Thursday, October 14, 2010

ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာလအတွင်း ဒုတိယအကြိမ် လေဖိအားနည်းရပ်ဝန်း ဖြစ်ပြီ

၁၄-၁၀-၂၀၁၀ ရက်၊ နံနက်(၇း၃၀) နာရီအချိန် ထုတ်ပြန်ချက်

( ပုံကိုနှိပ်ပြီး အကြီးချဲ့ကြည့်ပါ...)



အောက်တိုဘာလအတွင်း ဒုတိယမုန်တိုင်း ဖြစ်ဖို့နီးနေပြီ။ (၁၂-၁၀-၂၀၁၀)ရက်နေ့ ကတည်းက MCCW က စောင့်ကြည့်(၁)အဖြစ် သတ်မှတ်ထားခဲ့တဲ့ လေထုမငြိမ်သက်မှုဟာ ကနေ့ (၁၄-၁၀-၂၀၁၀)ရက်နေ့ မနက်မှာတော့ လေဖိအားနည်းရပ်ဝန်း တစ်ခုအဖြစ် အားတွေ စုစည်းလာနေပြန်ပြီ ဖြစ်တယ်။ ဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာနေပြီး နောက်မကြာမီ (၂၄)နာရီအတွင်းမှာဘဲ မုန်တိုင်းငယ်တစ်လုံး ဖြစ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ဒီမုန်တိုင်းငယ်ဟာ အခု အောက်တိုဘာလအတွင်း ဒုတိယမြောက်မုန်တိုင်း ဖြစ်လာပြီး ၂၀၁၀ ခုနှစ်အတွက် တတိယမြောက် မုန်တိုင်းဖြစ်လာပါလိမ့်မယ်။ ဒီဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ဟာ ကနဦးအစမှာတော့ အနောက်မြောက်ဖက်ဆီကိုဘဲ သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် ဒီလို မိုးလွန်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အရှေ့မြောက် ဖက်ကို ပြန်ပြန်ကွေ့တတ်လို့ သတိထားရပါ့မယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ မုန်တိုင်းတွေရဲ့ ၄၆% ဟာ ဒီလိုမိုးလွန်ကာလတွေမှာဖြစ်တတ်လို့ မြန်မာနိုင်ငံအဖို့ မုန်တိုင်းအန္တရာယ်ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မိုးလွန်ကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းအရေအတွက်ဟာ မိုးလွန်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၈% သာရှိလို့ အလွန်အမင်း စိုးရိမ်(Panic) စရာတော့ မရှိကြောင်းပါဗျာ။ (အနည်းဆုံး လောလောဆယ်မှာပေါ့)။ လက်ရှိ လတ္တီတွဒ်အမြင့်အရ ဧရာဝတီတိုင်းကို လာဖို့ အခွင့်အရေး အလွန်နည်းပါတယ်။ လာမည့်အောက်တိုဘာလ နဲ့ နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်မှာ စာရင်းအင်း လေ့လာမှုအရ လည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များ လေ့လာမှုအဖြေအရ လည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများ ရှိနေတဲ့အတွက် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။

(Updated on 14 October 2010 at 07:45 MST)

source by : http://www.tunlwin.com