NEJ | နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲရက်ကို ၂၀၁၀ ပြည့်နှစ် လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် (၁၃) ရက်တွင် အတိအလင်း တရားဝင် ထုတ်ဖော်ကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နှင့် ခေတ်ပြိုင် ဆက်သွယ် မေးမြန်းချက်။
မေး။ ။ နအဖစစ်အစိုးရက လာမယ့် နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာလိုက်ပါပြီ။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ ပြင်ဆင်ချိန် (၃) လတောင် မပြည့်တော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးဆိုတာ သိနေကြပေမယ့်လည်း နအဖကတော့ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖြစ်အောင်လုပ်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခု နအဖလုပ်တဲ့ ရွေးကောက်ပွဲကို ဆရာဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ ဒီမိုကရေစီနိုင်ငံတခုရဲ့ လက္ခဏာမှာ ရွေးကောက်ပွဲလုပ်ခြင်းဆိုတာ ပါပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းဟာ ဒီမိုကရေစီရဲ့ လက္ခဏာမဟုတ်ဘူးဆိုတာ ပြောဖို့လိုပါတယ်။ ၁၉၇၄ ခုနှစ်က မဆလတပါတီတည်းသာ ၀င်ပြိုင်ခွင့်ရတဲ့ ရွေး ကောက်ပွဲကို ဘယ်လိုလုပ် ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲလို့ဆိုမှာလဲ။ ကျနော်တို့ဟာ သဏ္ဌာန်ထက် အနှစ်သာရကို အလေးထားဖို့၊ အခေါ်အဝေါ်ထက် လက်တွေ့အကျိုးသက်ရောက်မှုကို အလေးထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ နောက်အချက် တချက်ကတော့ ဘယ်လိုနိုင်ငံတော်ကို တည်ထောင်မယ့် ရွေးကောက်ပွဲ၊ တနည်းအားဖြင့် ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲဖြစ်သလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ အခု နအဖကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ဆိုသူဟာ နအဖဗိုလ်ချုပ်တွေသာရှိတယ် ဆိုတာကို မမေ့သင့်ပါဘူး။ ရွေးကောက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေသူတွေ၊ ဒီရွေးကောက်ပွဲကို အကာအကွယ်ပေး ရေးသားနေသူတွေတောင် ဒီမိုကရေစီအပြည့်အ၀ရှိတဲ့ ရွေးကောက်ပွဲလို့ မဆိုကြပါဘူး။
နအဖရဲ့ ဒီ၂၀၁၀ ရွေးကောက်ပွဲဟာ နအဖစစ်အစိုးရကို အရပ်သားအစိုးရလို့ ခေါ်လို့ရအောင် ဗိုလ်သန်းရွှေတို့ရဲ့ စစ်အုပ်စုက အသေအချာပြင်ဆင်ပြီး လုပ်တာဖြစ်ပါတယ်။ အဓိကအားဖြင့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးသာဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါဘူး။ ကျန်တဲ့ ပါတီအဖွဲ့အစည်းတွေကိုလည်း အငှားဗိုက်နဲ့ဓားထိုးခံဖို့အတွက် အမတ်နေရာ အနည်းအပါးတော့ ပေးကောင်းပေးပါလိမ့်မယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနည်းမျိုးနဲ့ ရွေးကောက်ပွဲကို အနိုင်ရအောင် သူတို့ အချိန်မရွေး လုပ်နိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။
ဒီနေရာမှာ ဒီတခါ ရွေးကောက်ပွဲကို ၁၉၇၄ ခုနှစ်က ဗိုလ်နေ၀င်းလုပ်ခဲ့တဲ့ မဆလရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ထောက်ပြချင်ပါတယ်။ အဲဒါက ဗိုလ်သန်းရွှေတို့ဟာ ဒီရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ထင်သလိုကျင်းပနိုင်ခဲ့တာ မဟုတ်ဘဲ ဆယ်စုနှစ်တခုကျော် နှစ်တွေအများကြီး ပြင်ဆင်ပြီးမှ ကျင်းပနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ မဆလဟာ တကောင်တည်း ပြေးတဲ့မြင်းပွဲမို့ ရွေးကောက်ပွဲကို ရှောရှောရှူရှူကျင်းပနိုင်ပြီး နအဖကတော့ တခြားပါတီတွေပါ ၀င်ပြိုင်တယ်လို့ လုပ်ရတော့ ကိုယ့်လူတွေအနိုင်ရဖို့ မီးသေအောင် အရင်လုပ်နေရပါတယ်။ အခုကိုပဲ အပစ်ရပ်ဒေတွေမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်လာသူတွေကို သူတို့ရဲ့နယ်မြေထဲ အ၀င်မခံဘူးဆိုတာလို တစ်နေတဲ့ ပြဿနာတွေ ရှိနေသေးတယ် မဟုတ်ပါလား။
မေး။ ။ စစ်တပ်က ထိန်းချုပ်တဲ့စနစ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်တဲ့ အခုရွေးကောက်ပွဲက အရပ်သားအစိုးရ စစ်စစ် ပေါ်ထွန်းမှာမဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ အဲဒီအပေါ် ဆရာဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီနေ့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီအရေးတော်ပုံရဲ့ အဓိကရည်မှန်းချက်တခုဟာ စစ်တပ်ကို စစ်တန်းလျားထဲ ပြန်စေဖို့ ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ဆိုတာ ဓားပြဂိုဏ်း အုပ်ချုပ်တဲ့နယ်မြေ မဟုတ်ပါဘူး။ ပဒေသရာဇ်ခေတ်ကို ကျော်လွန်ခဲ့တဲ့နောက် ဘယ်တိုင်းပြည်မဆို အာဏာနဲ့လက်နက်ကို ခွဲကိုင်ရတာချည့်ပါပဲ။ ဒါပေမယ့် နအဖစစ်အုပ်စုဟာ ဒီရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့်အစိုးရမှာ သူတို့က အစစကိုချုပ်ကိုင်ထားဖို့ပဲ လုပ်နေပါတယ်။ ပြည်သူလူထု ရွေးခြယ်တင်မြှောက်လိုက်သူတွေက လက်နက်ကို ချုပ်ကိုင်ညွှန်ကြားမလား၊ လက်နက်က ပြည်သူလူထု ရွေးချယ်တင် မြှောက်လိုက်သူတွေကို ချုပ်ကိုင်ညွှန်ကြားမလား ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။
ဒီနေရာမှာ အရပ်သားဆိုတာ ဘာကိုခေါ်သလဲ ဆိုတာကိုလည်း ပြောဖို့လိုတယ် ထင်ပါတယ်။ တောင်ရှည်ပုဆိုး ၀တ်ထားသူတိုင်းကို အရပ်သားလို့ မခေါ်နိုင်ဘူး ထင်ပါတယ်။ အဓိက တိုင်းတာရမယ့်စံဟာ ၀တ်တဲ့အ၀တ်အစားထက် ဘယ်သူတွေကို ကိုယ်စားပြုသလဲဆိုတာ ပိုဖြစ်သင့်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးအတွက်မလုပ်ဘဲ စစ်တပ်နဲ့ စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက် အဓိကလုပ်နေသူတွေကို အရပ်သားအစိုးရလို့ မခေါ်နိုင်ပါဘူး။ အခုလာမယ့် ရွေးကောက်ပွဲမှာက ဗိုလ်သိန်းစိန်တို့လို “လူဝတ်လဲတွေ” ရော၊ (၂၅) ရာခိုင်နှုန်း ပါလာမယ့် စစ်သားစစ်စစ်တွေရော၊ ထိပ်ပိုင်းမှာ သမ္မတတို့၊ ဒု-သမ္မတတို့ တက်လုပ်မယ့် ဗိုလ်ချုပ်တွေရော ပေါင်းလိုက်ရင် အရပ်သားလို့ခေါ်နိုင်မှာဟာ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ “ဝေလေလေ” အော်နေသူတွေလောက်သာ ဖြစ်ပါလိမ့်မယ်။
မေး။ ။ အစိုးရသစ်မှာ အရပ်သားတွေရဲ့အခန်းကဏ္ဍ အတိုင်းအတာအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အစိုးရသစ်မှာ အရပ်သားတွေဟာ လက်ညိုးထောင်ခေါင်းငြိမ့်လို့ မဆိုနိုင်တောင်မှ သင်္ကြန်အမြောက်ဖောက်တဲ့ အပြောမျိုးလောက်သာ ပြောနိုင်ပါမယ်။ အထက်မှာပြောခဲ့သလို ဝေလေလေအော်ခွင့်လည်း ရှိပါလိမ့်မယ်။ ဒါတောင်မှ ဒါဟာ အစပိုင်း၊ ရုပ်ပြကောင်းရုံပဲ ဖြစ်ပါလိမ့်မယ်။ နောင်မှာကျတော့ ဗိုလ်သန်းရွှေတို့ကလည်း ခွင့်ပြုမှာမဟုတ်၊ ပြောတဲ့ လူတွေကလည်း ပြောချင်စိတ်ကုန် ဆိုတာမျိုးဖြစ်လာမှာပါ။ ထောင်ထဲရောက်ရင် ပုံစံပြခံရတယ်ဆိုတာမျိုး၊ အဲဒီ နအဖလွှတ်တော်ထဲကို ရောက်တဲ့အခါမှာ ပုံစံပြခံရတာတွေကို စောင့်ကြည့်ရပါမယ်။ အဲဒီအခါကျရင် ကံကောင်းလို့ ဖလောင်းကနေ ဖားဖြစ်ခဲ့တဲ့ အမတ်တွေအဖို့ လွှတ်တော်ထဲဝင်ရတာထက် ထွက်ရတာက ပိုခက်တယ်ဆိုတာကို မြင်တွေ့လာကြရပါလိမ့်မယ်။
၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီနဲ့ ၁၉၇၄ ခုနှစ်က မဆလအစိုးရတို့မှာ စစ်ဗိုလ်မဟုတ်သူ၊ စစ်ထဲမ၀င်ဘူးသူတွေ မပါတာမဟုတ်ပါဘူး။ အရေအတွက်မများပေမယ့် ပါသလောက်ပါပါတယ်။ အားလုံးဟာ ပညာတတ်၊ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် သူတို့ဟာ အဲဒီအစိုးရတွေထဲမှာ ဘာလုပ်နိုင်ခဲ့သလဲ။ ဗိုလ်နေ၀င်းခိုင်းတာကိုပဲ လုပ်ခဲ့ရတယ်မဟုတ်ပါလား။ ဒါဖြင့်ရင် အခုဘာကြောင့်များ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလောက် မဆိုးနိုင်ဘူးလို့ တွေးနေကြတာလဲ။ ဗိုလ်သန်းရွှေရဲ့ (၁၅) နှစ်ကျော် ဖော်ပြချက်မှာ တခြားအရပ်သားမပြောနဲ့ တခြားဗိုလ်ချုပ်တွေရဲ့ စကားကိုတောင် နားထောင်တယ်လို့ ရှိခဲ့ဖူးလို့လား။
မေး။ ။ ရွေးကောက်ပွဲပြီးရင် အပြောင်းအလဲ အနည်းအကျဉ်းရှိနိုင်မယ်၊ ပွင့်လင်းမှု ရှိလာနိုင်မယ်လို့ မြင်သူတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အပြောင်းအလဲတခုကို ဖြစ်ပေါ်စေမယ်လို့ ဆရာယူဆပါလား။
ဖြေ။ ။ အပြောင်းအလဲကတော့ ရှိမှာပါ။ ဒါပေမယ့် ပြည်သူလူထုအတွက်၊ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် အကျိုးရှိတဲ့ အပြောင်းအလဲမျိုးတော့ ဟုတ်မယ်မထင်ပါဘူး။ အစောပိုင်းတုန်းကတော့ ဒီရွေးကောက်ပွဲကြောင့် မီဒီယာတွေမှာ ဖော်ပြခွင့်တွေ စပြီးရနေတယ်၊ နောင်မှာ ပိုရလိမ့်မယ်၊ တိုးချဲ့ရမယ်ဆိုတဲ့ အပြောမျိုးတွေ အတော်လေး ကြားလာရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ နအဖက တစောင်ပြီးတစောင် ခေါ်ပြီး ပညာပေးနေတော့ အဲဒီလိုပြောတာတွေ မကြားရတော့ဘူး။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေ တခုပြီးတခု ထွက်လာတော့ အဲဒီ စကားမျိုးကို လေသံတောင် မဟရဲကြတော့တာလည်း တွေ့ရပါတယ်။ နဂိုက ဒီရွေးကောက်ပွဲဝင်မလို့ သိပ်တက်ကြွနေသူတွေတောင် အခုခြူသံပါအောင် ညည်းနေတာဟာ အားလုံးအမြင်ပဲ မဟုတ်ပါလား။
ဒီနေ့လို ကာလမှာ ဗမာပြည်ရဲ့တကယ့်အပြောင်းအလဲ၊ အနှစ်သာရ သဘောအရ၊ အခြေခံအရ အပြောင်းအလဲကို ဗမာပြည်ပြည်သူတွေကသာ သယ်ဆောင်လာနိုင်မှာပါ။ နအဖစစ်ဗိုလ်ချုပ်တွေက သယ်ဆောင်လာမှာ မဟုတ်သလို ပြည်ပနိုင်ငံတွေ၊ နိုင်ငံခြားသားအဖွဲ့အစည်းတွေကလည်း လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
မေး။ ။ ဘယ်လိုအခြေအနေမျိုး ပေါ်ပေါက်လာမှ တိုင်းပြည်မှာ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်လာမယ်လို့ ပြောဆိုနိုင်မှာပါလဲ။
ဖြေ။ ။ လက်နက်ကိုင်တပ်တွေက ဘယ်လိုအသွင်နဲ့မှ တိုင်းပြည်အာဏာချုပ်ကိုင်ခြင်း မလုပ်တဲ့၊ ပြည်တွင်းမှာတကယ့် ငြိမ်းချမ်းရေးရှိတဲ့၊ လူတိုင်းမိမိအယူအဆကို ဖော်ပြခွင့်ရှိတဲ့ နိုင်ငံရေးအခြေခံတခုကို အရင်တည်ဆောက်ပြီး အဲဒီကတဆင့် တိုင်းပြည်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီထွန်းကားရေး။ နိုင်ငံတကာအလယ်မှာ ဂုဏ်တင့်စွာတည်ရှိနိုင်ရေး စတဲ့ အချင်းအရာတွေကို ဖန်တီးယူရပါမယ်။
မေး။ ။ အပြောင်းအလဲဖြစ်ပေါ်လာအောင် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။
ဖြေ။ ။ အပြောင်းအလဲ မဖြစ်ပေါ်ရတာဟာ ဘယ်သူ့အပေါ်မှာ တာဝန်ရှိတယ်ဆိုတာကိုတော့ ပြောဖို့မလိုဘူးထင်ပါတယ်။
သမိုင်းကိုဖန်တီးတာဟာ လူထုသာဖြစ်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် သမိုင်းရဲ့အပြောင်းအလဲကြီးတွေ ပေါ်ပေါက်ရေးဟာ သမိုင်းအခြေအနေ ရင့်မှည့်မှု၊ လတ်တလော အချက်အလက် ပြည့်စုံမှု ရှိတယ်ဆိုတဲ့ အခြေခံပေါ်မှာ မှန်ကန်တဲ့ ခေါင်းဆောင်မှုရှိခြင်း ဆိုတာနဲ့ ပေါင်းစပ်ရမယ် ထင်ပါတယ်။ လူထုပါဝင်နိုင်စွမ်းကို အကဲဖြတ်တာ၊ လူထုပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေ ဖော်ထုတ်တာဟာ ခေါင်းဆောင်မှုရဲ့ အတတ်ပညာအပြင် ကိုယ်ကျိုးကင်းစင်မှု၊ ရဲရင့်ပြတ်သားမှုတို့နဲ့ ဆိုင်ပါတယ်။
ခေါင်းဆောင်မှုက ရှေ့ကျွံနေပြီး လူထုက လိုက်ပါခြင်း မရှိဘူးဆိုရင် ဒါဟာ လူထုရဲ့ အပြစ်မဟုတ်ပါဘူး၊ ခေါင်းဆောင်မှုရဲ့ အတတ်ပညာ ချို့တဲ့မှုကြောင့်သာ ဖြစ်ပါတယ်။ မမေ့သင့်တဲ့အချက်တခုကတော့ လူထုကိုဖိနှိပ်တဲ့ အုပ်စိုးသူတွေဟာ လူထုနဲ့ခေါင်းဆောင်မှုကို ဖြတ်တောက်ထားဖို့ အမြဲကြိုးစားတယ် ဆိုတဲ့အချက်ပါပဲ။ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ လူတွေ ထိုင်နေတယ်ဆိုရင် သူတို့က ဘာမှမလုပ်ဘဲ လူထုထဲဆင်းတော့မယ်ဆိုရင် အမျိုးမျိုးသောနည်းတွေနဲ့ တားဆီး ချုပ်ချယ်တော့တာပါပဲ။ ဒီပဲယင်းအဖြစ်အပျက်ကိုပဲ ပြန်စဉ်းစားလိုက်ပါ။ အဲဒီအုပ်စိုးသူတွေက လှည့်စားတာ၊ မီးခိုးမှိုင်းလွှင့် တာတွေကို မျက်စိလည်၊ ယုံကြည်သွားတာဟာ ခေါင်းဆောင်ဆိုသူတွေ ဖြစ်ပါတယ်။ လက်တွေ့အပေါ် အခြေခံမစဉ်းစားဘဲ ကြားရတာ၊ ဖတ်ရတာအပေါ် အခြေခံလို့ မှားတတ်ကြတာ ဖြစ်ပါတယ်။
မေး။ ။ အခုလို ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ ပြေလည်မှု ရှိနိုင် မရှိနိုင် ဆရာဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒီရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေ ပြေလည်သွားစရာ အကြောင်းမမြင်ပါဘူး။ ဒီနေ့ဗမာပြည်ရဲ့ အထွေထွေအကျပ်အတည်းဟာ ဗမာပြည်ရဲ့ အခွင့်အာဏာမှန်သမျှကို နအဖ စစ်အုပ်စု တဦးတည်းက ချုပ်ကိုင်ထားတဲ့အတွက် ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အဲဒီစစ်အုပ်စုရဲ့ ဘက်စုံချုပ်ကိုင်မှုကို လက်ပြောင်းဖို့ နေနေသာသာ၊ ရေရှည်ဆက်ချုပ်ကိုင်သွားဖို့အတွက် လုပ်ဇာတ်တခုခင်းတာသာ ဖြစ်တဲ့အတွက် အကျပ်အတည်းတွေဟာ ပိုဆိုးလာစရာသာ ရှိပါတယ်။
မေး။ ။ အခု ရွေးကောက်ပွဲဟာ all inclusive မဟုတ်တဲ့အတွက် ကုလသမဂ္ဂနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာအနေနဲ့ ဘယ်လို တုံ့ပြန်သင့်ပါသလဲ။
ဖြေ။ ။ နအဖရဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှာ ဆန့်ကျင်နေကြတာဟာ အားလုံးပါဝင်ခွင့်ရတဲ့ inclusive ဟုတ် မဟုတ်ဆိုတဲ့အချက်က အဓိက မဟုတ်ပါဘူး။ အဓိကဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ inclusive သာဖြစ်ရင် ရွေးကောက်ပွဲဝင်လိုက်ကြ၊ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလိုက်ကြလို့ တချို့က တိုက်တွန်းနေတာလားလို့ စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာတို့အနေနဲ့ ဗမာပြည်အရေး ပြောကြတယ်ဆိုရင် all inclusive ကိစ္စထက် အင်မတန် မတရားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောသင့်ပါတယ်။ all inclusive သက်သက်ပြောတာဟာ နအဖရဲ့ဖွဲ့စည်းပုံဥပဒေနဲ့ အဲဒီဟာကြီးကို ကိုင်ပြီး အုပ်ချုပ်မယ့် နောက်တက်လာမယ့် အစိုးရကို အသိအမှတ်ပြုဖို့ နည်းလမ်းရှာပေးသလိုသာ ဖြစ်ပါလိမ့်မယ်။
မေး။ ။ လွတ်လပ် တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ ပေါ်ထွန်းမှု တစုံတရာမရှိတော့လို့ ရွေးကောက်ပွဲအခင်းအကျင်းမှာ ဆက်မပါတော့ဘဲ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်း ပါတီက နုတ်ထွက်သွားခဲ့တဲ့အပေါ် ဆရာ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျန်တဲ့လူတွေလည်း သူ့လိုပဲ စောစောစီးစီး အမြင်မှန်ရကြရင် ကောင်းမှာပဲလို့ အောက်မေ့ပါတယ်။
source by : http://www.khitpyaing.org
Tuesday, August 24, 2010
ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲ ဖြစ်သလဲ
ချီဂွေဗားရားနှင့် FOCO သီအိုရီ
ချီဂွေဗားရားဆိုတာ အာဏာရှင် Batista ကို ဖြုတ်ချပြီး Castro ကို ကျူးဘားခေါင်းဆောင် အဖြစ်တင်ပေးနိုင်ခဲ့တဲ့ ၂၆ လကြာ တော်လှန်ရေးကြီးကို ပါဝင်ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် တဦးဖြစ်ပါတယ်။ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ပြီးကာလမှာ ကျူးဘားနိုင်ငံဟာ အရင်းရှင် အာဏာရှင် နိုင်ငံကနေ ဆိုရှယ်လစ်နိုင်ငံ ဖြစ်လာခဲ့သလို လူထုလူတန်းစား အလွှာအသီးသီးနဲ့ အစိုးရတို့ အကြားက ဆက်စပ်မှု သဏ္ဍာန်တွေလဲ ပြောင်းလဲလာခဲ့ပါတယ်။
အစိုးရသစ်မှာ ချီဟာ သြဇာအာဏာကြီးမားတဲ့ ပြည်ထဲရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ရပေမယ့်လဲ သူ့ရဲ့ အဓိက စိတ်ပါဝင်စားမှုကတော့ လက်တင်အမေရိကနဲ့ ကမ္ဘာတ၀ှမ်းမှာ အရင်းရှင်တော်လှန်ရေးတွေ ပေါ်ထွက်လာနိုင်ဖို့ပါပဲ။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တော်လှန်ရေး လက်စွဲ ကျမ်းတစောင်ဖြစ်တဲ့ Guerrilla War ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကို ကမ္ဘာတ၀ှမ်းလုံးမှာ ပုံနှိပ်ဖြန့်ဝေခဲ့ကြပြီး ဘာသာပေါင်းများစွာကို ပြန်ဆိုထားခဲ့ပါတယ်။ ချီရဲ့စာအုပ်ဟာ တကမ္ဘာလုံးက တော်လှန်ရေး သမားတွေအတွက် တော်လှန်ရေး နည်းနာတွေကို ညွှန်ပြပေးခဲ့ရုံသာမက တော်လှန်ရေး ၀ိဥာဉ်တွေကိုပါ နှိုးဆွပေးနိုင်ခဲ့ပါတယ်။ တော်လှန်ပုန်ကန်ခြင်း စစ်မက်ရေးရာနဲ့ ပတ်သက်တဲ့ ဂန္တ၀င်စာအုပ် စာတမ်းတွေထဲမှာ သူ့စာအုပ်လဲ အပါအ၀င် ဖြစ်ခဲ့ပါတယ်။
ချီဂွေဗားရားရဲ့ တော်လှန်ရေးသီအိုရီ
တော်လှန်ရေးတရပ် အောင်မြင်ဖို့အတွက် structural conditions တွေ ပြည့်စုံဖို့ လိုအပ်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေတွေ အားလုံးပြည့်မှီလာအောင် စောင့်နေဖို့ မလိုပဲ ပြည့်မှီလာအောင် ပြုလုပ်ဖန်တီးဖို့ လိုအပ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။
ပထမဆုံးအခြေခံအကြောင်းရင်းကတော့ 'subjective structural condition' လို့ သူသတ်မှတ်ခဲ့တဲ့ အောင်စိတ်ပါပဲ။ တော်လှန်ရေးအောင်ပွဲခံရမယ်လို့ ယုံကြည်ချက်မရှိသူ တယောက်ဟာ တော်လှန်ရေးသမားတယောက် မဖြစ်နိုင်ဘူး လို့ သူက ဆိုခဲ့ပါတယ်။ ခိုင်မာတဲ့ ယုံကြည်ချက် စိတ်ဓာတ်အခံမရှိသူ တယောက်ဟာ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ အတားအဆီးတွေကို ကျော်လွှားနိုင်ခြင်းမရှိပဲ အလွယ်တကူ အရှုံးပေး စိတ်ဓာတ် ကျသွားနိုင်မယ်လို့ ချီက ယူဆထားခဲ့ပါတယ်။
Objective structural conditions လေးရပ်ကိုလဲ ချီက ခွဲခြားဖော်ပြထားခဲ့ပါသေးတယ်။
ပထမလိုအပ်တဲ့ အခြေအနေကတော့ neo-patrimonial အာဏာရှင်စနစ် ရှိနေခြင်းဖြစ်ပါတယ်။ အစိုးရအာဏာဟာ လူတယောက်ရဲ့ လက်ထဲမှာရှိနေမယ်၊ ဒီလူဟာ ကိုယ်ကျိုးစီးပွားကိုပဲ ရှေးရှုတတ်ပြီး လာဘ်စားသူ တယောက်ဖြစ်မယ်။ ဒီအာဏာရှင်ဟာ မတရား အာဏာသိမ်းပိုက်ထားတာဖြစ်ပြီး၊ တရားဝင်မှု တစုံတရာ (ရွေးကောက်တင်မြှောက် ခံထားရခြင်းစတာမျိုး) နဲ့ အာဏာရထားတာ မဖြစ်ဘူး ဆိုရင် တော်လှန်ရေးအောင်ပွဲရနိုင်မယ့် အခြေအနေတရပ်ရှိတယ်လို့ သူက ဆိုခဲ့ပါတယ်။ ချီရဲ့ အဆိုအရ တရားဝင်မှုဆိုတဲ့ အပိုင်းက အလွန်ကို အရေးကြီးပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ အစိုးရတရပ်ဆီမှာ constitutional legality ရှိနေခဲ့ရင် တော်လှန်ရေးရေချိန်ကို အရှိန်မြှင့်ဖို့ ခဲယဉ်းလို့ပဲ ဖြစ်ပါတယ်။
ဒုတိယလိုအပ်ချက်ကတော့ တော်လှန်ပုန်ကန်သူတွေ လှုပ်ရှားသွားလာနိုင်မယ့် တော်လှန်ရေး နယ်မြေဖြစ်ပါတယ်။ တော်လှန်ရေးနယ်မြေဆိုတာကို တောနက်ခြင်း၊ ကျောက်တောင် ကမ်းပါး အရံအတားများရှိခြင်းနဲ့ သဲကန္တာရများ ရှိခြင်းတို့ကြောင့် အစိုးရတပ်များ အလွယ်တကူ မရောက်နိုင်တဲ့ နေရာဒေသတွေအဖြစ် ချီက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အစိုးရတပ်တွေဘက်က လက်နက်အင်အား သာလွန်လေ့ရှိတာကြောင့် တပ်လှုပ်ရှားမှုကို ကြန့်ကြာစေတဲ့ နေရာဒေသတွေကိုသာ တော်လှန်ရေး နယ်မြေအဖြစ် ရွေးချယ်သင့်ကြောင်း ချီက တိုက်တွန်းရေးသားထားခဲ့ပါတယ်။
တတိယအချက်ကတော့ တော်လှန်ရေးသမားတွေကို ကျေးလက်ဒေသ အမာခံ ပြည်သူလူထုရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အခြေခံတဲ့ တော်လှန်ရေးတရပ်မှာ ကျေးလက်ပြည်သူတွေရဲ့ ထောက်ခံမှု မရရင် အောင်မြင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ ကျေးလက်ပြည်သူတွေအနေနဲ့ အစိုးရကို ဆန့်ကျင်သင့်တဲ့ အကြောင်းအရာ မရှိရင် တော်လှန်ရေးသမားတွေကို ထောက်ခံခြင်းအားဖြင့် ကြုံတွေ့နိုင်မယ့် အစိုးရတပ်ရဲ့ အန္တရာယ်တွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပေးမှာ မဟုတ်တာကြောင့် ကျေးလက်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတရပ်ကို ဖော်ထုတ်သင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ချီရဲ့ အမြင်အရ မြေယာပြုပြင်ပြောင်းလဲရေးဆိုတဲ့ အကြောင်းအရာဟာ ကျေးလက်နေ ပြည်သူလူထုကို တော်လှန်ရေးသမားတွေဘက် ရောက်လာအောင် အဆွဲဆောင်နိုင်ဆုံး အကြောင်းအရာ တရပ် ဖြစ်ပါတယ်။
စတုတ္ထအချက်ကတော့ တိုင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖူးတဲ့ အစဉ်အလာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလက်နက်ကိုင်တော်လှန်ရေးဟာ revolutionary Marxist type မဟုတ်ရင်တောင် romantic bandits အဆင့်လောက်တော့ ရှိသင့်တယ်လို့ ချီကဆိုထားပါတယ်။ တော်လှန်ရေးအစဉ်အလာ ရှိခြင်းအားဖြင့် လေ့ကျင့်သင်ကြားပေးမှုတွေ အထူးတလည် လုပ်စရာ မလိုအပ်သလို အခြေခံဒေသ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေလဲ ပိုများနိုင်ပါတယ်။
ဒီလို subjective structural condition နဲ့ objective structural condition လေးရပ်တို့ ပြည့်စုံတဲ့အခါ တော်လှန်ရေးတရပ် စတင်ဖို့အတွက် foco (centre of guerrilla activity) ကို ဖန်တီးနိုင်မယ့် လူအယောက် ၃၀ ကနေ ၄၀ ပါဝင်တဲ့ အစုအဖွဲ့ တခု ထွက်ပေါ်လာချိန်ကို စောင့်ဖို့ပဲ လိုအပ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။ ဒီလူစုဟာ ကျေးလက်ဒေသမှာ စတင်လှုပ်ရှားပြီး မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ကတိစကားတွေကို ဒေသခံ ကျေးလက်လူထုကို ပေးအပ်ဖို့ လိုပါတယ်။ ဒါမှလဲ ဒေသခံလယ်သမားတွေရဲ့ ထောက်ခံမှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် အခြေခံနယ်မြေနဲ့ ဒေသခံတွေရဲ့ အကူအညီကို အသုံးပြုပြီး အစိုးရတပ်တွေကို ခြုံခိုတိုက်ခိုက်ရပါမယ်။ တော်လှန်ရေးအတွက် လိုအပ်မယ့် လက်နက်ခဲယမ်းရိက္ခာတွေကို စုဆောင်းရပါမယ်။ ဒီလိုနဲ့ တော်လှန်ရေးသမားတွေဘက်က အောင်ပွဲရလာတာနဲ့ အမျှ လူအများကို တော်လှန်ရေးထဲ ပါဝင်လာအောင် ဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ foco ဟာ အင်အားကြီးမားလာပြီး၊ တချို့လူတွေဟာ နောက်ထပ် အခြေခံဒေသတွေကို ထိုးဖောက် ခြေကုပ်ယူကြရပါမယ်။ တော်လှန်ရေးအင်အားကြီးထွားလာအောင် ပြုလုပ်ရပါမယ်။ လူတွေ ထပ်ခွဲပြီး မထိုးဖောက်နိုင်သေးတဲ့ နယ်မြေတွေကို ထပ်မံထိုးဖောက် ခြေကုပ်ယူကြရပါမယ်။ တိုင်းပြည်လုံးအနှံ့ ကျေးလက်ဒေသတွေမှာ ခြေကုပ်ရပြီးတဲ့အခါ မြို့ဆင်ခြေဖုံးဒေသတွေကို ထိုးဖောက်နေရာယူပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရပါမယ်။ နောက်ဆုံးမှာ တော်လှန်ရေးသမားတွေဟာ အစိုးရကို ဖြုတ်ချပြီး၊ အစိုးရသစ်တရပ်အနေနဲ့ အစားထိုး အောင်ပွဲခံနိုင်မှာ ဖြစ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။
ချီဂွေးဗားရားရဲ့ တော်လှန်ရေးအဖွဲ့အစည်း
ချီက တော်လှန်ရေးတရပ်ကို လက်နက်ကိုင်တော်လှန်ရေးသမားကသာ ဦးဆောင်နိုင်မယ်လို့ ယူဆခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဆင်နွှဲရင်း အသက်ကို မပေးဆပ်နိုင်သူ တယောက်ဟာ တော်လှန်ရေးကို စီစဉ်ညွှန်ကြားနိုင်မှာ မဟုတ်ကြောင်း သူက ဆိုထားခဲ့ပါတယ်။ အောင်မြင်တဲ့ လက်နက်ကိုင် တော်လှန်ရေးသမား တယောက်ဟာ လူ့ အဖွဲ့အစည်းအတွင်းမှာ ကာယအား၊ ဥာဏအားတွေနဲ့ ပြည့်စုံတဲ့ elite တယောက်ဖြစ်ဖို့ လိုအပ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးသမားတွေကို လူ့ အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲသူတွေ၊ လယ်သမားတွေရဲ့ လမ်းပြနတ်သမီးတွေ၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံ ရပ်တည်ပေးသူတွေအဖြစ် ချီက သတ်မှတ်ပြောဆိုထားခဲ့ပါတယ်။ ချီရဲ့ ရေးသားဖော်ပြချက်များဟာ elite-based revolutionary organization သဘောတရားများကို အခြေခံထားပါတယ်။
centralization/ decentralization ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ decentralization ကို အခြေခံထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ တပ်ရင်းများဟာ သီးခြားဆီ လှုပ်ရှားသင့်ပြီး၊ အင်အားကြီးမားဖို့လိုအပ်မှသာ ပူးတွဲစစ်ဆင်ရေးတွေ အကောင်အထည်ဖော်သင့်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒီတပ်ရင်းတွေအကြားမှာ ရှိသင့်တဲ့ တခုတည်းသော coordinating mechanism ကတော့ တပ်မှူးတွေဟာ အတွေးအခေါ်ပိုင်းအရ ညီညွတ်နေပြီး၊ ထိပ်ပိုင်းခေါင်းဆောင်တဦးက personal coordination လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ သူ့အမြင်အရ တပ်မှူးတွေဟာ တပ်ရင်းအသီးသီးကို ဦးဆောင်နေကြပေမယ့် ပထမမူလအစမှာ တူညီတဲ့ foco ကနေ လာကြတာ ဖြစ်တဲ့အတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေမှာ တူညီမှုတွေ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ရှုစောင့်ကြပ်နေစရာ မလိုပဲ တပ်မှူးတွေရဲ့ လက်ထဲကို အာဏာကုန်လွှဲအပ်ထားလို့ ရတယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်အနည်းငယ်ကိုသာ ထိပ်ပိုင်းခေါင်းဆောင်တွေကို တင်ပြဆွေးနွေးဖို့ လိုအပ်ကြောင်း ဆိုထားပါတယ်။
ဝေဖန်ဆန်းစစ်ချက်များ
ချီရဲ့ တော်လှန်ရေးသီအိုရီနဲ့ ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ချက်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ Doctrinaire Marxists တွေက တော်လှန်ရေးအပေါ် သက်ရောက်မှုရှိတဲ့ urban proletariat ကို ဖယ်ရှားပြီး၊ ကျေးလက်လယ်သမားတွေနဲ့ပဲ ဆိုရှယ်လစ်တော်လှန်ရေးကို ပြုလုပ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီလို့ဝေဖန်ကြပါတယ်။ Leninists နဲ့ Trotskyists တွေကတော့ ချီဟာ တော်လှန်ရေးကို ဦးဆောင်ပေးနိုင်မယ့် အခြေခံ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ vanguard party ကို လျစ်လျူရှုထားတယ်လို့ အတိအလင်းဝေဖန်ထားကြပါတယ်။ မဟာဗျူဟာလေ့လာရေး ပညာရှင်တွေကတော့ ချီရဲ့သီအိုရီဟာ မဟာဗျူဟာချမှတ်ပြီးမှ နည်းဗျူဟာ ချမှတ်ရတဲ့ အစဉ်အလာကို မလိုက်နာပဲ နည်းဗျူဟာတွေ ချမှတ်ပြီးမှ မဟာဗျူဟာ ချမှတ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီအနေနဲ့ ဖော်ပြထားခဲ့ကြပါတယ်။
Maoists တွေကတော့ ချီဟာ ပါတီရဲ့ ဦးဆောင်မှုမပါပဲ တော်လှန်ရေးတပ်တွေ ဖွဲ့စည်းဖို့ ကြိုးစားထားတယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရ တော်လှန်ရေးတပ်တွေရဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်မှုနဲ့ တော်လှန်ရေးတာဝန်များကို ပြည့်မှီအောင် ထမ်းဆောင်နိုင်မှုတို့အတွက် ပါတီရဲ့ ဦးဆောင်မှုလိုအပ်ကြောင်း ခိုင်ခိုင်မာမာ ထောက်ပြဝေဖန်ထားကြပါတယ်။ ကျူးဘားတော်လှန်ရေးမှာ ပါတီရဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ တော်လှန်ရေးတပ်တွေရဲ့ လက်အောက်ခံဖြစ်နေပြီး၊ တော်လှန်ရေးတပ် တွေဟာ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲမယ့် တပ်တွေအသွင်မဆောင်ပဲ bandit gang အသွင်ဆောင်နေကြောင်း Maoists တွေက ဝေဖန်ခဲ့ကြပါတယ်။
တော်လှန်ရေးကို လက်တွေ့ကျကျ သုံးသပ်သူများကတော့ ချီရဲ့သီအိုရီဟာ ကျူးဘားတော်လှန်ရေး တခုတည်းမှာပဲ အောင်မြင်ခဲ့ပြီး ကွန်ဂို၊ ဘိုလီးဘီးယား၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ပီရူးနဲ့ အယ်လ်ဆာလ်ဗေတာ တော်လှန်ရေးတွေမှာ ကျဆုံးခဲ့ကြောင်း ဝေဖန်ထားခဲ့ကြပါတယ်။ Methodological standpoint က ကြည့်ရင်တော့ ချီသီအိုရီ ကို အောင်အောင်မြင်မြင် အကောင်အထည် မဖော်နိုင်ကြခြင်းဟာ ချီအနေနဲ့ တော်လှန်ရေးသီအိုရီတခုလုံးကို ကျူးဘားတော်လှန်ရေးက သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ အနည်းငယ်အပေါ်မှာသာ မှီငြမ်းပြီး ထုတ်ဖော်ခဲ့ခြင်းကြောင့်ပါပဲ။ တကယ်တော့ သီအိုရီတခုကို အတွေ့အကြုံဖြစ်ရပ်တခုတည်းအပေါ်မှာ အခြေခံပြီး ဖော်ထုတ်လို့ မရနိုင်ပါဘူး။ ကိုယ်ပိုင် အတွေ့အကြုံအနည်းငယ်ကနေ ပေါ်ထွက်လာတဲ့ သီအိုရီကိုလဲ လူအများက အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းအရာတရပ်ရဲ့ ဖြစ်နိုင်ချေကို ကိုယ်ပိုင်အတွေ့အကြုံတခုတည်းနဲ့ သုံးသပ်လို့ မရပါဘူး။
နောက်တချက်က ကျူးဘားတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ချီရဲ့ အမြင်ဖြစ်ပါတယ်။ ချီက သမိုင်းဖြစ်ရပ်တွေကို တော်လှန်ရေးသမား ရှုထောင့်တခုတည်းကနေ ရှုမြင်သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ကျူးဘားတော်လှန်ရေးအောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အာဏာရှင်ရဲ့ အားနည်းချက်တွေနဲ့ မြို့နေပြည်သူလူထုရဲ့ အာဏာရှင်ကို ထောက်ခံအားပေးမှု မရှိခြင်းတွေလဲ ပေါင်းစပ်ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် ချီကတော့ ကျေးလက်မှာ အခြေခံပြီး တော်လှန်ခဲ့တာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သူ့သီအိုရီမှာ ထည့်သွင်း ပြောကြားထားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့သီအိုရီကို တခြားတော်လှန်ရေးတွေမှာ ပြန်လည်အသုံးပြုတဲ့အခါ တော်လှန်ရေးသမားတွေအနေနဲ့ အာဏာရှင်ရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ မြို့နေလူထုရဲ့ ပေါင်းစပ်ပါဝင် ထောက်ခံမှု အနေအထားတွေ၊ ကျေးလက်ပြည်သူတွေရဲ့ စိတ်နေသဘာဝ ကွဲပြားမှုတွေကို အလေးပေးခဲ့ခြင်း မရှိကြပါဘူး။ ချီရဲ့ foco သီအိုရီအတိုင်း လိုက်နာကျင့်သုံးရင်း တော်လှန်ရေး ရေချိန်တွေ ကျဆင်းပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ချီကိုယ်တိုင်လဲ ဘိုလီဗီးယားမှာ ကျဆုံးခဲ့ရပါတယ်။
ဘိုလီးဗီးယားမှာ ချီကျဆုံးခဲ့ရတာဟာ အစိုးရနဲ့ ဒေသခံပြည်သူလုထုရဲ့ အခြေအနေတွေကို ထည့်သွင်းမစဉ်းစားခဲ့လို့ဖြစ်ကြောင်း ပညာရှင်များက လေ့လာသုံးသပ်ခဲ့ကြပါတယ်။ တကယ်တမ်းကျတော့ ဘိုလီဗီးယားက ကွန်မြူနစ်တော်လှန်ရေးသမားတွေဟာ အပြင်လူတွေရဲ့ အကြံပေးချက်ကို hostile ဖြစ်ပါတယ်။ နယ်မြေခံပြည်သူလူထုက တော်လှန်ရေးအပေါ် ထောက်ခံမှု ရေချိန်ကလဲ မမြင့်သေးပါဘူး။ အစိုးရဘက်က structural weakness တွေလဲ မပေါ်ထွက်သေးပါဘူး။ ဒီလို popular support မရှိသေးချိန်နဲ့ command and control မလုပ်နိုင်သေးချိန်မှာ ပထမဆုံးသေနတ်သံ ဖောက်လိုက်တဲ့အတွက် ခုနစ်လအတွင်းမှာ တော်လှန်ရေးသမားတွေ အားလုံးနီးပါး ကျဆုံး၊ ဖမ်းဆီးခံရတဲ့ အခြေအနေကို ကျရောက်ခဲ့ရတာပါ။ သေချာတာတခုကတော့ ကျူးဘားတော်လှန်ရေးရဲ့ အောင်မြင်မှုမျိုးဟာ နောက်တကြိမ် ဘယ်တော်လှန်ရေးမှာမှ ထပ်မရတော့တာပါပဲ။
အားနည်းချက်များ
ဘယ်လိုပဲဖြစ်ဖြစ် ချီရဲ့ foco သီအိုရီဟာ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအဖွဲ့အစည်းတွေအကြားမှာ အခုအချိန်အထိ ပျံ့နှံ့နေရာယူဆဲပဲ ရှိပါသေးတယ်။ သီအိုရီက သတ်မှတ်ထားတဲ့ တော်လှန်ရေး သဘောသဘာဝအရ ကနဦးတော်လှန်ရေးသမားတွေဆိုတာ တကယ့် elite group ဖြစ်ရပါမယ်။ တော်လှန်ရေးကို လူ ၃၀-၅၀ လောက်နဲ့ စတင်ရပါမယ်။ ဒီလူတွေဆီမှာ စည်းရုံးရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်နဲ့ စစ်ရေးစွမ်းရည်တွေ ရှိရပါမယ်။ တော်လှန်ရေးသမားတိုင်းမှာ ဒီစွမ်းရည်တွေအားလုံး ပြည့်ဝနေဖို့ဆိုတာက အတော်ကို ခဲယဉ်းလှပါတယ်။ နောက်တချက်က ဒီလိုအင်အားလောက်နဲ့ အုပ်ချုပ်ရေးစွမ်းရည်မြင့်မားတဲ့ အစိုးရတရပ်ကို မတော်လှန်နိုင်ပါဘူး။ ကျူးဘားတော်လှန်ရေးမှာ ကက်စထရိုနဲ့ ချီတို့ အနိုင်ရခဲ့တာက ချီတို့ရဲ့ စွမ်းရည်တခုတည်းကြောင့် မဟုတ်ပါဘူး။ အစိုးရဘက်မှာ structural weakness တွေ ရှိနေချိန်နဲ့ ကိုက်ညီသွားတာကြောင့် ဖြစ်ပါတယ်။
နောက်တချက်က တော်လှန်ရေးသမားတွေဟာ အတွေးအခေါ်ရေချိန်နဲ့ စည်းလုံးမှုရေချိန်တွေမှာ ညီညီမျှမျှ ဖြစ်နေကြဖို့လဲ လိုပါသေးတယ်။ ဒီလိုမဟုတ်ပဲ ပုဂ္ဂလိက ခံစားမှုကို ဦးစားပေးတတ်တဲ့ တပ်မှူးတွေနဲ့ အတွေးအခေါ် ရေချိန်မညီတဲ့ တပ်မှူးတွေက ဦးဆောင်နေကြတဲ့အခါ အစိုးရတပ်တွေရဲ့ သပ်လျှိုဖြိုခွဲမှုတွေအကြားမှာ တဖွဲ့နဲ့တဖွဲ့ အကြား နားမလည်မှုတွေ ဖြစ်တာ၊ coordinating mechanism နဲ့ တပ်မှူးတွေအကြား ကွဲပြားမှုတွေ ဖြစ်တာကနေ ဟိုတစုကို ရန်သူက ချေမှုန်းလိုက်၊ ဒီတစုကို ရန်သူက သိမ်းသွင်းလိုက်တွေဖြစ်ပြီး ပြိုကွဲကျဆုံးမှုတွေ ဖြစ်လာတတ်ပါတော့တယ်။ ဒါတွေဟာ ချီသီအိုရီရဲ့ အားနည်းချက်တွေဖြစ်ပြီး၊ တခြားနိုင်ငံတွေမှာ အစိုးရတပ်တွေဘက်က အနိုင်ရသွားစေခဲ့တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ချီဂွေဗားရားရဲ့ foco သီအိုရီကနေပြီး ဆောင်စရာ၊ ရှောင်စရာ သင်ခန်းစာတွေ အများအပြား ထွက်ပေါ်လာတယ်လို့ ဆိုရပါမယ်။ ပထမအချက်က တော်လှန်ရေးတရပ်မှာ structural conditions တွေ ရှိဖို့ လိုအပ်ပါတယ်။ မရှိသေးရင်လဲ ဖန်တီးယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ဒုတိယအချက်က တော်လှန်ရေးဆင်နွှဲရာမှာ ကိုယ့်ဘက်က အားသာချက်တွေကိုပဲ ကြည့်ပြီး အင်အားကို overestimate လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူလူထုရဲ့ ရေချိန်၊ အစိုးရရဲ့ structural weakness စတာတွေကိုပဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
တတိယအချက်က တော်လှန်ရေးလုပ်ရာမှာ နည်းလမ်းတခုတည်းကိုပဲ တရားသေဆုပ်ကိုင်လို့ မရပါဘူး။ ကျေးလက်ပြည်သူကိုပဲ အခြေခံမယ်၊ မြို့ပေါ်က လူထုတိုက်ပွဲကိုပဲ အခြေခံမယ်ဆိုပြီး သတ်မှတ်လို့ မရပါဘူး။ အချိန်အခါနဲ့အညီ အောင်ပွဲကို ဦးတည်စေနိုင်မယ့် နည်းပရိယာယ်တွေကို ပြောင်းလဲ အသုံးချနိုင်ဖို့ လိုပါတယ်။ သပိတ်စုံ၊ သူပုန်ထဖို့ လိုအပ်ချိန်မှာ သပိတ်ပဲ စုံနေရင် ဖြိုခွဲခံရမှာပါပဲ။ သူပုန်ပဲ ထနေရင်လဲ ချေမှုန်းခံရမှာပါပဲ။ လိုအပ်သလို ပေါင်းစပ်ပါဝင်နိုင်ဖို့ကြိုးစားကြရမှာ ဖြစ်ပါတယ်။
စတုတ္ထတချက်ကတော့ တခါလောက် အောင်ပွဲရခဲ့တဲ့ အတွေ့အကြုံကို တရားသေဆုပ်ကိုင်ပြီး ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေရဲ့ သီအိုရီသဖွယ် အသုံးချလို့ မရဘူး ဆိုတာပါပဲ။ အတွေ့အကြုံနဲ့ သီအိုရီတွေက စနစ်တကျ ပေါင်းစပ် အသုံးပြုနိုင်မှသာ အသုံးဝင်ပါတယ်။ အတွေ့အကြုံရှိသူက ပြောတိုင်း လိုက်နာဆောင်ရွက်ရမယ့် အမှန်တရားလို့ မယူဆနိုင်ပါဘူး။ သီအိုရီသိသူက ပြောတိုင်းလဲ အမှန်တရားလို့ မသတ်မှတ်နိုင်ပါဘူး။ အချိန်အခါနဲ့ အခြေအနေပေါ်မှာ မူတည်ပြီး သင့်တော်မယ့် သီအိုရီသဘောတရားတွေကို လျော်ညီတဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်မှသာ အောင်ပွဲကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ခင်မမမျိုး (၂၃၊ ၈၊ ၂၀၁၀)
ရည်ညွှန်းကိုးကားစာရင်း
Cohan, A.S. (1975) Theories of Revolution: An Introduction, New York, John Wiley and Sons
Debray, R. (1967) Revolution in the Revolution? Armed Struggle and Political Struggle in Latin America, Westport, Greenwood Press, translated by Bobbye Ortiz
Foran, J. (1995) 'Revolutionizing Theory/ Theorizing Revolutions: State, Culture, and Society in Recent Works on Revolution', in Nikkie, R. K. (ed.) Debating Revolutions, New York, New York University Press
Guevara, C. (1985) Guerrilla Warfare, Lincoln, University of Nebraska Press, includes Guerrilla Warfare (1960) translated by J. P. Morray, Guerrilla Warfare: A Method (1963) , Message to the Tricontinental (1967), and an introduction and case studies by Brian Loveman and Thomas M. Davies, Jr.
McCormick, G. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998
Scott, J. C. (1976) The Moral Economy of the Peasant, New Haven, Yale University Press
Sunday, August 22, 2010
နယူးဇီလန်ဝန်ကြီးချုပ်ကို မြန်မာ့အရေး တိုက်တွန်းဖို့ အမတ်တွေ ပြင်ဆင်
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂအဖွဲ့က စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လှုပ်ရှားမူ့မှာ နယူးဇီလန်နိုင်ငံ ပါဝင်ရေးအတွက် နယူးဇီလန်အမတ်တွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
အဲဒီ အစည်းအဝေးကနေ နယူးဇီလန်ဝန်ကြီးချုပ်ကို တိုက်တွန်းတဲ့စာ ပေးပို့ရေးအတွက် ဆုံးဖြတ်မယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ကိုနိုင်ကိုကို က အာအက်ဖ်အေကို ပြောပါတယ်။
“အဲဒီ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာစစ်အစိုးရကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲရေးကိစ္စကို နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ ထောက်ခံအားပေးဖို့၊ ဆွေးနွေးပွဲမှာ တက်ရောက်လာမယ့် အမတ်အားလုံး စုပေါင်းတိုင်ပင်ပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂမှာ ရှိတဲ့ နယူးဇီလန် သံအမတ်ကြီးနဲ့ အမေရိကန်တို့၊ သြစတေးလျတို့ အင်္ဂလန်တို့နဲ့ ပူးပေါင်းပြီးတော့ တရားစွဲဖို့ကိစ္စကို ထောက်ခံရန် စာနဲ့တင်ပြသွားမယ်၊ ဝန်ကြီးချုပ်ကို ဘယ်လိုချည်းကပ်မယ် ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်”
မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင် စစ်ဆေး အရေးယူဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း ဆုံးဖြတ်ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း နယူးဇီလန်နိုင်ငံကလည်း အခုလို ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ပြည်ပအခြေစိုက် NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) က စစ်အစိုးရနဲ့ ပတ်သက်ပြီး လူသားထုအပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အဆိုပြု တင်သွင်းချက်ကို ထောက်ခံတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံပါကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားနဲ့ တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ဘဝသို့ အတင်း တွန်းပို့ဆောင်ရွက်နေတဲ့ သမိုင်းတရားခံများ မဖြစ်စေဖို့ ရွေးကောက်ပွဲကို လူထုတရပ်လုံးနဲ့ လက်တွဲပြီး ကန့်ကွက် သပိတ်မှောက်ကြဖို့လည်း မဒတ က တိုက်တွန်း ထားပါတယ်။
source by : RFA
စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး အရှေ့တီမော ခရီးစဉ် ဆန္ဒပြမှုတွေနဲ့ ကြုံ
အရှေ့တီမောနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့အရေး ထောက်ခံသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေထိ ဖြစ်ခဲ့ပါတယ်။
အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ (Jose Ramos-Horta) အပါအ၀င် တခြား အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဒီလီလေဆိပ်ကို ဦးဉာဏ်ဝင်း ရောက်သွားတဲ့အချိန် ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက စုဝေး ဆန္ဒပြခဲ့ကြတာလို့ စီစဉ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း ရေးသားထားတဲ့ စာတန်းတွေနဲ့ တခြားပစ္စည်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းတဲ့အခါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။
နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး စစ်အစိုးရကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြုတ်ချရမယ်လို့ ဆန္ဒပြခေါင်းဆောင် တယောက်က ပြောတာကို AFP သတင်းတပုဒ်မှာ ကိုးကား ရေးသားထားပါတယ်။
ဒါပေမဲ့ အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာကတော့ မြန်မာနဲ့ အရှေ့တီမော နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ချင်ကြောင်း၊ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး တိုးတက်စေဖို့အတွက် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး ဇာကာရီယပ်စ် ဒါ ကော့စ်တာ (Zacarias Da Costa) ဟာ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာဖြစ်ကြောင်း၊ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ကူးသန်းရောင်းဝယ်ရေး စတင်ဖို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့တယ်လို့လည်း ရာမို့စ် ဟော်တာက ပြောကြောင်း AFP သတင်းမှာ ရေးထားပါတယ်။
အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ ကိုယ်တိုင်ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ မကြာခဏ ဝေဖန်ပြောဆိုဖူးသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် အရေးယူမှုတွေကို သဘောမတူတဲ့ အကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။
source by : ဗွီအိုအေ
Wednesday, August 18, 2010
မြန်မာ စစ်ရာဇဝတ်မှု စုံစမ်းရေး အမေရိကန် ထောက်ခံမည်
ဗွီအိုအေ| မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတယ်ဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် အမေရိကန် ပြည်ထောင်စုက ထောက်ခံဖို့ အစီအစဉ် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေက ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးစနစ် ပွင့်လင်းလာအောင်၊ နိုင်ငံရေး အကျဉ်းသား ထောင်ကျော်ကို ပြန်လွှတ်ပေးအောင် ဖိအားပေးတဲ့ အနေနဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုတွေကို ပိုပြီး တင်းကျပ်ဖို့ စဉ်းစားနေကြောင်း အမေရိကန် အရာရှိတွေရဲ့ အပြောကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နိုင်ငံရေး အကျဉ်းသားတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို နှိပ်ကွပ်မှုတွေ ညွှန်ကြား လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံနေရတာပါ။
အခုပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူ ပိတ်ဆို့မှုတွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါတွေကို ရည်ရွယ်ပြုလုပ်မှာ ဖြစ်တယ်၊ မြန်မာလူထုအပေါ် ပြုလုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် အရာရှိတဦးက ပြောပါတယ်။
မြန်မာအစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ စစ်အစိုးရ အာဏာကို ဆက်ပြီး ထိန်းချုပ်ထားနိုင်အောင် လုပ်ကိုင်နေတာဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။
source by : VOA
Monday, August 16, 2010
မိုက်တိုင်စန် မြန်မာနိုင်ငံတွင် သာသနာပြုမည်
“ကျနော့်ရဲ့ လူသားချင်း စာနာ ထောက်ထားမှုကို ပြသဖို့အတွက် အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီ သွားမှာပါ။ ပြီးတော့ မြန်မာနိုင်ငံမှာ တဲလေး ထိုးပြီးနေချင်ပါတယ်” ဟု မိုက်တိုင်စန်က ပြောကြောင်း Express သတင်းစာတွင် ဖော်ပြထားသည်။
“သံမဏိ မိုက်” ဟု ကျော်ကြား ခဲ့သည့် လက်ဝှေ့ ချန်ပီယံ ဟောင်းသည် ၎င်း၏ ဘဝတလျှောက် လုံးတွင် ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရသည်။
၁၉၉၂ ခုနှစ်တွင် အလှဘုရင်မ ဒက်စရီ ဝါရှင်တန်ကို မုဒိမ်းပြုကျင့် ခဲ့မှုဖြင့် တရားစွဲဆို ခံရသည်။ တရားခွင် အတွင်း ဂျူရီ လူကြီးများ၏ ၁၀ နာရီကြာ သုံးသပ်မှု အပြီးတွင် အပြစ်ရှိကြောင်း ထင်ရှား သဖြင့် မိုက်တိုင်စန်သည် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။
၁၉၉၇ ခုနှစ်၊ အီဗန်ဒါ ဟိုလီဖီးလ်နှင့် ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာတွင် ဟိုလီဖီးလ်၏ ညာဘက် နားရွက်ကို ကိုက်ဖြတ်ခဲ့မှု ကြောင့်လည်း ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့သည်။
မိုက်တိုင်စန်သည် ၎င်း၏ လက်ဝှေ့သမား ဘဝအတွင်း ဝင်ငွေ ယူရို သန်းပေါင်း ၂၆၀ ကျော်ရရှိ ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ဒေဝါလီ ခံလိုက်ရသည်။
အသက် ၄၄ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းသည် ၎င်း၏ လုပ်ဆောင်ခဲ့မှုများ အတွက် အရှက်ရနေပြီ ဖြစ်ကြောင်း၊ ကောင်းမွန်သည့် အလုပ်များကိုသာ လုပ်ဆောင် သွားတော့မည် ဖြစ်ကြောင်း ပြောဆိုထား သည်ဟုလည်း သိရှိရသည်။
မိုက်တိုင်စန်က “ဘုရားသခင်ဆီမှာရော၊ တခြားဘာသာတွေမှာရော ကျနော့်နာမည် မပါရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ကျနော့်နာမည်ကို ကျန်ခဲ့စေချင်ပါတယ်”ဟု Express သတင်းစာတွင် ပြောဆိုထားသည်။
“ကျနော်ဟာ လူရွှင်တော်လို ဖြစ်နေတယ်။ ဟာသလို ဖြစ်နေတယ်။ ကျနော့်ရဲ့ ကလေးတွေဆီက လေးစားမှုကို ရအောင် ကောင်းရာကောင်းကြောင်းကို လုပ်ချင်ပါတယ်” ဟု မိုက်တိုင်ဆန်က ဆက်လက်ပြောဆိုထားသည်။
မိုက်တိုင်စန်က ၎င်း၏ တတိယဇနီးဖြစ်သူ ကီကီ သည် သူ့ကို လူကောင်းတယောက် ဖြစ်လာအောင် အဓိက ပြုပြင်ခဲ့သူ ဖြစ်ကြောင်း ပြောသည်။
“ကျနော် ကျန်းမာပျော်ရွှင်နေအောင်၊ တခြားသူတွေ ကျနော့်ကို ပိုပြီး ချစ်လာကြအောင် လုပ်ဆောင်တဲ့နေရာမှာ ကီကီ က စိတ်ရောကိုယ်ပါ နှစ်မြှုပ် ထားပါတယ်။ သူ့နေရာမှာသာ အခြားတဦးဆိုရင် သေသွားမှာ အသေအချာပါပဲ” ဟု မိုက်တိုင်စန်က ပြောဆိုထားသည်။
မိုက်တိုင်စန်ကို ၁၉၆၆ ဇွန်လ ၃၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး လက်ဝှေ့သမား ဘဝကို အသက် ၁၅ နှစ်အရွယ်တွင် စတင်ခဲ့သည်။ ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (WBA) နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (IBF) တို့တွင် မိုက်တိုင်စန်သည် ကမ္ဘာ့အသက်ငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ ပထမဆုံး ဟဲဗီးဝိတ် ချန်ပီယံဖြစ်ချိန်တွင် မိုက်တိုင်စန်သည် အသက် ၂၀ သာရှိသေးသည်။
source by : ဧရာဝတီ
ဘုန်းကြီးကျောင်းများ မီးရှို့မည်ဟူသော ကလေး ၃ ဦး တရားစွဲခံရမည်
လယ်တီ၊ စိတ္တသုခ၊ ပေပင်နှင့် အရှေ့လေးထပ် ကျောင်းများကို ဓာတ်ဆီလောင်း မီးရှို့မည်ဟု သံသယဖြင့် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းတွင် ဖမ်းဆီးခဲ့သော ၂၁ နှစ်အရွယ် ကံကောင်း (ခ) သန့်ဇင်နှင့် ကလေး ၂ ဦးက မိမိတို့ ကြံစီခဲ့ကြောင်း ထွက်ဆိုသောကြောင့် မုံရွာမြို့နယ် တရားရုံးတွင် တရားစွဲဆိုသွားမည်ဟု အမှတ် ၂ မြို့နယ်ရဲစခန်းမှ ရဲအရာရှိတဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော် တရားခံဘက်မှ ရှေ့နေလိုက်ပေးမည့်သူ ရှိမရှိကိုမူ မသိရသေးကြောင်း သူက ဆိုသည်။
“အမှုစစ်က စစ်တော့ သူတို့ တကယ်မီးရှို့ဖို့ ကြံစီခဲ့တယ်ဆိုတာကို ဝန်ခံထွက်ဆိုလာတယ်။ အခု သူတို့ကို တရားရုံးတင်ဖို့ လုပ်နေပါတယ်။ လောလောဆယ်တော့ ကျနော်တို့ အမှတ် ၂ မှာပဲ ထိန်းထားပါတယ်” ဟု အဆိုပါ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။
အဖမ်းဆီးခံ ၃ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ နှင့် ၅၁၁ တို့ဖြင့် ဇွန်လ ၃ဝ ရက်နေ့မှစ၍ တလကျော်ကြာ အမှုဖွင့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် တရားရုံးတင်ရန် စီစဉ်ခြင်း ဖြစ်သည်။
ပုဒ်မ ၄၃၆ သည် ကိုးကွယ်ဝတ်ပြုသည့် နေရာ၊ အိမ်၊ ကျောင်း၊ ပစ္စည်းသိုလှောင်ရာ အဆောက်အအုံကို မီး သို့မဟုတ် ပေါက်ကွဲစေတတ်သည့် အရာဖြင့် ဖျက်ဆီးရန် ကြံစီမှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ဝ နှစ် သို့မဟုတ် တသက်တကျွန်း ချမှတ်နိုင်သည်။
သို့သော် အစောပိုင်းတွင် ရဲက ဖမ်းဆီးကာ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သူနှင့်ပတ်သက်၍ ရဲက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ လွတ်မြောက်သွားသူကို မီးရှို့မည့်အဖွဲ့ ခေါင်းဆောင်အဖြစ် သံဃာတော်များဘက်က စွပ်စွဲခဲ့သည်။
အခင်းဖြစ်ပွားခဲ့သည့် ဇွန်လ ၃ဝ ရက်နေ့ နံနက် ၄ နာရီခန့်က ကပ်လျက်တည်ရှိသော လယ်တီကျောင်းနှင့် စိတ္တသုခကျောင်းတို့ကို မီးရှို့ရန် ၁၄ နှစ်အရွယ် ကလေး ၂ ဦးက ဓာတ်ဆီပုလင်း၊ မီးခြစ်များဖြင့် တချိန်ထဲ ဝင်ရောက်သွားချိန်တွင် ထိုကျောင်းများရှိ သံဃာတော်များက ဖမ်းဆီးမိခဲ့သည်။
“အဲဒီတုန်းက မီးလာရှို့တဲ့ ကလေးတွေကနေ တဆင့်ပြီးတဆင့် ဘုန်းကြီးတို့ကိုယ်တိုင် စုံစမ်းပြီး လိုက်ဖမ်းတော့ ခေါင်းဆောင်ဖြစ်တဲ့ မင်းမင်းဆိုတဲ့ ကောင်လေးပါ မိတယ်။ အဲဒီကောင်လေးကို ရဲက လွှတ်ပေးလိုက်တယ်။ သူ့နောက်ကွယ်မှာကို သူတို့ကို ခိုင်းနေတဲ့ အဖွဲ့ရှိသေးတယ်။ အဲဒါတွေမေးနေတုန်း မပေါ်ခင်မှာပဲ အာဏာပိုင်အဖွဲ့တွေ အတင်းလာခေါ်လို့ ထည့်ပေးလိုက်ရတာ” ဟု ကျောင်းတိုက်တတိုက်မှ ဆရာတော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။
သံဃာတော်များ ဖမ်းမိစဉ်က ၅ ဦး ဖြစ်သော်လည်း ရဲစခန်းအရောက်တွင် နောက်ကွယ်က အဓိက ကြိုးကိုင်သူနှင့် ခေါင်းဆောင်အစစ်ကို ရဲများက ပြန်လွှတ်ပေးလိုက်သည်ဟု စိတ္တသုခကျောင်း ဆရာတော် ဦးမဏ္ဍလဘိသီရီက မိန့်ကြားသည်။ လွှတ်ပေးလိုက်သည့် အထဲတွင် အသက် ၁၃ နှစ်ခန့် အမျိုးသမီးငယ် တဦး ပါဝင်ကြောင်း သိရသည်။
ကျောင်းများကို မီးရှို့စေရန် ခိုင်းစေသည့် အသက် ၂ဝ ခန့်ရှိသူ မင်းမင်းဆိုသူကို အမှတ် ၂ ရဲများက စခန်းအရောက်တွင် လွှတ်ပေးခဲ့သလို၊ ဖမ်းစီးမိစဉ်က သူ၏ အိတ်ထဲတွင် မုံရွာမြို့ အမှတ် ၁ ရဲစခန်းက ပြုလုပ်ပေးထားသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကိုပါ တွေ့ရှိသဖြင့် စိတ္တသုခကျောင်းက သိမ်းဆည်းထားသည်ဟု သိရသည်။
အခင်းဖြစ်ပွားသည့်နေ့က ကျောင်းတိုက်ကို မီးရှို့ရန် ကြံစီသည်ဟူသော သူများကို သံဃာတော်များက စစ်ဆေးမေးမြန်းနေစဉ်မှာပင် စစ်ကိုင်းတိုင်း သာသနာရေးမှူး ဦးမျိုး အပါအဝင် မြို့နယ်ရဲစခန်းများမှ ရဲအရာရှိများ၊ ခရိုင်အဆင့်အရာရှိများ၊ ရယက၊ မယက ဥက္ကဋ္ဌများ ဦးရေ ၆ဝကျော် ကျောင်းဝန်းထဲဝင်၍ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
ကလေးများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ကြံ့ဖွံ့အဖွဲ့နှင့် မြို့ခံအာဏာပိုင်အဖွဲ့များကို သံဃာတော်များက အယုံအကြည်မရှိဟု ဦးမဏ္ဍလဘိသီရီက မိန့်သည်။
သို့သော် မုံရွာခရိုင် ရဲအရာရှိတဦးကမူ ယင်းကဲ့သို့ ကျောင်းများကို မီးရှို့ရန် ကြံစီသူများကို သံဃာတော်များထံမှ သက်ဆိုင်ရာ မြို့ခံအာဏာပိုင်များက စိတ္တသုခကျောင်းထဲမှ ခက်ခဲစွာ တောင်းယူခဲ့ရသလို ၃ ဦးသာဖြစ်သည်ဟု ငြင်းဆိုခဲ့ပြီး ထိုကလေးများသည် မိဘမဲ့ကလေးများ ဖြစ်သည်ဟု ဆိုသည်။
မီးရှို့ရန် ကြံစီခံရသော ဘုန်းကြီးကျောင်း ၄ ကျောင်းသည် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသော ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပရိတ်ရွတ် ဆုတောင်းရာတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။
source by : မဇ္ဈိမ


