Thursday, July 23, 2009

ပအိုဝ်းဒေသမှာ မြန်မာစစ်အစိုးရတပ်က ရွာသူကြီးနဲ့ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်မှု ပြုလုပ်နေ

ပအိုဝ်းဒေသမှာ မြန်မာစစ်အစိုးရတပ်က ရွာသူကြီးနဲ့ ရွာသားတွေကို
ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်မှု ပြုလုပ်နေ


ဗွီအိုအေ အပတ်စဉ်ကဏ္ဍ တိုင်းရင်းသားသတင်းလွှာ

ဇူလိုင် ၂၃၊ ၂၀၀၉


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်နဲ့မောက်မယ်မြို့နယ်မှာရှိတဲ့ ကျေးရွာက ရွာသားတွေကို မြန်မာစစ်အစိုးရတပ်က ဖမ်းဆီး၊ ရွာသူကြီးတွေကိုလည်း နှိပ်စက်မှုတွေရှိနေပါတယ်။ ဘယ်လိုတွေ ဖြစ်ပျက်တယ်။ ဘာကြောင့်အခုလို ဖြစ်နေတယ်ဆိုတာ တိုင်းရင်းသတင်းလွှာက ခွန်အောင်မြတ်က စုစည်းတင်ပြထားပါတယ်။

--- ---- ---- ---- ---
မောက်မယ်မြို့နယ် မဲုင်းစပ်လို့ ခေါ်တဲ့ ကျွန်းသစ်ရွာက ရွာသူကြီးခွန်ဒီးလယ်ကို မြန်မာစစ်တပ်က ဇွန်လကုန်ပိုင်းမှာ ဖမ်းဆီးပြီး သောင်းကျန်းသူ ရှိရာကို လမ်းညွှန်ပြဖို့ ခေါ်သွားတဲ့အချိန် လမ်းမှာတိုက်ပွဲဖြစ်လို့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ရွာသူကြီး က ပအိုဝ်းဘာသာနဲ့ ပြောပြပါတယ်။

ကျနော့်ကို လက်ပြန်ကြိုးတုပ်ထားပြီး ထင်းပိုင်းနဲ့တီးတာ ခြောက်ချက်၊ ထင်းပိုင်းကတည်း တော်တော်ကြီးတယ်၊ ကျနော့်ကို ခြောက်ချက်တီးတာ။ ဓားမြှောင်နဲ့ လှီးတာ သုံးချက်။ အဲလို လုပ်တယ်။ ကျနော်ကို နှိပ်စက်တာလည်း အဲလိုပဲ။ ရွာသားကို ဖမ်းတာလည်း အဲလိုပဲ။ တိုက်ပွဲ တာ မဖြစ်ရင် ကျနော် သေမှာ သေချာတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်လို့ ကျနော် ကံကောင်း တယ်လို့ ပြောရမှာပေါ့။

အဲဒီကျေးရွာတွေက တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ အမာခံတွေ ဖြစ်ပြီး သူပုန်တွေရဲ့ သတင်း ပေးပို့ဖို့ ပျက်ကွက်တာကြောင့်အခုလို ဖမ်းဆီးခဲ့တာလို့ မြန်မာအစိုးရက ရွာသားတွေကို ပြောပါတယ်။

ဆီဆိုင်မြို့နယ် ဗန်းမပ်က်ကျေးရွာအုပ်စုက ရွာသူကြီး ခြောက်ဦး ကိုလည်း မြန်မာစစ် တပ်က ဇွန်လဆန်းပိုင်းက နောင်ထောင်ဝ်ကို ခေါ်ဆောင်သွားမယ်လို့ ပြောပြီး လမ်းတ၀က်တွင် သတ်လိုက်သလို ဟိုနမ်းကျေးရွာအုပ်စုက ရွာသူကြီးနဲ့ လွယ်ဆမ်ဆစ်ပ် ရွာသူကြီးကိုလည်း အလားတူ ပစ်သတ်ခဲ့ပါတယ်။

ကရင်နဲ့ ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့တွေ ပူးပေါင်းစစ်ဆင်ရေးမှာ မြန်မာစစ်တပ်ဖက်က အထိနာခဲ့ပြီးတဲ့နောက် အခုလို ရွာသားတွေ အပေါ် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လာခဲ့တာပါ။

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ပီအဲန်အယ်လ်အေ) တပ်ခွဲမှူး ဗိုလ်မှူးအောင်ဒင် ကတော့ သူတို့ အနေနဲ့ ကျေးရွာ လူထုတွေ ထိခိုက်နစ်နာမှု မရှိအောင် အတတ်နိုင်ဆုံး လုပ်ဆောင်မယ်လို့ ပြောပါတယ်။

သူတို့အတင်းလှုပ်ရှားလာရင်တော့ ကျနော်တို့ကတော့ လူထုကို ကာကွယ်ပေးတဲ့အနေနဲ့ ကျနော်တို့ ဆက်ပြီး လုပ်သွားရမှာပဲ။ လူထုတွေရဲ့ အခြေအနေကတော့ တော်တော် ထိတ်လှန့် နေကြရတာပါပဲ။ ထိုးစစ်ဆင်နေတာက နှစ်လလောက် ရှိပြီပေါ့။

ဒေသခံလူထုတွေ ဒီလို ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ အပေါ် အဲဒီဒေသမှာရှိတဲ့ အပစ်ရပ် ပအိုဝ်းအဖွဲ့အစည်းတွေက ကာကွယ်ပေးသွားဖို့ တာဝန်ရှိတယ်လို့ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

တကယ်တာဝန်ရှိတာကတော့ ပအိုဝ်းအဖွဲ့အစည်းတွေမှာ တာဝန်ရှိတာပေါ့။ ဘာကြောင့်လဲဆို တော့ ဒီနအဖတပ်တွေအနေနဲ့ ဒီလိုမလုပ်တာ တော်တော်တော့ကြာပြီ။ နယ်မှာ လွတ်ထား တာ။ သို့သော်လည်းပဲ ဒီဘက်က ခွန်သူရိန်တို့တပ်က တခါ တခြားမဟာမိတ်နဲ့တွဲပြီးတော့ ၀င်တာရှိတယ်။ တဘက်ကလည်းပဲ ဦးအောင်ခမ်းထီရဲ့တပ်ကလည်းပဲ အလုပ်မလုပ်ဘူး။ လိုအပ်တဲ့ အပြစ်မဲ့ရွာသားတွေကို ကာကွယ်ပေးတဲ့ အလုပ် မလုပ်တဲ့အခါကျတော့ အဲဒီနှစ်ခု ကြားမှာ နအဖက အခွင့်ကောင်းယူပြီးတော့ ကျေးရွာလူထုကို နှိပ်စက်တယ်လို့ ထင်တယ်ဗျ။

နောက်ဆုံး ရရှိတဲ့ သတင်းကတော့ မြန်မာစစ်အစိုးရတပ်က အဲဒီဒေသက ကျေးရွာသားတွေကို ဆီဆိုင်ဈေးမှာ ဆင်းဝယ်ခွင့်မပေးတာကြောင့် ကျေးရွာသားတွေ ခြံထွက် အသီးအနှံတွေပဲ စားသောက် နေကြရပြီး စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နေရပါတယ်ခင်ဗျား။


မှတ်ချက် ။ ။ http://taunggyitime.blogspot.com မှ ကူးယူ မျှဝေပါသည်။