မြန်မာနိုင်ငံမှာ နှစ် ၂၀ ကျော်ကာလအတွင်း ပထမဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ အရပ်ဝတ်လဲ ဗိုလ်ချုပ်ဟောင်းတွေ အများစုပါဝင်ခဲ့တဲ့ လွှတ်တော်အရပ်ရပ်ကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ သမ္မတအစိုးရ သစ်တရပ် ပေါ်ပေါက်ခဲ့ပြီဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စတင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အရင်နအဖစစ်ကောင်စီရဲ့ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ သမ္မတအစိုးရသစ်ရဲ့ သက်တမ်းဟာ ဇူလိုင်လ ၈ ရက်နေ့မှာ ရက် ၁၀၀ ပြည့်မြောက်ပြီ ဖြစ်ပါတယ်။
ဒီအခြေအနေ တွေနဲ့ ပတ်သက်ပြီး အတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ကဏ္ဍအသီးသီးက ပညာရှင်တွေနဲ့ သတင်းစာဆရာတွေရဲ့ သမ္မတအစိုးရအဖွဲ့အပေါ် သုံးသပ်ဝေဖန်မှုတွေကို စုစည်းတင်ပြပေး လိုက်ရပါတယ်။
သမ္မတ တဦးနဲ့ သူ့ရဲ့အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်ကို သက်တမ်း ရက် ၁၀၀ အတွင်း လုပ်ဆောင်ချက်တွေနဲ့ ဆုံးဖြတ်တိုင်းတာဖို့ မလုံလောက်ပေမယ့်လည်း သမ္မတအစိုးရသစ်အနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ ဝေဖန်မှုတွေကို သက်တမ်း ၅ နှစ်တာကာလအတွင်း နောက်ထပ်ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မယ်ဆိုတွေကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ အသွင်ကူးပြောင်း ရေးနဲ့ ပတ်သက်ပြီး အခြေခံဥပဒေကို လက်မခံနိုင်သေးတဲ့ သူတွေကို လက်ခံလာအောင် စေတနာတွေကို ပြသဖို့အတွက် အရေးကြီးနေသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် သံသယရှိနေသူကို အစိုးရသစ်အနေနဲ့ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖော်ဆောင်ဖို့ သက်သေပြဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါအပြင် အုပ်ချုပ်မှုစနစ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီမိုကရေစီဟာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ တွဲဖက်မှာ အောင်မြင်နိုင်မှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှ တာဝန်ယူရတဲ့ အစိုးရအဖွဲ့အနေနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးကို အလေးထား လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုပြောဆိုခဲ့ပြန်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ဆိုင်တဲ့ အကြောင်းရာတွေမှာ ဆိုရင်လည်း မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာလိုဖြစ်နေတဲ့ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင် ဆောင်တဲ့ အမြင်သဘောထားတွေ မထားကြဖို့လည်း ပြောကြားထားပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီအသီးသီးရဲ့ ရက်တစ်ရာအတွင်း အစိုးရအဖွဲ့ရဲ့ ကောင်အထည်ဖော်ဆောင်နိုင်မှုတွေကို အခုလို ဝေဖန်ထားကြပါတယ်။
ဦးဉာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နားဆင်ရန်
100 GOV-1-U NYAN WIN by dvbradio
ဒီကာလမှာ လွှတ်တော်ပေါ်ပေါက်ပြီးတော့ အစိုးရအဖွဲ့သစ် ဖွဲ့ပြီးတဲ့အခါမှာ အခုအချိန်အထိ ထူးခြားတဲ့ သိသာတဲ့ ပြောင်းလဲမှု မတွေ့ဘူး။ သမ္မတကြီးရဲ့ မိန့်ခွန်းတွေမှာ ပြောတာတွေ ကျနော်တို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။ ကြိုဆိုတယ်၊ ကျေနပ်တယ်။ အဲဒီအတိုင်း အကောင်အထည်ဖော်ဖို့လည်း လိုအပ်တယ်လို့ပဲ ကျနော်တို့ ထပ်ပြောချင်တယ်။ အခုနောက်ဆုံး ဖြစ်ပေါ်တဲ့ ပင်စင်လစာတိုးတဲ့ ကိစ္စကတော့ ကြိုဆိုပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ အမှန်အတိုင်းပြောရရင်တော့ လစာတွေ တိုးတဲ့အချိန်ကတည်းက ပင်စင်တွေက တိုးရမှာ။ လက်တွေ့မှာ ပင်စင်စားတွေ အရမ်းဒုက္ခရောက်တယ်၊ ပင်စင်လစာတိုးတဲ့ အမိန့်ကြောင့် အများ အကျိုးခံစားခွင့်ရတဲ့အတွက် ကျနော်တို့ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။
အစိုးရမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ရည်ရွယ်ချက် ရှိတယ်လို့ မိန့်ခွန်းတွေအရ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် မဖြစ်သေးတဲ့အတွက် ဖြစ်အောင်လို့ ကြိုးစားပါလို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ အကောင်းဘက်ပဲ မျှော်လင့်နေကြတယ်။ ပြည်သူကလည်း ဒီအတိုင်းပဲ မျှော်လင့်ပါတယ်။
ဦးမျိုးညွန့်
ပြောရေးဆိုခွင့်ရှိသူ
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ
နားဆင်ရန်
100 GOV-2-U MYO NYUNT by dvbradio
Political Paradigm (နိုင်ငံရေးအပြောင်းအလဲ) တခုလုံးကတော့ ပြောင်းသွားတာပေါ့နော်။ ဒါပေမယ့် ပြောင်းသွားသော်လည်းပဲ လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ အလွန်ကို နှေးနေပြီးတော့ နာမည်တွေ ပြောင်းသွားတာ။ ဥပမာ အရင်တုန်းက ကော်မတီနဲ့ အုပ်ချုပ်တဲ့ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုဆိုတာမျိုး ရှိပေမယ့် အခုတော့ အဲဒါတွေ ပျောက်သွားပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဒီလိုမျိုးတော့ ဖြစ်သွားတယ်။ ဒါပေမယ့် မူလတုန်းက အနေအထားအတိုင်းပဲ။
တရားစီရင်ရေး ကျတော့လည်း သဏ္ဌာန်တွေ ပြောင်းသွားသော်လည်း အကျင့်ဓလေ့စရိုက် အတော်များများ တရားရုံးမှာ မူလအတိုင်း တွေ့နေရဆဲပါ။ အလွန်နှေးပါတယ်။
ဦးနေမျိုးဝေ
ဥက္ကဋ္ဌ- မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ
နားဆင်ရန်
100 GOV-3-U NAY MYO WAI by dvbradio
ဒီရက်တစ်ရာအတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပြောမယ်ဆိုရင် အစိုးရသစ်ကို အပြစ်တင်စရာတွေ ချည်းပဲ။ စာပေစိစစ်ရေးမှာ ဆိုရင်လည်း ကျနော်တို့ကို ဂျာနယ်တွေ အင်တာဗျူးတိုင်း ဖြုတ်တယ်ဆိုရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဘက်က ပြောရင် အပြစ်တင်စရာတွေ ချည်းပဲ။ အပြစ်တွေချည်းပဲ တင်နေရမှာ စိုးတဲ့အတွက် ကျနော် အဲဒါတွေကို မပြောချင်ဘူး။
ချီးကျူးစရာနဲ့ ထောက်ခံစရာဘက်ကို ကျနော် ဦးစွာ ပြောမယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ထင်သာမြင်သာ ထောက်ခံစရာကတော့ ပင်စင်စားတွေကို အကျိုးခံစားခွင့်တွေ တိုးပေးလိုက်တယ် ဆိုတာပါ။ ဒီတခုကလွဲလို့ ကျန်တာ ထောက်ခံစရာ ကျနော် ရှာလို့ မတွေ့ပါဘူး။ ကန့်ကွက်စရာတွေ ပြောဖို့ဆိုရင် ကျနော်တို့ကိုယ်တိုင် တိုင်တောဖို့ ရှိပါတယ်။ အဲဒါ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ကတိကဝတ်တွေကို မထိန်းသိမ်းဘူး။ လွှတ်တော်မှာရှိတဲ့ ရေးရာကော်မတီတွေထဲမှာမှ အစိုးရ ကတိကဝတ်တွေကို ထိန်းကျောင်းတဲ့ ကော်မတီတွေကို ကျနော်တို့ ပါတီကနေ စာတင်ပြီး တိုင်ဖို့ ရှိပါတယ်။ အစိုးရက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်လို့ ဘယ်လိုခန့်ထားမလဲ။ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ ကတိက ရှိတယ်။ အဲဒါက အစိုးရက ပေးတဲ့ ကတိပါ။ အဲဒီကတိကို မထိန်းသိမ်းဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ခန့်ထားတယ်။ အဲဒီကိစ္စလိုဟာမျိုးကတော့ အထူးတလည် ကန့်ကွက်စရာပေါ့ဗျာ။ အဲတော့ ကန့်ကွက်စရာ တခုနဲ့ ထောက်ခံစရာတခုကို နမူနာပေးပါတယ်။ ထောက်ခံစရာကတော့ နမူနာမဟုတ်ဘူးဗျာ တခုပဲ ရှိတာကို။ ကန့်ကွက်စရာတွေကတော့ အခြားဟာတွေ ရှိတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်တို့ ဘာတို့ ပြည်တွင်းဂျာနယ်တွေရဲ့ ရေးသားနိုင်စွမ်းတွေကို တိုးမြင့်လာနိုင်စွမ်း မရှိဘူး။
ဦးခင်မောင်ဆွေ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
နားဆင်ရန်
100 GOV-4-U KHIN MG SWE by dvbradio
စစ်ပွဲ တွေ ဖြစ်ရင် ဘယ်သူကပဲ တိုက်တိုက် ဒါကို ကျနော်တို့ မလိုလားပါဘူး။ အပြီးတိုင် ရပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သေနတ်တချက်ဖောက်ရင် ပြည်တွင်းစစ်ဆိုတာ ဟိုဘက် ဒီဘက် ကျည်ဆန် နှစ်တောင့်ကုန်ပါတယ်။ ကျည်ဆန် နှစ်တောင့်ဆိုတာက ကျနော်တို့ သယံဇာတတွေကနေ ကျခံသုံးစွဲရတဲ့အတွက် တိုင်းပြည်အတွက် အင်မတန်မှ နစ်နာပါတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းစစ် ဖြစ်နေတဲ့ဟာတွေကို အပြီးတိုင်ရပ်စဲဖို့ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံကို ခေါ်ယူဆွေးနွေးတဲ့ ပြည်ထောင်စု တွေ့ဆုံပွဲကြီးတခု၊ အမျိုးသားတွေ့ဆုံပွဲကြီး တခုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ အစရှိတဲ့ ပါဝင်ပတ်သက်တာတွေ အားလုံးကို ပြည်ထောင်စု ညီလာခံကြီးတခု ခေါ်ပြီး ကတိကဝတ်တွေ ရအောင်ယူပြီးတော့ ငြိမ်းချမ်းရေးမြေပုံကို ချပြီးတော့ လျှောက်လှမ်းကြမယ်ဆိုရင် ကတိကဝတ် အာမခံချက်တွေ ရပြီးတဲ့အခါမှာ အားလုံးဟာ တညီတည်း သွားနိုင်တဲ့ အနေအထားရောက်အောင် ဆောင်ရွက်စေချင်တယ်လို့ ကျ နော်ကတော့ ယူဆပါတယ်။ ဆောင်ရွက်စေချင်တဲ့အတိုင်းပဲ နိုင်ငံတော် သမ္မတကြီးဆီကို ကျနော်တို့ တောင်းဆိုထားတဲ့၊ ပန်ကြားထားတဲ့ စာတွေလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။”
ကျော်ဝင်း
စာရေးဆရာ ပင်တိုင်ဆောင်းပါးရှင်
နားဆင်ရန်
100 GOV-5-SAYAR KYAW WIN by dvbradio
ရက် ၁၀၀ အတွင်းမှာ လုပ်ခဲ့တဲ့ သမ္မတ မိန့်ခွန်းနဲ့ ဆရာမြင့်တို့ ခေါင်းဆောင်တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆိုတာတွေရောပေါ့။ ဘာပဲ ဖြစ်ဖြစ် အကောင်းဘက် ဦးတည်နေတယ်လို့ပဲ ထင်ပါတယ်။ ဒါပေမယ့် အပြည့်အဝ အောင်မြင် မအောင်မြင် တော့ ကျနော်တယောက်တည်းကတော့ မပြောတတ်ဘူး။ အဲဒီတော့ အောင်မြင်ဖို့၊ မအောင်မြင်ဖို့ ဆိုတာ နိုင်ငံရေးဘက်ကလည်း လိုလိမ့်မယ်ပေါ့။ နောက် institution ဘက်ကလည်း လိုလိမ့်မယ် ထင်တယ်။ အဲဒါတွေဆိုတာကလည်း ရက် ၁၀၀ လောက်နဲ့ ဘယ်လိုမှ မကျော်နိုင်တဲ့ ပြဿနာပေါ့လေ။ အလားအလာ ဘယ်လို ဖြစ်မလဲဆိုတာ ကျနော်တဦးတည်း ပြောမယ်ဆိုရင် သိပ်မလုံလောက်ဘူးလို့ ထင်တယ်။ အခု အချိန်မှာ အကောင်းဘက် သယ်လာတယ်ဆိုတာလောက် ပြောနိုင်မယ်၊ ဘယ်လောက် အောင်မြင်မယ် မအောင်မြင်မယ်ဆိုတာ မပြောနိုင်ဘူး။ အဆိုးတွေလည်း သိပ်မမြင်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာ လုပ်သင့်လုပ်ထိုက်တာတွေ အများကြီးပဲကိုး။ ဘယ်ကစလုပ်ရမှန်း မသိလောက်အောင်ကို များနေတဲ့အချိန် ဘယ်အစိုးရ တက်တက် အခက်အခဲတော့ တော်တော်ကြီးလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းရဲ့ ဆိုးမွေတွေက အင်အားစုတိုင်းမှာ ရှိတာကိုး။ ဒါတွေကို ကျော်ဖို့က သိပ်လွယ်တာ မဟုတ်ဘူး။ အချိန်ကာလတခုကို စိတ်ရှည်လက်ရှည် သွားရမယ့်သဘော ရှိတယ်ထင်တယ်။
ပညာရေးကဏ္ဍ
ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန် ပြောကြားခဲ့တဲ့ ပထမဆုံးမိန့်ခွန်းထဲမှာတော့ တက္ကသိုလ်တွေနဲ့ ကျောင်းတွေရဲ့ အရည်အသွေး မြင့်မားရေး၊ ပညာရေး ဝန်ထမ်းတွေရဲ့ အရည်အချင်းနဲ့ လူမှုစီးပွားဘဝ မြင့်မားရေး၊ ကျောင်းနေမှုနှုန်း မြင့်မားရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အိုင်အင်န်ဂျီအိုတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် ပညာသင်ထောက်ပံ့ကြေးစနစ်နဲ့ ပြည်ပမှာ ပညာတော်သင်ဆုများရရှိရေးတွေကို ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။ ဒီလို ကတိပြုပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်ရဲ့ သက်တမ်း ရက်ပေါင်း တရာအတွင်း အစိုးရသစ်ရဲ့ ပြည်ထောင်စုပညာရေးဝန်ကြီးဌာနရဲ့ အကောင်အထည် ဖော်ဆောင်မှုတွေအပေါ် …
ဒေါက်တာခင်မောင်ညို
စာရေးဆရာ အယ်ဒီတာ (အငြိမ်းစား ကထိက)
နားဆင်ရန်
100 GOV-6-DR KHIN MG NYO by dvbradio
ကျူရှင်မ ပေးရဘူးလို့ ဆရာမတွေကို ပြောပေမယ့်၊ ကျောင်းအုပ်ကြီးတွေ ပိုက်ဆံ မကောက်ရဘူးလို့ ပြောပေမယ့် ဒီကျောင်းကို run ဖို့အတွက် ဘာတွေလုပ်ရမယ့် ဆရာမတွေကို ဘာတွေ လုပ်ပေးရမယ်။ ညွှန်ကြားချက် မရှိဘူး။ လုပ်သမျှဟာ ဆရာ၊ ဆရာမတွေကို ဂုဏ်သိက္ခာကျအောင် လုပ်သလို ဖြစ်နေတော့ ကျနော်တို့ အချင်းချင်း ညီညွတ်မှုတွေ အားနည်းသွားတယ်။ တယောက်နဲ့ တယောက် ယုံကြည်မှု အားနည်းသွားတယ်။ အန်ဂျီအိုလည်း မသိမသာလေးပဲ။ အရမ်းအားပေးတာ မဟုတ်ဘူး။ သူ့ရဲ့ အာဏာတွေ လျော့သွားမှာစိုးလို့ အားမပေးတာ ရှိတယ်။ ဥပမာ စင်ကာပူမှာဆိုရင် မစ္စတာဟန်း ပေါ့ဗျာ။ တက်လာတာနဲ့ ကျောင်းအုပ်ကြီးတွေဆီကနေ ဘာတွေလဲ ဆိုတာကို ဘာတွေဖြစ်နေလဲဆိုတာ အကြောင်းအရာတွေကို အီးမေလ်နဲ့ လှမ်းပြီး တောင်းလိုက်တယ်။ တောင်းပြီးတော့ ကျောင်းတွေမှာ ဖြစ်တဲ့ဟာတွေကို အကုန်လုံးကို သိတယ်။ ဆရာဆရာမတွေကလည်း ဝန်ကြီးဆီကို ပို့တယ်။ ကျောင်းသားမိဘတွေကလည်း ဝန်ကြီးဆီ ပို့တယ်ဆိုတော့ အားလုံး တခုနဲ့တခု အချိတ်အဆက်မိပြီးတော့ အဆင်ပြေစရာ အကြောင်းရှိတာပေါ့။ ကျနော်တို့ ဝန်ကြီးက ဘုရားရွှေချပြီးတော့ ဒီအတိုင်းနေရင် သတင်းစာအဖုံးမှာ တွေ့တာလေးပါ။ အဲလောက်နဲ့ မရဘူး။ သူက ကွင်းဆင်းပြီး အကုန်လုံး လုပ်သင့်တယ်လို့ ကျနော်ထင်တယ်။ လုပ်နည်းလုပ်ဟန် မမှန်ရင်တော့ ဘာပဲဖြစ်ဖြစ်ပေါ့။ ဥပမာ မန္တလေးသွားချင်ရင် မြောက်ဘက်ကို သွားမှ ရမှာပေါ့။ တောင်ဘက်သွားရင် မော်လမြိုင်ပဲ ရောက်မှာပေါ့။ သွားတဲ့လမ်းက မှန်အောင်တော့ အရင်တည့်ပေးရမှာပေါ့။ လမ်းမတည့်လို့ကတော့ ရက် ၁၀၀ သွားသွား၊ ရက် ၁၀၀၀ သွားသွား ထူးမှာတော့ မဟုတ်ဘူး။
စာနယ်ဇင်းကဏ္ဍ
သမ္မတသစ် ဦးသိန်းစိန်ဖြစ်လာတဲ့ ဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်းတွေ ထဲမှာ စာနယ်ဇင်းတွေရဲ့ ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အထူးအလေးထားဖို့နဲ့ ထည့်သွင်းပြောကြားခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ စာနယ်ဇင်း ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းမယ်ဆိုတဲ့ အချက်ကိုလည်း အလေးအနက်ထား ကတိပြုပြောကြားခဲ့ပါတယ်။
ဒါပေမယ့် လည်း အစိုးရသစ်ရဲ့ သဘောထားဟာ အရင်စစ်ကောင်စီခေတ်ကလို ထူးခြားတဲ့ပြောင်းလဲမှု မရှိဘူးဆိုတာ ထင်သာမြင်သာရှိရှိပြသနေတဲ့အချက်တချက်ကတော့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါတယ်လို့ ကြွေးကြော်နေတဲ့ အစိုးရကိုယ်တိုင် အစိုးရပိုင်မီဒီယာတွေမှာ သဘောထားမတူညီတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်ပအခြေစိုက်မီဒီယာတွေကို ဝေဖန်ထိုးနှက် တိုက်ခိုက်တဲ့ ဆောင်းပါးတွေအပါအဝင် ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေလည်း အခုအထိ ဖော်ပြနေဆဲဖြစ်နေတဲ့အချက်လို့ ဆိုရင်မှားနိုင်မယ် မထင်ပါဘူး။
ဒါပေမယ့် လည်း အစိုးရသက်တမ်း ရက်တရာသက်တမ်းအတွင်းမှာတော့ ထူးခြားမှုတခုအနေနဲ့ အမျိုးအစားအလိုက် စာနယ်ဇင်းတချို့ စာပေစိစစ်ရေးကို တင်ပြစရာမလိုတော့တဲ့ မူသစ်တချို့ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီလိုပြောင်းလဲလိုက်ဟာလည်း စာနယ်ဇင်းတွေကို နည်းလမ်းတမျိုးနဲ့ ထပ်မံထိန်းချုပ်လာတဲ့ သဘောဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း အများအပြား ရှိနေပါတယ်။ စာနယ်ဇင်းဥပဒေအချို့ကို ပြင်ဆင် ပြဋ္ဌာန်းမယ်လို့ ဆိုခဲ့ပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ဥပဒေမူကြမ်း ရေးဆွဲတဲ့အဆင့်ကိုတောင် ရောက်ရှိလာတာ မတွေ့ရသေးပါဘူး။ ဒီလို အစိုးရသစ်သက်တမ်း ရက် ၁၀၀ အတွင်းစာနယ်ဇင်းကဏ္ဍက အပြောင်းအလဲတွေအပေါ် . . .
ဦးကိုကို-စက်မှုတက္ကသိုလ်
အယ်ဒီတာချုပ် (ရန်ကုန်တိုင်းမ်နှင့် ဖလားဝါးနယူးဂျာနယ်)
အထွေထွေအတွင်းရေးမှူး (မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့)
နားဆင်ရန်
“ပြောင်းလဲမှု အနည်းအကျဉ်းလေးတွေတော့ တွေ့ရပါတယ်။ သို့သော် အဲဒီပြောင်းလဲမှု အနည်းကျဉ်းက သိပ်ပြီးတော့ သိသာသော ခံစားမှုမျိုးကို မပေးနိုင်သေးဘူးဗျ။ အားကစားလိုဟာမျိုး၊ ရုပ်ရှင်မင်းသမီးမင်းသားတွေပါတဲ့ ဖျော်ဖြေရေးလိုဟာမျိုးက ဘာမှ sensative သိပ်ဖြစ်တဲ့ (အထိမခံတဲ့) ကိစ္စမျိုး မဟုတ်ဘူးခင်ဗျ။ အဲဒီဟာမျိုးတွေ ပေးလိုက်တယ်ဆိုတာထက် တကယ့် တိုင်းပြည်အတွက် တကယ်အရေးကြီးတဲ့၊ တိုင်းပြည်အတွက် တကယ့်လိုအပ်နေတာတွေကို ကျနော်တို့ ရေးလို့ရမယ့် စီးပွားရေးလိုဟာမျိုး၊ ပညာရေးလို ဟာမျိုးပေါ့ဗျာ အဲဒါမျိုးကအစ ကျနော်တို့ ရေးသားခွင့်ရလာရင်တော့ အဲဒါက တကယ့် ပြောင်းလဲမှုကြီးတခုလို့တော့ ကျနော်ကတော့ မြင်တယ်။ လောလောဆယ်တော့ ဒီဟာလေး ၆ ခုလောက်ကတော့ ဘာမှမရှိတာထက် စာရင်တော့ ရှိလာတာကတော့ ကြိုဆိုရ မှာဖြစ်ပါတယ်။ သို့သော် တကယ့် ဒီမိုကရေစီနိုင်ငံ တနိုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့ စာပေဆိုင်ရာ၊ စတုတ္ထမဏ္ဍိုင် အခင်းအကျင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အများကြီးသွားဖို့ လိုမယ်။ ဒါကတော့ ကျနော်တို့ ပုဂ္ဂလိကမီဒီယာအပိုင်း။ နိုင်ငံတော်ပိုင် မီဒီယာအပိုင်းမှာလည်း သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေရဲ့ တင်ဆက်ပုံတွေက ယခုထက်စာရင် ပိုပြီးတော့ ပြောင်းလဲသင့်တယ်လို့ ကျနော်မြင်တယ်။ ရုပ်မြင်သံကြားသတင်း တင်ဆက်ထုတ်လွှင့်ပုံတွေ၊ သတင်းစာတွေရဲ့ တင်ဆက်ပုံတွေကလည်း ပြောင်းလဲလာဖို့ ကောင်းပြီလို့ ကျနော်မြင်တယ်။ ခြုံငုံပြီးပြောမယ်ဆိုရင်တော့ မီဒီယာလောကမှာတော့ ဒီ ရက် ၁၀၀ အတွင်းမှာ တချို့သော ပြုပြင်မှုလေးတွေတော့ စပြီး တော့ တွေ့တယ်။ သို့သော် ဒီမိုကရေစီနိုင်ငံ တနိုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့ မီဒီဒီယာတခုရဲ့ အခင်းအကျင်းတခုအနေနဲ့ နှိုင်းယှဉ်သုံးသပ်မယ်ဆိုရင်တော့ ကျနော်တို့ မီဒီယာလောက သွားရမယ့်ခရီးက အဝေးကြီး အရှည်ကြီး သွားဖို့တော့လိုဦးမယ်။ အခုက စာပေစိစစ်ရေးနဲ့ ပတ်သက်တဲ့ အရင်ရှိခဲ့တဲ့ ဥပဒေတွေကိုပဲ ပြန်လည် ကျင့်သုံးနေ တာဖြစ်တယ်။ အဲဒီတော့ ဒီဥပဒေတွေကို ပြန်လည်ပြုပြင်ဖို့ လိုမယ်။ တချို့နိုင်ငံတွေမှာလို ပရိုက်ဗိတ်မီဒီယာနဲ့ ပတ်သက်တဲ့ Law ပေါ့ဗျာ၊ ဥပဒေတခုကို ကျနော်တို့ ပြဌာန်းဖို့ လိုမယ်။ အဲဒီတော့ နှစ်ခုပေါ့၊ ကျနော် ပြောချင်တာကတော့ အခြေခံဥပဒေမှာ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတခု ထည့်သွင်းပေးရင် ကောင်းမယ်။ နောက်တခါ အားလုံးကို လက်တွေ့အသုံးချနိုင်ဖို့အတွက် တကယ့်လက်တွေ့ လုပ်ဖို့ မီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေတွေ ပေါ်လာမယ်ဆိုရင်တော့ အဲဒီဥပဒေတွေကလည်း ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် မီဒီယာပတ်ဝန်းကျင်ကို ရုပ်လုံးဖော်ပေး နိုင်တဲ့ ဥပဒေမျိုး ဖြစ်ဖို့တော့ လိုတာပေါ့။ အဲဒီလိုမျိုး ဥပဒေတွေကို ပြဌာန်းပေးမှသာလျှင် အဲဒီဥပဒေတွေအတိုင်း သွားပြီးတော့ ဆောင်ရွက်လို့ ရမှာဖြစ်ပါတယ်။ လောလောဆယ် တော့ အဲဒါတွေ မရှိသေးတဲ့အတွက်ကြောင့် အခုထက်ထိကတော့ အခြေအနေ အချိန်အခါ ပေါ်မှာ မူတည်ပြီးတော့ သွားနေရတဲ့ အနေအထားမျိုး ရှိပါသေးတယ်။
နိုင်ငံရေးအကျဉ်းသား
သမ္မတဖြစ်တဲ့ ဦးသိန်းစိန်က သူ့ရဲ့ ပထမဆုံးမိန့်ခွန်းထဲမှာပဲ လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အခြေခံဥပဒေနဲ့အညီ ကျင့်သုံးနိုင်ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေးလုပ်ငန်းဖြစ်လို့ အဓိကထား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လည်း မတူညီတဲ့အမြင်တွေ ရှိနေကြစေကာမူ မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာလို ဖြစ်နေတဲ့ အစိုးရနဲ့ အတိုက်အခံ ဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထားတွေ မထားကြဘဲ အမျိုးသားအကျိုးစီးပွားအတွက် တူညီတဲ့ လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီမိုကရေစီကျင့်စဉ်တွေနဲ့အညီ အပြန်အလှန်အလေးထား ဆက်ဆံကြဖို့ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပြန်ပါတယ်။ ဒီလို ပြောကြားခဲ့ပေမယ့်လည်း မြန်မာ့နိုင်ငံရေးရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဓိကကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စတွေကိုတော့ အစိုးရသစ်အနေနဲ့ အရင်စစ်အစိုးရ ပုံစံအတိုင်း ထုတ်ဖော်ပြောဆိုတာကို မတွေ့ရသေးသလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နေရာမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တာမျိုး မရှိသေးပါဘူး။
အစိုးရသစ်ဟာ အာဏာလွှဲပြောင်းယူပြီး မကြာခင်မှာပဲ မေလ (၁၆) ရက်နေ့မှာ အမိန့်ကြညာစာအမှတ် (၂၈/၂၀၁၁) နဲ့ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်တွေကိုတော့ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အနည်းငယ်သာပါဝင်ပြီး ပြစ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရသူအများစုနဲ့ လွတ်ရက်စေ့နေတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းပဲ ပါဝင်လာခဲ့ပါတယ်။ ဒီအပေါ်ကိုလည်း သမ္မတရဲ့ ပထမဆုံးလွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ပတ်သက်ပြီး အတိုက်အခံနိုင်ငံရေး အင်အားစုတွေ အပြင်းအထန် ဝေဖန်နေကြတဲ့အချိန်မှာပဲ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာနေဇင်လတ်က ဒီလွတ်ငြိမ်းသာခွင့်ဟာ ပဏာမအဆင့်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပုဒ်မ ၂၀၄ မှာတော့ (က) နိုင်ငံတော်သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသလို (ခ) သမ္မတကပဲ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ထပ်မံမျှော်လင့်နေကြတဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံ ဒေသအနှံ့အပြားက အကျဉ်းထောင်တွေမှာ စစ်အစိုးရလက်ထက်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေဆဲဖြစ်ပြီး သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အင်အားစုတွေအပါအဝင် နိုင်ငံတကာက တောင်းဆိုနေပေမယ့်လည်း သက်တမ်း ရက် ၁၀၀ ကျော်တဲ့အထိ တစုံတရာ တိုးတက်မှုတော့ မရှိသေးပါဘူး။ ဒီအခြေအနေတွေအပေါ်…
ကိုဖြိုးမင်းသိန်း
၈၈ မျိုးဆက် နိုင်ငံအကျဉ်းသားဟောင်း
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု ဦးဆောင်ပြုလုပ်နေသူ
နားဆင်ရန်
100 GOV-8-KO PHYO MIN THEIN by dvbradio
အခု နေချိန်မှာ ပြောမယ်ဆိုရင် ရက်ပေါင်း ၁၀၀ ရှိသွားပြီ။ ဒီမိုကရေစီအစိုးရ သစ်တွေတိုင်းမှာ အစိုးရသစ်တရပ် ထွက်ပေါ်လာပြီဆိုရင် ရက်ပေါင်း ၁၀၀ အတွင်းမှာ သူတို့ ပြောထားတဲ့ မူဝါဒတွေ၊ ပေါ်လစီတွေ ဘယ်လိုရုပ်လုံးဖော်မလဲ ဆိုတာကို စောင့်ကြည့်ကြတဲ့သဘော ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ် အခု ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့အချိန်မှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပထမဆုံး မိန့်ခွန်းပေါ့။ ဒီမိန့်ခွန်းကို ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ မူဝါဒတွေ တွေ့ပါတယ်။ ဒါပေမယ့် လက်တွေ့အနေအထားရ အကောင်အထည်ဖော်မှု တွေကတော့ အတော်ကို အားနည်းနေတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ကိစ္စတွေကလည်း ပြဿနာထဲမှာ ပါပါတယ်။ အတိုက်အခံ အင်အားစုတွေကို အသိအမှတ်ပြုမယ်။ အတိုက်အခံ အင်အားစုတွေနဲ့ ပြေလည်အောင် ဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေပေါ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုအခြေအနေအထိ ဒီမိုကရေစီအင်အားစုတွေအပေါ်မှာ ထားရှိတယ်ဆိုတဲ့ စစ်အစိုးရရဲ့ သဘောထားက လက်ရှိ စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလာတဲ့ အစိုးရရဲ့ ဆောင်ရွက်မှုဟာ အားနည်းနေသေးတယ်လို့ ကျနော်ထင်တယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ လိုအပ်တယ်။ ဒီအခြေအနေဟာ မြန်မာ့နိုင်ငံရေးရဲ့ ကောင်းမြတ်တဲ့ ပထမခြေလှမ်း ဖြစ်လိမ့်မယ်။ အခုအခြေအနေထိကတော့ နဂိုအစိုးရဟောင်းရဲ့ ပုံသဏ္ဌာန်ထဲက မရုန်းထွက်နိုင်သေးဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့တော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စတွေကို ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာပါ။ ဒီအခြေအနေတွေကိုလည်း အရှိန်အဟုန်မြှင့် ကြိုးပမ်းသွားနိုင်ဖို့လည်း မြို့နယ်အလိုက်တွေမှာပါ ဆက်ပြီးတော့ ကြိုးပမ်းနေပါတယ်။ ဒီအပြင်ကို ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေဘက်က ညီညီညွတ်ညွတ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့အတွက် အခြေအနေအရပ်ရပ်တွေကို ဆက်လက်ကြိုးပမ်းဖို့အတွက် အစုအဖွဲ့တွေကို ပေါင်းပြီးတော့ ဘယ်လိုဆက်သွားကြမယ်ဆိုတာတွေကို ဆုံးဖြတ်မှာပါ။
source by : http://burmese.dvb.no