Thursday, May 14, 2009

ဒေါ်စု အမှုနှင့် သူတို့အသံများ

ဒေါ်စု အမှုနှင့် သူတို့အသံများ

ကိုဝိုင်း
ကြာသပတေးနေ့၊ မေလ 14 2009 17:43 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နအဖ စစ်အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ယနေ့ တရားစွဲဆိုလိုက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး ခေါင်းဆောင်အချို့၏ အမြင်သဘောထားများကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းတင်ပြထားပါသည်။

ဦးအေးသာအောင်
(အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ - စီအာပီပီ)

ကန့်သတ်ချက်ကို ချိုးဖောက်တယ် ဆိုတာက ကျနော့်အမြင် ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အထိန်းသိမ်း ခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေမှာ သူတို့ ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ အဲဒီတော့ အမေရိကန် နိုင်ငံသားဆိုတဲ့ ပုဂ္ဂိုလ်က ခိုးပြီး ဝင်ရောက်လာနိုင်တယ်ဆိုတာ လုံခြုံရေး တာဝန်ရှိတဲ့ လူတွေမှာပဲ တာဝန်ရှိတယ်။ အကယ်၍ပေါ့၊ လူတယောက်က ဝင်ပြီးတော့ အမျိုးသမီးတွေပဲ ရှိနေတဲ့နေရာဆိုတော့ ဘာမှ ထိထိရောက်ရောက် ခုခံနိုင်မယ့် အနေအထားက မရှိဘူးလေ။

ဦးခွန်မြင့်ထွန်း
(နိုင်ငံရေးအကျဉ်းသမားဟောင်း)
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်ဒီ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် - ၁)

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေကို ဒီပဲယင်းမှာ တကယ်ကို အသေသတ်ဖို့ ကြံခဲ့တာပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကံကြီးလွန်းလို့ အသက်ရှင်ခဲ့တာကိုး။ ဒီပဲယင်း လုပ်ကြံမှုဖြစ်ကတည်းက ကျနော်တို့ ဗမာပြည်မှာ တွေ့ဆုံဆွေးနွေးရေးကို နအဖ က လက်မခံဘူးဆိုတာကို ပြတ်ပြတ်သားသား ပြလိုက်တာ။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာကနေ ထပ်ပြီးတော့မှ အမှုဆင်ပြီးတော့ ဒီလို ထပ်ပြီးတော့ လုပ်ကြံ စွပ်စွဲပြီးတော့ ထောင်ဒဏ်အပြစ်ပေးမယ် ဆိုတာကတော့ နအဖ က ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို အတိအလင်း ချိုးဖောက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်။

ပြီးတော့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ သူ့မှာ ဘယ်လိုမှ သဘောထားမရှိဘူးဆိုတာ အားလုံးသိအောင် ရှင်းရှင်းလင်းလင်း ပြောတာဖြစ်ပါတယ်။ နောက် ဒီတိုင်းပြည်မှာ ကိုမင်းကိုနိုင်တို့၊ ဦးဂမ္ဘီရတို့၊ ဦးခွန်ထွန်းဦးတို့ အပါအဝင်ပေါ့၊ ပုဂ္ဂိုလ်တွေက တကယ့်တကယ် အပြစ်ရှိလို့ ထောင်ကျနေတာ မဟုတ်ဘူး။ အားလုံးက ဒီလို အမှုဆင်ပြီး ထောင်ချတာဖြစ်တယ်။ နအဖ အနေနဲ့ကတော့ ဒီဥစ္စာ Crime against Humanity ဥပဒေကို ချိုးဖောက်တာပါပဲ။ အပြစ်မရှိတဲ့သူကို အပြစ်ရှာပြီး ထောင်ချတာကိုက ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်ပြီ ဆိုကတည်းကိုက ထောင်ချဖို့ကတော့ သေချာပါပြီ။ သူတို့ ထောင်ချမှာပဲ။

ရဲဘော်ဖိုးသံချောင်း
(ပြောခွင့်ရ ပုဂ္ဂိုလ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ)

ပြောချင်တာကတော့ အချက်အလက် ကျနော်တို့ သိရတာ သိပ်နည်းသေးတယ်။ နအဖ ကလည်း သေချာကို ဖုံးထားတဲ့ သဘောမျိုး ရှိတယ်။ နအဖ ဖုံးထားတယ်ဆိုတဲ့အထဲမှာ ဒီလူအကြောင်းကို ဒေါက်တာတင်မျိုးဝင်း report လုပ်ပြီးသားဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး နအဖ က အဲဒါကို အပြည့်အစုံ ဖော်ထုတ်ရမယ်။ ဘာတွေ report လုပ်ခဲ့တယ်ဆိုတဲ့ဟာ။ ဒေါက်တာတင်မျိုးဝင်း report လုပ်ပြီးသားဆိုရင် သူတို့ ဘာလို့ ဗီဇာထုတ်ပေးသလဲ။ တကယ်လို့ ဒီလူအကြောင်း နအဖ သိထားလို့ရှိရင် ဘာလို့ ဗီဇာပေးပြီး အဝင်ခံလဲ။ ဒီလူကို ဗီဇာငြင်းပယ်လိုက်ရင် ရတဲ့ဟာကို။ တိုင်းပြည်ထဲကို ခိုးဝင်လာတာမှ မဟုတ်ဘဲ။ သံသယ ရှိစရာတွေ အများကြီး ရှိနေတယ်။

ကျနော်တို့ ကတော့ ဒီကိစ္စကို ကိုယ့်ပြည်တွင်း ပြည်သူလူထုနဲ့ ဘယ်လို စည်းရုံးရမလဲ။ ပြည်တွင်း ပြည်သူလူထုရဲ့ အင်အားနဲ့ ဒီကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်။ ပြည်ပက မတတ်နိုင်ဘူး။ နအဖ အကွက်ထဲကို ကွက်တိပဲ ဝင်နေတာ။ ဆန္ဒပြရမယ်ဆိုပြီး ကျနော် အတိအကျကြီး ပြောနေတာမဟုတ်ဘူး။ ပြည်သူလူထုက သူတို့ရဲ့ နိုးကြားမှုကို ဖော်ပြတဲ့၊ သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖော်ပြတဲ့၊ သူတို့ရဲ့ ဆန့်ကျင်မှုကို ဖော်ပြတဲ့ နည်းနာပေါင်းစုံသုံးပြီး ဒီကိစ္စ လုပ်မှရမယ်လို့ ထင်တယ်။

ဦးမဟော်ခွန်ဆာ
(အထွေထွေအတွင်းရေးမှူး၊ တိုင်းရင်းသားလူမျိုးများ ကောင်စီ - အီးအန်စီ)

ကျနော်တို့မြင်တာက ဒေါ်စုက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ နိုင်ငံရေးအရလည်း ယုံကြည်မှုရှိကြတယ်။ ဒေါ်စုရဲ့ သြဇာလည်း လွှမ်းမိုးနိုင်တယ်။ စစ်အစိုးရက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ၂ဝဝ၈ အခြေခံဥပဒေကို လုပ်လိုက်တယ်။ အဲဒီ ဥပဒေအရ ၂ဝ၁ဝ ခု ရွေးကောက်ပွဲကို လုပ်မှာဖြစ်တယ်။ ဒေါ်စုအပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ သိထားတာက သူ့ကို ချုပ်ထားတဲ့ ဥပဒေဟာ၊ ချုပ်ထားမှုဟာ အခု မေလအတွင်းမှာ ဒီကိစ္စက ပြည့်သွားမယ်။ ပြည့်သွားမယ်ဆိုရင် ဘာပဲပြောပြော ဒေါ်စုကို ပြန်လွှတ်ပေးရမယ်။ ပြန်လွှတ်ပေးရမယ်ဆိုတော့ သူ့ရဲ့ သြဇာအရှိန်အဝါကို သိတဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ ဒေါ်စုကို ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အနှောင့်အယှက် အဟန့်အတားမဖြစ်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီးတော့မှ ဖမ်းဆီးလိမ့်မယ်လို့ ကျနော်တို့ နဂိုကတည်းက တွက်ထားတယ်။ အဲဒါကြောင့် အခု ဒီဖမ်းဆီးမှုဟာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲမှာ စိတ်ကြိုက် လုပ်ချင်သလို လုပ်နိုင်ဖို့အတွက် ဒေါ်စုကို ထိန်းသိမ်းနိုင်ဖို့၊ ဖမ်းဆီးထားနိုင်ဖို့အတွက် ဒါအကြောင်းပြုပြီးမှ လုပ်တာပဲလို့ ကျနော်တို့က ယူဆတယ်လေ။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်ကို “သီးသန့်ဧည့်ဂေဟာ” တွင် ထိန်းသိမ်းထား

ဒေါ်အောင်ဆန်းစုကြည်ကို “သီးသန့်ဧည့်ဂေဟာ” တွင် ထိန်းသိမ်းထား

Thursday, 14 May 2009 18:32 သန်းထိုက်ဦး

စစ်အစိုးရက ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန် ထောင်ပရိဝုဏ် အတွင်းရှိ သီးသန့် ဧည့်ဂေဟာတွင် ထိန်းသိမ်းထား ကြောင်း ရှေ့နေကြီးဦးကြည်ဝင်းက ပြောသည်။

ဓာတ်ပုံ - အေပီ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယခုလဆန်းပိုင်း၌ တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ယနေ့နံနက်ပိုင်းတွင် အကျယ် ချုပ်ထားရာ နေအိမ်မှဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့ သို့ ထိန်းသိမ်းထားခြင်းဖြစ်သည်။

ရှေ့နေကြီးဦးကြည်ဝင်းက“ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပရိဝုဏ်အတွင်းမှာရှိတဲ့ ထောင်အာဏာပိုင် တွေ ညီလာခံတို့ အစည်းအဝေးတို့လာတက်ရင်နေတဲ့ အဆောက်အဦးမှာထားတယ်”ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားရင်ဆိုင်ရန် မေလ ၁၈ ရက်နေ့သို့ ရက်ချိန်း သတ်မှတ်ထားကြောင်းသိရ သည်။

အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါဝင် အတူနေသော အမျိုးသမီးတို့ကိုလည်း ပုဒ်မ ၂၂ /၁၀၉ ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။ အဆိုပါ စွဲဆိုထားသည့် ပုဒ်မများသည် ပြစ်မှုထင်ရှားပါက ၃ နှစ်မှ ၅ အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျပ် ၅၀၀၀ ကျခံနိုင်ဖွယ် ရှိကြောင်း ရှေ့နေများ ပြောပြချက်အရ သိရ သည်။

စစ် အာဏာပိုင်များ စွဲဆိုထားသည့် ဥပဒေပုဒ်မနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိတွင်အပြစ်မရှိဟု ယုံကြည်ထားကြောင်း ဦးကြည်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ကြောင်း သိရသည်။

ဦးကြည်ဝင်းက“ကျနော်က သူ့ကိုအားပေးရမှာ သူက ကျနော်ကိုပြန်ပြီးအားပေးနေတယ်”ဟု ဆိုသည်။

ရန်ကုန် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ခဲ့သူ ဂျွန် ၀ီလျံ ယက် ထော(Mr. John William Yettaw) ကိုလည်း ယနေ့အတူ ရုံးထုတ်ခဲ့ကြောင်းသိရှိရသည်။

ယမန်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီးဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံတိုင် ကြားခဲ့ဖူးကြောင်း ၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှအရေးမယူခဲ့ကြောင်းသိရှိရသည်။

NLD အဖွဲ့ဝင်များအဆိုအရ ရေကူးဝင်ရောက်လာသော ဂျွန် ၀ီလျံ ယက်ထောကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ နှင်လွှတ်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းကအလွန်ပင်ပန်းနေသဖြင့် ခေတ္တနားခိုခွင့်တောင်းပြီး တစ်ည တည်းခိုသွားခဲ့ကြောင်း သိရသည်။

ဂျွန် ၀ီလျံ ယက်ထောနှင့်ပတ်သက်ပြီး အာဏာပိုင်များက လေ့လာသိရှိထားပြီးဖြစ်ရာ လုံခြုံရေးတင်းကျပ်ထား သည့် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝင်းအတွင်းသို့ ယခုလိုရေကူးဝင်ရောက်သွားနိုင်သည့်အပေါ် လေ့လာ သူများ အနေဖြင့် မေးခွန်းထုတ်စရာဖြစ်နေသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထောအား အမေရိကန် သံရုံးမှ ဒုတိယ အတွင်းဝန် (ကောင်စစ်ဝန်) Mr. Colin P. Furst နှင့် အဖွဲ့က ရန်ကုန်မြို့ရှိ အောင်သပြေ ရိပ်သာ၌ ကောင်စစ်ဆိုင်ရာတွေ့ ဆုံမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဂျွန် ၀ီလျံ ယက်ထော၏ ကိုယ်ရေး အကျဉ်းတို့ကို ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါသတင်းကို စိတ်ဝင်စားသူ ပြည်တွင်းသတင်းထောက်များအနေဖြင့် အခက်အခဲများစွာ ကြုံနေရ ကြောင်းသိရသည်။

အင်းစိန်ထောင်အနီး သတင်းလိုက်ယူသော သတင်းထောက်များအား ကိုယ်ရေးအကျဉ်း တောင်းဆိုခြင်း ဓာတ်ပုံ ရိုက်ယူခြင်းများ ခံရကြောင်း၊ ထို့အပြင် ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာများကလည်း မိမိတိုက်ရှိ သတင်း ထောက်များကို သတင်းမလိုက်ရန်နှင့် အကယ်၍ ပြသနာ ပေါ်ပါက မိမိပြဿနာ မိမိဖြေရှင်းရန် ညွန်ကြားထား သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေ အိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ရာ ယခုလ ၁ ရက်နေ့က ယင်း အယူခံလွှာကို စစ်အာဏာပိုင်များက ပယ်ချခဲ့သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀ (ခ) အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီမညီ၊ အရေးယူထားသည့် ကာလမှာ ဥပဒေနှင့် ညီ မညီ၊အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိအနေနှင့်တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက်လက် ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ NLD က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ရယူရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား...။


ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ရယူရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား...။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေ ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ကို အင်းစိန်အထူးတရားရုံးသို့ ခေါ်ထုတ်

ဒေါ်အောင်ဆန်းစုကြည် ကို အင်းစိန်အထူးတရားရုံးသို့ ခေါ်ထုတ်

NEJ / ၁၄ မေ ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် (၇) နာရီခန့်တွင် အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင် ကိုအေးထွန်းက ခေတ်ပြိုင်သို့ပြောသည်။

“အခုဝင်ဖို့လုပ်နေပါတယ်။ ဦးဉာဏ်ဝင်း၊ ဦးအောင်သိန်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်စောမူ တို့ ၀င်ဖို့လုပ်နေကြပါပြီ။ ကတ်တွေဘာတွေလဲနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါ်ခင်ခင်ဝင်းတို့သားအမိ ပါလာတယ်လို့ သိရတယ်။ တွေ့တော့မတွေ့ရသေး ဘူးဗျ။ ကျနော်တို့က အခုမှ လိုက်လာကြရတာလေ”ဟု ကိုအေးထွန်းက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် အမေရိကန်သံရုံးမှ ကားတစီးကိုတွေ့ရှိရပြီး အထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားကိုပါ စစ်ဆေးမှုပြုမည်မပြုမည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်အကြောင်းကြောင့် အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သည်ကို မသိရကြောင်း အာဏာပိုင်များဘက်မှ လာရောက်အကြောင်းကြားသဖြင့်သာ လိုက်ပါလာခဲ့ကြရခြင်းဖြစ်ကြောင်း အဆိုပါလူငယ်အဖွဲ့ဝင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခု မနက်ပိုင်း အင်းစိန်ထောင်ရှေ့ရုံးတွင် တရားရုံးထုတ်ရန် စီစဉ်ထားသည့်အပြင် အင်းစိန်ထောင်အနီး နေအိမ်တခုတွင် ပြောင်းရွှေ့ထားရန် အာဏာပိုင်များက စီစဉ်နေကြောင်း ယမန်နေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေ့ဆုံခဲ့သည့် ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေသို့ ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယနေ့ မနက် (၁၀) နာရီခွဲတွင် အန်အယ်လ်ဒီမှ ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ၀င်ရောက်နေကြကြောင်း ဦးဉာဏ်ဝင်း၏ လက်ကိုင်ဖုန်းကို ကိုင်ဆောင်ထားသူ ကိုအေးထွန်းက ခေတ်ပြိုင်သို့ ပြောသည်။



မှတ်ချက် ။ ။ http://www.khitpyaing.org/news မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, May 4, 2009

ကတ္တီပါ မင်းသား

ကတ္တီပါ မင်းသား


ပတ်မကြီး တထီထီ။

ပွဲတော်သူ ပွဲတော်သားတို့
မင်းသားမျှော်ပြီ။

ကတ္တီပါနီ
ပိုးဖဲတွေ ဆီကချ။

ကားလိပ်တော်တင်ကာ မလေတော့
ရွှင်ကာကြော့ကြော့ သီချင်းသွားဆိုပြီး
မင်းသားအို ပန်းစည်ကိုင်လို့
ချိုမိုင်မိုင် ‘က’။


ရဲထိန်

အပြည့်အစုံ ဖတ်ရန် ...

Friday, May 1, 2009

” စာမျက်နှာတခုပေါ်က….”

” စာမျက်နှာတခုပေါ်က….”


စာအဆိပ်တက်သွားတဲ့
ဖန်သားပြင်တခုကိုပဲ သနားမိပါရဲ့
သူ့ခမြာ စကားမပြောတတ်ရှာဘူးလေ…

စွန်းထင်း ပေကျံသွားခဲ့တာတော့
အမှန်ပါပဲ…
ပြန်လည်လျှော်ဖွပ်မယ်ဆိုရင်တောင်
ကုန်ဈေးနူန်းတွေ တရိပ်ရိပ်တက်နေတဲ့ခေတ်မှာ
ဆပ်ပြာမှုန့်ကလည်း
ငယ်ငယ်က အမေတို့ပြောပြောနေတဲ့
ရွှေဈေး ဆိုတာထက်ပိုပြီးကြီးလေတော့
အဲဒီခေါင်းပေါင်းကြီးက
ဘယ်နည်းနဲ့မှ
ပြန်ဖြူလာနိုင်စရာအကြောင်းမရှိတော့ဘူး…

ကံမတူလို့ အကျိုးမပေးတာ
ဝမ်းနည်းစရာမဟုတ်ပါဘူး
ကိုယ့်အပူကို ကိုယ်တိုင်အပင်စိုက်ပြီးမှ
အပူဒဏ်ပျောက်လိုပျောက်ငြား
နေလုံးကြီးကို အသနားခံတယ်ဆိုတာ
သိပ်ပြီးတော့ ကဗျာမဆန်သလို…….

မုဒိတာမပွားနိုင်သူရဲ့ ဘက်ကို
နယူတန်ပေးလိုက်တဲ့ လက်ဆောင်ဟာ
မင်နီကြက်ခြေခတ်တွေအဖြစ်
ဖန်သားပြင် စာမျက်နှာတခုမှာ ကျန်ရစ်တယ်…

သမိုင်းဖြစ်မလာမယ့် ရာဇဝင်တခုပေါ့
နည်းနည်းတော့ ”ရိုင်း”တယ်…..။



ဆောင်းယွန်းလ


မှတ်ချက် ။ ။ http://saungyunela.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, April 30, 2009

ဝိပဿနာ....

ဝိပဿနာ.....

(မသက်သက်လွင်)






ဟန္ဒ ဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊
သယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ရုပ်နာမ်ဓမ္မ၊ ခန္ဓာငါးပါးတည်းဟူသော ပြုပြင်၍ပေါ်ပေါက်လာရသော သင်္ခါရ တရားတို့သည် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းသာ ရှိကြ၏။ မမေ့မလျော့ မပေါ့သောသတိဖြင့် နှလုံးသွင်းဆင်ခြင်ကြကုန်။

နညတြဗောဇ္ဈာတပသာ၊ နညတြိန္ဒြိယသံဝရာ
နညတြ သဗ္ဓနိဿဂ္ဂါ၊ သောတနတ္ထိပဿဓိ ပါဏိနံ၊
ဝိပဿနာ အလုပ်တည်းဟူသော မဂ္ဂင်အကျင့်၊ ဗောဇ္ဈင် အကျင့်ကို ကြဉ်ထား၍ လည်းကောင်း၊ အိနြေ္ဒစောင့်ရှောက်ခြင်းတည်းဟူသော သီလအလုပ်ကို ကြဉ်ထား၍လည်းကောင်း၊ ကိလေသာတို့၏ ကုန်ရာ နိဗ္ဗန်ကို ကြဉ်ထား၍လည်းကောင်း သတ္တ၀ါတို့အား ချမ်းသာခြင်းကို ငါဘုရားမမြင်ချေ၊
ဗုဒ္ဓမြတ်စွာ ဘုရားရှင်

ဤစာစုသည် ၀ိပဿနာတရား ရှုမှတ်နည်း အကြောင်း ရေးသားထားခြင်း မဟုတ်ပါ။ ၀ိပဿနာ ဘာဝနာ အကျင့်မြတ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်တွင် အဓိကကျသော အားကိုးအားထားရာ၊ မြတ်စွာဘုရား အချီးမွမ်းဆုံးသောအလုပ်၊ တရားစစ် တရားမှန်ဖြစ်ကြောင်းကို မိမိသိမြင်သကဲ့သို့ လူအများသိစေလိုသော ကွယ်လွန်သူ၏ စေတနာဆန္ဒ၊ ကိုယ်တွေ့ဗုဒ္ဓ၀ါဒ အနှစ်သာရကို ဝေငှလိုသော မွန်မြတ်သော ရည်ရွယ်ချက်က ပဓာန ဖြစ်ပါသည်။

အထက်ပါ အမှာစကားများကို မသက်သက်လွင်၏ အသုဘအခမ်းအနားတွင် ဆစ်ဒနီမြို့ရှိ ကျန်ရင့်သူ မကဒတ ရဲဘော်ဟောင်းများနှင့် သူမ၏ တခြားမိတ်ဆွေများက သူမှာမှာကြားခဲ့သော ၀ိပဿနာ အကြောင်းကို သူမ၏ကုသိုလ်အဖြစ် စာအုပ်ငယ်လေးအဖြစ် ထုတ်ဝေလှူဒါန်းပေးရာ၌ စာအုပ်အဖုံးတွင် အမှာစာအဖြစ် ရေးခဲ့ခြင်းဖြစ်ပါသည်။

မသက်သက်လွင်သည် ABSDF တပ်ရင်း (၆၀၁) မှ တပ်ဖွဲ့ဝင် ရဲမေတဦးဖြစ်ပြီး ABSDF ဒုတိယအကြိမ် ညီလာခံ၌ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်မီတီဝင်အဖြစ် အရွေးချယ်ခံခဲ့သည့် မကဒတအမျိုးသမီး တပ်ဖွဲ့ဝင် ဖြစ်သည်။ သူမသည် ပြည်တွင်း၊ နယ်စပ်၊ ပြည်ပ စသည့် နေရာများအားလုံးတွင် မကဒတ၏ တာဝန်ကို ကျယ်ပြန့်စွာ အမျိုးသားများတပ်ဖွဲ့ဝင်များနှင့် ရင်ဘောင်တန်းပြီး ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်တွင် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ သို့ ရောက်ရှိပြီး ၂၀၀၃ ခု ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနှစ် ၅၀ ၌ ဆစ်ဒနီမြို့ ရှိ St. Joseph’s Hospital, Auburn တွင် အစာအိမ် ကင်ဆာရောဂါဖြင့် ဘ၀တပါးသို့ ကူးပြောင်းခဲ့ပါသည်။ အောက်ပါစာစုသည် ဗုဒ္ဓဘာသာဝင်များအတွက် သူမ၏ အမှာစာဖြစ်ပါသည်။


ဝိပဿနာ.....


၂၀၀၁ ဒီဇင်ဘာကုန်တုန်းက အစာအိမ်ထဲမှာ ကင်ဆာဖြစ်နေပြီဆိုလို့ အစာအိမ်ရဲ့  လေးပုံသုံးပုံကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ဝက်(စ်)မိ ဆေးရုံမှာ ဖြတ်တောက်ခဲ့တယ်။ ဆေးရုံမှာ ကိုးရက်လောက်နေပြီးတော့ ချုပ်ရာတွေ ကျက်တာနဲ့ ပြန်ဆင်းခဲ့ရတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာ လူက နားနေဖို့ အချိန်ကို သတိမရပဲ အင်တာနက်တွေမှာ အစာအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ သတင်းတွေ လျှောက်ရှာဖတ် ဖြစ်ခဲ့တယ်။ ကိုယ့်လို အခြေအနေမျိုး ကုလို့မရတဲ့ အခြေအနေနဲ့ သုံးလေးနှစ်လောက် ခံတယ်ဆိုတဲ့ သတင်းတွေ ပိုပြီးများများ ဖတ်ခဲ့ရတယ်။ ဖတ်သွားလေ ကြောက်တာတွေ ပိုတိုးလာလေ ဖြစ်ဖြစ်လာပြီးတော့ လူဟာ တော်တော်ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ ကလေးတွေအဖေက ဒါကို နားလည်ခဲ့ပုံ မရဘူး။ ဆေးရုံမတက်ခင်မှာ ရန်ဖြစ်ပြီး ဆေးရုံတက်ခဲ့တယ်။ ဆေးရုံဆင်းတော့လည်း စကားမပြောဖြစ်ကြဘူး။ အိမ်မှာ ဒီလိုပဲ ကတောက်ကဆ ဖြစ်နေတာ အမြဲတမ်းပါပဲ။ ဒီတော့ ထုံးစံအတိုင်း တယောက်ထဲပဲ စီမံကိန်းတွေဆွဲ တယောက်ထဲပဲ ရင်ဆိုင်ရင်းနဲ့ ၂၀၀၂ ခုနှစ်မေလထဲမှာ ကင်ဆာအတွက် ဓါတ်ကင်ကုတာတွေ၊ ဆေးထိုးတာတွေ ဆက်လုပ်ခဲ့တယ်။ ဒီလိုနေလာရင်းနဲ့ တက္ကသိုလ်မှာမြို့ပြအင်ဂျင်နီယာဘွဲ့ ဆက်တက်နိုင်အောင်လည်း လိုအပ်တဲ့ သင်တန်းတိုတွေ ပြေးတက်နေခဲ့တယ်။

ပိုပြီးဖြတ်သန်းလာလေ ကင်ဆာရောဂါရဲ့  မရေရာမှုတွေကို ပိုပြီးနားလည်လာလေလေ ဖြစ်ရင်းနဲ့ စိတ်ဓါတ်ကျတဲ့အခါတွေ ဖြစ်တဲ့အအကြိမ်လည်း အများကြီး ဖြစ်လာခဲ့တယ်။ စာအုပ်တွေ အများစုမှာလည်း ကင်ဆာသမားတွေအတွက် တရားထိုင်တာ အင်မတန်ကောင်းတယ်လို့ ရေးသားထားကြတာ ပါပေမယ့် တရားထိုင်ဖို့ ကိစ္စကို စိတ်ကူးနဲ့တောင် မလုပ်နိုင်ခဲ့ဘူး။ ဗမာပြည်က အစ်အကြီးဆုံးနဲ့ ဆက်သွယ်ပြီး ဗမာဆေးတချို့ ကို ၀ယ်စားတာလောက်ပဲ လုပ်ဖြစ်တယ်။ အဓိက ဗမာပြည်က အစ်မကြီးကို တိုင်ပင် စီမံကိန်းချ ဖြစ်တာကတော့ ကင်ဆာရောဂါ ကုလို့ မရနိုင်တဲ့အကြောင်း၊ စောစောစီးစီး သေသွားမယ်ဆိုရင် သမီးတွေကို အစ်မကြီးနဲ့ ပြန်ထားမယ် ဆိုတဲ့အကြောင်းတွေ ဆွေးနွေးဖြစ်ရင်း ဗမာပြည်မှာ အိမ်ကလေးတလုံး ကြိုဆောက်ထားဖို့ ဆွေးနွေးဖြစ်ခဲ့တယ်။ အစ်မကြီး သဘောတူပါတယ်။ ဒါပေမယ့် သူက ကလေးတွေကို ကျန်းမာရေး၊ ပညာရေး ပိုစိတ်ချလုံခြုံရတဲ့ သြစတြေးလျားမှာပဲ ကြီးပြင်းစေချင်တယ်။
ကိုယ်ကလည်း လက်ခံပါတယ်။ ဒါပေမယ့် ကလေးတွေ ဗမာဇာတိပျောက်သွားမယ့် အခြေအနေကို သိပ်စိုးရိမ်မိတယ်။ တခါတလေကျတော့လည်း ကိုယ့်စဉ်းစားချက်တွေေ၀၀ါးလို့ နေသလိုပါပဲ။ တိုင်ပင်ရမည့်သူကလည်း မရှိ၊ အတွင်းကျကျ ထုတ်ပြောရမည့် သူကလည်းမရှိဘူးလို့ စိတ်ထဲမှာ အမြဲလို ဖြစ်နေတော့ ဒီနောက်ပိုင်းမှာ ကိုယ့်ရဲ့  အထီးကျန် ခံစားချက်တွေ ပိုပြီးဆိုးရွားလာနေသလိုပါပဲ။ နိုဝင်ဘာလကျတော့ ကိုယ့်ရောဂါ အခြေအနေကြောင့် ရထားတဲ့ အစိုးရ ပင်စင်စား အိမ်ရာလေးတခုမှာ ရွှေ့ဖြစ်ကြတယ်။ အဆိုးထဲက အကောင်းထွက်တယ်လို့ ပြောရမှာပဲလေ၊ ရတဲ့အိမ်လေးက အိပ်ခန်း သုံးခန်းနဲ့ ရပ်ကွက်သန့်သန့်တခုမှာ ဆိတ်ငြိမ်တဲ့ အိမ်လေးကို ရခဲ့တယ်။ ကလေးတွေ ကျောင်းအတွက်လည်း အဆင်ပြေတယ်။
အိမ်ပြောင်းလာတဲ့ အချိန်ကစပြီးတော့ လူက နေရထိုင်ရတာ အဆင်မပြေတော့ဘူး။ အစာစားပြီးရင်လည်း အန်တယ်၊ လူက၀မ်းလည်းချုပ်တယ်။ အဲဒါနဲ့ ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်လည်း နီးပြီမို့ ပေပြီးစောင့်နေလိုက်တယ်။ တကယ်တမ်း ဆရာဝန်နဲ့ သွားတွေ့တဲ့ ရက်မှာ ကင်ဆာ ပြန်ဖြစ်လာနေတဲ့ လက္ခဏာ ပေါ်လာနေတယ်လို့ သိလိုက်ရတယ်။ ဆေးရုံက အူလမ်းကြောင်း ပြန်ချဲ့ ပေးတဲ့နည်းနဲ့ ကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ အစာအိမ်ကို ဒုတိယအကြိမ် ထပ်ခွဲရပြန်တယ်။ လူဟာ အရင်တုန်းကထက် အဆပေါင်းများစွာ ဆောက်တည်ရာမရ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်လာခဲ့ရတယ်။ ခွဲစိတ်ပြီးတဲ့အချိန် ကြားရတဲ့ သတင်းကတော့ ကမ္ဘာပျက်တဲ့ အလားပါပဲ ကင်ဆာ ခွဲထုတ်လို့ မရတော့ဘူး၊ နောက်သုံးလလောက်ပဲ အသက်ဆက်ရှင်နိုင်တော့မယ်။ ပထမဆုံး သတိရလိုက်တာကတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးပါပဲ။ ဘုရား၊ ဘုရား၊ ဘုရားလို့ နှုတ်က တမိလိုက်တယ်။ သမီးတွေကို ဘယ်လိုလုပ် ထားခဲ့ရမလဲ၊ ဗမာပြည်ပြန်ပို့ဖို့ အချိန်မီပါ့မလား၊ ဘယ်သူက ပြန်ပို့ပေးမှာလဲ၊ ဘယ်လိုလုပ် ပို့မှာလဲ ပိုက်ဆံလည်းမရှိဘူး အဲဒီလို ပူနေရင်းက ရှမ်းလေးဆိုတဲ့ မိတ်ဆွေတယောက် ဆေးရုံကိုလာလည်တယ်။ သူက ဒီလိုပဲ ဆေးရုံက ခြောက်လပဲလို့ လက်လျှော့လိုက်တဲ့ ရောဂါရှင်တယောက် ခြောက်နှစ်လောက်တောင် နေသွားဖူးတယ်၊ အဲဒီလိုပဲ လေးလပဲခံမယ်ဆိုတဲ့ အဖွားကြီးတယောက် အခုထက်ထိ ရှိနေတယ် ဆိုတဲ့ အားပေးစကားတွေ လာပြောတော့ ရင်ထဲမှာ မျှော်လင့်ချက်လေးတခု ပြန်မြင်လာသလိုပဲ။ ကိုရှမ်းလေးက ထပ်ပြောပြတယ် အဲဒီလူတွေ အားလုံးက (Meditation) တရားထိုင်တာတွေ လုပ်ကြတယ်တဲ့။

ဒီလိုနဲ့ ဆေးရုံက နှစ်ပတ်ကြာပြီး အိမ်ပြန်ရောက်တော့ မိတ်ဆွေတွေလည်း ၀ိုင်းအုံရောက်လာပြီးတော့ ၀ိပဿနာအလုပ်နဲ့ဆိုင်တဲ့ တရားခွေတွေ၊ စာအုပ်တွေ ပေးဖတ်တယ်၊ လူငယ်ဘ၀တုန်းက ဗုဒ္ဓဘာသာရဲ့ အဆီအနှစ်တွေ လေ့လာတယ်၊ ဖတ်ရှုလက်ခံခဲ့တယ်။ သိပ်နှစ်သက်သဘောကျပြီးတော့ ကိုယ့်ကိုယ်ကို လက်တွေ့ကျတဲ့ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ရခြင်းကို ကံကောင်းတယ်လို့ အမြဲယုံကြည်ကျေနပ်ခဲ့သူ တယောက် ဖြစ်တယ်။ ၀ိပဿနာ အလုပ်ကို ရေရေရာရာ မလုပ်ဖြစ်ခဲ့ဘူး။အခုတော့ လုပ်ဖို့ကြိုးစားပါတယ်။ နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိပေမယ့် ထင်သလောက်တော့ ခရီးမပေါက်ခဲ့ပါဘူး။ အိမ်မှာ ပူပင်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ သားမီး သံယောဇဉ်၊ မိသားစု သံယောဇဉ်တွေ တိကနဲ ဖြတ်ချလိုက်လို့ ရလောက်အောင်လည်း ပါရမီအခံ ရှိခဲ့သူ မဟုတ်ပြန်ဘူး။
ဆေးရုံပြန်ဆင်းလာပြီ ဆိုပေမယ့် အစာစားတဲ့ကိစ္စက ပုံမှန်ပြန်ဖြစ်နိုင်မယ့်ဟာ မဟုတ်ဘူး။ ဒီကြားထဲမှာ ဗမာဆေးသောက်၊ ကချင်ဆေးသောက်၊ တရုတ်ဆေးသောက်နဲ့ ယုံကြည်ရာ ဆေးတွေ ဆက်သောက်နေ ဖြစ်ခဲ့တယ်။ မျှော်လင့်ချက် အမြင့်ကြီးကတော့ သိပ်မထားတော့ပါဘူး။ ဒါပေမယ့် ဒီဘ၀ သက်တမ်းလေးမှာ ဆန့်နိုင်သလောက် ဆန့်ပြီး သွားနိုင်စရာ အကြောင်းတရားတွေနဲ့ ဆက်ပြီးရှာဖွေနေတုန်းပါပဲ။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် ဖေဖေါ်ဝါရီ အလယ်ပိုင်းလောက်က စပြီး ဆေးရုံနဲ့ အိမ်ကြား ပြန်ပြေးခဲ့ရပြန်တယ်။ ဆေးရုံ ပြန်မသွားရခင် ဒီနှစ် NSW တက္ကသိုလ်မှာ မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့အတွက် ကျောင်းတက်ခွင့်ရတယ်လို့ အကြောင်းကြားစာ ရလာခဲ့တာလည်း ရှိတယ်။ ဒါပေမယ့် ကိုယ့်အခြေအနေမှန်ကို သိနေပြီဖြစ်တော့ အဲဒီကိစ္စအပေါ်မှာ တာရှည်ကြီး စဉ်းစားမနေဖြစ်လိုက်ပါဘူး။ ဆေးရုံမတက်ခင်မှာ သမီးတွေအတွက် ဗမာလို စာမျက်နှာ ငါးမျက်နှာပါတဲ့ စာတစောင်ရေးဖြစ်တယ်။ အဓိကကတော့ သူတို့လေးတွေ ဗမာလိုနေဖို့ ဗုဒ္ဓဘာသာဝင် အခြေခံကျကျ အဆီအနှစ်ကျကျ နားလည်ကြဖို့နဲ့ ဗုဒ္ဓရဲ့  အဆုံးအမအတိုင်း လူ့ဘ၀မှာ ငြိမ်းငြိမ်းချမ်းချမ်း နေသွားစေလိုတဲ့ စေတနာနဲ့ ရေးဖြစ်တာပါ။ ဆေးရုံက ပြန်ဆင်းလာတယ် အစားမပြောနဲ့ ရေတောင် ကောင်းကောင်း မသောက်နိုင်တော့ပဲ အန်တယ်။ အိမ်မှာရော ဆေးရုံမှာပါ ဘုန်းတော်ကြီးတွေ ကြွလာပြီးတော့ ပရိတ်တရားများ ဟောကြားပေးကြပါတယ်။ သွန်သင်ဆုံးမမှုများ ပြုလုပ်ကြပါတယ်။ မကျန်းမာစဉ်အတွင်းမှာ တရားမှတ်ပြီး နေထိုင်ခြင်းဟာ အကောင်းဆုံးလို့ သင်ကြား ပြသတော်မူခဲ့ကြပါတယ်။
ဆေးရုံက ဆင်းလာခဲ့ပြန်တယ်၊ အိမ်မှာ ဇော်ထွန်းဆိုတဲ့ မိတ်ဆွေတယောက်က လာလည်တယ်။ တရုတ်ပြည်မှာ ဆေးသွားကုဖို့အတွက် မဆိုင်းမတွပဲနဲ့ ၀ိုင်းပြီးတော့ ကူလုပ်ကြတယ်။ အဲဒီနေ့က သူတို့ဇနီးမောင်နံ ပြန်သွားအပြီးမှာ တရားအဖန်ဖန် ရှုမှတ်ရင်းနဲ့ မိမိကိုယ်ကိုယ်မိမိ လက်ခံခြင်း၊ ကောင်းစွာသိခြင်း အဆင့်ကိုရင်ထဲက တွေးကြည့်ရုံ မဟုတ်ပဲနဲ့ အားမတန်လို့ မာန်လျှော့ရတယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ပဲနဲ့ ကျေကျေနပ်နပ် လက်ခံလိုက်နိုင်တယ်။ အဲဒါနဲ့ ကလေးအဖေကို ဖုန်းဆက်ပြီး ပြောခိုင်းတယ်တရုတ်ပြည်မှာ ဆေးကုမယ့် ကိစ္စကို ဆက်မလုပ်ပါနဲ့တော့လို့ ပြောခိုင်းတယ်။ နောက်တနေ့ကျတော့ အိမ်မှာ နေ့စဉ်လာရောက် ကြည့်ရှုပေးနေတဲ့ ဆေးရုံဆရာမ တယောက်ဆီမှာဆားရည်ချိတ်ထားတာ ပြန်ဖြုတ်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ ဒီဆားရည်တွေဟာ အသက်ရှည်စရာ အကြောင်းတရား မဟုတ်နိုင်တဲ့ အရာတွေပါပဲ၊ နာရီပိုင်းလောက်သာ မျှော်လင့်ချက် ပေးထားနိုင်တဲ့အရာတွေပါ။ အဲဒါနဲ့ ဆားရည်လည်း ပြန်ဖြုတ်လိုက်တယ်။
အိမ်မှာနေရင်းနဲ့လည်း ကလေးအဖေနဲ့ ကလေးတွေကို အမြဲ အကဲခတ်လေ့လာနေခဲ့တယ်။ သူတို့တွေ ကိုယ်နာမကျန်း ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်တာရုံ မဟုတ်ဘူး သိပ်တော့ မျှော်လင့်ချက် မထားနိုင်တာကို သိနေကြမှာပါ။ တကယ်တမ်းပြောရရင် ကလေးတွေအတွက်သာ ကိုယ်က မိခင်မေတ္တာနဲ့ ပူပန်စိတ် အမျိုးမျိုးဝင်နေရပေမယ့် သူတို့လေးတွေဟာ ဘာမှ နာလည်ပုံ မရကြဘူး။ ပြောရမယ်ဆိုရင် ဒီကနေ့ ကောက်ကာငင်ကာ သေသွားလည်း သူတို့တွေ ဘယ်လောက်များများ နားလည်ခံစားတတ်မှာလဲ ကလေးဆိုတာ စားချိန်စား ကစားချိန်ကစား အိပ်ချိန်တန် အိပ်သွားတတ်ကြတယ်လေ။ အခြေအနေတခုကြောင့် သူတို့ရဲ့ ဘ၀မှာ မိခင်ဆိုတာမျိုး တောင်းတလာမယ့် အချိန်ကျတော့ ကိုယ်က မရှိနိုင်တော့ဘူးပေါ့။ ဒီအခြေအနေအားလုံးလည်း မိမိထိန်းချုပ် ဖန်တီး ဟန့်တားပြုပြင်လို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ ဒီနိယာမဆိုတဲ့ လွန်ဆန်လို့မရတဲ့ သဘာဝတရားတွေကို ကျေကျေနပ်နပ် ခံယူလာနိုင်တဲ့အချိန်ဟာ မိမိအတွက် တကယ်ကို အေးချမ်းတဲ့ အချိန်များပါပဲ။

ကိုယ့်ရဲ့ ၀ိပဿနာညာဏ်စဉ်ဟာ ဘယ်အဆင့်ကို ရောက်တယ်ဆိုတာ မသိပါဘူး။ တခုထင်ရှားတာကတော့ ဒီ မတ်(ခ်ျ)လ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်အတွင်းမှာ လူက စိတ်အရ ပေါ့ပါးလွတ်လပ်လာတယ်။ ခန္ဓာကတော့ နာနေတာပေါ့လေ။ လိုအပ်တဲ့ ဆေးဝါးတွေလည်း မှီဝဲနေဆဲပါပဲ။ အထူးသဖြင့် ညဘက်တိတ်ဆိတ်တဲ့ အချိန်များမှာ ပိုပြီး စိတ်ချမ်းသာတယ်။ စိတ်တုန်လှုပ်ခြင်း သောကရောက်ခြင်းတွေ ရှိမနေတော့ဘူး။ အိပ်ပျော်ရာက နိုးလာတဲ့အချိန်မှာ ဒီဘ၀ကလွတ်မြောက်ဖို့ရာ ပိုနီးလာပါလားဆိုတဲ့ ပီတိမျိုးကို သိသိသာသာကြီး ခံစားရတယ်။ ဒီပီတိဖြစ်နေခြင်းဟာ ၀ိဘ၀တဏာဆိုတဲ့ ဘ၀ပျက်ခြင်းကို အလိုရှိခြင်း ဖြစ်နေပြီလားသမ္မာဒိဌိဖြစ်နေမလားလို့ သိချင်တာနဲ့ ၁၅၊၀၃၊၀၃ နေ့လည်ပိုင်းမှာ (ယနောရာ) ဆရာတော် အရှင် ဦးဇာဂရထံမှာ လျှောက်ထား မေးမြန်းခဲ့တယ်။ ဆရာတော်ဘုရားကြီးက ၀ိဘ၀တဏာက ကိုယ်လိုက်လို့ ဒီစိတ်ပေါ်တာ မဟုတ်တဲ့အပြင် ပြုဖူးတဲ့ကုသိုလ်တွေကြောင့် သေရမှာကို မကြောက်တဲ့စိတ် ပေါ်လာတာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ထဲမှာ ကြည်ပြီးတော့ ရှင်းသွားတယ်။ တချို့ရက်တွေမှာ ဆိုလို့ရှိရင် ဒီလိုစိတ်တွေ ရှင်းဖို့ အချိန်မရောက်ခဲ့ဘူး။ တခုမဟုတ်ရင် တခုသောကရောက်လာတာပဲ။ အဲဒီနေ့ ရင်ထဲမှာ ငြိမ်းချမ်းလာမှုတွေနဲ့ ပတ်သက်ပြီးတော့ စာလေးတစောင်လောက် ရေးချင်လိုက်တာလို့ ဆန္ဒရှိလာတာနဲ့ ကလေးအဖေကို ပြောပြတယ်။ သူက ရေးပေးမယ်ဆိုတာနဲ့ ရေးဖြစ်ခဲ့တာပါ။

အနှစ်ချုပ် ပြောချင်တာကတော့ လူတယောက်ရဲ့ ဘ၀ကောင်းရာမွန်ရာ နေနိုင်၊ ရောက်နိုင်အောင်၊ တန်ဖိုးရှိအောင် သံသရာ ၀ဋ်ဆင်းရဲကြီးကနေ လွတ်မြောက်ပြီး သံသရာ ချုပ်ငြိမ်းသွားအောင် ရနိုင်ရောက်နိုင်တဲ့ တရားများဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မများသာလျင် ဖြစ်ကြောင်း၊ ဗုဒ္ဓသည်သာ ကိုးကွယ်ရာ၊ ဓမ္မသည်သည်ကိုးကွယ်ရာ သာသနာ့ဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နေသော သံဃာသည်သာ ကိုးကွယ်ရာပဲ ရှိပါတယ်။ ဒီလို ကိုယ်တိုင်ကိုယ်ကျ အားထုတ်လေ့လာနိုင်တဲ့ တရားဓမ္မဆိုတာ ဗုဒ္ဓဘာသာမှာသာ ရှိတဲ့အတွက်ကြောင့် ဒီစာကို ဖတ်တဲ့သူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်လောက်နဲ့ပဲ မကျေနပ်နေကြပဲ ၀ိပဿနာ တရားများကို လက်တွေ့ကျင့်ကြံ အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ သေမှာကို မကြောက်တော့ပဲ သတ္တရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားနိုင်ပြီဆိုရင် ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ တကယ်ရင်ဆိုင်ဖူးတဲ့သူပဲ သိနိုင်ပါတယ်။ ဒီသတ္တိလေး ရမလာခင် ဒီသတ္တိလေးရှိမလာခင်မှာ ဖြတ်သန်းလိုက်ရတဲ့သောက စိတ်ဆင်းရဲ ပင်ပမ်းခြင်းတွေဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ဖြတ်သန်းဖူးသူတွေသာ သိနိုင်ပါတယ်။ စေတနာ၊ မေတ္တာ ဂရုဏာ တရားတွေကို အခြေခံပြီး ဒီစာကို ရေးဖြစ်ပါတယ်။ သာဓု အနု မောဓနာ ခေါ်ယူကြပါကုန်။

(သာဓု သာဓု သာဓု)



သက်သက်လွင်
စနေနေ့ ၁၅၊ ၃။ ၀၃

အပြည့်အစုံ ဖတ်ရန် ...

Wednesday, April 29, 2009

Little Daughter စာအုပ် ရေးသားသူ ကရင်တိုင်းရင်းသူလေး ဇိုရာဖန်းနဲ့ ဆက်သွယ်မေးမြန်းချက်

Little Daughter စာအုပ် ရေးသားသူ ကရင်တိုင်းရင်းသူလေး ဇိုရာဖန်းနဲ့ ဆက်သွယ်မေးမြန်းချက်



VOA
18 April 2009


Zoya Phan ကရင်တိုင်းရင်းသူလေး ဇိုရာဖန်း (Zoya Phan) ရဲ့ Little Daughter သမီးငယ်ဆိုတဲ့ စာအုပ် ဧပြီလ ၂၀ ရက်နေ့ ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ လက်ရှိနေထိုင်နေကာ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မဇိုရာဖန်းရဲ့ စာအုပ်နဲ့ပတ်သက်လို့ ဒေါ်လှလှသန်းက စာရေးသူနဲ့ ဆက်သွယ်မေးမြန်းပြီး စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.voanews.com/burmese မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...