ကတ္တီပါ မင်းသား
ပတ်မကြီး တထီထီ။
ပွဲတော်သူ ပွဲတော်သားတို့
မင်းသားမျှော်ပြီ။
ကတ္တီပါနီ
ပိုးဖဲတွေ ဆီကချ။
ကားလိပ်တော်တင်ကာ မလေတော့
ရွှင်ကာကြော့ကြော့ သီချင်းသွားဆိုပြီး
မင်းသားအို ပန်းစည်ကိုင်လို့
ချိုမိုင်မိုင် ‘က’။
ရဲထိန်
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
” စာမျက်နှာတခုပေါ်က….”
စာအဆိပ်တက်သွားတဲ့
ဖန်သားပြင်တခုကိုပဲ သနားမိပါရဲ့
သူ့ခမြာ စကားမပြောတတ်ရှာဘူးလေ…
စွန်းထင်း ပေကျံသွားခဲ့တာတော့
အမှန်ပါပဲ…
ပြန်လည်လျှော်ဖွပ်မယ်ဆိုရင်တောင်
ကုန်ဈေးနူန်းတွေ တရိပ်ရိပ်တက်နေတဲ့ခေတ်မှာ
ဆပ်ပြာမှုန့်ကလည်း
ငယ်ငယ်က အမေတို့ပြောပြောနေတဲ့
ရွှေဈေး ဆိုတာထက်ပိုပြီးကြီးလေတော့
အဲဒီခေါင်းပေါင်းကြီးက
ဘယ်နည်းနဲ့မှ
ပြန်ဖြူလာနိုင်စရာအကြောင်းမရှိတော့ဘူး…
ကံမတူလို့ အကျိုးမပေးတာ
ဝမ်းနည်းစရာမဟုတ်ပါဘူး
ကိုယ့်အပူကို ကိုယ်တိုင်အပင်စိုက်ပြီးမှ
အပူဒဏ်ပျောက်လိုပျောက်ငြား
နေလုံးကြီးကို အသနားခံတယ်ဆိုတာ
သိပ်ပြီးတော့ ကဗျာမဆန်သလို…….
မုဒိတာမပွားနိုင်သူရဲ့ ဘက်ကို
နယူတန်ပေးလိုက်တဲ့ လက်ဆောင်ဟာ
မင်နီကြက်ခြေခတ်တွေအဖြစ်
ဖန်သားပြင် စာမျက်နှာတခုမှာ ကျန်ရစ်တယ်…
သမိုင်းဖြစ်မလာမယ့် ရာဇဝင်တခုပေါ့
နည်းနည်းတော့ ”ရိုင်း”တယ်…..။
ဆောင်းယွန်းလ
မှတ်ချက် ။ ။ http://saungyunela.blogspot.com မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ဝိပဿနာ.....
(မသက်သက်လွင်)


ဟန္ဒ ဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊သယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။ရုပ်နာမ်ဓမ္မ၊ ခန္ဓာငါးပါးတည်းဟူသော ပြုပြင်၍ပေါ်ပေါက်လာရသော သင်္ခါရ တရားတို့သည် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းသာ ရှိကြ၏။ မမေ့မလျော့ မပေါ့သောသတိဖြင့် နှလုံးသွင်းဆင်ခြင်ကြကုန်။နညတြဗောဇ္ဈာတပသာ၊ နညတြိန္ဒြိယသံဝရာနညတြ သဗ္ဓနိဿဂ္ဂါ၊ သောတနတ္ထိပဿဓိ ပါဏိနံ၊၀ိပဿနာ အလုပ်တည်းဟူသော မဂ္ဂင်အကျင့်၊ ဗောဇ္ဈင် အကျင့်ကို ကြဉ်ထား၍ လည်းကောင်း၊ အိနြေ္ဒစောင့်ရှောက်ခြင်းတည်းဟူသော သီလအလုပ်ကို ကြဉ်ထား၍လည်းကောင်း၊ ကိလေသာတို့၏ ကုန်ရာ နိဗ္ဗန်ကို ကြဉ်ထား၍လည်းကောင်း သတ္တ၀ါတို့အား ချမ်းသာခြင်းကို ငါဘုရားမမြင်ချေ၊ဗုဒ္ဓမြတ်စွာ ဘုရားရှင်ဤစာစုသည် ၀ိပဿနာတရား ရှုမှတ်နည်း အကြောင်း ရေးသားထားခြင်း မဟုတ်ပါ။ ၀ိပဿနာ ဘာဝနာ အကျင့်မြတ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်တွင် အဓိကကျသော အားကိုးအားထားရာ၊ မြတ်စွာဘုရား အချီးမွမ်းဆုံးသောအလုပ်၊ တရားစစ် တရားမှန်ဖြစ်ကြောင်းကို မိမိသိမြင်သကဲ့သို့ လူအများသိစေလိုသော ကွယ်လွန်သူ၏ စေတနာဆန္ဒ၊ ကိုယ်တွေ့ဗုဒ္ဓ၀ါဒ အနှစ်သာရကို ဝေငှလိုသော မွန်မြတ်သော ရည်ရွယ်ချက်က ပဓာန ဖြစ်ပါသည်။အထက်ပါ အမှာစကားများကို မသက်သက်လွင်၏ အသုဘအခမ်းအနားတွင် ဆစ်ဒနီမြို့ရှိ ကျန်ရင့်သူ မကဒတ ရဲဘော်ဟောင်းများနှင့် သူမ၏ တခြားမိတ်ဆွေများက သူမှာမှာကြားခဲ့သော ၀ိပဿနာ အကြောင်းကို သူမ၏ကုသိုလ်အဖြစ် စာအုပ်ငယ်လေးအဖြစ် ထုတ်ဝေလှူဒါန်းပေးရာ၌ စာအုပ်အဖုံးတွင် အမှာစာအဖြစ် ရေးခဲ့ခြင်းဖြစ်ပါသည်။မသက်သက်လွင်သည် ABSDF တပ်ရင်း (၆၀၁) မှ တပ်ဖွဲ့ဝင် ရဲမေတဦးဖြစ်ပြီး ABSDF ဒုတိယအကြိမ် ညီလာခံ၌ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်မီတီဝင်အဖြစ် အရွေးချယ်ခံခဲ့သည့် မကဒတအမျိုးသမီး တပ်ဖွဲ့ဝင် ဖြစ်သည်။ သူမသည် ပြည်တွင်း၊ နယ်စပ်၊ ပြည်ပ စသည့် နေရာများအားလုံးတွင် မကဒတ၏ တာဝန်ကို ကျယ်ပြန့်စွာ အမျိုးသားများတပ်ဖွဲ့ဝင်များနှင့် ရင်ဘောင်တန်းပြီး ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါသည်။ ၂၀၀၁ ခုနှစ်တွင် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ သို့ ရောက်ရှိပြီး ၂၀၀၃ ခု ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနှစ် ၅၀ ၌ ဆစ်ဒနီမြို့ ရှိ St. Joseph’s Hospital, Auburn တွင် အစာအိမ် ကင်ဆာရောဂါဖြင့် ဘ၀တပါးသို့ ကူးပြောင်းခဲ့ပါသည်။ အောက်ပါစာစုသည် ဗုဒ္ဓဘာသာဝင်များအတွက် သူမ၏ အမှာစာဖြစ်ပါသည်။
ဝိပဿနာ.....
၂၀၀၁ ဒီဇင်ဘာကုန်တုန်းက အစာအိမ်ထဲမှာ ကင်ဆာဖြစ်နေပြီဆိုလို့ အစာအိမ်ရဲ့  လေးပုံသုံးပုံကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ဝက်(စ်)မိ ဆေးရုံမှာ ဖြတ်တောက်ခဲ့တယ်။ ဆေးရုံမှာ ကိုးရက်လောက်နေပြီးတော့ ချုပ်ရာတွေ ကျက်တာနဲ့ ပြန်ဆင်းခဲ့ရတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာ လူက နားနေဖို့ အချိန်ကို သတိမရပဲ အင်တာနက်တွေမှာ အစာအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ သတင်းတွေ လျှောက်ရှာဖတ် ဖြစ်ခဲ့တယ်။ ကိုယ့်လို အခြေအနေမျိုး ကုလို့မရတဲ့ အခြေအနေနဲ့ သုံးလေးနှစ်လောက် ခံတယ်ဆိုတဲ့ သတင်းတွေ ပိုပြီးများများ ဖတ်ခဲ့ရတယ်။ ဖတ်သွားလေ ကြောက်တာတွေ ပိုတိုးလာလေ ဖြစ်ဖြစ်လာပြီးတော့ လူဟာ တော်တော်ဆောက်တည်ရာမရ ဖြစ်နေခဲ့တယ်။ ကလေးတွေအဖေက ဒါကို နားလည်ခဲ့ပုံ မရဘူး။ ဆေးရုံမတက်ခင်မှာ ရန်ဖြစ်ပြီး ဆေးရုံတက်ခဲ့တယ်။ ဆေးရုံဆင်းတော့လည်း စကားမပြောဖြစ်ကြဘူး။ အိမ်မှာ ဒီလိုပဲ ကတောက်ကဆ ဖြစ်နေတာ အမြဲတမ်းပါပဲ။ ဒီတော့ ထုံးစံအတိုင်း တယောက်ထဲပဲ စီမံကိန်းတွေဆွဲ တယောက်ထဲပဲ ရင်ဆိုင်ရင်းနဲ့ ၂၀၀၂ ခုနှစ်မေလထဲမှာ ကင်ဆာအတွက် ဓါတ်ကင်ကုတာတွေ၊ ဆေးထိုးတာတွေ ဆက်လုပ်ခဲ့တယ်။ ဒီလိုနေလာရင်းနဲ့ တက္ကသိုလ်မှာမြို့ပြအင်ဂျင်နီယာဘွဲ့ ဆက်တက်နိုင်အောင်လည်း လိုအပ်တဲ့ သင်တန်းတိုတွေ ပြေးတက်နေခဲ့တယ်။
ပိုပြီးဖြတ်သန်းလာလေ ကင်ဆာရောဂါရဲ့  မရေရာမှုတွေကို ပိုပြီးနားလည်လာလေလေ ဖြစ်ရင်းနဲ့ စိတ်ဓါတ်ကျတဲ့အခါတွေ ဖြစ်တဲ့အအကြိမ်လည်း အများကြီး ဖြစ်လာခဲ့တယ်။ စာအုပ်တွေ အများစုမှာလည်း ကင်ဆာသမားတွေအတွက် တရားထိုင်တာ အင်မတန်ကောင်းတယ်လို့ ရေးသားထားကြတာ ပါပေမယ့် တရားထိုင်ဖို့ ကိစ္စကို စိတ်ကူးနဲ့တောင် မလုပ်နိုင်ခဲ့ဘူး။ ဗမာပြည်က အစ်အကြီးဆုံးနဲ့ ဆက်သွယ်ပြီး ဗမာဆေးတချို့ ကို ၀ယ်စားတာလောက်ပဲ လုပ်ဖြစ်တယ်။ အဓိက ဗမာပြည်က အစ်မကြီးကို တိုင်ပင် စီမံကိန်းချ ဖြစ်တာကတော့ ကင်ဆာရောဂါ ကုလို့ မရနိုင်တဲ့အကြောင်း၊ စောစောစီးစီး သေသွားမယ်ဆိုရင် သမီးတွေကို အစ်မကြီးနဲ့ ပြန်ထားမယ် ဆိုတဲ့အကြောင်းတွေ ဆွေးနွေးဖြစ်ရင်း ဗမာပြည်မှာ အိမ်ကလေးတလုံး ကြိုဆောက်ထားဖို့ ဆွေးနွေးဖြစ်ခဲ့တယ်။ အစ်မကြီး သဘောတူပါတယ်။ ဒါပေမယ့် သူက ကလေးတွေကို ကျန်းမာရေး၊ ပညာရေး ပိုစိတ်ချလုံခြုံရတဲ့ သြစတြေးလျားမှာပဲ ကြီးပြင်းစေချင်တယ်။
ကိုယ်ကလည်း လက်ခံပါတယ်။ ဒါပေမယ့် ကလေးတွေ ဗမာဇာတိပျောက်သွားမယ့် အခြေအနေကို သိပ်စိုးရိမ်မိတယ်။ တခါတလေကျတော့လည်း ကိုယ့်စဉ်းစားချက်တွေေ၀၀ါးလို့ နေသလိုပါပဲ။ တိုင်ပင်ရမည့်သူကလည်း မရှိ၊ အတွင်းကျကျ ထုတ်ပြောရမည့် သူကလည်းမရှိဘူးလို့ စိတ်ထဲမှာ အမြဲလို ဖြစ်နေတော့ ဒီနောက်ပိုင်းမှာ ကိုယ့်ရဲ့  အထီးကျန် ခံစားချက်တွေ ပိုပြီးဆိုးရွားလာနေသလိုပါပဲ။ နိုဝင်ဘာလကျတော့ ကိုယ့်ရောဂါ အခြေအနေကြောင့် ရထားတဲ့ အစိုးရ ပင်စင်စား အိမ်ရာလေးတခုမှာ ရွှေ့ဖြစ်ကြတယ်။ အဆိုးထဲက အကောင်းထွက်တယ်လို့ ပြောရမှာပဲလေ၊ ရတဲ့အိမ်လေးက အိပ်ခန်း သုံးခန်းနဲ့ ရပ်ကွက်သန့်သန့်တခုမှာ ဆိတ်ငြိမ်တဲ့ အိမ်လေးကို ရခဲ့တယ်။ ကလေးတွေ ကျောင်းအတွက်လည်း အဆင်ပြေတယ်။
အိမ်ပြောင်းလာတဲ့ အချိန်ကစပြီးတော့ လူက နေရထိုင်ရတာ အဆင်မပြေတော့ဘူး။ အစာစားပြီးရင်လည်း အန်တယ်၊ လူက၀မ်းလည်းချုပ်တယ်။ အဲဒါနဲ့ ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်လည်း နီးပြီမို့ ပေပြီးစောင့်နေလိုက်တယ်။ တကယ်တမ်း ဆရာဝန်နဲ့ သွားတွေ့တဲ့ ရက်မှာ ကင်ဆာ ပြန်ဖြစ်လာနေတဲ့ လက္ခဏာ ပေါ်လာနေတယ်လို့ သိလိုက်ရတယ်။ ဆေးရုံက အူလမ်းကြောင်း ပြန်ချဲ့ ပေးတဲ့နည်းနဲ့ ကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ အစာအိမ်ကို ဒုတိယအကြိမ် ထပ်ခွဲရပြန်တယ်။ လူဟာ အရင်တုန်းကထက် အဆပေါင်းများစွာ ဆောက်တည်ရာမရ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်လာခဲ့ရတယ်။ ခွဲစိတ်ပြီးတဲ့အချိန် ကြားရတဲ့ သတင်းကတော့ ကမ္ဘာပျက်တဲ့ အလားပါပဲ ကင်ဆာ ခွဲထုတ်လို့ မရတော့ဘူး၊ နောက်သုံးလလောက်ပဲ အသက်ဆက်ရှင်နိုင်တော့မယ်။ ပထမဆုံး သတိရလိုက်တာကတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးပါပဲ။ ဘုရား၊ ဘုရား၊ ဘုရားလို့ နှုတ်က တမိလိုက်တယ်။ သမီးတွေကို ဘယ်လိုလုပ် ထားခဲ့ရမလဲ၊ ဗမာပြည်ပြန်ပို့ဖို့ အချိန်မီပါ့မလား၊ ဘယ်သူက ပြန်ပို့ပေးမှာလဲ၊ ဘယ်လိုလုပ် ပို့မှာလဲ ပိုက်ဆံလည်းမရှိဘူး အဲဒီလို ပူနေရင်းက ရှမ်းလေးဆိုတဲ့ မိတ်ဆွေတယောက် ဆေးရုံကိုလာလည်တယ်။ သူက ဒီလိုပဲ ဆေးရုံက ခြောက်လပဲလို့ လက်လျှော့လိုက်တဲ့ ရောဂါရှင်တယောက် ခြောက်နှစ်လောက်တောင် နေသွားဖူးတယ်၊ အဲဒီလိုပဲ လေးလပဲခံမယ်ဆိုတဲ့ အဖွားကြီးတယောက် အခုထက်ထိ ရှိနေတယ် ဆိုတဲ့ အားပေးစကားတွေ လာပြောတော့ ရင်ထဲမှာ မျှော်လင့်ချက်လေးတခု ပြန်မြင်လာသလိုပဲ။ ကိုရှမ်းလေးက ထပ်ပြောပြတယ် အဲဒီလူတွေ အားလုံးက (Meditation) တရားထိုင်တာတွေ လုပ်ကြတယ်တဲ့။
ဒီလိုနဲ့ ဆေးရုံက နှစ်ပတ်ကြာပြီး အိမ်ပြန်ရောက်တော့ မိတ်ဆွေတွေလည်း ၀ိုင်းအုံရောက်လာပြီးတော့ ၀ိပဿနာအလုပ်နဲ့ဆိုင်တဲ့ တရားခွေတွေ၊ စာအုပ်တွေ ပေးဖတ်တယ်၊ လူငယ်ဘ၀တုန်းက ဗုဒ္ဓဘာသာရဲ့ အဆီအနှစ်တွေ လေ့လာတယ်၊ ဖတ်ရှုလက်ခံခဲ့တယ်။ သိပ်နှစ်သက်သဘောကျပြီးတော့ ကိုယ့်ကိုယ်ကို လက်တွေ့ကျတဲ့ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ရခြင်းကို ကံကောင်းတယ်လို့ အမြဲယုံကြည်ကျေနပ်ခဲ့သူ တယောက် ဖြစ်တယ်။ ၀ိပဿနာ အလုပ်ကို ရေရေရာရာ မလုပ်ဖြစ်ခဲ့ဘူး။အခုတော့ လုပ်ဖို့ကြိုးစားပါတယ်။ နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိပေမယ့် ထင်သလောက်တော့ ခရီးမပေါက်ခဲ့ပါဘူး။ အိမ်မှာ ပူပင်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ သားမီး သံယောဇဉ်၊ မိသားစု သံယောဇဉ်တွေ တိကနဲ ဖြတ်ချလိုက်လို့ ရလောက်အောင်လည်း ပါရမီအခံ ရှိခဲ့သူ မဟုတ်ပြန်ဘူး။
ဆေးရုံပြန်ဆင်းလာပြီ ဆိုပေမယ့် အစာစားတဲ့ကိစ္စက ပုံမှန်ပြန်ဖြစ်နိုင်မယ့်ဟာ မဟုတ်ဘူး။ ဒီကြားထဲမှာ ဗမာဆေးသောက်၊ ကချင်ဆေးသောက်၊ တရုတ်ဆေးသောက်နဲ့ ယုံကြည်ရာ ဆေးတွေ ဆက်သောက်နေ ဖြစ်ခဲ့တယ်။ မျှော်လင့်ချက် အမြင့်ကြီးကတော့ သိပ်မထားတော့ပါဘူး။ ဒါပေမယ့် ဒီဘ၀ သက်တမ်းလေးမှာ ဆန့်နိုင်သလောက် ဆန့်ပြီး သွားနိုင်စရာ အကြောင်းတရားတွေနဲ့ ဆက်ပြီးရှာဖွေနေတုန်းပါပဲ။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် ဖေဖေါ်ဝါရီ အလယ်ပိုင်းလောက်က စပြီး ဆေးရုံနဲ့ အိမ်ကြား ပြန်ပြေးခဲ့ရပြန်တယ်။ ဆေးရုံ ပြန်မသွားရခင် ဒီနှစ် NSW တက္ကသိုလ်မှာ မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့အတွက် ကျောင်းတက်ခွင့်ရတယ်လို့ အကြောင်းကြားစာ ရလာခဲ့တာလည်း ရှိတယ်။ ဒါပေမယ့် ကိုယ့်အခြေအနေမှန်ကို သိနေပြီဖြစ်တော့ အဲဒီကိစ္စအပေါ်မှာ တာရှည်ကြီး စဉ်းစားမနေဖြစ်လိုက်ပါဘူး။ ဆေးရုံမတက်ခင်မှာ သမီးတွေအတွက် ဗမာလို စာမျက်နှာ ငါးမျက်နှာပါတဲ့ စာတစောင်ရေးဖြစ်တယ်။ အဓိကကတော့ သူတို့လေးတွေ ဗမာလိုနေဖို့ ဗုဒ္ဓဘာသာဝင် အခြေခံကျကျ အဆီအနှစ်ကျကျ နားလည်ကြဖို့နဲ့ ဗုဒ္ဓရဲ့  အဆုံးအမအတိုင်း လူ့ဘ၀မှာ ငြိမ်းငြိမ်းချမ်းချမ်း နေသွားစေလိုတဲ့ စေတနာနဲ့ ရေးဖြစ်တာပါ။ ဆေးရုံက ပြန်ဆင်းလာတယ် အစားမပြောနဲ့ ရေတောင် ကောင်းကောင်း မသောက်နိုင်တော့ပဲ အန်တယ်။ အိမ်မှာရော ဆေးရုံမှာပါ ဘုန်းတော်ကြီးတွေ ကြွလာပြီးတော့ ပရိတ်တရားများ ဟောကြားပေးကြပါတယ်။ သွန်သင်ဆုံးမမှုများ ပြုလုပ်ကြပါတယ်။ မကျန်းမာစဉ်အတွင်းမှာ တရားမှတ်ပြီး နေထိုင်ခြင်းဟာ အကောင်းဆုံးလို့ သင်ကြား ပြသတော်မူခဲ့ကြပါတယ်။
ဆေးရုံက ဆင်းလာခဲ့ပြန်တယ်၊ အိမ်မှာ ဇော်ထွန်းဆိုတဲ့ မိတ်ဆွေတယောက်က လာလည်တယ်။ တရုတ်ပြည်မှာ ဆေးသွားကုဖို့အတွက် မဆိုင်းမတွပဲနဲ့ ၀ိုင်းပြီးတော့ ကူလုပ်ကြတယ်။ အဲဒီနေ့က သူတို့ဇနီးမောင်နံ ပြန်သွားအပြီးမှာ တရားအဖန်ဖန် ရှုမှတ်ရင်းနဲ့ မိမိကိုယ်ကိုယ်မိမိ လက်ခံခြင်း၊ ကောင်းစွာသိခြင်း အဆင့်ကိုရင်ထဲက တွေးကြည့်ရုံ မဟုတ်ပဲနဲ့ အားမတန်လို့ မာန်လျှော့ရတယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ပဲနဲ့ ကျေကျေနပ်နပ် လက်ခံလိုက်နိုင်တယ်။ အဲဒါနဲ့ ကလေးအဖေကို ဖုန်းဆက်ပြီး ပြောခိုင်းတယ်တရုတ်ပြည်မှာ ဆေးကုမယ့် ကိစ္စကို ဆက်မလုပ်ပါနဲ့တော့လို့ ပြောခိုင်းတယ်။ နောက်တနေ့ကျတော့ အိမ်မှာ နေ့စဉ်လာရောက် ကြည့်ရှုပေးနေတဲ့ ဆေးရုံဆရာမ တယောက်ဆီမှာဆားရည်ချိတ်ထားတာ ပြန်ဖြုတ်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ ဒီဆားရည်တွေဟာ အသက်ရှည်စရာ အကြောင်းတရား မဟုတ်နိုင်တဲ့ အရာတွေပါပဲ၊ နာရီပိုင်းလောက်သာ မျှော်လင့်ချက် ပေးထားနိုင်တဲ့အရာတွေပါ။ အဲဒါနဲ့ ဆားရည်လည်း ပြန်ဖြုတ်လိုက်တယ်။
အိမ်မှာနေရင်းနဲ့လည်း ကလေးအဖေနဲ့ ကလေးတွေကို အမြဲ အကဲခတ်လေ့လာနေခဲ့တယ်။ သူတို့တွေ ကိုယ်နာမကျန်း ဖြစ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်တာရုံ မဟုတ်ဘူး သိပ်တော့ မျှော်လင့်ချက် မထားနိုင်တာကို သိနေကြမှာပါ။ တကယ်တမ်းပြောရရင် ကလေးတွေအတွက်သာ ကိုယ်က မိခင်မေတ္တာနဲ့ ပူပန်စိတ် အမျိုးမျိုးဝင်နေရပေမယ့် သူတို့လေးတွေဟာ ဘာမှ နာလည်ပုံ မရကြဘူး။ ပြောရမယ်ဆိုရင် ဒီကနေ့ ကောက်ကာငင်ကာ သေသွားလည်း သူတို့တွေ ဘယ်လောက်များများ နားလည်ခံစားတတ်မှာလဲ ကလေးဆိုတာ စားချိန်စား ကစားချိန်ကစား အိပ်ချိန်တန် အိပ်သွားတတ်ကြတယ်လေ။ အခြေအနေတခုကြောင့် သူတို့ရဲ့ ဘ၀မှာ မိခင်ဆိုတာမျိုး တောင်းတလာမယ့် အချိန်ကျတော့ ကိုယ်က မရှိနိုင်တော့ဘူးပေါ့။ ဒီအခြေအနေအားလုံးလည်း မိမိထိန်းချုပ် ဖန်တီး ဟန့်တားပြုပြင်လို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ ဒီနိယာမဆိုတဲ့ လွန်ဆန်လို့မရတဲ့ သဘာဝတရားတွေကို ကျေကျေနပ်နပ် ခံယူလာနိုင်တဲ့အချိန်ဟာ မိမိအတွက် တကယ်ကို အေးချမ်းတဲ့ အချိန်များပါပဲ။
ကိုယ့်ရဲ့ ၀ိပဿနာညာဏ်စဉ်ဟာ ဘယ်အဆင့်ကို ရောက်တယ်ဆိုတာ မသိပါဘူး။ တခုထင်ရှားတာကတော့ ဒီ မတ်(ခ်ျ)လ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်အတွင်းမှာ လူက စိတ်အရ ပေါ့ပါးလွတ်လပ်လာတယ်။ ခန္ဓာကတော့ နာနေတာပေါ့လေ။ လိုအပ်တဲ့ ဆေးဝါးတွေလည်း မှီဝဲနေဆဲပါပဲ။ အထူးသဖြင့် ညဘက်တိတ်ဆိတ်တဲ့ အချိန်များမှာ ပိုပြီး စိတ်ချမ်းသာတယ်။ စိတ်တုန်လှုပ်ခြင်း သောကရောက်ခြင်းတွေ ရှိမနေတော့ဘူး။ အိပ်ပျော်ရာက နိုးလာတဲ့အချိန်မှာ ဒီဘ၀ကလွတ်မြောက်ဖို့ရာ ပိုနီးလာပါလားဆိုတဲ့ ပီတိမျိုးကို သိသိသာသာကြီး ခံစားရတယ်။ ဒီပီတိဖြစ်နေခြင်းဟာ ၀ိဘ၀တဏာဆိုတဲ့ ဘ၀ပျက်ခြင်းကို အလိုရှိခြင်း ဖြစ်နေပြီလားသမ္မာဒိဌိဖြစ်နေမလားလို့ သိချင်တာနဲ့ ၁၅၊၀၃၊၀၃ နေ့လည်ပိုင်းမှာ (ယနောရာ) ဆရာတော် အရှင် ဦးဇာဂရထံမှာ လျှောက်ထား မေးမြန်းခဲ့တယ်။ ဆရာတော်ဘုရားကြီးက ၀ိဘ၀တဏာက ကိုယ်လိုက်လို့ ဒီစိတ်ပေါ်တာ မဟုတ်တဲ့အပြင် ပြုဖူးတဲ့ကုသိုလ်တွေကြောင့် သေရမှာကို မကြောက်တဲ့စိတ် ပေါ်လာတာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒါနဲ့ ကိုယ့်စိတ်ထဲမှာ ကြည်ပြီးတော့ ရှင်းသွားတယ်။ တချို့ရက်တွေမှာ ဆိုလို့ရှိရင် ဒီလိုစိတ်တွေ ရှင်းဖို့ အချိန်မရောက်ခဲ့ဘူး။ တခုမဟုတ်ရင် တခုသောကရောက်လာတာပဲ။ အဲဒီနေ့ ရင်ထဲမှာ ငြိမ်းချမ်းလာမှုတွေနဲ့ ပတ်သက်ပြီးတော့ စာလေးတစောင်လောက် ရေးချင်လိုက်တာလို့ ဆန္ဒရှိလာတာနဲ့ ကလေးအဖေကို ပြောပြတယ်။ သူက ရေးပေးမယ်ဆိုတာနဲ့ ရေးဖြစ်ခဲ့တာပါ။
အနှစ်ချုပ် ပြောချင်တာကတော့ လူတယောက်ရဲ့ ဘ၀ကောင်းရာမွန်ရာ နေနိုင်၊ ရောက်နိုင်အောင်၊ တန်ဖိုးရှိအောင် သံသရာ ၀ဋ်ဆင်းရဲကြီးကနေ လွတ်မြောက်ပြီး သံသရာ ချုပ်ငြိမ်းသွားအောင် ရနိုင်ရောက်နိုင်တဲ့ တရားများဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မများသာလျင် ဖြစ်ကြောင်း၊ ဗုဒ္ဓသည်သာ ကိုးကွယ်ရာ၊ ဓမ္မသည်သည်ကိုးကွယ်ရာ သာသနာ့ဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နေသော သံဃာသည်သာ ကိုးကွယ်ရာပဲ ရှိပါတယ်။ ဒီလို ကိုယ်တိုင်ကိုယ်ကျ အားထုတ်လေ့လာနိုင်တဲ့ တရားဓမ္မဆိုတာ ဗုဒ္ဓဘာသာမှာသာ ရှိတဲ့အတွက်ကြောင့် ဒီစာကို ဖတ်တဲ့သူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဖြစ်လောက်နဲ့ပဲ မကျေနပ်နေကြပဲ ၀ိပဿနာ တရားများကို လက်တွေ့ကျင့်ကြံ အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ သေမှာကို မကြောက်တော့ပဲ သတ္တရှိရှိနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားနိုင်ပြီဆိုရင် ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ တကယ်ရင်ဆိုင်ဖူးတဲ့သူပဲ သိနိုင်ပါတယ်။ ဒီသတ္တိလေး ရမလာခင် ဒီသတ္တိလေးရှိမလာခင်မှာ ဖြတ်သန်းလိုက်ရတဲ့သောက စိတ်ဆင်းရဲ ပင်ပမ်းခြင်းတွေဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ဖြတ်သန်းဖူးသူတွေသာ သိနိုင်ပါတယ်။ စေတနာ၊ မေတ္တာ ဂရုဏာ တရားတွေကို အခြေခံပြီး ဒီစာကို ရေးဖြစ်ပါတယ်။ သာဓု အနု မောဓနာ ခေါ်ယူကြပါကုန်။
(သာဓု သာဓု သာဓု)
သက်သက်လွင်
စနေနေ့ ၁၅၊ ၃။ ၀၃
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
Little Daughter စာအုပ် ရေးသားသူ ကရင်တိုင်းရင်းသူလေး ဇိုရာဖန်းနဲ့ ဆက်သွယ်မေးမြန်းချက်
VOA
18 April 2009Zoya Phan ကရင်တိုင်းရင်းသူလေး ဇိုရာဖန်း (Zoya Phan) ရဲ့ Little Daughter သမီးငယ်ဆိုတဲ့ စာအုပ် ဧပြီလ ၂၀ ရက်နေ့ ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ လက်ရှိနေထိုင်နေကာ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မဇိုရာဖန်းရဲ့ စာအုပ်နဲ့ပတ်သက်လို့ ဒေါ်လှလှသန်းက စာရေးသူနဲ့ ဆက်သွယ်မေးမြန်းပြီး စီစဉ်တင်ဆက်ထားပါတယ်။
အသံဖိုင်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။မှတ်ချက် ။ ။ http://www.voanews.com/burmese မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ထွက်သက်
... ... ...
... ...
- ဟောဒီ မာနတွေကို
အန်ချခဲ့ရ။
- ပြီးတော့လည်း
အဲဒီ မာနတွေကိုပဲ ပြန်ကောက်စားရ။
- ဘ၀ဆိုတာ
မာန စိုက်ပျိုးရေး ကွင်းပြင်ကြီးပေါ့။
- (တကယ်တော့လည်း)
အဲဒီ မာနလောက်ကိုမှ
စိုက်လို့ ပျိုးလို့မရရင်
လူဆိုတာတောင် ပေါ်ချင်မှ ပေါ်ခဲ့မှာ ..။
- (ကျုပ်ဆိုတာကကော)
အဲဒီ မာနတွေကိုပဲ ... အန်ချ
ပြန်စား
လေဖိအားနဲရပ်ဝန်းထဲ ခုန်ဝင်
လူဖြစ်ချင်လွန်းလို့
ကိုယ့်ကိုကိုယ် - မာနနဲ့ဖို့ပြီး သေခဲ့တယ်။
ကေးကေးဇံ
(၁၉ ၊ ၁၂ ၊ ၉၃) ၂၀၉ ခွဲရုံး
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
မင်းနိုင်သူ /၂၄ ဧပြီ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကြားနာပေးရန် ၀န်ကြီးချုပ်ထံ ထပ်မံ မေတ္တာရပ်ခံ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြသွားရန် စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
“အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၁၉) အရကိုက အရေးယူခံရသောသူသည် အရေးယူခံ ထားရသော ကာလအတွင်း အယူခံပိုင်ခွင့်ရှိတယ်ဆိုပြီး ပိုင်ခွင့်တရပ်အနေနဲ့ကို ပေးထားတာဗျ။ ဒါကိုအစိုးရအဖွဲ့က မကိုင်သေးဘူးဆိုတာ ချိုးဖောက်ရာရောက်မှာလေ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီကို ကျနော်တို့ဆက်တင်ပြမယ်လို့ စဉ်းစားထားတယ်” ဟု ၎င်းက ပြောသည်။
“ကျနော်တို့ကတော့ ဥပဒေစိုးမိုးရေးအတွက် အထောက်အကူပေးတဲ့သဘောအနေနဲ့ တင်ပြသင့်တာကို တင်ပြမယ်။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကိုယ်စားလှယ်ပါဝါ ပေးအပ်ထားတော့ ကျနော်တို့ တာဝန်ကျေ အောင်လုပ်မယ်။ ရေဆုံးရေဖျားလိုက်မယ်” ဟု ရှေ့နေကြီးဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။
အဆိုပါတင်ပြမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွဲဖက် ရှေ့နေဦးလှမျိုးမြင့်တို့ ဆွေးနွေးမှုများပြုပြီး လကုန်ပိုင်းတွင် တင်ပြသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
တည်ဆဲဥပဒေတရပ်ဖြစ်သည့် နိုင်ငံသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (ဥပဒေအမှတ်-၂/၇၅)၊ ပုဒ်မ (၁၃) တွင် ဗဟိုအာဏာပိုင်မပါသော အဖွဲ့အစည်းတရပ်ရပ်က လုပ်သင့်လုပ်ထိုက်သည့် အလုပ် မလုပ်ဘဲ နိုင်ငံသားတယောက်၏ အခွင့်အရေးကို ကာကွယ်မပေးပါက နိုင်ငံတော်ကောင်စီကို တင်ပြ၊ တိုင်ကြားနိုင် ကြောင်း ဖွင့်ဆိုထားသည်ဟု ဦးကြည်ဝင်းက ရှင်းပြသည်။
“ဆိုတော့ကာ ကျနော်တို့ဆီမှာ ၀န်ကြီးချုပ်ရုံးပါဝင်တဲ့ အစိုးရအဖွဲ့အထက်မှာ နအဖဆိုတာ ရှိသေးတယ်။ ဒီတော့ ကျနော်တို့ နအဖအကြီးအကဲဖြစ်တဲ့ တပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့ဗျာ။ သူ့ဆီကို ဥပဒေကြောင်း အရ ဆက်တင်မယ်။ တင်လိုက်ရင် ဗိုလ်ချုပ်မှူးကြီးလည်း ဒါကို နားလည်မယ်ထင်ပါတယ်။ တင်ပြဖို့တာဝန်ကတော့ ကျနော်တို့တာဝန်ပဲလေ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်း ဖြစ်ပွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရဆိုကာ နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။
ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်ချထားမှုကို အစိုးရအဖွဲ့က (၅) နှစ်ထက်ကျော်လွန်၍ (၁) နှစ်ထပ်တိုးခွင့် ရှိသည်ဆိုကာ တနှစ်ထပ်တိုးလိုက်ပြီးနောက် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသဖြင့် ရှေ့နေကြီး ဦးကြည်ဝင်းက ၂၀၀၈ ခု အောက်တိုဘာ (၉) ရက်တွင် အယူခံလွှာတင်သွင်းခဲ့သည်။
သို့ရာတွင် နအဖစစ်အစိုးရအဖွဲ့က အယူခံကို ကိုင်တွယ်ကြားနာခြင်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက အစိုးရအဖွဲ့ အကြီးအကဲ ၀န်ကြီးချုပ်ထံ အမှုကိုင်တွယ်ကြားနာပေးရန် မေတ္တာရပ်ခံစာ များ လေးကြိမ်ထက်မနည်း ပေးပို့ခဲ့သော်လည်း တစုံတရာအကြောင်း ပြန်ကြားခဲ့ခြင်း မရှိပေ။
“ဒီလ (၁၀) ရက်နေ့က အယူခံအမှုအတွက် ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာပေါ့ဗျာ။ အဲလိုပဲသုံးရမှာပေါ့ဗျာ။ တိုက်တွန်းတယ်လို့တော့ မသုံးတော့ပါဘူး။ အဲဒီစာတင်ပြီးနောက် ၀န်ကြီးချုပ်ဘက်က ဘာမှအကြောင်း မပြန်သေးဘူးဗျ။ သို့သော် ကျနော်တို့က ရှေ့နေတွေဖြစ်လေတော့ ကိုယ့်အမှုသည်အတွက် ကိုယ်ဉာဏ်မီ သလောက်၊ ကိုယ်တတ်စွမ်းနိုင်သလောက် စောစောကပြောသလို လုပ်စရာရှိတာတွေ ဆက်သွားမှာပေါ့ဗျာ။ ကြိုးစားမှာပေါ့” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
နအဖဘက်က နေအိမ်အကျယ်ချုပ်အယူခံအမှုကို ယခုအချိန်ထိ ကိုင်တွယ်ကြားနာမှုမပြုသော်လည်း အကျယ်ချုပ် အချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် မေ (၂၇) တွင် နေအိမ်အကျယ်ချုပ်သက်တမ်း (၆) နှစ် ပြည့်တော့မည် ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းကလည်း ကုလသမဂ္ဂက နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် ကိုယ့်ဥပဒေကိုယ် ချိုးဖောက်ရာရောက်သည်ဟု ပြောဆိုခဲ့သည်။
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
လှည်းတန်း
ခုနှစ်မိုင်၊ ခြောက်မိုင်ခွဲ
ပြီးတော့၊ ရန်ကုန်နဲ့ မြို့  လယ်ခေါင်နဲ့
၆ မိုင်ပဲ ဝေးတယ်
ငါးလမ်းဆုံတဲ့ နေရာ။
ဈေးတန်း၊ သစ်ပင်တန်း
ရေကန်အင်းလျား၊ ကျောင်းသား
ဒါထက် သူ့ရဲ့  နှလုံးသား
ရန်ကုန်ရဲ့  နှလုံးသား
ပြီးတော့ နိုင်ငံရဲ့  နှလုံးသား
တက္ကသိုလ်ကြီး ရှိတယ်
အဲဒါ လှည်းတန်း။
နယ်ကလာတဲ့သူ အားလုံးအတွက်
လှည်းတန်းဟာ ရန်ကုန်အဝင်
လှည်းတန်းဆို လူတိုင်းသိ
နယ်ကလူ လှည်းတန်းမှာချ
လိုရာနေရာ သူ သွားနိုင်တယ်
အဲဒီလို ယဉ်ပါးတဲ့ လှည်းတန်း။
နယ်ကျောင်းသားတွေက ဆိုတယ်
“လှည်းတန်းဟာ ငါတို့ အိမ်ယာ
လှည်းတန်းဟာ ငါတို့ လယ်ယာ
လှည်းတန်းဟာ ငါတို့ ဘာသာ
လှည်းတန်းဟာ ငါတို့ အိမ်
လှည်းတန်းဟာ ငါတို့ မိုးတိမ်
ငါတို့ အနာဂတ်အားလုံးဟာ
လှည်းတန်းက စ, ခဲ့ကြရတယ်”
အဲဒီလို ထဲထဲဝင်ဝင် လှည်းတန်း။
တခါကဆို
လှည်းတန်း ညနေဈေးခင်းမှာလည်း
မျောဝင်သက်ဆင်းဖူးမှ
အင်းလျားညနေ မြက်ခင်းမှာလည်း
ခြေဆင်းဖူးမှ
အဓိပတိလမ်းမှာလည်း
လျှောက်ဖူးအုံးမှ
Library ရှေ့  မှာလည်း ဓာတ်ပုံရိုက်ဖူးအုံးမှ
သစ်ပုတ်ပင်ကြီးပေါ်မှာလည်း
စာရေးဖူးအုံးမှ
ဖူးမှ …. ဖူးမှ … တခါက။
၁၉၂ဝ မှာ သမိုင်းလှခဲ့ပေမယ့်
၁၉၆၂ မှာ သေနတ်သံညံခဲ့တဲ့
၁၉၇၄ မှာ မီးလောင်တိုက် အသွင်းခံခဲ့ရတဲ့
၁၉၈၈ မှာ အဓိပတိလမ်းပေါ် လဲကျခဲ့ရတဲ့
သူ့အသည်းနှလုံးကို
လှည်းတန်းဟာ ရင်ခွင်ထဲ ထွေးထားခဲ့တယ်
ကျားကန်ပေးခဲ့တယ်
စင်မြင့်လုပ်ပေးခဲ့တယ်။
ဒါ တရား
လှည်းတန်းဟာ
အမှားမလုပ်ဘူး။
ဒါပေမဲ့
အမှန်တရားကို တန်ဖိုးမထား
အသစ်ကို မနှစ်သက်
လူငယ်ကို နားမလည်တဲ့
လက်သည် တရားခံ တစုက
လှည်းတန်းကို operation လုပ်
သူ့နှလုံးသားကို ဆွဲထုတ်ပြီး
အစိမ်းတောင် ပြန်ချုပ် မပေးခဲ့ဘူး
ပါသွားပြီ ပါသွားပြီ။
ခုဆို
အသားဟင်းသေးသေးနဲ့ ထမင်းတပွဲ
လေးကျပ်ခွဲနဲ့ ပေးစားခဲ့ရတဲ့
လှည်းတန်းရဲ့  ဦးဖျားမှာလည်း
ရဲကင်းတဲ တတဲ။
ခုဆို
အဓိပတိလမ်းကိုပိတ်
တက္ကသီလာ ဦးကင်းထိပ်မှာလည်း
မင်းအဆိပ်တွေနဲ့
စစ်ဟယ်, ဆေးဟယ်။
ခုဆို
ကိုကြီးနုတို့ ကိုအောင်ဆန်းတို့
နေခဲ့တဲ့ အိပ်ဆောင်တွေ
သင်ခဲ့တဲ့ စာသင်ဆောင်တွေလည်း
တိတ်နေ ဆိတ်နေ။
ဒါပေမဲ့
အမှန်တရားအတွက်
ပေးဆက်ကြမယ့် ပင်ပျိုများကို
လှည်းတန်းဟာ
ဘယ်သောအခါများကမှ လက်ပိုက်မကြည့်ဖူးဘူး။
ပစ်စလက်ခတ် အလုပ်ခံရတဲ့
အသည်းနှလုံးမဲ့ လှည်းတန်းကို
ဘယ်သောအခါမှလည်း တားဆီးမရဘူး။
ကမ်းပြိုရင် သောင်ထွန်းတယ်
ရန်ကုန်မိသားစုမှာ
လှည်းတန်းဟာ အပျိုမ
လတ်ဆတ်တဲ့ အသစ်တွေနဲ့
အမြဲဖြစ်နေတဲ့ ကညာ … ။။
နေမျိုးခိုင် (၈၈ မျိုးဆက်)
သောကြာနေ့၊ ဧပြီလ 17 2009 14:57 - မြန်မာစံတော်ချိန်
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...