Thursday, October 16, 2008

အလှည့် ……


မနှစ်ကပူပြင်းတဲ့ နွေနေ့တနေ့တွင် ရာသီဥတု ပူတာနဲ့ ကလေးတွေခေါ်ပြီး ပန်းခြံသွားကြတယ်။ လမ်းမှာ လမ်းဘေးက ကုန်စုံဆိုင်လေး တဆိုင်ထဲဝင်ပြီး စားစရာလေးတွေနဲ့ သောက်စရာ အအေးဘူး ဝယ်ကြတယ်ပေါ့။


ပန်းခြံရောက်တော့ ကလေးတွေက ကစားကြတယ်၊ ကလေးတွေ ကစားနေတာကို ထိုင်ခုံလေးပေါ်ထိုင်ပြီး ဝယ်လာတဲ့ ချဉ်စပ်အာလူးကြော်လေးစားလိုက်၊ အအေးလေးသောက်လိုက်နဲ့ ထိုင်ကြည့်နေတာပေါ့။

အဲ့ဒီအချိန်မှာ ရာသီဥတုပူတာကို ဂရုမစိုက်အားဘဲ ဝမ်းပူတာကို ဖြေရှင်းဖို့ အပူတပြင်းလုပ်နေတဲ့ ရှဉ့်ကြွက်လေးတကောင် ရောက်လာပြီး သူ့အခက်အခဲကို ကူညီဖြေရှင်းဖို့ မျက်နှာငယ်လေးနဲ့ မော့ကြည့်နေတယ်။

အဲ့ဒါနဲ့ စားနေတဲ့ ချဉ်စပ်အာလူးကြော်လေး ထုပ်ပြီး ကြွေးလိုက်တယ်။ အာလူးကြော်က အစပ်ဆိုတော့ လျှာပေါ်က အပူကို အအေးလေးနဲ့ နှစ်ပါးသွားနေရတဲ့ အချိန်မှာ ဒီအာလူးကြော်ကို စားလိုက်ရတဲ့ ရှဉ့်ကြွက်လေးခမျှာ လျှာပေါ်မှာ တောမီးလောင်သလို ခံစားလိုက်ရတယ်ထင်ပါရဲ့။ သူ့ရဲ့လက်လေးနှစ်ဘက်နဲ့ လျှာကိုပုတ်လိုက်၊ ပြေးပြီးတော့ ကလေးတွေ ကစားထားတဲ့ ရေကိုသောက်လိုက်နဲ့ ရှုပ်ရှက်ခတ်သွားတဲ့ သူ့ကိုကြည့်ပြီး သားအမိတွေ အူတက်မတတ်လောက်အောင် ထိုင်ရယ်ကြတယ်ပေါ့။

အိမ်ပြန်ရောက်လာတော့ ဒီအတွေ့အကြုံလေးတွေ ပြောပြရင်း ရယ်စရာအဖြစ် ရယ်ကြတယ်။ ရယ်စရာ စကားဝိုင်းတွေ ကြုံတိုင်းလဲ ဒီအကြောင်းတွေ ပြန်ပြောဖြစ်တယ်။


ဒီလိုနဲ့ အမှတ်မထင် နောက်တနွေ ပြန်ရောက်လာပြန်ပြီပေါ့။ ပူပြင်းတဲ့နွေရက် တစ်ရက်မှာ အလုပ်က နံနက် ၆ နာရီဝင် ၁ နာရီခွဲ ထွက်ဆိုတော့ စားစရာထမင်းဘူးမပါ၊ အပြင်ရာသီဥတုကပူ၊ ဝမ်းကလဲပူ ဆိုတော့ အိမ်ရောက်ချင်ဇောနဲ့ တစ်နာရီမှာ မိုင်ခြောက်ဆယ်ပေးထားတဲ့ အဝေးပြေးကားလမ်းမကြီးပေါ်မှာ တစ်ယောက်ထဲ မိုင်ခုနှစ်ဆယ်ကျော်နှုန်းဖြင့် အပြင်းမောင်းနှင်းလာခဲ့တာပေါ့။ လမ်းမှာ ရဲနဲ့တွေ့မှာလည်း ကြောက်ရသေးတယ်။


အိမ်ရောက်တော့ ဖိနပ်ချွတ်ပြီး တံခါးဖွင့်လိုက်တာနဲ့ ခင်ပွန်းသည် ချက်ပြုတ်ထားတဲ့ ဟင်းအနံ့က အဝတ်အစား လဲခွင့်တောင်မပေးဘဲ မီးဖိုထဲ ဆွဲခေါ်သွားခဲ့တယ်။ မီးဖိုထဲရောက်တော့ ပုဂံထဲ အသင့်ထည့်ထားတဲ့ ဟင်းကိုတွေ့လိုက်တာနဲ့ ကောက်နှိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်ချိန်မှာ “…အား…” လို့မအော်အားဘဲ ရေခဲသေတ္တာနား အပြေးအလွှားသွားပြီး အအေးခံထားတဲ့ရေကို အကူအညီတောင်းပြီး လျှာပေါ်မှာ မီးထလောင်သလို ခံစားလိုက်ရတဲ့ အပူအစပ်ကို ငြိမ်းလိုက်ရတယ်။


အဲ့ဒီအချိန်ကျမှ ဝမ်းပူတာကို ဖြေရှင်းဖို့ ကိုယ့်အရှေ့ရောက်လာတဲ့ “ရှဉ့်ကြွက်လေး” ကိုပြန်ပြီး သတိရသွားတယ်။

လူသားချင်းမပြောနဲ့၊ ဒီရှဉ့်ကြွက်လေးနဲ့တောင် “…အလှည့်…” ဆိုတာ ပြန်လာတတ်တယ်နော်။



မီးအိမ်ရှင်