Thursday, January 1, 2009

နှစ်သစ် မင်္ဂလာ ကို ပျော်ရွှင် ဝမ်းမြောက်စွာဖြင့် ကြိုဆိုပါ၏ ။

zwani.com myspace graphic comments
နှစ်သစ်မှာ အမိမြန်မာပြည် စစ်အာဏာရှင် လက်အောက် မှ အမြန်ဆုံး လွတ်မြောက်ပါစေသား ...။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 30, 2008

အားလုံးအသင့်ပြင်

အားလုံးအသင့်ပြင်

ငွေကြေးပြဿနာပေါ်ပြီး ဘဏ်တွေပြိုတာကနေ ကူးသန်းရောင်းဝယ်ရေးတွေ အီထိုင်းလာကာ ထုတ်လုပ်ရေးတွေ ကျဆင်းလာတယ်။ စီးပွားရေး ကျဆင်းလာတယ်လို့ပြောနေကြပါတယ်။ စီးပွားရေး အကြပ်အတည်းတခုဖြစ်ပေါ်လာပြီး စီးပွားရေးကပ်ဆိုက်နိုင်တဲ့အခြေအနေလို့ဆိုနေကြပါတယ်။ဒီလိုဖြစ်လာရင် လူမှုရေး၊ နိုင်ငံရေးစတဲ့ လူ့ကိစ္စ နယ်ပယ်အသီးသီးမှာလည်း မတည်မငြိမ်ဖြစ်တတ်ပါတယ်။ နယ်ပယ်အား လုံးက ကျဆင်းမှု၊ ကမောက္ကမဖြစ်မှုတွေဟာ ဆုံချက်တခုကို ရောက်ရင်ပေါက်ကွဲတတ်ပါတယ်။ ၀ုန်းဒိုင်းကျဲပြီး ပြောင်းလဲဖြစ်ပေါ်တတ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ စီးပွားရေး အကျပ်အတည်းဟာ အရင်းရှင် နယ်ချဲ့နိုင်ငံတွေရဲ့ ထိပ်သီး နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက စဖြစ်တာပါ။ ၂၁ ရာ စုရဲ့ ပဌမ ဆယ်စုနှစ်အကုန်ပိုင်းမှာဖြစ်တာပါ။ ၂၁ရာစု အရင်းရှင်စနစ် အကြပ်အတည်း အစကာလလို့ ပြောရင်ရပါတယ်။ ၂၀ ရာစုနှစ် အလယ်ပိုင်းက စပြီး အမေရိကန်နိုင်ငံဟာ အရင်းရှင် နယ်ချဲ့ စနစ်ရဲ့ ရှေ့ ဆောင်ကြီး ဖြစ်လာပါတယ်။ ၂၀ ရာစုအစပိုင်းမှာ ရုရှ အောက်တိုဘာ တော်လှန်ရေး အောင်မြင်ပြီးတဲ့နောက် ကမ္ဘာမှာ အရင်းရှင်စနစ်အပြင် ဆိုရှယ်လစ်စနစ်ဟာ တည်ရှိလာပါတယ်။ ဒါပေမဲ့လူ့လောက ကြီးတခုလုံးကို အဆုံးအဖြတ်ပေးနေတာ အရင်းရှင်စနစ် ဖြစ်နေဆဲပဲ ဖြစ်တယ်။ ဆိုရှယ်လစ်စနစ်ဟာ အဆုံးအဖြတ်ပေးတဲ့ အခန်းကို မရောက်သေးပါ။ အမေရိကန်နယ်ချဲ့နိုင်ငံဟာ အရင်းရှင်စနစ်ရဲ့ ရှေ့ ဆောင်နိုင်ငံဖြစ်တော့ အမေရိကန် နိုင်ငံမှာ တခုခုဖြစ်ရင် တကမ္ဘာလုံးကို ဂယက်ရိုက်ခတ်ပါတယ်။ သိပ္ပံနည်းပညာတွေ ပေါက်ကွဲထွက်လာပြီး ဂလိုဘယ် လိုက်ဇေးရှင်းဖြစ်လာတော့လဲ အရင်းရှင်စနစ်ရဲ့ဂလိုဘယ် လိုက်ဇေးရှင်းပဲ ဖြစ်လာတယ်။ တနည်းပြောရရင် အမေရိကန် ဗိုလ်ကျစိုးမိုးရေးရဲ့ဂလိုဘယ် လိုက်ဇေးရှင်းပဲ ဖြစ်လာပါတယ်။ ဒါကြောင့် အရင်းရှင်စနစ် လွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာ အရင်းရှင်နိုင်ငံတွေမှာ ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ ဆိုပြီး ကွဲသွားပါတယ်။ ဆင်းရဲ ချမ်းသာ ကွာဟမှုကြီးတယ်လို့ပြောကြပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေဟာ ဆင်းရဲ မွဲတေတဲ့ နိုင်ငံကနေ ဆိုရှယ်လစ် နိုင်ငံကို ထူထောင်ရတာကြောင့် စီးပွားရေး အဆင့်ဘယ်လောက်မှ မတက်လာသေးပါဘူး။ အဲ့ဒီအပြင် ပီပြင်တဲ့ ဆိုရှယ်လစ် စီးပွားရေးကို မထူထောင်နိုင်သေးဘဲ အရင်းရှင် အစိပ်အပိုင်းတွေကို ခွင့်ပြုထားရသေးတဲ့ ကာလဖြစ်တော့ ကမ္ဘာ့စီးပွားရေးပျက်မှုဒဏ်ကို သူတို့လည်းအနည်းနဲ့အများတော့ ခံစားရပါလိမ့်မယ်။ အခုဖြစ်နေတဲ့ အရင်းရှင်စီးပွားရေးကျဆင်းမှု အကြပ်အတည်းဟာ အရင်းရှင် ဂလိုဘယ် လိုက်ဇေးရှင်း ကာလကြီးမှာဖြစ်တာကြောင့် သမိုင်းမှာပေါ်ခဲ့တဲ့ အရင်းရှင်စနစ် အကြပ်အတည်းတွေနဲ့မတူဘဲ ပိုအန္တရာယ်ကြီးပါတယ်။ စစ်အေးလွန်ကာလ ကုန်ဆုံးချိန် ကမ္ဘာ့စည်း စနစ်ဟောင်းကလည်း တည်ငြိမ်မှုကိုမပေးနိုင်၊ စည်းစနစ်သစ်ကလည်း မပေါ်ပေါက်သေးတဲ့ ကာလဖြစ်တာကြောင့်ရယ်၊ တကမ္ဘာလုံးပျက်သုဉ်းနိုင်တဲ့ လက်နက်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကလည်း ရှိနေပြန်တယ်ဆိုတော့ အန္တရာယ်က မတွေးဝံ့စရာပါပဲ။

၁၉၃၀ ကဖြစ်ပေါ်တဲ့ အရင်းရှင်စနစ် စီးပွားရေးကပ်နဲ့ မတူဘူးလို့ ပြောနေကြပါတယ်။ ၁၉၃၀ ခုနှစ်တွေတုန်းက ကမ္ဘာ့အရင်းရှင်စနစ်ကို ဦးဆောင် ဦးရွက်ပြုနေတဲ့ နိုင်ငံတွေက အနောက်ဥရောပ နယ်ချဲ့နိုင်ငံတွေပါ။ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ သူ့ဖာသာသူ သီးခြားအားမွေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းလည်းမဟုတ်သေးပါ။ ဒါပေမဲ့လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကနယ်ချဲ့စနစ် အဖြစ်နဲ့ကမ္ဘာပတ်နေပါပြီ။ ဒါကြောင့် ဥရောပနယ်ချဲ့နိုင်ငံတွေမှာ စီးပွားရေး အကြပ်အတည်း ပေါ်လာတော့ အမေရိကန်တို့ ဂျပန်တို့မှာလည်း အနှေးနဲ့အ မြန်တော့ ဂယက်ရိုက်ပါတယ်။ အဲ့ဒီတုန်းက အရင်းရှင်စနစ်အောက်မှာ အရင်းရှင် စနစ်အကြပ်အတည်းကို အရင်းရှင်နည်းနဲ့ ကြိုးစားဖြေရှင်း ကြပါတယ်။ ကြိုးစားကုစား ကြပါတယ်။ နောက်ဆုံးတခြား နည်းလမ်းတွေနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့ အဆုံးမှာ စစ်ပွဲဆိုတာနဲ့ ဖြေရှင်းလိုက် ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတာပါပဲ။ အဲ့ဒီတုန်းက ဆိုရှယ်လစ်နိုင်ငံဟာ ဆိုဗီယက်တနိုင်ငံထဲပဲ ရှိပါတယ်။ ဒါပေမဲ့ဆိုဗီယက်နိုင်ငံဟာ လီနင်ရဲ့ စီးပွားရေး ပေါ်လစီသစ်အရ နိုင်ငံကို စီးပွားရေးအရ အောင်မြင်စွာထူထောင်နိုင်ပြီး တည်ငြိမ် တိုးတက်လာပါတယ်။ ၁၉၃၀ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အပီအပြင် ထူထောင်နိုင်တာကြောင့် အရင်းရှင်ကမ္ဘာမှာ စီးပွားရေးကပ်ဆိုက်ပေမဲ့ ဆိုဗီယက်မှာ စီးပွားရေးတည်ငြိမ်ပြီး မှန်မှန်ပဲ တိုးတက်ဖွံ့ဖြိုး နေပါတယ်။ အဲ့ဒီတုန်းက အရင်းရှင်စနစ်အကျပ်အတည်းနဲ့ ဆိုရှယ်လစ်စနစ်ရဲ့အားသာချက်ကို ဒီလိုပြတ်ပြတ်သားသား ရှင်းရှင်း လင်းလင်း မြင်နိုင်ပါတယ်။ ဒီကနေ့ ၂၁ ရာစုအစပိုင်း အရင်းရှင်နယ်ချဲ့စနစ်ရဲ့ဂလိုဘယ် လိုက်ဇေးရှင်း အခြေအနေမှာ ပေါ်ပေါက်တဲ့ စီးပွားရေး အကြပ်အတည်း ကာလမှာ ဆိုရှယ်လစ်နိုင်ငံတွေ ၁၉၃၀ ခုနှစ်ကထက်များပေမဲ့ ဆိုရှယ်လစ် စနစ်ရဲ့အားသာချက်ကို ဘယ်လောက်မှထုတ်ဖေါ်နိုင်ဦးမယ်မဟုတ်ပါ။

၁၉၃၀ ခုနှစ်မှာပေါ်ပေါက်တဲ့ အရင်းရှင်စီးပွားရေးအကြပ်အတည်းဟာ နောက်ဆုံးမှာ ဒုတိယကမ္ဘာစစ် (၁၉၃၈-၁၉၄၅)နဲ့ ဖြေရှင်းလိုက်ကြတဲ့အခါမှာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အသွင်အပြင်ဟာ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ အရင်းရှင်စနစ်ကြီးကို အနောက်ဥရောပနယ်ချဲ့နိုင်ငံတွေက ခေါင်းဆောင်မှုပေးနေရာက အမေရိကန်အရင်းရှင်နယ်ချဲ့က ဦးဆောင်မှုနေရာကို ရရှိလာပြီး ခေတ်သစ်ကိုလိုနီစနစ်ကို ထူထောင်လိုက်နိုင်ပါတယ်။ အရှေ့ဥရောပတခုလုံးနဲ့ အာရှကုန်းမကြီး မြောက်ခြမ်းနဲ့အလယ်ပိုင်းတခုလုံး ဆိုရှယ်လစ်နိုင်ငံတွေ ဖြစ်ကုန်တယ်။ ကရစ်ဘီယံပင်လယ်ထဲကကျူးဗားနိုင်ငံလည်း ဆိုရှယ်လစ်နိုင်ငံဖြစ်လာတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကို အရင်းရှင်စနစ်ကပဲ အဆုံးအဖြတ်ပေးမြဲဖြစ်ပြီး ဆိုရှယ်လစ်စနစ်က အဆုံးအဖြတ်အခန်းကို ရောက်ဖို့လုံးပမ်းဆဲကာလပဲ ဖြစ်ပါတယ်။ နိုင်ငံရေးစကားနဲ့ပြောရင်တော့ အရင်းရှင်နယ်ချဲ့စနစ်နဲ့ ဆိုရှယ်လစ် တော်လှန်ရေး ခေတ်ကြီးထဲမှာပဲဖြစ်ပါတယ်။ ဒီခေတ်ကာလရဲ့ထူးခြားချက်က အရင်းရှင်နယ်ချဲ့စနစ်ကို ခေါင်းဆောင်တာ အမေရိကန်နယ်ချဲ့သမားဖြစ်ပြီး ဆိုရှယ်လစ်နိုင်ငံ အများအပြားပေါ်ထွက်လာသလို ကိုလိုနီကျွန်ဘ၀က ရုန်းထွက်လာနိုင်တဲ့ လွတ်လပ်တဲ့အမျိုးသားနိုင်ငံတွေ အများအပြာပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ ဆိုရှယ်လစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ဆက်စပ်ပေါင်းကူးသွားကြတာပါပဲ။ ဗမာပြည်ဟာ အဲ့ဒီ ကမ္ဘာ့အခြေအနေနဲ့အညီ မိမိ ထူးခြားချက်ကို ဆုပ်ကိုင်ပြီး ဒုတိယ ကမ္ဘာစစ်ကိုဖြတ်သန်းလိုက်နိုင်တာကြောင့် ဒုတိယကမ္ဘာစစ်အပြီးမှာ လွတ်လပ်တဲ့နိုင်ငံတခုဖြစ်လာတယ်။ မိမိ အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်လိုက်နိုင်တယ်။ အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်လာနိုင်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် အမေရိကန်ခေါင်းဆောင်တဲ့ အရင်းရှင်ကမ္ဘာမှာလည်း အရင်းရှင်စနစ်အရ ပြန်လည်ထူထောင်ရေးတွေ လုပ်ပါတယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ ဘဏ္ဍာအရင်းအနှီးလက်ဝါးကြီးအုပ်မှုကို ပြန်လည်ခွဲဝေ နေရာယူရတာဖြစ်ပါတယ်။တကယ်တော့ အရာရာကို အမေရိကန်နယ်ချဲ့သမားက လက်ဝါးကြီးအုပ်စီးမိသွားပြီး ကျန်တဲ့အရင်းရှင်နိုင်ငံတွေဟာ အမေရိကန်ရဲ့ထီးရိပ်အောက်က နေထိုင်လုပ်ကိုင်ရတာဖြစ်သွားပါတယ်။
ဆိုရှယ်လစ် နိုင်ငံတွေဟာလည်း ဆိုဗီယက်အမှူးပြုတဲ့ အုပ်စုတခုအဖြစ်နဲ့ရပ်တည်လှုပ်ရှားလာပါတယ်။ အဲ့ဒီလိုအမေရိကန်နယ်ချဲ့ ခေါင်းဆောင်တဲ့ အရင်းရှင်ကမ္ဘာနဲ့ ဆိုဗီယက်အမှူးပြုတဲ့ကမ္ဘာဆိုပြီး ပေါ်လာပါတယ်။ အဲ့ဒီအုပ်စုနှစ်ခုရဲ့ ပဋိပက္ခဟာ ကမ္ဘာမှာ စစ်အေးဆိုတဲ့ ကာလကြီးကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ လွတ်လပ်ခါစ နိုင်ငံတွေကလည်း ဘက်မလိုက်ကြားနေရေး အုပ်စုကို ထူထောင်လိုက်ကြပြီး စနစ်ချင်းမတူတဲ့နိုင်ငံတွေအချင်းချင်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို အဆိုပြုချမှတ်ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း နောင်မှာ ဒီမူ ၅ ချက်ကို ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ အမေရိကန် ခေါင်းဆောင်တဲ့ အရင်းရှင်နယ်ချဲ့အုပ်စုက ခေတ်သစ် ကိုလိုနီစနစ်ကို ကျင့်သုံးတာကြောင့် ကမ္ဘာစစ်ကြီး ထ မဖြစ်ပေမဲ့ ဒေသစစ်ပွဲတွေ၊ အာဏာသိမ်းပွဲတွေ၊ နိုင်ငံရေးလုပ်ကြံမှုတွေ ကမ္ဘာ့နေရာအနှံ့မှာဖြစ်လာပါတယ်။

၁၉၆၀ ခုနှစ်တွေရောက်တဲ့အခါမှာ ဆိုရှယ်လစ်အုပ်စုထဲမှာ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာပါတယ်။ အရင်းခံကတော့ မာ့က်စ်ဝါဒမူတွေကို ဆုပ်ကိုင်ရေးနဲ့ မာ့က်စ်ဝါဒမူတွေကို စွန့်လွှတ်ရေးဖြစ်တယ်။ မာ့က်စ်ဝါဒမူတွေ စွန့်လွှတ်တာကို ခေတ်သစ်ပြန်လည်ပြင်ဆင်ရေးဝါဒလို့ခေါ်ပါတယ်။ခရုရှော့အမှူးပြုတဲ့ ဆိုဗီယက်ကွန်မြူနစ်ပါတီမှာ ပေါ်ပေါက်တာဖြစ်ပါတယ်။ အဲ့ဒီဝါဒအရ ဆိုရှယ်လစ်စနစ်ကိုစွန့်လွှတ်ပြီး အရင်းရှင်ဝါဒကို ပြန်လည် ကျင့်သုံးတာ ဖြစ်တယ်။ ဒါကြောင့် ဆိုရှယ်လစ်အုပ်စုမှာ ဆိုဗီယက်လိုင်းနဲ့ တရုတ်လိုင်းဆိုပြီး ကွဲသွားပါတယ်။ အဲ့ဒီကနေ ၁၉၇၀ ခုနှစ် အစပိုင်းကိုရောက်တော့ဆိုရှယ်လစ်ဂိုဏ်းဆိုတာ မရှိတော့ပါ။ အမေရိကန်ခေါင်းဆောင်တဲ့ နယ်ချဲ့အုပ်စုနဲ့ ဆိုဗီယက် ခေါင်းဆောင်တဲ့ ပြန်လည် ပြင်ဆင်ရေးအုပ်စုတို့ ထိပ်တိုက်တိုးတဲ့ စစ်အေးကာလဖြစ်သွားပါတော့တယ်။ ကမ္ဘာမှာ အမေရိကန်ခေါင်းဆောင်တဲ့ အရင်းရှင်အုပ်စုက၀င်စွက်တ ဒေသမတည်မငြိမ်မှုတွေနဲ့ ဒေသစစ်ပွဲတွေ ဖြစ်သလို ဆိုဗီယက် ပြန်လည် ပြင်ဆင်ရေးအုပ်စုက ၀င်စွက်တဲ့ ဒေသမတည်မငြိမ်မှုနဲ့ ဒေသစစ်ပွဲတွေ ဖြစ်လေ့ရှိလာပါတယ်။

၁၉၈၀ ခုနှစ် အကုန်ပိုင်းရောက်တဲ့အခါမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆိုဗီယက်အုပ်စုပြိုကွဲသွားပါတယ်။ စစ်အေးကာလ ပြီးဆုံးသွားတယ်လို့ပြောပါတယ်။ အမေရိကန်နယ်ချဲ့သမားဟာ အရင်းရှင်နယ်ချဲ့နိုင်ငံဟောင်းတွေအပေါ် သြဇာညောင်းသလို ဆိုဗီယက် ပြန်လည် ပြင်ဆင်ရေးအုပ်စုဝင်အားလုံးအပေါ်လည်း သြဇာလွှမ်းလာနိုင်ခဲ့ပါတော့တယ်။ အမေရိကန်နဲ့ ဆိုဗီယက်ထိပ်တိုက်ဖြစ်မှုဟာ မရှိတော့ပါ။ ဥရောပ၊ အာရှ မြေပုံမှာ အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်ကုန်ပါတယ်။ အဲ့ဒီကာလမှာတက်လာတဲ့ အမေရိကန်သမ္မတတိုင်းဟာ အမေရိကန်ရာစုနှစ်၊ အမေရိကန် ခေါင်းဆောင်မှု ဆိုတာကို ပြောဆိုတဲ့ အခြေအနေဖြစ်လာပါတယ်။

စစ်အေးလွန်ကာလတလျှောက်မှာ အမေရိကန်နယ်ချဲ့သမားထင်တိုင်းကြဲတဲ့ကာလလို့ ပြောလို့ရပါတယ်။ သိပ္ပံနည်းပညာ ပေါက်ကွဲမှုတွေ ဖြစ်လာပြီး အမေရိကန်အရင်းရှင်စနစ်ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကာလ ဖြစ်လာလို့ပါပဲ။ ဒီကာလအတွင်း ကမ္ဘာ့ဘယ်ထောင့်ကြားက ဘယ်ပြဿနာမဆိုအမေရိကန်မပါတာမရှိပါ။ ဒေသစစ်ပွဲဆိုလည်း အမေရိကန်ပါတာပဲ။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအကြောင်းပြပြီး ဘယ်ပြည်တွင်းရေးမဆို ဘယ်ဒေသကိုမဆို တနည်း မဟုတ်တနည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းနဲ့ အမေရိကန်ပါဝင်ပတ်သက်ရတာချည်းပဲဖြစ်တယ်။

ငွေရေး ကြေးရေး ဘဏ္ဍာရေး ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး စတဲ့ နယ်ပယ်အားလုံးကို အမေရိကန် လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေကပဲ လက်ဝါးကြီးအုပ်ထားနိုင်တာဖြစ်ပါတယ်။ အမေရိကန်ဟာ စီးပွားရေးအင်အားအကြီးဆုံးပါ။ စစ်ရေးမှာလည်းအင်အားအကြီးဆုံးပါ။ ဒါကြောင့်အမေရိကန်မှာ ပေါ်ပေါက်တဲ့ စီးပွားရေးအကြပ်အတည်းဟာ ဘယ်ခေတ်ကာလတွေနဲ့မှမတူတဲ့ အန္တရာယ်ကြီးကို ကမ္ဘာသူ ကမ္ဘာသား တွေဆီ သယ်ဆောင်လာပါလိမ့်မယ်။

အရင်းရှင်နယ်ချဲ့စနစ်ဟာ ဘယ်လောက်ပဲအသွင်တွေပြောင်းပြောင်း ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်ပါတယ် ဆိုဆို သူ့ရဲ့ကျဆုံးရမယ့် အရင်းခံအကြောင်းအချက်တွေဟာ သူ့ရဲ့သန္ဓေပါအကြောင်းအချက်တွေ ဖြစ်နေပါတယ်။ ဒါကို ဘယ်လိုမှ ရှောင်လွဲလို့မရပါ။ ရာစုနှစ် ၂ ခု ကျော်လောက် ရှင်သန် တည်တန့်လာတဲ့ အရင်းရှင်စနစ်ဟာ အခုအချိန်မှာ မီးစာကုန် ဆီခန်း ဘ၀ကိုရောက်လာနေပြီ ဖြစ်တယ်။ ဒါကို လီနင်က အစောကြီးကတည်းကတွေ့မြင်ခဲ့တယ်။ ဒါကြောင့် လီနင်က နယ်ချဲ့စနစ်ဟာ သေပန်းပွင့်နေတဲ့ အရင်းရှင်စနစ်လို့ပြောခဲ့တာပဲ။ ဆိုရှယ်လစ်ဂိုဏ်းပြိုကွဲသွားတာတို့ သိပ္ပံနည်းပညာ ပေါက်ကွဲလာတာတို့ဆိုတဲ့ အကြောင်းအချက်တွေဟာ အမေရိကန်နယ်ချဲ့စနစ်ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ပေါ်စေလိုက်တာအမှန်ပဲ။ အဲ့ဒါကြောင့်လည်း တချို့က အရင်းရှင်စနစ်သာတည်ရှိလိမ့်မယ်၊ အရင်းရှင်စနစ်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်ပြီး အရင်းရှင်စနစ်ပဲ ဆက်လက်ရှင်သန်တည်ရှိလိမ့်မယ်လို့ မြင်ကြတာပဲ။ ဆိုရှယ်လစ်စနစ်ဆိုတာ လက်တွေ့မဖြစ်နိုင်တဲ့စနစ်လို့တောင် တချို့ကပြောနေကြပါတယ်။ တကယ်ကအရင်းရှင်စနစ်ဟာ သွေးစုတ်မှု ကပ်ပါးစနစ်ကို အခြေခံရတယ်။ အစွန်းထွက်တန်ဘိုးနဲ့ လှီးယူရတဲ့စနစ်ဖြစ်တယ်။ ဘဏ္ဍာ အရင်းအနှီးကို လက်ဝါးကြီး အုပ်ရတဲ့စနစ်ဖြစ်တယ်။
ဘဏ္ဍာ အရင်းအနှီးကို အကြွေးစနစ်နဲ့လည်ပတ်ရတာဖြစ်တယ်။ စတော့ရှယ်ယာ ငွေချေး စာချုပ်၊ ချေးငွေဆိုတာတွေဟာ အကြွေးစနစ်တွေပဲ။ ငွေကြေးဈေးကွက်ဆိုတာကတော့ လောင်းကစားဝိုင်းကြီးပါ။ ဈေးကွက်လွှတ်ထားတယ်ဆိုပြီး ဈေးကွက်စီးပွားရေးလို့ပြောကာ ထုတ်လုပ်ရေးကို စည်းမဲ့ကမ်းမဲ့ထုတ်လုပ်တယ်။ အရင်းရှင်စနစ်ဟာ အဲ့ဒါတွေကို မလွဲမသွေလုပ်ရတာဖြစ်ပါတယ်။ အဲ့ဒါတွေမလုပ်ရင် အရင်းရှင်စနစ်မဟုတ်တော့ပါ။ အဲ့ဒါတွေလုပ်ရတာကြောင့်လည်း အရင်းရှင်စနစ်မှာမလွဲမသွေအကြပ်အတည်းပေါ်ရပါတယ်။ အခုအမေရိကန် ဘဏ် တွေပြိုတာ အကြွေးစနစ်နဲ့လည်ပတ်ထားတာကြောင့်ပဲ။ဘဏ်တွေမှာ ငွေမရှိဘူး။ အခွံပဲဖြစ်တယ်။ အဲ့ဒီတော့ တနွယ် ငင်တစင်ပါဆိုသလိုဆက်စပ်တဲ့ အရင်းရှင်စီးပွားရေးအစိပ်အပိုင်းအားလုံးထိခိုက်တော့တာပဲ၊
လောလောဆယ် အလုပ် လက်မဲ့ဦးရေတိုးပွားလာတယ်။ အငတ်ဘေးနီးကပ်လာတဲ့ဒေသတွေများလာတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး နယ်ပယ် အားလုံးမှာ မတည်မငြိမ်မှုတွေတိုးပွားလာတယ်။ ဒါတွေအားလုံးမှာမတည်ငြိမ်မှုတွေ တိုးပွားလာတယ်။ ဒါတွေအားလုံးဟာ အရင်းရင်စနစ်ထဲက အရင်းရှင်စနစ်ကို သေတွင်းပို့မဲ့ အရင်းရှင်စနစ်ရဲ့ သန္ဓေပါအကြောင်းအချက်တွေပဲ။

အရင်းရှင်စနစ်မှာ အကြပ်အတည်းတွေ့လာရင် ထွက်ပေါက်အဖြစ် နှစ်နည်း နဲ့ပဲ ဖြေရှင်းတာတွေ့ရပါတယ်။ တနည်း က ၀ယ်လိုအားမြှင့်တင်တဲ့နည်းနဲ့ ဖြေရှင်းပါတယ်။ အဲ့ဒီနည်းဟာ စားသုံးသူတွေကို သုံးစွဲစရာငွေကြေးရှိလာအောင် အလုပ်အကိုင် ဖန်တီးပေးတာလုပ်တယ်။ အဲဒီနည်းနဲ့ ၀ယ်လိုအားတက်လာတာနဲ့အမျှ အရင်းအနှီးလည်ပတ်မှု တွေပုံမှန်ဖြစ်လာပြီး သွေးစုပ်မှုကိုလည်း မှန်တန်းဖြစ်အောင် ထိန်းလိုက်ခြင်းဖြင့် လက်ဝါးကြီးအုပ်မှု နယ်ပယ်နဲ့ အတိုင်းအတာကို ထပ်မံတိုးချဲ့ ကြီးထွားစေလိုက်ကာ ဈေးကွက်ကိုလည်း တိုးချုံ့စေလိုက်တဲ့နည်းပဲဖြစ်ပါတယ်။ ဒါဟာ လည်ပတ်နေတဲ့ အရင်းရှင်စနစ်ယန္တယားကြီး တနေရာမှာပိတ်ဆို့သွားတဲ့အခါ အဲ့ဒီပိတ်ဆို့နေတာကို ဖယ်ရှားလိုက်ခြင်း အားဖြင့် ယန္တယားကို ပုံမှန်ပြန်လည်ပတ်အောင်လုပ်တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် တနေရာမဟုတ်တနေရာမှာ ပြန်ပိတ်ဆို့တတ်ပြီး မရင်းရှင်စနစ်ဟာလည်း တချိန်မဟုတ်တချိန်မှာ ပြန်ပြီးအကြပ်အတည်းနဲ့ရင်ဆိုင်ရပါတယ်။

အဲဒီလို ၀ယ်အားမြှင့်တင်တဲ့နည်းနဲ့ ဖြေရှင်းလို့မရရင် စစ်ထတိုက်တဲ့နည်း ကိုသုံးတာပဲ။ စစ်တိုက်တဲ့နည်းနဲ့ ဖြေရှင်းတာကတော့ စစ်ရှုံးသွားသူတွေ ဆီမှာရှိတဲ့ အရင်းရှင်ယန္တယားအဟောင်းနေရာမှာ အရင်းရှင်ယန္တယားအသစ်နဲ့ အစားထိုးပစ်တာလုပ်တာပဲ။ ဒီနည်းနဲ့စစ်နိုင်သူတွေက သူတို့ရဲ့လက်ဝါးကြီးအုပ်အရင်းအနှီးကို တိုးချဲ့နိုင်ပြီး၊ စစ်ရှုံးသူတွေက အကန့်အသတ်နဲ့ လက်ဝါးကြီးအုပ် အရင်းအနှီးကို ထိန်းသိမ်းခွင့် ရသွားစေတဲ့ နည်းတွေပဲဖြစ်တယ်။ ဒီနည်းနဲ့ အရင်းရှင်စနစ်ကို အသက်ဆက်ကြတယ်။

၁၉၃၀ ခုနှစ် အမေရိကန်စီးပွားရေးအကြပ်အတည်းကို ဖြေရှင်းပုံနဲ့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ မာရှယ်စီမံကိန်းကိုလေ့လာရင် ဒီကိစ္စတွေ အတော်ထင်သာမြင်သာဖြစ်ပါတယ်။ ၁၉၂၉ - ၃၀ မှာ အမေရိကန်မှာ စီးပွား ရေးကပ်ဆိုက်တော့ ၀ယ်လိုအားမြှင့်တင်တဲ့နည်းနဲ့အမေရိကန်ဟာသူ့စီးပွားရေး အကြပ်အတည်းကို သူကျော်နင်းပါတယ်။ စစ်လက်နက်ပစ္စည်းစက်ရုံတွေထောင်ပြီး အလုပ်လက်မဲ့ပြဿနာတွေဖြေရှင်းတယ်။ ဥရောပကိုစစ်လက်နက် ရောင်းချတဲ့ ဈေးကွက်အဖြစ် ဖန်တီးလိုက်တယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်လာတော့ အမေရိကန်ဟာ လက်နက်ရောင်းချသူ ငွေချေးစားသူ ဖြစ်လာတယ်။ ဂျပန်က အမေရိကန်ကိုဝင်တိုက်လို့ အမေရိကန်စစ်ထဲ ၀င်လာပေမဲ့ အမေရိကန်ဟာ စစ်တလင်း မဖြစ်တာကြောင့် ထုတ်လုပ်ရေးတွေ (လယ်ယာ၊ စက်မှုအားလုံး) ပုံမှန်ပဲလုပ်နိုင်တယ်။ ပို့ကုန်တွေ ပိုလျှံတာ ခေတ္တဖြစ်တယ်။ ဥရောပစစ်မြေပြင်မှာ အပြင်းအထန် တိုက်ခိုက်နေကြတုန်း ၀ယ်လိုအားကျသွားလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ မာရှယ်စီမံကိန်းအရ ဥရောပနိုင်ငံတွေကို အကူအညီ အထောက်အပံ့တွေပေးတဲ့နည်းနဲ့ ၀ယ်လိုအားမြှင့်တင်လိုက်တဲ့အခါမှာ ပိုလျှံနေတဲ့ ပို့ကုန်ပြဿနာဟာ နေ့ချင်းညချင်းဖြေရှင်းပြီးရုံမက ထုတ်လုပ်ရေးတွေ အများကြီးတိုးချဲ့နိုင်လာတယ်။
ဒီနည်းနဲ့ အရင်းရှင်စနစ်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီတို့လက်ပမ်းကျသွား ချိန်မှာ အမေရိကန်အရင်းရှင်စနစ်က လက်ခံမောင်း ထ ခတ်တော့တာပဲ။

တဘက်မှာ အရင်းရှင်စနစ်အကြပ်အတည်းတွေ့လေလေ အဖိနှိပ်ခံပြည်သူတွေ အဖိနှိပ်ခံအမျိုးသားတွေဟာ နိုးကြားမှုရှိပြီး စည်းလုံးမှုရှိကြရင်တော်လှန်ရေးတွေ ပေါက်ကွဲဖို့အလားအလာရှိလေပါပဲ။ ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ဖြစ်တော့ ရုရှမှာဆိုရှယ်လစ်တော်လှန်ရေးအောင်မြင်သွားတယ်။
အဖိနှိပ်ခံ အမျိုးသားပြည်သူတွေ နိုးကြားလာ တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တော့ အရှေ့ဥရောပတခုလုံး အာရှအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတခုလုံး ဆိုရှယ်လစ်နိုင်ငံတွေ ဖြစ်လာတယ်။ ကာရစ်ဘီယံပင်လယ်က ကျူးဗားနိုင်ငံလည်း ဆိုရှယ်လစ်နိုင်ငံဖြစ်လာတယ်။ ကိုလိုနီနိုင်ငံအများအပြား လွတ်လပ်ရေး ရလာတယ်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး စိတ်ဓာတ်တကမ္ဘာလုံးမှာ မြင့်မားလာတယ်။ ကွန်မြူနစ် လှုပ်ရှားအရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။

စစ်ရေးကာလမှာ ဆိုရှယ်လစ်လှုပ်ရှားမှုအတွင်းမှာ ပြန်လည်ပြင်ဆင်ရေးဝါဒပေါ်ပေါက်လာပြီး ဆိုဗီယက်အမှူးပြုတဲ့ အုပ်စုတခုလုံး အဲ့ဒီ ပြန်လည် ပြင်ဆင်ရေးဝါဒ ဒါမှမဟုတ် အရင်းရှင်လမ်းကြောင်း ပြန်လိုက်ခဲ့တာကြောင့် ဆိုရှယ်လစ်လှုပ်ရှားမှုဟာ အကြီးအကျယ် အားနည်း ယုတ်လျှော့ သွားခဲ့ရတယ်။ တော်လှန်ရေးတွေလည်း ကသောင်းကနင်းဖြစ် လာပီး တော်လှန်ရေးတွေ ပေါက်ကွဲ အောင်ပွဲခံတာ မရှိတော့ပါ။ စစ်အေးကာလ ကုန်ဆုံးတော့ဆိုဗီယက်အုပ်စုလည်း ပြိုကွဲပြီး အမေရိကန်နယ်ချဲ့သမားလည်း ကမ္ဘာမှာ တဦးတည်းသော ဗိုလ်ဖြစ်လာတယ်။ ဒါကို အရင်းရှင်စံနစ်အောင်ပွဲခံပြီး ဆိုရှယ်လစ်စနစ် နောက်ဆုတ်ရတယ်လို့ ပြောကြတာဖြစ်ပါတယ်။

အခုအချိန်အခါမှာ ဆိုရှယ်လစ်အင်အားစုတွေဘက်က လုံလောက်တဲ့ ပြင်ဆင်မှုတွေ ရှိမယ်ဆိုရင် အမေရိကန် နယ်ချဲ့စနစ်ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကာလမှာ ပေါ်ပေါက်တဲ့ အကြပ်အတည်းဟာ တမ္ဘာလုံးတော်လှန်ရေးတွေ ပေါက်ကွဲဘို့ အလားအလာအရှိဆုံး အချိန်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆိုရှယ်လစ် အင်အားစုတွေ တော်လှန်တဲ့ ကမ္ဘာ့ပြည် သူတွေ ကိုလိုနီစနစ်ကို ဆန့်ကျင်တဲ့ မျိုးချစ်တွေဘက်က လုံးဝ ပြင်ဆင်မှု မရှိတော့ မဟုတ်ပါ။
သူ့နည်းနဲ့သူ၊ သူ့အတိုင်း အတာနဲ့သူ၊ သူ့ကဏ္ဍနဲ့သူတော့ လုံးပမ်းနေကြတာပါပဲ။ ကနေ့ အမေရိကန်ကစလိုက်တဲ့ အရင်းရှင်စံနစ် အကြပ်အတည်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းကြသလဲ အပေါ်မှာ မူတည်ပြီး လှုပ်ရှားမှုတွေကလည်း ပုံစံအသစ်တွေနဲ့ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ တော်လှန်ရေးပုံစံသစ်တွေကို မြင်တွေ့ရဖို့အလားအလာရှိနေပါတယ်။ နိပေါ နိုင်ငံကတော့ ဈေးဦးပေါက်သွားပြီ။

ဗမာပြည်ဟာ စစ်ဗျူရိုကရက် အရင်းရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ဆင်းရဲမွဲတွေနေတဲ့ အရင်းရှင်စနစ်နိုင်ငံ တနိုင်ငံပါ။ အရင်းရှင်စီးပွားရေး အကြပ်အတည်း ဒဏ်ကို မလွဲမသွေခံရပါလိမ့်မယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ဆုံးရှုံးစရာများပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆုံးရှုံးစရာမရှိလို့ ကမ္ဘာ့စီးပွားပျက်လည်းဆင်းရဲတဲ့နိုင်ငံတွေကတော့ မဆုံးရှုံးပါဘူးလို့ပြောချင် ရင်တော့ပြောလို့ရပါတယ်။ ကနေ့ ဗမာပြည်မှာ ဖြစ်နေတာက ဆင်းရဲတဲ့ ဗမာပြည်ဟာ ခရုဆံ ကျွတ်ကိန်း ဆိုက်နေပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးမှုပြိုကွဲပြီး ပြည်တွင်းစစ် တောက်လျှောက်ဖြစ်လာတဲ့ တိုင်းပြည်ဟာ ၂၁ ရာစုကမ္ဘာ့အရင်းရှင်စနစ် စီးပွားရေးကပ်ကြီးကို ဘယ်လိုကျော်နင်းမလဲ။ တိုင်းပြည်မှာ ဘာမဏ္ဍိုင်မှမရှိ တော့ဘူး။ အကုန်လုံးဟာ ဖရိုဖရဲ ဖြစ်ချင်တိုင်းဖြစ်နေပြီ။တကယ်တော့ ကျဆုံးနိုင်ငံဖြစ်နေပြီ။ တိုင်းပြည်တပြည် မှာရှိအပ်တဲ့ မဏ္ဍိုင်တွေ ဗမာပြည်မှာပြိုလဲကုန်ပြီ။ ဗမာပြည်ကို တကယ် ကယ်တင်နိုင်မှာက စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပစ်ဖို့ပဲ ဖြစ်တယ်။ စစ်အုပ်စုကိုဖျက်သိမ်းပစ်ဖို့ပဲဖြစ်တယ်။

ကနေ့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေတာတွေဟာ အားရစရာကောင်းပါတယ်။ ဒီမိုကရေစီအင်အားစုတွေကိုမကြုံဖူး၊ မကြားဖူးတဲ့ ထောင်ဒဏ်တွေချ ဖမ်းဆီးနှိပ်စက် ညှဉ်းပမ်းသတ်ဖြတ်နေတဲ့ကြားက ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားပဲ လှုပ်ရှားတိုက်ပွဲဝင်နေကြပါတယ်။ ဒါပေမဲ့ မအောင်မြင်သေးပါ။ နည်းနာသစ်တွေရှာ ကြံကြပြီးဆက်လက်တိုက်ပွဲဝင်ရပါဦးမယ်။

လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်မရှိတာကြောင့် လျို့ဝှက်ပြီးကျစ်လစ်တဲ့ အစုအဖွဲ့လေးတွေဖွဲ့ကြပြီး အချိန်ကောင်း အခါကောင်းကိုစောင့်ရင်း အသင့်ပြင်ထားသင့်ကြပါတယ်။ အင်အားစုတိုင်းဟာ ကိုယ်ပိုင်နိုင်ရာ နယ်ပယ်တွေမှာ ကိုယ်သန်ရာတိုက်ပွဲသဏ္ဍာန်တွေအတွက် အသင့်ပြင်သင့်ပါတယ် နအဖ လက်နက်ကိုင်တပ် အသီးသီးမှာရှိတဲ့ တပ်မှူးတပ်သားတွေဟာလည်း နအဖ ထိပ်သီးတွေနဲ့လမ်းခွဲပြီး ပြည်သူလူထုဘက်ကိုရပ်ဖို့အသင့်ပြင်ရင်း အချိန် စောင့်သင့်ပါတယ်။ နအဖ ထိပ်သီးတွေဟာလည်း ဗိုလ်သန်းရွှေရဲ့အတွင်းစည်းထဲနေရတာ ကမ်းနားသစ်ပင်ဘ၀ပဲ ဆိုတာ လက်တွေ့ပေါင်းများလှပါပြီ။ သူတို့လည်း ဒီဘ၀အသိတော့ရှိသင့်ပြီ။

လူထုလူတန်းစား လူ့အလွှာ အသီးသီး အင်အားစုအသီးသီးဟာ မိမိပိုင်နိုင်ရာနယ်ပယ်မှာ မိမိ သန်ရာတိုက်ပွဲ သဏ္ဍာန်တွေအတွက် လျှို့ဝှက်ကျစ်လစ်စွာ စုစည်းကြပြီး အသင့်ပြင်ထားရသလို အစိုးရအမှုထမ်းတွေကလည်း အစိုးရ ယန္တယားထဲက ဘယ်နည်းနဲ့ဘယ်အစိတ်အပိုင်းကို ဖျက်ဆီးပစ်မယ်ဆိုတာ အသင့်ပြင်ထားရမှာ ဖြစ်ပါတယ်။ လက်နက် ကိုင်တပ်တွေလည်း ဒီလိုပါပဲ။ နအဖ ရဲ့အမိန့်ကိုဘယ်တော့ ဘယ်အချိန်မှာ ဖီဆန်ပြီး လူထုဘက်ရပ်တည်နိုင်မယ်ဆို တာ အသင့်ပြင်ရမယ်။ တနေရာရာက သဏ္ဍာန်တခုခုနဲ့ စတင်ပေါက်ကွဲတာနဲ့ နေရာအနှံ့က နည်းသဏ္ဍာန်ပေါင်းစုံနဲ့ နအဖ ကိုဦးတည်ဆန့်ကျင်တာဖြစ်ရင် ပါတီစုံဒီမိုကရေစီတံခါးဟာ ပွင့်သွားမှာမလွဲပါ။

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဦးတည်ချက်ထားပြီး လှုပ်ရှားရင်မတူတဲ့နယ်ပယ်၊ မတူတဲ့အင်အားစု၊ မတူတဲ့တိုက်ပွဲသဏ္ဍာန်နဲ့ လှုပ်ရှားရပေမဲ့ ခြေလှမ်းညီညီ ဟန်ချက်ညီညီလှုပ်ရှားတာဖြစ်သွားမှာ သေချာပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ တကယ်တော့ စစ်ဗိုလ်တမတ်သားပါတဲ့ ပါလီမန်မဟုတ်ပါ။ ဘောင်းဘီဝတ်ထားတဲ့ စစ်ဗိုလ် တမတ်သားပါပြီး ဘောင်းဘီချွတ်တဲ့ စစ်ဗိုလ်တွေနဲ့ စစ်အုပ်စုအလိုတော်ရိတွေ ၇၅ % ပါမယ့် ပါလီမန် ဖြစ်မှာဖြစ်တယ်။ ဒါကြောင့် စစ်အုပ်စုရဲ့လူတွေ ရာခိုင်နှုန်းပြည့်ပါတဲ့ ပါလီမန်ဖြစ်မှာပါ။ တကယ့်လူထုကိုယ်စားလှယ် တဦးတလေတောင် မပါနိုင်အောင် လုပ်ထားတာပါ။ ဒါကြောင့် ဒီအခြေခံဥပဒေဖျက်ပစ်ဖို့ တိုက်ပွဲကအစချီပြီး စစ်အုပ်စုတခုလုံးဖျက်သိမ်း ပစ်တဲ့ တိုက်ပွဲကိုလုပ်ရမှာပါ။ အရင်းရှင်စနစ်ရဲ့စီးပွားရေးပျက်ကပ်ဟာ ဒီတိုက်ပွဲအတွက် အခွင့်ကောင်းအခါကောင်း ဖြစ်နိုင်ပါတယ်။


အားလုံး အသင့်ပြင် သင့်ပြီ။

မောင်မိုးဦး
၂၅ ၊ ၁၂ ၊၂၀၀၈

မျှဝေသူ ။ ။ နော်မန်

မှတ်ချက် ။ ။ http://www.nguyinpyin.net မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Saturday, December 27, 2008

မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်


မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်


နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက် တချို့ ကို လေ့လာထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့စည်းတိုင်းမှာ သူ့အုပ်စုနဲ့ သူ သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ အခုဆောင်းပါးလေးမှာကတော့ ယေဘုယျအချက်လေးများကို အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ

ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊ မိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ကိုယ်နဲ့ မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်နေစိတ်ထား

ဘယ်လောက်အရေးကြိးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော်တဆ အာဏာပိုင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့အခါမှာ မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။


အ၀တ်အစား

လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိစေနိုင်တဲ့ အ၀တ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့နေရာမှာ ဘောင်းဘီမ၀တ်သွားပါနဲ့။ ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အကျီင်္တွေ၊ မြင်သာမှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ်ဝတ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။

လှုပ်ရှားမှု

စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။

နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့်မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။

မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။

အစည်းအဝေး

တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့် မိမိသီးခြားဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီလုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝသွားမတက်ပါနဲ့။

မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို သီးသန့်နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေအများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။

ဆက်သွယ်ရေး

“လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့”။ မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါတယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။

ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့ ဂျီတော့ခ်တွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာဘ်စည်းတည်ဆောက်ရေး၊ ရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။

ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင် သီးခြားအီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်းကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင် ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ရှိသူများ ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်းပြည်ပဆက်သွယ်ရေးမှာ မသုံးပါနဲ့။

ပည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေပါရင်တောင် ထင်ရှားတဲ့အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ မလုပ်ပါနဲ့။
ကိုယ့်ရဲဘော်လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေးအတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။

စာရွက်စာတမ်း

တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။ စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။

စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြားကျောင်းမှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။

မိတ်ဆွေများအတွက် တစုံတရာ အကျိုးရှိမယ် ယူဆပြီး၊ စေတနာနဲ့ အကြံပြုချက်များသာ ဖြစ်ပါတယ်။

တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၂၆၊ ၁၂၊ ၂၀၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 26, 2008

ကျောင်းသားလုပ်တဲ့ နိုင်ငံရေး



ဗသြ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com ( အမှတ်တရ ဒေါင်းအိုးဝေ ) မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 25, 2008

ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ဦးမှတ်ကြီး (ခ) ဦးလှသွင် ကွယ်လွန်လေပြီ


ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၆တွင် တာဝန် ထမ်းဆောင်ခဲ့သော ဦးမှတ်ကြီး (ခ) ဦးလှသွင်မှာ အဆုတ်ကင်ဆာ ရောဂါဖြင့် ယမန်နေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက် ညနေ ၄နာရီ ၅၈မိနစ်တွင် အမေရိကန်နိုင်ငံ၊ အော်ရီဂွန် ပြည်နယ်၊ ပို့တ်လန်းမြို့တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။


သားဖြစ်သူ ဇော်မင်းထွေးမှာ ယခုနှစ် မတ်ခ်ျလတွင် မြန်မာ့အရေးအတွက် အော်ရီဂန်ပြည်နယ်မှ နယူးယောက်အထိ မိုင်၃၀၀၀ ခရီးရှည်လျှောက်ခဲ့သူ ဖြစ်သည်။


ကျန်ရစ်သူ မိသားစုအား ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ ဆက်သွယ်နိုင်ရန်
ဆက်သွယ်ရန် ။ ။ (၅၀၃) ၂၃၉ - ၄၂၂၂


မှတ်ချက် ။ ။ http://chittemanawmyae.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်



နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။

နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။သန်းထွန်း
၂။ဇော်မင်းထွန်း
၃။တင်ထွန်းအောင်
၎။ထွန်းထွန်းဝင်း
၅။စောကျော်ထွေး
၆။ညီမင်းသူ
၇။မောင်ထွေး
၈။အောင်ထွေး
၉။နေလင်း
၁၀။သူရအောင်
၁၁။ကျော်နိုင်
၁၂။စိုးစိုးထွေး
၁၃။မိုးပပအောင်
၁၄။မိအေးမာ
၁၅။ဆွေဆွေဝင်း
၁၆။သီသီအောင်
၁၇။မသန်းအေး
၁၈။နိုင်နိုင်ဇော်
၁၉။သက်မာ
၂၀။ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော်နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။


ပြည်ထဲရေး အရာရှိတဦး (၂၄-၁၂-၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 21, 2008

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ “မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ” ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်းဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်းရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘိုဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ်ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။


တပ်မတော်အရာရှိတဦး (၁၉-၁၂-၂၀၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...