Wednesday, January 15, 2014

ကမ်းလာတဲ့ စာရွက်ကလေးများ

(တစ်)
သမီး . . .
အဲသည့်မနက်က ဖေဖေရန်ကုန်တက္ကသိုလ်ထဲကနေ ထွက်လာခဲ့ပြီးလှည့်တန်းဈေးဘက်ကို သွားစရာ ရှိတာနဲ့ပြည်လမ်းကို ဖြတ်ကူးလိုက်တဲ့အခါ ဦးလေးကြီးတစ်ယောက်ကို တစ်ခါပြန်တွေ့ရပြန်တာပါပဲ။ အသက်ကတော့ ခြောက်ဆယ်နီးနီး၊ ဒါမှမဟုတ် ခြောက်ဆယ်စွန်းစွန်းလောက်တော့ ရှိမယ်ထင်ပါရဲ့။ 

ဆံပင်တိုတိုပါးပါးကတော်တော်လေးဖြူနေပါပြီ။ လူကလည်းပါးပါးလျားလျားပါပဲ။ အင်္ကျီလက်တို အကွက်ကလေးနဲ့၊ ချည်လုံချည် အနွမ်းကလေးနဲ့၊ သူ့ကြည့်ရတာ ပင်စင်စားတွေ၊ ဘာတွေများလား မသိပါဘူး သမီးရယ်။
ထုံးစံအတိုင်းပေါ့ သမီးရယ်။ သူ့လက်ထဲမှာ လက်ကမ်းကြော်ငြာစာရွက်ကလေးတွေနဲ့။ လမ်းသွားလမ်း လာတွေကို သူလက်လှမ်းမီသလောက် တစ်ရွက်ချင်းတစ်ရွက်ချင်း ကမ်းနေလိုက်တာ။ လူတိုင်းလိုလို ကသူကမ်းလာတဲ့ ကြော်ငြာစာရွက်ကလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ယူသွားလိုက်ကြတာပါပဲ။ အင်း . . . ဖေဖေကလည်း တစ်ရွက်ပေါ့။

ကွန်ပျူတာသင်တန်း ကြော်ငြာစာရွက်ကလေးသမီးရဲ့။ Computer Basic ဆိုတဲ့ ကွန်ပျူတာအခြေခံ သင်တန်းရယ်၊ DTP လို့ဆိုတဲ့ ရုံးသုံးစာစီစာရိုက်သင်တန်းရယ်၊ Graphic Designer လို့ဆိုတဲ့ ဓာတ်ပုံနဲ့ ဒီဇိုင်းသင်တန်းရယ်၊ နောက် Internet နဲ့ E-mail သင်တန်းတဲ့၊ Auto CAD တဲ့စုံနေတာပါပဲ။ သင်တန်း စမယ့်ရက်၊ သင်တန်းရှိရာလိပ်စာ၊ နောက်ဘယ်နှရာခိုင်နှုန်း သင်တန်းကြေးလျှော့မယ်ဆိုတာတွေ လည်း သည်လက်ကမ်းကြော်ငြာစာရွက်ကလေးထဲမှာ ပါ,ပါရဲ့။

ဖေဖေလည်း သည်ကြော်ငြာစာရွက်ကလေးဖတ်ပြီး သင့်ရာလျော်ရာစာအုပ်တစ်အုပ်ကြား ညှပ်ထား လိုက်တာပါပဲ။ တစ်ခါတစ်ခါတော့လည်း အမှိုက်ပုံးထဲပေါ့။ မကြာခဏဆိုသလို သည်လိုလက်ကမ်း ကြော်ငြာကမ်းသူတွေက ရှိတတ်ကြတယ်မဟုတ်လား။ လှည်းတန်းလမ်းဆုံတစ်ဝိုက်မှာ တစ်ခါတစ် လေပေါ်လာတတ်တဲ့ ဦးလေးကြီးကလည်းမြို့တော်ရဲ့ လက်ကမ်းကြော်ငြာ ပေးဝေးသူတွေထဲက တစ်ယောက်ပဲပေါ့။

(နှစ်)
သည်လက်ကမ်းကြော်ငြာတွေကလည်း အမျိုးအစားကိုစုံနေတာပါပဲ။ Beauty Parlour လို့ခေါ်တဲ့အလှ ပြင်ဆိုင်ကြော်ငြာတွေလည်း ပါရဲ့။ ဘာသာစကားသင်တန်းကျောင်းတွေရဲ့ ကြော်ငြာတွေလည်းပါရဲ့။ ပြီးတော့ ဘုရားဖူးကားကြော်ငြာ၊ အလုပ်သစ်အကိုင်သစ်ကြော်ငြာ စုံနေတာပါပဲသမီးရယ်။
မြို့တော်ရဲ့ ပလက်ဖောင်းတွေပေါ်မှာ၊ ကျူရှင်လှေကား အဆင်းအတက်မှာ၊ ဘတ်စ်ကားမှတ်တိုင်မှာ၊ ဈေးအဝင်ဝမှာ တစ်ဝမ်းတစ်ခါးအတွက် လုပ်ငန်းမျိုးစုံကို အသိပေးနေတဲ့ သူတွေလေ။

သမီးကိုဖေဖေပြောပြချင်တဲ့နေ့က ဆူးလေဘုရားလမ်းမကြီးပေါ်မှာ သမီးရဲ့။ ခုံးကျော်တံတားကြီးပေါ် မှာလေ။ ဖေဖေလှေကားထိပ်မှာ ကြော်ငြာကမ်းတဲ့ လူငယ်ကလေးနှစ်ယောက်၊ ကြော်ငြာကိုယ်စီကမ်း လို့၊ ကိုယ်အမူအရာက ယို့ယို့ကျိုးကျိုးနဲ့၊ ဘာကြော်ငြာ အမျိုးအစားမှန်းတော့ ဖေဖေလည်းမသိဘူးပေါ့ သမီးရယ်။ ဒါပေမဲ့သူ့အသက်မွေးဝမ်းကျောင်းကို လေးစားတဲ့အနေနဲ့ ဖေဖေလှမ်းယူလိုက်တာပါပဲ။ ဒါပေမဲ့ တချို့ချို့သောလူအများစုကိုတော့ ဖေဖေအံ့သြသွားမိတယ်။ ကြော်ငြာကိုတော့ယူလိုက်တယ် ပေါ့သမီးရယ်။ ဒါပေမဲ့ ချက်ချင်းဆိုမှချက်ချင်း၊ အခုချက်ချင်း ခြေတစ်လှမ်းလွန်ပြီးတာနဲ့ တံတားပေါ် ပစ်ချလွှင့်ပစ်လိုက်တာပါပဲ။ မိုးရေစပ်စပ်မှာ ကြော်ငြာစာရွက်ကလေးတွေ တံတားကြမ်းပြင်အနှံ့ ပြန့်ကျဲ တွယ်ကပ်လို့၊ မဖတ်ဘဲလွှင့်ပစ်ခံလိုက်ရတဲ့ လက်ကမ်းကြော်ငြာစာရွက်ကလေးတွေကိုယ်စား ဖေဖေ နာကျင်လိုက်ရတာ။ ကြော်ငြာကမ်းသူကလေးနှစ်ယောက်ရဲ့ မျက်လုံးထဲက အသိအမှတ်အပြုမခံရလို့ သိမ်ငယ်သွားတဲ့အရိပ်ကို ဖေဖေတွေ့လိုက်ရသလိုပဲ။ ယူတော့ယူလိုက်ပါရဲ့။ ဆတ်ခနဲဆို လွှင့်ပစ် လိုက်၊ ဆတ်ခနဲလွှင့်အစ်လိုက်နဲ့။ တချို့ချို့သောလူတွေပေါ့။

(သုံး)
သမီးရယ် . . .
အစည်းအဝေး တစ်ခုလို့ပဲဆိုပါတော့။ လူတစ်ယောက်ထပြီး တင်ပြလာတာကို ဖေဖေတို့သမီးတို့ သဘောတူချင်မှ သဘောတူမှာပေါ့။ ဒါပေမဲ့ သူပြောနေတာကိုတော့ ဖေဖေတို့နားထောင်ရမယ်လေ။ မပြောနဲ့လို့ ပိတ်ပင်တာမျိုး၊ နားမထောင်ဘဲနေတာမျိုးတော့ မလုပ်အပ်ဘူးလို့ ဖေဖေထင်မိတာပါပဲ။ ဆိုကြပါစို့ လူတစ်ယောက်က လူတစ်ယောက်ဆီကနေ မေတ္တာ၊ ဒါမှမဟုတ် ငွေကြေး၊ ဒါမှမဟုတ် တစ်ခုခုတောင်းခံလာတာမျိုး ဆိုပါတော့။ ငြင်းတာပဲဖြစ်ဖြစ်၊ လက်ခံတာပဲဖြစ်ဖြစ် အဲဒါကဖေဖေတို့ သမီးတို့ရဲ့ အခွင့်အရေး၊ ဒါပေမဲ့သူပြောခွင့်၊ သူတောင်းဆိုခွင့်ကိုတော့ ဖေဖေတို့အသိအမှတ်ပြုရ၊ လေးစားရပေမပေါ့။
သိစေချင်လို့ကမ်းလာတဲ့ ကြော်ငြာကလေးကိုယူပြီးရင် သင့်လျော်တဲ့နေရာတစ်နေရာ ဖတ်လိုက်ပေါ့။ မဖတ်ချင်တဲ့အဆုံး မမြင်ကွယ်ရာမှာ လွှင့်ပစ်လိုက်ပေါ့။ ခုတော့ကမ်းသူရဲ့ရှေ့မှောက်မှာတင် လွှင့်ပစ် လိုက်တာမျိုးကတော့ . . . ။

ဖေဖေကတော့ ရန်ကုန်မြို့အနှံ့လျှောက်သွား၊ ပေးလာတဲ့လက်ကမ်းကြော်ငြာကလေးတွေကို လှမ်းယူ၊ ပြီးတော့ကိုယ်နဲ့ဆိုင်သလား မဆိုင်သလားဖတ်ကြည့်။ နောက်တော့လည်း လွှင့်ပစ်တာပဲပေါ့ သမီး ရယ်။ တစ်ခုပါပဲ။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှုကို လေးစားတဲ့အနေနဲ့ သူတို့ရှေ့မှာတော့ ဘယ် တော့မှ ဖေဖေလွှင့်မပစ်ဘူး။

ဟောကြည့် . . . လူတစ်ယောက်က ဖေ့ဖေ့ကိုကြော်ငြာကလေးတစ်ရွက် လှမ်းပေးနေပြန်ပါပြီ။ ကိုယ် ကလေးကို ယို့လို့၊ မျက်နှာလေးကို အောက်ချလို့၊ ဖေဖေကတော့ လှမ်းပြီးယူလိုက်ပြန်ပါပြီသမီးရယ်။

မောင်သာချို 
source by : http://www.maukkha.org

အပြည့်အစုံ ဖတ်ရန် ...

"ငါ ဆက်လျှောက်မယ်"

မည်သို့ပင်
ပိတ်ဆို့ တားဆီးစေကာမူ
ငါ့လမ်းကို
ငါ ဆက်လျှောက်မယ်။

ငါဟာ- လူ့လောကထဲကို
ခေတ္တရောက်လာတဲ့
ဧည့်သည်တယောက်၊
တချောင်းပဲပါတဲ့
အသက်သေသွားတော့လဲ
အလည်ခရီး
ပြီးဆုံးသွားတာပဲ။

ဒါကြောင့်- ငါ့အသက်ကို
သတ်ပစ်လိုက်မယ်လို့
မခြိမ်းချောက်ပါနဲ့ မိတ်ဆွေ၊
အသက်ရဲ့ မမြဲသော
သဘာဝကို ငါသိတယ်။

ငါ့ရုပ်ခန္ဓာဟာ
တနေ့နေ့ တချိန်ချိန်မှာ
ပုပ်ပွဆွေးမြေ့သွားရမယ့်
ဖြစ်တည်မှုတခု၊
အပုပ်ကောင်ကို
အရုပ်ဆောင်ဖို့
အမွေးနံ့သာ
အ၀တ်တန်ဆာတွေနဲ့
လွှမ်းခြုံထားခြင်းသာ။

ခန္ဓာကိုယ်ပြင်ပမှာ
ဒဏ်ရာမရရင်တောင်
ခန္ဓာကိုယ်တွင်းက
အသည်းကလီစာတွေကတော့
တစထက်တစ
ဆွေးမြေ့ပျက်စီးသွားမှာပဲ။

ဒါကြောင့်- ငါ့ခန္ဓာကို
နှိပ်စက်ညှဉ်းပမ်းလိုက်မယ်၊
ချုပ်နှောင်ထားမယ်လို့
မခြိမ်းချောက်နဲ့ မိတ်ဆွေ၊
ရုပ်နဲ့နာမ်ကို
ငါခွဲခြားတတ်တယ်။

ငါ့ဘ၀ဟာ
လောကဓံတရားရဲ့
ထိန်းကျောင်းမှုအောက်မှာသာ၊
နိမ့်တုံ၊ မြင့်တုံ၊ ဖြစ်ပျက်စုံနဲ့
မလွဲမသွေ၊ ကြုံရဦးမှာပဲ။

ဒါကြောင့်- ငါ့ဘ၀ကို
ဖျက်ဆီးလိုက်မယ်လို့
မခြိမ်းချောက်နဲ့ မိတ်ဆွေ၊
လောကဓံတရားကို
ငါသိတယ်။

ငါ့ပညာဟာ
ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့
တည်ဆောက်ထားတဲ့အရာ၊
ပညာရဲ့ အနှစ်သာရဆိုတာ
လူ့လောကအကျိုး
ဆောင်ကျဉ်းဖို့ရန်သာ။

ဒါကြောင့်- ငါ့ပညာကို
ရွှေငွေဂုဏ် ပကာသန၊
ရာထူးစည်းစိမ်တွေနဲ့
ဝယ်ယူပစ်လိုက်မယ်လို့
မကြံစည်လေနဲ့ မိတ်ဆွေ၊
ပညာရဲ့ အနှစ်သာရကို
ငါနားလည်တယ်။

ငါ့အသက်နဲ့ ငါ့ခန္ဓာ
ငါယုံကြည်ရာအတွက်
လှူဒါန်းထားတယ်၊
ငါ့ဘ၀နဲ့ ငါ့ပညာ
လောကအကျိုးအတွက်
ပေးလှူထားတယ်။

မည်သို့ပင်
ပိတ်ဆို့ တားဆီးစေကာမူ
ငါ့လမ်းကို ငါ ဆက်လျှောက်မယ်။

ခင်မမမျိုး (၂၀၁၃)

အပြည့်အစုံ ဖတ်ရန် ...

Friday, January 10, 2014

တိမ်ဖုံးပါလို့ လမသာ ကလေးတို့ရဲ့ အနာဂတ် ဒို့နိုင်ငံရဲ့ ကံကြမ္မာ


a
Photo by Yamounnar


သူ့ခေါင်းပေါ်က ဗန်းကလေးထဲမှာ ပန်းတွေ။ ဘာပန်းလဲတော့ မသိ။ စပယ်ကုံးလေးတွေများလား။
ဓာတ်ပုံရိုက်သူက မေးသည်၊၊
“သမီးလေးက ပန်းရောင်းနေတော့ ကျောင်းမနေဘူးလား”
“နေပါတယ်ရှင့်”
“အော်…ဘယ်နှတန်း ရောက်နေပြီလဲ သမီးလေးရယ်”
“သမီးက တူငယ်တန်း” တဲ့။ မပီကလာ ဖြေရှာသည်။
အော်…သူငယ်တန်းကျောင်းသူကလေးက ပန်းရောင်းပြီး ၀င်ငွေရှာရတဲ့ ခေတ်ပါကလား။

သူ့ခေါင်းပေါ်ရှိ ဗန်းကလေးထဲမှ စပယ်ပန်းကလေးက ဖြူဖြူစင်စင် လန်းလန်းဆန်းဆန်း။ ပန်းရောင်းတဲ့ သူငယ်တန်း မိန်းကလေးငယ် နုနုနယ်နယ်မှာမူကား သူ့စပယ်များများလို မပွင့်လန်းနိုင်ရှာတဲ့ နွမ်းလျနေတဲ့ စပယ်ဖူးငုံလေးလို…။

ရင်နင့်စရာတွေက အများကြီး။ ကားလမ်းဘေးမှာ သစ်သီးလေးအနည်းငယ်ထည့်ထားသည့် ဗန်းကလေး ရှေ့ချကာ ဈေးရောင်းနေရင်း စာကျက်နေသည့် ကလေးမလေး တဦး။
သာစည်ဘူတာလား၊ ဘယ်ဘူတာရယ်လို့တော့ မသဲကွဲ။ ဘူတာရုံမှာ ဈေးတောင်းကလေးတွေ ဘေးမှာ ချထားပြီး စာကျက်နေရသည့် ကလေးမ။

၆ နှစ် ၇ နှစ်လောက်သာရှိမည့် ခပ်လှလှသမီးငယ်လေးတဦး ပလပ်စတစ် အမှိုက်ပုံမှာ အမှိုက်ကောက်နေရှာ။ ရုပ်ကလေး လှပေမယ့် တမျက်နှာလုံး အညစ်အကြေးများနဲ့ ပေရေနေတဲ့ ကလေးမလေးကို မြင်ရတာ ကရုဏာသက်ရုံမက ရင်မှာ နင့်ခနဲ ဖြစ်သွားရမိသည်။ အော်…ဒို့ဗမာပြည်ရဲ့ စနစ်ဆိုးအညစ်အကြေးတွေက သမီးလေးမျက်နှာပေါ်တောင် ဖိတ်စင်နေပြီကော။
ဗမာပြည်မှာ ရင်နင့်စရာ ကလေးငယ်တွေရဲ့ ဘ၀တွေက မလင်းလက်နိုင်ရှာတဲ့ ကောင်းကင်က ကြယ်မှိန်မှိန်လေးတွေလို တမိုးလုံး အပြည့်။ မြောက်မြားလှစွာ။ (ဘီဘီစီမှ လင်းလက်ကြယ်စင် အခန်းလာတိုင်း ကျနော် သည်ကလေးတွေပဲ ပြေးမြင်မိသည်။)

ဆိပ်ကမ်းမှာ ငှက်ပျောခိုင် ကုန်တင်ကုန်ချလုပ်နေတဲ့ ကလေးများအနက်မှ ကလေးတဦးက ပြောသည်။ “ကျနော် ဒီအလုပ် လုပ်နေတာ ကြာလှပြီ။ ၁၀ နှစ် ၁၁ နှစ် အရွယ်ကတည်းကပဲ” ဗမာပြည်က ကလေးစစ်သား၊ ကလေးလုပ်သားများသာမက ကလေးအလုပ်ကြမ်းသမားများ ခပ်ကြမ်းကြမ်း ပြောရလျှင် ကလေးကူလီ မြောက်မြားစွာ ထွက်သည့်တိုင်းပြည်။

အော်..ရှိသေးတယ်။ ကလေးသူတောင်းစားလေးများ။ သာစည်မှ မန္တလေးဘက်အလာ တရွာလုံး ထွက်တောင်းသည့်အထဲ ကလေးအုပ်က အမျာစုကြီး ဖြစ်သည်ကို တခါက ကျနော်ကိုယ်တိုင် မြင်ခဲ့ဖူးသည်။ ဗမာပြည်မှာ တောင်းစားရသည့် ကလေးသူငယ် မြောက်မြားစွာ ရှိနေရုံမက သူတို့သည် ပြည်ပရောက် ထွက်ကုန်ပစ္စည်းလည်း ဖြစ်နေကြရှာသည်။ ပြည်ပမှာ သူတို့တတွေက မြင်တွေ့ရသည့်က ပိုမို သနားစရာ ကောင်းသည်။ ဒီကလေးများကို တောင်းရမ်းခိုင်းသည့် လင်မယားက သူတို့မိဘလည်း မဟုတ်။ ဆွေမျိုးသားချင်းလည်း မဟုတ်။ ဘာမှ မတော်စပ်။ သည်ကလေးများကို ဘယ်နေရာကနေ ဘယ်နည်းနဲ့ ခေါ်ယူခိုင်းစေနေသလဲ ဆိုတာတော့ အသေအချာ မသိ။ သူတို့လင်မယားက သူများတိုင်းပြည်က ပန်းခြံတခုမှ လက်ဖက်ရည်၊ မုံ့ပဲသွားရည်စာများ စားသောက်ပြီး ဇိမ်နှင့် နှပ်နေသည်။ ကလေးများက တောင်းရမ်းရသည့် ပိုက်ဆံများ လာအပ်သည့်အခါ ပိုက်ဆံနည်းနေလျှင် ကန်ကျောက် ရိုက်နှက်ပစ်တတ်သေးသည်။ ဒါက သူတောင်းစားအုပ် တအုပ်အကြောင်း လက်တွေ့မြင်ရသည်ကို ရေးပြခြင်း ဖြစ်သည်။ သည်လို ကလေးသူတောင်းစားအုပ်ပေါင်း များစွာ။

ပလပ်စတစ်လိုက်ကောက်နေသည့် ကလေးသူငယ်အုပ်စုထဲမှ တယောက်က ပြောသည်။ “ကျနော် တနေကုန် ဒီလို အလုပ်လုပ်ပြီး အိမ်ကို ငါးရာနဲ့ တထောင်ကြား အပ်နိုင်ပါတယ်” တဲ့။
တယောက်တည်း တနေကုန်လျှောက်သွားပြီး ပလပ်စတစ်နဲ့ အမှိုက်ကောက်ရရှာတဲ့ မိန်းကလေးငယ်အကြောင်း မှတ်တမ်းဗီဒီယိုခွေ ကြည့်ပြီး တချို့က မျက်ရည်ကျသည်။ “ကျမ မနက် ၄ နာရီလောက်က ထပြီး ည ၇ နာရီလောက်အထိ လှည့်ကောက်တာပဲ။ ဒါတောင် ကျမက တချို့ကောင်လေးတွေလောက် မရဘူး” ဟု ဆိုရှာသည်။ သူ့အဖွားက ပြောသည်။ “ကျမ သူ့ကို မခိုင်းချင်ပါဘူး။ ကျောင်းနေစေချင်တာပေါ့။ ဒါပေမဲ့ ဘ၀ကမှ မပေးတာ။ ပညာမတတ်ရင် အကန်းနဲ့တူတယ်ဆိုတာ ကျမ သိပါတယ်” တဲ့။

ဗမာပြည်မှာ ယင်းသို့ စာမတတ်၍ အကန်းလို ဖြစ်နေရသောကလေးများ အရေအတွက် သန်းချီ ရှိနေမလား။ ကျေးလက်မှ ကလေးများရဲ့ ဘ၀ကို မှတ်တမ်းတင် ရိုက်ကူးပြသသည်ကိုတော့ မတွေ့မိသေး။ စာသင်ကျောင်းပင် ကောင်းကောင်းဖွင့်မပေးနိုင်သည့် ဗမာပြည် ကျေးလက်တောရွာက ကလေးသူငယ်များရဲ့ ဘဝတွေကလည်း ဆိုးရှာပေလိမ့်မည်။ နွားကျောင်း ဆိတ်ကျောင်း ထင်းခွေ ထင်းခုတ်။ ကောက်သင်းကောက်နေရသည့် ကလေးငယ်တွေ။ စာမသင်ရဘဲ ရွှံဘွက်ရေအိုင်ထဲမှာ ပုစွန်၊ ကဏန်းတွင်းထဲ လက်နှိုက်ရင်း ဆင်းရဲတွင်းထဲ နစ်ကာ အချိန်ကုန်နေကြရမည့် ကလေးသူငယ်ပေါင်း မြောက်မြားစွာ ရှိပေလိမ့်မည်။

“အဖေက ကျနော့်အတွက် ကျောင်းစရိတ်မတတ်နိုင်ဘူး။ ဒီတော့ ကျနော် ဒီအလုပ် လုပ်နေရတယ်” စားသောက်ဆိုင်မှာ အလုပ်လုပ်နေရသော ကလေးငယ်က ပြောသည်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ပန်ကန်းဆေး စားပွဲထိုးလုပ်ရင်း ၀မ်းကျောင်းနေရသည့် ကလေးသူငယ်တွေ ဗမာပြည်မှာ ဘယ်လောက်များ ရှိမလဲ၊ စာရင်း ကောက်ကြည့်ချင်လိုက်တာ။ ဗမာပြည်မှာ လမ်းပေါ်ရောက်နေကြတဲ့ ကလေးသူငယ်တွေ ဘယ်လောက်များ ရှိနေမလဲ။ ထိုင်းနိုင်ငံတွင်မူ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒုက္ခသည်များ..စသည်တို့၏ သားသမီးများ သူများနိုင်ငံတွင် အခက်အခဲအမျိုးနှင့် စာသင်နေသည့် ကလေးငယ်များ စုစုပေါင်း သောင်းဂဏန်းအထိ ရှိသည်ဟု ကြားသည်။ စာမသင်နိုင်သည့် ကလေးငယ်များကော ဘယ်လောက်ရှိသလဲ။ သူတို့အနာဂတ်ကရော ဘယ်လိုလဲ။

တခြားနိုင်ငံက လမ်းပေါ်ရောက် လေလွင့်ကလေးငယ်များအကြောင်း လိုက်လံရှာဖွေ ဖတ်ရှုကြည့်မိပါသည်။ ဆရာကြောင့်၊ ကျောင်းပညာရေးစနစ်ကြောင့်၊ မိဘအိမ်ထောင်ရေးကြောင့် ကျောင်းမပျော်ဘဲ လေလွင့်ငှက်ငယ်ဖြစ်ရသည့် ကလေးငယ်များဘ၀ကိုပင် သူတို့ အသေအချာ စူးစမ်းလေ့လာကြသည်။

ဗမာပြည်မှာက အုပ်ချုပ်ရေးစနစ်ကြောင့် ပညာရေးစနစ်က မကောင်း။ ကျောင်းတွေ မလုံလောက်။ စီးပွားရေးစနစ် မကောင်းလို့ မိဘပြည်သူတွေ ဆင်းရဲသည်။ မိဘပြည်သူတွေဆင်းရဲတော့ သားသမီးတွေ ကျောင်းမနေနိုင်ကြတော့။ သူ့အမေ အကြော်ရောင်းလို့ သူလဲ အကြော်ရောင်းရသည့် အကြော်သည်မိဗျိုင်းလို ဘ၀မျိုးတွေချည်း ဗမာပြည်က မွေးဖွားပေး နေသည်။

ပြည်တွင်းစစ်ကလဲ ထောင်သောင်းချီသော တိုင်းရင်းသား ကလေးငယ်များကို ငရဲတွင်း မီးပင်လယ်ထဲ နှစ်မြှုပ်ဝါး မြိုပစ်နေသည်။ စာသင်ဖို့ ဝေလာဝေး။ စားသောက်ဖို့ အစားအစာပင် အခက်အခဲတွေ့နေရသော ကလေးငယ်များကို ဒုက္ခသည်စခန်းတွေမှာ ရင်နင့်စရာ တွေ့ရသည်။ အစာအာဟာရ မလုံလောက်တော့ ကျန်းမာရေးအန္တရာယ်နှင့် ကြုံရသည်။ ကျည်ဆန်ကြောင့် ကလေးသူငယ်တွေ မသေသည့်တိုင် ပြည်တွင်းစစ်နှင့်အတူ တွဲပါလာသော ရောဂါဘယကပ်ဆိုးက ကလေးသူငယ်များ၏ အသက်တွေ၊ အူတွေ အသည်းတွေကို ဆွဲထုတ်ယူငင်သွားကြသည်။

ရှမ်းပြည် ကျေးလက်က ဆင်းရဲတဲ့ ကလေးငယ်တွေ ကိုရင်ဝတ်ကြ။ ဘုန်းကြီးက အစိုးရစာသင်ကျောင်းမှာ ထားပေးသဖြင့် တတန်းလုံး ကိုရင်တွေချည်း စာသင်နေရသော စာသင်ကျောင်းတွေ ရှမ်းပြည်နယ်မှာ ရှိသည်။ ဘကကျောင်းခေါ် ဘုန်းတော်ကြီး စာသင်ကျောင်းတွေ တိုးများလာရုံမက ယခုအခါ ပလက်ဖောင်းစာသင်ကျောင်းတွေ၊ ကျူရှင်ကျောင်းတွေ အများအပြား ပေါ်လာသည်။ မီးရောင်ရှိသည့် ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ ဖျာခင်းပြီး ကလေးတွေကို ကျူရှင်ပေးသည့် ပလက်ဖောင်း စာသင်ကျောင်းတွေ ရှိသည်။ နောက်တမျိုးက လေလွင့်ပျက်စီးမည့် ကလေးများကို ခေါ်ယူထိန်းသိမ်းပြီး စာသင်ပေးသည့် ပလက်ဖောင်းစာသင်ကျောင်းဆိုတာလဲ ရှိသေးသည်။ ဆရာ ဆရာမတွေက စေတနာနဲ့ သင်ကြားပေးကြသည့် ဆရာ ဆရာမတွေ။

ဆရာမတယောက်က ပြောပြသည်။ “အစတုန်းက သူတို့ထဲက ကလေးတချို့တလေ ကျမ ပိုက်ဆံအိတ်ကို ဖွင့်ပြီး ယူမယ်လုပ်တာ ရှိတယ်။ ကျမက သေချာ ရှင်းပြပြီး နားလည်အောင် ပြောပြတော့ နောက်ဆို သူတို့က မခိုးရုံမက ကျမ ပစ္စည်းတွေကိုပါ စောင့်ရှောက်ပေးလာကြတယ်” ဖယောင်းလို နုနယ်သည့် ကလေးငယ်လေးတွေကို သည်ဆရာမက ကောင်းမွန်သည့် ရုပ်တုကလေးတွေ ဖြစ်အောင် ထုဆစ်နေရှာသည်။ ဗမာပြည်၏ ကလေးငယ်ပေါင်း အထောင်အသောင်းတို့ကို စာရိတ္တယိုယွင်းပျက်စီးသည့် ရုပ်ထုများဖြစ်အောင် စစ်အာဏာရှင်စနစ်က ထုဆစ်ခဲ့ပြီ။

စေတနာ ဆရာ ဆရာမ၊ စေတနာ ဘုန်းတော်ကြီး စေတနာသီလရှင်များ ဗမာပြည်တွင် ရှိပါသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီလရင်သင် ပညာရေးကျောင်း။ ပရဟိတ ပညာသင်ကျောင်းတွေ ဗမာပြည်မှာ အများကြီး ပေါ်လာသည်။ သူတို့ စိတ် စေတနာ မွန်မြတ်လှပါသည်။ ဒါပေမဲ့ သူတို့သည် ဗမာပြည်က ပညာမသင်ကြားနိုင်သည့် ကလေးသူငယ် ထောင်ပေါင်းများစွာထဲမှ ဘယ်နှယောက်လောက်အထိ ကယ်တင်နိုင်မှာတဲ့လဲ။ စေတနာ သီလရှင်တပါးကမူ ကလေးသူငယ်အတော်များများကို သူငယ်တန်းမှ ၁၀ တန်းလောက်အထိ စားဝတ်နေရေး ပညာရေး တာဝန်ယူစောင့်ရှောက်ပေးနေသည်ကို တွေ့မြင်ရပါသည်။ သည်လို ကျောင်းမျိုးတွေ ဖွင့်နိုင်ခြင်းမှာ လှူဒါန်းသူ ဗမာပြည်သား စေတနာရှင်ပေါင်း မြောက်မြားစွာ၏ ကိုသိုလ်ဒါနလည်း ပါဝင်နေပေလိမ့်မည်။ သည်လိုကျောင်းမျိုးတွေ များပြားစွာရှိသည်။ ဒါပေမဲ့ သူတို့ ဘယ်နှယောက် တာဝန်ယူမှာလဲ။ ဘယ်အချိန်အထိ တာဝန်ယူမှာလဲ။

ဗမာပြည်၏ စနစ်ဆိုးကြီးက စာမသင်နိုင်သည့် ကလေးသူငယ်ပေါင်း မြောက်မြားစွာကို ဆက်လက်မွေးထုတ်ပေး နေပေလိမ့်မည်။ အလှူရှင်များ၏ စီးပွားရေး အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်နေဖို့ဆိုတာကလဲ ဒီခေတ်ကြီးထဲမှာ မသေချာလှ။
ဆင်းရဲပေမယ့် စာမညံ့သည့် ကလေးသူငယ်တွေ ရှိပါသည်။ ဘယ်သူက ဂုဏ်ထူး ဘယ်နှခုနဲ့ ဆယ်တန်းအောင်ပါတယ်။ ဆေးတက္ကသိုလ် အဆင့်မီပေမယ့် စရိတ်မတတ်နိုင်လို့ ၀ိုင်းဝန်းကူညီကြပါရန်… ဆိုသည့် ပန်ကြားချက်မျိုးတွေ ခဏခဏ တွေ့နေရသည်။ ကလေးသူငယ်များအရေး၊ ပညာရေးဘက်တွင်သာမကပါ။ နာရေးအကူအညီကအစ ဗမာပြည်တွင် စေတနာရှင်များက ၀ိုင်းဝန်းလုပ်ဆောင်ပေးနေရသည်။ အုပ်ချုပ်သူ၏ ယိုပေါက်တွေကို လိုက်လံ ဖာထေးပေးနေရသည်၊ အုန်းမှုတ်ခွက်လေး သေးသေးငယ်ငယ်နဲ့ လှေပျက်ထဲ ၀င်သမျှရေတွေ ခပ်ထုတ်နေပေမယ့် ယိုပေါက်တွေ များနေသော လှေက ကြာလေ မြုပ်လေ ဖြစ်လာနေသည်။
သည်ကိစ္စ စဉ်းစားမိတိုင်း ကျနော်ကတော့ ကနေဒါမှ ဆရာဝန်ကြီး နော်မန်ဗက်သွန်းကို သတိရသည်။ သူပြောတဲ့ စကားကို ကျနော် နားလည်သလို ရေးပြချင်သည်။“ကျနော် ဆရာဝန် အလုပ်နဲ့ လူဘယ်နှယောက်ရဲ့ အသက်ကို ကယ်နိုင်မလဲ။ လူသန်းပေါင်းများစွာရဲ့ အသက်ကို သေစေတဲ့ စနစ်ဆိုးတွေ ရှိနေတယ်။ ဒီစနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်ရေးထဲမှာ ကျနော် ၀င်ကူရင် လူသား သိန်းသောင်းချီတဲ့ အရေအတွက်ကို ကျနော် ၀င်ကူနိုင်လိမ့်မယ်။ ဒီလမ်းကြောင်းကို ကျနော် ရွေးချယ်တယ်”။ ချီဂွေဗားရားလဲ ဒီလိုမျိုးစိတ်ဓာတ်နှင့် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့တာပါပဲ။

ဆရာဝန်များလိုသကဲ့သို့ တော်လှန်ရေးသမားများလည်း ကျနော်တို့ဗမာပြည်အတွက် လိုအပ်နေပါသည်။ တော်လှန်ရေးသမားများ ရွေးချယ်သည့်လမ်းကြောင်းသည့်လမ်းကြောင်း၏ ဦးတည်ချက်ထဲတွင် ကလေးငယ်တို့၏ အနာဂတ်ကို ကယ်တင်ရေးသည်လဲ ပါဝင်နေလိမ့်မည်ဟု ယုံကြည်မိသည်၊ တပြည်လုံးမှ ကလေးငယ်များအတွက် ဘ၀ကို ပေးဆက်အလုပ်လုပ်နေကြသူ တော်လှန်ရေးသမားမျာ၏ သားသမီးကလေးများသည်လည်း ဗမာပြည်မှ အဖိနှိပ်ခံ ပြည်သူတို့၏ ကလေးများနည်းတူ ရင်နင့်စရာ ကြေကွဲစရာတွေအဖြစ်အပျက်တွေနှင့် ပြွမ်းတီးလျက်။ သီးသန့်စာဖွဲ့ မှတ်တမ်းတင်ရမည့် ဘ၀ကလေးတွေလည်း မြောက်မြားစွာ ရှိနေပေလိမ့်မည်။

ရွေးချယ်သည့် လမ်းကြောင်းကား တယောက်နှင့် တယောက် တူညီလိမ့်မည် မဟုတ်ပါ။
ဒါပေမဲ့ အားလုံးကို သိစေချင်သည့် အချက်များကား ရှိနေပါသည်။ သည်ကနေ့ ကျနော်တို့ ဗမာပြည် ကလေးသူငယ်များသည် မဖူးမီကပင် နွမ်းလျညှိုးငယ် နေကြရပါသည်။ စနစ်ဆိုး အက်ဆစ်မိုးနှင့် ထိမိသည့် ပန်းဖူးပန်းငုံလေးများ ပွင့်လန်းမလာနိုင်တော့ဘဲ မပွင့်မီက ကြွေသွားကြရသည်မှာလဲ များပြားလှပါသည်။ သည်ကလေးငယ်များသည် အနာဂတ်တွင် ဗမာပြည်၏ အဆိုးအကောင်းကို ဖန်တီးမည့် ပြည်သူပြည်သားများ ဖြစ်လာကြပါလိမ့်မည်။ သည်ကလေးငယ်များ၏ အနာဂတ်သည် ဗမာပြည်၏ အနာဂတ်ဖြစ်ပါသည်။ သည်ကလေးငယ်များ၏ ကံကြမ္မာသည် ဗမာပြည်၏ ကံကြမ္မာပင် ဖြစ်ပါသည်။

ကလေးငယ်များ၏ အနာဂတ်ကို ဆင်းရဲငတ်ပြတ်မှု၊ ပညာရေး ချို့တဲ့မှုဆိုသည့် မြူမင်များဖြင့် ပိတ်ဖုံးစေကာ ဗမာပြည်၏ ကြမ္မာဆိုးကို လက်ယပ်ခေါ်ငင်နေသော စနစ်ဆိုးကြီးကို ဖြိုဖျက်ဖြုတ်ချနိုင်မှသာ ကလေးငယ်တို့၏ အနာဂတ် ၀င်းလက်ကြည်စင်၍ ဗမာပြည်၏ ကံကြမ္မာ တိမ်ဖုံးပါလို့ လမသာ အဖြစ်မှ ကင်းဝေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
သည်စာတမ်းလေးတွင် အောက်ဖော်ပြပါ ကဗျာလေးနှင့် နိဂုံးချုပ်လိုပါသည်။

ဆေးစက်တစက်စီ တို့ပေးပါ
သူတို့လေးတွေ
သဲသောင်လွလွ
စိမ်းပြာမြမြ
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။
မြို့တော်တခို
လမ်းကြိုလမ်းကြား
အနှံ့သွားရင်းက
ကိုယ့်ဘဝလေးတွေကို
ကိုယ့်ဘာသာ ကိုယ်ပြန်ကောက်ကာ
ကိုယ့်ရဲ့ အိတ်စုတ်စုတ်လေးတွေမှာ
ပြန်ထည့်နေကြရရှာ၊
ပန်းပျိုးခင်းမှ
ရနံ့သင်းပျံ့
အယုယခံ
ပန်းမန်လေးတွေလဲ မဟုတ်ကြ။
မြွေတွင်း
ဖားတွင်း
ငါးတွင်း
ဆင်းရဲတွင်းထဲ
ခေါင်းငုံ့ လက်ထိုးနှိုက်နေကြရှာ
ခေါင်းပြန်မဖော်နိုင်ကြသေးပါ။
သူတို့မျက်နှာမှာ သနပ်ခါးကွက်ကြား
နှလုံးသားမှာ ခေတ်ရဲ့ ကြေးညှော်တွေအပြည့်
ဟိုး ကောင်းကင်ဆိုတဲ့ အမြင့်ဝေဟင်က
လင်းလက်ကြယ်စင်တွေနဲ့ ခေတ်ပြိုင်
ဗမာပြည်ရဲ့ မလှပတဲ့ မျက်နှာစာမှာ
ဆန်ဖြူတစေ့ကို မောနေအောင် ရှာဖွေနေတဲ့
သူတို့လေးတွေရဲ့
မဖြူစင်နိုင်တော့တဲ့ မျက်လုံးအိမ်တွေ
နေရာအနှံ့
ဒီလိုနဲ့
စစ်ကားဘီး
စစ်ဖိနပ်
လူကြီးမင်းတို့ရဲ့ဖိနပ်များအောက်မှာ
နုနယ်ပျိုမျစ်တဲ့ အညွန့်ကလေးတွေ
နင်းချေခံနေကြရရှာ။
သူတို့ဘေးနားကနေ
အပူအပင်ကင်းမဲ့
ခေါင်းမော့ဝင့်ဝါ
လွင့်ပျံသွားကြတဲ့ ကျောင်းစိမ်းလေးတွေကို ငေးမောမိတဲ့အခါ
သူတို့နှလုံးသားထဲ စိမ့်ဝင်သွားတဲ့
တဘဝလုံး လှိုက်စားသွားမယ့် အက်ဆစ်ပျော်ရည်တွေ
ဘယ်သူ ခပ်ထည့်ခဲ့တာလဲဆိုတာ
တခါတရံလောက်များ
ဟိုဘက်ဒီဘက် ခေါင်းဆောင်ကြီးတွေ
စဉ်းစားမိခဲ့ပါသလား။
ပလတ်စတစ်အိတ်တွေမဟုတ်
သူတို့ကောက်နေကြရတာ
ဧရာမအပုံကြီး
ဒို့နိုင်ငံတော်ရဲ့ အမှိုက်သရိုက်တွေ
အပြစ်အနာအဆာတွေနဲ့
ကောက်ကျစ်မှု
လိမ်လည်မှု
စစ်ကျွန်ပြုမှုတို့က ဝါးပြီးထွေးထုတ်လိုက်တဲ့
နံစော်နေတဲ့ အဓမ္မမှုတွေကနေ
လွင့်စင်လာတဲ့ အပိုင်းအစများ…။
မင်းတို့နဲ့ အနီးဆုံးနေရာက
ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ထင်နေသူတွေရဲ့
မြူးတူးနေကြတဲ့ မျက်လုံးအိမ်တွေထဲမှာ
အိမ်ဖြူတော်ဘက် မျှော်ကြည့်နေရလို့တဲ့
မင်းတို့အတွက် နေရာချထားစရာ ကွက်လပ်မကျန်ဘူးကွဲ့
ကလေးငယ်တို့ရဲ့…။
မင်းတို့လေးတွေခမျာ
ကောက်ရတဲ့ စာရွက်သာကြည့်
စာမသိသလို
ရောဂါသာ မိ
ဆေးမရှိသလို
အူဂင်္ဂါနဲ့ ကျယ်ပြောလှတဲ့ ဝမ်းတထွာ
ရိုင်းပျတဲ့ သမုဒ္ဒရာထဲ
အရွယ်နဲ့မမျှ ကူးခတ်ရုန်းကန်ရင်း
လက်ပန်းကျနေရသလို
ဘဝလေးတွေရဲ့ နုနယ်တဲ့အနာဂတ်မှာလဲ
ဒဏ်ရာ ဟက်တက်ကြီးနဲ့
မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေကြရရှာ။
ကလေးတွေရယ်
မင်းတို့လိုပါပဲ
ဒို့အမျိုးသားတွေရဲ့ အနာဂတ်
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်
ရင်ဘတ်မှာ ဒဏ်ရာဟက်တက်ကြီးနဲ့ကွဲ့
ယင်မမဲရိုင်းတွေ လက်ခမောင်းခတ်လို့…။
မင်းတို့အတွက် ရင်နာတယ်
ဗမာပြည်အတွက် နာကြည်းတယ်
ဒီခေတ်ရဲ့ ဒီစနစ်ကို
ရွံရှာတယ်
နှလုံးနာတယ်
စိတ်ကုန်တယ်
မုန်းတီးတယ်…
….ကြည့်ရတာတော့
တဟုန်းဟုန်း တောက်လောင်နေတဲ့
မီးလောင်မြေရဲ့ ပြာပုံပေါ်ကသာ
တူးဆွ ပြန်ဖော်ပြီး
ခက်ခက်ခဲခဲ ကျားကုပ်ကျားခဲ
ရေရှည်ဇွဲနဲ့
ပြန်လည်ပျိုးထောင်ရမယ်ထင်ရဲ့
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်…။
တောက်ပ၀င်းလက်
မျှော်လင့်ချက် ရောင်ခြည်ဆီရှေးရှု
ဒို့ကလေးတွေရဲ့ အနာဂတ်
ဒို့သွေးသားတွေရဲ့အနာဂတ်
ဒိုနိုင်ငံတော်ရဲ့အနာဂတ်
အနာဂတ် ပျက်သုဉ်းမသွားရေး
အလုပ်သမားတွေ
လယ်သမားတွေ ပြည်သူတွေ
ဘဝတွေ အသက်တွေ ဒဏ်ရာဒဏ်ချက်တွေ
အရင်းအနှီးပေးကာ လှမ်းချီနေကြ
တောက်ပဝင်းလက်
အနာဂတ်ပန်းချီကားချပ်အတွက်….။
ကြိုဆိုပါတယ် ရဲဘော်….
ခင်ဗျားတို့လက်နဲ့
ဆေးစက်တစက်စီ တို့ပေးပါ။ ။

မောင်လှဝင်း (မြင်းခြံ)

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...