Tuesday, December 2, 2008

အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များစိုးရိမ်နေ


ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်သည့် သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ၏ ကျန်းမာ ရေးအခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။

အရှင်ဂမ္ဘီရသည် ထောင်တွင်းဆေးရုံတွင် ရင်ကြပ်ရောဂါကို ထိရောက်စွာ ဆေးကုသခွင့်မရခဲ့ သဖြင့် ယခုကဲ့သို့ အလွန်အေးသည့် ခန္တီးထောင်သို့ ပို့ဆောင်လိုက်ခြင်းအပေါ် မိသားစုဝင်များက အလွန်စိုးရိမ်နေကြခြင်းဖြစ်သည်။

“ဦးဇင်းက ထောင်ဆေးရုံမှာ အာရုံကြေရောဂါက ဆေးကောင်းကောင်းလဲ ကုခွင့်မရဘူး၊ ရင်ကြပ် ချောင်းဆိုးရောဂါအခံက နဂိုကတည်းကရှိတော့ အခုလို ခန္တီးထောင်ကိုပို့တယ်ဆိုတော့ အေးကလဲအေးနဲ့၊ ပြီးတော့ သူ့ရဲ့ အဝတ်အထည်ပစ္စည်းတွေ ဘာမှလဲ ယူသွားခွင့်မရတော့ သူ့ ကျန်းမာရေးကို အရမ်းစိုးရိမ်နေတာ” ဟု မိသားစုဝင်တဦးက ပြောသည်။

အရှင်ဂမ္ဘီရကို ယမန့်နေ့ နေ့လည် (၁) နာရီခွဲခန့်က လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု ယူဆရကြောင်းနှင့် ထောင်ထဲတွင် လေ့လာနေသည့် စာအုပ်စာတမ်းများနှင့် အခြား ပစ္စည်းအသုံးအဆောင်များကို ယူဆောင်သွားခွင့်မပြုကြောင်း မိသားစုဝင်က ပြောသည်။

“ဦးဇင်းရဲ့မယ်တော်လဲ လောလောဆယ် ရန်ကုန်ကို ရောက်နေတယ်၊ အဲဒီသတင်းကြားတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့၊ ခမည်းတော် ဦးမင်းလွင်ကလဲ ကျန်းမာရေးစစ်တော့ ဆီးချို ရောဂါရော ဦးဇင်အတွက် စိတ်ဆင်းရဲရတာရောဆိုတော့ တော်တော်ကို စိတ်ထိခိုက်ပြီး အခု မိထ္တီလာကို ပြန်သွားပြီ”ဟု မိသားစုဝင်က ဆက်ပြောသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အရှင်ဂမ္ဘီရ၏ အစ်ကိုတော် ကိုအောင်ကျော်ကျော် ကိုလည်း တောင်ကြီးထောင်သို့ ပြောင်းရွှေ့လိုက်ပြီး မိဘနှစ်ပါးအား အနီးကပ်စောင့်ရှောက်နေ ရသည့် ကိုအောင်ကိုကိုလွင်ကိုလည်း စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့သည်။

“အခု ဦးဇင်းရဲ့အစ်မ ခင်သူဌေးကလဲ မီးဖွားထားတာက ရက်ပိုင်းပဲရှိသေးတော့ သူတို့ ထောင် ဝင်စာသွားတွေ့ဖို့နဲ့ ဦးဇင်းရဲ့ မယ်တော်၊ ခမည်းတော်တွေကို စောင့်ရှောက်ဖို့ဆိုတာ တော်တော် ခက်ခဲတယ်၊ အရင်က သူပဲ ကိုယ်ဝန်ကြီးနဲ့ ထောင်ဝင်စာသွားတွေ့၊ ပါဆယ်ပို့လုပ်ပေးနေတာ၊ သူယောင်္ကျား ကိုမိုးထက်လျှံကလည်း အောင်ကိုကိုလွင်တို့နဲ့အတူ အဖမ်းခံထားရတော့ တမိသားစုလုံး အရမ်းဒုက္ခရောက်နေတယ်”ဟု မိသားစုအခြေအနေကို ဆက်ပြောသည်။

အရှင်ဂမ္ဘီရ၏ မယ်တော်ဖြစ်သူ ဒေါ်ရေးက မည်သည့်အခြေအနေဖြစ်ဖြစ် သားဖြစ်သူများကို ထောင်ဝင်စာသွားတွေ့မည်ဖြစ်ကြောင်းနှင့် လုံးဝစိတ်ဓါတ်ကျသွားမည်မဟုတ်ကြောင်း ပြောဆို သည်။

သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်အရှင် ဂမ္ဘီကို ပြီးခဲ့သည့်လ (၁၉) ရက်နှင့် (၂၁) ရက်နေ့များ တွင် ကြည့်မြင်တိုင်၊ ကမာရွတ်၊ အလုံမြို့နယ်များမှ စွဲဆိုထားသည့် အမှုပေါင်း (၁၆) ခုတို့ဖြင့် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၆၈) နှစ် ချမှတ်လိုက်ပြီးနောက် ယခုကဲ့သို့ မိသားစုနှင့်အလွန်ဝေးသည့် ခန္တီးထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။


ရိုးမ ၃။ ဒီဇင်ဘာ ၂ ၊ ၂၀၀၈

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.yoma3.org မှ ကူးယူ မျှဝေပါ၏ ။