အခုဇွန်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ တသောင်းတန် စတင်ထုတ်ဝေပါပြီ။
မြန်မာနိုင်ငံမှာ အမြင့်ဆုံးရှိခဲ့တဲ့ ငွေစက္ကူဟာ ငါးထောင်တန်
ငွေစက္ကူဖြစ်ပါ။
သြစတေးလျှနိုင်ငံက စီးပွားရေးပညာရှင်လည်းဖြစ်
မြန်မာနိုင်ငံက အကြောင်းအရာတွေကို ဆက်တိုက် လေ့လာနေသူလည်း ဖြစ်တဲ့
ဒေါက်တာရှောင်တာနဲရဲ့ အဆိုအရ တသောင်းတန်ငွေစက္ကူ ထုတ်ဝေတဲ့အတွက်
ငွေကြေးဖောင်းပွလာမှုကို အတိုင်းအတာတခုအထိ ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့
ဆိုပါတယ်။ ငွေကြေး ဖောင်းပွလာရင် အ ကျိုးဆက်အဖြစ် အားလုံးသိတဲ့အတိုင်း
ကုန်ဈေးနှုန်းတွေ၊ ကားခတွေ၊ ဘာခညာခတွေ စသဖြင့် ဈေးတက်လာနိုင်တာကို
ဆက်တိုက်ရင်ဆိုင် ရပါလိမ့်မယ်။ ဈေးတက်လာရင် ဆင်းရဲသားတွေသာ ခံပေရော့ဆိုတာ
အားလုံးအသိပါ။
အခုကိုပဲ တ သောင်းတန် ထုတ်ဝေမယ်ဆိုတဲ့
တရားဝင် ကြေညာချက်ကြောင့် တချို့တတ်နိုင်သူတွေက ဒီရက်ပိုင်းအတွင်း
စားသုံးကုန် တွေ ဈေးများတက်လာမှာလားဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဆန်၊ ဆီ၊
ဆား စတာတွေကို ကြိုတင် ဝယ်ယူနေ ကြတယ်လို့ လည်း ကြားနေရတယ်။ ဒါ့အပြင်
လက်ရှိဖြစ်ပေါ်နေတဲ့ မြေဈေး၊ အိမ်ဈေး ကြီးမြင့်နေတာတွေလည်း ဆက်ပြီး
ဈေးကြီး နေဦးမယ်လို့ တွက်ချက်ကြတယ်။ တလောက နိုင်ငံခြားသားတွေ
မြန်မာနိုင်ငံထဲ လိမ့်ဝင်လာပါတယ်။
အန်ဂျီအိုတွေ၊စီးပွားရေးကုမ္ပဏီက လူတွေများပါတယ်။ အဲသည့်အချိန်မှာ ဒေါ်လာ
၈ဝ လောက်ပဲတန်တဲ့ ဟော်တယ်ခန်း တွေကို ဒေါ်လာ ၃ဝဝ လောက် တောင်းကုန်တဲ့အထိ
လောဘတွေ တက်ကုန်ပါတယ်။ ဒါ တသောင်းတန် မပေါ်ခင်မှာ ဖြစ်ခဲ့တာနော်။ တချို့ နိုင်ငံခြား အန်ဂျီအိုတွေ ရုံးခန်းဖွင့်ဖို့ အိမ်တွေ၊ တိုက်ခန်းတွေ
ငှားကြပါတယ်။ အကွက်အကွင်းကြတဲ့ ရပ်ကွက်တွေမှာ ဝန်းကျယ်ကျယ်နဲ့
နှစ်ထပ်တိုက်တလုံးကို တလငှားရမ်းခက ဒေါ်လာ တသောင်းနှစ်ထောင်တဲ့။ လန်ဒန်
မြို့လယ်ခေါင်က တိုက်ခန်းတွေ၊ အိမ်တွေထက်တောင် ဈေးကြီးနေသေးတယ်။
သို့ပေမယ့် ပေးနိုင်တဲ့ နိုင်ငံခြားသားတွေ ကတော့ ပေးငှား နေကြတာပဲ။
သို့သော်လည်း ဆင်းရဲတဲ့ သာမန်ပြည်သူများ အနေနဲ့ကတော့ ငါးထောင်တန်
ငွေစက္ကူကို ငါးရွက်ပြည့်အောင် လက်ထဲမှာ မကိုင်နိုင်ရတဲ့အထဲ
တသောင်းတန်ငွေစက္ကူ ထွက်လာမယ်ဆိုတဲ့ ကိစ္စအပေါ် ဘယ်သူက မှ စိတ်ဝင်စားမှု
မရှိတာကိုလည်း တွေ့ရပါတယ်။ ဆိုလိုတာကတော့ တသောင်းတန် ငွေစက္ကူဟာ ဆင်းရဲသား
သာမန် ပြည်သူတွေနဲ့ ပတ်သက်စရာ အကြောင်းမရှိ သလိုမျိုး ဖြစ်နေပါတယ်။
သူတို့ဟာသူတို့ ဘာတန်ကြီးပဲ ထွက်ထွက် ဒို့ လက်ထဲ ရောက်မှာက ဘယ်တော့ မှန်းမှ
မသိဘဲ ဆိုတဲ့အမြင်မျိုး လူများစုမှာ ရှိနေပါတယ်။
ဒီလိုအမြင်ရှိနေတာဟာ သူ တို့အတွက်တော့ သဘာဝကျပါတယ်။ တချိန်ထဲမှာလည်း
နေ့တဓူဝ သုံးစွဲနေရတဲ့ ကိစ္စတွေ မှာ ငွေစက္ကူ အသေးတွေဖြစ် တဲ့ ငါးဆယ်တန်၊
တရာတန်တွေဟာ မရှိသလောက် ရှားပါးနေတာကလည်း အားလုံး အသိ ပဲဖြစ်ပါတယ်။
အကြွေစေ့ တွေကို အသာထားဦး။ ကျပ်တန်၊ ငါးကျပ်တန်၊ တဆယ်တန် ငွေစက္ကူတွေကတော့
မမြင်ဖူး တာ ကြာလှပြီမို့ ရှေးဟောင်း ပစ္စည်းလိုတောင် ဖြစ်နေတယ်လို့
ဆိုကြတယ်။ ပစ္စည်းတခုဝယ်လို့ ငါးဆယ်၊ တရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ စသဖြင့်
ပြန်အမ်းရမယ့် ကိစ္စတွေမှာ အမ်းစရာ ငွေစက္ကူ အသေးတွေဖြစ်တဲ့ ငါးဆယ်တန်၊
ရာတန်တွေ မလုံလောက်လို့၊ မရှိလို့ ချိုချဉ် သကြားလုံးအပါအဝင် တခြား
ပစ္စည်းများနဲ့ ပြန်အမ်းနေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ သာမန်အားဖြင့်
ကြည့်မယ်ဆိုရင် တရာ၊ နှစ်ရာဆိုတဲ့ ငွေပမာဏ ဟာ ဒီခေတ်မှာ လက်ဖက်ရည်
တခွက်တောင် ကောင်း ကောင်းဝယ်မရတော့ပါဖူး။ ဒါကြောင့် မဆန်းဖူးလို့
ထင်ရပေမယ့် အကြိမ်ကြိမ် အထပ်ထပ် ဖြစ်လာတဲ့ အခါမျိုးမှာတော့
ပြန်တွက်ကြည့်ရင် ဆင်းရဲတဲ့ စားသုံးသူတွေဖက်မှာ နစ်နာနေတယ် ဆိုတာ
မြင်နိုင်တယ်။
ဒီလိုအခြေအနေမျိုးမှာ အစိုးရအနေနဲ့ နိုင်ငံသားပြည်သူတွေအကြားမှာ
လိုအပ်နေတဲ့ ငွေစက္ကူအသေးတွေကို ဘာ ကြောင့် ထပ်မံရိုက်ထုတ် ဖြန်ချိတာမျိုး
မလုပ်ဘဲ တသောင်းတန်ငွေစက္ကူကို ရိုက်ထုတ်ရတာလဲဆိုတာ မေးစရာ ဖြစ်လာ တယ်။
တသောင်း တန်ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေရတဲ့ ရည်ရွယ်ချက်က သာမန်ဆင်းရဲသား
ပြည်သူများအကြား သုံးစွဲဖို့ ရည်ရွယ် တာမဟုတ်ဘူးလို့ ပြောမယ်ဆိုရင်
လွန်မယ်မထင်ပါ။ လုပ်ငန်းကိုင်ငန်း ကြီးမားတဲ့ သူတွေအတွက်သာ အဆင် ပြေစေမယ့်
သဘောမျိုး သက်ရောက်နေတာကို မြင်ရတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့
ငွေစက္ကူတွေထဲမှာ ငါး ထောင်တန်နဲ့ တထောင်တန် ကလွဲလို့ ကျန်တဲ့ ငွေစက္ကူတွေဟာ
ဟောင်းနွမ်း ညစ်ပတ် စုတ်ပြဲနေတာက များပါတယ်။ ဒါကြောင့် ငွေစက္ကူ အသေးတွေကို
တိတ်အကြည်တွေနဲ့ကပ် ဖာထေးပြီး သုံးစွဲနေရ တာကလည်း ပြည်သူတွေအတွက်
မဆန်းတော့ပါ။ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ညစ်ပတ်
နွမ်းဖတ်နေတဲ့ ငွေစက္ကူတွေဟာ လူတွေအ တွက် ရောဂါပိုးတွေ သယ်ဆောင်
လာတယ်လို့လည်း ကျွမ်းကျင်သူ များက ထောက်ပြထားတယ်။ အထူးသဖြင့် အသဲကို
ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ၊ ဝမ်းရောဂါကို ဖြစ်စေမယ့် ရောဂါပိုး
အတော်များများကို ငွေစက္ကူ အဟောင်းအမြင်းတွေ ပေါ်မှာ တွေ့ရလေ့ရှိတယ်
ဆိုတာလည်း သိရတယ်။
အလွန်အကျွံဆင်းရဲနေတဲ့ နိုင်ငံများမှာတော့ ငွေစက္ကူအသေးတွေကို
ပြန်ပြီးအသစ်ထပ်မံ ထုတ်လေ့မရှိတာကို တွေ့ရ တယ်။ ထုတ်ရင်လည်း လောက်လောက်ငှငှ
ထုတ်ဝေတာမျိုး မဟုတ်ပြန်ဖူး။ ဘာကြောင့်လဲဆိုတော့ ငွေစက္ကူ အကြီးပဲ ဖြစ်ဖြစ်
အသေးတွေပဲဖြစ်ဖြစ် စတာတွေကို ပြန်ပြီးပုံနှိပ်ရာမှာ အသုံးပြုရတဲ့
စက္ကူအကောင်းစားနဲ့ ပုံနှိပ်ဆေးတွေဟာ နိုင်ငံခြားကနေ ဈေးကြီးပေးပြီး
တင်သွင်းရတာကြောင့် ဖြစ်တယ်။ နိုင်ငံခြားကနေ ငွေစက္ကူ ရိုက်နှိပ်ဖို့အတွက်
ဘာကြောင့် စက္ကူအကောင်းစားနဲ့ ပုံနှိပ်ဆေးတွေကို တင်သွင်းတာလဲ။ ဈေးပေါတဲ့
စက္ကူ အမျိုးအစားနဲ့ ဈေးပေါတဲ့ ပုံနှိပ်ဆေးတွေကို အသုံးပြု မယ်ဆိုရင်
ငွေစက္ကူအတုတွေ မှိုလိုပေါက်လာမှာကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
ဥပမာ တခုလောက် ပြောရမယ်ဆိုရင် ပြည်တွင်းငွေကြေး လည်ပတ်မှုအတွင်းမှာ
နောက်ထပ် ငွေတသန်း ထပ်ပြီး ထုတ် ဝေဖို့ လိုတယ်ဆိုပါစို့။ ဒီလို
အခြေအနေမျိုးမှာ အစိုးရအနေနဲ့ တရာတန်ငွေစက္ကူ အချပ်ရေ တသောင်း
ရိုက်နှိပ်မယ့်အစား တသောင်းတန် ငွေစက္ကူ အချပ်ရေ တရာကိုသာ ရိုက်နှိပ်
ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ စက္ကူဖိုး ဆေးဖိုးအတော် လေး သက်သာသွားတာကို
မြင်နိုင်ပါတယ်။
ဒီအချက်ကို ထောက်ရှုပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အလွန်အကျွံ
ဆင်းရဲတဲ့ နိုင်ငံတခု ဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရအနေနဲ့ သွယ်ဝိုက်ပြီး
ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ အပါအဝင် တခြားသော
သဘာဝသယံဇာတ ပစ္စည်းတွေကို နိုင်ငံတကာကို ရောင်းချနေတာ လူတိုင်းသိပါတယ်။
တနှစ်တနှစ် သဘာဝ သယံဇာ တတွေကို ရောင်းချရာကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေဟာ
မနည်းလှဘူး။ ဒီငွေတွေထဲက တချို့ကို ငွေစက္ကူ ပုံနှိပ်ရိုက် ထုတ်ဖို့အတွက်
လိုအပ်တဲ့ စက္ကူတွေ ပုံနှိပ်ဆေးတွေ နိုင်ငံခြားကနေ ဝယ်ယူတင်သွင်းရင်
ဖြစ်နိုင်တယ်လို့ ပြောလိုပါ တယ်။
မြန်မာအစိုးရ အနေနဲ့ တိုင်းပြည်တပြည်မှာ အများပြည်သူများ အတွင်း ငွေကြေး
လည်ပတ်စီးဆင်းတာ ချောမွေ့စေဖို့ အ တွက် တန်ဖိုးမြင့်တဲ ငွေစက္ကူ နှစ်မျိုး
သုံးမျိုးလောက် ထုတ်ဝေရုံနဲ့ မလုံလောက်ဘူး အလုပ်မဖြစ်ဘူးဆိုတာ နားလည်ဖို့
လိုပါတယ်။ ငွေအကြွေစေ့များ အပါအဝင် တန်ဖိုး အဆင့်ဆင့်ရှိတဲ့
ငွေစက္ကူမျိုးစုံကိုလည်း ထုတ်ဝေဖို့ အထူးလိုအပ်ပါ တယ်။ အမေရိကန်နိုင်ငံတို့
ဥရောပနိုင်ငံတွေတို့ကို နမူနာထား မပြောလိုပါဘူး။ နီးနီးနားနားကိုပဲ ဥပမာပေး
ပြောရမယ်ဆို ရင် ကျနော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့
ထိုင်းနိုင်ငံမှာ ပြည်တွင်းငွေကြေး လည်ပတ်စီးဆင်းဖို့ ငွေအကြွေစေ့များ အပါအဝင် နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တရာတန်၊ ငါးရာတန်၊ တထောင်တန်
ငွေစက္ကူများကိုလည်း လုံလောက်အောင် ရိုက်နှိပ်ထုတ်ဝေပါတယ်။ ဆယ်ဘတ်စေ့၊
ငါးဘတ်စေ့၊ နှစ်ဘတ်စေ့၊ တဘတ်စေ့နဲ့ တဘတ်စေ့ထက် တန်ဖိုးနည်းတဲ့ အကြွေစေ့တွေကိုလည်း ထုတ်ဝေပါတယ်။ (ငါးဘတ်ပေးရင် မြန်မာပြည်ကလို
အီကြာကွေးအရှည် တချောင်းဝယ်စား နိုင်ပါ တယ်။ ငါးဘတ်ဟာ မြန်မာကျပ်ငွေ ၁၅ဝ
လောက်နဲ့ညီပါတယ်။ ငါးဘတ်တန်အကြွေစေ့သာ မရှိရင် ဘယ်လိုရောင်းပြီး
ဘယ်လိုဝယ်စား ကြမလဲ။ စကားချပ်) ဒါတွေကို ထိုင်းနိုင်ငံရဲ့ ဗဟိုဘဏ်ကနေ
စီစဉ်ကွပ်ကဲဆုံးဖြတ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရဝန်ကြီးများ အနေနဲ့ ဒီကိစ္စမှာ
ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့
တိုင်ပင်ဆွေးနွေးတာကလွဲလို့ ငွေစက္ကူ ဘယ်လောက်တန်ပဲ ရိုက်နှိပ်ရမယ်လို့
ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ဗဟိုဘဏ်က အာဏာပိုင်တွေဟာ လွတ်လပ်စွာ
ဆုံးဖြတ်ခွင့် ရှိပါတယ်။ တခါ ငွေစက္ကူ အဟောင်းအမြင်း များ ကိုလည်း ဘဏ်တွေက
ပြန်လည်သိမ်းဆည်ပေးပြီး ဗဟိုဘဏ်ကို လွှဲပါတယ်။ ဗဟိုဘဏ်ကနေ လက်ခံရရှိတဲ့
ငွေစက္ကူ အဟောင်းတွေ အပေါ်မှာ အမျိုးအစားကိုလိုက်ပြီး တန်ဖိုးအဆင့်ဆင့်အလိုက်
ငွေစက္ကူအသစ်များကို ထပ်မံဖြန့်ဖြူးပေး ပါတယ်။ စုတ်ပြဲဟောင်းနွမ်းပြီး
တိတ်အကြည်တွေနဲ့ ဖာထေးတားထဲ့ ငွေစက္ကူ အသေးစားတွေကို ထိုင်းလူထုအကြားမှာ
သုံးစွဲခြင်း မရှိပါ။
ထိုင်းနိုင်ငံမှာ ငွေအကြွေစေ့တွေ၊ ငွေစက္ကူအသေးစားတွေ
(နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တရာတန်) လူ ထုအကြား လည်ပတ်စီးဆင်းနေတဲ့အတွက်
အသေးစားအလတ်စား လုပ်ငန်းတွေအပါအဝင် လမ်းပေါ်က တနေ့လုပ် တ နေ့စား အထမ်းသည်တွေ
ဈေးသည်တွေအတွက်ပါ စီးပွားရေးလုပ်ကိုင်ရာမှာ အဆင်ပြေကြပါတယ်။ ပြန်အမ်းစရာ
ငွေ စက္ကူအသေးမရှိလို့ ချိုချဉ်တွေ သကြားလုံးတွေ၊ အပေါစားဘောလ်ပင်တွေ
ပြန်အမ်းတယ်ဆိုတာ ထိုင်းနိုင်ငံမှာ မရှိပါဘူး။
နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှု အတိုင်းအတာအရ တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေ
ထုတ်ဝေဖို့လိုတာ မှန်သလို တန်ဖိုးသေးတဲ့၊ တန်ဖိုးနိမ့်တဲ့ ငွေစက္ကူများလည်း လုံလုံ လောက်လောက် ဖြန့်ချိဖို့ လိုကြောင်း ပြောလိုပါတယ်။
ဇော်မင်း
၁၅ ရက်၊ ဇွန်လ၊ ၂ဝ၁၂ ခုနှစ်
ရွက်မွန်မှ…
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...