Monday, July 20, 2009

မမေ့ထက်နိုင်တဲ့ အာဇာနည်နေ့...။

မမေ့ထက်နိုင်တဲ့ အာဇာနည်နေ့...။




(၆၂)နှစ်မြောက် အာဇာနည်နေ့ အခန်းအနားကို အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့မှာ ဇူလိုင် (၁၉)ရက်နေ့ တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီအခန်းအနားကို အော်ရီဂွန်ပြည်နယ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကော်မတီနဲ့ အာဇာနည်နေ့ကို အလေးထား တန်ဘိုးထားကြတဲ့ တိုင်းရင်းသားညီအကိုများ စုပေါင်း ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ အခန်းအနားမှာ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်ထွန်းထွန်း၊ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အဖိုးဦးအုံးတင်၊ အာဇာနည်ဆိုတဲ့ အကြောင်းကို ရဲဘော်သန်းဝင်း(မကဒတရဲဘော်ဟောင်း)၊ မျိုးဆက်သစ်များရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အမြင်ကို ရဲဘော်ပါပေါင်း(ဇိုမီးအမျိုးသားကွန်ဂရက်)၊ အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ဂုဏ်ပြုကဗျာကို ရဲဘော်လှစိုး(မကဒတရဲဘော်ဟောင်း) တို့မှ အသီးသီး ပြောကြား၊ရွတ်ဖတ် သွားကြပါတယ်။

ဆက်လက်ပြီး ခရစ်ယန်ဘာသာနဲ့ အစ္စလမ်ဘာသာတို့မှအာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူး ဆုတောင်းမေတ္တာပို့သကြပြီး သီရိမင်္ဂလာကျောင်းဆရာတော်မှ အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တဲ့ ဩဝါဒစကားနဲ့ ရေစက်ချတရားတော် ဟောကြားခြင်းတို့ကို ပြုလုပ်ပေးပါတယ်။ ဆက်လက်ပြီး ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လျှူဒါန်းကြပြီး အခန်းအနားကို တက်ရောက်လာသော မြန်မာနိုင်ငံသား(၁၀၀)ကျော်ကိုလဲ နေ့လည်စာ ထမင်း နဲ့တည်ခင်း ဧည့်ခံခဲ့ကြပါတယ်။

ဒီအခန်းအနား ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို ရဲဘော်ထွန်းထွန်း မှ ရှင်းပြရာမှာ “ဒီကနေ့ တိုင်းပြည်အာဏာကို မတရားရယူထားတဲ့ နအဖစစ်အုပ်စုဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သမိုင်းတွေကို ဖျောက်ဖျက်ဘို့ စနစ်တကျ ကြိုးပမ်းနေတဲ့အချိန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တန်ဘိုးနဲ့ သမိုင်းကို ရောက်တဲ့အရပ်မှာ ဖေါ်ထုတ်ရမှာက မြန်မာနိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်လို့ ဒီအခန်းအနားကို စီစဉ်ကျင်းပရတာပါ” လို့ပြောကြားသွား ပါတယ်။