Saturday, June 6, 2009

NLD အဖွဲ့ ခေါ်ယူသတိပေးခံရ

NLD အဖွဲ့ ခေါ်ယူသတိပေးခံရ


Saturday, 06 June 2009 19:58 ကိုစိုး

စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တာဝန်ခံများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များကို ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရသည့်အမှု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အီလက်ထရွန်နစ် အက်ဥပဒေ အပါအဝင် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ငြိစွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ယူသတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့က ဇွန် ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်သည် အင်တာနက် ဝက်(ဘ်) ဆိုက်များတွင် ခွင့်ပြုချက်မရှိဘဲ ဖော်ပြပါရှိသည့်အတွက် အီလက်ထရွန်နစ် အက်ဥပဒေ ၃၃(က) အပါအဝင် ပုံနှိပ် ထုတ်ဝေခွင့်မရှိဘဲ အများပြည်သူလက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်အတွက် ပုံနှိပ်ထုတ်ဝေ သူများ မှတ်ပုံတင်ဥပဒေတို့နှင့် ငြိစွန်းကြောင်းကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကမူ“ကျနော် သိသလောက် အီလက်ထရွန်နစ် ဥပဒေက နိုင်ငံတကာက သိနိုင်အောင် အင်တာနက်မှာ ဖော်ပြတာ၊ ဒီကိစ္စဟာ လူငယ်တွေ ကျူးလွန်ချင်မှ ကျူးလွန်မယ်၊ အစိုးရက လုပ် ချင် လုပ်မှာ ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း အီလက်ထရွန်နစ် ဥပဒေသည် စစ်အစိုးရက ယမန်နှစ်တွင် ထင်ရှားသည့် ၈၈ မျိးဆက်ကျောင်းသား ခေါင်း ဆောင် ကိုမင်းကိုနိုင်၊ လူရွှင်တော် ဇာဂနာ၊ လူငယ် ဘလော့ဂါ နေဘုန်းလတ် ၊ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတပါးဖြစ်သည့် အရှင်ဘမ္ဘီရ စသည့် နိုင်ငံရေး လှုပ်ရှားသူများနှင့် နာဂစ် ဒုက္ခသည်များ ကူညီကယ်ဆယ် ရေး လုပ်သူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ရာတွင် ထည့်သွင်းစွဲဆိုသည့် ဥပဒေ ပုဒ်မ တခုဖြစ်သည်။

သတင်းစာတွင် အဆိုပါကြေညာချက်ကို ဇွန်လ ၃ ရက်နေ့က Niknayman အင်တာနက် ဝက်(ဘ်)ဆိုက် အပါ အဝင် တခြားသော အင်တာနက်စာမျက်နှာများတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရသည်ဟုလည်း ရေးသားထား သည်။

၎င်းကြေညာချက်နှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုတို့ကို ထိပါးစေနိုင်သည့် ရေးသားဖော်ပြချက်များပါရှိ၍ တည်ဆဲ ဥပဒေများနှင့် မညီညွတ်ဟုဆိုကာ NLD လူငယ်တာဝန်ခံများနှင့် CEC အဖွဲ့ကို စစ်အာဏာပိုင်များက ၂ ရက်ဆက်၍ ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်သည်။

ကြေညာချက်တွင်ပါရှိသော အများပြည်သူကြားနာခွင့်မရဟူသော အကြောင်း ပြချက်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများကို စစ် အစိုးရက ငြင်းပယ်နေသည် ဟူသော အချက်၊ ဒေါ်အောင်ဆန်းစုကြည်အမှုကို စစ်ဆေးကြားနာရာတွင် ဥပဒေ က ပေးထားသော ခုခံ ချေပ ပိုင်ခွင့် အပြည့်အဝ မရရှိဟူသောအချက်၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ် ပြီးဖြစ်သည်ဟူသော ပြောဆိုချက်များအပေါ်တွင် ရှင်းလင်းသတိပေးခြင်းဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

ယခုကြေညာချက်ပါဖော်ပြချက်များသည် ဥပဒေနှင့်အညီဆောင်ရွက်နေသည့်အပေါ် လိုရာဆွဲရေးသား ထုတ်ပြန် သည့်အတွက် တရားရုံးကို အနှောင့်အယှက်ပြုခြင်း၊ တည်ဆဲ ဥပဒေကို အနှောင့်အယှက်ပြုခြင်း၊ အမှန်တရားကို မျက်ကွယ်ပြု၍ အများပြည်သူ အထင်အမြင်လွဲစေရန်နှင့် ဆူပူ ဆန္ဒပြမှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်သည့် လုပ်ရပ်များသာ ဖြစ်သည်ဟုလည်း သတင်းစာတွင် ပါရှိသည်။

ယင်းသတိပေးချက်ကို ဇွန်လ ၅ ရက်နေ့က NLD CEC ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးစိုးမြင့် တို့အဖွဲ့အား ရန်ကုန်တိုင်း တိုင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း၊ တိုင်း ဥပဒေအရာရှိ ဦးဇေယျ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်တို့က ခေါ်ယူ သတိပေးကြောင်း၊ ဇွန်လ ၅ ရက်နေ့တွင်ပင် NLD လူငယ်တာဝန်ခံများဖြစ်သော ဦးမျိုးညွန့်၊ ဦးလှဦး၊ ဦးအေးထွန်းတို့ကို ဗဟန်းမြို့နယ် မယက ဥက္ကဌ ဦးအောင်မွန်လတ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူး တင်ဇော်ထွန်း၊ မြိုနယ် တရားသူကြီး ဦးခင်မောင် ထွေး၊ မြို့နယ် ဥပဒေ အရာရှိ ဒေါ်နော် ဒေါရစ်တို့က ထပ်မံ သတိပေးမှု ပြုလုပ်ကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့ ညနေပိုင်းကလည်း NLD လူငယ်တာဝန်ခံများ ဖြစ်သော ရန်ကုန်တိုင်း NLD စည်းရုံးရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးလှသိန်း(တာမွေ-၁)၊ လူငယ်တာဝန်ခံ ဦးမျိုးညွန့်(အလုံ)၊ ဦးလှဦး(မန္တလေး)၊ ဦးအေးထွန်း (ရန်ကင်း) တို့ကို သက်ဆိုင်ရာက ခေါ်ယူ သတိပေးခဲ့သည်ဟုလည်း သတင်းစာက ဆိုသည်။

ထို့အတွက် NLD လူငယ်တာဝန်ခံများနှင့် CEC တို့ သည် ဝန်ခံလက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ ကလည်း မန္တလေး NLD အဖွဲ့ဝင်များ၏ နေအိမ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ ဂျွန် ၀ီလျံ ယက်ထော တို့ ၂ ယောက်တွဲပုံများကို ညပိုင်းတွင် တိတ်တဆိတ် လာရောက် ချထားခဲ့ ကြောင်း မန္တလေး NLD အဖွဲ့ဝင် တဦး ကပြောသည်။

“ဓာတ်ပုံတွေက တမင်လုပ်ကြံဖန်တီးထားတဲ့ ပုံတွေပါ၊ သိသာပါတယ်”ဟု မန္တလေး NLD မှ ဦးမျိုးနိုင်က ပြောပြ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။



မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။