Wednesday, July 22, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ခွင့်ပယ်ချခံရ

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ခွင့်ပယ်ချခံရ

မင်းနိုင်သူ / ၂၂ ဇူလိုင် ၂၀၀၉

အပြီးသတ်လျှောက်လဲချက်မူကြမ်းထပ်မံတင်ပြရန် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံရန်ရှိသည်ကို ထောင်အာဏာပိုင်များက တွေ့ဆုံခွင့် ပယ်ချခဲ့ကြောင်း အန်အယ်လ်ဒီပါတီမှ ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

“ဒီလိုတွေ့ခွင့်မပေးတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုခံချေပခွင့်ကို အပြည့်အ၀မပေးဘဲနဲ့ ကန့်သတ်လိုက်တာပါပဲ” ဟု ဦးဉာဏ်ဝင်းက မှတ်ချက်ပြုသည်။

အမေရိကန်နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ၀င်ရောက်ခဲ့ခြင်းအပေါ် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် အထူးတရားရုံး၌ တရားစွဲဆိုခဲ့ပြီး ဇူလိုင် (၂၄) ရက်တွင် တရားခွင်၌ နှစ်ဘက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်ပေးရန် ရုံးချိန်းပေးခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ရှေ့နေများဖြင့် နှစ်ကြိမ်သာ တွေ့ခွင့်ရခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက “အပြီးသတ်လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ကြိမ်ပဲ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဇူလိုင် (၁၇) ရက်နေ့နဲ့ ဇူလိုင်(၂၀) ရက်နေ့တွေပါ။ နောက်ထပ် ဒီနေ့ထပ်တွေ့ခွင့်ရဖို့ တောင်းထားတာကို မနေ့ညကပဲ ထောင်အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်” ဟု ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံခွင့်မပြုနိုင်သည်ကို ထောင်အာဏာပိုင်များဘက်က အကြောင်းပြချက်တစုံတရာ မပေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ အပြီးသတ်လျှောက်လဲချက်အတွက် နှစ်ကြိမ်ညှိနိုင်းစဉ်က ပြင်ဆင်ဖြည့်စွက်မှုများစွာ ပြုလုပ်ခဲ့ရသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ပြင်ဆင်ဖြည့်စွက်ရတာတွေ အများကြီးပါပဲ။ ဒီဟာတွေကတော့ ရုံးတင်ရမယ့် ကိစ္စတွေမို့ မပြောပါရစေနဲ့။ ဒေါ်အောင်ဆန်းစုကြည် က ဒီအမှုအပေါ်မှာအမြင်၊ တရားခွင်အပေါ်သူ့အမြင်တွေကို ပြောပြတယ်။ အဲဒါတွေကို ကျနော်တို့က ဥပဒေကြောင်းနဲ့အညီ ပြင်ဆင်ရေးသားရပါတယ်။ ပြင်ဆင်ရေးသားပြီးတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ဆင်ထားတာတွေဟာ သူပြောလိုတဲ့အတိုင်း ဟုတ်မဟုတ် အတည်ပြုမှု ရယူဖို့လိုပါတယ်။ အခုဟာတော့ အတည်ပြုချက် မရယူနိုင်တော့တဲ့ အခြေအနေ ဖြစ်သွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရှေ့နေများအနေဖြင့် အပြီးသတ်လျှောက်လဲချက်အတွက် စာမျက်နှာ (၂၅) မျက်နှာရှိ လျှောက်လဲချက်မူကြမ်း ရေးသားထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံတင်ပြ အတည်ပြုခွင့်မရတော့ပေ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။