Thursday, November 11, 2010

ယနေ့ တိုက်ပွဲသတင်းများ (၁၁ ရက် နိုဝင်ဘာလ ၂၀၁၀)

မြန်မာစံတော်ချိန်.....ညနေ ၈ နာရီ ၁ မိနစ်

-----------------------------------------------------------------------

ညနေ(၇ နာရီ ၅၀ မိနစ်) ရှမ်းပြည်နယ်တွင် တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီ...။ (ကိုးကား - shanland.org)

Shan State Army (SSA) North’s Battalion 24 stationed at Kunkieng- Wan Lwe, 3 miles west of Wan Hsaw, a village between Wanhai, the main base of the SSA North, and Monghsu, was attacked by a unit from Light Infantry Division 33, at 17:00 local time, according to SSA sources.

“At first, the 33rd was encircling us,” said an SSA officer, “but now reinforcements from Wanhai are encircling the 33rd. “The fighting is still raging at the time of this reporting,” he added.
19:00.


မြန်မာစံတော်ချိန်.....ညနေ ၄ နာရီ ၁၀ မိနစ်
-----------------------------------------------------------------------

ညနေ(၄ နာရီ ၁ မိနစ်) ရှမ်းပြည်အတွင်းရှိ နအဖ တပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး စတင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ ဖြစ်ကြပြီး လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ (ကိုးကား - ကန္တာရ၀တီတိုင်း(မ်))

နေ့လည်(၁ နာရီ ၁၀ မိနစ်) နေပြည်တော်ကို ကယန်းပြည်သစ်မှ လူငယ်များ ဗုံးဖောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေပြည်တော်နဲ့ နယ်မြေချင်းနီးသည် ကယန်းပြည်သစ် နယ်မြေကို နအဖစစ်တပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

နေ့လည်(၁၂ နာရီ ၁၀ မိနစ်) လတ်တလော ရောက်ရှိလာတဲ့ သတင်းများအရ မဲသဝေါလမ်းတွင် နအဖ စစ်တပ်များနဲ့ ကေအန်ယူ စစ်တပ်များ တိုက်ပွဲများ ဖြစ်နေကြောင်း သိရှိရသည်။

နေ့လည်(၁၂ နာရီ ၅ မိနစ်) ယမန်နေ့က ဖာမွန်မြို့နယ် အနောက်မြောက်ဖက် မဲ့သရွတ်တွင် စခန်းထိုင်ထားသော နအဖ အခြေစိုက်စခန်းတခုဖြစ်တဲ့ ခမရ ၃၄၀ ကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ဘီလင်းမြို့အတွင်းမှာရှိတဲ့ ကျွန်းပင်ဝင်း၊ ၀င်းမောင်း မှာရှိတဲ့ နအဖ စစ်တပ်နဲ့ (BDF) နယ်ခြားစောင့်တပ် စခန်းတွေကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နံနက် (၁၀ နာရီ ၂၁ မိနစ်) ဒီကေဘီအေ ဗိုလ်မှူး စောလားဘွယ်မှ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ မြန်မာ့တပ်မတော်သားများကို ယခုလို ပန်ကြား လိုက်ကြောင်း သိရှိရသည်။

မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့ နေရာအနှံ့က ပူးပေါင်း ပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။
ပြည်တွင်းက အနိုင်ကျင့်ခံ အညာခံရတဲ့ ဒီမိုကရေစီ မြတ်နိုးသူ အင်အားစုအားလုံးလည်း လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စု စိတ်အစစ်နဲ့ တော်လှန်ကြပါ။

နံနက်(၈ နာရီ ၃၈ မိနစ်)
သျှမ်းပြည်တပ်မတော်မှ ဒီကေဘီအေအား ၀ိုင်းဝန်းကူညီပံ့ပိုးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ကြေညာချက်တစောင် ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ထိုကြေညာချက်ကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ

နံနက်(၈ နာရီ ၁၈ မိနစ်) နအဖ ဘက်က ၉ ရက်နေ့ ဘုရားသုံးဆူ၊ မြ၀တီမြို့တွေမှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ်တို့ရဲ့ တိုက်ပွဲကိစ္စတွေနဲ့ ပက်သတ်ပြီး အပြန်အလှန် သတင်းတင်ပို့တဲ့ ကြေးနန်း စာတစောင် ယနေ့လည်း ထပ်မံ ထွက်ရှိလာပါတယ်။ မနေ့တုန်းကလည်း ၈ ရက်နေ့က တိုက်ပွဲအခြေအနေ ကြေးနန်းစာတစောင်လည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ ယခုကြေးနန်းစားစာက နအဖ စစ်တပ် ကြေးနန်းရေးသားပုံ ရေးသားနည်း မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ တကယ့်ကြေးနန်းလား ဟုတ်မဟုတ် မသေချာပါဘူး။ ကိုယ်ပိုင် သုံးသပ်ချင့်ချိန်နိုင်ပါတယ်။ ကြေးနန်းစာကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ။

နံနက်(၈ နာရီ ၆ မိနစ်) ဘုရားသုံးဆူဒေသတွင် ယနေ့မနက် ၄ နာရီကျော်က စပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ဒီကေဘီအေ ဘက်မှ တပ်ရင်း ၉၀၆ နဲ့ ၉၀၇ တို့ဖြစ်ပြီး နအဖ စစ်တပ် ဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ခမရ ၄၀၅ တို့ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်နေတာပါ။ ဘုရားသုံးဆူဒေသဘက်ကို နအဖ ဘက်မှ တပ်မ ၂၂ ကို စစ်ကူလွှတ်ထားလို့လည်း နောက်ဆုံးရ သတင်းများအရ သိရှိရသည်။

နံနက်(၈ နာရီ ၂ မိနစ်)
ဘုရားသုံးဆူဖြစ်ပွားနေသော တိုက်ပွဲ သတင်းတကို ထိုင်းတီဗွီ ၃ မှ ယမန်နေ့ည ၁၀ နာရီက ထုတ်လွှင့်သွားတဲ့ ဗွီဒီယို သတင်းပါ....




နံနက်(၈ နာရီ ၀ မိနစ်) မြ၀တီနဲ့ ဘုရားသုံးဆူဒေသတွင် နအဖ စစ်တပ်များနဲ့ ဒီကေဘီအေတပ်များ တိုက်ပွဲဖြစ်ပွားမှုများကို TVThai သတင်းဌာနမှ ယမန်နေ့ည ၁၀ နာရီတွင် ထုတ်လွှင့်သွားတာပါ။



နံနက်(၇ နာရီ ၃၀ မိနစ်)ဘုရားသုံးဆူ မြ၀တီအခြေအနေ သတင်းဆောင်းပါး... The Nation က မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ တင်ထားသည်ကို ဘာသာပြန်ဖော်ပြသည်။

ကန်ချနဘူရီနှင့် မျက်နှာချင်းဆိုင်မှာ တိုက်ပွဲများ သဲကြီးမဲကြီး ဖြစ်နေသည့်အလျာက် ဘုရားသုံးဆူတောင်ကြားရှိ အရေးအခင်းမှာလည်း ဆက်လက်ဖြစ်ပွားနေသည်။ မြ၀တီမြို့တိုက်ပွဲမှာ လူအများအပြားသေခဲ့သော်လည်း ယခုအခါ အဆိုပါ နယ်စပ်မြို့မှာ ပုံမှန်အခြေအနေ ပြန်ရောက်ပြီဖြစ်သည်။

မြ၀တီမြို့မှာ အေးဆေးငြိမ်သက်နေပြီဖြစ်သည့်အတွက် တနင်္လာနေ့က မဲဆောက်သို့ ထွက်ပြေးလာသည့် ထောင်ပေါင်းများစွာသော (မြန်မာ) ဒုက္ခသည်များအား ထိုင်းအရာရှိများက မြ၀တီသို့ ပြန်ပို့ပေးနေပြီ ဖြစ်သည်။

ဘုရားသုံးဆူ အခြေအနေ

သို့သော် (ထိုင်းနိုင်ငံ) တောင်ဘက်ခြမ်း ဘုရားသုံးဆူမြို့မှာ တိုက်ပွဲများဆက်ဖြစ်နေခြင်းကြောင့် ဆက်လက်တင်းမာနေပြီး ထိုင်းဘက်သို့ အများအပြား ထွက်ပြေးလာနေကြသည်။ ကန်ချနဘူရီအနောက်ဘက် ဘုရားသုံးဆူ ထိုင်းဘက်ခြမ်းမှာ အာပီဂျီ ဒုံးကျည်လက်နက်ကြီး ကျည်ဆံအချို့ ကျရောက်ခဲ့ခြင်းကြောင့် အဆိုပါဒေသကို စစ်မြေပြင်အဖြစ် ထိုင်းဒေသခံအာဏာပိုင်များက ကြေငြာထားသည်။ သို့သော် ထိုင်းလူမျိုးများ ထိခိုက်ဒဏ်ရာရသည့်သတင်းမရှိပေ။

လက်နက်ကိုင် မွန်နှင့်ကရင် ပူးပေါင်းအင်အား ၃၀၀ခန့်က ဘုရားသုံးဆူမြို့အား တနင်္လာနေ့က တိုက်ခိုက်ခဲ့ပြီးနောက် ဘုရားသုံးဆူမြို့ကို ပြန်ရဘို့အတွက် ဒုတိယနေ့မှာ မြန်မာစစ်သား ရာပေါင်းများစွာနှင့် ထပ်မံအားဖြည့်ခဲ့ရသည်။ နေ့ခင်းဘက်တွင် သေနတ်သံများ လက်ပစ်ဗုံးသံများ ဒုံးကျည်ပစ်သံများ မကြာခဏကြားနေသည်။ သတင်းရပ်ကွက်များ၏ ပြောဆိုချက်အရ ဘုရားသုံးဆူမြို့အား ပြန်ထိန်းချုပ်နိုင်ရန် မြန်မာစစ်သားများ၏ အားထုတ်မှုမှာ တိုင်းရင်းသားအုပ်စုများ၏ ပြင်းထန်စွာ ခုခံမှုကြောင့် အခက်အခဲ ဖြစ်နေသည်။

တိုက်ခိုက်နေသည့် ကရင်များမှာ ယခင်က ပြိုင်ဘက်များဖြစ်သည့် ကေအန်ယူနှင့် ဒီကေဘီအေတပ် ပူးပေါင်းအင်အားဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

မနက်ပိုင်းတွင် အခြေအနေ ငြိမ်သက်နေသော်လည်း နေ့ခင်းဘက်တွင် ဘုရားသုံးဆူမြို့မှာ ထပ်မံဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြောင်း ဆန်ခလဘူရီခရိုင် အကြီးအကဲ ချန်မရာ့ ကန်းနွိုင်က ပြောသည်။

တိုက်ပွဲများ ထိုင်းဘက်သို့ ကျွံမလာစေရန် မြန်မာစစ်တပ် တာဝန်ရှိသူကို ဆက်သွယ်ပြောကြားထားကြောင်း ထိုင်းခြေမြန်တပ်မ ၉ တပ်မှူးကြီး ဗိုလ်ချုပ်ထ၀မ် ရွမ်သီရိက ပြောသည်။ တိုက်ပွဲများ ထိုင်းဘက် ကျွံမလာစေရန် သတိထားမည့်အကြောင်း မြန်မာဘက်မှ သဘောတူသော်လည်း အခြေအနေ ပုံမှန်ဖြစ်သည်ထိ မြန်မာဒုက္ခသည်များကို စောင့်ရှောက်ထားရန် မေတ္တာရပ်ခံခဲ့ကြောင်း ၄င်းတပ်မှူးကြီးက ပြောသည်။ ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်များကို ယာယီဒုက္ခသည်စခန်းတွင် နေရာချထားပေးသော်လည်း ကန်ချနဘူရီမြို့သို့ သွားခွင့်မပြုဟု အဆိုပါ တပ်မှူးကြီးက ဆက်ပြောသည်။

လွန်ခဲ့သည့် ၂၆နှစ်ကာလအတွင်း တိုက်ပွဲကြောင့် ဇာတိမြေက ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် တသိန်းခွဲကို ထိုင်းက နေရာချထားပြီးဖြစ်သည်။ မြန်မာနိုင်ငံမှ တရားမ၀င် အလုပ်သမားပေါင်းကလည်း ထိုင်းနိုင်ငံတွင် ၂ သန်းခန့်ရှိသည်။

မြ၀တီအခြေအနေ

မြ၀တီကို လက်နက်ကိုင်တိုင်းရင်းသားများလက်မှာ မြန်မာစစ်သားများ ပြန်ရယူပြီးနောက် မဲဆောက်မြို့မှာလည်း ထိုင်းအမှတ် ၃ စစ်တိုင်းဒေသ တပ်မတော်[3]နှင့် ဒေသခံ ထိုင်းအာဏာပိုင်များက ထောင်ပေါင်းများစွာရှိသည့် မြန်မာဒုက္ခသည်များကို မနေ့က မြ၀တီဘက်သို့ ပြန်ပို့ပေးခဲ့သည်။ အဆိုပါ လက်နက်ကိုင် တိုင်းရင်းသားများက မြန်မာနိုင်ငံ၏ မမျှတသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေနှင့် မြ၀တီမြို့၏ အချက်အချာနေရာများကို တနင်္ဂနွေနေ့က သိမ်းယူခဲ့ခြင်းဖြစ်သည်။

မြ၀တီအခြေအနေ ပုံမှန်ဖြစ်သွားပြီဟု ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်များအား အကြောင်းကြားပြီးနောက် ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည် ၂သောင်းအနက် ၇၀ ရာနှုန်းက မြ၀တီပြန်ရန် ယမန်နေ့က သဘောတူခဲ့သည်။

သောင်ရင်းမြစ်ကို လှေနှင့်မဖြတ်ခင် ဒုက္ခသည် အတော်များများ မဲဆောက်ရှိ ထိုင်းနယ်ခြားရဲစခန်းမှ သောင်ရင်းမြစ်ကမ်းဘက်သို့ ဆင်းသွားသည်ကို မြင်နေရသည်။ သူတို့ဆွေမျိုးအများအပြားကလည်း တဘက်ကမ်းမှ ကြိုနေသည်ကို မြင်နေရသည်။

သို့သော် မြ၀တီဘက် ပြန်ရမှာ စိတ်မချသေးသည့်အတွက် ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များ (မဲဆောက်) ယာယီဒုက္ခသည်စခန်းတွင် ကျန်နေသေးသည်။ မြန်မာဘက်မှ ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များအတွက် နောက်ထပ် ဒုက္ခသည်စခန်းသစ် ဖွင့်ပေးတော့မှာ မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ခစ်တီ ဇဂ္ဂဘထ္တရ က ပြောသည်။

"ကျွန်တော်တို့အနေနဲ့ အချိန်တိုကာလအတွင်းသာ လူလူချင်း စာနာတဲ့ အကူအညီမျိုး ပေးရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ပေါ်လစီချမှတ်ထားပီး အခြေအနေပုံမှန်ဖြစ်တာနဲ့ ချက်ချင်း (ဒုက္ခသည်တွေကို) ပြန်ပို့မှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး ဆွန်ခစ်တီက ပြောသည်။ ထို့ပြင် ထိုင်းနိုင်ငံအနေနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်သလို မည်သည့် လက်နက်ကိုင်အဖွဲ့မျိုးကိုမှ ထိုင်းနယ်မြေတွင်း ခိုလှုံခွင့်ပေးမှာ မဟုတ်ကြောင်းကိုပါ ဗိုလ်ချုပ်ကြီး ဆွန်ခစ်တီက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် အနှစ် ၂၀အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲများ တနင်္ဂနွေနေ့က ကျင်းပနေစဉ် မြ၀တီမြို့ အစိုးရအဆောက်အဦ အတော်များများကို ဒီကေဘီအေတပ်များ က သိမ်းပိုက်ခဲ့သည်။ သို့သော် ကျည်ဆန်ကုန်သွားသည့်အချိန်တွင် အဆိုပါ ကရင်တိုက်ခိုက်သူများမှာ တောင်ပိုင်းသို့ ပြန်လည် ဆုတ်ခွာသွားသည်ဟု သတင်းရပ်ကွက်များက ပြောသည်။

မြ၀တီတိုက်ပွဲကြောင့် နှစ်ဘက်လုံးမှာ အကျအဆုံးများစွာရှိပြီး အရပ်သားအပါအ၀င် ဒါဇင်များစွာ ဒဏ်ရာရခဲ့သည်။ သို့သော် အကျအဆုံး ထိခိုက်ဒဏ်ရာရသူ မည်မျှရှိသည်ဆိုသည့် စာရင်းအတိအကျကို အတည်ပြုနိုင်ခြင်း မရှိပေ။ လက်နက်ကိုင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စီးပွားရေးလုပ်ငန်း အကျိုးစီးပွားများကို ခြိမ်းခြောက်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးမှာ လူနည်းစုအဖွဲ့များ ပါဝင်ရမည်ဆိုသည့် မြန်မာစစ်တပ်၏ တောင်းဆိုချက်ကို ဆန့်ကျင်သည့်အနေဖြင့် ယခင်က စစ်အစိုးရကို ထောက်ခံခဲ့သည့် ဒီကေဘီအေတပ်ဖွဲ့က မြ၀တီကို တိုက်ခိုက်ဘို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (ဘာသာပြန် - ဒေါ်ဘုတ်ဆုံ)


source by : http://soneseayar.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, November 10, 2010

ယနေ့ တိုက်ပွဲများ (၁၀ ရက် နိုဝင်ဘာလ ၂၀၁၀)

မြန်မာစံတော်ချိန်..... ၃ နာရီ ၁၀ မိနစ်
-----------------------------------------------------------------------
(၃ နာရီ ၁၀ မိနစ်) ဘားအံခရိုင် ဘားအံမြို့အနီး မြင်စိုင်းတောင်ကုန်းပေါ်ရှိ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ လက်ကျန် အဖွဲ့များ စခန်းထိုင်ရာ ငကျိဘုရားကုန်းစခန်းကို ကေအန်ယူ တပ်မဟာ (၁) မှ ယမန်နေ့ ညက တက်ရောက် သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။
ဒီကေဘီအေ အကုန်လုံးက နအဖ ကို ပုန်ကန်ပြီး တိုက်ပွဲ ဖြစ်တာ မဟုတ်ပါဘူး။ ဗိုလ်စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့နဲ့ ဘုရားသုံးဆူက တပ်ဖွဲ့များသာ နအဖနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။ နအဖ စစ်တပ်နဲ့ တွဲဖက်ပြီး စခန်းထိုင်ထားတဲ့ ဒီကေဘီအေ အချို့ ကျန်ပါသေးတယ်ဟု ဒီကေဘီအေ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးမှ ပြောဆိုသည်။
(၂ နာရီ ၂၀ မိနစ်) မြ၀တီမြို့တွင် ဖြစ်ပွားသော ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲများကို ကေအန်ယူ များက ပြုလုပ်သည်ဟု နအဖ စစ်အစိုးရ စွပ်စွဲသည့် မြန်မာ့အသံ ရုပ်မြင်သံကြားသတင်းပါ.....


(၁ နာရီ ၄၅ မိနစ်) ဗိုလ်ချစ်သူနဲ့ နအဖ တပ်တွေက နယ်ခြားစောင့် လက်ခံထားသော DKBA တပ်ကို လက်နက်များပြန်လည် သိမ်းဆည်းပြီး အရပ်ဝတ်ဖြင့်နေရန် ပြုလုပ်နေ။ မြ၀တီ တံတားထိပ်တွင် နအဖမှ CCTV ကင်မရာများ လိုက်လံထပ်ဆင်နေ။ မြ၀တီမြို့အခြေအနေမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာဖွယ်ရှိသည့်အတွက် ပြည်သူများ ထိုင်းနိုင်ငံဘက်ကမ်းသို့ ပြန်လည်ဝင်ရောက်မှု ရှိနေကြောင်း သိရှိရသည်။
(၁၁ နာရီ ၃၂ မိနစ်) လက်ရှိ နအဖ ဘက် ၈ ရက်နေ့ တိုက်ပွဲကိစ္စတွေနဲ့ ပက်သတ်ပြီး အပြန်အလှန် သတင်းတင်ပို့တဲ့ လ၀ ကြေးနန်း စာတစောင် ထွက်ရှိလာပါတယ်။ ဟုတ်မဟုတ် မသေချာပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ စာတစောင်ဖြစ်ပါတယ်။ ကိုယ်ပိုင် သုံးသပ်ချင့်ချိန်နိုင်ပါတယ်။
လ၀ ကြေးနန်း စာတစောင်ကို ယခုလင့် နှိပ်ပါ အတိုင်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။

(၁၀ နာရီ ၃၅ မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တွင် မြန်မာပြည်ဘက်ခြမ်း ကျေးရွာတွေမှာ နေထိုင်တဲ့ ရွာသူရွာသား ၅၀၀ ကျော် စစ်ပြေးဒုက္ခသည် အဖြစ် ရောက်ရှိနေပါတယ်။ မနေ့က ဝေါလေ ဒေသကို ထိုးစစ်ဆင်ခဲ့တာတွေနဲ့ ယနေ့ ဒီကေဘီအေ အခြေစိုက်ရွာတွေ နအဖ စစ်တပ်က ၂၄ နာရီအတွင်း ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးလာခဲ့ကြတာပါ။ ထို စစ်ပြေးဒုက္ခသည် ၅၀၀ ကျော်ကို လောလောဆယ် IRC နဲ့ အခြား လူမှုရေးအဖွဲ့တွေက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါသေးတယ်။ နောက်ထပ်ပြီးလည်း စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာမယ်လို့ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ ရွာသားတဦးကဆိုပါတယ်။
(၁၀ နာရီ ၅ မိနစ်) ဘုရားသုံးဆူဒေသမှာ ဒီကေဘီအေ အင်အား ၂၀၀ ခန့် နအဖ အခြေစိုက်စခန်း ခလရ ၂၈၃ ကို ၀ိုင်းထားကြောင်း သိရှိရသည်။ ဒီကေဘီအေနဲ့ နအဖ တပ်များ တဖက်နဲ့တဖက် ယခုအချိန်အထိ ကြို့ကြား ကြို့ကြား ပစ်ခတ်မှုများ ရှိနေပါတယ်။ ဘုရားသုံးဆူဒေသခံ ပြည်သူလူထုတွေကတော့ စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်းဘက်ကမ်းကိုနဲ့ ဂျပန်ရေတွင်း ဘက်ကို ၀င်ရောက်နေတယ်လို့ သိရှိရပါတယ်။ ဘုရားသုံးဆူဒေသ တဘက်ရှိ ထိုင်းဘက်ကမ်းမှာတော့ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ (တစ်သောင်း) ကျော်သွားပြီလို့ ထိုင်း သတင်းဌာနတွေက ကြေညာထားတာတွေ့ရပါတယ်။
(၉ နာရီ ၅၁ မိနစ်) မြ၀တီမြို့မှာ ယခုပဲ လက်နက်ငယ်သံတွေ ပြန်ကြားရတယ်လို့ သတင်းပို့လာပါတယ်။
(၉ နာရီ ၃၈ မိနစ်) ထိုင်း-မြန်မာ နယ်စပ် ဒီကေဘီအေနဲ့ နအဖ စစ်တပ်များဖြစ်ပွားနေသည့် တိုက်ပွဲများ မြ၀တီကနေ ဆုတ်ခွာသွားပါတယ်။ သို့ပေမယ့် မနေ့က ညနေပိုင်းအထိ နအဖ တပ်တွေ ဒီကေဘီအေ ဗိုလ်စောလားဘွယ် နေထိုင်သည် ဝေါလေ ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ လတ်တလော သတင်းများအရ နအဖ စစ်တပ်များမှ ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ် တဖက်ကမ်းရှိ ဒီကေဘီအေ အခြေစိုက် သီပေါဘိုး၊ ကနဲလေး ဒေသတွေကို နအဖ စစ်တပ်က ၂၄ အတွင်း ၀င်တိုက်မယ်လို့ ဗျူဟာကနေ့ အမိန့်ချလိုက်သည်။
(၈ နာရီ ၃၈ မိနစ်) ထိုင်း စစ်တပ်မှ တပ်မမှူး သည် ဒုက္ခသည်များအား " ဗမာပြည်ဘက်တွင် တိုက်ပွဲများ ရပ်သွားပြီ။ အေးအေးဆေးဆေးဖြစ်သွားပြီ။ ကျနော်တို့လည်း သူတို့နဲ့ ညှိနှိုင်းနေပါတယ်။ အေးအေးဆေးဆေး ဖြစ်သွားတဲ့အချိန်ကျရင် တံတားကနေ ပြန်ပို့ပေးမယ်။ ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ့်ပစ္စည်းတွေကို ပြန်ကြည့်လို့ရတာပေါ့။ တံတားကနေ ပြန်ပို့ဖို့ ထိုင်း မြန်မာ လူကြီးတွေနဲ့ ညှိနေပါတယ်" ဟု ပြောကြားခဲ့သည်၊

" ဒီကေဘီအေ တွေ မြ၀တီမှာ မရှိတော့ဘူး။ သူ့နေရာသူ ပြန်ဆုတ်သွားပြီ။ ' ဟု ပြောကြားခဲ့သည်၊
ထိုင်းစစ်တပ်နှင့် အာဏာပိုင်များမှ အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း ဒုက္ခသည်များမှာ ယနေ့ မနက်အထိ ထပ်ရောက်နေဆဲဖြစ်သည်၊ ယနေ့ ထပ်မံ ရောက်ရှိလာသော ဒုက္ခသည်များတွင် ဘုန်းကြီးများ။ ကိုရင်များ ပါလာသည်၊ ဒုက္ခသည်များမှ သူတို့အနေဖြင့် မပြန်ရဲသေးကြောင်း ထိုင်းအာဏာပိုင်တဦးမှ ပြောကြားကြသည်၊

တခြားအခြေအနေများမှာ-

ဒုက္ခသည်ဝင်းထဲသို့ ရောက်ရှိနေသော နယ်စပ်မှာရှိတဲ့ စက်ရုံအလုပ်သမားများကို အလုပ်ပြန်ဆင်းရန် အလုပ်ရှင် (စက်ရုံပိုင်ရှင်) များမှ ပြန်ခေါ်သွားကြောင်း သိရသည်။ ဒုက္ခသည်များကို ထိုင်းပြည်သူများ၊ မဲဆောက် ဒေသအခြေပြု အဖွဲ့အစည်းများမှ ရေများ။ ထမင်းထုပ်များ ကူညီပေးပို့ခြင်း။ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ကူညီ ဝေငှခြင်းများ ပြုလုပ်နေကြပါသည်။
source by : http://soneseayar.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, November 9, 2010

ကြံ့ဖွံ့ပါတီ အနိုင်ရ ကြိုတင်ကြေညာမှု ပြိုင်ဘက်ပါတီများ လက်မခံ

VOA | ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရတယ်ဆိုတာ လူထုရဲ့ တကယ့်ထောက်ခံမဲ မဟုတ်ဘဲ ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်ပြီး မသမာတဲ့ လုပ်ရပ်တွေကြောင့် အနိုင်ရခဲ့တာလို့ ပြိုင်ဘက် အခြား နိုင်ငံရေးပါတီတွေက ပြောပါတယ်။ လတ်တလောအားဖြင့် မဲတွေ အငြင်းပွားနေတဲ့ အချိန်အတွင်း ၈၀% အနိုင်ရထားပြီလို့ ကြံ့ခိုင်ရေးပါတီက ကြေညာခဲ့တာဟာ အမှန်တကယ်ရလဒ် မဟုတ်ဘူးလို့ ငြင်းဆန်ကြတာပါ။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကြံ့ခိုင်ရေးပါတီ အနေနဲ့ အခု ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၀% ကို အနိုင်ရခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ အမည်မဖော်တဲ့ တာဝန်ရှိသူ တဦးကို ကိုးကားပြီး AFP သတင်းတရပ်မှာ ရေးသားထားပါတယ်။ အစိုးရ မီဒီယာတွေမှာတော့ ရွေးကောက်ပွဲရလဒ် အချို့ကိုပဲ ပြည်ထောင်စု ကော်မရှင်က ကြေညာနိုင်ပါသေးတယ်။ တချိန်တည်းမှာပဲ မဲအငြင်းပွားမှုတွေ ရှိနေတာကြောင့် နိုင်ငံရေးပါတီ အတော်များများက ကော်မရှင်ကို မဲမသမာမှုတွေ ရှိတယ်ဆိုပြီး တိုင်ကြားနေကြပါတယ်။ အထူးသဖြင့် နောက်ဆုံးအချိန်ကျမှ ကပ်ရောက်လာတဲ့ ကြိုတင်မဲတွေ ကိစ္စပါ။

ဒီလို အငြင်းပွားနေတဲ့ အချိန်မှာ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရပြီ ဆိုတာမျိုး မကြေညာနိုင်သေးဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ပြောပါတယ်။

“အခုဟာ ရန်ကုန်တိုင်း ဒေသကြီးတောင်မှ မကြေညာနိုင်သေးဘူးလေ။ ဘာမှ အတိအကျ မထွက်သေးဘူး။ တချို့ Constituency တွေမှာ အနိုင်အရှုံးတွေက အမျိုးမျိုး ဖြစ်နေတာကိုး။”

အတိအကျ မထုတ်ပြန်နိုင်သေးဘူးဆိုတာ ဘယ်လိုဖြစ်လို့လဲခင်ဗျ။

“အနိုင်အရှုံးတွေက အခုတမျိုး၊ တော်ကြာတမျိုး ဖြစ်နေတယ်။ ဥပမာ တောင်ဥက္ကလာ တိုင်းဒေသကြီးမှာ ဒေါက်တာစောနိုင်ရဲ့ မဲစာရင်းက ည ၂ နာရီလောက်မှာ ဒေါက်တာစောနိုင်က ၆၄၀ လောက်နဲ့ နိုင်တယ်တဲ့။ ဒါပေမဲ့ မနက်ကျတော့ သူက ၁၄၀ လောက်နဲ့ ကပ်ရှုံးသွားတယ်။ ပြန်ပြီးတော့ ခရိုင်ကော်မရှင်ကို Complaint တက်ပြီး ပြန်ရေတွက်ခိုင်းတဲ့ အခါကြတော့ ၆ မဲနဲ့ ကြံ့ခိုင်ရေးကို နိုင်သွားတယ်လို့ ပြောပြီးတော့ အဲဒါ ထုတ်ပြန်တယ်တဲ့။”

ဒီမိုကရက်တစ် နိုင်ငံရေးပါတီတွေထဲမှာ ခမောက်တံဆိပ်နဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဟာ နေရာအတော်များများ မဲရုံတွေမှာ ပုံမှန်မဲတွေနဲ့ အသာစီး ရခဲ့ပေမဲ့ နောက်ပိုင်း ရောက်လာတဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် တကယ့်လက်တွေ့ အခြေအနေမှာ လူထုဟာ ဒီမိုကရေစီ အင်အားစုတွေကို အပြည့် ထောက်ခံခဲ့ကြတယ်လို့ NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“ပြည်သူလူထုပေးတဲ့ မဲမှာတော့ ကျနော်တို့ နိုင်တယ်ဆိုတာ ထင်ရှားတယ်ဆိုတာ ဒီလောက်တော့ ကျနော် ပြောချင်ပါတယ်။”

တချို့နေရာတွေမှာ မဲမသမာမှုတွေ ရှိတဲ့အတွက် ကော်မရှင်ကိုလည်း အန်ကယ်တို့ တိုင်ကြားဖို့ ပြင်တယ်လို့ ကြားပါတယ်။ အဲဒီတော့ မဲတွေ ဘာတွေ ပြန်ရေတွက်ဖို့ အခြေအနေရှိလား၊ တချို့နေရာတွေမှာ။

“ကျနော်တို့ကတော့ တင်မှာပဲလေ။ အချက်အလက်နဲ့တကွ ဘယ်နေရာမှာ ဘာတွေဖြစ်တယ် ဆိုတာကို၊ အမှန်ကတော့ ပြောကြကြေးဆိုရင် ဒါတွေ အကုန်လုံးကို ပြန်စိစစ်ပြီး လုပ်ပေးရမှာပဲဗျ။ တကယ်တမ်း ပြင်ဆင်ပေးဖို့ ဆန္ဒရှိတယ်၊ အမှန်အတိုင်းဖြစ်အောင် ဆန္ဒရှိတယ် ဆိုရင်တော့ ဒါတွေ အကုန်လုံး လုပ်ပေးရမှာပဲ။”

မဲရုံ အတော်များများမှာ ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်က မဲမသမာမှုတွေနဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အမျိုးသားလွှတ်တော်အတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

“အမှန်ကတော့ သူတို့က ၈၀% မဟုတ်ပါဘူး၊ ၁၀၀% လောက်အထိ နိုင်ဖို့လည်း သူတို့ လုပ်နိုင်ပါတယ်။ နိုင်အောင်လည်း သူတို့ လုပ်သွားတာပဲ။ ၈၀% ဆိုတာကတော့ မကောင်းတတ်လို့ လူကြားကောင်းအောင်၊ နိုင်ငံတကာက ကြားကောင်းအောင်လို့ ၈၀% လောက်ကိုပဲ သူတို့က လုပ်သွားတာပါ။ ဒီရွေးကောက်ပွဲကြီးက တဖက်သတ် သူတို့ရဲ့ စီမံထားတဲ့ ပုံစံတွေနဲ့ စနစ်တကျ အနိုင်ရအောင် လုပ်ထားတဲ့ ရွေးကောက်ပွဲကြီးလေ။”

ဒါပေမဲ့ အခု မကြာခင်က ကြံ့ခိုင်ရေးက ပြောရေးဆိုခွင့်ရှိသူ တယောက်နဲ့ မေးမြန်းခန်း ရပါတယ်။ အဲဒီမှာ သူတို့ ပြောတာကတော့ ဒါက ကော်မရှင်က ဆုံးဖြတ်တာပဲ၊ ကော်မရှင်က လုပ်တာပဲ၊ သူတို့ ဘာမှမဆိုင်ဘူး၊ ကော်မရှင်ပေါ်မှာ မူတည်တယ် ဆိုပြီးတော့ ပြောနေပါတယ်။

“ကော်မရှင်က လုပ်တာတွေကတော့ မျှတတာတွေကို မရှိဘူး။ ဥပမာ ဘယ်လိုအချက်အလက်တွေ ရှိလဲဆိုတော့ မဲရုံတွေကို ကျနော် ရောက်သွားတယ်။ မဲဆန္ဒပေးသူ ဦးရေ၊ ကြိုတင်မဲဦးရေ ဘယ်လောက်ရှိတယ် ဆိုတာ ကျနော်တို့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သိခွင့်ရှိတယ်။ သက်ဆိုင်ရာ မဲရုံမှူးတွေကို ကျနော်တို့ မေးတယ်။ သက်ဆိုင်ရာ မဲရုံမှူးတွေက သူတို့ကို ကော်မရှင်က မပြောပြရဘူးဆိုပြီး မှာကြားထားပါတယ်တဲ့။ ဒါကြောင့် သူတို့အနေနဲ့ ပြောပြခွင့် မရှိပါဘူးဆိုပြီး သူတို့က အဲဒီလို ဖြေတယ်။”

မဲအငြင်းပွားတဲ့ မြို့နယ်အချို့မှာတော့ ရလဒ်ကို ပြည်ထောင်စု ကော်မရှင်က ဆုံးဖြတ်ပေးလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခု ရွေးကောက်ပွဲအတွင်း ကြိုတင်မဲ ကိစ္စတွေနဲ့ မဲရုံမှူးတွေကိုယ်တိုင် ကြံ့ခိုင်ရေးပါတီဘက်က မဲဆွယ်တာ၊ မဲရေတွက်ရာမှာ မမှန်မကန်တွေအပေါ် ကော်မရှင် တာဝန်ရှိသူတွေဘက်က မသိကျိုးကျွန် ပြုနေတာတွေကြောင့် နိုင်ငံရေးပါတီ အတော်များများကတော့ ကော်မရှင်အပေါ်မှာ အယုံအကြည် မဲ့နေတယ်လို့ ပြောရမှာပါ။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲကို စစ်အစိုးရ လုယူသွားကြောင်း အိုဘားမား ပြောဆို

RFA | မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲကို တဖက်သတ် လုယူသွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ မစ္စတာ ဘရက်အိုဘားမားက ပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ ဘာရက် အိုဘားမား (ဝဲ) နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်း (ယာ) တို့ကို နိုဝင်ဘာ ၈ ရက်နေ့က နယူးဒေလီမြို့တွင် ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ သမတ အိုဘားမားက အိန္ဒိယပါလီမန်မှာ မနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ဆန့်ကျင်သူတွေကို ထောင်ထဲသွင်း၊ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ ချွတ်ခြုံကျနေတဲ့ အစိုးရမျိုးကို ပြပါဆိုရင် မြန်မာစစ်အစိုးရကို နမူနာပြရမှာပါပဲလို့ ပြောပါတယ်။

ဆက်လက်ပြီး သမ္မတ အိုဘားမားက ပြောဆိုရာမှာ အခုလည်း ရွေးကောက်ပွဲကို ခိုးဝှက် လုယူတဲ့ မလုပ်ကောင်းတဲ့ အလုပ်ကို ကမ္ဘာ့ မျက်စိအောက်မှာ လုပ်ပြလိုက် ပြန်ပါပြီ၊ ဒီလိုအစိုးရမျိုးကို ပြစ်တင်ရှုတ်ချဖို့ ဒီမိုကရေစီနိုင်ငံအားလုံးမှာ တာဝန်ရှိပါတယ်လို့ ပြောဆိုသွားပါတယ်။

ဆက်လက်ပြီး - ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာ ဒီမိုကရေစီနိုင်ငံတွေထဲမှာ အိန္ဒိယဟာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေအပေါ် တုံ့ပြန်ဝေဖန် ပြောဆိုဖို့ မကြာခဏ လက်ရှောင်ထားတာကို တွေ့ရပါတယ်လို့ အမေရိကန်သမ္မတ မစ္စတာ ဘရက်အိုဘားမားက ပြောဆိုလိုက်ပါတယ်။ ဒီအတောအတွင်း မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ရှိတဲ့ မြန်မာဒီမိုကရေစီ အင်အားစုတွေက မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ မြန်မာစစ်အစိုးရဟာ မဲလိမ်မူ့တွေ ၊ မဲခိုးမူ့တွေနဲ့ ရွေးကောက်ပွဲကို အတုအယောင် လုပ်ပြနေကြောင်း ၊ ဒါအပြင် ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ခြိမ်းခြောက်ပြီး စစ်အစိုးရ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံမဲ ပေးခိုင်းခဲ့ကြောင်းနဲ့ အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဓိက တိုင်းရင်းသားပါတီတွေ ပါဝင်ခြင်း မရှိကြောင်း ရေးသားထားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်ပွဲနှင့် နိုင်ငံရေးချိန်ခွင်လျှာ

“ဘယ်လိုစစ်ပွဲမှာ သင်ဝင်တိုက်နေတယ်ဆိုတာ နားလည်ခြင်းဟာ အောင်ပွဲရဲ့ ပထမဆုံးခြေလှမ်းပဲ”
(ဗိုလ်ချုပ်အန်တိုနီဇင်နီ)

နိဒါန်း

“တော်လှန်ရေးတရပ်၏ ကံကြမ္မာသည် တော်လှန်သူများ၏ အတွေးအခေါ်ပြတ်သားမှု၊ ဆုံးဖြတ်ချက် ခိုင်မာမှု၊ စနစ်တကျဆောင်ရွက်မှုတို့ အပေါ်တွင် တည်မှီနေသဖြင့် အတွေးအခေါ် ရှုပ်ထွေးေ၀၀ါးမှုများဖြင့် တော်လှန်ရေး၏ အရှုံးကို ကိုယ်တိုင် မဆုံးဖြတ်မိစေရန် သတိပြုရမည်” တဲ့။ ဒီစကားစုလေးကို စကြားခါစ က နည်းနည်းတော့ မရှင်းသလို ဖြစ်နေခဲ့တယ်။ တော်လှန်သူများ ကိုယ်တိုင်က တော်လှန်ရေးအရှုံးကို ဆုံးဖြတ်မိသလို ဖြစ်တတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဆိုပြီးပါ။ နောက်ပိုင်းကျတော့ နိုင်ငံရေးချိန်ခွင်လျှာညှိဖို့မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်နက်ကိုင် တော်လှန်ရေးအပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးသမား အချို့ရဲ့ ပြောဆို ဝေဖန်သံတွေ ကြားလာခဲ့ရတယ်။ “လက်နက်ကိုင်တော်လှန်ရေး ခေတ်ကုန်နေပြီ”၊ “လက်နက်ကိုင် တော်လှန်ရေးလုပ်တာ ဦးနှောက်မရှိသူတွေပဲ လုပ်တာ” ဆိုပြီး ပြောဆိုသံတွေ ထွက်လာသလို “ဒီမိုကရေစီ တိုက်ပွဲဆိုတာ လက်နက်နဲ့ တိုက်လို့မရဘူး။ ညင်သာစွာ ပြောင်းမှရတာ။ နအဖအခင်းအကျင်း အတိုင်းလိုက် လျှောက်ပြီး ဖြည်းဖြည်းချင်းပြောင်းယူရမှာ” ဆိုတဲ့ ဒူးထောက်ကျောသပ်ခံရေး အတွေးအမြင်တွေလည်း ထွက်ပေါ်လာပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်၊ နိုင်ငံရေးချိန်ခွင် လျှာဆိုတဲ့ စကားလုံးလေးတွေကို သတိသွားရမိပါတယ်။

(စစ်အုပ်စုတို့ရဲ့ ဒီမိုကရေစီအမည်ခံ ရွေးကောက်ခံ အာဏာရှင်စနစ် (၀ါ) မြန်မာ တမျိုးသားလုံးအား စစ်ကျွန်ပြုရေးစနစ်ကြီးကို မြ၀တီ၊ ဘုရားသုံးဆူတို့တွင် ပေါ်ထွက်လာသော သေနတ်သံများဖြင့် တော်လှန် ဆန့်ကျင်နေကြပါပြီ။

လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲများတွင် စစ်ရေးအရ၊ နိုင်ငံရေးအရ၊ အတွေးအခေါ်အရ၊ ဘဏ္ဍာရေးအရ ပူးပေါင်းပါဝင်ကြပါစို့ )


လက်နက်ကိုင်တော်လှန်ရေးနှင့်ဒီမိုကရေစီ

“မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ရန် လိုအပ်တယ်တဲ့”။ ဒီဥပဒေသဟာ ရှေး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကမ္ဘာအရပ်ရပ်မှာ ကျင့်သုံးခဲ့ကြတဲ့ ဥပဒေသပါ။ ကမ္ဘာပေါ်မှာဖိနှိပ်သူ လူတန်းစားဆိုတာ ရှိနေသရွေ့ အဖိနှိပ်ခံလူတန်းစားတွေ ရှိကြစမြဲ ဖြစ်သလို၊ ဖိနှိပ်သူတွေကို အဖိနှိပ်ခံရသူ တွေက တော်လှန်ပုန်ကန်မှု ဆိုတာဟာလဲ အချိန်မရွေး ပေါ်ပေါက်နေနိုင်စမြဲပါပဲ။ အချို့က ဒီမိုကရေစီတော် လှန်ရေးမှာ စစ်ပွဲဆိုတာမလိုအပ်ဘဲ ညင်သာစွာပြောင်းလဲမှုပဲ လိုအပ်တယ်လို့ ဆိုတတ်ကြပါတယ်။ လက်နက်မဲ့တော်လှန်ရေး (Revolutions without arms) ဆိုတဲ့ သဘောတရားကို ဦးစားပေး ဖော်ပြတတ်ကြပါတယ်။


သို့ပေမယ့်လဲ ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီလှိုင်းလုံးကြီးများကို လေ့လာကြည့်တာနဲ့ ဒီမိုကရေစီကူး ပြောင်းမှုဖြစ်စဉ်နဲ့ လက်နက်ကိုင် တော်လှန်ရေးစစ်ပွဲများကြားက ဆက်နွယ်မှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ် (Democratization) ကို ဖြစ်စေနိုင်တဲ့ ပြဌာန်းချက် ခြောက်ချက်ရှိပါတယ်။ ဒီခြောက်ချက်ထဲမှာ transnational and international engagements including war ဆိုတဲ့အချက်ကို အရေးပါသော အချက်တချက်အဖြစ် ပညာရှင်များက မီးမောင်းထိုးပြထား ကြပါတယ်။

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမအဆင့် ဒီမိုကရေစီပြောင်း လဲမှုဖြစ်စဉ်ဟာ anti-imperial struggle တခုဖြစ်တဲ့ အမေရိကန်တော်လှန်ရေးကနေ စတင်ခဲ့တာဖြစ်ပါ တယ်။ အသွင်ကူးမှု ဒုတိယအဆင့်ကျတော့ အမေရိကန်ပြည်တွင်းစစ်ကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်တယ် လို့ ပညာရှင်အချို့ကဆိုခဲ့ပါတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စု ဒီမိုကရေစီဟာ တော်လှန်ရေးစစ်ပွဲ အပေါ်မှာ အခြေပြုပေါ်ပေါက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒီလိုပါပဲ။ ဥရောပမှာဆိုရင်လဲ ပြင်သစ်တော်လှန်ရေး (၁၇၉၈) ဟာ မြေရှင်ပဒေသရာဇ်စနစ်နဲ့ royal absolutist rule ကို ချုပ်ငြိမ်းပြီး၊ ဒီမိုကရေစီလမ်းကြောင်း ကို ဦးတည်စေခဲ့ပါတယ်။ ဥရောပတောင်ပိုင်းက ပေါ်တူဂီနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာလဲ တော်လှန်ရေးစစ်ပွဲအသွင်သဏ္ဍာန်နဲ့ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်များကို လေ့ လာပြီး၊ နိုင်ငံရေးသုတေသီ Dankwart Rustow က ဒီမိုကရေစီဆိုတာ ပဋ္ဋိပက္ခတွေက မွေးဖွားလာတာ ဖြစ်ပြီး၊ ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်များစွာမှာ ညင်သာစွာ ပြောင်းလဲမှုရှားပါးကြောင်း ပြောဆိုခဲ့ပါတယ်။ များသောအားဖြင့် လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်ပါဝင်မှုမရှိဘဲ ရရှိခဲ့တဲ့ တော်လှန်ရေးအောင်ပွဲတွေကို ညွှန်းဆိုပြတဲ့အခါမှာ တောင်အာဖရိကနိုင်ငံကို ဥပမာပေးတတ်ကြပါတယ်။

သို့ပေမယ့် တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ Geopolitics အနေအထားလုံးဝမတူပါဘူး။ နိုင်ငံတကာ ဖိအားပေးမှုရဲ့ ထိရောက်နိုင်မှု အခြေအနေမတူသလို၊ ဒေသဆိုင်ရာလုံခြုံရေး (regional security) ရှုထောင့်ကနေ ရှုမြင်သုံးသပ်မှု အနေအထားတွေလဲ မတူပါဘူး။ ပြီးတော့ တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ စတင်ခဲ့တာက incumbent de Klerk government အနေနဲ့ဖြစ်ပြီး၊ ၁၉၉၃ စက်တင်ဘာကျမှ ပါဝါခွဲဝေကြားဖြတ်အစိုးရအဆင့်ကို တက်လှမ်းသွားခဲ့တာပါ။ ဒီလိုကူးပြောင်းမှုဖြစ်စဉ် ဆိုတာက အာဏာရှင်တွေဘက်က စတင်မှဖြစ်တာပါ။ စတင်လာအောင် တွန်းအားပေးမှုတွေကလဲ ထိ ရောက်စွာ လုပ်နိုင်မှဖြစ်တာပါ။ မြန်မာနိုင်ငံမှာကျတော့ နိုင်ငံတကာဖိအားကလဲ တောင်အာဖရိက တုန်းက လောက် ထိရောက်မှုရှိနိုင်မှာမဟုတ်သလို၊ မြန်မာနအဖရဲ့ strategic doctrine ကလဲ အတိုက်အခံအပြီး သတ် ချေမှုန်းရေးဖြစ်တာကြောင့်၊ ဒီလိုဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မျိုး မြန်မာပြည်မှာ လုံးဝဖြစ်လာစရာ အကြောင်းမရှိပါဘူး။

နောက်တမျိုးဖြစ်တဲ့ နမ်ဘီးယား၊ ကမ်ဘောဒီးယား ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွေလို နိုင်ငံတ ကာက ကြားဝင်လာပြီး၊ အပြည်ပြည်ဆိုင်ရာနိုင်ငံများ ပူးပေါင်းပါဝင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပြောင်းလဲမှုဖြစ် စဉ်စတင်ဖို့ဆိုတာကလဲ ဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဒီတော့ အသွင်ကူးပြောင်းမှုဖြစ်စဉ် အမျိုးအစားတွေမှာ က နှစ်မျိုးပဲ ကျန်ပါတယ်။ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့) ပါဝါရှယ်ယာ ကြားဖြတ်အစိုးရများမှတဆင့် ဒီမိုပြောင်းလဲမှုဖြစ်စဉ်ကို စတင်ဖို့ပါ။ ဒီလိုကြားဖြတ်အစိုးရတွေ စတင်နိုင်ဖို့ လူထုတိုက်ပွဲပုံစံ၊ လက်နက်ကိုင်တော်လှန်ရေး အသွင်သဏ္ဍာန်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေး ကြီးလှပါတယ်။

ပါဝါရှယ်ယာပုံစံ လုပ်မည်ထားဦး။ တပ်မတော်က တပ်မှူးများနဲ့ တပ်များ၊ လူထုနဲ့ ပူးပေါင်းလာနိုင်ဖို့က ကြိုတင်စည်းရုံး nominate လုပ်ထားဖို့တွေ လိုအပ်သလို၊ ထွက်လာနိုင်အောင် လမ်းခင်းပေးဖို့လဲ အလွန်ကို လိုအပ်လှပါတယ်။ ယခုလက်ရှိ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့စည်းပုံ၊ ကွပ်ကဲပုံတွေက လူထုတိုက်ပွဲ အသွင်တမျိုးတည်းအနေနဲ့မှာ ပူးပေါင်းနိုင်ဖို့ အခွင့်အလမ်း နည်းပါး ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့များမှာလဲ ဒီလို အခြေအနေပါပဲ။ ရင်ဆိုင်ထိန်းချုပ် အနေအထားနဲ့ လှုပ်ရှားခွင်ကျဉ်းတဲ့ အနေအထားတွေမို့ စစ်မျက်နှာ အားလုံး ဖွင့်လှစ်ထားမှသာ အခွင့်အလမ်းသာပြီး၊ အာဏာရှင်ကို ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ့် အခြေအနေ ဖြစ်လာပါမယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင် တော်လှန်ရေးဟာ အလွန်ပဲ အရေး ကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်နက်ကိုင်တော်လှန်ရေးမဟုတ်ဘဲ လက်နက်မဲ့ တော်လှန်ရေးပဲ လုပ်ခဲ့မယ်ဆိုရင် ရန်သူနဲ့တိုက်ပွဲဝင်မယ့် အနေအထားဟာ ကန့်သတ်စစ်ပွဲ ပုံသဏ္ဍာန်မျိုးဖြစ်သွားပါပြီ။

ကန့်သတ်စစ်ပွဲ

စစ်မဟာဗျူဟာရေးရာမှာ အလုံးစုံစစ်ပွဲနဲ့ ကန့်သတ်စစ်ပွဲ သဘောတရားတွေဟာ အလွန်ပဲ အရေးပါ လှပါတယ်။ အလုံးစုံစစ်ပွဲဆိုတာက အဆုံးသတ်အောင်ပွဲကိုရဖို့အတွက် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ စီးပွား ရေးအရင်းအမြစ်နဲ့ လူထုအင်အားတွေအပေါ်မှာ ကန့်သတ်ချက်လုံးဝမထားပဲ တိုက်ပွဲဝင်တဲ့ စစ်ပွဲသဏ္ဍာန် ဖြစ်ပါတယ်။ ကန့်သတ်စစ်ပွဲ ဆိုတာကတော့ အဆုံးသတ်အောင်ပွဲကို မရည်ရွယ်ထားပါဘူး။ တကွေ့မှာ Bargained termination ကို ဦးတည်တာ ဖြစ်တဲ့အတွက်ကြောင့် ရည်ရွယ်ချက်၊ တိုက်ပွဲဝင်မှု၊ အင်အား စတာတွေအပေါ်မှာ တမင်တကာ ကန့်သတ်ချက်တွေထားရှိပြီးမှ တိုက်ပွဲဝင်တာပါ။ ဒီလိုတမင်တကာ ကန့်သတ်ချက် ထားတာဟာ များသောအားဖြင့် တိုက်ပွဲဝင်မှုနည်းလမ်းတွေမှာ ဖြစ်ပါတယ်။ ဥပမာ - ဗုံး တော့ကြဲမယ်၊ နူးကလီးယားဗုံး မဟုတ်ရဘူး။ ဒါပေမယ့် ပေါက်ကွဲအားပြင်းထန်တဲ့ conventional bomb တော့ ဖြစ်ရမယ်ဆိုတာမျိုးတွေပါ။ ဒါပေမယ့် ဒီလိုကန့်သတ် စစ်ပွဲဆင်နွှဲတဲ့အခါမှာ အရေးကြီးဆုံးပြဿနာ တရပ်ကိုတော့ ရင်ဆိုင်ရတတ်ပါတယ်။ စစ်ပွဲကြာရှည်မှုရဲ့ strain တွေပါ။


နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြားမှာ ကန့်သတ်စစ်ပွဲ မဟာဗျူဟာကို security calculus ပေါ်အခြေခံ တွက်ချက် ချမှတ်တတ်ကြပါတယ်။ ပြည်တွင်း တော်လှန်ရေးများမှာကျတော့ ကန့်သတ်စစ်ပွဲဆင်နွှဲဖို့က အလွန်ပဲ ခက်ခဲလှပါတယ်။ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၆၅) နဲ့ နိုက်ဂျီးရီးယား - ဘီယာဖရင်စစ်ပွဲ (၁၉၆၇- ၇၀) စစ်များမှာ အလုံးစုံစစ်ပွဲ မဟာဗျူဟာကိုပဲ ချမှတ်ခဲ့ရပါတယ်။ အလုံးစုံစစ်ပွဲဖြစ်တာမို့ စစ်ဆင် ရေးတခုရဲ့ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ Objectives, means, targets, arena လေးမျိုးစလုံးမှာ deliberate restraint တွေ မထားခဲ့ကြပါဘူး။ တခါစစ်ပွဲတခုမှာ တဘက်ရန်သူရဲ့ ဗျူဟာကိုလဲ အဓိက ဦးစားပေး စဉ်းစားရမှာ ဖြစ်ပါတယ်။ တဘက်ရန်သူက အလုံးစုံ ချေမှုန်းရေးစစ်ဆင်နွှဲနေတဲ့ အချိန်မှာ “လက်နက်မဲ့ တော်လှန်ရေးပဲလုပ်မှာ၊ လက်နက်ကိုင် တော်လှန်ရေးမလုပ်ဘူး”၊ “အကြမ်းမဖက်သောနည်း တခုကိုပဲ ကျင့်သုံးပြီးတိုက်ပွဲဝင်မှာ” ဆိုတာတွေက စစ်ဆင်ရေးတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားတာ ကြောင့် ချိန်ခွင်လျှာ မညီမျှပဲ ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်အားသန်ရာ တိုက်ပွဲသဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲ ၀င်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးချိန်ခွင်လျှာ

ဓာတုဗေဒညီမျှခြင်းတခုလို ဓာတ်သတ္တုများနဲ့တိုင်းတာရတာ မဟုတ်တဲ့အတွက် နိုင်ငံရေးချိန်ခွင်လျှာ ညီမျှခြင်းကို တွက်ချက်တိုင်းတာရတာ အလွန်ပဲ ခက်ခဲလှပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် မိုင်ကယ်အီလွိတ် ဗိတ်မင်ကတော့ တော်လှန်ရေးကာလရဲ့ နိုင်ငံရေးပါဝါညီမျှခြင်းကို stable stateအခြေအနေမှာ 10= 10 နဲ့သတ်မှတ်ခဲ့ပြီး၊ X(-Y)+ A+B-C= X(-Z)+D+E – F ကို ရေးဆွဲခဲ့ပါတယ်။ A, B, C, D, F ဆိုတာက law, order, justice, corruption, expression နဲ့ stability စတဲ့ အချက်တွေဖြစ်ပြီး၊ X ကတော့ မူရင်း stable state အခြေအနေကိန်းညွှန်းကို ဆိုထားပါတယ်။ (-Y) နဲ့ (-Z) ကတော့ ပါဝါညီမျှမှုပြောင်းလဲလာတာ တွေကို ညွှန်ပြတာဖြစ်ပါတယ်။


သူ့ညီမျှချင်းအရ 9=11 အခြေအနေဟာ ရန်သူရဲ့ ပါဝါကျဆင်းတဲ့ ပထမအဆင့်ဖြစ်ပြီး၊ 8= 12 အ ခြေအနေကတော့ ဒုတိယအဆင့်ဖြစ်ပါတယ်။ 7=13 အခြေအနေကတော့ တော်လှန်ရေးအင်အားစုများ (revolution apparat) ညီညွတ်စွာနဲ့ ဖွဲ့စည်းပေါ်ပေါက်ရမယ့် အခြေအနေဖြစ်ပြီး၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံ ဆင်နွှဲရင်း 3= 17 အခြေအနေမှာ ရန်သူရဲ့ state apparat လုံးဝပြိုလဲမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေ မျိုးမှာ ကြားဖြတ်အစိုးရတခု ချက်ချင်းပေါ်ပေါက်လာဖို့ လိုအပ်လှပါတယ်။

သမိုင်းကြောင်းအရ မြန်မာ့နိုင်ငံရေးပါဝါညီမျှချင်းဟာ ၁၉၈၈ မှာ 3= 17 အခြေအနေအထိ ဖြစ်သွား ခဲ့ဖူးပါပြီ။ ကြားဖြတ်အစိုးရ အချိန်နဲ့အညီပေါ်ပေါက်ရန် နှောင့်နှေးခဲ့မှုကြောင့် ရန်သူက ငြိမ်ပိအဖွဲ့အနေနဲ့ ပါဝါညီမျှခြင်းကို ပြန်ညှိယူသွားခဲ့တာပါ။ ဒီလိုညှိသွားခြင်းအားဖြင့် ချိန်ခွင်လျှာက ရန်သူ့ဘက်ကို အလေးအ နည်းငယ် ပြန်သာသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖဟာ stable state ကိုတော့ လုပ်နိုင်စွမ်းမရှိပါဘူး။

အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ လာဘ်စားမှု၊ စီးပွားရေးပေါ်လစီမနိုင်နင်းမှု စတဲ့ အထွေထွေအားနည်းချက် တွေကြောင့် အခုဆိုရင် နိုင်ငံရေးချိန်ခွင်လျှာက 7=13 အခြေအနေကို ကျော်လွန်လာပြီဖြစ်ပါတယ်။ 3=17 အခြေအနေဖြစ်သွားနိုင်ရေးကတော့ တော်လှန်ရေးအင်အားစုများရဲ့ ညီညွတ်မှု၊ လက်နက်ကိုင်တော်လှန် ရေးနှင့် လူထုတိုက်ပွဲကို စနစ်တကျပေါင်းစပ်နိုင်မှု၊ လူထုစည်းရုံးရေးစွမ်းရည် စတာတွေအပေါ်မှာ မူတည် နေပါတယ်။

ဒါကြောင့် မြန်မာပြည်လွတ်မြောက်ရေး၊ တရားမျှတညီညွတ်သော နိုင်ငံတော်သစ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်လာအောင် ဖော်ဆောင်နိုင်ရေးတို့မှာ အရေးကြီးဆုံး ဖြစ်တဲ့ လက်ရှိဒီမိုကရေစီ တော်လှန်ရေးရဲ့ အဆုံးအဖြတ်တိုက်ပွဲကို ပြတ်သားသော အတွေးအခေါ်၊ ခိုင်မာသော ဆုံးဖြတ်ချက်၊ စနစ်ကျသော ဆောင်ရွက်ချက်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ရင်း၊ အရှုံးနဲ့ပြိုလဲမှုကို ဦးတည်စေနိုင်တဲ့ အတွေးအခေါ် ရှုပ်ထွေးေ၀၀ါးမှုများကိုလည်း ဖယ်ရှားပစ်ကြပါစို့လို့ ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၁၁၊ ၂၀၀၈)

source by : http://khinmamamyo.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Statement on Attack Between DKBA and SPDC (ကျောင်းသားတပ်မတော်)

အပြည့်အစုံ ဖတ်ရန် ...

တိုက်ပွဲ အခြေအနေများ

မြန်မာစံတော်ချိန်.....ညနေ ၄ နာရီ ၅၅ မိနစ်
-----------------------------------------------------------------------
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)


အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...


ညနေ(၄ နာရီ ) မြ၀တီမြို့သို့ စစ်ပြေးဒုက္ခသည်များ ပြန်သွားရာ နအဖ စစ်တပ်မှာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြ၀တီမြို့တွင်းမှ ဒီကေဘီအေ တပ်များ တဖြည်းဖြည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၄၅ မိနစ်) ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။ (ကိုးကား - kicupdatenews)

နေ့လည်(၃ နာရီ ၄၁ မိနစ်)
ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။


နေ့လည်(၃ နာရီ ၃၆) ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။

နေ့လည်(၂ နာရီ ) နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


နေ့လည်(၁ နာရီ ၅၀ မိနစ် ) မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီးက ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။

နေ့လည်(၁ နာရီ ၄၅ မိနစ် ) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။


နေ့လည်(၁ နာရီ ၁၅ မိနစ် ) မြ၀တီမြို့မှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲအခြေအနေကို ထိုင်း တီဗွီ ချယ်နယ် ၃ က နေ့လည် ၁၂ နာရီ ၅၀ မှာ ထုတ်လွှင့်ပြသ သွားတာပါ။




နံနက်(၁ နာရီ ၉ မိနစ် ) ဘုရားသုံးဆူတိုက်ပွဲ အခြေအနေကို ထိုင်း တီဗွီ က ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရိ ပြသသွားတာပါ။



နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။

နံနက်(၁၂ နာရီ ၃၀ မိနစ် ) အတည်ပြုဖို့ ခက်ခဲ့တဲ့ သတင်းတွေ ရနေလို့ ခဏလေးစောင့်ပေးပါ။ ဖုန်းဆက်သွယ်နေပါသည်။

နံနက်(၁၁ နာရီ ၄၄ မိနစ် ) မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။

နံနက်(၁၁ နာရီ ၃၃ မိနစ် ) လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။

နံနက်(၁၁ နာရီ ) မြ၀တီမြို့တွင် မနေ့က ပိတ်မိနေပြီး ထွက်မလာနိုင်ပဲ ယနေ့ မနက်ပိုင်းမှ ရောက်ရှိလာသည့် သစ္စာမဂ္ဂဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများ ဘုန်းကြီးများ စစ်ပြေးဒုက္ခသည်များ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။ (ဓါတ်ပုံ - REUTERS)




နံနက်(၁၀ နာရီ ၅၀ မိနစ်) ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC

နံနက်(၁၀ နာရီ ၃၀ မိနစ်) ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြ၀တီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။

နံနက်(၁၀ နာရီ ၂၀ မိနစ်) ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။

နံနက်(၁၀ နာရီ ၃ မိနစ်) ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၇ မိနစ်) မြ၀တီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား - AJC)

နံနက်(၉ နာရီ ၃၅ မိနစ်) မြ၀တီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆၀ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ) ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ၇ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

နံနက်(၈ နာရီ ၃၀ မိနစ်) မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။

နံနက်(၈ နာရီ ၂၂ မိနစ်) ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြ၀တီတွင် ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြ၀တီစစ်ပွဲကို ရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြ၀တီကို သိမ်းပိုက် ခံလိုက်ရတာဟာ အရှိုက်အထိုးခံ လိုက်ရသလို ဖြစ်နေတယ်၊ နအဖ က တတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနှိုင်းတဲ့နည်းပါ သုံးမှာပါ၊

ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘ၀တူတွေက လက်ပိုက်ကြည့် နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနှိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)

နံနက်(၈ နာရီ ၁၀ မိနစ်) ယနေ့နံနက်ပိုင်းတွင် မြ၀တီမှ မဲဆောက်သို့ စစ်ပြေးဒုက္ခ္ခသည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့လေယာဉ်ကွင်းရှေ့ ထိုင်းစစ်တပ်ဝန်းအတွင်းတွင်ထားသော စစ်ပြေးဒုက္ခ္ခသည်စခန်းသို့ တဖွဲဖွဲ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၄ မိနစ်) မြ၀တီမြို့ပေါ်မှာ နအဖ စစ်တပ်မှ မြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသော ပြည်သူလူထုကို မြ၀တီမြို့အတွင်းမှ ၁ နာရီအတွင်း အပြီးထွက်သွားကြရန် စစ်ကားများဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၄၀ မိနစ်) ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သောကြောင့် ကလေးကျောင်းသွားကြိုသော ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်၊ သေဆုံးသူ ၁၀ ဦးထက် မနည်းရှိပြီး... ဒဏ်ရာရသူ ၃၀ နီးပါးခန့် ရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၀ မိနစ် ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူလူထု ၁၀ ဦးထက် မနည်းသေဆုံးမှုရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သံများ ရပ်ဆဲသွားပြီး ယနေ့မနက် ၆ နာရီကျော်လောက်တွင် လက်နက်ငယ်သံများ တဖန်ပြန်ကြားလာရကြောင်း သိရှိရသည်။


source by : http://soneseayar.blogspot.com

ဆုံဆည်းရာဘလော့ဘ်ကို ပြည်တွင်းမှ ကြည့်မယ်ဆို
ယခုလင့် http://proxynaungnaung.appspot.com/soneseayar.blogspot.com/ အတိုင်း ကြည့်ကြဖို့ လက်ဆင့်ကမ်း ဖြန့်ဝေပေးပါခင်ဗျား ...

အပြည့်အစုံ ဖတ်ရန် ...