Tuesday, August 24, 2010

ချီဂွေဗားရားနှင့် FOCO သီအိုရီ

ချီဂွေဗားရားဆိုတာ အာဏာရှင် Batista ကို ဖြုတ်ချပြီး Castro ကို ကျူးဘားခေါင်းဆောင် အဖြစ်တင်ပေးနိုင်ခဲ့တဲ့ ၂၆ လကြာ တော်လှန်ရေးကြီးကို ပါဝင်ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် တဦးဖြစ်ပါတယ်။ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ပြီးကာလမှာ ကျူးဘားနိုင်ငံဟာ အရင်းရှင် အာဏာရှင် နိုင်ငံကနေ ဆိုရှယ်လစ်နိုင်ငံ ဖြစ်လာခဲ့သလို လူထုလူတန်းစား အလွှာအသီးသီးနဲ့ အစိုးရတို့ အကြားက ဆက်စပ်မှု သဏ္ဍာန်တွေလဲ ပြောင်းလဲလာခဲ့ပါတယ်။

အစိုးရသစ်မှာ ချီဟာ သြဇာအာဏာကြီးမားတဲ့ ပြည်ထဲရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ရပေမယ့်လဲ သူ့ရဲ့ အဓိက စိတ်ပါဝင်စားမှုကတော့ လက်တင်အမေရိကနဲ့ ကမ္ဘာတ၀ှမ်းမှာ အရင်းရှင်တော်လှန်ရေးတွေ ပေါ်ထွက်လာနိုင်ဖို့ပါပဲ။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တော်လှန်ရေး လက်စွဲ ကျမ်းတစောင်ဖြစ်တဲ့ Guerrilla War ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကို ကမ္ဘာတ၀ှမ်းလုံးမှာ ပုံနှိပ်ဖြန့်ဝေခဲ့ကြပြီး ဘာသာပေါင်းများစွာကို ပြန်ဆိုထားခဲ့ပါတယ်။ ချီရဲ့စာအုပ်ဟာ တကမ္ဘာလုံးက တော်လှန်ရေး သမားတွေအတွက် တော်လှန်ရေး နည်းနာတွေကို ညွှန်ပြပေးခဲ့ရုံသာမက တော်လှန်ရေး ၀ိဥာဉ်တွေကိုပါ နှိုးဆွပေးနိုင်ခဲ့ပါတယ်။ တော်လှန်ပုန်ကန်ခြင်း စစ်မက်ရေးရာနဲ့ ပတ်သက်တဲ့ ဂန္တ၀င်စာအုပ် စာတမ်းတွေထဲမှာ သူ့စာအုပ်လဲ အပါအ၀င် ဖြစ်ခဲ့ပါတယ်။

ချီဂွေဗားရားရဲ့ တော်လှန်ရေးသီအိုရီ

တော်လှန်ရေးတရပ် အောင်မြင်ဖို့အတွက် structural conditions တွေ ပြည့်စုံဖို့ လိုအပ်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေတွေ အားလုံးပြည့်မှီလာအောင် စောင့်နေဖို့ မလိုပဲ ပြည့်မှီလာအောင် ပြုလုပ်ဖန်တီးဖို့ လိုအပ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။

ပထမဆုံးအခြေခံအကြောင်းရင်းကတော့ 'subjective structural condition' လို့ သူသတ်မှတ်ခဲ့တဲ့ အောင်စိတ်ပါပဲ။ တော်လှန်ရေးအောင်ပွဲခံရမယ်လို့ ယုံကြည်ချက်မရှိသူ တယောက်ဟာ တော်လှန်ရေးသမားတယောက် မဖြစ်နိုင်ဘူး လို့ သူက ဆိုခဲ့ပါတယ်။ ခိုင်မာတဲ့ ယုံကြည်ချက် စိတ်ဓာတ်အခံမရှိသူ တယောက်ဟာ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ အတားအဆီးတွေကို ကျော်လွှားနိုင်ခြင်းမရှိပဲ အလွယ်တကူ အရှုံးပေး စိတ်ဓာတ် ကျသွားနိုင်မယ်လို့ ချီက ယူဆထားခဲ့ပါတယ်။

Objective structural conditions လေးရပ်ကိုလဲ ချီက ခွဲခြားဖော်ပြထားခဲ့ပါသေးတယ်။

ပထမလိုအပ်တဲ့ အခြေအနေကတော့ neo-patrimonial အာဏာရှင်စနစ် ရှိနေခြင်းဖြစ်ပါတယ်။ အစိုးရအာဏာဟာ လူတယောက်ရဲ့ လက်ထဲမှာရှိနေမယ်၊ ဒီလူဟာ ကိုယ်ကျိုးစီးပွားကိုပဲ ရှေးရှုတတ်ပြီး လာဘ်စားသူ တယောက်ဖြစ်မယ်။ ဒီအာဏာရှင်ဟာ မတရား အာဏာသိမ်းပိုက်ထားတာဖြစ်ပြီး၊ တရားဝင်မှု တစုံတရာ (ရွေးကောက်တင်မြှောက် ခံထားရခြင်းစတာမျိုး) နဲ့ အာဏာရထားတာ မဖြစ်ဘူး ဆိုရင် တော်လှန်ရေးအောင်ပွဲရနိုင်မယ့် အခြေအနေတရပ်ရှိတယ်လို့ သူက ဆိုခဲ့ပါတယ်။ ချီရဲ့ အဆိုအရ တရားဝင်မှုဆိုတဲ့ အပိုင်းက အလွန်ကို အရေးကြီးပါတယ်။ နိုင်ငံတနိုင်ငံမှာရှိတဲ့ အစိုးရတရပ်ဆီမှာ constitutional legality ရှိနေခဲ့ရင် တော်လှန်ရေးရေချိန်ကို အရှိန်မြှင့်ဖို့ ခဲယဉ်းလို့ပဲ ဖြစ်ပါတယ်။

ဒုတိယလိုအပ်ချက်ကတော့ တော်လှန်ပုန်ကန်သူတွေ လှုပ်ရှားသွားလာနိုင်မယ့် တော်လှန်ရေး နယ်မြေဖြစ်ပါတယ်။ တော်လှန်ရေးနယ်မြေဆိုတာကို တောနက်ခြင်း၊ ကျောက်တောင် ကမ်းပါး အရံအတားများရှိခြင်းနဲ့ သဲကန္တာရများ ရှိခြင်းတို့ကြောင့် အစိုးရတပ်များ အလွယ်တကူ မရောက်နိုင်တဲ့ နေရာဒေသတွေအဖြစ် ချီက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အစိုးရတပ်တွေဘက်က လက်နက်အင်အား သာလွန်လေ့ရှိတာကြောင့် တပ်လှုပ်ရှားမှုကို ကြန့်ကြာစေတဲ့ နေရာဒေသတွေကိုသာ တော်လှန်ရေး နယ်မြေအဖြစ် ရွေးချယ်သင့်ကြောင်း ချီက တိုက်တွန်းရေးသားထားခဲ့ပါတယ်။

တတိယအချက်ကတော့ တော်လှန်ရေးသမားတွေကို ကျေးလက်ဒေသ အမာခံ ပြည်သူလူထုရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အခြေခံတဲ့ တော်လှန်ရေးတရပ်မှာ ကျေးလက်ပြည်သူတွေရဲ့ ထောက်ခံမှု မရရင် အောင်မြင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ ကျေးလက်ပြည်သူတွေအနေနဲ့ အစိုးရကို ဆန့်ကျင်သင့်တဲ့ အကြောင်းအရာ မရှိရင် တော်လှန်ရေးသမားတွေကို ထောက်ခံခြင်းအားဖြင့် ကြုံတွေ့နိုင်မယ့် အစိုးရတပ်ရဲ့ အန္တရာယ်တွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပေးမှာ မဟုတ်တာကြောင့် ကျေးလက်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတရပ်ကို ဖော်ထုတ်သင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ချီရဲ့ အမြင်အရ မြေယာပြုပြင်ပြောင်းလဲရေးဆိုတဲ့ အကြောင်းအရာဟာ ကျေးလက်နေ ပြည်သူလူထုကို တော်လှန်ရေးသမားတွေဘက် ရောက်လာအောင် အဆွဲဆောင်နိုင်ဆုံး အကြောင်းအရာ တရပ် ဖြစ်ပါတယ်။

စတုတ္ထအချက်ကတော့ တိုင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲဖူးတဲ့ အစဉ်အလာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလက်နက်ကိုင်တော်လှန်ရေးဟာ revolutionary Marxist type မဟုတ်ရင်တောင် romantic bandits အဆင့်လောက်တော့ ရှိသင့်တယ်လို့ ချီကဆိုထားပါတယ်။ တော်လှန်ရေးအစဉ်အလာ ရှိခြင်းအားဖြင့် လေ့ကျင့်သင်ကြားပေးမှုတွေ အထူးတလည် လုပ်စရာ မလိုအပ်သလို အခြေခံဒေသ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေလဲ ပိုများနိုင်ပါတယ်။

ဒီလို subjective structural condition နဲ့ objective structural condition လေးရပ်တို့ ပြည့်စုံတဲ့အခါ တော်လှန်ရေးတရပ် စတင်ဖို့အတွက် foco (centre of guerrilla activity) ကို ဖန်တီးနိုင်မယ့် လူအယောက် ၃၀ ကနေ ၄၀ ပါဝင်တဲ့ အစုအဖွဲ့ တခု ထွက်ပေါ်လာချိန်ကို စောင့်ဖို့ပဲ လိုအပ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။ ဒီလူစုဟာ ကျေးလက်ဒေသမှာ စတင်လှုပ်ရှားပြီး မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ကတိစကားတွေကို ဒေသခံ ကျေးလက်လူထုကို ပေးအပ်ဖို့ လိုပါတယ်။ ဒါမှလဲ ဒေသခံလယ်သမားတွေရဲ့ ထောက်ခံမှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် အခြေခံနယ်မြေနဲ့ ဒေသခံတွေရဲ့ အကူအညီကို အသုံးပြုပြီး အစိုးရတပ်တွေကို ခြုံခိုတိုက်ခိုက်ရပါမယ်။ တော်လှန်ရေးအတွက် လိုအပ်မယ့် လက်နက်ခဲယမ်းရိက္ခာတွေကို စုဆောင်းရပါမယ်။ ဒီလိုနဲ့ တော်လှန်ရေးသမားတွေဘက်က အောင်ပွဲရလာတာနဲ့ အမျှ လူအများကို တော်လှန်ရေးထဲ ပါဝင်လာအောင် ဆွဲဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ foco ဟာ အင်အားကြီးမားလာပြီး၊ တချို့လူတွေဟာ နောက်ထပ် အခြေခံဒေသတွေကို ထိုးဖောက် ခြေကုပ်ယူကြရပါမယ်။ တော်လှန်ရေးအင်အားကြီးထွားလာအောင် ပြုလုပ်ရပါမယ်။ လူတွေ ထပ်ခွဲပြီး မထိုးဖောက်နိုင်သေးတဲ့ နယ်မြေတွေကို ထပ်မံထိုးဖောက် ခြေကုပ်ယူကြရပါမယ်။ တိုင်းပြည်လုံးအနှံ့ ကျေးလက်ဒေသတွေမှာ ခြေကုပ်ရပြီးတဲ့အခါ မြို့ဆင်ခြေဖုံးဒေသတွေကို ထိုးဖောက်နေရာယူပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲရပါမယ်။ နောက်ဆုံးမှာ တော်လှန်ရေးသမားတွေဟာ အစိုးရကို ဖြုတ်ချပြီး၊ အစိုးရသစ်တရပ်အနေနဲ့ အစားထိုး အောင်ပွဲခံနိုင်မှာ ဖြစ်တယ်လို့ ချီက ဆိုထားခဲ့ပါတယ်။

ချီဂွေးဗားရားရဲ့ တော်လှန်ရေးအဖွဲ့အစည်း

ချီက တော်လှန်ရေးတရပ်ကို လက်နက်ကိုင်တော်လှန်ရေးသမားကသာ ဦးဆောင်နိုင်မယ်လို့ ယူဆခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဆင်နွှဲရင်း အသက်ကို မပေးဆပ်နိုင်သူ တယောက်ဟာ တော်လှန်ရေးကို စီစဉ်ညွှန်ကြားနိုင်မှာ မဟုတ်ကြောင်း သူက ဆိုထားခဲ့ပါတယ်။ အောင်မြင်တဲ့ လက်နက်ကိုင် တော်လှန်ရေးသမား တယောက်ဟာ လူ့ အဖွဲ့အစည်းအတွင်းမှာ ကာယအား၊ ဥာဏအားတွေနဲ့ ပြည့်စုံတဲ့ elite တယောက်ဖြစ်ဖို့ လိုအပ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးသမားတွေကို လူ့ အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲသူတွေ၊ လယ်သမားတွေရဲ့ လမ်းပြနတ်သမီးတွေ၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံ ရပ်တည်ပေးသူတွေအဖြစ် ချီက သတ်မှတ်ပြောဆိုထားခဲ့ပါတယ်။ ချီရဲ့ ရေးသားဖော်ပြချက်များဟာ elite-based revolutionary organization သဘောတရားများကို အခြေခံထားပါတယ်။

centralization/ decentralization ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ decentralization ကို အခြေခံထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ တပ်ရင်းများဟာ သီးခြားဆီ လှုပ်ရှားသင့်ပြီး၊ အင်အားကြီးမားဖို့လိုအပ်မှသာ ပူးတွဲစစ်ဆင်ရေးတွေ အကောင်အထည်ဖော်သင့်တယ်လို့ ချီက ဆိုခဲ့ပါတယ်။ ဒီတပ်ရင်းတွေအကြားမှာ ရှိသင့်တဲ့ တခုတည်းသော coordinating mechanism ကတော့ တပ်မှူးတွေဟာ အတွေးအခေါ်ပိုင်းအရ ညီညွတ်နေပြီး၊ ထိပ်ပိုင်းခေါင်းဆောင်တဦးက personal coordination လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ သူ့အမြင်အရ တပ်မှူးတွေဟာ တပ်ရင်းအသီးသီးကို ဦးဆောင်နေကြပေမယ့် ပထမမူလအစမှာ တူညီတဲ့ foco ကနေ လာကြတာ ဖြစ်တဲ့အတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေမှာ တူညီမှုတွေ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ရှုစောင့်ကြပ်နေစရာ မလိုပဲ တပ်မှူးတွေရဲ့ လက်ထဲကို အာဏာကုန်လွှဲအပ်ထားလို့ ရတယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်အနည်းငယ်ကိုသာ ထိပ်ပိုင်းခေါင်းဆောင်တွေကို တင်ပြဆွေးနွေးဖို့ လိုအပ်ကြောင်း ဆိုထားပါတယ်။

ဝေဖန်ဆန်းစစ်ချက်များ

ချီရဲ့ တော်လှန်ရေးသီအိုရီနဲ့ ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ချက်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ Doctrinaire Marxists တွေက တော်လှန်ရေးအပေါ် သက်ရောက်မှုရှိတဲ့ urban proletariat ကို ဖယ်ရှားပြီး၊ ကျေးလက်လယ်သမားတွေနဲ့ပဲ ဆိုရှယ်လစ်တော်လှန်ရေးကို ပြုလုပ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီလို့ဝေဖန်ကြပါတယ်။ Leninists နဲ့ Trotskyists တွေကတော့ ချီဟာ တော်လှန်ရေးကို ဦးဆောင်ပေးနိုင်မယ့် အခြေခံ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ vanguard party ကို လျစ်လျူရှုထားတယ်လို့ အတိအလင်းဝေဖန်ထားကြပါတယ်။ မဟာဗျူဟာလေ့လာရေး ပညာရှင်တွေကတော့ ချီရဲ့သီအိုရီဟာ မဟာဗျူဟာချမှတ်ပြီးမှ နည်းဗျူဟာ ချမှတ်ရတဲ့ အစဉ်အလာကို မလိုက်နာပဲ နည်းဗျူဟာတွေ ချမှတ်ပြီးမှ မဟာဗျူဟာ ချမှတ်ဖို့ ကြိုးပမ်းထားတဲ့ သီအိုရီအနေနဲ့ ဖော်ပြထားခဲ့ကြပါတယ်။

Maoists တွေကတော့ ချီဟာ ပါတီရဲ့ ဦးဆောင်မှုမပါပဲ တော်လှန်ရေးတပ်တွေ ဖွဲ့စည်းဖို့ ကြိုးစားထားတယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရ တော်လှန်ရေးတပ်တွေရဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်မှုနဲ့ တော်လှန်ရေးတာဝန်များကို ပြည့်မှီအောင် ထမ်းဆောင်နိုင်မှုတို့အတွက် ပါတီရဲ့ ဦးဆောင်မှုလိုအပ်ကြောင်း ခိုင်ခိုင်မာမာ ထောက်ပြဝေဖန်ထားကြပါတယ်။ ကျူးဘားတော်လှန်ရေးမှာ ပါတီရဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ တော်လှန်ရေးတပ်တွေရဲ့ လက်အောက်ခံဖြစ်နေပြီး၊ တော်လှန်ရေးတပ် တွေဟာ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲမယ့် တပ်တွေအသွင်မဆောင်ပဲ bandit gang အသွင်ဆောင်နေကြောင်း Maoists တွေက ဝေဖန်ခဲ့ကြပါတယ်။

တော်လှန်ရေးကို လက်တွေ့ကျကျ သုံးသပ်သူများကတော့ ချီရဲ့သီအိုရီဟာ ကျူးဘားတော်လှန်ရေး တခုတည်းမှာပဲ အောင်မြင်ခဲ့ပြီး ကွန်ဂို၊ ဘိုလီးဘီးယား၊ ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ ပီရူးနဲ့ အယ်လ်ဆာလ်ဗေတာ တော်လှန်ရေးတွေမှာ ကျဆုံးခဲ့ကြောင်း ဝေဖန်ထားခဲ့ကြပါတယ်။ Methodological standpoint က ကြည့်ရင်တော့ ချီသီအိုရီ ကို အောင်အောင်မြင်မြင် အကောင်အထည် မဖော်နိုင်ကြခြင်းဟာ ချီအနေနဲ့ တော်လှန်ရေးသီအိုရီတခုလုံးကို ကျူးဘားတော်လှန်ရေးက သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ အနည်းငယ်အပေါ်မှာသာ မှီငြမ်းပြီး ထုတ်ဖော်ခဲ့ခြင်းကြောင့်ပါပဲ။ တကယ်တော့ သီအိုရီတခုကို အတွေ့အကြုံဖြစ်ရပ်တခုတည်းအပေါ်မှာ အခြေခံပြီး ဖော်ထုတ်လို့ မရနိုင်ပါဘူး။ ကိုယ်ပိုင် အတွေ့အကြုံအနည်းငယ်ကနေ ပေါ်ထွက်လာတဲ့ သီအိုရီကိုလဲ လူအများက အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းအရာတရပ်ရဲ့ ဖြစ်နိုင်ချေကို ကိုယ်ပိုင်အတွေ့အကြုံတခုတည်းနဲ့ သုံးသပ်လို့ မရပါဘူး။

နောက်တချက်က ကျူးဘားတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ချီရဲ့ အမြင်ဖြစ်ပါတယ်။ ချီက သမိုင်းဖြစ်ရပ်တွေကို တော်လှန်ရေးသမား ရှုထောင့်တခုတည်းကနေ ရှုမြင်သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ကျူးဘားတော်လှန်ရေးအောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အာဏာရှင်ရဲ့ အားနည်းချက်တွေနဲ့ မြို့နေပြည်သူလူထုရဲ့ အာဏာရှင်ကို ထောက်ခံအားပေးမှု မရှိခြင်းတွေလဲ ပေါင်းစပ်ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် ချီကတော့ ကျေးလက်မှာ အခြေခံပြီး တော်လှန်ခဲ့တာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို သူ့သီအိုရီမှာ ထည့်သွင်း ပြောကြားထားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့သီအိုရီကို တခြားတော်လှန်ရေးတွေမှာ ပြန်လည်အသုံးပြုတဲ့အခါ တော်လှန်ရေးသမားတွေအနေနဲ့ အာဏာရှင်ရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ မြို့နေလူထုရဲ့ ပေါင်းစပ်ပါဝင် ထောက်ခံမှု အနေအထားတွေ၊ ကျေးလက်ပြည်သူတွေရဲ့ စိတ်နေသဘာဝ ကွဲပြားမှုတွေကို အလေးပေးခဲ့ခြင်း မရှိကြပါဘူး။ ချီရဲ့ foco သီအိုရီအတိုင်း လိုက်နာကျင့်သုံးရင်း တော်လှန်ရေး ရေချိန်တွေ ကျဆင်းပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ချီကိုယ်တိုင်လဲ ဘိုလီဗီးယားမှာ ကျဆုံးခဲ့ရပါတယ်။

ဘိုလီးဗီးယားမှာ ချီကျဆုံးခဲ့ရတာဟာ အစိုးရနဲ့ ဒေသခံပြည်သူလုထုရဲ့ အခြေအနေတွေကို ထည့်သွင်းမစဉ်းစားခဲ့လို့ဖြစ်ကြောင်း ပညာရှင်များက လေ့လာသုံးသပ်ခဲ့ကြပါတယ်။ တကယ်တမ်းကျတော့ ဘိုလီဗီးယားက ကွန်မြူနစ်တော်လှန်ရေးသမားတွေဟာ အပြင်လူတွေရဲ့ အကြံပေးချက်ကို hostile ဖြစ်ပါတယ်။ နယ်မြေခံပြည်သူလူထုက တော်လှန်ရေးအပေါ် ထောက်ခံမှု ရေချိန်ကလဲ မမြင့်သေးပါဘူး။ အစိုးရဘက်က structural weakness တွေလဲ မပေါ်ထွက်သေးပါဘူး။ ဒီလို popular support မရှိသေးချိန်နဲ့ command and control မလုပ်နိုင်သေးချိန်မှာ ပထမဆုံးသေနတ်သံ ဖောက်လိုက်တဲ့အတွက် ခုနစ်လအတွင်းမှာ တော်လှန်ရေးသမားတွေ အားလုံးနီးပါး ကျဆုံး၊ ဖမ်းဆီးခံရတဲ့ အခြေအနေကို ကျရောက်ခဲ့ရတာပါ။ သေချာတာတခုကတော့ ကျူးဘားတော်လှန်ရေးရဲ့ အောင်မြင်မှုမျိုးဟာ နောက်တကြိမ် ဘယ်တော်လှန်ရေးမှာမှ ထပ်မရတော့တာပါပဲ။

အားနည်းချက်များ

ဘယ်လိုပဲဖြစ်ဖြစ် ချီရဲ့ foco သီအိုရီဟာ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအဖွဲ့အစည်းတွေအကြားမှာ အခုအချိန်အထိ ပျံ့နှံ့နေရာယူဆဲပဲ ရှိပါသေးတယ်။ သီအိုရီက သတ်မှတ်ထားတဲ့ တော်လှန်ရေး သဘောသဘာဝအရ ကနဦးတော်လှန်ရေးသမားတွေဆိုတာ တကယ့် elite group ဖြစ်ရပါမယ်။ တော်လှန်ရေးကို လူ ၃၀-၅၀ လောက်နဲ့ စတင်ရပါမယ်။ ဒီလူတွေဆီမှာ စည်းရုံးရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်နဲ့ စစ်ရေးစွမ်းရည်တွေ ရှိရပါမယ်။ တော်လှန်ရေးသမားတိုင်းမှာ ဒီစွမ်းရည်တွေအားလုံး ပြည့်ဝနေဖို့ဆိုတာက အတော်ကို ခဲယဉ်းလှပါတယ်။ နောက်တချက်က ဒီလိုအင်အားလောက်နဲ့ အုပ်ချုပ်ရေးစွမ်းရည်မြင့်မားတဲ့ အစိုးရတရပ်ကို မတော်လှန်နိုင်ပါဘူး။ ကျူးဘားတော်လှန်ရေးမှာ ကက်စထရိုနဲ့ ချီတို့ အနိုင်ရခဲ့တာက ချီတို့ရဲ့ စွမ်းရည်တခုတည်းကြောင့် မဟုတ်ပါဘူး။ အစိုးရဘက်မှာ structural weakness တွေ ရှိနေချိန်နဲ့ ကိုက်ညီသွားတာကြောင့် ဖြစ်ပါတယ်။

နောက်တချက်က တော်လှန်ရေးသမားတွေဟာ အတွေးအခေါ်ရေချိန်နဲ့ စည်းလုံးမှုရေချိန်တွေမှာ ညီညီမျှမျှ ဖြစ်နေကြဖို့လဲ လိုပါသေးတယ်။ ဒီလိုမဟုတ်ပဲ ပုဂ္ဂလိက ခံစားမှုကို ဦးစားပေးတတ်တဲ့ တပ်မှူးတွေနဲ့ အတွေးအခေါ် ရေချိန်မညီတဲ့ တပ်မှူးတွေက ဦးဆောင်နေကြတဲ့အခါ အစိုးရတပ်တွေရဲ့ သပ်လျှိုဖြိုခွဲမှုတွေအကြားမှာ တဖွဲ့နဲ့တဖွဲ့ အကြား နားမလည်မှုတွေ ဖြစ်တာ၊ coordinating mechanism နဲ့ တပ်မှူးတွေအကြား ကွဲပြားမှုတွေ ဖြစ်တာကနေ ဟိုတစုကို ရန်သူက ချေမှုန်းလိုက်၊ ဒီတစုကို ရန်သူက သိမ်းသွင်းလိုက်တွေဖြစ်ပြီး ပြိုကွဲကျဆုံးမှုတွေ ဖြစ်လာတတ်ပါတော့တယ်။ ဒါတွေဟာ ချီသီအိုရီရဲ့ အားနည်းချက်တွေဖြစ်ပြီး၊ တခြားနိုင်ငံတွေမှာ အစိုးရတပ်တွေဘက်က အနိုင်ရသွားစေခဲ့တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ချီဂွေဗားရားရဲ့ foco သီအိုရီကနေပြီး ဆောင်စရာ၊ ရှောင်စရာ သင်ခန်းစာတွေ အများအပြား ထွက်ပေါ်လာတယ်လို့ ဆိုရပါမယ်။ ပထမအချက်က တော်လှန်ရေးတရပ်မှာ structural conditions တွေ ရှိဖို့ လိုအပ်ပါတယ်။ မရှိသေးရင်လဲ ဖန်တီးယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်က တော်လှန်ရေးဆင်နွှဲရာမှာ ကိုယ့်ဘက်က အားသာချက်တွေကိုပဲ ကြည့်ပြီး အင်အားကို overestimate လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူလူထုရဲ့ ရေချိန်၊ အစိုးရရဲ့ structural weakness စတာတွေကိုပဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

တတိယအချက်က တော်လှန်ရေးလုပ်ရာမှာ နည်းလမ်းတခုတည်းကိုပဲ တရားသေဆုပ်ကိုင်လို့ မရပါဘူး။ ကျေးလက်ပြည်သူကိုပဲ အခြေခံမယ်၊ မြို့ပေါ်က လူထုတိုက်ပွဲကိုပဲ အခြေခံမယ်ဆိုပြီး သတ်မှတ်လို့ မရပါဘူး။ အချိန်အခါနဲ့အညီ အောင်ပွဲကို ဦးတည်စေနိုင်မယ့် နည်းပရိယာယ်တွေကို ပြောင်းလဲ အသုံးချနိုင်ဖို့ လိုပါတယ်။ သပိတ်စုံ၊ သူပုန်ထဖို့ လိုအပ်ချိန်မှာ သပိတ်ပဲ စုံနေရင် ဖြိုခွဲခံရမှာပါပဲ။ သူပုန်ပဲ ထနေရင်လဲ ချေမှုန်းခံရမှာပါပဲ။ လိုအပ်သလို ပေါင်းစပ်ပါဝင်နိုင်ဖို့ကြိုးစားကြရမှာ ဖြစ်ပါတယ်။

စတုတ္ထတချက်ကတော့ တခါလောက် အောင်ပွဲရခဲ့တဲ့ အတွေ့အကြုံကို တရားသေဆုပ်ကိုင်ပြီး ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေရဲ့ သီအိုရီသဖွယ် အသုံးချလို့ မရဘူး ဆိုတာပါပဲ။ အတွေ့အကြုံနဲ့ သီအိုရီတွေက စနစ်တကျ ပေါင်းစပ် အသုံးပြုနိုင်မှသာ အသုံးဝင်ပါတယ်။ အတွေ့အကြုံရှိသူက ပြောတိုင်း လိုက်နာဆောင်ရွက်ရမယ့် အမှန်တရားလို့ မယူဆနိုင်ပါဘူး။ သီအိုရီသိသူက ပြောတိုင်းလဲ အမှန်တရားလို့ မသတ်မှတ်နိုင်ပါဘူး။ အချိန်အခါနဲ့ အခြေအနေပေါ်မှာ မူတည်ပြီး သင့်တော်မယ့် သီအိုရီသဘောတရားတွေကို လျော်ညီတဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်မှသာ အောင်ပွဲကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ခင်မမမျိုး (၂၃၊ ၈၊ ၂၀၁၀)

ရည်ညွှန်းကိုးကားစာရင်း

Cohan, A.S. (1975) Theories of Revolution: An Introduction, New York, John Wiley and Sons
Debray, R. (1967) Revolution in the Revolution? Armed Struggle and Political Struggle in Latin America, Westport, Greenwood Press, translated by Bobbye Ortiz

Foran, J. (1995) 'Revolutionizing Theory/ Theorizing Revolutions: State, Culture, and Society in Recent Works on Revolution', in Nikkie, R. K. (ed.) Debating Revolutions, New York, New York University Press

Guevara, C. (1985) Guerrilla Warfare, Lincoln, University of Nebraska Press, includes Guerrilla Warfare (1960) translated by J. P. Morray, Guerrilla Warfare: A Method (1963) , Message to the Tricontinental (1967), and an introduction and case studies by Brian Loveman and Thomas M. Davies, Jr.

McCormick, G. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998

Scott, J. C. (1976) The Moral Economy of the Peasant, New Haven, Yale University Press