Wednesday, January 15, 2014

ကမ်းလာတဲ့ စာရွက်ကလေးများ

(တစ်)
သမီး . . .
အဲသည့်မနက်က ဖေဖေရန်ကုန်တက္ကသိုလ်ထဲကနေ ထွက်လာခဲ့ပြီးလှည့်တန်းဈေးဘက်ကို သွားစရာ ရှိတာနဲ့ပြည်လမ်းကို ဖြတ်ကူးလိုက်တဲ့အခါ ဦးလေးကြီးတစ်ယောက်ကို တစ်ခါပြန်တွေ့ရပြန်တာပါပဲ။ အသက်ကတော့ ခြောက်ဆယ်နီးနီး၊ ဒါမှမဟုတ် ခြောက်ဆယ်စွန်းစွန်းလောက်တော့ ရှိမယ်ထင်ပါရဲ့။ 

ဆံပင်တိုတိုပါးပါးကတော်တော်လေးဖြူနေပါပြီ။ လူကလည်းပါးပါးလျားလျားပါပဲ။ အင်္ကျီလက်တို အကွက်ကလေးနဲ့၊ ချည်လုံချည် အနွမ်းကလေးနဲ့၊ သူ့ကြည့်ရတာ ပင်စင်စားတွေ၊ ဘာတွေများလား မသိပါဘူး သမီးရယ်။
ထုံးစံအတိုင်းပေါ့ သမီးရယ်။ သူ့လက်ထဲမှာ လက်ကမ်းကြော်ငြာစာရွက်ကလေးတွေနဲ့။ လမ်းသွားလမ်း လာတွေကို သူလက်လှမ်းမီသလောက် တစ်ရွက်ချင်းတစ်ရွက်ချင်း ကမ်းနေလိုက်တာ။ လူတိုင်းလိုလို ကသူကမ်းလာတဲ့ ကြော်ငြာစာရွက်ကလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ယူသွားလိုက်ကြတာပါပဲ။ အင်း . . . ဖေဖေကလည်း တစ်ရွက်ပေါ့။

ကွန်ပျူတာသင်တန်း ကြော်ငြာစာရွက်ကလေးသမီးရဲ့။ Computer Basic ဆိုတဲ့ ကွန်ပျူတာအခြေခံ သင်တန်းရယ်၊ DTP လို့ဆိုတဲ့ ရုံးသုံးစာစီစာရိုက်သင်တန်းရယ်၊ Graphic Designer လို့ဆိုတဲ့ ဓာတ်ပုံနဲ့ ဒီဇိုင်းသင်တန်းရယ်၊ နောက် Internet နဲ့ E-mail သင်တန်းတဲ့၊ Auto CAD တဲ့စုံနေတာပါပဲ။ သင်တန်း စမယ့်ရက်၊ သင်တန်းရှိရာလိပ်စာ၊ နောက်ဘယ်နှရာခိုင်နှုန်း သင်တန်းကြေးလျှော့မယ်ဆိုတာတွေ လည်း သည်လက်ကမ်းကြော်ငြာစာရွက်ကလေးထဲမှာ ပါ,ပါရဲ့။

ဖေဖေလည်း သည်ကြော်ငြာစာရွက်ကလေးဖတ်ပြီး သင့်ရာလျော်ရာစာအုပ်တစ်အုပ်ကြား ညှပ်ထား လိုက်တာပါပဲ။ တစ်ခါတစ်ခါတော့လည်း အမှိုက်ပုံးထဲပေါ့။ မကြာခဏဆိုသလို သည်လိုလက်ကမ်း ကြော်ငြာကမ်းသူတွေက ရှိတတ်ကြတယ်မဟုတ်လား။ လှည်းတန်းလမ်းဆုံတစ်ဝိုက်မှာ တစ်ခါတစ် လေပေါ်လာတတ်တဲ့ ဦးလေးကြီးကလည်းမြို့တော်ရဲ့ လက်ကမ်းကြော်ငြာ ပေးဝေးသူတွေထဲက တစ်ယောက်ပဲပေါ့။

(နှစ်)
သည်လက်ကမ်းကြော်ငြာတွေကလည်း အမျိုးအစားကိုစုံနေတာပါပဲ။ Beauty Parlour လို့ခေါ်တဲ့အလှ ပြင်ဆိုင်ကြော်ငြာတွေလည်း ပါရဲ့။ ဘာသာစကားသင်တန်းကျောင်းတွေရဲ့ ကြော်ငြာတွေလည်းပါရဲ့။ ပြီးတော့ ဘုရားဖူးကားကြော်ငြာ၊ အလုပ်သစ်အကိုင်သစ်ကြော်ငြာ စုံနေတာပါပဲသမီးရယ်။
မြို့တော်ရဲ့ ပလက်ဖောင်းတွေပေါ်မှာ၊ ကျူရှင်လှေကား အဆင်းအတက်မှာ၊ ဘတ်စ်ကားမှတ်တိုင်မှာ၊ ဈေးအဝင်ဝမှာ တစ်ဝမ်းတစ်ခါးအတွက် လုပ်ငန်းမျိုးစုံကို အသိပေးနေတဲ့ သူတွေလေ။

သမီးကိုဖေဖေပြောပြချင်တဲ့နေ့က ဆူးလေဘုရားလမ်းမကြီးပေါ်မှာ သမီးရဲ့။ ခုံးကျော်တံတားကြီးပေါ် မှာလေ။ ဖေဖေလှေကားထိပ်မှာ ကြော်ငြာကမ်းတဲ့ လူငယ်ကလေးနှစ်ယောက်၊ ကြော်ငြာကိုယ်စီကမ်း လို့၊ ကိုယ်အမူအရာက ယို့ယို့ကျိုးကျိုးနဲ့၊ ဘာကြော်ငြာ အမျိုးအစားမှန်းတော့ ဖေဖေလည်းမသိဘူးပေါ့ သမီးရယ်။ ဒါပေမဲ့သူ့အသက်မွေးဝမ်းကျောင်းကို လေးစားတဲ့အနေနဲ့ ဖေဖေလှမ်းယူလိုက်တာပါပဲ။ ဒါပေမဲ့ တချို့ချို့သောလူအများစုကိုတော့ ဖေဖေအံ့သြသွားမိတယ်။ ကြော်ငြာကိုတော့ယူလိုက်တယ် ပေါ့သမီးရယ်။ ဒါပေမဲ့ ချက်ချင်းဆိုမှချက်ချင်း၊ အခုချက်ချင်း ခြေတစ်လှမ်းလွန်ပြီးတာနဲ့ တံတားပေါ် ပစ်ချလွှင့်ပစ်လိုက်တာပါပဲ။ မိုးရေစပ်စပ်မှာ ကြော်ငြာစာရွက်ကလေးတွေ တံတားကြမ်းပြင်အနှံ့ ပြန့်ကျဲ တွယ်ကပ်လို့၊ မဖတ်ဘဲလွှင့်ပစ်ခံလိုက်ရတဲ့ လက်ကမ်းကြော်ငြာစာရွက်ကလေးတွေကိုယ်စား ဖေဖေ နာကျင်လိုက်ရတာ။ ကြော်ငြာကမ်းသူကလေးနှစ်ယောက်ရဲ့ မျက်လုံးထဲက အသိအမှတ်အပြုမခံရလို့ သိမ်ငယ်သွားတဲ့အရိပ်ကို ဖေဖေတွေ့လိုက်ရသလိုပဲ။ ယူတော့ယူလိုက်ပါရဲ့။ ဆတ်ခနဲဆို လွှင့်ပစ် လိုက်၊ ဆတ်ခနဲလွှင့်အစ်လိုက်နဲ့။ တချို့ချို့သောလူတွေပေါ့။

(သုံး)
သမီးရယ် . . .
အစည်းအဝေး တစ်ခုလို့ပဲဆိုပါတော့။ လူတစ်ယောက်ထပြီး တင်ပြလာတာကို ဖေဖေတို့သမီးတို့ သဘောတူချင်မှ သဘောတူမှာပေါ့။ ဒါပေမဲ့ သူပြောနေတာကိုတော့ ဖေဖေတို့နားထောင်ရမယ်လေ။ မပြောနဲ့လို့ ပိတ်ပင်တာမျိုး၊ နားမထောင်ဘဲနေတာမျိုးတော့ မလုပ်အပ်ဘူးလို့ ဖေဖေထင်မိတာပါပဲ။ ဆိုကြပါစို့ လူတစ်ယောက်က လူတစ်ယောက်ဆီကနေ မေတ္တာ၊ ဒါမှမဟုတ် ငွေကြေး၊ ဒါမှမဟုတ် တစ်ခုခုတောင်းခံလာတာမျိုး ဆိုပါတော့။ ငြင်းတာပဲဖြစ်ဖြစ်၊ လက်ခံတာပဲဖြစ်ဖြစ် အဲဒါကဖေဖေတို့ သမီးတို့ရဲ့ အခွင့်အရေး၊ ဒါပေမဲ့သူပြောခွင့်၊ သူတောင်းဆိုခွင့်ကိုတော့ ဖေဖေတို့အသိအမှတ်ပြုရ၊ လေးစားရပေမပေါ့။
သိစေချင်လို့ကမ်းလာတဲ့ ကြော်ငြာကလေးကိုယူပြီးရင် သင့်လျော်တဲ့နေရာတစ်နေရာ ဖတ်လိုက်ပေါ့။ မဖတ်ချင်တဲ့အဆုံး မမြင်ကွယ်ရာမှာ လွှင့်ပစ်လိုက်ပေါ့။ ခုတော့ကမ်းသူရဲ့ရှေ့မှောက်မှာတင် လွှင့်ပစ် လိုက်တာမျိုးကတော့ . . . ။

ဖေဖေကတော့ ရန်ကုန်မြို့အနှံ့လျှောက်သွား၊ ပေးလာတဲ့လက်ကမ်းကြော်ငြာကလေးတွေကို လှမ်းယူ၊ ပြီးတော့ကိုယ်နဲ့ဆိုင်သလား မဆိုင်သလားဖတ်ကြည့်။ နောက်တော့လည်း လွှင့်ပစ်တာပဲပေါ့ သမီး ရယ်။ တစ်ခုပါပဲ။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှုကို လေးစားတဲ့အနေနဲ့ သူတို့ရှေ့မှာတော့ ဘယ် တော့မှ ဖေဖေလွှင့်မပစ်ဘူး။

ဟောကြည့် . . . လူတစ်ယောက်က ဖေ့ဖေ့ကိုကြော်ငြာကလေးတစ်ရွက် လှမ်းပေးနေပြန်ပါပြီ။ ကိုယ် ကလေးကို ယို့လို့၊ မျက်နှာလေးကို အောက်ချလို့၊ ဖေဖေကတော့ လှမ်းပြီးယူလိုက်ပြန်ပါပြီသမီးရယ်။

မောင်သာချို 
source by : http://www.maukkha.org

အပြည့်အစုံ ဖတ်ရန် ...

"ငါ ဆက်လျှောက်မယ်"

မည်သို့ပင်
ပိတ်ဆို့ တားဆီးစေကာမူ
ငါ့လမ်းကို
ငါ ဆက်လျှောက်မယ်။

ငါဟာ- လူ့လောကထဲကို
ခေတ္တရောက်လာတဲ့
ဧည့်သည်တယောက်၊
တချောင်းပဲပါတဲ့
အသက်သေသွားတော့လဲ
အလည်ခရီး
ပြီးဆုံးသွားတာပဲ။

ဒါကြောင့်- ငါ့အသက်ကို
သတ်ပစ်လိုက်မယ်လို့
မခြိမ်းချောက်ပါနဲ့ မိတ်ဆွေ၊
အသက်ရဲ့ မမြဲသော
သဘာဝကို ငါသိတယ်။

ငါ့ရုပ်ခန္ဓာဟာ
တနေ့နေ့ တချိန်ချိန်မှာ
ပုပ်ပွဆွေးမြေ့သွားရမယ့်
ဖြစ်တည်မှုတခု၊
အပုပ်ကောင်ကို
အရုပ်ဆောင်ဖို့
အမွေးနံ့သာ
အ၀တ်တန်ဆာတွေနဲ့
လွှမ်းခြုံထားခြင်းသာ။

ခန္ဓာကိုယ်ပြင်ပမှာ
ဒဏ်ရာမရရင်တောင်
ခန္ဓာကိုယ်တွင်းက
အသည်းကလီစာတွေကတော့
တစထက်တစ
ဆွေးမြေ့ပျက်စီးသွားမှာပဲ။

ဒါကြောင့်- ငါ့ခန္ဓာကို
နှိပ်စက်ညှဉ်းပမ်းလိုက်မယ်၊
ချုပ်နှောင်ထားမယ်လို့
မခြိမ်းချောက်နဲ့ မိတ်ဆွေ၊
ရုပ်နဲ့နာမ်ကို
ငါခွဲခြားတတ်တယ်။

ငါ့ဘ၀ဟာ
လောကဓံတရားရဲ့
ထိန်းကျောင်းမှုအောက်မှာသာ၊
နိမ့်တုံ၊ မြင့်တုံ၊ ဖြစ်ပျက်စုံနဲ့
မလွဲမသွေ၊ ကြုံရဦးမှာပဲ။

ဒါကြောင့်- ငါ့ဘ၀ကို
ဖျက်ဆီးလိုက်မယ်လို့
မခြိမ်းချောက်နဲ့ မိတ်ဆွေ၊
လောကဓံတရားကို
ငါသိတယ်။

ငါ့ပညာဟာ
ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့
တည်ဆောက်ထားတဲ့အရာ၊
ပညာရဲ့ အနှစ်သာရဆိုတာ
လူ့လောကအကျိုး
ဆောင်ကျဉ်းဖို့ရန်သာ။

ဒါကြောင့်- ငါ့ပညာကို
ရွှေငွေဂုဏ် ပကာသန၊
ရာထူးစည်းစိမ်တွေနဲ့
ဝယ်ယူပစ်လိုက်မယ်လို့
မကြံစည်လေနဲ့ မိတ်ဆွေ၊
ပညာရဲ့ အနှစ်သာရကို
ငါနားလည်တယ်။

ငါ့အသက်နဲ့ ငါ့ခန္ဓာ
ငါယုံကြည်ရာအတွက်
လှူဒါန်းထားတယ်၊
ငါ့ဘ၀နဲ့ ငါ့ပညာ
လောကအကျိုးအတွက်
ပေးလှူထားတယ်။

မည်သို့ပင်
ပိတ်ဆို့ တားဆီးစေကာမူ
ငါ့လမ်းကို ငါ ဆက်လျှောက်မယ်။

ခင်မမမျိုး (၂၀၁၃)

အပြည့်အစုံ ဖတ်ရန် ...

Friday, January 10, 2014

တိမ်ဖုံးပါလို့ လမသာ ကလေးတို့ရဲ့ အနာဂတ် ဒို့နိုင်ငံရဲ့ ကံကြမ္မာ


a
Photo by Yamounnar


သူ့ခေါင်းပေါ်က ဗန်းကလေးထဲမှာ ပန်းတွေ။ ဘာပန်းလဲတော့ မသိ။ စပယ်ကုံးလေးတွေများလား။
ဓာတ်ပုံရိုက်သူက မေးသည်၊၊
“သမီးလေးက ပန်းရောင်းနေတော့ ကျောင်းမနေဘူးလား”
“နေပါတယ်ရှင့်”
“အော်…ဘယ်နှတန်း ရောက်နေပြီလဲ သမီးလေးရယ်”
“သမီးက တူငယ်တန်း” တဲ့။ မပီကလာ ဖြေရှာသည်။
အော်…သူငယ်တန်းကျောင်းသူကလေးက ပန်းရောင်းပြီး ၀င်ငွေရှာရတဲ့ ခေတ်ပါကလား။

သူ့ခေါင်းပေါ်ရှိ ဗန်းကလေးထဲမှ စပယ်ပန်းကလေးက ဖြူဖြူစင်စင် လန်းလန်းဆန်းဆန်း။ ပန်းရောင်းတဲ့ သူငယ်တန်း မိန်းကလေးငယ် နုနုနယ်နယ်မှာမူကား သူ့စပယ်များများလို မပွင့်လန်းနိုင်ရှာတဲ့ နွမ်းလျနေတဲ့ စပယ်ဖူးငုံလေးလို…။

ရင်နင့်စရာတွေက အများကြီး။ ကားလမ်းဘေးမှာ သစ်သီးလေးအနည်းငယ်ထည့်ထားသည့် ဗန်းကလေး ရှေ့ချကာ ဈေးရောင်းနေရင်း စာကျက်နေသည့် ကလေးမလေး တဦး။
သာစည်ဘူတာလား၊ ဘယ်ဘူတာရယ်လို့တော့ မသဲကွဲ။ ဘူတာရုံမှာ ဈေးတောင်းကလေးတွေ ဘေးမှာ ချထားပြီး စာကျက်နေရသည့် ကလေးမ။

၆ နှစ် ၇ နှစ်လောက်သာရှိမည့် ခပ်လှလှသမီးငယ်လေးတဦး ပလပ်စတစ် အမှိုက်ပုံမှာ အမှိုက်ကောက်နေရှာ။ ရုပ်ကလေး လှပေမယ့် တမျက်နှာလုံး အညစ်အကြေးများနဲ့ ပေရေနေတဲ့ ကလေးမလေးကို မြင်ရတာ ကရုဏာသက်ရုံမက ရင်မှာ နင့်ခနဲ ဖြစ်သွားရမိသည်။ အော်…ဒို့ဗမာပြည်ရဲ့ စနစ်ဆိုးအညစ်အကြေးတွေက သမီးလေးမျက်နှာပေါ်တောင် ဖိတ်စင်နေပြီကော။
ဗမာပြည်မှာ ရင်နင့်စရာ ကလေးငယ်တွေရဲ့ ဘ၀တွေက မလင်းလက်နိုင်ရှာတဲ့ ကောင်းကင်က ကြယ်မှိန်မှိန်လေးတွေလို တမိုးလုံး အပြည့်။ မြောက်မြားလှစွာ။ (ဘီဘီစီမှ လင်းလက်ကြယ်စင် အခန်းလာတိုင်း ကျနော် သည်ကလေးတွေပဲ ပြေးမြင်မိသည်။)

ဆိပ်ကမ်းမှာ ငှက်ပျောခိုင် ကုန်တင်ကုန်ချလုပ်နေတဲ့ ကလေးများအနက်မှ ကလေးတဦးက ပြောသည်။ “ကျနော် ဒီအလုပ် လုပ်နေတာ ကြာလှပြီ။ ၁၀ နှစ် ၁၁ နှစ် အရွယ်ကတည်းကပဲ” ဗမာပြည်က ကလေးစစ်သား၊ ကလေးလုပ်သားများသာမက ကလေးအလုပ်ကြမ်းသမားများ ခပ်ကြမ်းကြမ်း ပြောရလျှင် ကလေးကူလီ မြောက်မြားစွာ ထွက်သည့်တိုင်းပြည်။

အော်..ရှိသေးတယ်။ ကလေးသူတောင်းစားလေးများ။ သာစည်မှ မန္တလေးဘက်အလာ တရွာလုံး ထွက်တောင်းသည့်အထဲ ကလေးအုပ်က အမျာစုကြီး ဖြစ်သည်ကို တခါက ကျနော်ကိုယ်တိုင် မြင်ခဲ့ဖူးသည်။ ဗမာပြည်မှာ တောင်းစားရသည့် ကလေးသူငယ် မြောက်မြားစွာ ရှိနေရုံမက သူတို့သည် ပြည်ပရောက် ထွက်ကုန်ပစ္စည်းလည်း ဖြစ်နေကြရှာသည်။ ပြည်ပမှာ သူတို့တတွေက မြင်တွေ့ရသည့်က ပိုမို သနားစရာ ကောင်းသည်။ ဒီကလေးများကို တောင်းရမ်းခိုင်းသည့် လင်မယားက သူတို့မိဘလည်း မဟုတ်။ ဆွေမျိုးသားချင်းလည်း မဟုတ်။ ဘာမှ မတော်စပ်။ သည်ကလေးများကို ဘယ်နေရာကနေ ဘယ်နည်းနဲ့ ခေါ်ယူခိုင်းစေနေသလဲ ဆိုတာတော့ အသေအချာ မသိ။ သူတို့လင်မယားက သူများတိုင်းပြည်က ပန်းခြံတခုမှ လက်ဖက်ရည်၊ မုံ့ပဲသွားရည်စာများ စားသောက်ပြီး ဇိမ်နှင့် နှပ်နေသည်။ ကလေးများက တောင်းရမ်းရသည့် ပိုက်ဆံများ လာအပ်သည့်အခါ ပိုက်ဆံနည်းနေလျှင် ကန်ကျောက် ရိုက်နှက်ပစ်တတ်သေးသည်။ ဒါက သူတောင်းစားအုပ် တအုပ်အကြောင်း လက်တွေ့မြင်ရသည်ကို ရေးပြခြင်း ဖြစ်သည်။ သည်လို ကလေးသူတောင်းစားအုပ်ပေါင်း များစွာ။

ပလပ်စတစ်လိုက်ကောက်နေသည့် ကလေးသူငယ်အုပ်စုထဲမှ တယောက်က ပြောသည်။ “ကျနော် တနေကုန် ဒီလို အလုပ်လုပ်ပြီး အိမ်ကို ငါးရာနဲ့ တထောင်ကြား အပ်နိုင်ပါတယ်” တဲ့။
တယောက်တည်း တနေကုန်လျှောက်သွားပြီး ပလပ်စတစ်နဲ့ အမှိုက်ကောက်ရရှာတဲ့ မိန်းကလေးငယ်အကြောင်း မှတ်တမ်းဗီဒီယိုခွေ ကြည့်ပြီး တချို့က မျက်ရည်ကျသည်။ “ကျမ မနက် ၄ နာရီလောက်က ထပြီး ည ၇ နာရီလောက်အထိ လှည့်ကောက်တာပဲ။ ဒါတောင် ကျမက တချို့ကောင်လေးတွေလောက် မရဘူး” ဟု ဆိုရှာသည်။ သူ့အဖွားက ပြောသည်။ “ကျမ သူ့ကို မခိုင်းချင်ပါဘူး။ ကျောင်းနေစေချင်တာပေါ့။ ဒါပေမဲ့ ဘ၀ကမှ မပေးတာ။ ပညာမတတ်ရင် အကန်းနဲ့တူတယ်ဆိုတာ ကျမ သိပါတယ်” တဲ့။

ဗမာပြည်မှာ ယင်းသို့ စာမတတ်၍ အကန်းလို ဖြစ်နေရသောကလေးများ အရေအတွက် သန်းချီ ရှိနေမလား။ ကျေးလက်မှ ကလေးများရဲ့ ဘ၀ကို မှတ်တမ်းတင် ရိုက်ကူးပြသသည်ကိုတော့ မတွေ့မိသေး။ စာသင်ကျောင်းပင် ကောင်းကောင်းဖွင့်မပေးနိုင်သည့် ဗမာပြည် ကျေးလက်တောရွာက ကလေးသူငယ်များရဲ့ ဘဝတွေကလည်း ဆိုးရှာပေလိမ့်မည်။ နွားကျောင်း ဆိတ်ကျောင်း ထင်းခွေ ထင်းခုတ်။ ကောက်သင်းကောက်နေရသည့် ကလေးငယ်တွေ။ စာမသင်ရဘဲ ရွှံဘွက်ရေအိုင်ထဲမှာ ပုစွန်၊ ကဏန်းတွင်းထဲ လက်နှိုက်ရင်း ဆင်းရဲတွင်းထဲ နစ်ကာ အချိန်ကုန်နေကြရမည့် ကလေးသူငယ်ပေါင်း မြောက်မြားစွာ ရှိပေလိမ့်မည်။

“အဖေက ကျနော့်အတွက် ကျောင်းစရိတ်မတတ်နိုင်ဘူး။ ဒီတော့ ကျနော် ဒီအလုပ် လုပ်နေရတယ်” စားသောက်ဆိုင်မှာ အလုပ်လုပ်နေရသော ကလေးငယ်က ပြောသည်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ပန်ကန်းဆေး စားပွဲထိုးလုပ်ရင်း ၀မ်းကျောင်းနေရသည့် ကလေးသူငယ်တွေ ဗမာပြည်မှာ ဘယ်လောက်များ ရှိမလဲ၊ စာရင်း ကောက်ကြည့်ချင်လိုက်တာ။ ဗမာပြည်မှာ လမ်းပေါ်ရောက်နေကြတဲ့ ကလေးသူငယ်တွေ ဘယ်လောက်များ ရှိနေမလဲ။ ထိုင်းနိုင်ငံတွင်မူ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒုက္ခသည်များ..စသည်တို့၏ သားသမီးများ သူများနိုင်ငံတွင် အခက်အခဲအမျိုးနှင့် စာသင်နေသည့် ကလေးငယ်များ စုစုပေါင်း သောင်းဂဏန်းအထိ ရှိသည်ဟု ကြားသည်။ စာမသင်နိုင်သည့် ကလေးငယ်များကော ဘယ်လောက်ရှိသလဲ။ သူတို့အနာဂတ်ကရော ဘယ်လိုလဲ။

တခြားနိုင်ငံက လမ်းပေါ်ရောက် လေလွင့်ကလေးငယ်များအကြောင်း လိုက်လံရှာဖွေ ဖတ်ရှုကြည့်မိပါသည်။ ဆရာကြောင့်၊ ကျောင်းပညာရေးစနစ်ကြောင့်၊ မိဘအိမ်ထောင်ရေးကြောင့် ကျောင်းမပျော်ဘဲ လေလွင့်ငှက်ငယ်ဖြစ်ရသည့် ကလေးငယ်များဘ၀ကိုပင် သူတို့ အသေအချာ စူးစမ်းလေ့လာကြသည်။

ဗမာပြည်မှာက အုပ်ချုပ်ရေးစနစ်ကြောင့် ပညာရေးစနစ်က မကောင်း။ ကျောင်းတွေ မလုံလောက်။ စီးပွားရေးစနစ် မကောင်းလို့ မိဘပြည်သူတွေ ဆင်းရဲသည်။ မိဘပြည်သူတွေဆင်းရဲတော့ သားသမီးတွေ ကျောင်းမနေနိုင်ကြတော့။ သူ့အမေ အကြော်ရောင်းလို့ သူလဲ အကြော်ရောင်းရသည့် အကြော်သည်မိဗျိုင်းလို ဘ၀မျိုးတွေချည်း ဗမာပြည်က မွေးဖွားပေး နေသည်။

ပြည်တွင်းစစ်ကလဲ ထောင်သောင်းချီသော တိုင်းရင်းသား ကလေးငယ်များကို ငရဲတွင်း မီးပင်လယ်ထဲ နှစ်မြှုပ်ဝါး မြိုပစ်နေသည်။ စာသင်ဖို့ ဝေလာဝေး။ စားသောက်ဖို့ အစားအစာပင် အခက်အခဲတွေ့နေရသော ကလေးငယ်များကို ဒုက္ခသည်စခန်းတွေမှာ ရင်နင့်စရာ တွေ့ရသည်။ အစာအာဟာရ မလုံလောက်တော့ ကျန်းမာရေးအန္တရာယ်နှင့် ကြုံရသည်။ ကျည်ဆန်ကြောင့် ကလေးသူငယ်တွေ မသေသည့်တိုင် ပြည်တွင်းစစ်နှင့်အတူ တွဲပါလာသော ရောဂါဘယကပ်ဆိုးက ကလေးသူငယ်များ၏ အသက်တွေ၊ အူတွေ အသည်းတွေကို ဆွဲထုတ်ယူငင်သွားကြသည်။

ရှမ်းပြည် ကျေးလက်က ဆင်းရဲတဲ့ ကလေးငယ်တွေ ကိုရင်ဝတ်ကြ။ ဘုန်းကြီးက အစိုးရစာသင်ကျောင်းမှာ ထားပေးသဖြင့် တတန်းလုံး ကိုရင်တွေချည်း စာသင်နေရသော စာသင်ကျောင်းတွေ ရှမ်းပြည်နယ်မှာ ရှိသည်။ ဘကကျောင်းခေါ် ဘုန်းတော်ကြီး စာသင်ကျောင်းတွေ တိုးများလာရုံမက ယခုအခါ ပလက်ဖောင်းစာသင်ကျောင်းတွေ၊ ကျူရှင်ကျောင်းတွေ အများအပြား ပေါ်လာသည်။ မီးရောင်ရှိသည့် ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ ဖျာခင်းပြီး ကလေးတွေကို ကျူရှင်ပေးသည့် ပလက်ဖောင်း စာသင်ကျောင်းတွေ ရှိသည်။ နောက်တမျိုးက လေလွင့်ပျက်စီးမည့် ကလေးများကို ခေါ်ယူထိန်းသိမ်းပြီး စာသင်ပေးသည့် ပလက်ဖောင်းစာသင်ကျောင်းဆိုတာလဲ ရှိသေးသည်။ ဆရာ ဆရာမတွေက စေတနာနဲ့ သင်ကြားပေးကြသည့် ဆရာ ဆရာမတွေ။

ဆရာမတယောက်က ပြောပြသည်။ “အစတုန်းက သူတို့ထဲက ကလေးတချို့တလေ ကျမ ပိုက်ဆံအိတ်ကို ဖွင့်ပြီး ယူမယ်လုပ်တာ ရှိတယ်။ ကျမက သေချာ ရှင်းပြပြီး နားလည်အောင် ပြောပြတော့ နောက်ဆို သူတို့က မခိုးရုံမက ကျမ ပစ္စည်းတွေကိုပါ စောင့်ရှောက်ပေးလာကြတယ်” ဖယောင်းလို နုနယ်သည့် ကလေးငယ်လေးတွေကို သည်ဆရာမက ကောင်းမွန်သည့် ရုပ်တုကလေးတွေ ဖြစ်အောင် ထုဆစ်နေရှာသည်။ ဗမာပြည်၏ ကလေးငယ်ပေါင်း အထောင်အသောင်းတို့ကို စာရိတ္တယိုယွင်းပျက်စီးသည့် ရုပ်ထုများဖြစ်အောင် စစ်အာဏာရှင်စနစ်က ထုဆစ်ခဲ့ပြီ။

စေတနာ ဆရာ ဆရာမ၊ စေတနာ ဘုန်းတော်ကြီး စေတနာသီလရှင်များ ဗမာပြည်တွင် ရှိပါသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီလရင်သင် ပညာရေးကျောင်း။ ပရဟိတ ပညာသင်ကျောင်းတွေ ဗမာပြည်မှာ အများကြီး ပေါ်လာသည်။ သူတို့ စိတ် စေတနာ မွန်မြတ်လှပါသည်။ ဒါပေမဲ့ သူတို့သည် ဗမာပြည်က ပညာမသင်ကြားနိုင်သည့် ကလေးသူငယ် ထောင်ပေါင်းများစွာထဲမှ ဘယ်နှယောက်လောက်အထိ ကယ်တင်နိုင်မှာတဲ့လဲ။ စေတနာ သီလရှင်တပါးကမူ ကလေးသူငယ်အတော်များများကို သူငယ်တန်းမှ ၁၀ တန်းလောက်အထိ စားဝတ်နေရေး ပညာရေး တာဝန်ယူစောင့်ရှောက်ပေးနေသည်ကို တွေ့မြင်ရပါသည်။ သည်လို ကျောင်းမျိုးတွေ ဖွင့်နိုင်ခြင်းမှာ လှူဒါန်းသူ ဗမာပြည်သား စေတနာရှင်ပေါင်း မြောက်မြားစွာ၏ ကိုသိုလ်ဒါနလည်း ပါဝင်နေပေလိမ့်မည်။ သည်လိုကျောင်းမျိုးတွေ များပြားစွာရှိသည်။ ဒါပေမဲ့ သူတို့ ဘယ်နှယောက် တာဝန်ယူမှာလဲ။ ဘယ်အချိန်အထိ တာဝန်ယူမှာလဲ။

ဗမာပြည်၏ စနစ်ဆိုးကြီးက စာမသင်နိုင်သည့် ကလေးသူငယ်ပေါင်း မြောက်မြားစွာကို ဆက်လက်မွေးထုတ်ပေး နေပေလိမ့်မည်။ အလှူရှင်များ၏ စီးပွားရေး အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်နေဖို့ဆိုတာကလဲ ဒီခေတ်ကြီးထဲမှာ မသေချာလှ။
ဆင်းရဲပေမယ့် စာမညံ့သည့် ကလေးသူငယ်တွေ ရှိပါသည်။ ဘယ်သူက ဂုဏ်ထူး ဘယ်နှခုနဲ့ ဆယ်တန်းအောင်ပါတယ်။ ဆေးတက္ကသိုလ် အဆင့်မီပေမယ့် စရိတ်မတတ်နိုင်လို့ ၀ိုင်းဝန်းကူညီကြပါရန်… ဆိုသည့် ပန်ကြားချက်မျိုးတွေ ခဏခဏ တွေ့နေရသည်။ ကလေးသူငယ်များအရေး၊ ပညာရေးဘက်တွင်သာမကပါ။ နာရေးအကူအညီကအစ ဗမာပြည်တွင် စေတနာရှင်များက ၀ိုင်းဝန်းလုပ်ဆောင်ပေးနေရသည်။ အုပ်ချုပ်သူ၏ ယိုပေါက်တွေကို လိုက်လံ ဖာထေးပေးနေရသည်၊ အုန်းမှုတ်ခွက်လေး သေးသေးငယ်ငယ်နဲ့ လှေပျက်ထဲ ၀င်သမျှရေတွေ ခပ်ထုတ်နေပေမယ့် ယိုပေါက်တွေ များနေသော လှေက ကြာလေ မြုပ်လေ ဖြစ်လာနေသည်။
သည်ကိစ္စ စဉ်းစားမိတိုင်း ကျနော်ကတော့ ကနေဒါမှ ဆရာဝန်ကြီး နော်မန်ဗက်သွန်းကို သတိရသည်။ သူပြောတဲ့ စကားကို ကျနော် နားလည်သလို ရေးပြချင်သည်။“ကျနော် ဆရာဝန် အလုပ်နဲ့ လူဘယ်နှယောက်ရဲ့ အသက်ကို ကယ်နိုင်မလဲ။ လူသန်းပေါင်းများစွာရဲ့ အသက်ကို သေစေတဲ့ စနစ်ဆိုးတွေ ရှိနေတယ်။ ဒီစနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်ရေးထဲမှာ ကျနော် ၀င်ကူရင် လူသား သိန်းသောင်းချီတဲ့ အရေအတွက်ကို ကျနော် ၀င်ကူနိုင်လိမ့်မယ်။ ဒီလမ်းကြောင်းကို ကျနော် ရွေးချယ်တယ်”။ ချီဂွေဗားရားလဲ ဒီလိုမျိုးစိတ်ဓာတ်နှင့် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့တာပါပဲ။

ဆရာဝန်များလိုသကဲ့သို့ တော်လှန်ရေးသမားများလည်း ကျနော်တို့ဗမာပြည်အတွက် လိုအပ်နေပါသည်။ တော်လှန်ရေးသမားများ ရွေးချယ်သည့်လမ်းကြောင်းသည့်လမ်းကြောင်း၏ ဦးတည်ချက်ထဲတွင် ကလေးငယ်တို့၏ အနာဂတ်ကို ကယ်တင်ရေးသည်လဲ ပါဝင်နေလိမ့်မည်ဟု ယုံကြည်မိသည်၊ တပြည်လုံးမှ ကလေးငယ်များအတွက် ဘ၀ကို ပေးဆက်အလုပ်လုပ်နေကြသူ တော်လှန်ရေးသမားမျာ၏ သားသမီးကလေးများသည်လည်း ဗမာပြည်မှ အဖိနှိပ်ခံ ပြည်သူတို့၏ ကလေးများနည်းတူ ရင်နင့်စရာ ကြေကွဲစရာတွေအဖြစ်အပျက်တွေနှင့် ပြွမ်းတီးလျက်။ သီးသန့်စာဖွဲ့ မှတ်တမ်းတင်ရမည့် ဘ၀ကလေးတွေလည်း မြောက်မြားစွာ ရှိနေပေလိမ့်မည်။

ရွေးချယ်သည့် လမ်းကြောင်းကား တယောက်နှင့် တယောက် တူညီလိမ့်မည် မဟုတ်ပါ။
ဒါပေမဲ့ အားလုံးကို သိစေချင်သည့် အချက်များကား ရှိနေပါသည်။ သည်ကနေ့ ကျနော်တို့ ဗမာပြည် ကလေးသူငယ်များသည် မဖူးမီကပင် နွမ်းလျညှိုးငယ် နေကြရပါသည်။ စနစ်ဆိုး အက်ဆစ်မိုးနှင့် ထိမိသည့် ပန်းဖူးပန်းငုံလေးများ ပွင့်လန်းမလာနိုင်တော့ဘဲ မပွင့်မီက ကြွေသွားကြရသည်မှာလဲ များပြားလှပါသည်။ သည်ကလေးငယ်များသည် အနာဂတ်တွင် ဗမာပြည်၏ အဆိုးအကောင်းကို ဖန်တီးမည့် ပြည်သူပြည်သားများ ဖြစ်လာကြပါလိမ့်မည်။ သည်ကလေးငယ်များ၏ အနာဂတ်သည် ဗမာပြည်၏ အနာဂတ်ဖြစ်ပါသည်။ သည်ကလေးငယ်များ၏ ကံကြမ္မာသည် ဗမာပြည်၏ ကံကြမ္မာပင် ဖြစ်ပါသည်။

ကလေးငယ်များ၏ အနာဂတ်ကို ဆင်းရဲငတ်ပြတ်မှု၊ ပညာရေး ချို့တဲ့မှုဆိုသည့် မြူမင်များဖြင့် ပိတ်ဖုံးစေကာ ဗမာပြည်၏ ကြမ္မာဆိုးကို လက်ယပ်ခေါ်ငင်နေသော စနစ်ဆိုးကြီးကို ဖြိုဖျက်ဖြုတ်ချနိုင်မှသာ ကလေးငယ်တို့၏ အနာဂတ် ၀င်းလက်ကြည်စင်၍ ဗမာပြည်၏ ကံကြမ္မာ တိမ်ဖုံးပါလို့ လမသာ အဖြစ်မှ ကင်းဝေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
သည်စာတမ်းလေးတွင် အောက်ဖော်ပြပါ ကဗျာလေးနှင့် နိဂုံးချုပ်လိုပါသည်။

ဆေးစက်တစက်စီ တို့ပေးပါ
သူတို့လေးတွေ
သဲသောင်လွလွ
စိမ်းပြာမြမြ
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။
မြို့တော်တခို
လမ်းကြိုလမ်းကြား
အနှံ့သွားရင်းက
ကိုယ့်ဘဝလေးတွေကို
ကိုယ့်ဘာသာ ကိုယ်ပြန်ကောက်ကာ
ကိုယ့်ရဲ့ အိတ်စုတ်စုတ်လေးတွေမှာ
ပြန်ထည့်နေကြရရှာ၊
ပန်းပျိုးခင်းမှ
ရနံ့သင်းပျံ့
အယုယခံ
ပန်းမန်လေးတွေလဲ မဟုတ်ကြ။
မြွေတွင်း
ဖားတွင်း
ငါးတွင်း
ဆင်းရဲတွင်းထဲ
ခေါင်းငုံ့ လက်ထိုးနှိုက်နေကြရှာ
ခေါင်းပြန်မဖော်နိုင်ကြသေးပါ။
သူတို့မျက်နှာမှာ သနပ်ခါးကွက်ကြား
နှလုံးသားမှာ ခေတ်ရဲ့ ကြေးညှော်တွေအပြည့်
ဟိုး ကောင်းကင်ဆိုတဲ့ အမြင့်ဝေဟင်က
လင်းလက်ကြယ်စင်တွေနဲ့ ခေတ်ပြိုင်
ဗမာပြည်ရဲ့ မလှပတဲ့ မျက်နှာစာမှာ
ဆန်ဖြူတစေ့ကို မောနေအောင် ရှာဖွေနေတဲ့
သူတို့လေးတွေရဲ့
မဖြူစင်နိုင်တော့တဲ့ မျက်လုံးအိမ်တွေ
နေရာအနှံ့
ဒီလိုနဲ့
စစ်ကားဘီး
စစ်ဖိနပ်
လူကြီးမင်းတို့ရဲ့ဖိနပ်များအောက်မှာ
နုနယ်ပျိုမျစ်တဲ့ အညွန့်ကလေးတွေ
နင်းချေခံနေကြရရှာ။
သူတို့ဘေးနားကနေ
အပူအပင်ကင်းမဲ့
ခေါင်းမော့ဝင့်ဝါ
လွင့်ပျံသွားကြတဲ့ ကျောင်းစိမ်းလေးတွေကို ငေးမောမိတဲ့အခါ
သူတို့နှလုံးသားထဲ စိမ့်ဝင်သွားတဲ့
တဘဝလုံး လှိုက်စားသွားမယ့် အက်ဆစ်ပျော်ရည်တွေ
ဘယ်သူ ခပ်ထည့်ခဲ့တာလဲဆိုတာ
တခါတရံလောက်များ
ဟိုဘက်ဒီဘက် ခေါင်းဆောင်ကြီးတွေ
စဉ်းစားမိခဲ့ပါသလား။
ပလတ်စတစ်အိတ်တွေမဟုတ်
သူတို့ကောက်နေကြရတာ
ဧရာမအပုံကြီး
ဒို့နိုင်ငံတော်ရဲ့ အမှိုက်သရိုက်တွေ
အပြစ်အနာအဆာတွေနဲ့
ကောက်ကျစ်မှု
လိမ်လည်မှု
စစ်ကျွန်ပြုမှုတို့က ဝါးပြီးထွေးထုတ်လိုက်တဲ့
နံစော်နေတဲ့ အဓမ္မမှုတွေကနေ
လွင့်စင်လာတဲ့ အပိုင်းအစများ…။
မင်းတို့နဲ့ အနီးဆုံးနေရာက
ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ထင်နေသူတွေရဲ့
မြူးတူးနေကြတဲ့ မျက်လုံးအိမ်တွေထဲမှာ
အိမ်ဖြူတော်ဘက် မျှော်ကြည့်နေရလို့တဲ့
မင်းတို့အတွက် နေရာချထားစရာ ကွက်လပ်မကျန်ဘူးကွဲ့
ကလေးငယ်တို့ရဲ့…။
မင်းတို့လေးတွေခမျာ
ကောက်ရတဲ့ စာရွက်သာကြည့်
စာမသိသလို
ရောဂါသာ မိ
ဆေးမရှိသလို
အူဂင်္ဂါနဲ့ ကျယ်ပြောလှတဲ့ ဝမ်းတထွာ
ရိုင်းပျတဲ့ သမုဒ္ဒရာထဲ
အရွယ်နဲ့မမျှ ကူးခတ်ရုန်းကန်ရင်း
လက်ပန်းကျနေရသလို
ဘဝလေးတွေရဲ့ နုနယ်တဲ့အနာဂတ်မှာလဲ
ဒဏ်ရာ ဟက်တက်ကြီးနဲ့
မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေကြရရှာ။
ကလေးတွေရယ်
မင်းတို့လိုပါပဲ
ဒို့အမျိုးသားတွေရဲ့ အနာဂတ်
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်
ရင်ဘတ်မှာ ဒဏ်ရာဟက်တက်ကြီးနဲ့ကွဲ့
ယင်မမဲရိုင်းတွေ လက်ခမောင်းခတ်လို့…။
မင်းတို့အတွက် ရင်နာတယ်
ဗမာပြည်အတွက် နာကြည်းတယ်
ဒီခေတ်ရဲ့ ဒီစနစ်ကို
ရွံရှာတယ်
နှလုံးနာတယ်
စိတ်ကုန်တယ်
မုန်းတီးတယ်…
….ကြည့်ရတာတော့
တဟုန်းဟုန်း တောက်လောင်နေတဲ့
မီးလောင်မြေရဲ့ ပြာပုံပေါ်ကသာ
တူးဆွ ပြန်ဖော်ပြီး
ခက်ခက်ခဲခဲ ကျားကုပ်ကျားခဲ
ရေရှည်ဇွဲနဲ့
ပြန်လည်ပျိုးထောင်ရမယ်ထင်ရဲ့
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်…။
တောက်ပ၀င်းလက်
မျှော်လင့်ချက် ရောင်ခြည်ဆီရှေးရှု
ဒို့ကလေးတွေရဲ့ အနာဂတ်
ဒို့သွေးသားတွေရဲ့အနာဂတ်
ဒိုနိုင်ငံတော်ရဲ့အနာဂတ်
အနာဂတ် ပျက်သုဉ်းမသွားရေး
အလုပ်သမားတွေ
လယ်သမားတွေ ပြည်သူတွေ
ဘဝတွေ အသက်တွေ ဒဏ်ရာဒဏ်ချက်တွေ
အရင်းအနှီးပေးကာ လှမ်းချီနေကြ
တောက်ပဝင်းလက်
အနာဂတ်ပန်းချီကားချပ်အတွက်….။
ကြိုဆိုပါတယ် ရဲဘော်….
ခင်ဗျားတို့လက်နဲ့
ဆေးစက်တစက်စီ တို့ပေးပါ။ ။

မောင်လှဝင်း (မြင်းခြံ)

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

Monday, December 3, 2012

လက်ပံတောင်းတောင်သပိတ် အကြမ်းဖက်ဖြိုခွဲမှု ဆန့်ကျင်ဆန္ဒပြသူများအား ရဲများမှ အဓမ္မ ဖမ်းဆီးမှု မှတ်တမ်း (ရုပ်/သံ)

 
source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့သူကို သိသွားပြီ ထင်တယ်

credit- သူရိန်ဇော်

အပြည့်အစုံ ဖတ်ရန် ...

Friday, November 30, 2012

လက်ပန်းတောင်းအရေး စုံစမ်းစစ်ဆေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို


စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖေါ်ကြတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သောကြာနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ကန့်ကွက်နေကြတဲ့ ဒေသခံလူထုနဲ့ အတူ သံဃာတော်တွေကိုပါ လုံခြုံရေးတပ်ဖွဲ့က ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တာနဲ့ပတ်သက်ပြီး မုံရွာမြို့မှာ ကျင်းပခဲ့တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကအခုလို ပြောဆိုလိုက်တာပါ။

“ဘယ့်လို့ကြောင့် ဒီ့လောက်တောင်မှ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲလို့ ကျမတို့ပြည်သူတွေ မေးပိုင်ခွင့်ရှိတယ်လို့ ကျမယုံကြည်ပါတယ်။ ကျမကလည်း ဒီမေးခွန်းကို မေးတာဟာ ပြဿနာရှာချင်လို့ မေးတာမဟုတ်ဘူး။ ပြဿနာရှင်းချင်လို့ မေးတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ခဲ့တာလဲ။ ကျမပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ဒီလောက်ဟာ လုံးဝ မလိုအပ်ဘူး။ ဒါပေမဲ့ ကျမ ဒီလိုပြောလို့ ကျမ ပြည်သူတွေကို စိတ်ဆွပေးချင်တာမဟုတ်ဘူးနော်။ ကျမ စိတ်ဆွပြီးတော့ စည်းရုံးတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ ကျမတို့ ပြည်သူတွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်နိုင်အောင်လို့  ဒါကြောင့် ကျမ တင်ပြတာပါ။”

ဒေါ်အောင်ဆန်းစုကြည် မုံရွာလူထုကို ပြောဆိုသွားတာပါ။ ဆန္ဒထုတ်ဖေါ်သူတဦး ကတော့ ပြည်သူလူထုအကျိုးကိုငဲ့ကွက်ပြီး ဒီလက်ပန်းတောင်စီမံကိန်းကို ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းခဲ့သလို ဖျက်သိမ်းစေလိုကြောင်း၊ ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ အတတ်နိုင်ဆုံး ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတာတွေ ရပ်ဆိုင်းစေလိုတယ်ဆိုရင် သူတို့အနေနဲ့ ရပ်ဆိုင်းပေးမှာဖြစ်တယ်လို့ Reuters သတင်းဋ္ဌာနကို ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် အမြန်ဆုံး ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ကြောင်းနဲ့ သပိတ်စခန်းတွေကို ဖြိုခွဲခဲ့တဲ့ တာဝန်ရှိသူတွေအနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ၀န်ချတောင်းပန်ဖို့ တိုက်တွန်းထားကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။ 

source by : http://burmese.voanews.com

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြေးနီတောင် စီမံကိန်းနှင့် ပတ်သတ်၍ သတင်းစာရှင်းလင်း(ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မုံရွာခရီးစဉ် အတွင်း ကြေးနီတောင် စီမံကိန်းနှင့် ပတ်သတ်၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ၀င်းယူနတီဟိုတယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁း၄၀ နာရီတွင် ၁၀ မိနစ်ကြာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မုံရွာမြို့မှ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရပါသည်။




source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

“ဒဏ်ရာတွေကို ဖုံးဖိထားလို့ မရဘူး” (အင်တာဗျူး)


ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း (ဓာတ်ပုံ – DVB)

နိုဝင်ဘာလ၂၉ ရက်နေ့ မနက် ၃ နာရီမှာ မုံရွာမြို့နယ် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း သပိတ်ကို အစိုးရ လုံခြုံရေး ရဲ တပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ ရဟန်းရှင်လူ ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ပါတယ်။ သမ္မတရုံးက ဓာတုဆေးဝါးပါဝင်တဲ့ဗုံးကို အသုံးမပြုခဲ့ဘူးလို့ (တရားမဝင် ဖေ့စ်ဘွတ်ကတဆင့်) ဆိုပေမယ့် ဒဏ်ရာရသူတွေနဲ့ မျက်မြင်အရပ်ဘက် သတင်းတွေ၊ မုံရွာဆေးရုံ သတင်းရပ်ကွက်တွေကတော့ ဒါဟာ လူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လောင်ကြွမ်းစေတဲ့ ဓာတုဆေးရည်ပါတဲ့ မီးလောင်ဗုံးတွေ ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင် စစ်အစိုးရ လက်ထက် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်တဲ ကပစ(ကာကွယ်ရေး ပစ္စည်းနဲ့ စစ်လက်နက် ပစ္စည်း ထုတ် စက်ရုံ) အမှတ်(၃) မှာ အာပီဂျီ အလုပ်ရုံ ခွဲမှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း နဲ့  ဧရာဝတီ သတင်းထောက် ကိုညို (အော်စလို) ဆက်သွယ်မေးမြန်း ခဲ့တာတွေကို တင်ပြလိုက်ပါတယ်။

မေး ။  ။ လက်ပံတောင်းတောင် သပိတ် အကြမ်းဖက်ဖြိုခွဲတာနဲ့ ပတ်သက်ပြီး မျက်ရည်ယို ဗုံးလား၊ မီးလောင်ဗုံးလား လို့ အငြင်းပွားနေတာကို ကာကွယ်ရေး ၀န်ကြီးဌာန စစ်လက်နက်ထုတ် ပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူ တယောက်ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ဘယ်လိုသုံးသပ်မှု ပေးချင်သလဲ။

ဖြေ ။  ။ မျက်ရည်ယိုဗုံး(Tear Gas)ဆိုတာ မီးခိုးဗုံးပဲလေ၊ သူကမျက်စိနဲ့ ထိမှန်ရင် စပ်ပြီး မျက်ရည်ကျအောင် စီမံထားတဲ့ ဓာတ်ငွေ့ချည်း သက်သက်ထွက်တဲ့ ဗုံးပါ။ မီးပန်း ထွက်စရာမလိုဘူး။ အခုဟာက မီးပန်း မီးပွားတွေ ပန်းထွက်နေတဲ့အခါကျတော့ ဘယ်လိုမှ မီးခိုးဗုံး မဖြစ်နိုင်ဘူးပေါ့ဗျာ။ သတင်းတွေအရ ဆိုးဆိုးရွားရွား သိရတာက ဗုံးထဲကနေ လွင့်စင်လာတဲ့ အဖြူရောင် အနှစ်တွေက လူ့ခန္ဓာကိုယ်ထဲ စွဲကပ်ပြီး မီးလောင်တယ်၊ ရေထိတော့ပိုလောင်တယ်၊ ဒါဆို မီးစုန်းဗုံး သဘောမျိုးဖြစ်သွားပြီ။ ကျနော်တို့က ဗုံးအမျိုးအစားကို မျက်မြင်တွေ့ရတဲ့ အခြေအနေကြည့်ပြီး ခွဲခြားရတာ၊ မီးထွက်တဲ့ ဗုံးကို မီးလောင်ဗုံးပဲ ခေါ်မယ်၊ မီးခိုးပဲထွက်တဲ့ ဗုံးကို မီးခိုးဗုံးလို့ ခေါ်မှာပေါ့ဗျာ။ အခုဟာက မီးတွေပန်းထွက်နေတဲ့ ဗုံးမို့ မီးလောင်ဗုံးလို့ တိတိကျကျပြောတာပါ။

မေး ။  ။ ဒီလို ဗုံးအမျိုးအစားကို တပ်မတော်က ဘယ်လိုအချိန်အခါမှာ သုံးသလဲ၊ အခုလို ဆန္ဒပြတာမျိုးမှာ သုံးရမည့် ညွှန်ကြားမှုမျိုးတွေရောရှိခဲ့ဖူးလား။

ဖြေ ။  ။ ဗီယက်နမ် စစ်ပွဲတွေမှာ အမေရိကန် တပ်က သုံးတယ်၊ ဗီယက်နမ်တွေက တောတောင်သစ်တောတွေကို အကာအကွယ် ယူပြီး ပြောက်ကျားစစ်ကိုသုံးလို့ အမေရိကန်တွေ အထိနာတယ်။ ဗီယက်နမ် ပြောက်ကျားတွေ တောတောင်နဲ့ မြေအောက်ဂူတွေ၊ ကျင်းတွေထဲခိုလို့ မရအောင် မီးတိုက်နှိမ်နင်းဖို့ နပမ်းဗုံး(ဗုံးဒဏ်သင့် ဗီယက်နမ် ကလေးမလေး အမည် Napalmကို အစွဲပြုသုံး)ဆိုပြီး ထွင်သုံးတာ။ အဲဒီ နပမ်းဗုံးက ဓာတုဆေးရည်တွေနဲ့ ဖော်စပ်ထားတာ၊ အပင်တွေကို ဆေးရည်ထိရင် ဆေးရည်မကုန်မချင်း မီးမငြိမ်း ဘူး။ သစ်ပင်တွေ၊ သစ်တောတွေ မီးလောင်ပြာကျအောင် ထွင်ထားတာ။ နောက်ပိုင်း ဒီဗုံးရဲ့ဆိုးကျိုးကို ဗီယက်နမ်မလေး Napalm ရဲ့ ဖြစ်ရပ်က တဆင့် စစ်မြေပြင် သတင်းထောက်တွေ ဖော်ထုတ်သိရပြီး ကန့်သတ်တားမြစ်မှုတွေ ပေါ်လာတာ။

ဥပမာ Flame Thrower လို ပေ၂၀ လောက် မီးပန်းထွက်တဲ့ မီးသေနတ်တွေကို ဘန်ကာ၊ ကတုတ်ကျင်းထဲက ရန်သူတွေကို တိုက်ရာမှာပဲသုံးပြီး၊ မြေပြင်တက် တပ်ဖွဲ့တွေကို မသုံးရဘူး။ ဂျနီဗာ စာချုပ်မှာ ကန့်သတ်ထားတယ်။
ပြောချင်တာက မီးလောင် ဒဏ်ရာရစေတယ် ဆိုတာ ပြင်းထန်အောင် ထိခိုက်တဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်တယ်။

စစ်တိုက်တယ် ဆိုတာတောင် မချိမဆန့် ဒဏ်ရာရစေရင် လူမဆန်ဘူးလို့ သတ်မှတ်တယ်။ ဒီလို မဖြစ်အောင် နိုင်ငံတကာ ဆန္ဒပြမှုတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတာပေါ့။ စစ်ပွဲမှာတောင် လက်မခံတဲ့ကိစ္စကို လက်နက်မဲ့ ဆန္ဒပြသူတွေကြား သုံးတယ် ဆိုတာ ရာဇ၀တ်မှု ကျူးလွန်တာပဲ ဖြစ်တယ်။ အခုဖြစ်တဲ့ဟာမှာ မီးလောင်ဗုံးတွေ သုံးခဲ့တယ်ဆိုတာ ဒဏ်ရာတွေ ကြည့် ရင် သိသာတယ်။ ဒဏ်ရာတွေကို ဖုံးဖိထားလို့မှ မရတာ။

မေး ။  ။ တပ်မတော်ကရော ဒီလို မီးလောင်ဗုံးတွေ ဘယ်လို နေရာမှာသုံးလဲ။

ဖြေ ။  ။ ကျနော်တို့ ကပစ မှာတော့ ပေါင်၂၀၀ မီးလောင်ဗုံးတွေ ထုတ်ထားတာ ရှိတယ်။ အဓိကရုဏ်း နှိမ်နင်းဖို့ မျက်ရည်ယိုဗုံးတွေထုတ်တာရှိတယ်။ ဒါလဲ ကျနော်တို့ဆီက လိုအပ်မှ ထုတ်တာ။ ကျနော်မှတ်မိနေတာ တခုရှိတယ်။ ၁၉၉၆ ခုကျောင်းသား အရေး အခင်းကို ဖြိုခွဲတုံးက ကျနော်တို့ စက်ရုံကို အဓိကရုဏ်း နှိမ်နင်းရေးအတွက် မျက်ရည်ယိုဗုံးတွေထွင်ပြီးထုတ်ခိုင်းတယ်။ ကျည်ဆန် တွေမှာ ဆေးအကြည်တွေထည့် ပစ်ရတာ၊ ကျည်ထဲမှာ ခဲဖူးလေးတွေ ပါတယ်၊ အဲဒီ ခဲဖူးတွေကို အပေါ်က ရာဘာ အုပ်ထားတာ။ ရာဘာကျည်ဆန် မှန်တာနဲ့ အသားအကွင်းလိုက် ပျက်ကျတာပေါ့။ မျက်လုံးထိရင် ကန်းတယ်။ သေတော့ မသေနိုင်ဘူး။ သိတ်မပြင်း တော့ ဗိုလ်ချုပ်မောင်အေး က တိုက်ရိုက် အမိန့်ပေးဖူးတယ်။

“သေချင် သေပစေကွာ၊ ယမ်းအား မြှင့်ပြီးထုတ်”လို့ ဆိုတော့ ယမ်းအားမြှင့်ပြီး အစမ်းပစ် ကြတယ်။ ကျနော့် ရှေ့ အရင်ရောက် နေ တဲ့ ဆရာ တယောက် ပြန်ပြောပြလို့ သိရတာက အဲဒီ ယမ်းအားမြှင့် ကျည်တွေနဲ့ ရဲဘော်တချို့ကို အဝေးကနေ စမ်းပစ်ကြတာ၊ ဒဏ်ရာတွေ ရကုန်တယ်တဲ့။

မေး ။  ။ ဒါဆို အခု လက်ပံတောင်းတောင် သပိတ်မှာ စွမ်းရည်မြှင့် မီးခိုးဗုံးတွေ ထုတ်သုံးတာရော မဖြစ်နိုင်ဘူးလား။

ဖြေ ။  ။ ကပစ ကတော့ မီးခိုးဗုံးပဲ ပုံမှန်ထုတ်တာပေါ့။ ဒါပေမယ့် အကြီးအကဲ အရာရှိတယောက်ယောက်က မီးခိုးဗုံးကို စွမ်းရည်မြှင့် ထုတ်ခိုင်းတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ကပစ ထုတ်တဲ့ မျက်ရည်ယိုဗုံးက စံချိန်နဲ့မကိုက်ညီတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ် မိမလား မသိဘူး၊ ၂၀၀၇ ရွှေဝါရောင် တုံးက ရွှေတိဂုံဘုရား စောင်းတန်းတခုမှာ မီးခိုးဗုံးတခုကနေ မီးပန်းတွေ ဖြာထွက်နေတဲ့ ဗီဒီယို ကလစ်လေး တခု သတိထားမိတယ်။

မေး ။  ။ တချိန်က ကရင်ပြည်နယ် ၀မ်ခ တိုက်ပွဲမှာရော၊ မာနယ်ပလော နဲ့ အခုနောက်ပိုင်း ကချင် စစ်မြေပြင်မှာပါ တပ်မတော်က ဓာတု လက်နက်တွေ ထုတ်သုံးတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ခဲ့ဖူးတယ်။ လူမသေပဲ၊ အရေပြားတွေ လောင်တာ၊ နားထဲက သွေးထွက်တာ၊ မူးဝေအော့အန်ပြီး လမ်းဆက်မလျှောက်နိုင်တာ စတဲ့ လက္ခဏာတွေ ပေါ်တယ်လို့ သတင်းတွေ ဖတ်ဖူးတယ်။ တပ်မတော်က တိုင်းရင်းသားတွေနဲ့ စစ်ခင်းရာမှာ ဓာတုလက်နက်တွေ သုံးတတ်သလား။

ဖြေ ။  ။ သုံးတတ်ပါတယ်။ ကိုယ်တိုင်တော့ အဲဒီလို တိုက်ပွဲတွေ မမီခဲ့ပေမယ့် ကျနော်တို့ စစ်အင်ဂျင်နီယာ သင်တန်းမှာ ဓာတု လက်နက် ကိစ္စတွေလည်း ဘာသာရပ်ခွဲတခု အနေနဲ့ သင်ခဲ့ရတယ်။ သင်တန်းတခုမှာ ကပစ (၅)က ဒု တပ်ရင်းမှုး ဗိုလ်မှူးကြီး ဉာဏ်ထွန်း က ပြောဖူးတာပေါ့။ သူက ဓာတုလက်နက်ဆိုင်ရာ သင်တန်းပေးတာ၊ သူက ကရင်ပြည်နယ် ၀မ်ခမှာ တိုက်ပွဲတွေဖြစ် တော့၊ တပ်က လူတွေအများကြီး သေတယ်ဗျာတဲ့။

တဖက်က၊ ကတုတ်ကျင်းတွေ ထဲကနေ ခံပစ်တော့ တက်မရဘူး၊ ဒါနဲ့ အခုပြောနေကြတဲ့ မီးလောင်ဗုံးတွေ စပြီး စမ်းသပ်လုပ်ကြ တာပေါ့ လို့ ပြောဖူးတယ်။ နောက် Pressure Bomb လို့ ခေါ်တဲ့ မိုင်းရှင်းတဲ့ ဗုံးလဲ စမ်းကြတယ်။ သူက အမြှောက်ဆံနဲ့ မိုင်းရှိမယ် ထင်တဲ့ မြေပြင်ပေါ်ကို ပစ်လိုက်ရင်၊ ပေါက်ကွဲအားပြင်းတော့ လေထုထဲမှာ လေဟာနယ် ဖြစ်သွားပြီး ရုတ်တရက် ပြင်ပ လေထုတွေဝုန်းခနဲ ပြန်စုတော့ မြေကြီးကိုဖိအားနဲ့ ရိုက်သလိုဖြစ်ပြီး မြှုပ်ထားတဲ့ ဗုံးတွေပေါက်ကွဲတဲ့ သဘောပဲ။ ကတုတ်ကျင်းထဲ ရေအပြည့် ထည့်ထားတဲ့ တိုင်ကီပုံး တလုံးတည်း စမ်းတာ၊ အဲဒီ Pressure ဗုံးကြောင့် တိုင်ကီထဲ ရေတစက်မှ မကျန်အောင်လွင့်စင်ပြီး တိုင်ကီ လည်း လိန်ပိန် တွန့်ခေါက်သွားတာ။

အဲဒီလို ဖိအားပေး မိုင်းရှာဗုံးတွေ(Pressure Bomb)နဲ့ မီးလောင်ဗုံး(Incendiary)တွေ သုံးတော့ ကတုတ်ကျင်းထဲက လူတွေလည်း ဘယ်ခံနိုင်မှာတုံး။ အဲဒီလို ဓာတုလက်နက်တွေ သုံးရင် ဂျနီဗာ သဘောတူညီချက်နဲ့ မညီဘူး။ ဒါကြောင့် တပ်က ဓာတုလက်နက် သုံးမယ်ဆို လူသိမခံဘူး။
ဥပမာ ရှေ့တန်း စစ်မြေပြင်တခုမှာ ဓာတုလက်နက် သုံးမယ်ဆိုတာ ခြေလျင်တပ် အရာရှိတွေကိုတောင် ပေးမသိစေဘူး။ ကျနော် တို့ ကာကွယ်ရေး စက်ရုံက အရာရှိတွေကိုယ်တိုင် သွားပစ်တာ။ ခြေလျင်တပ်သားတွေကို အနားမှာ မရှိစေဘူး။

မေး ။  ။ ကျနော်တို့ အတွေ့အကြုံအရ ဆန္ဒပြမယ်ဆိုရင် ရဲတပ်ဖွဲ့က ပထမ လူစုခွဲဖို့ သတိပေးမယ်။ ဒုတိယ တားမြစ်ထားတဲ့ အရံ အတားကို မကျော်ရဘူး၊ တတိယ အဆင့်က မီးသတ်ပိုက်နဲ့ပက်မယ်၊ အဲဒါမှ မရရင် မျက်ရည်ယိုဗုံး ဖောက်မယ်၊ နောက်ဆုံး နံပါတ် တုတ်နဲ့ ရိုက်မယ်၊ ဖမ်းမယ်ပေါ့။ ဒါကလည်း ဆန္ဒပြလူထုက ထကြွပြီး ချိုးဖောက်ရန်မူမှ ဖြစ်တာ၊ ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်း ထိုင်နေရင် ရဲက ကျန်းမာရေးနဲ့ လုံခြုံရေးတောင် တာဝန်ယူရသေးတယ်။
ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ကျနော်တို့ အဲဒီလိုပဲ ကြုံဖူးတယ်။ အခုဖြစ်တာက သံဃာတော်တွေ ကိုယ့်သပိတ်စခန်းထဲ ထိုင်ပြီး မေတ္တာပို့နေတာကို လှမ်းပစ်တာ ဆိုတော့၊ တပ်မတော် အရာရှိဟောင်း တယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။  ။ အခုဖြစ်နေတဲ့ဟာက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့လုံးဝမှ မကိုက်ညီဘူးလေ။ နိုင်ငံတကာ စံနှုန်းက စစ်မြေပြင်မှာတောင်၊ အခုလို မီးလောင်ကြွမ်း ဒဏ်ရာရစေမှုကို အကန့်အသတ်နဲ့ပဲ သုံးရတယ်။ အခု မြန်မာပြည်မှာ လုပ်နေတဲ့ဟာတွေက မျက်ကန်း တစ္ဆေမကြောက်၊ ထင်သလို လုပ်နေသလိုပဲ။ ဒီမိုကရေစီ နိုင်ငံတိုင်းလည်း ဆန္ဒပြသူတွေကို အရေးယူတာတွေ ရှိတာပဲ။ ကိုယ့်လက်ဆ ကိုယ်သိဖို့တော့ လိုတာပေါ့။ ဒီမိုကရေစီ စိတ်၊ ပြုပြင် ပြောင်းလဲချင်စိတ်တော့ ရှိရမှာပေါ့။  ။

source by : http://burma.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ချင်းတွင်းမြစ်ကမ်းဘေး ညောင်ပင်ကြီးဆိပ်သောင်ပြင်တွင် မိန့်ခွန်းပြော(ရုပ်/သံ)

 နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈း၃၀ နာရီခွဲ အချိန်တွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေးရှိ ညောင်ပင်ကြီးဆိပ်အနီး သောင်ပြင်တွင် မုံရွာဒေသခံ ပြည်သူများအား မိန့်ခွန်း ပြောကြားခဲ့သည်။




source by : http://www.youtube.com/user/BurmaVJMedia


အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မုံရွာဆေးရုံမှ သံဃာတော်များအား သွားရောက် အားပေး


 

အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော သံဃာတော်များအား မုံရွာဆေးရုံသို့ နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၈း၃၀ နာရီတွင် သွားရောက် အားပေးစကား ပြောကြားခဲ့သည်။

အပြည့်အစုံ ဖတ်ရန် ...

ကံကုန်းရွာတွင် ပြောကြားခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း(ရုပ်/သံ)

 
source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

Monday, November 19, 2012

အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (ရုပ်/သံ)

 
source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)

 
source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမား မြန်မာနိုင်ငံသို့ ရောက်ရှိ (ရုပ်/သံ)

 
 
source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 24, 2012

၈၈မျိုးဆက် ကျောင်းသားများရဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ဟောပြော ဆွေးနွေးပွဲ(ရုပ်/သံ)

အပိုင်း(၁)
 
 
 အပိုင်း(၂)
 
source by :http://www.youtube.com/user/irrawaddynews

အပြည့်အစုံ ဖတ်ရန် ...

Saturday, October 20, 2012

" ဆန္ဒ "

 " ဆန္ဒ "

လက်ချင်း ညီစေ
ပံသုမြေ အတွက်
တောင်းခြွေသမျှ ပြည့်ရမည်။


ကိုနေငယ်(မုံရွာ)

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အခမ်းအနား (ရုပ်/သံ)

source by : http://www.youtube.com/user/irrawaddynews

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့  ဥရောပခရီးစဉ်



အသံဖိုင်ဖြင့်  နားဆင်ရန်

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ထဲမှာ နိုင်ငံရေးပါတီထောင်ဖို့ စတင်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကို အဖွဲ့ရဲ့ ပြန်ကြားရေးက အတိအကျ သတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့ ပြင်သစ်နိုင်ငံမှာ ခေတ္တရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီး က ပြောပါတယ်။

သူ့အနေနဲ့ကတော့ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ပဲ ဆန္ဒရှိပါတယ်လို့ ဆိုပါတယ်။ အခု တနင်္ဂနွေနေ့ ချက်သမ္မတနိုင်ငံ Prague မြို့  Forum 2000 (www.forum2000.cz) တက်ရောက်ဖို့ရှိနေတဲ့ ဦးကိုကိုကြီး ကို ဗွီအိုအေ သတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကိုကိုကြီးက လောလောဆယ်အချိန်မှာတော့ သောကြာနေ့အထိ ပြင်သစ်မှာပဲ ရှိနေသေးတယ်။ လာမယ့် တနင်္ဂနွေနေ့ကြမှ Prague ကို သွားမယ်ဆိုတော့ ဒီကြားထဲမှာ တခြားပြင်သစ်မှာ ဘာအစီအစဉ်တွေ ရှိနေသေးသလဲ။

ဦးကိုကိုကြီး ။ ။ ဒီမှာကတော့ ကျနော် ရောက်ရောက်ချင်း နိုင်ငံတကာလွတ်မြောက်ရေး ချီတက်ပွဲမှာ ဝင်ပြီးတော့ မိန့်ခွန်းလည်း ပြောခဲ့ပါတယ်။ ပြီးတော့လည်း နောက်ပိုင်းမှာတော့ ကျနော် လည်ခဲ့ပတ်ခဲ့တဲ့မြို့ လေးတွေမှာ သူတို့ရဲ့  မြူနီစပယ်လုပ်ငန်းလေးတွေ၊ တခြား မြို့ ရဲ့  သဘာဝလေးတွေ။ အဲဒါလေးတွေ တတ်နိုင်သလောက် လေ့လာခဲ့တာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါကလောလောဆယ် မကြာသေးခင်က လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ထဲမှာ ကိုကိုကြီး က ဥရောပနိုင်ငံတွေကို ပထမဦးဆုံး ခရီးထွက်လာတယ်ဆိုတော့ အစောပိုင်းမှာလည်း ဒီဖက်မှာ National Endowment for Democracy အဖွဲ့ကပေးတဲ့ ဆုတဆုနဲ့ ပတ်သက်ပြီးတော့ ကိုမင်းကိုနိုင်အနေနဲ့ ကျန်တဲ့လူတွေ ပတ်စပို့မရလို့ဆိုပြီး ဒီကိုလာမယ့်ကိစ္စကို သူငြင်းဆိုခဲ့တာလည်း ရှိတယ်။ အဲဒီတော့ အခုနောက်ပိုင်း ကိုကိုကြီးလည်း ထွက်လာပြီဆိုတော့ တခြားလူတွေလည်း ပတ်စပို့တွေ ရလာပြီဆိုတော့ ဘယ်သူတွေများထွက်ဖို့၊ တခြား အစီအစဉ်တွေ၊ တခြား နိုင်ငံတကာ ပွဲလမ်းသဘင်တွေ ရှိနေသေးသလဲ။

ဦးကိုကိုကြီး ။ ။ အခုကတော့ နောက်ပိုင်းမှာ လေ့လာရေးခရီးစဉ်တွေ၊ နောက် ရက်တိုပိုင်း လေ့လာရေး တချို့ သင်တန်းတွေ သွားဖို့ရှိပါတယ်။ ကျနော်ထဲက လူငယ်တွေကိုလည်း အဲဒီလိုမျိုး နိုင်ငံတကာ ဗဟုသုတရအောင်၊ လေ့လာရေးခရီးစဉ်တွေ ဆက်သွားဖို့ ရှိပါတယ်။ ကိုမြအေးတို့လည်း ခရီးသွားဖို့ ပြင်နေတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလာမယ့် တနင်္ဂနွေနေ့က စပြီးလုပ်မယ့် Prague မြို့ မှာလုပ်မယ့် Forum 2000 ပွဲနဲ့ ပတ်သက်လို့ တက်မယ့်လူတွေ ဘယ်သူတွေရှိလဲဆိုတာတော့ ကျနော်တို့ သိထားပြီးပါပြီ။ ဒါပေမဲ့လည်း ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဘာထူးခြားချက်လေးတွေ ရှိပါသလဲ။

ဦးကိုကိုကြီး ။ ။ ကျနော်တို့ကတော့ အထူးသဖြင့် မြန်မာနိုင်ငံအပြောင်းအလဲနဲ့ လက်ရှိ ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ။ ဒီလို အပြောင်းအလဲ ဘာကြောင့်ဖြစ်လာခဲ့ရသလဲ။

 နောက် ရှေ့ ဆက်ပြီးတော့ ကျနော်တို့ ဘယ်လိုတွေ ဆောင်ရွက်သွားကြမလဲ အစရှိသဖြင့် နိုင်ငံတကာ အပြောင်းအလဲ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောကြဆိုကြဖို့ ရှိပါတယ်။ အဲဒီကနေ တချို့ လည်း ကျနော်တို့ လေ့လာစရာတွေ၊ သင်ခန်းစာယူစရာတွေလည်း အဲဒီမှာ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနှစ်မှာ ထူးထူးခြားခြားကတော့ Forum 2000 အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလားမား ကို အကြံပေးအဖွဲ့ဝင်တွေအနေနဲ့ နာယကအဖွဲ့ဝင်များအဖြစ် ပါလာတယ်။ ဒါနဲ့ပတ်သက်လို့ ကိုကိုကြီးတို့အနေနဲ့ ထူးထူးခြားခြား ဒီကိစ္စကို ဘာတွေများ ဖော်ပြပြောဆိုလာဖို့တွေ ရှိနေသလဲ။

ဦးကိုကိုကြီး ။ ။ အဓိကကတော့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးရုန်းကန် လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အတွေ့အကြုံရှိတဲ့လူတွေ ဒီလို အကြံပေးအဖွဲ့မှာ ပါဝင်လာခြင်းက ကျနော်တို့လို အလားတူနိုင်ငံတွေရဲ့  အပြောင်းအလဲတွေအတွက်လည်း အများကြီး အထောက်အကူဖြစ်စေမယ်။ နောက် ခွန်အားလည်း ဖြစ်စေမယ်လို့ အဲဒီလိုပဲ ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကိုကိုကြီး ပြောတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့  အပြောင်းအလဲတွေဆိုပြီးတော့ သုံးနှုန်းနေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့  အပြောင်းအလဲတွေဟာ ကိုကိုကြီးရဲ့ အမြင် ထူးခြားတဲ့ ဘယ်လိုတိုးတက်မှုတွေ ရှိနေသလဲဆိုတာကို အကျဉ်းချုံးပြီး ပြောပြပါလား။

ဦးကိုကိုကြီး ။ ။ ကျနော်တို့ ဖြတ်သန်းမှုက အနီးဆုံးသမိုင်းကိုပြောရင်တော့ ၁၉၈၈ ကနေစပြီးတော့ ပြောင်းလဲလာတယ်ပေါ့။ တကယ့်တကယ်ကတော့ ကျနော်တို့ လွတ်လပ်ရေးနဲ့အတူ နိုင်ငံရဲ့  ပါလီမန်ဒီမိုကရေစီစနစ် ပျက်ဆီးသွားတဲ့နောက်ပိုင်းမှာ ၆၂ အာဏာသိမ်းပြီးကတည်းက စပြီးတော့ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားခဲ့ကြရာကနေ အခု ဒီအပြောင်းအလဲတွေ ဖြစ်လာတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ အပြောင်းအလဲက ဒီပုံအတိုင်းဆိုရင် ကိုကိုကြီး ဆိုလိုတာက လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်စနစ်နဲ့ အစိုးရစနစ်နဲ့ နိုင်ငံရေးအတိုက်အခံတွေပါ ပွင့်ပွင့်လင်းလင်း လှုပ်ရှားဆောင်ရွက်လာခွင့်ရလာတဲ့ အခြေအနေကို ပြောချင်တာလား။

ဦးကိုကိုကြီး ။ ။ ပြောချင်တာက အခုမှ ဒါကအစပါ။ ကျနော်တို့ အများကြီး ဆက်ပြီးသွားကြရအုန်းမှာပါ။ ဒီ အပြောင်းအလဲမှာ ကျနော်တို့ ဘက်အသီးသီးကနေ ဘယ်လောက်အထိ အားစိုက်ထုတ်မှုတွေ၊ တယောက်နဲ့တယောက် နားလည်းမှုတွေ ရှိမလဲဆိုတဲ့ပေါ် မူတည်ပြီးတော့ ကျနော်တို့ အပြောင်းအလဲရဲ့  အရှိန်အဟုန်က အဖြေထွက်လာမှာပါ။ အခုဟာကတော့ အပြောင်းအလဲလို့ ပြောရတာက စပြီးတော့ နဂိုက တင်းကြပ်ထားတာတွေကို ဖြေလျှော့ပေးတဲ့ ဖြစ်စဉ်အစလို့ အဲဒီလို ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် လွန်ခဲ့တဲ့ (၂) နှစ်၊ (၃) နှစ်အချိန်အထိ အတိုက်အခံတွေဘက်ကနေ တွက်ဆထားတာတွေထဲမှာ မှားယွင်းမှုတွေ ရှိနေခဲ့တယ်ဆိုတာကို လက်ခံလား။

ဦးကိုကိုကြီး ။ ။ ကျနော်တို့ကတော့ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်ဆိုတာက ကျနော်တို့ ထောင်ထဲမှာ။ ကျနော်တို့ကတော့ နဂိုကတည်းက ကျနော့်အနေနဲ့ မှန်းဆခဲ့တာကတော့ အခု ဒီအတိုင်းသွားရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သွားမယ်။ နောက်ပြီးတော့ သူတို့ စိတ်ကြိုက်ရွေးကောက်ပွဲတခု လုပ်မယ်။ ပြီးတဲ့အခါကြတော့မှ တဖြည်းဖြည်းနဲ့ ဖြေလျှော့တာတွေ လုပ်လိမ့်မယ်လို့ အစောကြီးကတည်းက ဒီလိုပဲ တွက်ဆထားခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက လွှတ်တော်ဘောင်ထဲကနေ ပြင်ဆင်နိုင်ဖို့ဆိုတာက အလားအလာ ကောင်းနေတယ်ပေါ့။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ စာရွက်ပေါ်မှာ ရေးထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ခွင့်က အရမ်းကို တင်းကြပ်လွန်ပါတယ်။ ၇၅% အထက်ဆိုတာက ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးက ပြင်ချင်ရင်တောင် ပြင်လို့မရဘူးဆိုတဲ့ အနေအထား ဖြစ်နေပါတယ်။

 ဒါပေမဲ့ ဒါကို ကျော်လွှားနိုင်ဖို့က တဖတ်က တပ်မတော်ကိုယ်စားလှယ်တွေနဲ့ လက်ရှိ အာဏာရပါတီအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ ဒီဖွဲ့စည်းပုံဘောင်အတွင်းမှာ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ အခြေအနေတွေကို ကျော်လွှာနိုင်ဖို့ဆိုရင် ပူးပေါင်းပြီးတော့ ပြင်ဆင်မှရမယ်။ ဖြေရှင်းမှရမယ်ဆိုတဲ့ အသိကို ကျနော်တို့ ဘယ်လောက်မြန်မြန်နဲ့ တည်ဆောက်နိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မကြာသေးခင်ကပဲ အခု ကိုကိုကြီး ပြင်သစ်မှာရောက်နေတဲ့အချိန်မှာ ဗမာပြည်ထဲက သတင်းတချက် ထွက်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေထဲမှာ မကြာခင်မှာ နိုင်ငံရေးပါတီအဖွဲ့အနေနဲ့ ထူးထောင်ဖို့ဆိုတဲ့ အလားအလာအသံတွေပါ။ အဲဒါနဲ့ ပတ်သက်လို့။

ဦးကိုကိုကြီး ။ ။ ကျနော်တို့က နိုင်ငံရေးအရ အရေးပါတဲ့ ဒီလို ဆုံးဖြတ်ချက်မျိုးကို လုပ်တော့မယ်၊ လုပ်ပြီဆိုရင် ကျနော်တို့အဖွဲ့ရဲ့  ပြန်ကြားရေးကနေ တရားဝင်သတင်း ထုတ်ပြန်မှာပါ။

အခုဟာတွေကတော့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများကနေ တရားဝင်ထုတ်ပြန်တာ မဟုတ်ဘဲနဲ့ မှန်းဆပြီးတော့ ရေးသားနေကြတာပဲ ဖြစ်ပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ နိုင်ငံတနိုင်ငံရဲ့  နိုင်ငံရေးအသွင် ကူးပြောင်းရေးမှာ အရေးပါတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတွေအနေနဲ့ဆိုရင် အခုလို ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ အဖွဲ့အစည်းမျိုးလောက်နဲ့ လူထုအကျိုးပြုလုပ်ငန်းတွေလောက်ပဲ လုပ်နေတယ်ဆိုတာ လုံလောက်တယ်လို့ ယူဆသလား။ တခြား နိုင်ငံရေးအရ တဆင့်တက်ဖို့ မလိုဘူးလား။

ဦးကိုကိုကြီး ။ ။ အဲဒါလည်း ကျနော်တို့ကို လွတ်လွတ်ချင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပြီသား။ ကျနော်တို့ထဲကနေ နိုင်ငံရေးဇောက်ချလုပ်တဲ့ အင်အားစုတခုကတော့ သေချာပေါက် ပေါ်လာမှာပါ။ ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာကို အခုအချိန်မှာ တရားဝင် ထုတ်ပြန်တာ မရှိသေးတာပါ။ ကျနော်တို့မှာတော့ စိတ်ထဲမှာ စဉ်းစားထားပြီးရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံရေးဇောက်ချပြီး လုပ်မယ်ဆိုမယ့်အထဲမှာ ကိုကိုကြီးကိုယ်တိုင်အနေနဲ့ ဘာပြောချင်သလဲ။ ပါမလား။

ဦးကိုကိုကြီး ။ ။ ကျနော်အနေနဲ့က နိုင်ငံရေးကို လုပ်မယ်ဆိုတဲ့ကိစ္စကတော့ ကျနော့်ပိုင်ဖြတ်ချက်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ၂၀၁၅ မှာ ရွေးကောက်ပွဲက ရှိနေပြီဆိုတော့ တကယ်လိုများ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ နိုင်ငံရေးပါတီထောင်မယ်ဆိုလို့ရှိရင် ဘယ်အချိန်လောက်မှာ စသင့်တယ်ထင်သလဲ။

ဦးကိုကိုကြီး ။ ။ ကျနော်ကတော့ ရွေးကောက်ပွဲအရေးကြီးတယ်ဆိုတာကို လက်ခံတယ်။ လွှတ်တော်အတွင်း နိုင်ငံရေးကိုလည်း အလေးအနက်ထားပါတယ်။

 ဒါပေမဲ့ ဒီနည်းလမ်းတခုတည်းလို့ မြင်ပါတယ်။ ကျနော်တို့က နိုင်ငံရဲ့  နိုင်ငံရေးအခင်းအကျင်းတခုလုံးကို ချိန်ဆပြီးတော့ ကျနော်တို့ ဘာလုပ်သင့်သလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေထဲမှာ နိုင်ငံရေးပါတီထောင်မယ်၊ မထောင်မယ်ဆိုတာက ကွဲလွဲချက်တခုလို ဖြစ်နေသလား။ ဒါမှမဟုတ်လို့ရှိရင် ကျနော်တို့ ကြားနေရတဲ့ပုံစံတွေအပေါ် ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ဆိုတာကလည်း ဗကသ၊ ရကသ၊ တကသ ဒီလို အဖွဲ့အစည်းအစုံအလင်းနဲ့ တချို့ ကိစ္စလေးတွေမှာ ကွဲကွဲလွှဲလွှဲလေးတွေ ရှိနေတဲ့အတွင်းပိုင်းပေါ့။

 ဒါက အဖွဲ့အစည်းဆိုရင် ကွဲကြတာတော့ သဘောထား မတူတာလေးတွေ ရှိတာတော့ ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက ပိုပြီးတော့ ကြီးထွားလာဖို့ ရှိသလား။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ ကျနော်တို့မှာ တစုံတရာ ရင့်ကြတ်မှု ရလာခဲ့ပြီးပါပြီ။ တကယ်လို့ ကျနော်တို့က ကိုယ့်ရဲ့  ယုံကြည်ရာတခုခုကို သီးခြားဆီလုပ်ကြပြီဆိုရင်တောင်မှ ပဋိပက္ခအသွင်တော့ မဆောင်ပါဘူး။ ဆိုလိုတာက လူမှုရေးလုပ်ငန်း လုပ်တဲ့လူလည်းရှိမယ်။

 နိုင်ငံရေးကို ကိုယ့်သန်ရာသန်ရာ ပုံစံတခုခုနဲ့ လုပ်ကြတယ့်လူတွေလည်း ရှိမယ်။ ဒါတွေအားလုံးဟာ ကျနော်တို့အားလုံး အနှစ် (၂၀) သက်တမ်းတလျှောက်မှာ တယောက်နဲ့တယောက် သဘောထားကွဲလွှဲတဲ့ပုံစံမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ လာမယ့် တနင်္ဂနွေနေ့ ချက်နိုင်ငံ Prague မြို့ ကိုသွားပြီး အစည်းအဝေးတက်တဲ့အခါကြရင် သီးသန့် ၈၈ ကျောင်းသားတွေရဲ့  ကိုယ်စားပြုပြီးတော့ ပြောကြားမယ့် အကြောင်းအရာလေးတွေ နည်းနည်းလောက် ကြိုပြောပြထားပါလား။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ သူတို့ agenda အစီအစဉ်ထဲမှာ ပါတဲ့အတိုင်းပဲ ကျနော် ဆွေးနွေးသွားမှာပါ။ ဆွေးနွေးတဲ့အခါမှာလည်း ကျနော်တို့နိုင်ငံ အပြောင်းအလဲပေါ်မှာ အမြင်။ အလားအလာတွေ၊ နောက် ကျနော်တို့ ကျော်လွှာရမယ့်၊ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အစရှိသဖြင့် ဒီဟာတွေပဲ ကျနော်ပြောသွားမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ နောက်တခုကတော့ အခု ဥရောပ ပြင်သစ်ခရီးစဉ်က လူပြောများနေပါတယ်။ ကိုကိုကြီးရဲ့  ပုဂ္ဂိုလ်ရေး အကြောင်းအရာလေးတွေ မပါဘူးလား။

ဦးကိုကိုကြီး ။ ။ အဲဒါတွေလည်း ကျနော်ကအားလုံး ပွင့်ပွင့်လင်းလင်းပါပဲ။ တရားဝင် အသိပေးတဲ့အခါတော့လည်း အားလုံးသိကြမှာပါ။ အခုကတော့ ကျနော် ဒီခရီးစဉ်မှာ ကျနော် တွေ့သင့်တွေ့ထိုက်တဲ့လူတွေ၊ လည်ပတ်ကြည့်ရှုချင်တဲ့  နေရာတွေကို အဓိကထားပြီး သွားခဲ့တာပါ။

ဦးသန်းလွင်ထွန်း ။ ။ ချက်သမ္မတနိုင်ငံ Prague မြို့  Forum 2000 ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိနေတဲ့ ဦးကိုကိုကြီး ကို ဆက်သွယ်မေးမြန်းထားတာပါ။

source by :http://burmese.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကိုမင်းကိုနိုင် ရွှေရတုမွေးနေ့ အမှတ်တရ

ကိုမင်းကိုနိုင်ရဲ့ အသက် ၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက်မှာ ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်းနဲ့ အခမဲ့ ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

 အောက်တိုဘာလ ၁၈ ရက်နေ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အမှတ်တရအဖြစ် ရည်စူးကျင်းပတာဖြစ်ပြီး အဲ့ဒီအခမ်းအနားကို ကိုမင်းကိုနိုင်ရဲ့ မိခင်နဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ လူမှုရေး၊ ပညာရေး ပရဟိတအဖွဲ့တွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုပြေတီဦးတို့ အပါအ၀င် ပြည်သူလူထု အယောက် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။


source by :  http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ပြည်သူ့ ညီလာခံ

တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ ပူးတွဲ လုပ်ဆောင်နေတဲ့ "လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး" အတွက် ပြည်သူ့ ညီလာခံတရပ်ကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာမှာ နှစ်ရက်ကြာ ကျင်းပနေပါတယ်။

အပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။


source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...