Tuesday, May 4, 2010

မလေးရှား UNHCR ဘာလဲ ဘယ်လဲ

“ Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။
အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။
ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသားလူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ
“ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ”
ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင်ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့်ကင်းကွာနေပါသည်။ အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်းကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေးဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲနေထိုင်ရသော မြန်မာနိုင်ငံသားအား လုံးကို စာနာနားလည်မှုမပေးနိုင်သော မလေးရှား UNHCR အရာရှိတစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့်ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြ ရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသားအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်းဘ၀ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက်လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထားသေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက်နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့် ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့်ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများအပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်းအတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံး အတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကိုခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀
ပေးပို့သူ အားကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, May 3, 2010

မပြောင်းရွှေ့ချင်သည့် ကျေးရွာသားများ ဖိအားပေးခံနေရ


ပေါက်ပေါက် | ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသည့် ကျေးရွာများ နေရာရွှေ့ပြောင်းရမည်ဖြစ်ရာ ပထမဦးဆုံးအနေဖြင့် ကချင်ပြည်နယ်၊ တန်ဖရဲကျေးရွာမှ ရပ်ကွက် (၂) ခုအား ယခုလအတွင်း အပြီးပြောင်းရွှေ့ခိုင်းထားသည်။

တန်ဖရဲကျေးရွာတွင် ရပ်ကွက် (၆) ခုရှိရာ အမှတ် (၁) နှင့် (၂) ရပ်ကွက်အား ယခုလမကုန်ခင် အပြီးပြောင်းရွှေ့ ရမည်ဖြစ်ကြောင်း နယ်မြေတာဝန်ကျ စစ်တပ်က ပြီးခဲ့သည့် စနေနေ့တွင် သတိပေးပြောဆိုထားသည်ဟု တန်ဖရဲ ကျေးရွာသားက ပြောသည်။
၎င်းက “ရပ်ကွက် (၁) နဲ့ (၂) အရင်ပြောင်းလို့ ပြောတယ်။ ကျန်တဲ့ဟာလည်း ပြောင်းရမှာပေါ့။ အခုလောလောဆယ် အဲဒီရပ်ကွက် (၂) ခုကို အရင်ပြောင်းခိုင်းတာ။ သူတို့ပြောတာက နိုင်ငံတော် စီမံကိန်း နယ်မြေတွေဖြစ်လို့ အရင်ကတည်းက ရွှေ့ပြောင်းဖို့ ပြောထားပြီးပြီ။ ဒါကြောင့် အခုလို ရွှေ့ပြောင်းခိုင်းတာ၊ ဒါအမိန့်ပဲဆိုပြီး ပြောတယ်” ဟု ပြောသည်။

နေရာပြောင်းရွှေ့သူများအတွက် ကျိန်ခရန်ကျေးရွာ အနောက်ဘက်တွင် အေးရှားဝေါလ်ကုမ္ပဏီက တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်နေဆဲဖြစ်ပြီး ဒေသခံတို့မှာ မိမိတို့ ဘိုးဘွားစဉ်ဆက် နေလာခဲ့သည့်နေရာမှ မပြောင်းရွှေ့လိုကြောင်း ဆန္ဒထုတ်ဖော် တောင်းဆိုနေကြသည်။

နေရာ မပြောင်းရွှေ့ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းထံ လက်မှတ်ထိုး စာရေးတောင်းဆိုရန် ပြီးခဲ့သည့်လ အစောပိုင်းက စီစဉ်ခဲ့ကြသည့် တန်ဖရဲကျေးရွာသားများကို စစ်တပ်က ယမန်နေ့တွင် ခေါ်ယူမေးမြန်းမှုများ လုပ်နေသည်ဟု တန်ဖရဲကျေးရွာသားက ပြောသည်။

၎င်းက “လက်မှတ်ထိုးထားတဲ့သူတွေ၊ စာရေးတဲ့သူတွေကို စစ်တပ်က ခေါ်မေးတယ်။ ဘယ်သူလုပ်ခိုင်းတာလဲ၊ ဘာကြောင့် မပြောင်းချင်တာလဲ၊ အစိုးရလုပ်ငန်းတွေကို ကလန်ကဆန် လုပ်တာဟာ အစိုးရကို ဆန့်ကျင်တာ ဖြစ်တယ်၊ ဥပဒေအရ အရေးယူနိုင်တယ်ဆိုပြီး ပြောနေတယ်တဲ့” ဟု ပြောသည်။
ယခုလ (၁၇) ရက်က မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်း ဗုံးများပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသအတွင်းရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ အပါအဝင် ဒေသခံများကို ခေါ်ယူစစ်ဆေးမေးမြန်းနေချိန်တွင် ယခုကဲ့သို့ နေရာရွှေ့ပြောင်းပေးရန် ဖိအားပေးသဖြင့် ဗုံးပေါက်ကွဲမှုအပေါ် သံသယရှိနေကြောင်း မြစ်ကြီးနားမြို့ခံ ကချင် နိုင်ငံရေး သမားတဦးက ပြောသည်။

၎င်းက “ရွာသားတွေက မရွှေ့ချင်ကြဘူး။ အခု ဗုံးတွေပေါက်တာကို အကြောင်းပြုလို့ စစ်တပ်က ဟိုစစ် ဒီစစ်လုပ်တယ်။ ဟိုလူ့ဖမ်း ဒီလူ့ဖမ်းလုပ်တယ်။ ရွာသားတွေက သူတို့တွေကို ကြောက်နေချိန်မှာ အခုလို ဒါအမိန့်ပဲ ရွှေ့ရမယ်ဆိုပြီး လုပ်လာတော့ ဒီလို ရွှေ့ပြောင်းအောင် သူတို့ကိုယ်တိုင် ဗုံးတွေ ခွဲခဲ့တာလားဆိုပြီး သံသယ ဖြစ်နေကြတယ်။ ဘယ်သူခွဲခွဲ ရွာသားတွေကတော့ နေရာပြောင်းရဖို့ အကျပ်ရိုက်နေပြီ” ဟု ပြောသည်။

မေခ-မလိခ မြစ်နှစ်သွယ်ဆုံရာ၏ အောက်ဘက် (၃) မိုင်အကွာတွင် ရေကာတာတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမည့် စီမံကိန်းကို အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) တို့က ရင်းနှီး မြှုပ်နှံထားသည်။

မြစ်ဆုံဒေသအပြင် ချီဗွေအနီး မေခမြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူမည့် စီမံကိန်းများပါ ရှိနေပြီး အဆိုပါ စီမံကိန်းများကြောင့် ကျေးရွာ (၆ဝ) ခန့်နှင့် ဥယျာဉ်ခြံမြေများ ရေဝပ်ဧရိယာအဖြစ် ကျရောက်ပျက်စီးတော့မည်ဖြစ်သည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

ကေအန်အယ်လ်အေကို နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်


ရဲရင့် | ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီအချိန်အတွင်း နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင်တပ်မှူးတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ တပ်ရင်းအရာခံဗိုလ် ဗိုလ်ကြီးစောထိခုက “မနေ့တနေ့က ကျနော်တို့တပ်ရင်းနဲ့ နအဖတပ် ခမရ (၄၀၅) တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒါ သူတို့က ပြောက်ကျားလှုပ်ရှားတဲ့ ကျနော်တို့တပ်ရင်းကို ထပ်တိုက်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်၊ မကြာခင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ဖို့ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ခမရ (၄၀၅) အပါအ၀င် နအဖတပ်များ၏ထိုးစစ်ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် မိမိတို့တပ်များကိုလည်း တပ်လှန့်ထားသည်ဟု ဗိုလ်ကြီးစောထိခုက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က ဝေါ်လေဒေသရှိ ကနဲလေးရွာနှင့် မော်ဖိုးကလိုးရွာ အကြားတွင် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) နှင့် နအဖတပ် ခမရ (၄၀၅) တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခမရ (၄၀၅) ဘက်မှ (၁) ဦးကျဆုံးပြီး အချို့ဒဏ်ရာရရှိကာ ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) ဘက်မှ အရာခံဗိုလ် (၁) ဦး ကျဆုံးခဲ့သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ အရာရှိတဦးက “နအဖက တပ်တွေတိုးချထားတယ်။ ဒီခွင်မှာက ကေအန်အယ်လ်အေတပ်တွေ အပြင် နအဖရဲ့နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကို လက်မခံတဲ့ ဒီကေဘီအေက တပ်တချို့ရှိတယ်။ အဲဒီတပ်တွေကလည်း နအဖကို ရင်ဆိုင်ဖို့ စစ်ရေးပြင်တာတွေရှိတယ်။ ဒီခွင်မှာက အချိန်မရွေး စစ်ဖြစ်မယ့် အနေအထားရှိတယ်” ဟု ပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသား (၃၀၀) ကျော်သည် မကြာသေးမီရက်ပိုင်းမှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာကြကြောင်း၊ စစ်ပွဲများ ပြင်းထန်လာပါက အနည်းဆုံးဒုက္ခသည် (၁) သောင်းခန့် ထိုင်းဘက်သို့ ရောက်လာနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူသားချင်းစာနာထောက်ထား အကူအညီပေးသည့် အဖွဲ့များက ပြောသည်။

အဆိုပါ ဝေါ်လေဒေသတွင် ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် နအဖကွပ်ကဲရေးဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရတပ်များ အခြေချလှုပ်ရှားကြသည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Sunday, May 2, 2010

အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင် မင်းမူ - အပိုင်း ( ၂ )

ဆောင်းပါးရှင် - ဗိုလ်ရဲထက်

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့တွေ တပ်ပြင်လေ့ကျင့်ခန်း သွားတော့လည်း ဒင်းက လိုက်ဒုက္ခပေးသေးတာ။ စခန်းချရင် ကြက်ဆူပင်နဲ့ လွတ်အောင်ချရတယ်။ “တဲ” ဆောက်တာတောင် အဲလို သတိထားရတယ်။ ကမြင်းမသားကို ရှောင်နေရတယ်။ ကျန်တာ တွေဆို ပြောမနေနဲ့တော့။ တော်တော်လည်း အံ့သြဖို့တော့ ကောင်းတယ်ဗျ။ ကျန်တဲ့နေရာတွေတော့ မသိဘူး။ ကျနော်တို့ သွားသမျှ နေရာတွေမှာ ကြက်ဆူတွေချည်းပဲ။ သနားစရာ ကောင်းတာက အဲဒီဘက်က စိုက်ပျိုးရေးလုပ်တဲ့ ရွာသူရွာသား တွေပဲ။ သူတို့ခမျာ ဒေသထွက်ကုန် သီးနှံလည်း မစိုက်ရ။ အားအားရှိ အဲဒီ ကြက်ဆူချည်း စိုက်နေရတာ။ တကယ်ကို သူတို့ စစ်အစိုးရ ပြောသလို လုပ်နိုင်ခဲ့ရင်တော့ အကျိုးရှိတယ်ပေါ့ဗျာ။ ခုတော့ အားလုံး မြင်ကြတဲ့အတိုင်းပဲ။ ဘယ်မှာလဲ ဇီဝဒီဇယ်။

အဲဒီ ဇီဝဒီဇယ်တော့ မသိဘူး။ လောလောဆယ် ကျနော်တို့ နိုင်ငံမှာ စက်သုံးဆီတွေကော ကိုယ့်နိုင်ငံက များများစားစား ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကော ဈေးတွေမြင့်လို့ အများစုက ၀ယ်မသုံးနိုင်ဘူး။ ဒီလို အခြေအနေမှာ ဒီကြက်ဆူကို စိုက်တော့ ပုံမှန်ပြင်ဦးလွင်ဘက်က ထွက်တဲ့ သီးနှံတွေလည်း အရင်လောက် အထွက်မများတော့ ၀ယ်လိုအားက များပြီး ရောင်းလိုအား ဖြစ်တဲ့ ကုန်ပစ္စည်းက နည်းသွားတယ်။ ဒီတော့ ဈေးတွေတက်တယ်။ ဒါ့အပြင် တကယ်စိုက်ပျိုးနေရတဲ့ တောင်သူတွေမှာလည်း အရင်လောက် မစိုက် နိုင်တော့ ရှုံးတယ်။ ဒီတော့ မိအေး (၂) ခါနာတင် မဟုတ်ဘူး။ (၃၊ ၄) ခါလောက်နာနေတာ။ နောက်ဆုံး ဘယ်သူတွေပဲ နစ်နာလဲ။ ဒီပြည်သူလူထုပဲ မဟုတ်လား။


ကြက်ဆူပင် တစ်ပင်ပုံ

ကြက်ဆူများ ဒုက္ခပေးလိုက်တာနော်… တနိုင်ငံလုံးကိုပဲ။ ကျနော်တို့ကိုပဲကြည့်။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်နည်း ဗျူဟာတွေ လေ့လာနေရမယ့်အစား ကြက်ဆူကို သဲကြီးမဲကြီး စိုက်နေကြရတယ်။ ကျနော်ပြောသလိုပေါ့ဗျာ၊ ဖြစ်လာရင် တော့ အကျိုးရှိပါတယ်။ အခုတော့ ဘာမှဖြစ်မလာတာဘဲ။ ကျနော်တော့ ဒီလိုလုပ်ခဲ့ရတဲ့ အင်အားတွေ၊ အချိန်တွေကို အရမ်း နှမြောတယ်။ ဒါကထား။ ကျနော်တို့ ဒီလိုနဲ့ ဒုတိယနှစ် တစ်နှစ်လုံး ပင်ပန်းကြီးစွာ လုပ်ခဲ့ရတဲ့ ကြက်ဆူခင်း (ကြက်ဆူကုန်း) ကိုဗျာ၊ ကျနော်တို့ရဲ့ ခေါင်းရှောင်များက အာဆီယံ စက်ပစ်ကွင်း လုပ်မှာမို့တဲ့။ ကျနော်တို့ ခွင့်ပြန်နေတုန်း ပြန်ဖျက်ထားပြီး တပ်ခွဲလိုက်ကို ပြန်ပို့ထားတယ်။



လုပ်ရက်တယ်ဗျာ။ တစ်နှစ်လုံး ပင်ပင်ပန်းပန်း လုပ်ထားသမျှက ဘာမှကို မဟုတ်တော့ ဘူးလား။ ဒီလိုနဲ့များ ပြီးသွားမယ် ထင်လား။ မထင်လိုက်ပါနဲ့ဗျာ။ ဘယ်ကိုရွေ့တယ် ထင်တုန်း။ အနောက်ဖက်က အမှိုက်ကျင်း ရွာဘက်ကို ရွေ့လိုက်တယ်။ ဒီလိုရွေ့တော့မှ ပိုဆိုးသွားတယ်။ သွားရွေ့တဲ့ နေရာက သင်္ချိုင်းကုန်းဟောင်းကိုလေ။ တချို့နေရာတွေဆို တူးရင် အရိုးတွေ ပါထွက်လာတာ။ အဲဒီအချိန်မှာတော့ ကျနော်တို့က နောက်ဆုံးနှစ်ဆိုတော့ ကိုယ်တိုင်တော့ မလုပ်ရတော့ဘူး။ ကျနော်က ပထမနှစ်တာဝန်ခံ တပ်စု (၂) တပ်စုမှူးလေ။ (ကြုံတုန်းလေးကြွားတာ) ဒီတော့ ပထမနှစ်တွေ သွားရတဲ့ လူမှုဝန်ထမ်းနေရာ ကို ကြီးကြပ်ဖို့ လိုက်ရတယ်။

စာမေးပွဲအတွင်းတောင် လိုက်ဒုက္ခပေးတာဗျာ။ စာလည်း ကောင်းကောင်း မကျက်ရ။ တကယ်ကိုပါပဲ။ အင်း… ပြန်စဉ်းစား လိုက်တော့ အစိုးရရဲ့ ချမှတ်လိုက်တဲ့ ပေါ်လစီကို လိုက်ပါ အကောင်အထည်ဖေါ်ပေးရတဲ့ ကျနော်တို့ တပ်မတော်သားတွေနဲ့ ပြည်သူတွေမှာသာ အတိဒုက္ခ ရောက်ကြရတယ်။ တပ်မတော်သားတွေမှာလည်း ဒီကြက်ဆူကိုစိုက်ဖို့ လုပ်အားတွေ ပေးခဲ့ ရတယ်။ နိုင်ငံ့ဝန်ထမ်းတွေကော ပြည်သူလူထုကော။ ကဲ… အဲဒီတုန်းက လုပ်ခဲ့ကြရတဲ့ လုပ်အားရဲ့ အသီးအပွင့်တွေက ဘယ်မှာလဲ။ ဘာလဲ။

ကနေ့နိုင်ငံတော်မှာ ရင်ဆိုင်နေရတဲ့ စက်သုံးဆီ ပြဿနာကို ဖြေရှင်းပေးနိုင်ပြီလား။ သဘာဝဓါတ်ငွေ့ ပြဿနာကို ဖြေရှင်းပေးနိုင်လား။ နောက်ဆုံးတော့ ဘာဖြစ်လာလဲ။ သိတဲ့ အတိုင်းပဲလေ။ ဒီကိုယ့်ဘာသာကိုယ် တက်လုပ်တဲ့ အစိုးရရဲ့ ထုံးစံပေါ့။ ကောက်ရိုးမီးလို ခဏလောက်ပဲ “၀ုန်း” ဆိုပြီး တောက်လိုက်တာ၊ နောက်ကျတော့လဲ ဘာမှ မဟုတ်ခဲ့သလိုပဲ။ အကောင်အထည် ဖော်တယ်ဆိုရင် တကယ် သူများနိုင်ငံတွေမှာလို လက်တွေ့ အကျိုးရအောင် လုပ်တာလဲ မဟုတ်၊ အေးပေါ့လေ စွဲနေတဲ့ အကျင့်ဆိုး For Show အတွက်ပဲကိုး။ လက်တွေ့မှာကော အုပ်ချုပ်လာတဲ့ နှစ် ၂၀ ကျော်မှာ ဘာများ ထိထိရောက်ရောက် လုပ်ပေးနိုင်တာမှတ်လို့နော။ ဘန်းပြကောင်းရုံလောက်ကိုပဲ လိုက်လုပ်နေတာ။ လမ်းတွေ ဖောက်တယ်၊ လမ်းမိုင် ဘယ်လောက်ထိ တိုးချဲ့နိုင်ခဲ့တယ်၊ တံတားတွေ ဆောက်တယ်၊ တံတားအဆင်းပေါင်း ဘယ်လောက်ထိ ဆောက်နိုင်ခဲ့ပြီ။ ဟုတ်ပြီ အဲဒီရဲ့ရလဒ် ကုန်ဈေးနှုန်းတွေ ကျခဲ့ပါသလား။

ဆေးရုံတွေ ဘယ်နှစ်ရုံထိ တိုးချဲ့ဆောက်လုပ်နိုင်ခဲ့ပြီ။ ဟုတ်ကဲ့… ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် အာမခံချက် ပေးနိုင်ပါပြီလား။ ပြည်သူ့ဆေးရုံလား။ အသပြာဆေးရုံလား။ ငွေမှမရှိရင် ကျန်းမာရေး မကောင်းရဲရလောက်အောင် ဖြစ်နေတဲ့ ကျနော်တို့တိုင်းပြည်မှာ ဆေးရုံတွေ အသစ်ဆောက်နိုင်ဖို့က ပိုအရေးကြီးနေလား။ လူပြိန်းတောင် တွေးသိ ပါတယ်။

တက္ကသိုလ်ကျောင်းပေါင်း ဘယ်လောက်ထိ ဆောက်လုပ်နိုင်ခဲ့ပါတယ်၊ ဟုတ်ကဲ့… ဆောက်လုပ်မှုနဲ့အတူများ ပညာရေးစနစ် မြင့်မားလာခဲ့ပါသလား။ ပိုက်ဆံမရှိလို့ ကျောင်းမတက် နိုင်တဲ့ ကလေးတွေ ကျနော်တို့နိုင်ငံမှာ တောင်ပုံရာပုံပါ။ ကဲ… ဒါတွေထားတော့။ ကြက်ဆူကို မစိုက်မနေရ စိုက်ရမယ်ဆိုလို့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ကြက်ဆူပင်တွေကို ဘဏ္ဍာငွေသုံးပြီး ၀ယ်ခဲ့ကြရတယ်။ တပ်တွေမှာလည်း ထို့နည်းတူစွာပဲ။ တပ်ပိုင်ငွေတွေကို တကယ့်လက်တွေ့ အသုံးချရမယ့် မိမိတပ်မိသားစုတွေရဲ့ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးရမယ့်အစား ဒီကြက်ဆူပင်တွေကို ၀ယ်ခဲ့ကြရတယ်။ ဒီလောက်ထိ ငွေအား လူအား သုံးခဲ့ကြရပြီး ဘာမှဖြစ်မလာတော့ ရင်နာတယ်။

အဲဒီအတွက် နောက်ဆုံး ရလဒ်က ဘာလဲဆိုရင် -

(၁) ဒီကြက်ဆူပင်တွေကို မိမိတို့ဌာနဆိုင်ရာ ငွေတွေထဲက ၀ယ်ခဲ့ကြရတဲ့အတွက် တကယ်အသုံးချကြရမယ့် မိမိတို့ဌာနဆိုင်ရာ လုပ်ငန်းတွေအတွက် သုံးဖို့ငွေတွေ ဆုံးရှုံးရတယ်။

(၂) ဌာနဆိုင်ရာ အလိုက်ကော ပြည်သူတွေအနေနဲ့ပါ အင်အားသုံးပြီး လုပ်ခဲ့ကြရတဲ့အတွက် အင်အားဆုံးရှုံးတယ်။

(၃) အဲဒီအပေါ်မှာ အာရုံစိုက်ပြီး လုပ်ခဲ့ကြရတဲ့အတွက် မိမိတို့ရဲ့ သက်ဆိုင်ရာလုပ်ငန်း အလိုက်ကို ပစ်ထားကြရလို့် ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ရတယ်။

(၄) ကျနော်တို့ ဗိုလ်လောင်းတွေအနေနဲ့ ဆိုရင်တော့ နိုင်ငံတော်ကို အမှန်တကယ် အကျိုးပြုနိုင်မယ့် ပညာတွေကို လေ့လာနေကြရမယ့် အချိန်တွေ ဆုံးရှုံးခဲ့ရတယ်။

(၅) တပ်မတော်အနေနဲ့ကလည်း မရောင်ရာဆီလူး အကျိုးရှိမယ့် တပ်လုပ်ငန်းတွေ သက်သာချောင်ချိရေး ကိစ္စတွေမှာ အသုံးလျှော့ခဲ့ရတဲ့အတွက် နဂိုကမှ အဆင်မပြေတဲ့ တပ်မိသားစုများဟာ ပိုပြီး ဒုက္ခရောက်ခဲ့ကြရတဲ့အပြင် ကောင်းမွန်လှတဲ့ တပ်ရဲ့ ပေါ်လစီတွေထဲက စိုက်ရမဲ့ အိမ်သီးနှံ (၁၀) မျိုး (၁၀) ဘောင် အစား ဒီကြက်ဆူကိုသာ စိုက်နေ ရတဲ့အတွက် မီးဖိုချောင်ကိစ္စတွေမှာပါ ထိခိုက်နစ်နာရာ ရောက်ခဲ့တယ်။

တကယ်လို့သာ ဒီနေ့လို အခြေအနေမှာ စတင်ဆောင်ရွက်စဉ်က ပြောသလို အမှန်တကယ် ဆောင်ရွက်နိုင်ခဲ့မယ် ဆိုရင်တော့ ဒီဆုံးရှုံးမှု ဆိုတာ ဘာမှမဟုတ်တော့ပဲ ကြီးမားတဲ့ အောင်မြင်မှုအတွက် မှန်ကန်တဲ့ ရင်းနှီးမှုလို့ ပြောလို့ရပေမဲ့ ခုတော့ အများမြင်ကြတဲ့အတိုင်း ၄ နှစ် ကျော်ခဲ့ပါပြီ။ ဘယ်မှာလဲ ဇီဝဒီဇယ်။ လတ်တလော နိုင်ငံတော်မှာ ကြုံတွေ့နေ ရတာကတော့ဖြင့် စက်သုံးဆီ ဈေးနှုန်းမြင့်မားမှု၊ သဘာဝဓါတ်ငွေ့ ဈေးနှုန်းမြင့်မားမှုတွေကြောင့် ကိုယ့်တိုင်းပြည်ကထွက်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို ကိုယ့်ပြည်သူတွေ မသုံးစွဲရတာကတော့ဖြင့် နိုင်ငံတော်ရဲ့ စေတနာပေါ့နော်။ ဒီအစိုးရ တော်လို့ နေမှာပေါ့နော်။ အစိုးရစီမံကိန်းဝင် ကြက်ဆူပင်တွေကြောင့် နစ်နာမှုတွေ များလှတဲ့အပြင် လူဖြစ်ရှုံးတဲ့ တိုင်းပြည်ပါဆိုရင် ဘယ်သူငြင်းမလဲ။

ကဲ….စာဖတ် ပရိတ်သတ်ကြီးတို့ရေ…ဒါတွေကတော့ ကျနော်တို့ ဗိုလ်လောင်းတုန်းက နှစ်ပါးသွားခဲ့ရတဲ့ ကြက်ဆူကို ကျနော်သိသလောက်နဲ့ ဥာဏ်မှီသလောက် သုံးသပ်တာပါနော်။ စာဖတ် ပရိတ်သတ်ကြီးမှာတော့ဖြင့် ဒီ့ထက်ကို ကြီးမားတဲ့ (ကြက်ဆူနဲ့ ပတ်သက်လို့ပေါ့နော်) အတွေ့အကြုံတွေနဲ့ သင်တို့ရဲ့ ဉာဏ်နဲ့ဆို ဒီထက်ကို ပိုပြီး နစ်နာမှုတွေကို သိရှိကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါကြောင့် ကျနော်သိထားတာလေးပေါ့လေ.… မှန်တယ် မှားတယ်တော့ ကျနော့်ထက်ကို အသိဉာဏ် ပိုမိုပြည့်ဝတဲ့ စာဖတ်ပရိတ်သတ်ကြီးက ပိုပြီးသိထားကြမှာပါ။ နောက် ကျနော် သိထားတာကတော့ “ အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင် မင်းမူတယ် ” ဆိုတာလေးပါပဲ။ သဘောကတော့ အင်္ဂါ၊ တနင်္လာ နှစ်ခုကို “ကြက်ဆူ” လို့ ခေါ်တဲ့ တနင်္လာ၊ အင်္ဂါနဲ့ ကတ်ကင်းရိုက်ပြီး ယတြာချေထားတယ်ဆိုပဲ။ ဟုတ်တယ် မဟုတ်တယ်ကတော့ စာဖတ် ပရိတ်သတ်များ စဉ်းစားကြပါကုန်။ အော်… ရူးလည်း ရူးပါပေ့ အာဏာရူးရယ်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

မြစ်ဆုံဗုံးကွဲအပြီး ရပ်ကွက်တချို့ ရွှေ့ပြောင်းခိုင်း

RFA | ပြီးခဲ့တဲ့လက မြစ်ကြီးနားအထက်ဖက် မြစ်ဆုံ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပတ်သက်ပြီး အနီးအနား တန်ဖရဲ ကျေးရွာက ရပ်ကွက်တချို့ကို အာဏာပိုင်တွေက ရွှေ့ပြောင်းခိုင်းနေသလို စစ်ဆေးမေးမြန်းတာတွေလည်း ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီနှင့် ပူးတွဲပြီး မြစ်ဆုံရေကာတာစီမံကိန်း ဆောင်ရွက်နေသည့် Asia World ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦး ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲပြီး ပျက်စီးသွားပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)

တန်ဖရဲရပ်ကွက် စုစုပေါင်း ၆ ရပ်ကွက် ရှိတဲ့အထဲက ရပ်ကွက် (၁) နဲ့ (၂) ကို ဒီလမကုန်ခင်မှာ အတင်း ရွှေ့ပြောင်းခိုင်းနေကြောင်း ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝါက အာအက်ဖ်အေ ကို ပြောပြပါတယ်။

မြစ်ဆုံဗုံးကွဲမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားခံကို ခုချိန်အထိ မဖော်ထုတ်နိုင်သေးသလို ရှာဖွေ စစ်ဆေးတာတွေလည်း အခုအချိန်အထိ ဆက်လက်ရှိနေဆဲပဲလို့ ဦးအောင်ဝါက ဆက်ပြောပြပါတယ်။

ဦးအောင်ဝါ။ ။'ကေအိုင်အေမှာ စစ်မှုထမ်းနေတယ်လို့ သိတဲ့ မိသားစုတွေဆိုရင် သူတို့နဲ့ ဆက်စပ်တဲ့ မိသားစုတွေရဲ့ နေအိမ်ခြံဝင်းတွေကို ပေါက်ပြားနဲ့ တူးဆွပြီး ဗုံးရှာတယ်။ နောက်တခုက ဒီကနေ့မနက် ခပ်စောစော ၂ နာရီလောက်မှာ စစ်သား ၂ဝ ကနေ မြစ်ကြီးနား ဆက်သွယ်ရေးရုံးမှာ အဆင် ၄ဝ နှစ်နဲ့ ဘီတူး ၄၃ နှစ်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်'

ဗုံးကိစ္စနဲ့ ပတ်သက်လို့ မြစ်ကြီးနား၊ ဝိုင်းမော်ဒေသအပြင် အဲဒီမြစ်ဆုံမှာရှိတဲ့ တန်ဖရဲ ရွာသူရွာသားတွေ အဓိက အစစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီဗုံးဟာ ရွာသားတွေနဲ့ ဘာမှမဆိုင်ဘဲ အလုပ်ပျက် အကိုင်ပျက်နဲ့ အစစ်ဆေး ခံနေရတာကြောင့် ရွာသားတွေ အခက်အခဲဖြစ်နေတယ်လို့ တန်ဖရဲရွာသားတဦးက ပြောပါတယ်။

ရွာသားတဦး။ ။'ရွာသားတွေက ငါးမိုင်းတောင် မခွဲတတ်တဲ့လူတွေက ဘယ်လိုလုပ် ဒီလို ပတ်သက်လာမလဲ။ သူတို့ ပြောချက်အရဆိုရင် ဒါ တကယ့် High Tech အဆင့်မြင့်တယ်လို့ ပြောရမှာပေါ့။ အဲဒီတော့ ရွာသားတွေနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး။ ရွာထဲက ပြောတဲ့လူတွေက သူတို့ပဲ ဖြစ်နိုင်တယ် ပြောတာပေါ့။ အများပြောတဲ့ အသံတွေပေါ့။ ရွာထဲက လက်လုပ်လက်စား များတယ်ပေါ့။ အလုပ်တွေလည်း ပျက်ကုန်ပြီ။ အခု ဘာမှ လုပ်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ကိုယ့်ရဲ့တောင်ယာခုတ်တယ်။ ပြီးတော့ ဈေးရောင်းတာတို့၊ ရွေကျင်တာတို့။ အခု သူတို့အလုပ်တွေလည်း မသွားရဲဘူး။ ခဏခဏ ခေါ်ယူ စစ်ဆေးမေးမြန်းတယ်ဆိုတော့ ကြောက်သွားတာပေါ့'

စစ်ဆေးမေးမြန်းသူတွေဟာ ပါးရိုက်တာ၊ လက်သီးနဲ့ထိုးတာ သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တာတွေအထိ နောက်ပိုင်း လုပ်လာတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလက စလို့ ရန်ကုန်၊ ကော့ကရိတ်၊ ရှမ်းပြည် ၁ဝ၅ မိုင်၊ လွိုင်ကော်၊ ကျောက်တံခါး စတဲ့နေရာတွေမှာ ဗုံးတွေ ပေါက်ကွဲခဲ့ပေမယ့် ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာကို မြန်မာစစ်အစိုးရက အခုအချိန်အထိ ဖော်ထုတ်ကြေညာတာ မရှိသေးပါဘူး။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Saturday, May 1, 2010

ပဲခူးတိုင်း ကျောက်တံခါးမှာ ဗုံးပေါက်ကွဲ

VOA | ပဲခူးတိုင်း ကျောက်တံခါးမြို့ပေါ်က စက်မှုလယ်ယာဝင်းထဲမှာ သောကြာနေ့ ညတုန်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အခုချိန်ထိ လူအသေအပျောက် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာတွေထဲက ဒါဟာ နောက်ဆုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

ကျောက်တံခါး မြို့နယ် စက်မှုလယ်ယာ ၀င်းအတွင်း သောကြာနေ့ည ၁၀ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း မြို့ခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"မနေ့က ၃၀ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ ကျောက်တံခါးမြို့ရဲ့ မြောက်ဘက် အမှတ် (၇၀) စက်မှုလယ်ယာပေါ့။ စက်မှုလယ်ယာ ဆိုတာ လယ်ထွန်စက်စခန်းပါ။ အဲဒီစက်မှုလယ်ယာဝင်းထဲမှာ ရှိတဲ့ လယ်ထွန်စက်ကြီးအောက်မှာ ထောင်ထားတဲ့ ဗုံးကွဲတာ။ ၁၀ နာရီခွဲမှာ ကွဲတယ်။ ကွဲတော့ အချိန်က လူသွားလူလာလည်း မရှိတော့ဘူးလေ။ နောက်ပြီးတော့ ဒီဝင်းထဲမှာ စက်တွေပဲထားတာဆိုတော့ လူအထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ဒီစက်ကြီးနဲ့ အပေါ်က အမိုးနဲ့တော့ ပျက်စီးသွားတာပေါ့။ အဲဒါပြီးတော့မှ နောက် အချိန်အတော်လေး ကြာပြီးသွားတော့ ခုနကဖြစ်သွားတဲ့နေရာနဲ့ ကိုက် ၇၀ ၀န်းကျင်လောက်မှာ မြေပြင်ပေါ်မှာပဲ နောက်တလုံး ထပ်ကွဲတယ်။ အဲဒါလည်း လူ အထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ပေါက်ကွဲမှုဖြစ်သွားတဲ့ အနေအထားကိုပဲ သိရသေးတယ်လေ။ ကျန်တာကတော့ဗျာ ခေါ်ယူစစ်ဆေး မေးမြန်းမှု တို့ကတော့ အခုချိန်အထိတော့ မကြားသေးဘူးခင်ဗျ။"

အခုချိန်ထိတော့ ဒီပေါက်ကွဲမှုကြောင့် အသေအပျောက် ရှိတယ်လို့ မကြားရသေးဘူးလို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဗုံးပေါက်ကွဲမှုတွေ အနှံ့အပြား ဖြစ်ပေါ်နေတာမို့ လူထုအကြား ထင်ယောင်ထင်မှား ပြောဆိုမှုတွေ ကလည်း အမျိုးမျိုး ထွက်ပေါ်နေတယ်လို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြပါတယ်။

"ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ စဉ်စားကြည့်တာက ဒီအချိန်မှာ ကျနော်တို့က သတင်းဌာနတွေကလည်း ကြားနေရတယ်ဗျ။ အဲဒီလို ဗုံးကွဲတာတွေ ကြားနေရတယ်။ အချိန်ကလည်း တိုက်ဆိုင်နေတယ်လေ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖို့ကြိုးစားနေတဲ့အချိန်၊ နောက်တခုက သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းမှုမရတဲ့အချိန် တင်းမာနေတဲ့အချိန် ပေါ့နော်။ ဒီလို အချိန်မျိုးတွေမှာ အခုလို ဒီနယ်ဘက်ပေါ့နော်။ ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါးနယ်ဘက်မှာ ဗုံးကွဲတယ်ဆိုတော့ ဒီနယ်ဘက်က လူတွေကတော့ စိုးရိမ်တာပေါ့။ နောက်တခုက ဒီလို ဗုံးကွဲတယ်ဆိုရင် နီးစပ်ရာလူတွေကို ခေါ်ပြီးတော့ စစ်ဆေးတာတို့ ကလည်း ရှိတော့ မဆိုင်သူတွေ အနေနဲ့လည်း စိတ်ညစ်ရတာပေါ့ဗျာ။"

အထူးသဖြင့်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စစ်အစိုးရက ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြတ်နေ့တုန်းက ရန်ကုန် ကန်တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာတော့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ စစ်အစိုးရက တရားဝင် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ လူ အသေအပျောက် အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့က ရဲစခန်းအတွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ရဲအရာရှိတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

လက်ရှိဝန်ကြီးချုပ် ပါတီထောင်သည့်ကိစ္စ ဥပဒေကို ချိုးဖောက်

VOA | မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်လာတာဟာ ကိုယ်ပြန်ဌာန်းထားတဲ့ ဥပဒေဆိုတာကို ကိုယ်တိုင်ပြန်ပြီး ချိုးဖောက်တာပဲဖြစ်တယ်လို့ အခြေခံဥပဒေ ရေးရာ ကျွမ်းကျင်သူ ဥပဒပညာရှင်တယောက်က ဝေဖန် ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အားနည်းစေသလို ရွေးကောက်ပွဲဝင်မယ့် တခြားပါတီတွေအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ စစ်တပ်ရာထူး ကနေ အနားယူပြီး ဦးသိန်းစိန်အဖြစ် ပြောင်းလဲလိုက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သူအပါအ၀င် တခြား စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ နိုင်ငံရေး ပါတီတခုကို ဖွဲ့စည်းလိုက်တာပါ။ အဲဒီပါတီရဲ့ နာမည်ကလဲ မြန်မာစစ်ကောင်စီက လူမှုရေးအဖွဲ့အစည်းဆိုပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း (USDA) နဲ့ နာမည်ဆင်တူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်နေပါတယ်။

ဒီလိုလုပ်တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အမိန့်ကို ချိုးဖောက်ရာကျတယ်လို့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနား တက္ကသိုလ်၊ ဒီမိုကရေစီ အခြေခံဥပဒေဌာနက ဥပဒေ ဘွဲ့လွန်ပါရဂူ သုသေသီ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ထောက်ပြပါတယ်။

"နိုင်ငံရေးမှတ်ပုံတင်ခြင်းဥပဒေပေါ့နော်၊ သူတို့အခေါ် ဥပဒေပေါ့။ ကျနော့်အခေါ်တော့ အမိန့်ပေါ့။ ပုဒ်မ (၄/ဃ) မှာ နိုင်ငံ ၀န်ထမ်း မဟုတ်သူများလို့ သေချာပြဌာန်းထားတယ်။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၂၆/က) မှာ နိုင်ငံဝန်ထမ်း များသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည် ဆိုပြီးတော့ အတိအလင်း ပြဌာန်းထားတယ်။ ဆိုတော့ ၀န်ကြီးချုပ် ဦးသိန်းစိန် နဲ့ အဖွဲ့တွေ ကြံ့ဖွံ့ပါတီအဖြစ် ပါတီဖွဲ့ပြီးဝင်မယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ် ထိုးပြီးတော့ ထုတ်ပြန် လိုက်တဲ့ ရွေးကောက်ပွဲ အမိန့်တွေကို မလေးစားရာလည်း ကျတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလည်း ချိုးဖောက်ရာကျတယ် လို့ ကျနော်ကတော့ မြင်ပါတယ်။"

ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော် အသီးသီးမှာ ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ကို အခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းအပြင်ကို နောက်ထပ်နေရာတွေ ရယူနိုင်ဖို့ စစ်တပ်ကို ကျောထောက်နောက်ခံ ပြုမယ့်သူတွေ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာ အရင်ကတည်းက တွက်ထားပြီးသားဖြစ်ပေမဲ့ အခုလို လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် စစ်တပ်ကထွက်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ လုပ်တာကတော့ အင်မတန် ဆိုးရွားလွန်းတယ်လို့ ဒေါက်တာငွန်ကျူံးလျန်က ပြောပါတယ်။

"အခုလို ကိုယ်ထုတ်ထားတဲ့အမိန့်၊ ကိုယ်ထုတ်ထားတဲ့ ဥပဒေကိုမှ မလိုက်နာဘဲ ၀န်ထမ်းဖြစ်လျက်သားနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်တာ တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်ဖြစ်တယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ခြင်း၊ မဲပေးခြင်း၊ ပါတီထောင်ခြင်းတွေဟာ ဒီမိုကရေစီစနစ် မြန်မာပြည်မှာ ပြန်လည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်တဲ့ လုပ်ရပ်တခု အနေနဲ့မြင်တဲ့ နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ မဲပေးချင်တဲ့သူတွေ အတွက်လည်း တော်တော်ကို နစ်နာစရာ ဖြစ်လာတယ်။ နောက်ပြီးတော့ တဖက်က လုပ်တဲ့သူတွေအတွက်လည်း တော်တော်ကို ရိုင်းစိုင်းတဲ့အလုပ်တခု ဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။"

အခုလုပ်ရပ်ဟာ နဂိုကတည်းက ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ထားတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေအတွက် ဘာမှ ထူးခြားမှုရှိမှာ မဟုတ်ပေမဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်အတွက် မဖြတ်မဖြစ် ဖြတ်သန်းရမယ့် အဆင့် ဖြစ်တယ်၊ ကာလရှည်ကြာ စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအစိုးရတရပ် ပေါ်လာဖို့အခွင့်အရေးကို ဘယ်လိုပဲ ဖြစ်ဖြစ် အမိအရ ဆုပ်ကိုင်သင့်တယ်လို့ ယူဆပြီး ရွေးကောက် ပွဲဝင်ဖို့ ပြင်ဆင်နေသူတွေ အတွက်ကတော့ ဦးသိန်းစိန် တဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်တို့လုပ်ရပ်ကြောင့် ရထိုက်တဲ့ အခွင့်အရေးလေးတောင် ဆုံးရှုံးမယ့်အရေး ဖြစ်နေတယ်လို့ ဒေါက်တာငွန်ကျူံးလျန် က သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ အတွက်တော့ အခု သိန်းစိန်တို့ လုပ်လိုက်တဲ့ကိစ္စက တော်တော်ကို တပူပေါ် ဆယ်ပူဆင့် နအဖရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးလေးတွေထဲက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးစရာ ဖြစ်လာတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်တဲ့အချက်ကို တော်လှန်ရေးတရပ်အနေနဲ့ စဉ်းစားပြီး ဆက်လက်လှုပ်ရှားလိုတဲ့ နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း အဲဒီအချက်ကြောင့် သူတို့ မရပ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။"

ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာစစ်အာဏာပိုင်တွေက အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ဖြစ်စေမှာဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေတွေဟာလည်း လုံးဝ တရားမျှတမှု မရှိတဲ့အတွက် ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဘူး၊ မဲမပေးဘူးဆိုတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိသလို ကိုယ့်ရဲ့ မဲပေးပိုင်ခွင့်ကို ထိထိ ရောက်ရောက် အသုံးချလိုသူတွေလည်း ရှိနေပါတယ်။ ဒီ ဘက်နှစ်ဘက်လုံးဟာ တဘက်ရဲ့ရပ်တည်ချက်ကို တဘက်က အသိအမှတ် ပြုသင့်တယ်လို့ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က အကြံပေးပါတယ်။

"ရွေးကောက်ပွဲမှာ အသည်းကြားက မဲတပြားကို မဲရုံမှာသွားပြီး မဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ် ရရှိရေး တိုက်ပွဲဝင်လိုတဲ့ ပြည်သူတွေ အတွက်လည်း နအဖရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထိုင်ကြည့်နေမယ့်အစား ဆန္ဒမဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့ ရပ်တည်ချက်ကို ဆက်လက် လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ တဘက်ကလည်း မဲမပေးခြင်း ပါတီမထောင်ခြင်း နိုင်ငံရေးတိုက်ပွဲ ၀င်လိုတဲ့သူတွေလည်း အခြားသူတွေရဲ့ ခံယူချက် ရပ်တည်ချက်ကို လေးစားသင့်တယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးခြင်း မပေးခြင်းဟာ လူတဦးတယောက်ရဲ့ ပင်ကိုအခွင့်အရေး ဖြစ်တယ်။ အဲဒီတော့ မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုတဲ့ သူကိုလည်း မဲမပေးခြင်းးဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ် မှန်တယ် ပြောလို့ မရသလို၊ မဲမပေးလိုတဲ့ သူကိုလည်း မဲပေးခြင်းဖြင့် တိုက်ပွဲဝင်လိုသူက မှားတယ် မှန်တယ်လို့ မပြောသင့်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။"

အခု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်တဲ့ USDP ပါတီကို နိုင်ငံရေး ပါတီအဖြစ် အတည်ပြုပေးဖို့ စဉ်းစားတဲ့ နေရာမှာ ရွေးကောက်ပွဲကော်မရှင် လူကြီးတွေဟာ သမိုင်းအမည်းစက် ထင်ကျန်မယ့်အရေးကို ထည့်သွင်း စဉ်းစားရမယ်လို့လည်း ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က အဆိုပြုသွားပါတယ်။

အခုအချိန်ထိတော့ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ဟာ လက်ရှိဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မယ့် အလားအလာမျိုး မတွေ့ရသေးသလို သူ့ရဲ့ USDP ပါတီနဲ့ USDA ပြည်ခိုင်ဖြိုး အဖွဲ့တို့အကြား အဆက်အစပ်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းပါ။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...