ဥပဒေကို ဖိနှိပ်ရေးအတွက် အသုံးချခြင်း
မင်းလွင်ဦး
ကြာသပတေးနေ့၊ ဇွန်လ 04 2009 19:19 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူအား သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သည့်အတွက်၊ အမှန်တရားကို ဖုံးကွယ်ခဲ့သည့်အတွက် အရေးယူခဲ့ရကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သည့်အတွက် နိုင်ငံတကာမှ ဝင်မစွက်သင့်ကြောင်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
တနည်းအားဖြင့် ငါတို့နိုင်ငံထဲမှာ ငါတို့ လုပ်ချင်တာလုပ်မယ်၊ မဆိုင်သူတွေ ဝင်မရှုပ်နဲ့ဟု နိုင်ငံတကာကို ခပ်ရိုင်းရိုင်း တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုမရှိ၊ လွတ်လပ်သည့် တရားစီရင်ရေးဆိုတာ မရှိကြောင်းကိုလည်း နိုင်ငံတကာက ပိုမိုသိရလေအောင် အတိအလင်း ထုတ်ဖော်ပြောဆိုရာရောက်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့်ကိစ္စသည် တရားဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ နိုင်ငံတကာက သံသယဖြင့် စောင့်ကြည့်နေချိန်တွင် ဒေသအတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်စေနိုင်သည်ဟု ခြိမ်းခြောက်လိုက်သည့်အတွက် ယခုကဲ့သို့ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများက အပြင်းအထန် ပြန်လည် တုံ့ပြန်ပြောဆိုမှုများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကို သုံးသပ်ရလျှင် -
အဆိုပါ ဥပဒေပုဒ်မ ၉ (င)တွင် အရေးယူခြင်း ခံရသူအား တရားစွဲဆိုနိုင်လောက်သည့် အချက်အလက် ပြည့်စုံလျှင် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း ပို့ရမည်။
ဥပဒေပြဋ္ဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်အား မူလ အရေးယူထားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက် အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်လျှင် တရားစွဲဆိုရန် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း ပို့ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မူလအရေးယူထားသည့်ကိစ္စမှာ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။
(၁) အကြမ်းဖက် ရိုက်နှက်ခံရသူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံအားပေးသူများ ဖြစ်သည်။ ထိုအကြမ်းဖက်မှုကို ဒေါ်အောင်ဆန်းစုကြည်က စီမံဆောင်ရွက်ခဲ့ခြင်း မဟုတ်၊ အာဏာပိုင်များက စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ထိုအကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနိုင်ရန် အာဏာပိုင်များဘက်မှ အချက်အလက် တင်ပြနိုင်ခြင်း မရှိ။
ဒီပဲယင်း အဖြစ်အပျက် ဖြစ်ပေါ်လာအောင် ဒေါ်အောင်ဆန်းစုကြည်က စီမံဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု အထောက်အထား အချက်အလက် အပြည့်အစုံ ရှာဖွေတွေ့ရှိလျှင် တရားစီရင်ရေးအဖွဲ့သို့ ချက်ချင်း ပို့ပြီး တရားစွဲဆိုရန် ဖြစ်သည်။
(၂) အရေးယူခြင်းခံထားရသည့် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့် ဥပဒေကိုမျှ ချိုးဖောက်ခဲ့ခြင်း မရှိ။ ထို့ကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေအရ သတ်မှတ်ကာလ ပြည့်လျှင် ပြန်လည်လွှတ်ပေးရမည် ဖြစ်သည်။
အဆိုပါ ပုဒ်မ ၉ (ဇ) တွင် ဖမ်းဆီးချုပ်နှောင်သူအား ပြန်လွှတ်ပြီးနောက် မူလအရေးယူခဲ့သည့် (ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှု) ကိစ္စရပ်အပေါ် အခြေပြု၍ ဤ ဥပဒေအရ ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရမည်ဖြစ်သည်။ ထိုသို့ လွှတ်ပေးခြင်း မပြုမီ ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းအရာတခုခုဖြင့် တရားစွဲဆိုထားမှသာ ဆက်လက်၍ ချုပ်နှောင်ထားနိုင်မည် ဖြစ်သည့်အတွက် အာဏာပိုင်များက အကွက်ချစီမံဆောင်ရွက်၍ ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁ဝ (ခ) ဖြင့် ကန့်သတ်တားဆီးမိန့်များ ထုတ်ပြန်ထားခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံ ရဲချုပ်ခင်ရီနှင့် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းတို့က အင်းစိန်ထောင်အတွင်းရှိ ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဖတ်ကြားအသိပေးခဲ့သည်။ ကန့်သတ်တားဆီးထားသည့် အချိန်ကာလမှာလည်း နောက်ထပ် ၆ လ ထပ်မံချုပ်နှောင်ထားနိုင်ကြောင်းကို သံတမန်များနှင့် နိုင်ငံခြားသတင်းထောက်များကို သတင်းစာရှင်းလင်းပွဲဖြင့် ရှင်းပြခဲ့သည်။ နောက်ထပ် ၆ လ ထပ်မံချုပ်နှောင်ထားနိုင်သည် ဆိုသည့်အချက်နှင့် ပတ်သက်၍ -
ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားဆီးသည့် အချိန်ကာလ ကျော်လွန်နေပြီဖြစ်ကြောင်း အစိုးရအဖွဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက အကြိမ်ကြိမ် အယူခံတင်သွင်းခဲ့သည်။ အယူခံမှုကို လက်ခံ၍ လျှောက်လဲချက်ပေး ကြားနာခွင့်ပြုခဲ့ပါက အကျိုးဆောင် ဦးကြည်ဝင်းတို့ဘက်မှ သတ်မှတ်ထားသည့် ကာလသက်တမ်း ၅ နှစ် ကျော်လွန်နေပြီဖြစ်ကြောင်းကို ဥပဒေနှင့်အညီ တင်ပြမည်ဖြစ်သည်။ ထိုအချက်များကို ဗဟိုအဖွဲ့ သို့မဟုတ် အစိုးရအဖွဲ့အနေဖြင့် မငြင်းဆိုနိုင်။ ထို့ကြောင့် အယူခံမှုကို လက်မခံဘဲ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အောက်ပါ အချက်များအရ တွေ့ရမည်ဖြစ်သည်။
ဥပဒေပုဒ်မ ၁ဝ (ခ) အရ တားဆီးမှုပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ဗဟိုအဖွဲ့၏ အခွင့်အာဏာဖြင့် သူမ၏ နေအိမ်မှာပင် ၂၈-၁၁-၂ဝဝ၃ ရက်နေ့မှ ၂၇-၁၁-၂ဝဝ၄ ရက်နေ့အထိ ကန့်သတ်တားဆီးခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် တနှစ်ထက်မပိုဘဲ အောက်ပါအတိုင်း ဆက်လက်တားဆီးခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးချုပ်မြင့်သိန်းက ပြောဆိုခဲ့သည်။
(က) ၂၈-၁၁-၂ဝဝ၄ မှ ၂၇-၁၁-၂ဝဝ၅ အထိ ပထမအကြိမ် (၁) နှစ်
(ခ) ၂၈-၁၁-၂ဝဝ၅ မှ ၂၇-၅-၂ဝဝ၆ ထိ ဒုတိယအကြိမ် (၆) လ
(ဂ) ၂၈-၅-၂ဝဝ၆ မှ ၂၇-၅-၂ဝဝ၇ ထိ တတိယအကြိမ် (၁) နှစ်
(ဃ) ၂၈-၅-၂ဝဝ၇ မှ ၂၇-၅-၂ဝဝ၈ ထိ စတုတ္ထအကြိမ် (၁) နှစ်
(င) ၂၈-၅-၂ဝဝ၈ မှ ၂၇-၅-၂ဝဝ၉ ထိ ပဉ္စမအကြိမ် (၁) နှစ်
ဗဟိုအဖွဲ့၏ အခွင့်အာဏာမှာ ပုဒ်မ ၁ဝ (က) ပါ ပြဋ္ဌာန်းချက်အရ ချုပ်နှောင်နိုင်သည့် ကာလအပိုင်းအခြားမှာ တကြိမ်လျှင် ရက်ပေါင်း ၆ဝ ဖြင့် ရက်ပေါင်း ၁၈ဝ အထိ ဖြစ်သည်။
ပုဒ်မ ၁၂ တွင် ဗဟိုအဖွဲ့သည် အရေးယူခြင်းခံရသူအား ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (က) ပါ ကာလအပိုင်းအခြားထက် ကျော်လွန်၍ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားရန် လိုအပ်ပါက ဝန်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။
ဆိုလိုသည်မှာ ရက်ပေါင်း ၁၈ဝ ထက် ကျော်လွန်ချုပ်နှောင်ထားလိုပါက ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။
ပုဒ်မ ၁၄ တွင် ဝန်ကြီးအဖွဲ့သည် ဆက်လက်ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှု ပြုလုပ်ရန်ဖြစ်စေ ကြိုတင်ခွင့်ပြုချက်ပေးရာတွင် တကြိမ်လျှင် တနှစ်ထက် မပိုစေဘဲ စုစုပေါင်း ၅ နှစ်အထိ ခွင့်ပြုနိုင်သည်။
ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စတင်၍ တားဆီးမိန့်ထုတ်ပြန်သည့် ကာလသည် ၂၈-၁၁-၂ဝဝ၃ မှ စတင်ခဲ့ပြီး ၂၇-၅-၂ဝဝ၉ အထိ တွက်လျှင် စုစုပေါင်း တားဆီးမိန့်ကာလမှာ ၅ နှစ် နှင့် ၆ လ ဖြစ်သည်ကို တွေ့ရမည်။
သတင်းစာရှင်းလင်းပွဲတွင် ဥပဒေပုဒ်မ ၁ဝ (ခ) အရ တားဆီးမှုပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ဗဟိုအဖွဲ့၏ အခွင့်အာဏာဖြင့် သူမ၏ နေအိမ်မှာပင် ၂၈-၁၁-၂ဝဝ၃ ရက်နေ့မှ ၂၇-၁၁-၂ဝဝ၄ ရက်နေ့အထိ ကန့်သတ်တားဆီးခြင်းကို စတင်ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြခဲ့ရာ ဗဟိုအဖွဲ့တွင် ထိုအခွင့်အာဏာမရှိ၊ ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဆက်လက်တားဆီးနိုင်သည်ကို ပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်အရ တွေ့ရမည်ဖြစ်သည်။ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် နိုင်ငံတကာကို လှည့်စားရန် ဥပဒေကို လက်တလုံးခြားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
သတ်မှတ်ကာလ ၅ နှစ် ကျော်လွန်ပြီးဖြစ်သည့်အတွက် ဆက်လက်၍ တားဆီးချုပ်နှောင်ထားခြင်းသည် မတရား တားဆီးချုပ်နှောင်ထားမှု ဖြစ်ကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် လက်အောက်ရှိ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်းဆိုင်ရာ အလုပ်အဖွဲ့က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
ထို့အပြင် သံတမန်များနှင့် နိုင်ငံခြား သတင်းထောက်များအား ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား John William Yettaw ကို ၂ ရက် နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း စသည့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းသည် တည်ဆဲဥပဒေနှင့် ငြိစွန်းနေခြင်းကြောင့် မလွှဲမရှောင်သာ ဝမ်းနည်းစွာဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ပါကြောင်း ရဲမှူးချုပ်မြင့်သိန်းက ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတကာအစိုးရများက ဥပဒေများ ပြဋ္ဌာန်းထားရခြင်းနှင့် ကျင့်သုံးအကောင်အထည်ဖော်ရခြင်းသည် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ဥပဒေကို လက်နက်သဖွယ် အသုံးပြု၍ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်ရန် မဟုတ်ဆိုသည့် အခြေခံ သဘောတရားကို လက်ကိုင်ထားကြသူများ ဖြစ်သည်။ နအဖ၏ လုပ်ဆောင်ချက်များကမူ ထိုသို့မဟုတ်။ ဥပဒေကို လက်နက်သဖွယ် အသုံးပြု၍ ဖိနှိပ်ခြင်း ဖြစ်သည့်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအဖို့ နိုင်ငံတကာ အစိုးရများအကြားတွင် မျက်နှာပျက်စရာ ဖြစ်လာရသည်။
နအဖသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်နိုင်အောင် နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်နေခြင်း ဖြစ်ကြောင်းနှင့် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်သည့် တရားဝင်အစိုးရအဖြစ်သို့ ရောက်အောင် စီမံဆောင်ရွက်နေကြောင်း အထက်ဖော်ပြပါ အချက်များအရ ပိုမိုသိသာထင်ရှားစေသည်။
နအဖ၏ ဥပဒေမဲ့လုပ်ရပ်များဖြင့် တရားဝင်မှုရအောင် လုပ်ဆောင်ခြင်းကို ခွင့်ပြုခဲ့ပါက နောင်တွင် ယခုထက်ပို၍ ရှုပ်ထွေးမှုများ၊ ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်ရမည်ကို အာဆီယံခေါင်းဆောင်များကလည်း သတိပြုမိလာသည့်အတွက် ယခုကဲ့သို့ အပြင်းအထန် ကန့်ကွက်ပြောဆိုလာခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။