပါသည်။ ဤနည်းလမ်းများကို အကောင်အထည်ဖော်ရန်မှာကလဲ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ်ရော၊ စစ်အာဏာရှင် ရုပ်သေးကြိုးဆွဲစနစ်ရော ပျောက်ကွယ်သွားမှသာ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ပါသည်။သို့ဖြစ်ရာ မြန်မာ့ပြဿနာ၏ အရင်းခံမှာ မျက်လှည့်ဆရာ စစ်အုပ်စုတို့သာ ဖြစ်ပါသည်။ စစ်အုပ်စုရှိနေသရွေ့ အေးချမ်းသာယာသော ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆိုသည်မှာ မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။


သို့ဖြစ်၍ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများအပါအ၀င် ပြည်သူလူထုတရပ်လုံးမှ မျက်လှည့်ဆရာ စစ်အုပ်စုအား ၀ိုင်းဝန်းတိုက်ဖျက်၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ထွန်းသည့်၊ အမျိုးသားတန်းတူညီမျှရေး၊ သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး ရှိသည့် မြန်မာနိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။


ခင်မမမျိုး

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

လက်ဆင့်ကမ်းပေးပါ

လက်ဆင့်ကမ်းပေးပါ

["[ဥာဏ်]"] hello
["[ဥာဏ်]"] life is beauty ) ဆိုတဲ့mail ၀င်လာရင် Delete လုပ်လိုက်ပါ။
လုံးဝ(လုံးဝ)မဖွင့်ကြည့်ပါနဲ့ ခင်ဗျားတို့ password ခိုးသွားလိမ့်မယ်။
(နီးစပ်ရာကိုလက်ဆင့်ကမ်းလိုက်ပါ) အားလုံးကိုကျေးဇူးတင်ပါတယ်။

If u get ( "nyan " hello "life is beauty" ) mail , don't open it!
It's better to delete that mail ..
Because ur mail password may be hacked/ stolen.

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://nyeinsuu.blogspot.com မှ လက်ဆင့်ကမ်းမျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 5, 2008

အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့

နအဖစစ်ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် သွေးရူးသွေးတန်းနိုင်နေရတာလဲ။ အိုင်တီနည်းပညာအပေါ် ဘာကြောင့် ဒါလောက် အငြိုးအတေးကြီးနေရတာလဲ။ ၈၈မျိုးဆက်နဲ့ ကျောင်းသားလူငယ် အင်အားသစ်တွေကို ဘာကြောင့် ဒါလောက် နာကြည်းနေရတာလဲ။

ဘာကိုအကြောက်ကြီးကြောက်နေတာလဲ။

နအဖရဲ့လုပ်ပုံကိုင်ပုံတွေကြောင့် လူတိုင်းရဲ့ခေါင်းထဲမှာ မေးခွန်းထုတ်စရာတွေ တသီကြီး ပေါ်ပေါက်လာပါတယ်။ တချို့ကတော့ ဒီစစ်အာဏာရှင်တွေကို မုန်းတီးရွံရှာတာနဲ့ပဲ ဒင်းတို့က (၆၅) နှစ် ခံမှာမို့လားလို့ မေးခွန်းထုတ်ပြီး ပြန်ပြောကြပါတယ်။ မခံမရပ်နိုင်တာကတော့ တကမ္ဘာလုံးပါပဲ။

သေချာတာတခုကတော့ နအဖဟာ ဒီလူတွေအပေါ် အခုလို အပြစ်ဒဏ်ကြီးတွေ ချလိုက်ခြင်းအားဖြင့် သူတို့ရဲ့နန်းသက်က ဘယ်နှနှစ်ပဲခံခံ၊ အနည်းဆုံး (၆၅) နှစ်တော့ ဒီလူတွေနဲ့ ရန်သူပဲလို့ ကြေညာလိုက်တာဖြစ်ပါတယ်။ ဒီလူတွေရဲ့နောက်ကွယ်မှာ ဧရာမ အများစုပြည် သူလူထုကြီးရှိနေတယ်ဆိုတာကို ဒီနအဖ ဗိုလ်ချုပ်တွေ မသိတာမဟုတ်ပါဘူး။ ဒါ ကြောင့် သူတို့ဟာ ဒီပြည်သူလူထုကြီး တရပ်လုံးနဲ့လည်း အနည်းဆုံး (၆၅) နှစ်တော့ ရှားစောင်းစေးနဲ့မျက်ချေးပဲလို့ ကြေညာလိုက်တာဖြစ်ပါတယ်။ တနည်း ထပ်ပြောရရင် ဒင်းတို့ဘက်က သေခန်းပြတ် ကြေညာတာပါပဲ။

စစ်အာဏာရှင်တွေရဲ့ ပြတ်သားမှုကို အသိအမှတ်ပြုကြရမှာပါ။ တပါတည်းမှာ ကိုယ့်ဘက်ကလည်း ပြတ်သားကြဖို့လိုပါတယ်။ ဒီလို တဖက်က ပြတ်ပြတ်သားသား ကြေညာနေချိန်မှာ ကိုယ့်ဘက်ကအလျှော့ပေးပြီး သူတို့အစီအမံအတိုင်း လိုက်လုပ်ဖို့ ပြောသံတွေ အခုအခါမှာ အတော်လေးကြားနေရပါတယ်။ အံ့သြစရာပါ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှုတွေကိုကြည့်ရင် စစ်အာဏာရှင်များရဲ့ ပင်ကိုယ်လက္ခဏာဟာ တစက်လေးမှ ပြောင်းမသွားကြောင်း၊ ရှစ်လေးလုံးကာလတုန်းကနဲ့ အတူတူသာဖြစ်ကြောင်း ထင်ရှားလှပါတယ်။ ဒါဖြင့်ရင် အခုအခါမှာ ဘာကြောင့် ဒင်းတို့ကို ရှစ်လေးလုံး ကာလတုန်းကလို သဘောမထားနိုင်ရမှာလဲ။ ဒင်းတို့လက်တွေဟာ အရင်တုန်းက ပေကျံခဲ့တဲ့သွေးတွေ ခြောက်ဖို့ နေနေသာသာ တိုးလို့သာ ပေကျံလာနေပါတယ်။ ဒါတွေကိုသိရက်နဲ့ ဘာဖြစ်လို့ နအဖကို ထိပ်တိုက်မရင်ဆိုင်ဖို့ ပြောနေကြတာလဲ။ ကြောက်တတ်ရင် ဝန်မကင်းဘူး၊ ဝန်ပိတယ်ဆိုတာဟာ ရှေးက လူကြီးတွေ သူတို့ရဲ့အတွေ့အကြုံ၊ သင်ခန်းစာတွေအရ အစဉ်အဆက်ပြောခဲ့ကြတဲ့ စကားဖြစ်ပါတယ်။ ကိုယ့်အင်အားကို ကိုယ့်ပြည်သူလူထုအပေါ်မှာ မူတည်ပြီး တွက်ဖို့လိုပါတယ်။ တိုင်းတပါးက အခြေအနေတခုအပေါ် မူတည်ပြီးတွက်ရင် အစွယ်ပြူးပြူး စစ်ဘီလူးကြီးကို (၁၃) နှစ်သား လူရည်ချွန်ကျောင်းသားလေးလို မြင်လိုက်၊ ရသေ့ရဟန်းလိုမြင်လိုက်၊ သူခိုးကြမ်းပိုးလို မြင်လိုက်၊ အမျိုးမျိုး မြင်မိနေမှာပါပဲ။ တချို့ကတော့ ကြောက် တာမဟုတ်ပါဘူး။ ဒါပေမယ့် လက်လျှော့တာတမျိုးဖြစ်ပါတယ်။ ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဒီအခြေအနေမှာ လက်လျှော့တာ၊ လက်နက်ချတာတောင် နအဖက အသိအမှတ်ပြုချင်မှ ပြုတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ လက်နက်ချချင်လို့၊ တဖျာစာလောက်လေးရရင်တော်ပါပြီလို့ ပြောနေ၊ အချက်ပြနေသူတွေ နည်းတာ မှတ်လို့။ နအဖက ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် သဘောမထားဘူးမဟုတ် လား။ သူ့အနားမှာ မူလလက်ဟောင်း လက်နက်ချကြီးတွေပြည့်လို့ပါ။

နောက် အခုတလော အပြောများနေကြတဲ့ကိစ္စတခုက ၂ဝ၁ဝ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ နအဖအစီအစဉ်အတိုင်း ဒီရွေးကောက်ပွဲသာ ဖြစ်ပေါ်သွားလို့ကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်လည်း ဖျက်သိမ်းပြီးဖြစ်သွားမယ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးလည်း သိပ်နောက် ဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ပြောသူ တချို့ရှိပါတယ်။ ဒီမိုကရေစီအင်အားစုတွေဟာ ကိုယ့်လုပ်ငန်းစဉ်ကို နအဖရဲ့လုပ်ငန်းစဉ်အပေါ်မှီပြီး ချမှတ်နေလို့မဖြစ်ပါဘူး။ ကိုယ့်အစီအစဉ် နဲ့ ကိုယ်သွားရမှာပါ။ နအဖက သူတို့ရဲ့ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲလုပ် တယ်ဆိုရင် ကိုယ်ကအဲဒီဟာနဲ့ ပတ်သက်တဲ့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာ ရှိတာကိုလည်းလုပ်။ နအဖက ရွေးကောက်ပွဲလုပ်တယ်ဆိုရင် ကိုယ်က သူတို့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာရှိမှာကိုလည်း လုပ်ဆိုတာမျိုး ဖြစ်ရပါမယ်။ လက်နက်နဲ့ အာဏာရှိနေမှတော့ ဒီနိုင်ငံမှာ သူတို့ဟာ ဒီလိုသဏ္ဌာန်ပိုင်း ဆိုင်ရာတွေကို လုပ်ချင်တိုင်းလုပ်လို့ ရနေမှာပါပဲ။ သူတို့ကိုယ်သူတို့ စကြာဝတေး နတ်မင်းကြီးလို့ ကြေညာလည်း ရနေမှာပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကိုယ့်ဘက် က စိတ်ပျက်နေ၊ စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။ ပြဿနာရဲ့ အခရာဟာ အာဏာ ဖြစ်ပါတယ်။ ဒါကို နအဖစစ်ဗိုလ်ချုပ်တွေ ကောင်းကောင်းသဘောပေါက်လို့ အဲဒီအတွက် တစိုက်မတ်မတ်၊ ကိုယ်ဖိရင်ဖိလုပ်နေတာ အောင်မြင်သလောက် အောင်မြင်နေတယ်လို့ တောင် ပြောရင်ရမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေထဲမှာ ဒါကို သဘောမပေါက်တဲ့လူတွေများ ရှိနေသေးသလား စဉ်းစားစရာဖြစ်နေပါတယ်။

“ကျနော်၊ ကျမတို့က အာဏာလိုချင်လို့ မဟုတ်ပါဘူး” ဆိုတဲ့ စကားများကို ခုံခုံမင်မင်ပြောနေသူတွေ မကြာခဏ တွေ့နေရပါတယ်။ အမှန်ပါပဲ။ ကိုယ့်အတွက်၊ ကိုယ့်တဦးချင်း အကျိုးစီးပွားအတွက် အာဏရယူဖို့ လုံးပန်းတယ်ဆိုတာတော့မကောင်းပါဘူး။ ဒါပေမယ့် နအဖ စစ်အာဏာရှင်တွေ အာဏာလက်လွတ်သွားအောင်၊ အနည်းဆုံး စစ်တန်းလျား ပြန်သွားအောင်တော့ လုပ်ရမှာပါ။

တချို့ကတော့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စတုန်းက နအဖက (၉ဝ) ရာ ခိုင်နှုန်းကျော် ထောက်ခံမဲရအောင် လုပ်သွားတာကိုကြည့်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို တိုက်ပွဲဝင်ချင်စိတ် ကုန်နေပါတယ်။ နအဖသာ ရွေးကောက်ပွဲကို အောင်မြင်စွာလုပ်နိုင်ရင် သွားပါပြီလို့ သဘောထားနေကြပါတယ်။ ဒါကြောင့် နအဖရဲ့ အစီအစဉ်ထဲမှာ ဝင်သာပေါင်းလိုက်ကြစို့ လားဆိုတာမျိုး တရားထူထောင်ကြပါတယ်။ ဒီအယူအဆအတိုင်းလုပ်ဖို့အတွက် အကြောင်းတွေ အမျိုးမျိုးလည်း ပြကြပါတယ်။ ဒီလိုပြောလာရင် သမိုင်းတလျှောက် ကျဆုံးသွားတဲ့၊ နောက်ပြီး ထောင်ထဲနေခဲ့တဲ့၊ ရှိနေကြတဲ့လူတွေရဲ့ မျက်နှာတွေကို ပြန်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်။ တကယ်က ဒီနေရာမှာလည်း ပြဿနာက အထက်မှာပြောခဲ့သလို ကိုယ့်သေနင်္ဂဗျူဟာနဲ့ ကိုယ်ချီတက်ဖို့အတွက် ကိုယ့်မှာ လက်တွေ့လုပ်ငန်း စီမံကိန်း ရှိမရှိဆိုတာပါပဲ။ ကိုယ့်စီမံကိန်း၊ ကိုယ်သေနင်္ဂဗျူဟာရှိလို့ကတော့ သူလည်းသူလုပ်စရာရှိတာလုပ်၊ ကိုယ်လည်း ကိုယ်လုပ်စရာရှိတာ လုပ်ဖြစ်မှာပါ။ ဒီလိုလုပ်ရင်းနဲ့ သူ့ခြေလှမ်းအမှားကို ကိုယ်ကအမြတ်ထုတ် နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အမှန်ပါပဲ၊ ဒီရွေးကောက်ပွဲမှာ သူကလုပ်ချင်သလိုလုပ်မှာပါ။ ညစ်နည်းပဒေသာနဲ့ အညစ်သရဖူဆောင်းမှာပါ။ ကိုယ်ကတော့ ဒီအထဲကပဲ ကိုယ့်အတွက် ဘာအမြတ်ထုတ်နိုင်လဲ စဉ်းစားရမှာဖြစ်ပါတယ်။ ကြံလည်းကြံဆရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပိုအံ့သြစရာကောင်းတဲ့ အယူအဆတခုလည်း တွေ့နေရပါသေး တယ်။ တချို့လူတွေရဲ့အဆိုမှာ အတိုက်အခံတွေကိုက ခေါင်းမာလွန်းလို့၊ အလျော့အတင်း မလုပ်တတ်လို့၊ နိုင်ငံရေးပါး မဝလို့ ဆိုသလို ကိုယ့်ဘက်ကိုယ် ပြန်နင်းလာတာတွေ ပါနေပါတယ်။ ဒိအရင်ကတော့ အခုအဲဒီလိုပြောနေသူတွေရဲ့ ဆရာ့ ဆရာများက လက်နက်နဲ့ အသတ်ခံနေရသူများဘက်က လက်နက်နဲ့ မတုံ့ပြန်ဖို့ (အကြမ်းမဖက်ဖို့) ဆုံးမပြီး လက်နက် ကိုင်သူတွေကို ဆိုင်ရှင်လုပ်ခဲ့ကြတယ်။ အခုလည်း နအဖကို စားပွဲပေါ်မှာ တွေ့ဆုံတဲ့နည်းက လွဲလို့ တခြားနည်းနဲ့ မရင်ဆိုင်ဖို့၊ တနည်းမဆန့်ကျင်ဖို့ သတိပေးနေကြပါတယ်။ နအဖဘက်က စားပွဲပေါ်မှာတွေ့ဆုံတဲ့ နည်းကလွဲပြီး ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ အကုန်လုပ်နေတာ တွေကိုတော့ သူတို့ဘာမှမပြောကြဘူး။ ဒီလိုအချိန်မှာ အတွေးအခေါ် ရှုပ်ထွေးမှုတွေပေါ်ပေါက် တာဟာ မဆန်းပါဘူး။ ဒီလို အရှုပ်အထွေးတွေပေါ်လာရင် ပြည်သူလူထုကိုပြန်ငဲ့ကြည့်၊ အာဇာနည်တွေကို ပြန်စဉ်းစား၊ ကိုယ့်ရပ်တည်ချက်ကို မြဲမြံအောင်လုပ်ပြီး အဖြေရှာရမှာ ဖြစ် ပါတယ်။ ရန်သူကို ပိုမတွက်ဖို့၊ လျှော့မတွက်ဖို့ဟာ အရေးအကြီးဆုံးပါပဲ။


ရဲဘော်ဖိုးသံချောင်း (၂ ဒီဇင်ဘာ ၂၀၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင်ကို ၀န်းရံရေး

တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ ( ၂ )

လူထုခေါင်းဆောင်ကို ၀န်းရံရေး

ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ခုနှစ် မတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

မလွတ်မြောက်သေးတဲ့ တိုင်းပြည်တွေရဲ့ တိုက်ပွဲနိုင်ငံရေးကာလတွေမှာ တိုက်ပွဲထဲကနေ လူထုခေါင်းဆောင် တွေ ပေါ်ထွက်လာစမြဲပါပဲ။ လူထုခေါင်းဆောင်ဆိုတာ လူထုက နာမည်သိရုံပဲသိတဲ့ ခေါင်းဆောင်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ရင်ထဲအသည်းထဲက တကယ့်ကို ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင်မျိုးကို ဆို လိုတာပါ။ ယုံကြည်ကိုးစားတယ် ဆိုရာမှာလည်း သူသာလျှင် တိုင်းပြည်ကိုလွတ်မြောက်အောင် လမ်းပြနိုင် မယ်၊ အောင်ပွဲဆီရောက်အောင် ဦးဆောင်ခေါ်ငင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ကိုးစားမှုမျိုးပါ။

ဟိုအရင်တခေတ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟတ္တမဂန္ဒီတို့ဟာ တိုက်ပွဲထဲက ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်း ဆောင်တွေ ဖြစ်ခဲ့ကြသလို ဒီဘက်ခေတ်မှာဆို တောင်အာဖရိကက နယ်လ်ဆင်မင်ဒဲလား၊ ပိုလန်က ၀ါလက် ဆာ၊ ချက်က ဗားကလပ်ဟာဘယ်လ်၊ တောင်ကိုးရီးယားက ကင်ဒေးဂျုံတို့ဟာ တိုက်ပွဲထဲက ထွက်ပေါ်လာခဲ့တဲ့ အထင်ကရ လူထုခေါင်းဆောင်တွေပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ရှစ်လေးလုံးတိုက်ပွဲထဲကနေ ပေါ် ထွက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုက ယုံကြည်ကိုးစားတဲ့ လူထုခေါင်းဆောင်ဖြစ်တယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။

လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခဲ့၊ ၀င်နေဆဲ ဘယ်တိုင်းပြည်မှာမဆို ပြည်သူလူထုတွေအနေနဲ့ သူတို့ရဲ့ နှ လုံး သားထဲက သူတို့အတွက် အမှန်တကယ် အနစ်နာခံ ပေးဆပ်တယ်လို့ ခံစားယုံကြည်သူကိုသာ လူထုခေါင်း ဆောင်အဖြစ် လက်ခံအားကိုးကြစမြဲပါ။ ထိုပုဂ္ဂိုလ်မျိုးဟာ လူထုရဲ့နှလုံးသားထဲမှာ အခိုင်အမာ နေရာယူပြီးသား ဖြစ်လို့ သူ့နေရာကို အခြားဘယ်သူကမှ ဘာနဲ့မှ လဲယူချင်လို့ မရနိုင်ပါဘူး။ အဲဒီလို လူထုခေါင်းဆောင်ရှိတဲ့ တိုင်းပြည်မှာ အဆိုပါလူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးအတွေးအခေါ်၊ နည်းပရိယာယ်ပေါ်မူတည်ပြီး တိုက်ပွဲအ ရှိန်အဟုန်ဟာ အနှေးအမြန် သိသာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သူ့ရဲ့ ဦးဆောင်မှု နောက်ကို တသွေးတသံတမိန့် နဲ့ တက်ညီလက်ညီ လိုက်ပါဆောင်ရွက်တတ်လို့ပါပဲ။

ဒါပေမယ့် လူထုခေါင်းဆောင်တိုင်းမှာ လိမ္မာပါးနပ်ပြီး ပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသမားရဲ့ အရည်အချင်း မျိုးရှိ ချင်မှ ရှိမှာပါ။ ရှိကြတာတော့ များပါတယ်။ သေချာတာတခုကတော့ သူ့မှာ ရိုးသားမှုရယ်၊ တိုင်းပြည်နဲ့ လူ မျိုးအ တွက် အဆုံးစွန်ဆုံး အနစ်နာခံပေးဆပ်လိုတဲ့ စိတ်ရယ် အပြည့်အ၀ရှိတာပါပဲ။ လူထုအနေနဲ့ကလည်း အဲဒီစိတ်ဓာတ်အပေါ်ပဲ အဓိကထား ယုံကြည်ကိုးစားတာကိုး။ ဒါပေမယ့် တိုက်ပွဲဆိုတာက ရှေ့ဆုံးကနေ အနစ် နာခံပြီး မဆုတ်မနစ်ဦးဆောင်တိုက်ပွဲဝင်ပေးမယ့် ခေါင်းဆောင်ရှိဖို့လိုသလို သူနဲ့အတူ နိုင်ငံရေးနည်းပရိယာယ် ကောင်းကောင်းလည်း တပါတည်း ကပ်ပါနေမှ အောင်ပွဲကို မြန်မြန်ဆန်ဆန်ရမှာ ဖြစ်ပါတယ်။

အဲဒီတော့ လူထုခေါင်းဆောင်တွေမှာ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးပရိယာယ် ရှိကြတာများပေမယ့် မရှိခဲ့ရင်လည်း ရှိတဲ့သူတွေက ၀န်းရံပြီး အကြံကောင်း ဥာဏ်ကောင်းတွေ ပေးကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မဟတ္တမ ဂန္ဒီရဲ့ နောက်မှာ ဂျဝါဟာလာနေရူး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ သခင်မြ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ နယ်ဆင်မင်ဒဲလားရဲ့နောက်မှာ သာဘိုအမ်ဘီကီတို့လို နိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေက ၀န်းရံ ပေးခဲ့ကြတာပါပဲ။ ဒါဟာ ထင်သာမြင်သာရှိတဲ့ သူတွေကို ဥပမာပေးခြင်းသာ ဖြစ်ပါတယ်။ အဆိုပါ လူထုခေါင်း ဆောင်တွေရဲ့ နောက်မှာ တခြားနိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေလည်း အများကြီး ၀န်းရံခဲ့ကြဦးမှာ ပါ။ အဲဒီလို စုဖွဲ့ဝန်းရံမှုနဲ့ပဲ တိုက်ပွဲကို ပြီးဆုံးအောင် တိုက်ခဲ့ကြတာဖြစ်ပါတယ်။

ပြောရရင် အောင်မြင်ပြီးမြောက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဘယ်လောက်တော်တဲ့ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ ဘယ် လောက်တတ်တဲ့ ပညာရှင်ပဲဖြစ်ဖြစ် လူထုခေါင်းဆောင်ရဲ့ရှေ့ကို ကျွံထွက်ပြီး ငါသိငါတတ် ဆရာကြီးမလုပ်ဘဲ လူထုခေါင်းဆောင်ရဲ့ နောက်ကသာ ၀န်းရံ၊ အကြံကောင်း ဥာဏ်ကောင်းတွေပေးပြီး အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြလို့ အောင်ပွဲတွေ ရခဲ့ကြတာပါ။

ဒါပေမယ့် ကျနော့်တို့ရဲ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲမှာ ဖြစ်နေတာက ဒီလိုပါ။ လူထုက ယုံကြည်ကိုးစားတဲ့ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ ရှိနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ၀န်းရံပေးတဲ့သူ တွေ ရှိနေတာလည်း အမှန်ပဲ။ ဒါပေမယ့် ၀န်းရံနေတဲ့သူအများစုက နိုင်ငံရေးပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသ မားကောင်းတွေမဟုတ်ဘဲ အာဏာရှင်ဗိုလ်နေ၀င်းနဲ့အတူ မြန်မာပြည်ဒီမိုကရေစီ ဆိတ်သုဉ်းအောင် ကြံရာပါ လုပ်ခဲ့သူတွေ ဖြစ်နေကြလို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံကောင်း ဥာဏ်ကောင်းပေးနိုင်မယ့် ဆရာဦး ၀င်းတင်လို လူမျိုးကျတော့လည်း နအဖက ထောင်ကနေ လုံးဝလွှတ်မပေးတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစု ကြည်ကို အကျယ်ချုပ်ချလိုက်ပြီဆိုတာနဲ့ တိုက်ပွဲက ရှေ့ကို ဆက်မရွေ့တော့ဘူး ဖြစ်နေတယ်။

ဒီကြားထဲ တတိယနိုင်ငံက ပဏ္ဍိတတဦးကလည်း မြန်မာပြည်အရေး သူပဲဖြေရှင်ပေးတော့မယ့်ပုံနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကျော်ပြီး နအဖနဲ့ တိတ်တဆိတ် ဆက်ဆံလိုဆက်ဆံ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆန့်ကျင်ဘက်လမ်းစဉ်ကိုရွေးပြီး မီဒီယာမှာ အော်ဟစ်လိုဟစ်နဲ့ နောက်ဆုံးကျတော့လည်း အဆဲခံရ တာပဲ အဖတ်တင်တာပဲ။ တိုက်ပွဲမပြီးမြောက်သေးတဲ့ နိုင်ငံတွေမှာ ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက် ပဲတတ်တတ် လူထုခေါင်းဆောင်ကိုကျော်ပြီး မိုးကျရွှေကိုယ်နည်းနဲ့ ဆရာကြီးဝင်လုပ်ချင်လို့ မရဘူးဆိုတာကို အဆိုပါပဏ္ဍိတ မသိခဲ့တာဟာ အဓိက နိုင်ငံရေးအကင်းမပါးလို့ပါပဲ။ နိုင်ငံရေးအကင်းမပါးတဲ့အခါကျတော့ လုပ်ချင်တာပဲသိပြီး ကိုယ့်နေရာကိုယ် မသိတဲ့အခြေအနေ ဖြစ်ကုန်တာပေါ့။ လူထုခေါင်းဆောင်ကို ၀န်းရံရ ကောင်းမှန်းမသိဘဲ အခုလိုကျဆုံးသွားတဲ့အခါကျတော့ အရည်အချင်းရှိသူတဦးအနေနဲ့ နှမြောစရာတော့ အ ကောင်းသား။

တလောကလည်း ကြားရပြန်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့နည်းနဲ့ နိုင်ငံရေးအဖြေရှာတဲ့ ဆွေး နွေးပွဲတခုလုပ်လေသတဲ့။ အဆဲခံရမှာ ကြောက်လို့လားတော့မသိ၊ အဖွဲ့စုံ လူစုံကို မဖိတ်ဘဲ အသွေးတူ အမွေး တူတွေစုပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ တံခါးပိတ်အစည်းအဝေးလို အသံတိတ်လုပ်သွားတဲ့ပွဲလို့ပဲ သိလိုက်ရ တယ်။ ဒီကြားထဲ ပဏ္ဍိတတချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာနေလို့ တွေ့ ဆုံဆွေးနွေးရေးမဖြစ်တာဆိုပြီး နအဖကြောင်ဖားတွေဘက်ကို သာသာထိုးထိုးတွေးကာ တောင်ပြောမြောက် ပြော လျှောက်ပြောနေကြတာကို ကြားရသေးတယ်။ ပဏ္ဍိတတဦးကျပြန်တော့လည်း စစ်အုပ်စုက လှမ်းခေါ်ရင် ပဲ ငေါက်ကနဲထပြီး သွားဆွေးနွေးတော့မယောင် (သူ့လိုလူကိုလည်း ဟိုကခေါ်ဆွေးနွေးမယ့်ပုံ မရှိပါဘူး) ရေး သားပြောဆိုနေတာကို တွေ့ရပြန်တယ်။ ဒုက္ခ ဒုက္ခ … အို ဒုက္ခ … လို့ပဲ ညည်းတွားနေမိတော့ရဲ့။

ပြောရရင်တော့ ကျနော်တို့နိုင်ငံဟာ လွတ်မြောက်သေးတဲ့ တိုင်းပြည်မဟုတ်လေတော့ လွတ်မြောက်ပြီး သား နိုင်ငံတွေက စဉ်းစားပုံစဉ်းစားနည်းကားနဲ့ စဉ်းစားရင် မှားမယ်ဆိုတာပါပဲ။ ဒီမိုကရေစီနည်းကျ စဉ်းစားပုံစဉ်း စားနည်းနဲ့ အသားမကျသေးတဲ့ မြန်မာပြည်သူအများစုကြီးရဲ့ စိတ်ထဲမှာ ခေါင်းဆောင်တဦးတယောက်ကို ယုံ ကြည်အားကိုးတဲ့အလေ့ ရှိနေဆဲဆိုတာကို သတိပြုရမှာဖြစ်တယ်။ ဒါဟာ မလွတ်မြောက်သေးတဲ့ တိုင်းပြည် တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါကြောင့်မို့လည်း မလွတ်မြောက်သေးတဲ့ အခြေအနေတွေဖြစ်တည်နေတဲ့ တိုင်းပြည်တွေမှာသာ လူထုခေါင်းဆောင်ဆိုတာ ပေါ်ထွက်တာပါ။

တောင်အာဖရိကမှာတုန်းက ဆိုရင်လည်း မလွတ်မြောက်ခင်က နယ်ဆင်မင်ဒဲလားကိုပဲ လူထုခေါင်းဆောင်အ ဖြစ် အဓိကအားကိုးပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဟော အခုလွတ်မြောက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက် သွားတဲ့အခါကျတော့ မင်ဒဲလားမရှိလည်း ကျန်လူတွေနဲ့ တိုင်းပြည်ကို မောင်းနှင်လို့ရသွားပြီ။ တောင်ကိုးရီး ယားမှာလည်း ဒီလိုပဲ။ ကင်ဒေးဂျုံမရှိလည်း ရသွားပြီ။ ဒီမိုကရေစီရသွားပြီဆိုတော့ တင်တိုက်စရာ လူထုခေါင်း ဆောင်လည်း မလိုတော့ဘူးလေ။ အရည်အချင်းရှိတဲ့သူက တိုင်းပြည်ကို တက်အုပ်ချုပ်နိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုရမှာပေါ့။ ကျနော်တို့တိုင်းပြည်လည်း နအဖလက်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ရောက်တဲ့အခါကျရင် အခုလက်ရှိ တောင်အာဖရိကလိုပဲ လူထုခေါင်းဆောင်မရှိလည်း မောင်းနှင်နိုင်တဲ့ အနေအထားမျိုးကို ရောက်လာမှာပါ။

အချုပ်အနေနဲ့ ပြောရရင်တော့ အခုလို ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလမှာ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်မပါဘဲ အဖြေရှာမယ်ဆိုတဲ့ အတွေးမျိုးတွေကို ရှေ့တန်းတင်နေကြရင် ဒီမိုကရေစီအစစ် အမှန်နဲ့ ဝေးမြဲဝေးနေဦးမယ်လို့ ယူဆမိကြောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အတွေးအခေါ် ကောင်းခြင်းမကောင်းခြင်းထက် မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် ကိုးစားတဲ့စိတ်က အခိုင်အမာရှိနေဆဲမို့ သူမ မပါတဲ့နည်းနဲ့ အဖြေထုတ်ခဲ့ရင် ထုတ်မောကြီးပဲ အဖတ်တင်လိမ့် မယ်။ ပြည်သူလူထု လက်မခံဖို့က ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ပဲ ပြောချင်ပါတယ်။ အဲဒီလို လူထုလက်မခံ ရင် ဘာပဲလုပ်လုပ် ဘယ်လိုပဲ အုပ်ချုပ်အုပ်ချုပ် ချောချောမောမော မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်ဖို့လိုပါ တယ်။ အဲဒါကြောင့်မို့ နိုင်ငံရေးသမားကောင်းတွေရော၊ ပဏ္ဍိတလူတော်တွေပါ ငါတော်ငါတတ်နဲ့ တဗိုလ်တမင်း ထင်ရာစိုင်းပြီး ထမင်းလက်ဆုံ စုစားမနေကြဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ၀ိုင်းဝန်းကြိုးပမ်းကြပြီး သူမကို အကောင်းဆုံး ၀န်းရံပေးခြင်းဖြင့်သာ တိုက်ပွဲကို အောင်အောင်မြင်မြင် အ ဆုံးသတ်ဖို့ ကြိုးပမ်းသင့်ကြောင်း စေတနာနဲ့ အကြံပြု ရေးသားလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်

ကလစ်လုပ်ပြီး ကြည့်ပါ ။

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://komoethee.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

လူရွှင်တော် ဇာဂနာကို ထောင်ပြောင်းပြီ

စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော လူရွှင်တော် ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ကို ယနေ့ ထောင်ပြောင်းရွှေ့ လိုက်ကြောင်း မိသားစုဝင်များနှင့် ထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။

[၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ ရွှေတိဂုံဘုရားပေါ်တွင် သံဃာတော်များကို ဆွမ်းကပ်လှူနေသည့် လူရွှင်တော် ဇာဂနာ]

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ ရွှေတိဂုံဘုရားပေါ်တွင် သံဃာတော်များကို ဆွမ်းကပ်လှူနေသည့် လူရွှင်တော် ဇာဂနာ
ပုဒ်မပေါင်း များစွာဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ် ခံထားရသူ လူရွှင်တော် ဇာဂနာကို ကချင်ပြည်နယ် မြစ်ကြီးနား ထောင်၊ ၎င်းနှင့် အမူတွဲများ ဖြစ်သည့် ထောင်ဒဏ် ၁၉ နှစ်ချမှတ် ခံထားရသူ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ရှမ်းပြည်နယ် တောင်ကြီး ထောင်၊ ထောင်ဒဏ်၂၉နှစ် ချမှတ်ခံရသူ ကိုတင်မောင်အေးကို ကရင်ပြည်နယ် ဘားအံ ထောင်၊ ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရသူ ကိုသန့်ဇင်အောင်အား မြင်းခြံထောင်သို့ ယနေ့ အာဏာပိုင်များက ပြောင်းရွေ့ လိုက်ကြောင်း ကိုဇာဂနာ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။

အသက် ၈၄ နှစ်ရှိ ဒေါ်ကြည်ဦးက“လူကြီးမိဘတွေက ဘယ်လိုမှစိတ်မချမ်းသာ တော့ဘူးပေါ့၊ သူ့အဖေက လည်း တော်တော်စိတ်မကောင်း ဖြစ်နေတယ်၊ အခုပို့တော့လည်း တရားဝင်အကြောင်းမကြားဘူး၊ ဥပဒေမှ မရှိဘဲ ၊ လုပ်ချင်ရာလုပ်နေတာကိုး၊ ဥပဒေမရှိဘဲလုပ်နေတာက ကိုယ့်တယောက်တည်းတော့ မဟုတ်ဘဲလေ၊ အများနဲ့ကို လုပ်နေတာဆိုတော့ ဒီလို နဲ့ပဲ စိတ်ဖြေရတာပေါ့” ဟု ဧရာဝတီကိုပြောသည်။

ကိုဇာဂနာနှင့်ပတ်သက်ပြီး “သူကပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ လူပဲလေ၊ သူက ဘဝကိုအပျော်စိတ်နဲ့ပဲ နေတာ ကိုး ၊ သူကဒီလမ်းကို လျောက်တာကိုး၊ ဒီလမ်းကိုလျောက်တော့ ဒီလိုဟာမျိုး တွေနဲ့ကြုံရမှာပဲလေ၊ ဘုန်းကြီး တောင်အရိုက်ခံရတဲ့ ခေတ် ၊ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့ခေတ်ဖြစ်နေတယ်” ဟုလည်း ဒေါ်ကြည်ဦးက ပြောသည်။

နာဂစ်ဆိုင်ကလုန်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကိုအတူလုပ်ကိုင်ခဲ့ကြသူများဖြစ်သော အဆိုပါကို ဇာဂနာ နှင့် ကိုဇော်သက်ထွေးတို့သည် ၎င်းတို့ကိုပုဒ်မ ၅၀၅(ခ)၊ ၁၇/၁ စသည့်ပုဒ်မ များအပါအဝင် ပုဒ်မ ၇ ခုဖြင့် စစ်အစိုးရအာဏာပိုင်များက တရားစွဲထောင်ချခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် အာဏာပိုင်များက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ကိုဇော်သက်ထွေးကိုမူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင်ဖမ်းဆီးခဲ့ သည်။

ယင်း ကိုဇာဂနာနှင့် မတွေ့ရသည်မှာ ၆ လ ခန့် ရှိပြီဖြစ်ကြောင်းနှင့် ယခု ပြောင်းရွှေ့လိုက်သည့် မြစ်ကြီးနား အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း ဒေါ်ကြည်ဦးက ပြောသည်။

“ဥပဒေ မရှိတဲ့ တိုင်းပြည်မှာ ဘာမှပြောလို့ဆိုလို့မရပါဘူး၊ တနေ့ကြရင်တော့ သူတို့အလှည့်လာဦးမှာပါ၊ အခုသူတို့ပို့တဲ့ နေရာတွေက အေးတဲ့နေရာတွေဆိုတော့ မတတ်နိုင်တဲ့ သူတွေကို အနွေးထည်လှူနေပါတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယနေ့တွင်ပင် မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)မှ ကိုရန်နိုင်သူ အား ရခိုင်ပြည်နယ် ကျောက်ဖြူ ထောင် နှင့် ကိုဝေလွင်မျိုး ကို ရှမ်းပြည်နယ် မိုင်းဆတ် ထောင်များသို့ရွှေ့ပြောင်းလိုက်ကြောင်းလည်း အင်းစိန် ထောင် ဝန်ထမ်းအသိုင်းအဝန်းက ပြောသည်။

Thursday, 04 December 2008 18:43 အေးလဲ့

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...