ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
သိုး။ ရုပ်ရည်ကြန်အင်ကို ကြည့်ကတည်းက တနေရာရာမှာ ထူးချွန်ကြောင်း သိသာထင်ရှားလှပါတယ် ခင်ဗျာ။ ဒါနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို မျက်နှာပြောင်တိုက်ပြီး အာဏာ ပြန်မပေးတာတော့ ဟုတ်ပါပြီ။ အဲဒီတုန်းက တပ်ချုပ်ကြီး ဗိုလ်စောမောင်ကို ဘာလို့ ဖြုတ်လိုက်ရတာတုန်းဗျ။
ချုပ်။ “ဟာ..ဒီကောင့်အကြောင်းတော့ မပြောနဲ့။ သိပ်ဆိုးတဲ့ကောင်၊ စစ်တပ်က စစ်တန်းလျားကို ပြန်မယ်တဲ့၊ ဒါ ပြောစရာလား၊ စစ်တပ်မှာ ပဲနဲ့ငါးပိဘဲ ရှိတယ်။ အရှည်မတွေးတတ်တဲ့ကောင်၊ ရူးနေပြီဆိုပြီး ဖြုတ်လိုက်တာဘဲ။ အခုဆို ငါ့ကို ကြည့်ပါလား၊ နောင်သားစဉ်မြေးဆက် စားလို့တောင် မကုန်နိုင်ဘူး။
သိုး။ ယုံပါတယ် တပ်ချုပ်ကြီးရယ်၊ ယုံပါတယ်၊ ဒါနဲ့ (၁၉၉၃) မှာ အမျိုးသားညီလာခံကြီးကို ထလုပ်တယ်နော်။ ဘာရည်ရွယ် ချက်နဲ့များလည်း ခင်ဗျာ။
ချုပ်။ သြော်..ဒါကတော့ ရှင်းပါတယ်ကွာ၊ (၁၉၉၀) ရွေးကောက်ပွဲကို အတည်မပြုဘူးလို့ မျက်နှာပြောင်တိုက် ကြေညာ လိုက်ရင် ငါတို့အတွက် အန္တရာယ်နဲနဲရှိတယ်ကွ။ ဒါကြောင့် ပြည်သူတွေကို သူတို့ကြားလေ့ကြားထမရှိတဲ့ အမျိုးသား ညီလာခံဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ နှာနှပ်လိုက်ရတာဗျို့။ ပြောရရင်တော့ မျှော်လင့်ချက်လေး ပေးလိုက်ရတာဘဲ၊ ရှင်းပလား။
စစ်အာဏာရှင်ကြီး ဗိုလ်သန်းရွှေ
သိုး။ ဟုတ်ကဲ့၊ ဒါကတော့ ရှင်းပါပြီ။ ဒါပေမဲ့ တပ်ချုပ်ကြီးတို့ စိတ်ကြိုက် ခေါင်းခေါက်ရွေးထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ကျင်းပတဲ့ အမျိုးသား ညီလာခံကြီးက ဘာလို့များ ဒီလောက် ကြာရှည်သွားရတာလည်းဗျာ။ ရှင်းပြပါဦး။
ချုပ်။ ဒါက ဒီလိုရှိတယ်ကွ။ တကယ်တမ်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ဆိုတာ ငါတို့လက်ထဲမှာဘဲ ရှိတယ်။ ငါတို့ကို ကန့်ကွက်မယ့် အတိုက်အခံပါတီတွေလည်း မပါဘူး။ တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း မပါဘူး။ တကယ်တမ်းသာ ဖွဲ့စည်းပုံ ရေးဆွဲမယ်ဆို တစ်လတောင် မကြာဘူး။ ဒါပေမဲ့ မြန်မြန်ကြီးပြီးရင် မြန်မြန်ကြီး လိမ်တာ ပေါ်သွားမယ်ကွာ။ အဲဒီကာလတွေတုန်းက ငါတို့အနေနဲ့ မြန်မာပြည်ကို အလုံးစုံ ချုပ်ကိုင်ဖို့ ဘာမှ မပြင်ဆင်ရသေးဘူးဗျ။ နောက်ဆုံး (၁၉၈၈) တုန်းက မြန်မာ့အသံကို စစ်တပ်က ၀င်သိမ်းတော့ ငါတို့စစ်တပ်ကကောင်တွေ ဘယ်လိုအသံလွှင့်ရမှန်း မသိခဲ့ဘူး။ အရပ်သား ပညာရှင်တွေကို မနဲခြိမ်းခြောက်ပြီး ပြန်ခေါ်ရတဲ့အထိ အကြပ်ရိုက်တာတွေ ရှိခဲ့တယ်လေ။ ဒါကြောင့် တပ်ပိုင် မြ၀တီရုပ်သံကို အရေးပေါ် တည်ထောင်ရတာဗျို့။ ဒီလိုမျိုးတွေပေါ့ကွာ။ အဲဒီတုန်းက ငါတို့မှာ အာဏာဆုပ်ကိုင်ရေးသာ သိတာ၊ နိုင်ငံတစ်ခုရဲ့ လှုပ်ရှားလည်ပတ်မှု ယန္တရားကို ဘာတစ်ခုမှ မသိဘူးကွ။ အဲဒီလို အနေအထားမျိုးမှာ ညီလာခံကြီးသာ ပြီးလိုက်လို့ကတော့ သွားပြီ။ တတိုင်းပြည်လုံး ဆူပွက်သွားလိမ့်မယ်၊ ငါတို့လည်း သေပြီ။
သိုး။ ဒါဆို ဘယ်လိုအချိန်မျိုးမှာမှ ညီလာခံကြီးကို ပြီးဖို့ စိတ်ကူးခဲ့လဲ။
ချုပ်။ ဒါကတော့ ပြောရခက်တယ်ကွ။ ယေဘုယျအားဖြင့်တော့ ငါတို့က တစ်ပြည်လုံးကို ချုပ်ကိုင်မိတဲ့အချိန်၊ ဒါမှမဟုတ် (၁၉၈၈) တုန်းက လှုပ်ရှားတက်ကြွခဲ့တဲ့ မျိုးဆက်တွေ စိတ်ပုတီးကိုင်ပြီး တရားဘောင်ဝင်တဲ့ အချိန်မျိုးတွေမှာ ပြီးမယ်ဆို ပြီးလို့ရပါတယ်။
သိုး။ တစ်ပြည်လုံးကို ဆုပ်ကိုင်ဖို့ ဘယ်လိုအစီအစဉ်တွေများ ဆွဲခဲ့လဲဗျာ။ ပွင့်ပွင့်လင်းလင်းပေါ့။
ချုပ်။ ဒါက ဒီလိုရှိတယ်ကွ။ ငါတို့ မတရား လုပ်တာကို သိနိုင်တာ၊ ဒုက္ခပေးနိုင်တာက အတွင်းစည်းရယ် အပြင်စည်းရယ် နှစ်ခုဘဲရှိတယ်ကွ။ အတွင်းစည်း ဆိုတာကတော့ ပြည်တွင်းက ပြည်သူလူထု အုံကြွမှုပေါ့ကွာ။ အပြင်စည်းကတော့ နိုင်ငံတကာပေါ့။ အထူးသဖြင့် ငပွကြီး အမေရိကန်။ ကျုပ်တို့က သူ့ကို သိပ်ကြောက်တာ၊ ရွံ့ကြောက်ကြီးပေါ့။ ပေါ်တင်လည်း မပြောရဲတော့ ဒီအမေရိကန်ကြီး ဘယ်နိုင်ငံမှာ စစ်ဖြစ်တယ်၊ အမေရိကန် ဘယ်နှစ်ယောက် သေတယ်ဆိုရင် ငါတို့က သိပ်ပျော်တာ။ ငါတို့ရဲ့ အသံလွှင့်ဌာနတွေ မှာလည်း အမေရိကန်တွေသေရင် ဦးစားပေး သတင်းဘဲ။ အကြမ်းဖက် တွေဘက်က သေရင်တော့ အသာဖွက်ထားရတယ်။ အကြမ်းဖက်သမားတွေ စိတ်ဓါတ်ကျမှာ စိုးလို့။ ကိုယ်ချင်းစာတယ်လေကွာ။ အဲဒီတော့ အပြင်စည်းကို ကာကွယ်ဖို့ရာ မြောက်ပိုင်းက ပေါက်ဖော်ကြီးကို ပြေးဖားရတယ်။ သူက ဗီတိုအာဏာကိုင်ထားတယ် မဟုတ်လား။ ပြီးတော့ ကွန်မြူနစ်ဝါဒကို လက်ခုပ်တီး သလိုလိုနဲ့ ရုရှားကိုလည်း ပြေးကပ်ရသေးတယ်။
တကယ်တော့ ငါတို့က ဘာစနစ်မှ နားမလည်ဘူးကွ။ ကွန်မြူနစ်၊ ဆိုရှယ်လစ် ဘာတစ်ခုမှကို မသိဘူး။ ကမ္ဘာမှာ ပေါ်ပင်ဖြစ်တဲ့ဟာ လုပ်လိုက်ရတာဘဲ။ ဒီမိုကရေစီစနစ်ဆိုတာ ဝေလာဝေး။ ဘာမှ မသိဘူး။ ငါတို့သိတာက အာဏာရှင်စနစ်။ ဒါပေမဲ့ ခက်တာက အဲဒီစနစ်ကြီးက ကမ္ဘာမှာ မသုံးတော့ဘူးကွ။ မူဆိုလီနီနဲ့ ဟစ်တလာတို့ကို သိပ်သတိရတယ် ကွာ။ သူတို့သာ ရှိနေရင် ငါတို့ခေတ်ကြီးပေါ့ကွာ။ နောက်ပြီး တရုတ်နဲ့ ရုရှားတို့တင်ပြီးလား ဆိုတော့ မရသေးဘူးကွ။ အာဆီယံဆိုတဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေကိုပါ ပြေးဖားရသေးတယ်။ တော်သေးတယ်ကွ။ သူတို့ကြိုက်တဲ့ ရေနံတွေ၊ သစ်တွေ၊ သဘာဝဓါတ်ငွေ့တွေက မြန်မာပြည်ကြီးမှာ အပေါသား။ ငါတို့ စစ်အာဏာရှင်တစ်စုအတွက် တော့ ဆယ်သက် စားမကုန်တဲ့အပြင် ခုနက ပြောတဲ့ နိုင်ငံတွေကိုပါ ပိုးကြေးပန်းကြေး ပေးလို့ရသေးတယ်။
သိုး။ ကြားဖြတ်လေး မေးပါရစေခင်ဗျာ၊ ပြည်သူတွေ ဘာများစားရပါသလဲ။
ချုပ်။ အင်း… ဒါကတော့ ပြည်သူတွေအတွက် ရိုးနေပါပြီကွာ။ အခုလည်း တော်တော်များများ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေကြတာဘဲ။ ငါတို့ရဲ့ ပိုးကြေးပန်းကြေးနဲ့ ပြည်ပ နိုင်ငံတွေ တိုးတက်ရင် ငါတို့ မြန်မာပြည်သူတွေလည်း နိုင်ငံခြားမှာ အလုပ်အကိုင် ကောင်းတာပေါ့။ သွယ်ဝိုက်ပြီးတော့ အလုပ်အကိုင်ကောင်းတွေ ရှာဖွေပေးနေတာမို့ ငါတို့ကို ကျေးဇူးတင်မယ်ဆို တင်ထိုက်ပါတယ်ကွ။
သိုး။ ဟုတ်တာပေါ့၊ ကျေးဇူးတင်သင့်တာပေါ့။ ဒါနဲ့ ခုနက စကားလေး ပြန်ဆက်ပါဦး။
ချုပ်။ ကောင်လေး…မင်းက ငယ်တော့ စကားတွေ ပြောနိုင်ပေမဲ့ ငါကတော့ မောပြီဟ၊ မနက်ဖြန် ဒီအချိန်ပြန်လာခဲ့၊ ငါလည်း ပြောချင်နေတာ၊ အခုတော့ မောပြီ၊ ခေတ္တ နားစို့။
ဟု တပ်ချုပ်ကြီးက ပြောပြီး ကျွန်တော်တို့ရဲ့ အင်တာဗျူးလေးကို ယာယီ ရပ်ဆိုင်းလိုက်ရပါသည်။ တပ်ချုပ်ကြီး ပုံစံကလည်း အတော်ကို မောဟိုက်နေတဲ့ပုံမို့ ဆက်မေးရမှာ လည်း အားနာလှသည်။ ထို့ကြောင့် ယခု အင်တာဗျူးအား ပထမပိုင်းအဖြစ် ခေတ္တရပ်နား လိုက်ရပါတော့သည်။
source by : http://www.photayokeking.org