Saturday, May 8, 2010

Kurt Campbell မြန်မာပြည် သွားဖြစ်မည်

VOA | အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာပြည်ကိုရောက်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အခုနှစ်အတွင်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း တရားဝင်ကြေညာပြီးနောက်မှာ ပထမဆုံး အဆင့်မြင့် အမေရိကန်အရာရှိတဦး အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ဟာ တနင်္ဂနွေနေ့မှာ မြန်မာပြည်ကို ရောက်မယ်ဆိုတဲ့ သတင်းကိုတော့ အမည်မဖော်လိုတဲ့ သံတမန်တချို့ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ ၀ိုင်ယာသတင်းတွေမှာ ဖော်ပြထားတာပါ။ မစ္စတာ ကန့်(မ်)ဘဲ(လ်)ဟာ ခရီးရောက်မဆိုက်ဘဲ နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။

နောက်တနေ့ တင်္လာနေ့မှာတော့ ရန်ကုန်မြို့မှာ အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ အမေရိကန် သံရုံးအရာရှိတွေက အကြောင်းကြားထားတဲ့အကြောင်း အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

"ရောက်မယ့်နေ့တွေဘာတွေတော့ ကျနော်တို့ အဲဒီလို မသိဘူး။ ကျနော်တို့ အဖွဲ့ချုပ် စီအီးစီ နဲ့တွေ့ဖို့ကိုတော့ သူတို့ တနင်္လာနေ့ နေ့ခင်းပိုင်းကို ချိန်းထားပါတယ်။"

မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ကတော့ သူ့အနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရမှသာ မြန်မာပြည်ကိုသွားမယ်လို့ အစောပိုင်းတုန်းက ပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ရန်ကုန်ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်လိမ့်မယ်လို့ သူနားလည်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

"တွေ့မယ်လို့ ကျနော် နားလည်တယ်လေ။ သူတို့ အဲဒီလို တိုက်ရိုက်တော့ ကျနော်တို့ကို ဒါ မပြောပါဘူး။"

မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) နေပြည်တော်ကို ရောက်နေတဲ့အချိန်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရမရ မသိရသေးသလို မြန်မာပြည်မှာ ဘယ်နှစ်ရက် ကြာမယ်ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။ အခုထွက်လာတဲ့ သတင်းတွေအရကတော့ သူ့အနေနဲ့ မြန်မာပြည်မှာ တနင်္ဂနွေနဲ့ တနင်္လာ နှစ်ရက်ပဲ ကြာမယ့် သဘောရှိပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကြံ့ဖွံ့ပါတီကြီး လာချေပြီ

ရဲဘော်ဖိုးသံချောင်း| ငယ်ငယ်တုန်းက ကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင်ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန် ရောက်တယ်ဆိုတာနဲ့ လူဆိုးအုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကိုဝင်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည်နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီဆိုတာကြီး ရွေးကောက်ပွဲခတ်ကွင်းထဲကို ဒုန်းစိုင်းဝင်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ်ကြုံးဝါးသံတွေလည်း ကြားနေရ သလိုလိုပါပဲ။

အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ဒီမိုကရေစီနဲ့ နိုင်ငံရေးလှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင်စနစ်ကနေ နောက်တလှမ်းဆုတ်နေတယ်ဆိုတဲ့ နအဖစစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင်အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ်စည်းရုံးစရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်းပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူမရှိရင် ဒင်းတို့အလိုအလျောက် အရွေးခံရပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့သတိပေးပါရစေ။ ဒီခေတ်ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင်သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။

တချို့လူတွေအဖို့တော့ ဗိုလ်သိန်းစိန်တို့နဲ့ ကြံ့ဖွံ့ ထွက်လာတာကြည့်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ထားတာလေးတွေကို ပြန်ရုပ်ကောင်း ရုပ်သိမ်းနိုင်ပေမယ့် ပြောထားတဲ့ စကားတွေကတော့ ပြန်ရုပ်လို့ မရတော့ပါဘူး။ သမိုင်း ဖြစ်သွားပါပြီ။

လက်တွေ့အခြေအနေက ပြနေတာကတော့ နအဖ စစ်ဗိုလ်တွေ အပြတ်လုပ်တော့မယ် ဆိုတာပါပဲ။ တလျှောက်လုံး ဥပဒေအထက်မှာနေခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ အခုကိုပဲ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို ခြေနဲ့ပြန်ဖျက်တာ၊ နိုင်ငံတော်ပိုင် ငွေတွေ၊ အဓမ္မကောက်ခံထားတဲ့ အလှူငွေတွေနဲ့ သူတို့ရဲ့ပါတီကို ပံ့ပိုးတာ၊ ဟိုးအရင် အစောကြီးကတည်းက ၀န်ထမ်းတွေ၊ ကျောင်းသားတွေကို ကြံ့ဖွံ့ထဲ အတင်းအကျပ် ၀င်ခိုင်းထားတာ၊ နယ်ဆင်းမဲဆွယ်နေကြတာ စတဲ့ မသမာမှုမျိုးစုံကိုလည်း တွေ့ခဲ့ကြရပါပြီ။ ဒီတကွေ့မှာ နအဖစစ်ဗိုလ်ချုပ်တွေဟာ အရှက်အကြောက်မှန်သမျှကို စွန့်လွှတ် လိုက်ပြီဆိုတာ ထင်ထင်ရှားရှားတွေ့နေရပါတယ်။ ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါတယ်ဆိုတာလို စစ်အာဏာရှင်တွေဟာ အာဏာကို တာရှည်ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်း လုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦး ပြောင်းတာကို လုပ်ရတာပဲ မဟုတ်ပါလား။ ဒီလိမ်ဆင်ကို လူထုက နောကျေနေမှန်းသိလျက်နဲ့ လုပ်လာတာတွေဟာ နအဖဗိုလ်ချုပ်တွေ ဘယ့်ကလောက် မျက်နှာပြောင်တယ်ဆိုတာအပြင် ဘယ့်ကလောက် မိုက်ရမ်းတော့မယ် ဆိုတာကိုလည်း ပြနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ရွေးကောက်ပွဲဆိုတာမှာ မဲဆန္ဒပေးသူတွေဟာ ဆန္ဒခံယူပွဲလို အဖြူအမည်းဆိုတဲ့ ရွေးချယ်စရာ နှစ်ခုအထဲက တခုကို ရွေးချယ် မဲထည့်ကြတာမဟုတ်ပါဘူး။ ၀င်ယှဉ်ပြိုင်တဲ့ ပါတီ အဖွဲ့အစည်းစုံ၊ လူစုံထဲက ရွေးချယ်ကြရတာဖြစ်ပါတယ်။ နောက်ပြီး ၀င်ပြိုင်သူတွေဟာလည်း ကိုယ့်ဂုဏ်သိက္ခာ၊ ဓနငွေကြေး၊ လူအင်အား၊ စိတ်အင်အား စတာတွေ အမြောက်အမြားကို ပုံအောရင်းနှီးပြီး ၀င်ပြိုင်ကြတာဖြစ်ပါတယ်။ ဒီတော့ ၀င်ပြိုင်သူတွေဟာ မတရားအညစ်ခံရလို့ ကြုံတွေ့ရတဲ့အရှုံးကို အလွယ်နဲ့ လက်ခံမှာမဟုတ်ပါဘူး။ ဒီလိုရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်ဖို့၊ ညစ်ဖို့ပြင်ထားတဲ့ နအဖရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကတဆင့် စပေ့စ်ရှာသူတွေ ဘယ်လိုဖြစ်ကြမယ် ဆိုတာကတော့ ငွေရောင်ပိတ်ကားကြီးပေါ်မှာ စောင့်ကြည့်ရမယ့် တကယ့်ပွဲကြီး ပွဲကောင်းဖြစ်မှာ မုချပါပဲ။

ဒီတခါရွေးကောက်ပွဲ ၀င်ပြိုင်ကြသူတွေထဲမှာ အက်စ်ဘီဆီက လက်ကိုင်ဖုန်း ရထားဖူးသူတွေ ပါသလို နအဖရဲ့အရင်မျိုးဆက် စစ်အုပ်စုကို ကိုယ်စားပြုတဲ့ တစညလို စစ်အရာရှိဟောင်းတွေလည်း ပါ ပါတယ်။ အဲဒီတော့ ကြံ့ဖွံ့က ညစ်တယ်ဆိုရင် ပထမ အမျိုးအစားဟာ ဘာမှပြောဝံ့မှာ မဟုတ်ပေမယ့် ဒုတိယအမျိုးအစားကတော့ ငြိမ်ခံကောင်းမှ ငြိမ်ခံနေပါလိမ့်မယ်။ ခက်တာက နအဖဘက်က ကြည့်ရင်လည်း လွှတ်တော်ထဲမှာ သူတို့လုပ်သမျှကို မြွေမြွေချင်း ခြေမြင်သလိုမြင်နေမယ့် တစည ကိုယ်စားလှယ်တွေထက် စိတ်တော်သိ ဘောင်းတော်ငြိမ့် ပထမအမျိုးအစားတွေကို ပိုတွေ့ချင်မှာ သေချာပါတယ်။ နို့ပေမယ့် နအဖက ခွင်လုံးကျွတ် အနိုင်စာရင်းပြဖို့ ဆုံးဖြတ်ထားရင်တော့ ဆန္ဒခံယူပွဲ နည်းလုပ်ချလိုက်မှာ သံသယဖြစ်စရာ မလိုပါဘူး။ ကြံ့ဖွံ့ကလွဲရင် အားလုံး ကန်တော့ဆွမ်းပဲဖြစ်တော့မှာပါ။ အဲ၊ ကံချော်မှားလို့ အနိုင်ရမိရင် ဗိုလ်သိန်းစိုး ကော်မရှင်ရဲ့ တင်းပုတ်နဲ့လွတ်အောင် ကြည့်သာရှောင်ပေတော့လို့လည်း သတိပေးလိုပါတယ်။

ဒီလိုအခါမှာ ပြည်တွင်းပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေဟာ ဒီရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်စောင့်ကြည့်နေကြမယ် ဆိုတာလည်း အထူးပြောစရာ မလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ အစကတည်းက ငါတို့ မပြောလားလို့ ပြောနိုင်ကြတော့မှာပါ။ တကယ်ကျတော့ ဒီနအဖ ဒါရိုက်တာလုပ်၊ မင်းသားလုပ်၊ လူကြမ်းလုပ်တဲ့ စည်းကမ်းရှိ ဒီမိုကရေစီလွှတ်တော် ဇာတ်ကားဟာ ဒီရွေးကောက်ပွဲအဆင့်မှာပဲ ကြည့်ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ မဆလတပါတီလွှတ်တော်လိုပဲ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ လက်မှတ်ထိုး-တံဆိပ်တုံးထုတဲ့ ရုံးတမျိုးသာ ဖြစ်သွားတော့မှာပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်ဟာ လွှတ်တော်ထဲမှာ ချောင်းကျယ်ကျယ် ဆိုးခွင့်ပြုရင်ပဲ မဆိုးတော့ဘူးလို့ပြောရတဲ့ ဘ၀ရောက်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ရေရှည်သဘောအရပြောရရင်တော့ ဒီရွေးကောက်ပွဲတွေရဲ့နောက်ပိုင်းမှာ နအဖအတွင်း သွေးစည်းညီညွတ်ရေးဟာ ပိုကောင်းလာစရာမရှိပါဘူး။ တပ်တွင်းက အထက်ပိုင်းလူနဲ့ တပ်ပြင် (အရပ်သား) အစိုးရထိပ်ပိုင်းက လူတွေအကြား ပခုံးချင်းယှဉ်တာ၊ အာဏာပြိုင်တာတွေ မုချဖြစ်လာမှာပါ။ ကြပ်ပြေးနေပြည်တော်ကို စစ်တိုင်းမှူးတွေလာချင်ရင် အရင် ခွင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပိုများလာမှာ သေချာပါတယ်။

တဖက်ကပြောရင်တော့ ကြံ့ဖွံ့ပါတီပေါ်လာတာဟာ နအဖဗိုလ်ချုပ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် တမတ်သားနဲ့ အားရမှာမဟုတ်ဘူးလို့ သတိပေးတာကို လက်မခံဘဲ ဘိန်းပြောင်းအိပ်မက် မက်နေသူတွေရဲ့ကျောကို ဗိုလ်ချုပ်တွေက ဖြန်းခနဲချလိုက်တာဖြစ်ပါတယ်။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ လွှတ်တော်ထဲမှာ အချေအတင် စကားပြောနေတာမျိုးကို လုံးဝမလိုလားပါဘူး။ မဆလခေတ်လွှတ်တော်နဲ့ ညောင်နှစ်ပင်ညီလာခံမှာလို “ဟုတ်ကဲ့” မှတပါး အခြားမကြားရပါဆိုတဲ့ အနေအထားမျိုးပဲ လိုချင်တာပါ။ အဲဒီအနေအထား မရောက်ရောက်အောင်လည်း သူတို့စိတ်ကြိုက် ကော်မရှင်နဲ့၊ သူတို့ထင်တိုင်း လုပ်နိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါပြီ။

နိုင်ငံရေးအာဏာဆိုတာဟာ မဲပုံးထဲကထွက်တာလား၊ သေနတ်ပြောင်းထဲကထွက်တာလားဆိုတာ မကြာမီမှာ မြင်ကြရ ပါတော့မယ်။ ၁၉၅၀ စုနှစ်များတုန်းက တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကပြခဲ့တဲ့ “အမတ်ရူးယိမ်း” ရဲ့ နောက်ခံ သီချင်းထဲက စာသားတကြောင်းလိုပဲ “အဝေးပြေးကြမည်၊ အမတ်ရူးကြီးများလာပြီ” လို့သာ အော်ဆို လိုက်ကြပါစို့လား။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Friday, May 7, 2010

သင်္ကြန်ဗုံးခွဲသူ မိပြီဟု ရဲချုပ်ခင်ရီ ရှင်းလင်း

VOA | ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနဲ့ ပတ်သက်သူ တဦးကို ဖမ်းမိထားပြီး ဒါဟာ ပြည်ပက အဖွဲ့အစည်းတွေ လက်ချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ခင်ရီက မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းကတော့ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့(VBSW) ဖြစ်တယ်လို့ ရဲချုပ်ခင်ရီက ဒီကနေ့ နေလယ်ပိုင်း တနာရီကျော်ကြာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဗုံးခွဲမှုမှာ ကိုယ်တိုင် မဟုတ်ပေမဲ့ ဘေးက စောင့်ကြည့်ပေးတဲ့ ပတ်သက်သူ ဖြိုးဝေအောင် ခေါ် မိုဟာမက် ယှဗန်ကိုတော့ ဖမ်းမိထားပြီး အခြား ၃ ဦးကတော့ လွတ်မြောက်သွားတယ်လို့ ရဲချုပ်ခင်ရီက ပြောပါတယ်။ သူတို့ဟာ VBSW အဖွဲ့ဝင်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် ABSDF၊ KNU စတဲ့ အဖွဲ့ အစည်းတွေက ပံ့ပိုးကူညီ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကတော့ ဒါကို ငြင်းပါတယ်။ ဒီဗုံးခွဲမှုဟာ စစ်အစိုးရ အ၀န်းအ၀ိုင်းထဲက ဖန်တီးမှု ဖြစ်တယ်လို့ သူက ပြန်လည်စွပ်စွဲခဲ့ပါတယ်။

“လုံးဝ မဟုတ်ပါဘူး။ ဒီဗုံးပေါက်ကွဲမှုကို ကျနော်တို့ ယုံကြည်တာကတော့ အဓိက တရားခံဟာ နအဖတွေ ကိုယ်တိုင်ပဲလို့ ကျနော်တို့ ယူဆပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ နအဖ စစ်ခေါင်းဆောင်တွေ ကြားထဲမှာ တဦးနဲ့တဦး မကျေလည်မှုတွေ၊ စီးပွားရေး ပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏတွေက တနေ့တခြား ကြီးထွားနေပါတယ်။ အခုလိုမျိုး ကုမ္ပဏီတွေ၊ ပြိုင်ဘက်တွေ ကြားထဲမှာ တဦးနဲ့တဦး တိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ဒီ့ထက်ပိုပြီး ဆိုးလာနိုင်တယ်လို့ပဲ ကျနော် ယူဆပါတယ်။

“အခု ဗုံးပေါက်ကွဲမှုမှာ အပြစ်မဲ့ ပြည်သူတချို့ သေဆုံး ဒဏ်ရာရကြတယ်။ ဒီဟာကြီးကို အကြောင်းပြပြီးတော့ မိမိနဲ့ နိုင်ငံရေး အယူအဆ မတူတဲ့လူတွေ၊ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့လူတွေ၊ တခြား မဆိုင်တဲ့လူတွေကိုပါ စွဲပြီးတော့ ဗုံးပေါက်ကွဲမှုရဲ့ တရားခံပါဆိုပြီး ပြောလာနိုင်ပါတယ်။ ပြောပြီး မတရား အပြစ်တွေပေးမယ်၊ ထောင်တွေကျမယ်။ ဒါတွေက နအဖ အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ်၊ အခုလည်း အဲဒါတွေ လုပ်နေတယ်လို့ ကျနော်တို့ကတော့ အချက်အလက်တွေ ရထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကြောင့် ဒီအခြေခံအောက်မှာ အဓိက တရားခံက နအဖပဲ။ ဒါတွေကို တာဝန်ယူရမယ်လို့ ကျနော် ဒီနေရာက တောင်းဆိုပါတယ်။”

အခု သတင်းစာ ရှင်းလင်းပွဲမှာတော့ သူတို့ဘက်က သက်သေ သက္ကာယတွေနဲ့ ပြနေပါတယ်၊ ဓာတ်ပုံတွေနဲ့ပေါ့။ ဖမ်းမိထားတာ တယောက်ရှိတယ်၊ ၃ ယောက် လွတ်မြောက်သွားတယ်ဆိုတော့ အဲဒီ သက်သေပြတာတွေနဲ့ ပတ်သက်လို့ရော ကိုသံခဲတို့ ဘာများ ငြင်းဦးမလဲခင်ဗျ။

“အခု သူပြောနေတဲ့ နာမည်တွေက ကျနော်တို့ အဖွဲ့အစည်းထဲမှာလည်း မရှိပါဘူး။ နောက်တခုက အခု ဖမ်းဆီးထားတဲ့လူရဲ့ နာမည်ကိုလည်း ကျနော်တို့ မသိပါဘူး။ ဒီဓာတ်ပုံတွေကိုလည်း အတည်ယူလို့ မရဘူးလို့ ကျနော် ယူဆပါတယ်။”

ကိုသံခဲတို့ ABSDF အဖွဲ့က နိုင်ငံရေးလမ်းစဉ် အပြင် စစ်ရေးလမ်းစဉ်လည်း ရှိထားတော့ အခုလိုမျိုး တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲ ဖျက်ဆီးမှုတွေမှာ သူတို့ဘက်က စွပ်စွဲမှုတွေ ရှိမလာနိုင်ဘူးလား ခင်ဗျ။

“မြန်မာပြည်မှာ ကျနော်တို့လိုမျိုး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ တဖွဲ့တည်း မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ပွဲနဲ့ အခုလိုမျိုး ပြည်သူလူထုကြားမှာ ဗုံးဖောက်ခွဲတာနဲ့က တခြားစီပါပဲ။ ကျနော်တို့ ယုံကြည်ထားတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက်ဆိုရင် ဖိအားတွေ လိုတယ်၊ အဲဒီဖိအားတွေမှာ နိုင်ငံရေးဖိအား လိုတယ်၊ နောက်တခုက စစ်ရေးဖိအားလည်း လိုတယ်၊ သံတမန်ရေး ဖိအားလည်း လိုတယ်။ ဒီဖိအားတွေ မရှိဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေလည်း မရနိုင်ဘူး။ ကျနော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အောက်က မလွတ်မြောက်နိုင်ဘူးလို့ပဲ ကျနော်တို့က ယူဆတာပါ။

“အဲဒီလို အနေအထား အောက်မှာ ပြည်သူလူထုကို ထိခိုက်တဲ့ လုပ်ငန်းမျိုးဆိုတာ ကျနော်တို့ အဖွဲ့အစည်းမှာ ရည်ရွယ်ချက်လည်း မရှိဘူး။ ကျနော်တို့က ပြည်သူလူထုဘက်က ကာကွယ်ဖို့၊ ဘယ်လောက် ကာကွယ်နိုင်မလဲ ဆိုတာပဲ ကြိုးစားနေရတာ ဖြစ်တယ်။”

မြန်မာနိုင်ငံထဲမှာတော့ အခုလို ပေါက်ကွဲမှုတွေဖြစ်တိုင်း တရားခံ ဘယ်သူလဲဆိုတာ အစိုးရဖြစ်စေ၊ အတိုက်အခံဖြစ်စေ ဘယ်အဖွဲ့ကမှ ကိုယ်တိုင် ၀န်ခံတာတော့ ရှားပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်လူထု ကြားမှာတော့ ဒါဟာ အစိုးရ အ၀န်းအ၀ိုင်းထဲက ဖန်တီးတာလို့ ယူဆမှု အတော်များများ ရှိနေပါတယ်။ ဗုံးမကွဲခင်ကတည်းက ဗုံးကွဲမယ်ဆိုတဲ့ သတင်းတွေ ကြိုပြီး ထွက်နေတယ်လို့လည်း ပြောကြပါတယ်။

အခု သတင်းစာ ရှင်းလင်းပွဲမှာတော့ ရန်ကုန် သင်္ကြန်ဗုံးအပြင် ကချင်ပြည်နယ် မြစ်ဆုံမှာဖြစ်တဲ့ ဗုံးပေါက်မှု ကိစ္စကိုလည်း အနည်းငယ် ထည့်သွင်းပြောပါတယ်။ အဲဒီဗုံးကို ဘယ်သူခွဲသလဲဆိုတာ အတိအကျ မပြောပေမဲ့ ဒီမတိုင်ခင် အဲဒီဒေသမှာ ဆိုင်ကယ်တစင်းပေါ်မိတဲ့ လက်ပစ်ဗုံးတွေနဲ့ အမျိုးအစား အတူတူပဲလို့ ပြောခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာပဲ အခု ဒီရက်ပိုင်း သတင်းသမားတွေ စောင့်စား နားစွင့်နေတဲ့ NLD ကိစ္စကိုလည်း အနည်းငယ် ပြောပါတယ်။ NLD အနေနဲ့ ထပ်ပြီး မှတ်ပုံမတင်ဘူး ဆိုရင်တော့ တရားမ၀င် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ မေးမြန်းတဲ့ NLD ဆိုင်းဘုတ်တွေ ဖြုတ်ချမလား ဆိုတာကိုတော့ အတိအကျ ဖြေဆိုသွားခြင်း မရှိပါဘူး။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, May 6, 2010

ပါတီ မပယ်ဖျက်မီ နောက်ဆုံးနေ့ ပါတီဝင်များ ဆုံတွေ့နှုတ်ဆက်

RFA | ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၁၉၈၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲဥပဒေ တရားမျှတမှု မရှိတာကြောင့် ပြန်လည် မှတ်ပုံမတင်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တဲ့အတွက် စစ်အစိုးရ ပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေသစ်အရ ဒီကနေ့ မေလ ၆ ရက်နေ့ဟာ ပါတီတရားဝင် တည်ရှိခြင်း နောက်ဆုံးနေ့ ဖြစ်ပါတယ်။



NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် ၂ဝဝ၆ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရှိရစဉ်။ (Photo: AFP)

ဒါကြောင့် ရန်ကုန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာ ဖွင့်ထားတဲ့ ပါတီဌာနချုပ်ကို ပါတီခေါင်းဆောင် အတော်များများလာကြသလို ပါတီဝင်တွေ၊ လူငယ်အဖွဲ့ဝင်တွေ၊ နယ်ရုံးခွဲတွေက အဖွဲ့ဝင်တွေ အတော်များများလည်း စုရုံးခဲ့ကြပါတယ်။

အဲဒီ စုရုံးပွဲမှာ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အဖွဲ့ဝင်တွေကို အနာဂတ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး မှာကြား ပြောဆိုခဲ့သလို၊ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကလည်း ဒီကနေ့ဟာ ပါတီ တရားဝင်ရပ်တည်ခြင်း နောက်ဆုံးနေ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမိုကရေစီရေးအရ နောက်ဆုံးရက်မဟုတ်ဘဲ မနက်ဖြန်တွေ များစွာရှိသေးတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ပွဲမှာ တက်ရောက်လာသူတွေထဲက တချို့ မျက်ရည်ကျကြသလို လူငယ်တွေကလည်း ရှစ်လေးလုံး လူထုအရေးတော်ပုံကာလက နာမည်ကျော် ကမ္ဘာမကြေဘူး သီချင်းကို သီဆိုကြတဲ့အကြောင်း ဦးဝင်းတင်ကပြောပါတယ်။

ဒီမြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် ပြောဆိုတာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, May 5, 2010

NLD မဖျက်သိမ်းဖို့ တားဝရမ်း လျှောက်လွှာ ပယ်ချခံရ

VOA | စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေအရ သူတို့သတ်မှတ်ထားတဲ့ ပါတီများ မှတ်ပုံတင်တဲ့ သတ်မှတ်ရက် ကျော်လွန်ရင် NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘော ဖြစ်နေတာမို့ ဒါကို တရားရုံးချုပ် အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက လျှောက်တင်ထားခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဘယ်လိုအကြောင်းပြချက်တွေနဲ့ ပယ်ချလိုက်တာလဲ ဆိုတာကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကနေ NLD ပါတီ မပျက်ြပယ်ဘူးဆိုတာ တားမြစ်ပေးပါဆိုပြီး တရားရုံးချုပ်မှာ လျှောက်လွှာ တင်ထားခဲ့တာနဲ့ နောက်တခါ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့အနေနဲ့ ဥပဒေအရ ရပ်တည်ပိုင်ခွင့်ကို ထိခိုက်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၁ (ခ) ဟာ အကျုံးမ၀င်ကြောင်း ကြေညာပေးဖို့ ပူးတွဲပြီး လျှောက်လွှာတင်ခဲ့ကြတာပါ။

အဲဒီလျှောက်လွှာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ညနေပိုင်းမှာ တရားရုံးချုပ်က အကြောင်းပြန်ခဲ့တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ဒီနှစ်မှုစလုံးနဲ့ ပတ်သက်ပြီးတော့ ၃ နာရီခွဲ၊ ၄ နာရီလောက်က ကျနော်တို့ကို တရားရုံးချုပ် ဒါရိုက်တာတဦးက ခေါ်တွေ့ပါတယ်။ ခေါ်တွေ့ပြီး ဒီလျှောက်လွှာတွေကို လက်မခံနိုင်ဘူး ဆိုပြီးတော့ မှတ်ချက်ရေးပြီး ပြန်ပေးပါတယ်။ မှတ်ချက်ရေးတာကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူး၊ General ပေါ့၊ အထွေထွေသဘော ပြောတယ်။ အဲတော့ ကျနော်တို့က မေးတယ်၊ ဘယ်ဟာတွေလဲ ဆိုတော့ သူက ဥပဒေတွေမှာ ဒီဟာတွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ နောက်တခု ရွေးကောက်ပွဲ ရလဒ်တွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ ဒါကြောင့် လက်မခံတာပါလို့ ကျနော်တို့ကို ဖြေပါတယ်။”

တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးကသာ လုပ်ပိုင်ခွင့် ရှိတာမို့ အခုလို တရားရုံးချုပ် ဒါရိုက်တာတယောက် အနေနဲ့ အဆုံးအဖြတ် ပေးပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလျှောက်ထားချက် ၂ ခုစလုံးအတွက် ဥပဒေလမ်းကြောင်းအရ လုပ်စရာရှိတာကို ဆက်လုပ်မယ့်အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့က Complain တခုတော့ တင်ပါမယ်။ အခုနေတော့ မပြောနိုင်သေးဘူး။ ဒီလို လက်မခံ၊ ပယ်တာကိုက နည်းလမ်းမကျဘူး ဆိုတာတော့ ကျနော်တို့ အကြမ်းဖျင်း ပြောလို့ရတယ်။ အကျဉ်းချုပ်ပြောရင် အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးက ဆုံးဖြတ်ရတာ။ Staff က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ အခြေခံကတော့ အဲဒါပဲ။ တရားသူကြီးမှာသာ ဒီအာဏာရှိတယ်လို့ ကျနော်တို့က ဒီလိုပဲ မှတ်ယူတယ်။”

ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတာ၊ နောက် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ဥပဒေတွေကို တမင် ရေးသားထုတ်ပြန်ခဲ့တာ၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ကန့်သတ်ချုပ်ချယ် ထားတာနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြုပြင်ရမယ့် အချက်တွေကို ပြင်ဆင် ပြုပြင်ပေးဆိုတဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရဘက်က လိုက်လျောခြင်း မရှိတဲ့အတွက် ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ NLD ပါတီက မှတ်ပုံမတင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချထားခဲ့ပြီး ဖြစ်ပါတယ်။


အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com/burmese

အပြည့်အစုံ ဖတ်ရန် ...

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သော မြန်မာ (၁၀၃) ဦး ဖမ်းမိ

မြတ်ခိုင်ဦး| ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ထုတ်ပေးတော့မည်မဟုတ်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် ဝင်ရောက်နေဆဲဖြစ်ပြီး ယခုလ (၃) ရက်တွင် မြန်မာပြည်သား (၁၀၃) ဦးအား ထိုင်းဒေသဆိုင်ရာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်တို့က ဖမ်းဆီးရမိသည်။

မေ (၃) ရက် ညနေ (၄) နာရီနှင့် (၇) နာရီအချိန်တွင် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသော မြန်မာပြည်သား (၁၀၃) ဦးအား ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ ဘူရားသုံးဆူလမ်းခွဲအနီး ထိုင်းကရင်လူမျိုးများနေထိုင်ရာ စနီဖောင်းကျေးရွာအ၀င်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူများသည် အသက် (၁၅) နှစ်မှ (၄၅) နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။

“လူအုပ်တွေ့တယ်ဆိုတဲ့ သတင်းရလို့ အာဏာပိုင်တွေက သွားရောက်ဖမ်းဆီးတာမှာ မေလ (၃) ရက် ညနေ (၄) နာရီမှာ ကျား (၉) ယောက် မ (၁၄) ယောက်၊ ပေါင်း (၂၃) ယောက်နဲ့ ညနေ (၇) နာရီမှာ ကျား (၃၁) မ (၄၉) ယောက်၊ ပေါင်း (၈၀) အားလုံးစုစုပေါင်း (၁၀၃) ယောက်ကို ဖမ်းမိတယ်” ဟု ထိုင်းအာဏာပိုင်သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက အတည်ပြု ပြောကြားသည်။

ယင်းသို့ဖမ်းမိရာတွင် ထိုသူများကို ခေါ်ဆောင်လာသော ပွဲစားကို မသိရဘဲ အဆိုပါပွဲစားသည် လူအုပ်အတွင်း ရောနှောသွားဖွယ် ရှိသည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပွဲစားနှင့်ဝင်ရောက်လာသူတို့သည် အဖမ်းခံရပါက (၃) ကြိမ်တိုင်တိုင် ပြန်လည်ပို့ဆောင်ပေးမည်ဟု အာမခံချက်ရှိသဖြင့် ပွဲစားအား ငွေထပ်မံပေးရခြင်း မရှိပေ။

အဖမ်းခံရသူများသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော မြို့နယ်တို့မှ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ကြခြင်းဖြစ်ပြီး ထိုသို့လာရောက်ရန်အတွက် တဦးလျှင် မြန်မာငွေ ကျပ် (၅) သိန်းစီ ပွဲစားအား ပေးအပ်ခဲ့ရကြောင်း၊ ၎င်းတို့အား လာရောက်ခေါ်ဆောင်မည့် ကားအလာကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယမန်နေ့ နံနက်တွင် အဖမ်းခံရသူများအား ဘုရားသုံးဆူနယ်စပ်သို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း အဆိုပါ ထိုင်းအာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း စားဝတ်နေရေး ကျပ်တည်းကာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အရွယ်ကောင်းပြီး အလုပ်လုပ်ကိုင်နိုင်သော မြန်မာပြည်သားများသည် ထိုင်း၊ မလေးရှား စသောနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် နယ်စပ်ဒေသအသီးသီးမှ ၀င်ရောက်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ ပြောင်း အလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး၊ တရားဝင်နှင့် တရားမ၀င် စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်းသည်။

ထိုင်းအစိုးရအနေဖြင့် ထပ်မံ၍ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ထုတ်ပေးတော့မည့် အစီအစဉ်မရှိကြောင်း ဧပြီလအတွင်းက အလုပ်အကိုင် ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးက အခိုင်အမာ ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်း ထိုင်း-မြန်မာနယ်စပ် တောင်ဘက်စွန်း ကော့သောင်း၊ ရနောင်းဒေသဘက်တွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးပြန်လည်ပို့ဆောင်မှုများ ရှိခဲ့သည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ၀ံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး

VOA | မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ။

စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်ဝတ်လဲတယ်၊ ရွေးကောက်ပွဲမှာ အရပ်သားတွေအဖြစ် ပါဝင်ဖို့ ပြင်ဆင်တယ် ဆိုတာမျိုးက ယျေဘုယျအားဖြင့်တော့ တိုးတက်မှုလို့ သုံးသပ်နိုင်ပါတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း ၀ံပုလွေက သိုးရေခြုံတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ တံခါးဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ သူက ဥပမာပေးပြီး အဓိက ပြောဆိုသွားတာပါ။

ဘယ်သူက ဘာဝတ်ထားတယ် ဆိုတာမျိုး၊ လူတွေရဲ့ ၀တ်စားဆင်ယင်မှုကို အခြေခံပြီး တိုးတက်မှုတခုလို့ သတ်မှတ်ချက်မျိုးထက် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ် ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေတာက ပွင့်လင်းတဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးဖို့ပါ။ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ အတွက်တင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ချင်တဲ့ လူအားလုံး အတွက်ပါ။ ဒီလို နိုင်ငံရေး အခွင့်အရေးတွေ ပေးနိုင်အောင် စစ်အစိုးရ ခေါင်းဆောင်တွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို သူတို့ လုပ်ဆောင်ဖို့ ၀န်လေးနေပါတယ်။”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်အောင် ကျင်းပဖို့ အမေရိကန် အစိုးရက တောင်းဆိုနေပေမဲ့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမယ့် လက်တွေ့ကျ ထိတွေ့ဆက်ဆံရေး မူကိုတော့ လောလောဆယ် ပြန်ပြီး သုံးသပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ စစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နိမ့်ကျနေတာကို တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဖွင့်ပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရပါလိမ့်မယ်။ အခု အရပ်သားအဖြစ် အသွင်ပြောင်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို နိုင်ငံရေး အခွင့်အရေးတွေ တံခါးဖွင့်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒါကို တိုးတက်မှုလို့ ပြောနိုင်ပါတယ်။”

ဒီအတောအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အာရှဒေသကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်နဲ့ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ပြောဆိုနေပါတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ် ခရီးစဉ်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ် ထပ်မံ သွားရောက်မယ်ဆိုရင် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမသွား အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ခရီးစဉ် အခု ရေးဆွဲနေဆဲဖြစ်ပြီး အတိအကျ သွားမယ့် နေရာတွေကိုတော့ နောက်မှ အသိပေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေရဲ့ အမေးကို ပီ.ဂျေ ခရော်လီက ပြောဆိုသွားပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...