Friday, July 15, 2011

SSA မြောက်ပိုင်းဌာနချုပ်ကို မြန်မာစစ်တပ် ထိုးစစ်ဆင်

ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ SSA တပ်ဖွဲ့တွေ အခြေပြုထားတဲ့ ရှမ်းပြည်တောင်ပိုင်း နမ့်ကိုင်ဖိတ်ဒေသ ဘက်ကို မြန်မာအစိုးရတပ်က အင်အား အလုံးအရင်းနဲ့ လေးရက်ကြာ တိုက်ခိုက်နေရာမှာ အခုထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ အခုတိုက်ပွဲက SSA မြောက်ပိုင်းက ၀မ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရတပ်က သိမ်းယူဖို့ ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ SSA မြောက်ပိုင်း က ပြောပါတယ်။ ဒီသတင်းအပြည့်စုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းက SSA/ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေ ခြေကုပ်နေရာယူထားတဲ့ နမ့်ကိုင်ဖိတ် ဒေသတလျှောက်မှာ မြန်မာစစ်တပ်တွေ ထိုးစစ် ဆင်လာနေတဲ့အတွက် အခုချိန်အထိ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခု တိုက်ပွဲဟာဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို ၀င်ရောက် သိမ်းယူဖို့ မြန်မာစစ်တပ်က ထိုးစစ် ဆင်နေတာလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ဒီနေ့ ကျေးသီးကို သူတို့ ဟိုက်စကီးတွေ ဆင်းမယ်လို့ သတင်း ရထားတယ်။ အဲဒီမှာ သူတို့ တိုင်းချုပ်လား ဘာလားက ဒီမှာလာပြီး ကွပ်ကဲမယ်ပြောတာပဲ။ အင်အားပေါင်းလိုက်ရင် ၁ ထောင်ကျော်သွားမယ် ထင်တယ်။ သူတို့က ၀မ်ဟိုင်းကို သိမ်းမယ့်စစ်ပွဲမျိုး ဆင်နွှဲနေတော့ အခုတော့ ခံတိုက်နေတုန်းပဲ။ ကျနော်တို့ဘက် တတ်နိုင်သလောက်တော့ ခံတိုက်နေတယ်။ အခု ယာယီအခြေစိုက်ထားတဲ့ တောင်ကြောတွေမှာပေါ့။ အဲဒီ နမ့်ကိုင်ဖိတ် တလျှောက်ပေါ့။ အဲဒီနေရာ ကျသွားရင် သူတို့က ၀မ်ဟိုင်းကို အလွယ်တကူ ၀င်လို့ရပြီလေ။”

အခုတိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကနေ စစ်ကူတွေ တိုးမြင့်ထားပြီး လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့လည်း ပြင်းထန်နေတယ်ခင်ဗျ။ ကျနော်တို့ အဲဒီ နမ့်ကိုင်ဖိတ် နေရာမှာပဲ စစ်ကူလာတဲ့ တပ်ဖွဲ့ (၂၂) နဲ့ (၆၇) ပေါ့။ အဲဒီမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်။ ပြီးတော့ ဒီနေ့ မိုင်းယန်က စစ်ကား ၂၂ စီးပေါ့။ ဘယ်တပ်ကလဲတော့ မသိတော့ဘူး။ အဲဒီမှာ စစ်ကူရောက်လာသေးတယ်။ မိုင်းယန် ကနေ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာကို လာတာပေါ့။ အဲဒီအဖွဲ့က ၁၂၀-မမ လက်နက်တွေ တင်လာပြီးတော့ အဲဒါနဲ့ ပြန်ပစ်တာပေါ့။ ကျနော်တို့လူတွေကို။ တနေ့လုံးပဲ ဒီနေ့ တနေ့လုံးပဲ။ ၁၂၀-မမ တွေ၊ နောက်ပြီးတော့ ၈၁၊ ၈၂ တွေနဲ့ပစ်တာ အလုံး ၁၀၀ လောက် ရှိမယ်။ ထိခိုက်မှုကတော့ တိုက်ပွဲက အဲဒီမှာ အပြင်းအထန်ဖြစ်နေတော့ ကျဆုံး၊ ဒဏ်ရာရ သတင်းတွေ အတိအကျ မသိရသေးဘူးဗျ။”

ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသက ဖနမ်ရွာ၊ ခေးပွန်ရွာ၊ ၀မိန်ရွာတွေကိုပါ လက်နက်ကျည်တွေ ကျရောက်ခဲ့ပြီး ရွာသွားတွေပါ ထိခိုက်မှု ရှိနေတယ်ဆိုပေမဲ့ ဒီသတင်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ယခင်က မြောက်ပိုင်း ရှမ်းပြည်တပ်မတော်လို့ခေါ်တဲ့ ဗိုလ်ချုပ် ပန်ဖ ခေါင်းဆောင်တဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ မြန်မာအစိုးရက ဖိအားပေးထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ၂၀၁၀ ခုနှစ် မတ်လမှာ မြန်မာစစ်တပ်ကနေ ရှမ်းပြည်တိုးတက်ရေး ပါတီကို စတင် တိုက်ခိုက်လာရာကနေ နှစ်ဘက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အခုတိုက်ပွဲဟာ အရင်ကထက် ပိုမိုပြင်းထန်လာတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အရင်တုန်းကဖြစ်တဲ့ တိုက်ပွဲတွေနဲ့စဟာရင်တော့ ဒီတိုက်ပွဲက ရက်လည်းကြာတယ်၊ အပြင်းထန်ဆုံးလည်း ဖြစ်တယ်။ အနည်းဆုံး ကျနော်တို့က နှစ်နာရီ သုံးနာရီလောက်ပဲ တိုက်တာပေါ့။ အခုဟာက လေးငါးရက် ရှိသွားပြီ။”

ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မြောက်ဘက် မိုင်းရယ်နဲ့ ၀မ်ဟိုင်း လမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ကိုင်ဖိတ် စခန်းကို SSA တပ်ဖွဲ့တွေကနေ ၀ိုင်းဝန်း ပိတ်ဆို့ထားစဉ်မှာပဲ အစိုးရစစ်တပ်က လေယာဉ်ပျံနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ SSA မြောက်ပိုင်း တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ SSA မြောက်ပိုင်း ဌာနချုပ်ရှိရာ ၀မ်ဟိုင်းအနီးက နမ့်ကိုင်ဖိတ် တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု များပြားနေခဲ့လို့ အခုလို ဗုံးကျဲတိုက်ခိုက်လာတာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုလို မြန်မာစစ်တပ်အနေနဲ့ အင်အားတိုးပြီး စခန်းသိမ်း စစ်ဆင်ရေး ပြုလုပ်လာနေပေမဲ့လည်း SSA/ SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေ အနေနဲ့ကတော့ အစွမ်းကုန် ခုခံတိုက်ခိုက်သွားမယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် စစ်ဆင်ရေး ဂျီနီဗာ ပြဋ္ဌာန်းချက် ချိုးဖောက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာမှာ မြန်မာစစ်တပ်က အင်အား အပြင်းအထန်သုံး တိုက်ခိုက်နေတာဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီဘူးလို့ ဥပဒေ ပညာရှင်တွေက မြင်ကြ ပါတယ်။

အထူးသဖြင့်ကတော့ ပြည်တွင်းစစ် ဖြစ်ပွားရာမှာ လေကြောင်းအင်အား အသုံးပြုမှုတွေ၊ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒါဟာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်နေပြီလို့ ပြောဆိုလိုက်ကြတာပါ။

အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာ သဘောတူညီချက်ကို အခုနောက်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ချိုးဖောက်ရာ ရောက်နေပြီလို့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြလာကြတာပါ။

အထူးသဖြင့် မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းနဲ့ တိုက်ပွဲတွေအတွင်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ အတွင်းမှာလည်း အရပ်သားတွေ ထိခိုက်မှုတွေ ရှိတဲ့အထိ ဖြစ်နေရတာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်က နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် ဌာနချုပ်အနီးမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲသွားတာ၊ နောက်ပြီးတော့ ကချင်ပြည်နယ်ထဲမှာ လက်နက်ကြီးတွေ သုံးပြီးတော့ အရပ်သားရော မရှောင်၊ ပြီးတော့ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို လိုက်ပစ်နေတဲ့ ကိစ္စတွေက ဘာကို ပထမဦးဆုံး ညွှန်ပြသလဲဆိုတော့ ပြည်တွင်းစစ် မြန်မာပြည်မှာ အမှန်တကယ် ဖြစ်နေတာကို သက်သေပြတယ်။

“ဒုတိယအချက်က ပြည်ထောင်စု မြန်မာနိုင်ငံဟာ Geneva Convention ခေါ်တဲ့ နိုင်ငံတကာ စစ်နဲ့သက်ဆိုင်တဲ့ ဥပဒေကို သြဂုတ်လ ၂၅ ရက်၊ ၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် စစ်နဲ့ဆိုင်တဲ့ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေတွေနဲ့ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားခြင်း ဥပဒေတွေကို လိုက်နာဖို့ လိုတယ်။ Geneva Convention ရဲ့ တကယ့် အနှစ်သာရက တိုင်းပြည်တခုနဲ့တခု အသီးသီး စစ်ကြေညာပြီးတော့၊ ဒါမှမဟုတ် တိုင်းပြည် ၂ ခုထက် ပိုတဲ့ဟာ စစ်ကြေညာပြီးတော့ အချင်းချင်း ပစ်ခတ်တဲ့ကိစ္စ ဖြစ်တယ်။

“ဒါပေမဲ့ ဒီ Geneva Convention က ဘာဖြစ်သွားလို့ မြန်မာပြည်လို ပြည်တွင်းစစ်မှာ အကြုံးသွားဝင်သလဲ ဆိုတော့ လူသားချင်း စာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေတွေ ပါလာတဲ့အတွက်၊ အခု မြန်မာအစိုးရကလည်း လက်မှတ်ထိုးထားတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက် အဲဒါ လိုက်နာစရာ လိုတယ်။”

နိုင်ငံတကာက စစ်မက်ဆိုင်ရာ ပဋိပက္ခတွေအတွင်း မြေဇာပင် ဖြစ်နေရသူတွေကို အထူးသဖြင့် အကာအကွယ်ပေးဖို့ ဂျီနီဗာ သဘောတူညီချက်က ပြဋ္ဌာန်းထားတာပါ။ ဒီလို ပြဋ္ဌာန်းချက်တွေကို သဘောတူ လက်မှတ်ရေးထိုးထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀န်းမှာ အထောက်အထားနဲ့တကွ တိုင်တန်းနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့လည်း ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ပြောပါတယ်။

“ဥပမာ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ ရဲဘော်တယောက်ကို သူတို့ ခေါ်ပြီးတော့ နှိပ်စက်ညှဉ်းပန်းပြီး သတ်သွားတဲ့ ကိစ္စဟာ သူတို့က Geneva Convention ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ကျတယ်။ ဒါမျိုးကိစ္စဖြစ်ရင် အခု KIA က တက်လာတဲ့ အစိုးရသစ်ဟာ Geneva Convention ကို မလိုက်နာပါဘူး ဆိုတဲ့ဟာ သူတို့ လုပ်နေတဲ့ကိစ္စ ရှိတယ်။ ဒီလိုပဲ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ကယားဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ် ဒါမျိုး Geneva Convention ချိုးဖောက်တဲ့ ကိစ္စတွေကို နိုင်ငံတကာ အသိုင်းအ၀န်းတွေက တဆင့် Geneva Convention လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို အကြောင်းကြားဖို့က လုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်။

“Geneva Convention ကို ချိုးဖောက်ပြီးတော့ အရေးယူခံရတဲ့ တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးစရာတော့ မရှိဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအ၀န်းမှာ မျက်နှာပျက်စရာ ဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအ၀န်းမှာ ယဉ်ကျေးသိမ်မွေ့တဲ့ တိုင်းပြည်နဲ့ မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည် ဆိုပြီးတော့ သတ်မှတ်ခံရတဲ့ ဓလေ့ထုံးတမ်း ရှိတယ်။ ဒါမျိုး Geneva Convention ကို မလိုက်နာတဲ့ လူတွေက မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည်အဖြစ် အပြောခံရတယ်။ ဆိုတော့ ကိုယ့်တိုင်းပြည် နိုင်ငံတကာ အသိုင်းအ၀န်းမှာ မျက်နှာပျက်စရာမျိုးကို မလုပ်ချင်တဲ့ လူတိုင်းက ဒီ Geneva Convention ကို သူတို့က အတတ်နိုင်ဆုံး လိုက်နာ ကြတာ ဖြစ်ပါတယ်။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်အစိုးရက ရွေးကောက်ပွဲတရပ် ကျင်းပပြီး ဒီနှစ်ဆန်းပိုင်း အစိုးရသစ် ဖွဲ့စည်းခဲ့တဲ့ နောက်ပိုင်း တကျော့ပြန် ကြီးထွား လာခဲ့တာပါ။

အထူးသဖြင့်ကတော့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ချဖို့ ဒါမှမဟုတ်ရင်လည်း နယ်ခြားစောင့် တပ်ဖွဲ့လို အဆင့်နှိမ့် ပြောင်းလဲ ဖွဲ့စည်းဖို့ မြန်မာအာဏာပိုင်တွေဘက်က ဖိအားပေးရာက လက်နက်ကိုင် ပဋိပက္ခတွေ အပြင်းအထန် ပြန်လည် ပေါ်ပေါက် လာတာလည်း ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, July 14, 2011

မြန်မာသံရုံး နောက်ထပ် အရာရှိတဦး အမေရိကားမှာ ခိုလှုံ

ဝါရှင်တန်ဒီစီ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်။
ဓာတ်ပုံ VOA
ဝါရှင်တန်ဒီစီ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်။

ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက နောက်ထပ် မြန်မာသံတမန်တဦးဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ၀ါရှင်တန်ဒီစီ သံရုံးက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်ကို ၂၄ နာရီအတွင်း နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်ခဲ့တာကြောင့် ဦးစိုးအောင်က မပြန်ဖို့ ဆုံးဖြတ်ပြီး နိုင်ငံရေးခိုလှုံမှု ရယူခဲ့တာလို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဒုတိယ တာဝန်ခံ သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခဲ့ပြီး တပတ်အကြာမှာပဲ နောက်ထပ် မြန်မာသံအရာရှိတဦး ထပ်ပြီး အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံလိုက်တာပါ။ အခုလို ခိုလှုံခွင့် တောင်းတဲ့ကိစ္စ အမေရိကန် နိုင်ငံခြားရေးဌာနကို ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ အကြောင်းကြားလိုက်တယ်လို့ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံသွားတာနဲ့ ပတ်သက်လို့ စုံစမ်းဖို့အတွက် နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်လိုက်တာကြောင့် သူ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။ မကြာခင်ကမှ အမေရိကန်က ပြန်သွားတဲ့ မြန်မာသံရုံး အမှုထမ်း ၂ ဦးလည်း နေပြည်တော်မှာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ဦးစိုးအောင်ကိုတော့ ၂၄ နာရီအတွင်း စစ်တပ်က အရာရှိတဦးနဲ့အတူ နေပြည်တော်ကို ပြန်ရမယ်ဆိုပြီး ဇူလိုင် ၁၂ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက အမိန့်ထုတ်ခဲ့တဲ့အပြင် သူ့ရဲ့ သံတမန် နိုင်ငံကူး လက်မှတ်တွေကိုလည်း သံရုံးက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အပြစ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဦးစိုးအောင်က ယူဆပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ် အတွင်းက အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ယူခဲ့တဲ့ မြန်မာသံရုံး ဒုတိယ တာဝန်ခံဟောင်း ဦးကျော်ဝင်းကတော့ သူ့ကိစ္စကို စုံစမ်းဖို့ ပိုပြီး တာဝန်ရှိတဲ့ စစ်ဘက်ကလာတဲ့ အရာရှိတွေအစား အခုလို အရပ်ဘက် အရာရှိတွေကို ပစ်မှတ်ထားတဲ့အပေါ် ဝေဖန်ပါတယ်။ မြန်မာအစိုးရဌာန အကြားမှာ အရပ်ဘက်နဲ့ စစ်ဘက်ကလာသူတွေ အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ကိစ္စ မကျေနပ်မှုတွေ ပိုတိုးလာတယ်လို့ သူက ပြောပါတယ်။

“ကျနော် သိရသလောက် သူ့ကို ၂၄ နာရီအတွင်း ပြန်ခိုင်းတယ်ဆိုတာ ဒါ အပြစ်ရှိတဲ့သူတွေကို ပြန်ခိုင်းတဲ့ဟာမျိုးလေ။ နောက်ပြီးတော့ ဘာကို ပုံပေါ်လဲဆိုတော့ ၀န်ထမ်းချင်း အတူတူ အရပ်သား ၀န်ထမ်းကို မယုံဘူး၊ တပ်ကလာတဲ့ ၀န်ထမ်းကိုမှ ယုံတယ်ဆိုတာ ဒါ အဆင်မပြေဘူးလေ။”

ဦးကျော်ဝင်း ပြောသွားတဲ့ အထဲမှာ သံရုံးဝန်ထမ်းတွေ အနေနဲ့ စစ်ဘက်ကလာတဲ့ လူတွေနဲ့ အရပ်ဘက်ကလာတဲ့လူတွေ ခွဲခြား ဆက်ဆံတယ်ဆိုတာ ဘယ်လိုမျိုးလဲခင်ဗျ။

“ဆိုကြပါစို့၊ အခုလို ကျနော်လည်း ဒီဘက်မှာ နိုင်ငံရေး ခိုလှုံခွင့်ရှိလို့ ကျန်တဲ့လူကို စစ်ဆေးတယ် ဘာညာဆိုတာ ကိုစိုးအောင်က ကျနော်တို့လိုပဲ အရပ်သားပဲလေ။ သူ့ကျတော့ ဒီလိုပဲ ကြီးကြီးကျယ်ကျယ်နဲ့ ချက်ချင်းပြန်လာ ဘာညာနဲ့၊ ကျန်တဲ့ တာဝန်ရှိတဲ့သူတွေ ရုံးမှာ မရှိကြတော့ဘူးလား။ နောက်ပြီးတော့ ရုံးတွေမှာ ၀န်ထမ်းတွေကို ခံစားခွင့်ပေးတာ၊ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ရာထူးတိုးတာတို့၊ Transfer ပေးတာတို့ ဒါတွေအားလုံးကို စဉ်းစားတဲ့အခါ ကွဲပြားတာ သိပ်သိသာတယ်။

“ကျနော်တို့ ဆိုလိုတာ တကယ် အရည်အချင်း ပြည့်တဲ့လူ၊ တကယ် ဦးဆောင်နိုင်တဲ့လူ၊ တကယ် နားလည်တဲ့လူဆို ကျနော်တို့က နောက်ကလိုက်ရတာ ၀န်မလေးပါဘူး။ အခုလောလောဆယ် ကျနော်တို့ဆီမှာ တပ်ကလူတွေ ရှိနေတာပဲ။ ရှိနေတဲ့ တပ်ကလူတွေနဲ့ အရပ်ဘက်ကလူတွေ ယှဉ်ကြည့်ပါ။ အောက်ခြေမှာ ဖြစ်နေတာကို သေချာကြည့်ပြီးတော့ ၀န်ထမ်းတွေကို သေချာ ပြန်ပြုပြင်ဖို့ လိုတယ်။

“ကျနော်တို့ ၀န်ထမ်းအဖွဲ့အစည်းတွေက ပွင့်ပွင့်လင်းလင်း ကျနော့်အမြင် ပြောရရင်တော့ တပ်ကလူတွေ ၀င်လို့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ၀န်ထမ်းအဖွဲ့အစည်း အားလုံးက ပျက်တာပဲ။ နိုင်ငံကို ပြန်တည်ဆောက်တဲ့ အခါကျတော့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ပြန်ပြီးတော့ မပြုပြင်ဘဲ၊ ပြန်မတည်ဆောက်ဘဲနဲ့ ဘယ်လိုလုပ် သွားကြမလဲ။”

ဝါရှင်တန် မြန်မာသံရုံးက သံအရာရှိတွေ အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံတကာ လိုလားတဲ့ အပြောင်းအလဲမျိုးတွေ လုပ်မလာတဲ့ အပေါ်မှာလည်း မြန်မာ သံအရာရှိတွေဘက်က စိတ်ပျက်ကြရတယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီဘက်မှာ ကိုယ်မြင်တာကို တင်ပြကြတဲ့အခါ သူတို့ဘက်က၊ ဆိုကြပါစို့ အမေရိကန်ကို ကျနော် နားလည်သလောက်က အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီက ကျနော်တို့ အပေါ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ တည်တယ်။ ခက်တာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာ တော်တော့ကို အခြေအနေ ဆိုးတယ်။ လူကို လူသားတယောက်လို မဆက်ဆံဘူး ဆိုကတည်းက ဒါ အခြေအနေက တော်တော်ဆိုးတယ်။ နယ်တွေမှာ ကြုံနေကြတာပဲ။

“ဒါပေမဲ့လည်း ကျနော်တို့က မှန်းကြည့်ရတာ တောက်လျှောက် လုပ်လာကြတယ်ဆိုတာ ပြောင်းလာမလား၊ ပြောင်းလာမလား၊ ဒီလိုမျှော်လင့်ချက်နဲ့ တောက်လျှောက် လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြောင်းလာတာကို မတွေ့ဘူး ဖြစ်နေတယ်။ ၈၈ ပြီးတဲ့ နောက်ပိုင်းမှာလည်း အစိုးရသစ် ဖြစ်လာပြီး နိုင်ငံတော်ကို လူကြီးတွေကလည်း အဲဒီအချိန်မှာ ပြောင်းကြမယ် ပြောတော့ တကယ်ပဲ ပြောင်းမယ် အောက်မေ့ကြတာ။ တကယ်လည်း ပြောင်းမလာပြန်ဘူး။ နောက်တခါ ၂၀၀၄ မှာ ဦးခင်ညွန့်တို့ကို ဖယ်လိုက်ပြီး နောက်ပိုင်း ပြောင်းဖို့ လုပ်ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်း ပြောင်းမလာဘူး။ အခုလည်း သေချာကြည့်၊ ပြောင်းမလာတဲ့အပြင် ပိုဆိုးလာတယ်။”

သံမှူးကြီး ဦးကျော်ဝင်း ကိုယ်တိုင်ဟာလည်း အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ပေမဲ့ တဘက်မှာ နေပြည်တော်ဘက်က သူ့အပေါ် အမြင်မကြည်လာတာကြောင့် ဒီအပေါ်မှာ စိုးရိမ်စိတ်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခွင့် တောင်းခဲ့သူ ဖြစ်ပါတယ်။

အခု ဒီနေ့ အမေရိကန်မှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ ဦးစိုးအောင်ဟာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၇၉ ခုနှစ် ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရင့် အရပ်သား ၀န်ထမ်းတဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ၀ါရှင်တန်မြို့တော် မြန်မာသံရုံးမှာ ပထမ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာသံရုံး၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာသံရုံးတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဦးစိုးအောင်ဟာ ဒီနှစ်ပိုင်းတွေအတွင်း သံမှူးကြီး ဦးကျော်ဝင်းနဲ့ ၂၀၀၅ ခုနှစ်က အမေရိကန်ကားမှာ ခိုလှုံခဲ့တဲ့ ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ပြီးရင် ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကနေ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တဲ့ တတိယမြောက် သံအရာရှိတဦး ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, July 13, 2011

အစိုးရသစ်နှင့် ရက်ပေါင်းတစ်ရာ

မြန်မာနိုင်ငံမှာ နှစ် ၂၀ ​ကျော်ကာလအတွင်း​ ပထမဆုံး​ ကျင်း​ပပြုလုပ်ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲက​နေ အရပ်ဝတ်လဲ ဗိုလ်ချုပ်​ဟောင်း​တွေ အများ​စုပါဝင်ခဲ့​တဲ့​ လွှတ်​တော်အရပ်ရပ်က​နေ ​ရွေး​ချယ်တင်​မြှောက်ခဲ့​တဲ့​ သမ္မတအစိုး​ရ သစ်တရပ် ​ပေါ်​ပေါက်ခဲ့​ပြီဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်​နေ့​မှာ စတင်ပြီး​ ကျမ်း​သစ္စာကျိန်ဆိုခဲ့​တဲ့​ အရင်နအဖစစ်​ကောင်စီရဲ့​ ဝန်ကြီး​ချုပ်၊​ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ သမ္မတအစိုး​ရသစ်ရဲ့​ သက်တမ်း​ဟာ ဇူလိုင်လ ၈ ရက်​နေ့မှာ ရက် ၁၀၀ ပြည့်​မြောက်ပြီ ဖြစ်ပါတယ်။

ဒီအ​ခြေအ​နေ​ တွေနဲ့ ပတ်သက်ပြီး​ အတိုက်အခံ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေ၊​ ကဏ္ဍအသီး​သီး​က ပညာရှင်​တွေနဲ့​ သတင်း​စာဆရာ​တွေရဲ့​ သမ္မတအစိုး​ရအဖွဲ့အ​ပေါ် သုံး​သပ်​ဝေဖန်မှု​တွေကို စုစည်း​တင်ပြ​ပေး​ လိုက်ရပါတယ်။

သမ္မတ တဦး​နဲ့​ သူ့ရဲ့အစိုး​ရအဖွဲ့​ရဲ့လုပ်​ဆောင်ချက်ကို သက်တမ်း​ ရက် ၁၀၀ အတွင်း​ လုပ်​ဆောင်ချက်​တွေနဲ့​ ဆုံး​ဖြတ်တိုင်း​တာဖို့​ မလုံ​လောက်​ပေမယ့်​လည်း​ သမ္မတအစိုး​ရသစ်အ​နေနဲ့​ ​အောက်မှာ ​ဖော်ပြထား​တဲ့​ ​ဝေဖန်မှု​တွေကို သက်တမ်း​ ၅ နှစ်တာကာလအတွင်း​ ​နောက်ထပ်ဘယ်​လောက်အထိ အ​ကောင်အထည် ​ဖော်နိုင်မယ်ဆို​တွေက​တော့​ ​စောင့်​ကြည့်​ရဦး​မှာဖြစ်ပါတယ်။

သမ္မတဦး​သိန်း​စိန်ရဲ့ ကျမ်း​သစ္စာကျိန်ဆိုတဲ့​အခမ်း​အနား​မှာ ​ပြောကြား​ခဲ့​တဲ့​ မိန့်​ခွန်း​တွေထဲမှာ အသွင်ကူး​ပြောင်း​ ​ရေး​နဲ့ ​ပတ်သက်ပြီး​ အ​ခြေခံဥပ​ဒေကို လက်မခံနိုင်​သေး​တဲ့​ သူ​တွေကို လက်ခံလာ​အောင် ​စေတနာ​တွေကို ပြသဖို့အတွက် အ​ရေး​ကြီး​နေသလို မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​အ​ပေါ် သံသယရှိ​နေသူကို အစိုး​ရသစ်အ​နေနဲ့​ ဒီမိုက​ရေစီစနစ်ကို မှန်မှန်ကန်ကန်​ဖော်​ဆောင်ဖို့ သက်​သေပြဖို့ လိုအပ်တယ်လို့ ထည့်​သွင်း​ပြောကြား​ခဲ့​ပါတယ်။ ဒါအပြင် အုပ်ချုပ်မှုစနစ်​တွေနဲ့ ​ပတ်သက်ပြီး​တော့​လည်း​ ဒီမိုက​ရေစီဟာ ​ကောင်း​မွန်တဲ့​ အုပ်ချုပ်မှုစနစ်နဲ့ တွဲဖက်မှာ ​အောင်မြင်နိုင်မှာ ဖြစ်တဲ့​အတွက် ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​ ကာလမှ တာဝန်ယူရတဲ့​ အစိုး​ရအဖွဲ့​အ​နေနဲ့ ​ကောင်း​မွန်​သော အုပ်ချုပ်မှုစနစ် ​ပေါ်​ပေါက်​ရေး​ကို အ​လေး​ထား​ လုပ်​ဆောင်သွား​မယ်လို့လည်း​ ကတိပြုပြောဆိုခဲ့​ပြန်ပါတယ်။ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ဆိုင်တဲ့​ အ​ကြောင်း​ရာ​တွေမှာ ဆိုရင်လည်း​ မြန်မာ့​နိုင်ငံ​ရေး​မှာ အစဉ်အလာလိုဖြစ်​နေတဲ့​ အစိုး​ရနဲ့ အတိုက်အခံဆိုတဲ့​ ပဋိပက္ခအသွင် ​ဆောင်တဲ့​ အမြင်သ​ဘောထား​တွေ မထား​ကြဖို့​လည်း​ ​ပြောကြား​ထား​ပါတယ်။ ဒါ​တွေနဲ့ ​ပတ်သက်ပြီး​ နိုင်ငံ​ရေး​ပါတီအသီး​သီး​ရဲ့​ ရက်တစ်ရာအတွင်း​ အစိုး​ရအဖွဲ့ရဲ့ ​ကောင်အထည်​ဖော်​ဆောင်နိုင်မှု​တွေကို အခုလို ​ဝေဖန်ထား​ကြပါတယ်။

ဦး​ဉာဏ်ဝင်း
ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်


နားဆင်ရန်

100 GOV-1-U NYAN WIN by dvbradio

ဒီကာလမှာ လွှတ်​တော်​ပေါ်​ပေါက်ပြီး​တော့​ အစိုး​ရအဖွဲ့သစ် ဖွဲ့​ပြီး​တဲ့​အခါမှာ အခုအချိန်အထိ ထူး​ခြား​တဲ့​ သိသာတဲ့​ ​ပြောင်း​လဲမှု မ​တွေ့ဘူး​။ သမ္မတကြီး​ရဲ့ မိန့်ခွန်း​တွေမှာ ​ပြောတာ​တွေ ကျ​နော်တို့​လည်း​ ထုတ်​ဖော်​ပြောခဲ့​ပါတယ်။ ကြိုဆိုတယ်၊​ ​ကျေနပ်တယ်။ အဲဒီအတိုင်း​ အ​ကောင်အထည်​ဖော်ဖို့​လည်း​ လိုအပ်တယ်လို့ပဲ ကျနော်တို့ ထပ်​ပြောချင်တယ်။ အခု​နောက်ဆုံး​ ဖြစ်​ပေါ်တဲ့​ ပင်စင်လစာတိုး​တဲ့​ ကိစ္စက​တော့​ ကြိုဆိုပါတယ်။ ​ကောင်း​လည်း​ ​ကောင်း​ပါတယ်။ အမှန်အတိုင်း​ပြောရရင်​တော့​ လစာ​တွေ တိုး​တဲ့​အချိန်ကတည်း​က ပင်စင်​တွေက တိုး​ရမှာ။ လက်​တွေ့​မှာ ပင်စင်စား​တွေ အရမ်း​ဒုက္ခ​ရောက်တယ်၊​ ပင်စင်လစာတိုး​တဲ့​ အမိန့်​ကြောင့်​ အများ​ အကျိုး​ခံစား​ခွင့်​ရတဲ့​အတွက် ကျ​နော်တို့ ကြိုဆိုတယ်လို့ ​ပြောချင်ပါတယ်။

အစိုး​ရမှာလည်း​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ကိစ္စ​တွေနဲ့ ​ပတ်သက်လို့ ရည်ရွယ်ချက် ရှိတယ်လို့​ မိန့်​ခွန်း​တွေအရ ကျ​နော်တို့ ယူဆပါတယ်။ ဒါ​ပေမယ့်​ မဖြစ်​သေး​တဲ့​အတွက် ဖြစ်​အောင်လို့ ကြိုး​စား​ပါလို့ ကျ​နော်တို့​ တိုက်တွန်း​ချင်ပါတယ်။ ကျ​နော်တို့ အ​ကောင်း​ဘက်ပဲ ​မျှော်လင့်​နေကြတယ်။ ပြည်သူကလည်း​ ဒီအတိုင်း​ပဲ ​မျှော်လင့်​ပါတယ်။

ဦး​မျိုး​ညွန့်
ပြော​ရေး​ဆိုခွင့်​ရှိသူ
ဒီမိုက​ရေစီနဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ

နားဆင်ရန်

100 GOV-2-U MYO NYUNT by dvbradio

Political Paradigm (နိုင်ငံ​ရေး​အ​ပြောင်း​အလဲ) တခုလုံး​က​တော့​ ​ပြောင်း​သွား​တာ​ပေါ့​နော်။ ဒါ​ပေမယ့်​ ​ပြောင်း​သွား​သော်လည်း​ပဲ လက်​တွေ့​ဆောင်ရွက်တဲ့​နေရာမှာ အလွန်ကို ​နှေး​နေပြီး​တော့​ နာမည်​တွေ ​ပြောင်း​သွား​တာ။ ဥပမာ အရင်တုန်း​က ​ကော်မတီနဲ့ အုပ်ချုပ်တဲ့​ ရပ်ကွက်​အေး​ချမ်း​သာယာ​ရေး​နဲ့ ဖွံ့​ဖြိုး​ရေး​ မြို့နယ်၊​ ခရိုင်၊​ တိုင်း​၊​ ဗဟိုဆိုတာမျိုး​ ရှိ​ပေမယ့်​ အခု​တော့​ အဲဒါ​တွေ ​ပျောက်သွား​ပြီး​တော့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​၊​ မြို့နယ်အုပ်ချုပ်ရေး​မှူး​ ဒီလိုမျိုး​တော့​ ဖြစ်သွား​တယ်။ ဒါ​ပေမယ့်​ မူလတုန်း​က အ​နေအထား​အတိုင်း​ပဲ။

တရား​စီရင်​ရေး​ ကျ​တော့​လည်း​ သဏ္ဌာန်​တွေ ​ပြောင်း​သွား​သော်လည်း​ အကျင့်​ဓ​လေ့​စရိုက် အ​တော်များ​များ​ တရား​ရုံး​မှာ မူလအတိုင်း​ ​တွေ့​နေရဆဲပါ။ အလွန်​နှေး​ပါတယ်။

ဦး​နေမျိုး​ဝေ
ဥက္ကဋ္ဌ- မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ

နားဆင်ရန်

100 GOV-3-U NAY MYO WAI by dvbradio

ဒီရက်တစ်ရာအတွင်း ​ အစိုး​ရရဲ့​ လုပ်​ဆောင်ချက်​တွေနဲ့ ​ပတ်သက်ရင် ဒီမိုက​ရေစီနဲ့ လူ့​အခွင့်​အ​ရေး​ကို ​ပြောမယ်ဆိုရင် အစိုး​ရသစ်ကို အပြစ်တင်စရာ​တွေ ချည်း​ပဲ။ စာ​ပေစိစစ်​ရေး​မှာ ဆိုရင်လည်း​ ကျ​နော်တို့​ကို ဂျာနယ်​တွေ အင်တာဗျူးတိုင်း​ ဖြုတ်တယ်ဆိုရင် ဒီမိုက​ရေစီနဲ့​ လူ့​အခွင့်​အ​ရေး​ဘက်က ​ပြောရင် အပြစ်တင်စရာ​တွေ ချည်း​ပဲ။ အပြစ်​တွေချည်း​ပဲ တင်​နေရမှာ စိုး​တဲ့​အတွက် ကျ​နော် အဲဒါ​တွေကို မ​ပြောချင်ဘူး​။

ချီး​ကျူး​စရာနဲ့ ​ထောက်ခံစရာဘက်ကို ကျ​နော် ဦး​စွာ ​ပြောမယ်ဆိုရင် ပထမဦး​ဆုံး​အ​နေနဲ့​ ထင်သာမြင်သာ ​ထောက်ခံစရာက​တော့​ ပင်စင်စား​တွေကို အကျိုး​ခံစား​ခွင့်​တွေ တိုး​ပေး​လိုက်တယ် ဆိုတာပါ။ ဒီတခုကလွဲလို့ ကျန်တာ ​ထောက်ခံစရာ ကျ​နော် ရှာလို့​ မ​တွေ့​ပါဘူး​။ ကန့်​ကွက်စရာ​တွေ ​ပြောဖို့ဆိုရင် ကျ​နော်တို့ကိုယ်တိုင် တိုင်​တောဖို့ ရှိပါတယ်။ အဲဒါ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရရဲ့ ကတိကဝတ်​တွေကို မထိန်း​သိမ်း​ဘူး​။ လွှတ်တော်မှာရှိတဲ့​ ​ရေး​ရာ​ကော်မတီ​တွေထဲမှာမှ အစိုး​ရ ကတိကဝတ်​တွေကို ထိန်း​ကျောင်း​တဲ့​ ​ကော်မတီ​တွေကို ကျ​နော်တို့​ ပါတီက​နေ စာတင်ပြီး​ တိုင်ဖို့ ရှိပါတယ်။ အစိုး​ရက ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​တွေနဲ့​ ပတ်သက်လို့ ဘယ်လိုခန့်​ထား​မလဲ။ နိုင်ငံ​ရေး​ပါတီဝင် မဖြစ်ရဆိုတဲ့​ ကတိက ရှိတယ်။ အဲဒါက အစိုး​ရက ​ပေး​တဲ့​ ကတိပါ။ အဲဒီကတိကို မထိန်း​သိမ်း​ဘူး​။ ပြည်ခိုင်ဖြိုး​ပါတီဝင်​တွေကို ခန့်​ထား​တယ်။ အဲဒီကိစ္စလိုဟာမျိုး​က​တော့​ အထူး​တလည် ကန့်​ကွက်စရာ​ပေါ့​ဗျာ။ အဲ​တော့​ ကန့်ကွက်စရာ တခုနဲ့​ ​ထောက်ခံစရာတခုကို နမူနာ​ပေး​ပါတယ်။ ​ထောက်ခံစရာက​တော့​ နမူနာမဟုတ်ဘူး​ဗျာ တခုပဲ ရှိတာကို။ ကန့်​ကွက်စရာ​တွေက​တော့​ အခြား​ဟာ​တွေ ရှိတယ်။ သတင်း​မီဒီယာ လွတ်လပ်ခွင့်​တို့ ဘာတို့​ ပြည်တွင်း​ဂျာနယ်​တွေရဲ့​ ​ရေး​သား​နိုင်စွမ်း​တွေကို တိုး​မြင့်​လာနိုင်စွမ်း​ မရှိဘူး​။

ဦး​ခင်​မောင်​ဆွေ
အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ

နားဆင်ရန်

100 GOV-4-U KHIN MG SWE by dvbradio

စစ်ပွဲ ​တွေ ဖြစ်ရင် ဘယ်သူကပဲ တိုက်တိုက် ဒါကို ကျ​နော်တို့ မလိုလား​ပါဘူး​။ အပြီး​တိုင် ရပ်​စေချင်ပါတယ်။ ဘာကြောင့်​လဲဆိုရင် ​သေနတ်တချက်​ဖောက်ရင် ပြည်တွင်း​စစ်ဆိုတာ ဟိုဘက် ဒီဘက် ကျည်ဆန် နှစ်​တောင့်​ကုန်ပါတယ်။ ကျည်ဆန် နှစ်​တောင့်​ဆိုတာက ကျ​နော်တို့​ သယံဇာတ​တွေက​နေ ကျခံသုံး​စွဲရတဲ့​အတွက် တိုင်းပြည်အတွက် အင်မတန်မှ နစ်နာပါတယ်။ ဒါ​ကြောင့်​မို့လို့ ပြည်တွင်း​စစ် ဖြစ်​နေတဲ့​ဟာ​တွေကို အပြီး​တိုင်ရပ်စဲဖို့ လက်နက်ကိုင်အဖွဲ့အစည်း​ပေါင်း​စုံကို ​ခေါ်ယူ​ဆွေး​နွေးတဲ့​ ပြည်​ထောင်စု ​တွေ့​ဆုံပွဲကြီး​တခု၊​ အမျိုး​သား​တွေ့​ဆုံပွဲကြီး​ တခုကို တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေ၊​ တပ်မ​တော်၊​ နိုင်ငံ​ရေး​ပါတီ​တွေ အစရှိတဲ့​ ပါဝင်ပတ်သက်တာ​တွေ အား​လုံး​ကို ပြည်​ထောင်စု ညီလာခံကြီး​တခု ​ခေါ်ပြီး​ ကတိကဝတ်​တွေ ရ​အောင်ယူပြီး​တော့​ ငြိမ်း​ချမ်း​ရေး​မြေပုံကို ချပြီး​တော့​ ​လျှောက်လှမ်း​ကြမယ်ဆိုရင် ကတိကဝတ် အာမခံချက်​တွေ ရပြီး​တဲ့​အခါမှာ အား​လုံး​ဟာ တညီတည်း​ သွား​နိုင်တဲ့​ အ​နေအထား​ရောက်​အောင် ​ဆောင်ရွက်​စေချင်တယ်လို့​ ကျ​ နော်က​တော့​ ယူဆပါတယ်။ ​ဆောင်ရွက်​စေချင်တဲ့​အတိုင်း​ပဲ နိုင်ငံ​တော် သမ္မတကြီး​ဆီကို ကျ​နော်တို့ ​တောင်း​ဆိုထား​တဲ့​၊​ ပန်ကြား​ထား​တဲ့​ စာ​တွေလည်း​ ရှိခဲ့​ပြီး​ဖြစ်ပါတယ်။”

ကျော်ဝင်း
စာ​ရေး​ဆရာ ပင်တိုင်​ဆောင်း​ပါး​ရှင်

နားဆင်ရန်

100 GOV-5-SAYAR KYAW WIN by dvbradio

ရက် ၁၀၀ အတွင်း​မှာ လုပ်ခဲ့​တဲ့​ သမ္မတ မိန့်​ခွန်း​နဲ့ ဆရာမြင့်​တို့ ​ခေါင်း​ဆောင်တဲ့​ ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်​ရေး​ ဆိုတာ​တွေ​ရော​ပေါ့​။ ဘာပဲ ဖြစ်ဖြစ် အ​ကောင်း​ဘက် ဦး​တည်​နေတယ်လို့​ပဲ ထင်ပါတယ်။ ဒါ​ပေမယ့်​ အပြည့်​အဝ ​အောင်မြင် မ​အောင်မြင် ​တော့​ ကျ​နော်တ​ယောက်တည်း​က​တော့​ မ​ပြောတတ်ဘူး​။ အဲဒီ​တော့​ ​အောင်မြင်ဖို့​၊​ မအောင်မြင်ဖို့ ဆိုတာ နိုင်ငံ​ရေး​ဘက်ကလည်း​ လိုလိမ့်​မယ်​ပေါ့​။ ​နောက် institution ဘက်ကလည်း​ လိုလိမ့်​မယ် ထင်တယ်။ အဲဒါ​တွေဆိုတာကလည်း​ ရက် ၁၀၀ ​လောက်နဲ့​ ဘယ်လိုမှ မ​ကျော်နိုင်တဲ့​ ပြဿနာ​ပေါ့​လေ။ အလား​အလာ ဘယ်လို ဖြစ်မလဲဆိုတာ ကျ​နော်တဦး​တည်း​ ​ပြောမယ်ဆိုရင် သိပ်မလုံ​လောက်ဘူး​လို့​ ထင်တယ်။ အခု အချိန်မှာ အ​ကောင်း​ဘက် သယ်လာတယ်ဆိုတာ​လောက် ​ပြောနိုင်မယ်၊​ ဘယ်​လောက် ​အောင်မြင်မယ် မအောင်မြင်မယ်ဆိုတာ မ​ပြောနိုင်ဘူး​။ အဆိုး​တွေလည်း​ သိပ်မမြင်​စေချင်ဘူး​။ ဘာဖြစ်လို့လဲဆို​တော့​ ဗမာပြည်မှာ လုပ်သင့်​လုပ်ထိုက်တာ​တွေ အများ​ကြီး​ပဲကိုး​။ ဘယ်ကစလုပ်ရမှန်း​ မသိ​လောက်​အောင်ကို များ​နေတဲ့​အချိန် ဘယ်အစိုး​ရ တက်တက် အခက်အခဲ​တော့​ ​တော်​တော်ကြီး​လိမ့်​မယ်။ ဘာဖြစ်လို့လဲဆို​တော့​ သမိုင်း​ရဲ့​ ဆိုး​မွေ​တွေက အင်အား​စုတိုင်း​မှာ ရှိတာကိုး​။ ဒါ​တွေကို ​ကျော်ဖို့က သိပ်လွယ်တာ မဟုတ်ဘူး​။ အချိန်ကာလတခုကို စိတ်ရှည်လက်ရှည် သွား​ရမယ့်​သ​ဘော ရှိတယ်ထင်တယ်။


ပညာ​ရေး​ကဏ္ဍ

ပညာ​ရေး​ကဏ္ဍနဲ့ ​ ပတ်သက်ပြီး​ သမ္မတဦး​သိန်း​စိန် ​ပြောကြား​ခဲ့​တဲ့​ ပထမဆုံး​မိန့်​ခွန်း​ထဲမှာ​တော့​ တက္ကသိုလ်​တွေနဲ့ ​ကျောင်း​တွေရဲ့ အရည်အ​သွေး​ မြင့်​မား​ရေး​၊​ ပညာ​ရေး​ ဝန်ထမ်း​တွေရဲ့ အရည်အချင်း​နဲ့ လူမှုစီး​ပွား​ဘဝ မြင့်​မား​ရေး​၊​ ​ကျောင်း​နေမှုနှုန်း​ မြင့်​မား​ရေး​တွေကို လုပ်​ဆောင်သွား​မယ်လို့​ ကတိပြုခဲ့​ပါတယ်။

ဒါ့​အပြင် နိုင်ငံတကာအဖွဲ့အစည်း​တွေ၊​ အိုင်အင်န်ဂျီအို​တွေနဲ့​ လူမှု​ရေး​အသင်း​အဖွဲ့တွေနဲ့ ပူး​ပေါင်း​ ​ဆောင်ရွက်သွား​မှာ ဖြစ်တဲ့​အပြင် ပညာသင်​ထောက်ပံ့​ကြေး​စနစ်နဲ့​ ပြည်ပမှာ ပညာ​တော်သင်ဆုများ​ရရှိ​ရေး​တွေကို ​ဆောင်ရွက်သွား​မယ်လို့လည်း​ ​ပြောကြား​သွား​ပါတယ်။ ဒီလို ကတိပြု​ပြောကြား​ခဲ့​တာ​တွေနဲ့​ ပတ်သက်ပြီး​ အစိုး​ရသစ်ရဲ့ သက်တမ်း​ ရက်​ပေါင်း​ တရာအတွင်း​ အစိုး​ရသစ်ရဲ့ ပြည်​ထောင်စုပညာ​ရေး​ဝန်ကြီး​ဌာနရဲ့​ အကောင်အထည် ​ဖော်​ဆောင်မှု​တွေအ​ပေါ် …

ဒေါက်တာခင်​မောင်ညို
စာ​ရေး​ဆရာ အယ်ဒီတာ (အငြိမ်း​စား​ ကထိက)

နားဆင်ရန်

100 GOV-6-DR KHIN MG NYO by dvbradio

ကျူရှင်မ ​ပေး​ရဘူး​လို့ ဆရာမ​တွေကို ​ပြော​ပေမယ့်​၊​ ​ကျောင်း​အုပ်ကြီး​တွေ ပိုက်ဆံ မ​ကောက်ရဘူး​လို့​ ​ပြော​ပေမယ့်​ ဒီ​ကျောင်း​ကို run ဖို့အတွက် ဘာ​တွေလုပ်ရမယ့်​ ဆရာမ​တွေကို ဘာ​တွေ လုပ်​ပေး​ရမယ်။ ညွှန်ကြား​ချက် မရှိဘူး​။ လုပ်သမျှဟာ ဆရာ၊​ ဆရာမ​တွေကို ဂုဏ်သိက္ခာကျ​အောင် လုပ်သလို ဖြစ်​နေ​တော့​ ကျ​နော်တို့ အချင်း​ချင်း​ ညီညွတ်မှု​တွေ အား​နည်း​သွား​တယ်။ တ​ယောက်နဲ့ တ​ယောက် ယုံကြည်မှု အား​နည်း​သွား​တယ်။ အန်ဂျီအိုလည်း​ မသိမသာ​လေး​ပဲ။ အရမ်း​အား​ပေး​တာ မဟုတ်ဘူး​။ သူ့ရဲ့ အာဏာ​တွေ ​လျော့​သွား​မှာစိုး​လို့ အား​မ​ပေး​တာ ရှိတယ်။ ဥပမာ စင်ကာပူမှာဆိုရင် မစ္စတာဟန်း ​ပေါ့​ဗျာ။ တက်လာတာနဲ့ ​ကျောင်း​အုပ်ကြီး​တွေဆီက​နေ ဘာ​တွေလဲ ဆိုတာကို ဘာ​တွေဖြစ်​နေလဲဆိုတာ အ​ကြောင်း​အရာ​တွေကို အီး​မေလ်နဲ့​ လှမ်း​ပြီး​ ​တောင်း​လိုက်တယ်။ ​တောင်း​ပြီး​တော့​ ​ကျောင်း​တွေမှာ ဖြစ်တဲ့​ဟာ​တွေကို အကုန်လုံး​ကို သိတယ်။ ဆရာဆရာမ​တွေကလည်း​ ဝန်ကြီး​ဆီကို ပို့တယ်။ ​ကျောင်း​သား​မိဘ​တွေကလည်း​ ဝန်ကြီး​ဆီ ပို့တယ်ဆို​တော့​ အား​လုံး​ တခုနဲ့​တခု အချိတ်အဆက်မိပြီး​တော့​ အဆင်​ပြေစရာ အ​ကြောင်း​ရှိတာ​ပေါ့​။ ကျ​နော်တို့ ဝန်ကြီး​က ဘုရား​ရွှေချပြီး​တော့​ ဒီအတိုင်း​နေရင် သတင်း​စာအဖုံး​မှာ ​တွေ့​တာ​လေး​ပါ။ အဲ​လောက်နဲ့​ မရဘူး​။ သူက ကွင်း​ဆင်း​ပြီး​ အကုန်လုံး​ လုပ်သင့်​တယ်လို့​ ကျ​နော်ထင်တယ်။ လုပ်နည်း​လုပ်ဟန် မမှန်ရင်​တော့​ ဘာပဲဖြစ်ဖြစ်​ပေါ့​။ ဥပမာ မန္တ​လေး​သွား​ချင်ရင် ​မြောက်ဘက်ကို သွား​မှ ရမှာ​ပေါ့​။ ​တောင်ဘက်သွား​ရင် ​မော်လမြိုင်ပဲ ​ရောက်မှာ​ပေါ့​။ သွား​တဲ့​လမ်း​က မှန်​အောင်​တော့​ အရင်တည့်​ပေး​ရမှာ​ပေါ့​။ လမ်း​မတည့်​လို့က​တော့​ ရက် ၁၀၀ သွား​သွား​၊​ ရက် ၁၀၀၀ သွား​သွား​ ထူး​မှာ​တော့​ မဟုတ်ဘူး​။


စာနယ်ဇင်း​ကဏ္ဍ

သမ္မတသစ် ဦး​သိန်း​စိန်ဖြစ်လာတဲ့​ ဝန်ကြီး​ချုပ်နဲ့​ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​သိန်း​စိန်က သူ့​ရဲ့ မိန့်​ခွန်း​တွေ ထဲမှာ စာနယ်ဇင်း​တွေရဲ့ ကဏ္ဍနဲ့ ပတ်သက်ပြီး​တော့​ အထူး​အ​လေး​ထား​ဖို့​နဲ့ ထည့်​သွင်း​ပြောကြား​ခဲ့​သလို ဖွဲ့​စည်း​ပုံအခြေခံဥပ​ဒေပါ ပြဋ္ဌာန်း​ချက်​တွေနဲ့​အညီ ​ခေတ်စနစ်နဲ့ မ​လျော်ညီ​တော့​တဲ့​ စာနယ်ဇင်း​ ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်း​မယ်ဆိုတဲ့​ အချက်ကိုလည်း​ အ​လေး​အနက်ထား​ ကတိပြုပြောကြား​ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ လည်း​ အစိုး​ရသစ်ရဲ့​ သ​ဘောထား​ဟာ အရင်စစ်​ကောင်စီ​ခေတ်ကလို ထူး​ခြား​တဲ့​ပြောင်း​လဲမှု မရှိဘူး​ဆိုတာ ထင်သာမြင်သာရှိရှိပြသ​နေတဲ့​အချက်တချက်က​တော့​ ဒီမိုက​ရေစီစနစ်ကို ​ဖော်​ဆောင်​နေပါတယ်လို့​ ​ကြွေး​ကြော်​နေတဲ့​ အစိုး​ရကိုယ်တိုင် အစိုး​ရပိုင်မီဒီယာ​တွေမှာ သ​ဘောထား​မတူညီတဲ့​ နိုင်ငံ​ရေး​အင်အား​စု​တွေနဲ့​ ပြည်ပအ​ခြေစိုက်မီဒီယာ​တွေကို ​ဝေဖန်ထိုး​နှက် တိုက်ခိုက်တဲ့​ ​ဆောင်း​ပါး​တွေအပါအဝင် ​ဆောင်ပုဒ်​တွေ၊​ ​ကြွေး​ကြော်သံ​တွေလည်း​ အခုအထိ ​ဖော်ပြ​နေဆဲဖြစ်​နေတဲ့​အချက်လို့ ဆိုရင်မှား​နိုင်မယ် မထင်ပါဘူး​။

ဒါ​ပေမယ့်​ လည်း​ အစိုး​ရသက်တမ်း​ ရက်တရာသက်တမ်း​အတွင်း​မှာ​တော့​ ထူး​ခြား​မှုတခုအ​နေနဲ့ အမျိုး​အစား​အလိုက် စာနယ်ဇင်း​တချို့​ စာ​ပေစိစစ်​ရေး​ကို တင်ပြစရာမလို​တော့​တဲ့​ မူသစ်တချို့ ​ပေါ်​ပေါက်လာတာ ​တွေ့​ရပါတယ်။ ဒါ​ပေမယ့်​လည်း​ ဒီလို​ပြောင်း​လဲလိုက်ဟာလည်း​ စာနယ်ဇင်း​တွေကို နည်း​လမ်း​တမျိုး​နဲ့ ထပ်မံထိန်း​ချုပ်လာတဲ့​ သ​ဘောဖြစ်​နေတယ်လို့​ ​ဝေဖန်မှု​တွေလည်း​ အများ​အပြား​ ရှိ​နေပါတယ်။ စာနယ်ဇင်း​ဥပ​ဒေအချို့ကို ပြင်ဆင် ပြဋ္ဌာန်း​မယ်လို့​ ဆိုခဲ့​ပေမယ့်​လည်း​ လက်ရှိအ​ခြေအ​နေမှာ​တော့​ ဥပ​ဒေမူကြမ်း​ ​ရေး​ဆွဲတဲ့​အဆင့်​ကို​တောင် ​ရောက်ရှိလာတာ မ​တွေ့​ရ​သေး​ပါဘူး​။ ဒီလို အစိုး​ရသစ်သက်တမ်း​ ရက် ၁၀၀ အတွင်း​စာနယ်ဇင်း​ကဏ္ဍက အ​ပြောင်း​အလဲ​တွေအ​ပေါ် . . .

ဦး​ကိုကို-စက်မှုတက္ကသိုလ်
အယ်ဒီတာချုပ် (ရန်ကုန်တိုင်း​မ်နှင့်​ ဖလား​ဝါး​နယူး​ဂျာနယ်)
အ​ထွေ​ထွေအတွင်း​ရေး​မှူး​ (မြန်မာနိုင်ငံစာ​ပေနှင့်​ စာနယ်ဇင်း​အဖွဲ့​)

နားဆင်ရန်

100 GOV-7-U KO KO by dvbradio

“​ပြောင်း​လဲမှု အနည်း​အကျဉ်း​လေး​တွေ​တော့​ ​တွေ့​ရပါတယ်။ သို့​သော် အဲဒီ​ပြောင်း​လဲမှု အနည်း​ကျဉ်း​က သိပ်ပြီး​တော့​ သိသာ​သော ခံစား​မှုမျိုး​ကို မ​ပေး​နိုင်​သေး​ဘူး​ဗျ။ အား​ကစား​လိုဟာမျိုး​၊​ ရုပ်ရှင်မင်း​သမီး​မင်း​သား​တွေပါတဲ့​ ​ဖျော်​ဖြေ​ရေး​လိုဟာမျိုး​က ဘာမှ sensative သိပ်ဖြစ်တဲ့​ (အထိမခံတဲ့​) ကိစ္စမျိုး​ မဟုတ်ဘူး​ခင်ဗျ။ အဲဒီဟာမျိုး​တွေ ​ပေး​လိုက်တယ်ဆိုတာထက် တကယ့်​ တိုင်း​ပြည်အတွက် တကယ်အ​ရေး​ကြီး​တဲ့​၊​ တိုင်း​ပြည်အတွက် တကယ့်​လိုအပ်​နေတာ​တွေကို ကျ​နော်တို့​ ​ရေး​လို့ရမယ့်​ စီး​ပွား​ရေး​လိုဟာမျိုး​၊​ ပညာ​ရေး​လို ဟာမျိုး​ပေါ့​ဗျာ အဲဒါမျိုး​ကအစ ကျ​နော်တို့ ​ရေး​သား​ခွင့်​ရလာရင်​တော့​ အဲဒါက တကယ့်​ ​ပြောင်း​လဲမှုကြီး​တခုလို့တော့​ ကျ​နော်က​တော့​ မြင်တယ်။ ​လော​လောဆယ်​တော့​ ဒီဟာ​လေး​ ၆ ခု​လောက်က​တော့​ ဘာမှမရှိတာထက် စာရင်​တော့​ ရှိလာတာက​တော့​ ကြိုဆိုရ မှာဖြစ်ပါတယ်။ သို့သော် တကယ့်​ ဒီမိုက​ရေစီနိုင်ငံ တနိုင်ငံမှာ ရှိသင့်​ရှိထိုက်တဲ့​ စာ​ပေဆိုင်ရာ၊​ စတုတ္ထမဏ္ဍိုင် အခင်း​အကျင်း​နဲ့ နှိုင်း​ယှဉ်မယ်ဆိုရင်​တော့​ အများ​ကြီး​သွား​ဖို့​ လိုမယ်။ ဒါက​တော့​ ကျနော်တို့​ ပုဂ္ဂလိကမီဒီယာအပိုင်း​။ နိုင်ငံ​တော်ပိုင် မီဒီယာအပိုင်း​မှာလည်း​ သတင်း​စာ​တွေ၊​ ရုပ်မြင်သံကြား​တွေရဲ့​ တင်ဆက်ပုံ​တွေက ယခုထက်စာရင် ပိုပြီး​တော့​ ​ပြောင်း​လဲသင့်​တယ်လို့​ ကျ​နော်မြင်တယ်။ ရုပ်မြင်သံကြား​သတင်း​ တင်ဆက်ထုတ်လွှင့်​ပုံ​တွေ၊​ သတင်း​စာ​တွေရဲ့​ တင်ဆက်ပုံ​တွေကလည်း​ ​ပြောင်း​လဲလာဖို့ ​ကောင်း​ပြီလို့ ကျနော်မြင်တယ်။ ခြုံငုံပြီး​ပြောမယ်ဆိုရင်​တော့​ မီဒီယာ​လောကမှာ​တော့​ ဒီ ရက် ၁၀၀ အတွင်း​မှာ တချို့​သော ပြုပြင်မှု​လေး​တွေ​တော့​ စပြီး​ ​တော့​ ​တွေ့​တယ်။ သို့​သော် ဒီမိုက​ရေစီနိုင်ငံ တနိုင်ငံမှာ ရှိသင့်​ရှိထိုက်တဲ့​ မီဒီဒီယာတခုရဲ့​ အခင်း​အကျင်း​တခုအ​နေနဲ့ နှိုင်း​ယှဉ်သုံး​သပ်မယ်ဆိုရင်​တော့​ ကျ​နော်တို့ မီဒီယာ​လောက သွား​ရမယ့်​ခရီး​က အ​ဝေး​ကြီး​ အရှည်ကြီး​ သွား​ဖို့​တော့​လိုဦး​မယ်။ အခုက စာ​ပေစိစစ်​ရေး​နဲ့ ပတ်သက်တဲ့​ အရင်ရှိခဲ့​တဲ့​ ဥပ​ဒေ​တွေကိုပဲ ပြန်လည် ကျင့်​သုံး​နေ တာဖြစ်တယ်။ အဲဒီ​တော့​ ဒီဥပ​ဒေ​တွေကို ပြန်လည်ပြုပြင်ဖို့​ လိုမယ်။ တချို့နိုင်ငံ​တွေမှာလို ပရိုက်ဗိတ်မီဒီယာနဲ့​ ပတ်သက်တဲ့​ Law ​ပေါ့​ဗျာ၊​ ဥပ​ဒေတခုကို ကျ​နော်တို့​ ပြဌာန်း​ဖို့ ​လိုမယ်။ အဲဒီ​တော့​ နှစ်ခု​ပေါ့​၊​ ကျ​နော် ​ပြောချင်တာက​တော့​ အ​ခြေခံဥပ​ဒေမှာ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်တဲ့​ အခန်း​ကဏ္ဍတခု ထည့်​သွင်း​ပေး​ရင် ​ကောင်း​မယ်။ ​နောက်တခါ အား​လုံး​ကို လက်​တွေ့​အသုံး​ချနိုင်ဖို့အတွက် တကယ့်​လက်​တွေ့​ လုပ်ဖို့​ မီဒီယာနဲ့​ပတ်သက်တဲ့​ ဥပ​ဒေ​တွေ ​ပေါ်လာမယ်ဆိုရင်​တော့​ အဲဒီဥပ​ဒေ​တွေကလည်း​ ဒီမိုက​ရေစီစနစ်နဲ့ လိုက်​လျောညီ​ထွေဖြစ်​စေမယ့်​ မီဒီယာပတ်ဝန်း​ကျင်ကို ရုပ်လုံး​ဖော်​ပေး​ နိုင်တဲ့​ ဥပ​ဒေမျိုး​ ဖြစ်ဖို့​တော့​ လိုတာ​ပေါ့​။ အဲဒီလိုမျိုး​ ဥပ​ဒေ​တွေကို ပြဌာန်း​ပေး​မှသာလျှင် အဲဒီဥပ​ဒေ​တွေအတိုင်း​ သွား​ပြီး​တော့​ ​ဆောင်ရွက်လို့ ရမှာဖြစ်ပါတယ်။ ​လော​လောဆယ် ​တော့​ အဲဒါ​တွေ မရှိ​သေး​တဲ့​အတွက်​ကြောင့်​ အခုထက်ထိက​တော့​ အ​ခြေအ​နေ အချိန်အခါ ​ပေါ်မှာ မူတည်ပြီး​တော့​ သွား​နေရတဲ့​ အ​နေအထား​မျိုး​ ရှိပါ​သေး​တယ်။


နိုင်ငံ​ရေး​အကျဉ်း​သား

သမ္မတဖြစ်တဲ့​ ဦး​သိန်း​စိန်က သူ့​ရဲ့ ပထမဆုံး​မိန့်​ခွန်း​ထဲမှာပဲ လူ့​အခွင့်​အ​ရေး​တွေနဲ့​ပတ်သက်ပြီး​ အ​ခြေခံဥပ​ဒေနဲ့​အညီ ကျင့်​သုံး​နိုင်​ရေး​ဟာ အစိုး​ရသစ်ရဲ့​ ဦး​စား​ပေး​လုပ်ငန်း​ဖြစ်လို့​ အဓိကထား​ ​ပြောကြား​ခဲ့​ပါတယ်။ ဒါ့​အပြင် နိုင်ငံ​ရေး​နဲ့ ​ပတ်သက်ပြီး​တော့​လည်း​ မတူညီတဲ့​အမြင်​တွေ ရှိ​နေကြ​စေကာမူ မြန်မာ့​နိုင်ငံ​ရေး​မှာ အစဉ်အလာလို ဖြစ်နေတဲ့​ အစိုး​ရနဲ့ အတိုက်အခံ ဆိုတဲ့​ ပဋိပက္ခအသွင်​ဆောင်တဲ့​ အမြင်သ​ဘောထား​တွေ မထား​ကြဘဲ အမျိုး​သား​အကျိုး​စီး​ပွား​အတွက် တူညီတဲ့​ လုပ်ငန်း​စဉ်​တွေကို ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ ဒီမိုက​ရေစီကျင့်​စဉ်​တွေနဲ့အညီ အပြန်အလှန်အ​လေး​ထား​ ဆက်ဆံကြဖို့​ဆိုတဲ့​ အချက်​တွေကိုလည်း​ ထည့်​သွင်း​ ​ပြောကြား​ခဲ့​ပြန်ပါတယ်။ ဒီလို ​ပြောကြား​ခဲ့​ပေမယ့်​လည်း​ မြန်မာ့​နိုင်ငံ​ရေး​ရဲ့​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​အတွက် အဓိကကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကိစ္စ​တွေကို​တော့​ အစိုး​ရသစ်အ​နေနဲ့ အရင်စစ်အစိုး​ရ ပုံစံအတိုင်း​ ထုတ်​ဖော်​ပြောဆိုတာကို မ​တွေ့​ရ​သေး​သလို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​တဲ့​နေရာမှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ပါဝင်တာမျိုး​ မရှိ​သေး​ပါဘူး​။

အစိုး​ရသစ်ဟာ အာဏာလွှဲ​ပြောင်း​ယူပြီး​ မကြာခင်မှာပဲ ​မေလ (၁၆) ရက်​နေ့​မှာ အမိန့်ကြညာစာအမှတ် (၂၈/၂၀၁၁) နဲ့ သမ္မတက လွတ်ငြိမ်း​ချမ်း​သာခွင့်​တွေကို​တော့​ ​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​လည်း​ ဒီထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အနည်း​ငယ်သာပါဝင်ပြီး​ ပြစ်မှု​တွေနဲ့​ ​ထောင်ဒဏ်ကျခံ​နေရသူအများ​စုနဲ့ လွတ်ရက်​စေ့​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ အနည်း​ပဲ ပါဝင်လာခဲ့​ပါတယ်။ ဒီအ​ပေါ်ကိုလည်း​ သမ္မတရဲ့​ ပထမဆုံး​လွတ်ငြိမ်း​ချမ်း​သာ ခွင့်​နဲ့​ပတ်သက်ပြီး​ အတိုက်အခံနိုင်ငံ​ရေး​ အင်အား​စု​တွေ အပြင်း​အထန် ​ဝေဖန်​နေကြတဲ့​အချိန်မှာပဲ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ဝင် တဦး​ဖြစ်တဲ့​ ​ဒေါက်တာ​နေဇင်လတ်က ဒီလွတ်ငြိမ်း​သာခွင့်​ဟာ ပဏာမအဆင့်​သာ ဖြစ်တယ်လို့​ ​ပြောကြား​ခဲ့​ပါတယ်။

ဒါ့​အပြင် ဖွဲ့စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ (၅) အုပ်ချုပ်​ရေး​၊​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​၊​ သမ္မတ၏ တာဝန်နှင့်​ လုပ်ပိုင်ခွင့်​များ​ ပုဒ်မ ၂၀၄ မှာ​တော့​ (က) နိုင်ငံ​တော်သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်း​ခွင့်​ ​ပေး​ပိုင်ခွင့်​ရှိသလို (ခ) သမ္မတကပဲ ကာကွယ်​ရေး​ဦး​စီး​ချုပ်နဲ့​ လွှတ်​တော်ဥက္ကဋ္ဌ​တွေပါဝင်တဲ့​ အမျိုး​သား​ကာကွယ်​ရေး​နှင့်​ လုံခြုံရေး​ကောင်စီရဲ့​ ​ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ပိုင်ခွင့်​ရှိတယ်လို့ ​ဖော်ပြထား​တာ​ကြောင့်​ ယုံကြည်ချက်​တွေ​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ထပ်မံလွှတ်​ပေး​ဖို့ အတိုက်အခံ နိုင်ငံ​ရေး​အင်အား​စု​တွေက ထပ်မံ​မျှော်လင့်​နေကြတဲ့​ အ​ခြေအ​နေမျိုး​တွေ ရှိ​နေပါတယ်။

မြန်မာနိုင်ငံ ​ဒေသအနှံ့​အပြား​က အကျဉ်း​ထောင်​တွေမှာ စစ်အစိုး​ရလက်ထက်​တွေက နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ခံထား​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ နှစ်​ထောင်​ကျော် ရှိ​နေဆဲဖြစ်ပြီး​ သူတို့ကို အမြန်ဆုံး​လွှတ်​ပေး​ဖို့ ပြည်တွင်း​၊​ ပြည်ပနိုင်ငံ​ရေး​ အင်အား​စု​တွေအပါအဝင် နိုင်ငံတကာက ​တောင်း​ဆို​နေ​ပေမယ့်​လည်း​ သက်တမ်း​ ရက် ၁၀၀ ​ကျော်တဲ့​အထိ တစုံတရာ တိုး​တက်မှု​တော့​ မရှိ​သေး​ပါဘူး​။ ဒီအ​ခြေအ​နေ​တွေအ​ပေါ်…

ကိုဖြိုး​မင်း​သိန်း
၈၈ မျိုး​ဆက် နိုင်ငံအကျဉ်း​သား​ဟောင်း
နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ လက်မှတ်​ရေး​ထိုး​လှုပ်ရှား​မှု ဦး​ဆောင်ပြုလုပ်​နေသူ

နားဆင်ရန်

100 GOV-8-KO PHYO MIN THEIN by dvbradio

အခု ​နေချိန်မှာ ​ပြောမယ်ဆိုရင် ရက်​ပေါင်း​ ၁၀၀ ရှိသွား​ပြီ။ ဒီမိုက​ရေစီအစိုး​ရ သစ်​တွေတိုင်း​မှာ အစိုး​ရသစ်တရပ် ထွက်​ပေါ်လာပြီဆိုရင် ရက်​ပေါင်း​ ၁၀၀ အတွင်း​မှာ သူတို့ ​ပြောထား​တဲ့​ မူဝါဒ​တွေ၊​ ​ပေါ်လစီ​တွေ ဘယ်လိုရုပ်လုံး​ဖော်မလဲ ဆိုတာကို ​စောင့်​ကြည့်​ကြတဲ့​သ​ဘော ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ အရပ်သား​အစိုး​ရသစ် အခု ဦး​သိန်း​စိန်အစိုး​ရ တက်လာပြီး​တဲ့​အချိန်မှာ နိုင်ငံ​တော် သမ္မတကြီး​ရဲ့​ ပထမဆုံး​ မိန့်ခွန်း​ပေါ့​။ ဒီမိန့်ခွန်း​ကို ကြည့်​မယ်ဆိုရင် ​ကောင်း​မွန်တဲ့​ မူဝါဒ​တွေ ​တွေ့​ပါတယ်။ ဒါ​ပေမယ့်​ လက်​တွေ့​အ​နေအထား​ရ အ​ကောင်အထည်​ဖော်မှု ​တွေက​တော့​ အ​တော်ကို အား​နည်း​နေတယ်။ ဒီထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ကိစ္စ​တွေကလည်း​ ပြဿနာထဲမှာ ပါပါတယ်။ အတိုက်အခံ အင်အား​စု​တွေကို အသိအမှတ်ပြုမယ်။ အတိုက်အခံ အင်အား​စု​တွေနဲ့​ ​ပြေလည်​အောင် ​ဆောင်ရွက်မယ်ဆိုတဲ့​ အ​ခြေအ​နေ​ပေါ်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဖို့ လိုအပ်ပါတယ်။ ဒါ​ပေမယ့်​ အခုအ​ခြေအ​နေအထိ ဒီမိုက​ရေစီအင်အား​စု​တွေအ​ပေါ်မှာ ထားရှိတယ်ဆိုတဲ့​ စစ်အစိုး​ရရဲ့​ သ​ဘောထား​က လက်ရှိ စစ်အစိုး​ရက​နေ အရပ်သား​အစိုး​ရကို ​ပြောင်း​လာတဲ့​ အစိုး​ရရဲ့ ​ဆောင်ရွက်မှုဟာ အား​နည်း​နေ​သေး​တယ်လို့ ကျ​နော်ထင်တယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ထပ်မံလွှတ်​ပေး​ဖို့​ လိုအပ်တယ်။ ဒီအ​ခြေအ​နေဟာ မြန်မာ့​နိုင်ငံ​ရေး​ရဲ့ ​ကောင်း​မြတ်တဲ့​ ပထမ​ခြေလှမ်း​ ဖြစ်လိမ့်​မယ်။ အခုအ​ခြေအ​နေထိက​တော့​ နဂိုအစိုး​ရ​ဟောင်း​ရဲ့​ ပုံသဏ္ဌာန်ထဲက မရုန်း​ထွက်နိုင်​သေး​ဘူး​လို့ ကျ​နော်ထင်ပါတယ်။ ကျ​နော်တို့​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ ကိစ္စ​တွေကို ဆက်လက်ပြီး​တော့​ ကြိုး​ပမ်း​သွား​မှာပါ။ ဒီအ​ခြေအ​နေ​တွေကိုလည်း​ အရှိန်အဟုန်မြှင့်​ ကြိုး​ပမ်း​သွား​နိုင်ဖို့​လည်း​ မြို့နယ်အလိုက်​တွေမှာပါ ဆက်ပြီး​တော့​ ကြိုး​ပမ်း​နေပါတယ်။ ဒီအပြင်ကို ​ရှေ့ဆက်ပြီး​တော့​ ဒီမိုက​ရေစီ အင်အား​စု​တွေဘက်က ညီညီညွတ်ညွတ်နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​လွတ်​မြောက်ဖို့ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲဖြစ်ဖို့အတွက် အ​ခြေအ​နေအရပ်ရပ်​တွေကို ဆက်လက်ကြိုး​ပမ်း​ဖို့​အတွက် အစုအဖွဲ့​တွေကို ​ပေါင်း​ပြီး​တော့​ ဘယ်လိုဆက်သွား​ကြမယ်ဆိုတာ​တွေကို ဆုံး​ဖြတ်မှာပါ။

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၄)

(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး

အချုပ်အခြာအာဏာ ဆိုတဲ့ သဘောတရားကို ဥရောပမှာ ဖြစ်ပွားခဲ့တဲ့ နှစ်သုံးဆယ်စစ်ပွဲအပြီး (၁၆၄၈) ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ Westphalia Treaty မှာ စတင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။ (၁၉၃၃) ခုနှစ်မှာ ကျင်းပခဲ့တဲ့ Montevideo Convention on Rights and Duties of States of 1933, Article 1) မှာ နိုင်ငံတနိုင်ငံမှာ နယ်မြေ၊ လူဦးရေနဲ့ အချုပ်အခြာအာဏာရှိသော အစိုးရ၊ အခြားသော နိုင်ငံများနှင့် နိုင်ငံတကာ ဆက်ဆံရေး ထူထောင်နိုင်သော စွမ်းရည် စတဲ့ လိုအပ်ချက်တွေ ရှိဖို့ လိုအပ်ကြောင်း ကြေငြာပြီး အချုပ်အခြာအာဏာ သဘော တရားကို ထပ်မံအတည်ပြုခဲ့ပါတယ်။ ၂၁ ရာစုမှာ အချုပ်အခြာအာဏာ သဘောတရားနဲ့ သွေဖည်ဆန့်ကျင်တဲ့ သဘောတရားသစ်တွေ ထပ်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ ထင်ရှားတဲ့ သဘောတရားတွေကတော့ လူသားလုံခြုံရေး (human security)၊ လူသားချင်းစာနာမှုဖြင့် ၀င်ရောက် စွက်ဖက်ခြင်း (humanitarian intervention)၊ နိုင်ငံတကာ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ တိုးချဲ့ခြင်း (expansion of the role of global civil society) စတာတွေ ဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အချုပ်အခြာအာဏာဆိုတာကို realist paradigm ကနေ သုံးသပ် လေ့လာကြပါတယ်။ ဒီရှုထောင့်အရ ကမ္ဘာပေါ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာရှိသော တိုင်းပြည်များ စုဖွဲ့ဖြစ်တည်နေပြီး၊ ဒီတိုင်းပြည်တွေဟာ သက်ဆိုင်ရာဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအပေါ်မှာ အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သော စွမ်းရည်ရှိပါတယ်။ ဒါကို ပြည်တွင်း အချုပ်အခြာအာဏာ (internal sovereignty) လို့ ခေါ်ဆိုကြပါတယ်။ သို့ပေမယ့် တိုင်းနိုင်ငံတခုဟာ သက်ဆိုင်ရာနယ်မြေနှင့် လူထုကို ထိန်းချုပ်နိုင်ရုံနဲ့ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ မဆိုနိုင်ပါဘူး။ အချုပ်အခြာအာဏာရှိသော နိုင်ငံအဖြစ် နိုင်ငံတကာစနစ် အတွင်းမှာရှိတဲ့ အခြားနိုင်ငံများက အသိအမှတ်ပြုမှသာ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ ဆိုနိုင်ပါတယ်။ ဒါကို ပြည်ပအချုပ်အခြာအာဏာ (external sovereignty) လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ပြည်တွင်းအချုပ်အခြာအာဏာဟာ domestic order နဲ့ ဆက်စပ်နေပါတယ်။ ရှေးပဝေသဏီကာလများက အစပြုလို့ ၁၉ရာစု ခေတ်ကာလအထိ အချုပ်အခြာအာဏာဟာ အာဏာကျင့်သုံးမှုဆိုင်ရာ အမျိုးအစားတမျိုးပဲ ဖြစ်ပါတယ်။ တိုင်းနိုင်ငံ တခုအတွင်းမှာ အုပ်ချုပ်ရေး ခိုင်မာတည်တံ့ဖို့အတွက် အုပ်ချုပ်ရေးအာဏာ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်သူနဲ့ ပြည်သူအကြားက ဆက်နွယ်မှုဟာ အာဏာကျင့်သုံးမှု ဖြစ်ပြီး၊ ဒီမိုကရေစီ အခြေခံသဘောတရားများအရ ဒီအာဏာက ပြည်သူဆီက သက်ဆင်းပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအာဏာဟာ (၁၆၄၈) ခုနှစ်ကတည်းက နိုင်ငံတကာဆက်ဆံရေးရဲ့ pillar တခု ဖြစ်လာခဲ့ပါတယ်။

နောက်တချက်ကတော့ နယ်မြေပိုင်နက် ဖြစ်ပါတယ်။ အချုပ်အခြာအာဏာ သဘောတရားအရ တိုင်းနိုင်ငံတခု (nation-state) အဖြစ် သတ်မှတ်ကြေငြာမှုမှာ နယ်မြေပိုင်နက်ရှိဖို့ လိုအပ်ပါတယ်။ ပါလက်စတိုင်း လူမျိုးတွေရဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခအရေးဟာ နယ်မြေပိုင်နက်နဲ့ ပတ်သက်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂထဲမှာ အစိတ်အပိုင်းတခုအနေနဲ့ ကိုယ်စားပြု နေပေမယ့် ပါလက်စတိုင်းလူမျိုးတွေမှာ နယ်မြေပိုင်နက် မရှိတဲ့အတွက် နိုင်ငံတကာစနစ်အတွင်းမှာ အချုပ်အခြာ အာဏာ ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်ခွင့် မရှိသေးပါဘူး။

ပြည်ပအချုပ်အခြာအာဏာ သဘောတရားအရ အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတွေအကြားမှာ တန်းတူညီမျှမှု ရှိပါတယ်။ တန်းတူညီမျှမှုရှိတဲ့အတွက် ဘယ်နိုင်ငံကမှ တခြားနိုင်ငံကို အမိန့်ပေးဖို့ မလိုအပ်သလို၊ ဘယ်နိုင်ငံကမှ အမိန့်ပေးမှုတွေကို လိုက်နာစရာ မလိုအပ်ကြောင်း Kenneth Waltz က အဆိုရှိခဲ့ပါတယ်။ ဒီအဆိုဟာ မင်းမဲ့သဘောတရား (concept of anarchy) နဲ့ ဆက်စပ်နေပါတယ်။ ဒီသဘောတရားအရ နိုင်ငံတကာစနစ်မှာ ပါဝင်တဲ့ နိုင်ငံတွေအားလုံးဟာ ကိုယ်ပိုင် အကျိုးစီးပွားအတွက် ပြိုင်ဆိုင်နေကြပြီး၊ ဘယ်နိုင်ငံကမှ အခြားနိုင်ငံတခုအပေါ်မှာ သူရဲ့ အကျိုးစီးပွားနဲ့ အမြင်တွေကို တရားဝင် သွတ်သွင်းပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတော်အထက်မှာ အခြားဘာမှ မရှိရဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ကျဉ်းပါတယ်။

စစ်အေးတိုက်ပွဲကာလအတွင်းမှာ ဒီလို ပြည်ပအချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ သဘောတရားတွေ စတင် ပြောင်းလဲ လာပါတယ်။ အနောက်နိုင်ငံအများစုမှာ နိုင်ငံတကာ စံနှုန်းတွေ၊ တန်ဖိုးထားမှုတွေ၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေကို လက်ခံကျင့်သုံးလာကြပြီး၊ စစ်အေးတိုက်ပွဲမှာ မပါဝင်တဲ့ တတိယကမ္ဘာ နိုင်ငံတွေမှာကျတော့ ပြည်ပကျူးကျော် စွက်ဖက်မှု တွေကို ကာကွယ်ရေး၊ ကိုယ်ပိုင်နိုင်ငံရေးစနစ်ကို မိမိတို့ဘာသာ ကျင့်သုံးနိုင်ရေး စတာတွေကို လက်ခံ ကျင့်သုံးလာ ကြပါတယ်။ စစ်အေးတိုက်ပွဲလွန်ကာလရောက်တော့ new world order ဖြစ်လာပြီး၊ ဘုံရန်သူ (common enemy) ပျောက်ကွယ်သွားချိန်မှာ ပေါ်ထွက်လာတတ်တဲ့ နိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပြန်လည်ရှင်သန်လာပြီး တိုင်းနိုင်ငံပြိုကွဲမှုတွေပါ ဖြစ်လာခဲ့ပါတယ်။

၂၁ ရာစုမှာ ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲမှုနဲ့ ပြည်တွင်း ပဋိပက္ခတွေဟာ အချုပ်အခြာ အာဏာသဘောတရားရဲ့ challenges တွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွင်မကပဲ ဂလိုဘယ်လိုင်ဇေးရှင်းနဲ့ လူသားလုံခြုံရေး သဘောတရားတွေကလဲ ရှေးယခင်က ရှိခဲ့တဲ့ အချုပ်အခြာ အာဏာ သဘောတရားတွေကို challenges လုပ်လာခဲ့ပါတယ်။ International Governmental Organizations (IGO) အဖွဲ့အစည်းတွေက ဂလိုဘယ်လိုင်ဇေးရှင်းကို လက်ခံကျင့်သုံးလာကြတာနဲ့အမျှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စတာတွေဟာ ရှေးယခင်က ရှိခဲ့တဲ့ ပြည်ပအချုပ်အခြာအာဏာ သဘောတရားနဲ့ ကိုက်ညီမှု မရှိတော့ပဲ ဖြစ်လာပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကနေ public goods တွေကို ထောက်ပံ့ကူညီမှုတွေ ရှိလာပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက နိုင်ငံတော် ဆုံးဖြတ်ချက် (state decisions) တွေကို လွှမ်းမိုးမှုတွေ ရှိလာပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ပရိုက်ဗစ် အင်တာပရိုက်စ်များ၊ ကုမ္ပဏီများရဲ့ အခြေစိုက်မှု၊ ဘဏ္ဍာရေး ၀န်ဆောင်မှုများ၊ ဆက်သွယ်ရေးစနစ်များနဲ့ migration patterns များအနေနဲ့ အချုပ်အခြာအာဏာ သဘောတရားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ခဲယဉ်းလာပါတယ်။ ရှေးအစဉ်အဆက် ကာလတွေတုန်းက public goods တွေကို နိုင်ငံတော်က ၀န်ဆောင်မှုပေးတာဖြစ်ပေမယ့် ၂၀ရာစု နှောင်းပိုင်းကာလက အစပြုပြီး၊ နိုင်ငံတော်သာမက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကပါ ၀င်ရောက်မှုပေးလာကြပါပြီ။

လုံခြုံရေးရာမှာလဲ နိုင်ငံတော်လုံခြုံရေး (state security) သာမကပဲ လူသားလုံခြုံရေး (Human Security) ဆိုတာကလဲ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး အရေးပါတဲ့ သဘောတရား တရပ် ဖြစ်လာပါတယ်။ ရှေးယခင်က လုံခြုံရေးဆိုတဲ့ သဘောတရားကို ရှုမြင်သုံးသပ်ကြရာမှာ နယ်မြေပိုင်နက်ကို ကျူးကျော်ခြင်းမခံရအောင် ကာကွယ် စောင့်ရှောက်ရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး စတာတွေကိုပဲ အဓိကထားခဲ့ကြပါတယ်။ နိုင်ငံတွင်းမှာ မှီတင်း နေထိုင်သူတွေထက် တိုင်းနိုင်ငံလုံခြုံရေးဆိုတာကိုပဲ ဦးစားပေးခဲ့ကြပါတယ်။ သို့ပေမယ့် ၂၁ ရာစုမှာ ကမ္ဘာ့အရပ်ဘက် လူ့အဖွဲ့အစည်း (Global Civil Society) ကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံတွေအနေနဲ့ နိုင်ငံတော် လုံခြုံရေးသာမကပဲ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ လိုအပ်ဆန္ဒနဲ့ အကျိုးစီးပွားတွေကိုလဲ အာရုံစိုက်ဖို့ လိုအပ်လာပါတယ်။

နိုင်ငံတော်ဟာ ပြည်သူလူထုရဲ့ အကြောက်တရားမှ လွတ်ကင်းရေး (freedom from fear) နဲ့ တန်းတူညီမျှစွာ ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့် ရရေးတို့ကို ကာကွယ်စောင့်ရှောက်ရပါမယ်။ လူသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင် တားဆီးခံရမှုမှ လွတ်ကင်းရေး၊ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိဘူး ဆိုရင် (သို့မဟုတ်) နိုင်ငံတော်ကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက် နေပြီဆိုရင် ဒီနိုင်ငံမှာ အချုပ်အခြာအာဏာ failure ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ လူသားလုံခြုံရေး မရှိတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ အကြောက်တရားနဲ့ ဖိနှိပ်ခံရတာတွေဟာ အချုပ်အခြာအာဏာကို ထိပါးတာတွေပဲ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာ သဘောတရားအရ နိုင်ငံတော်အထက်မှာ ဘာမှ မရှိရဘူးလို့ရှေးယခင်က ရှုမြင် သုံးသပ် ခဲ့ကြပေမယ့်နိုင်ငံတော်ကိုယ်တိုင်က လူသားလုံခြုံရေးကို ခြိမ်းချောက်လာတဲ့အခါ လိုအပ်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ နိုင်ငံတကာ ဥပဒေတွေ၊ စာချုပ်စာတမ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ တိုင်းသူ ပြည်သားတွေကို ဘယ်လိုဆက်ဆံရမယ်၊ ဘယ်လိုဝန်ဆောင်မှုပေးရမယ်ဆိုတဲ့ နိုင်ငံတကာတန်ဖိုးတွေလဲ ပေါ်ထွက် လာခဲ့ပါတယ်။ လူသားလုံခြုံရေးကို ခြိမ်းချောက်တဲ့ နိုင်ငံတွေက တာဝန်ရှိသူတွေကို အရေးယူဖို့အတွက် International Criminal Court ၊ လူသားချင်းစာနာမှုကင်းမဲ့စွာ ကျူးလွန်သော ရာဇ၀တ်မှုများကို ကျူးလွန်ခံနေရတဲ့ ပြည်သူလူထုကို ကယ်တင်ရေးအတွက် Responsibility to Protect (R2P) စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီလို ပေါ်ထွက် လာမှုတွေကြောင့် အချုပ်အခြာအာဏာဆိုရာမှာ ပြည်တွင်းအချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာ တင်မကပဲ တဦးချင်း အချုပ်အခြာ အာဏာ (individual sovereignty) ပါရှိကြောင်း ပညာရှင်များက ထောက်ပြပြောဆို လာကြပါတယ်။

တဦးချင်းအချုပ်အခြာအာဏာဟာ ပြည်တွင်းအချုပ်အခြာအာဏာနဲ့ ပြည်ပအချုပ်အခြာအာဏာတွေအတွက် အရေးပါတဲ့ သဘောတရား ဖြစ်လာပါတယ်။ လူ့အခွင့်အရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်စီရင်ခွင့်ရရေး၊ အကြောက်တရားကင်းဝေးရေး၊ လူသားလုံခြုံရေးတို့ပေါ်မှာ အခြေခံတဲ့ တဦးချင်း အချုပ်အခြာအာဏာကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးခြင်း မရှိတဲ့အခါ နိုင်ငံတကာက ဝေဖန်မှုတွေ၊ အပြစ်တင်မှုတွေ၊ စိုးရိမ်မကင်းမှုတွေ ပေါ်ပေါက်လာတာကြောင့် ပြည်ပ အချုပ်အခြာအာဏာကို ထိခိုက်မှုရှိစေပါတယ်။ လိုအပ်လာတဲ့အခါမှာ ပြည်သူတွေရဲ့ တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံတကာက ၀င်ရောက် ကျူးကျော်စွက်ဖက်ပြီး အရေးယူမှု ပြုလုပ်လာနိုင်တာကြောင့် ပြည်ပအချုပ်အခြာအာဏာကို ထိပါးစေမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ပြည်ပအချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တဦးချင်းအချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်က တဦးချင်း အချုပ်အခြာအာဏာကို စောင့်ရှောက်ခြင်း မရှိတဲ့အခါ ပြည်တွင်း အချုပ်အခြာအာဏာကိုလဲ ထိခိုက်မှု ရှိစေပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး၊ အတိုက်အခံ ပါတီတွေကနေ လွှတ်တော်တွင်းမှာ အစိုးရအယုံအကြည်မဲ့မှု အဆိုတွေ တင်သွင်းလာတာအထိ ဖြစ်သွားနိုင်ပါတယ်။ စစ်အာဏာရှင်နဲ့ ရွေးကောက်ခံ အာဏာရှင် နိုင်ငံတွေမှာ ဆိုရင်တော့ ပုန်ကန်ခြားနားမှုတွေ ဖြစ်လာနိုင်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း အားကောင်းလာတာနဲ့အမျှ တဦးချင်းအချုပ်အခြာအာဏာကို လေးစားမှုတွေ ရှင်သန်လာပြီး၊ system of checks and balance ပေါ်ထွက်လာပြီး ပြည်တွင်းအချုပ်အခြာအာဏာအပေါ်မှာ သက်ရောက်မှုတွေ ရှိလာပါတယ်။ အချို့နိုင်ငံတွေမှာ ဆိုရင် တဦးချင်းအချုပ်အခြာအာဏာကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ခြင်း မရှိတဲ့အတွက် state collapse အထိ ဖြစ်သွားတတ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလဲ အချုပ်အခြာအာဏာ သဘောတရားတွေကို သက်ရောက်မှု ရှိပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့အခါ ပြည်တွင်း အချုပ်အခြာအာဏာ ထိန်းသိမ်း စောင့်ရှောက်မှုစွမ်းရည် ပိုမိုမြင့်တက် လာနိုင်သလို၊ နိုင်ငံတကာစနစ်မှာလဲ အခြားနိုင်ငံများက လေးစားအသိအမှတ်ပြုရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ တိုင်းပြည်တွေမှာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်နွယ်မှု (state-society relationship) ကို ထိခိုက်စေပြီး၊ ပြည်တွင်းအချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု စွမ်းရည် လျော့နည်းလာတတ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းနဲ့ state-society relationship အားနည်းချက် တွေဟာ collapsed or failed states ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလဲ အရေးကြီးပါတယ်။

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) ဟာလဲ အချုပ်အခြာအာဏာ သဘောတရားတွေကို သက်ရောက်မှုရှိပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိပဲ အာဏာအလွဲသုံးစားမှုတွေ။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုတွေ၊ ပြစ်တင်ရှုံ့ချမှုတွေကို ခံရတတ်ပါတယ်။ ပြည်သူလူထုရဲ့ လူနေမှုဘ၀ကို မြှင့်တင်ပေးနိုင်ခြင်း မရှိတဲ့ နိုင်ငံတနိုင်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ လူထုအပေါ် တာဝန်ယူနိုင်တဲ့ စွမ်းရည်ရှိတဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်ပါဘူး။ ဒါကြောင့် တဦးချင်း အချုပ်အခြာအာဏာ ရှုထောင့်ကကြည့်ရင် ဒီလိုအုပ်ချုပ်ရေးစနစ် ရှိနေတဲ့ နိုင်ငံဟာ အချုပ်အခြာအာဏာ အပြည့်အ၀ရှိတဲ့ နိုင်ငံတနိုင်ငံလို့ မသတ်မှတ်နိုင်ပါဘူး။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိသမျှ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ အခြားနိုင်ငံများရဲ့ လေးစားမှုကို မရနိုင်တဲ့အတွက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရေရှည် ထိန်းသိမ်းဖို့ မလွယ်ကူပါဘူး။

United Nations Secretary General Kofi Annan က အချုပ်အခြာအာဏာရဲ့ သဘောသဘာဝဟာ ၂၁ ရာစုမှာ ပြောင်းလဲသွားပြီလို့ ဆိုခဲ့ပြီး၊ အချုပ်အခြာအာဏာဆိုတာ ပါဝါနဲ့တင် မဆိုင်ပဲ တာဝန်ယူမှု သဘောတရားပါ ဆက်နွယ် ပါဝင်ကြောင်း တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ (sovereignty as a responsibility) ကို မီးမောင်း ထိုးပြခဲ့ပါတယ်။ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ သဘောတရားအရ နိုင်ငံတော်ဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက် ဖို့အတွက် လိုအပ်တဲ့ သင့်လျော်သော နိုင်ငံရေးဆိုင်ရာ ၀န်ဆောင်မှုကို ပေးအပ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံရေးဝန်ဆောင်မှု ဆိုရာမှာ တိုင်းသူပြည်သားတွေအတွက် လုံခြုံအေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ တရားမ၀င် နယ်စပ်ဖြတ်ကျော် မှုများကို တားဆီးနိုင်ခြင်း၊ မြေပိုင်နက်ကို ထိန်းသိမ်းခြင်း၊ ရာဇ၀တ်မှုများကို လျော့နည်းအောင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်ခြင်း၊ အုပ်ချုပ်ရေးယန္တရားခိုင်မာတည်တံ့မှုရှိခြင်း၊ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေး စောင့်ရှောက်မှု အားကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ဘဏ်စနစ် ခိုင်မာ တောင့်တင်းစေရန် ဆောင်ရွက်ခြင်း စတာတွေ ပါဝင်ပါတယ်။

နိုင်ငံတော်က ဒီလို ၀န်ဆောင်မှုကို မပေးအပ်တဲ့အခါ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ၀င်ရောက်စွက်ဖက်ဖို့ တာဝန်ရှိပါတယ်။ ဒီသဘောတရားဟာ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး သွင်ပြင်လက္ခဏာ နှစ်မျိုးကို ဖန်တီးပေးပါတယ်။ ပထမ သွင်ပြင်လက္ခဏာက နိုင်ငံတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဆိုင်ရာ internal component ဖြစ်ပြီး၊ ဒုတိယ သွင်ပြင်လက္ခဏာကတော့ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ external component ဖြစ်ပါတယ်။

Robert Jackson ဆိုသူက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ရပ်တည်နေပေမယ့် ပြည်သူလူထုအတွက် တာဝန်မယူနိုင်တဲ့ နိုင်ငံတွေ၊ ပြည်ပကူညီထောက်ပံ့မှုကို မှီခိုနေရတဲ့ နိုင်ငံတွေနဲ့ international order ကို ဘာမှ အထောက်အကူ မပြုနိုင်ပဲ ကမ္ဘာ့ငြိမ်းချမ်းရေးကို အနှောင့်အယှက်ပြုနေတဲ့ နိုင်ငံတွေ ရှိနေပြီး၊ ဒီလိုနိုင်ငံတွေမှာ နိုင်ငံတခု ရှိသင့်တဲ့ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ မရှိတဲ့အတွက် "quasi-states" အဖြစ်သာ သတ်မှတ် နိုင်ကြောင်း ဖော်ထုတ် ရေးသားခဲ့ပါတယ်။ ဒီလိုနိုင်ငံတွေမှာ ရာဇ၀တ်မှု ထူပြောခြင်း၊ နိုင်ငံရေးအကြမ်းဖက်မှု များရှိခြင်း၊ နယ်စပ် ဒေသ ထိန်းချုပ်နိုင်မှု လျော့နည်းခြင်း၊ လူမျိုးရေး ပဋိပက္ခများရှိခြင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများ ရှိခြင်း၊ ဆက်သွယ်ရေးစနစ် အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်း၊ လာဘ်ပေးလာဘ်ယူမှု များရှိခြင်း၊ ကျန်းမာရေးစနစ် ချို့ယွင်းမှုများရှိခြင်း၊ ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းချက် စတာတွေ ဖြစ်ပွားနေတတ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရတွေဟာ ၂၁ ရာစု ကမ္ဘာမှာ ပြောင်းလဲလာတဲ့ အချုပ်အခြာအာဏာ သဘောသဘာဝ တွေကို လိုက်နာ ကျင့်သုံးခြင်း မရှိကြပါဘူး။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာကို ဒို့တာဝန် အရေးသုံးပါးမှာ ထည့်သွင်းထားပေမယ့် ၁၇ ရာစုနှစ်က ကျင့်သုံးတဲ့ အချုပ်အခြာအာဏာ သဘောတရားတွေနဲ့ စစ်အေးတိုက်ပွဲကာလ နိုင်ငံရေး scenario အယူအဆတွေကိုပဲ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ စစ်ဦးစီး တက္ကသိုလ်၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ၊ စစ်ကျောင်းများနဲ့ ကြံ့ဖွံ့ပါတီ တဖြစ်လဲ ကြံ့ဖွံ့အသင်းက သင်တန်းတွေမှာ သင်ကြား ပို့ချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အကျိုးဆက်ကတော့ ခေတ်မမှီတော့တဲ့ အတွေးအခေါ်သဘောတရားတွေကို ဦးနှောက်ထဲ ရိုက်သွင်းခံထားရသူ များပြား လာပြီး ပြည်ပကျူးကျော် စွက်ဖက်မှု တွေကို ကာကွယ်ရေး၊ ကိုယ်ပိုင်နိုင်ငံရေးစနစ်ကို မိမိတို့ဘာသာ ကျင့်သုံးနိုင်ရေး စတာတွေကသာ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခြင်းလို့ ထင်မှတ်နေကြသူတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလို ထင်မှတ်နေကြသူတွေဟာ လူသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင် တားဆီးခံရမှုမှ လွတ်ကင်းရေး၊ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိဘူး ဆိုရင် (သို့မဟုတ်) နိုင်ငံတော် ကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက် နေပြီဆိုရင် ဒီနိုင်ငံမှာ အချုပ်အခြာအာဏာ failure ဖြစ်နေပြီဆိုတာကို နားမလည်ပဲ စစ်အုပ်စုတွေ အမိန့်ပေးမှုအောက်မှာ လူသားလုံခြုံရေး (Human Security) ကို ခြိမ်းချောက်မှုတွေ ပြုလုပ်ပြီး အချုပ်အခြာအာဏာကို ကိုယ်တိုင် ထိပါးနေကြပါတယ်။

တဦးချင်းအချုပ်အခြာအာဏာ (individual sovereignty) ကို ကာကွယ်စောင့်ရှောက်ခြင်း မရှိတာကြောင့် ပြည်တွင်းအချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာတို့အပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နေတာကို နားလည်ခြင်း မရှိပဲ ဒီလိုဆိုးကျိုးတွေဟာ ပြည်ပနိုင်ငံတွေရဲ့ ၀င်ရောက်စွက်ဖက်မှုကြောင့်လို့ အမြင်လွဲနေကြပါတယ်။ တကယ်တော့ နိုင်ငံတော်ကသာ တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်မယ်ဆိုရင် ဒီလိုဆိုးကျိုးတွေ သက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခြင်း မရှိတဲ့ နိုင်ငံ၊ လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံတွေကို အခြားနိုင်ငံများက ဖိအားပေးတာတွေ၊ ပြစ်တင်ရှံ့ချခြင်း မပြုနိုင်ကြပါဘူး။ ၀င်ရောက်စွက်ဖက်ခြင်း မပြုနိုင် ကြပါဘူး။ နိုင်ငံတော်က တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်လာတဲ့အခါ ပြည်တွင်း အချုပ်အခြာ အာဏာနဲ့ ပြည်ပအချုပ်အခြာ အာဏာတို့ရဲ့ တည်တံ့ခိုင်မြဲရေးကို ပိုပြီး ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက် လက်ထက်တွေနဲ့ ရုပ်သေးအစိုးရ လက်ထက်တွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကိုလဲ မကျင့်သုံးနိုင်ခဲ့ပါဘူး။ စစ်အုပ်စုနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ဝါးကြီးအုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ စစ်အုပ်စုဝင်တွေရဲ့ သားသမီးဆွေမျိုးများကသာ အခွင့်အရေးများကို မောင်ပိုင် စီးထားမှု၊ မတရားသော အမိန့်အာဏာများ ကျင့်သုံးမှု၊ အထက်ဖား အောက်ဖိမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှု စတာတွေကြောင့် စစ်အုပ်စု အာဏာတည်မြဲရေးကို ပခုံးပေါ်ထမ်းထားပေးရတဲ့ မြန်မာ့တပ်မတော်တွင်းက တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ မိသားစုဝင်တွေ အပါအ၀င် ပြည်သူတရပ်လုံးမှာ စားဝတ်နေရေး ဒုက္ခတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ သောကတွေ ပင်လယ်ဝေခဲ့ကြရပါတယ်။

၂၁ ရာစုရဲ့ အချုပ်အခြာအာဏာ သဘောတရား တွေအရ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိတဲ့ နိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ နိုင်ငံတွေမှာ အချုပ်အခြာအာဏာ အပြည့်အ၀ ရှိတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေး ရှိဖို့ ဆိုတာလဲ မလွယ်ကူပါဘူး။ ဒီလို ဖြစ်ရတာဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တို့ကြောင့်ပဲ ဖြစ်ပါတယ်။


ဒီလိုစနစ်ဆိုးတွေကြောင့် မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုထူပြောခြင်း၊ နိုင်ငံရေးအကြမ်းဖက်မှုများရှိခြင်း၊ နယ်စပ် ဒေသ ထိန်းချုပ်နိုင်မှု လျော့နည်းခြင်း၊ လူမျိုးရေးပဋိပက္ခများရှိခြင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများ ရှိခြင်း၊ ဆက်သွယ်ရေးစနစ် အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်း၊ လာဘ်ပေးလာဘ်ယူမှုများရှိခြင်း၊ ကျန်းမာရေးစနစ် ချို့ယွင်းမှုများရှိခြင်း၊ ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းချက် စတာတွေ ဖြစ်ပွားနေပြီး၊ တိုင်းနိုင်ငံမှာ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ မရှိတာကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ "quasi-states" အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ခရီးသွားသူများ နိုင်ငံတကာမှာ မျက်နှာငယ် ကြရပါတယ်။ မြန်မာလူမျိုးဆိုလိုက်တာနဲ့ နိုင်ငံတကာပြည်သူတွေက သနားစရာကောင်းသော လူတွေအဖြစ် ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံက ပေးအပ်ထားတဲ့ ပညာရေး အောင်လက်မှတ်များကို ကိုင်ဆောင်ထားသူများ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ အနှိမ်ခံရပါတယ်။ လူမျိုးရဲ့ စရိုက် လက္ခဏာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုံ့ချမှုတွေ ခံကြရပါတယ်။ စစ်ဘေးစစ်ဒဏ်သင့်လို့ တဘက်နိုင်ငံတွေကို ပြေးလွှား သွားကြရတဲ့ ဒုက္ခသည်များ မျက်နှာငယ်ကြရပါတယ်။

နိုင်ငံက ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည်များ၊ နိုင်ငံရေး ဒုက္ခသည်များ ကမ္ဘာတ၀ှမ်းမှာ ပြည့်နှက်နေတဲ့ နိုင်ငံ၊ လူသားချင်းစာနာမှု မရှိသော အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရမယ့် စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်၊ ရွာများကို ဖျက်ဆီး၊ အမျိုးသမီးငယ်များကို မုဒိမ်းကျင့်မှုတွေ လုပ်နေတဲ့ နိုင်ငံ၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရမယ့် ရဲတပ်ဖွဲ့က အာဏာရှင် လက်ကိုင်ဒုတ်ဖြစ်ပြီး ပြည်သူလူထုကို ရန်မူနေတဲ့ နိုင်ငံ၊ နိုင်ငံရေးအကြမ်းဖက်မှုများ ပြည့်လျှံနေတဲ့ နိုင်ငံ၊ လူမျိုးတုန်းသတ်ဖြတ်မှုများနဲ့ ကမ္ဘာကျော်နေတဲ့ နိုင်ငံ၊ ကျန်းမာရေး- ပညာရေး စောင့်ရှောက်မှုတွေ အားနည်းပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရေးမှာသာ အသုံးပြုနေတဲ့ နိုင်ငံ၊ မဆုံးနိုင်သော ရေရှည်ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံ၊ ဘိန်းစိုက်ပျိုးထုတ်လုပ်နေတဲ့ နိုင်ငံ၊ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းချောက်နေတဲ့နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများကို ဒုက္ခသည်တွေ တွန်းပို့နေတဲ့ နိုင်ငံ၊ ရာဇ၀တ်မှုများ ထူပြောနေတဲ့ နိုင်ငံ၊ ဆင်းရဲနွမ်းပါးမှုသံသရာ ရှည်ကြာနေတဲ့ နိုင်ငံ၊ လူသားလုံခြုံရေး မရှိတဲ့ နိုင်ငံ စတဲ့ ပုံရိပ်ဆိုးတွေဟာ နိုင်ငံတော်ရဲ့ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း မရှိတဲ့ ပြယုဂ်တွေပါပဲ။

ဒါကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ အချက်ဟာ ဒို့တာဝန် အရေးသုံးပါးမှာ ပါဝင်နေပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုကြိုးကိုင် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေ ထွန်းကားနေသမျှ ကာလပတ်လုံး တဦးချင်း အချုပ်အခြာ အာဏာ၊ ပြည်တွင်း အချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာ တွေဟာ တည်တံ့ခိုင်မြဲမှု မရှိပဲ ဖြစ်နေမှာပါပဲ။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးရဲ့ အဓိက အတားအဆီး၊ အနှောင့်အယှက် ရန်သူဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ကြိုးကိုင် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေပဲ ဖြစ်ပါတယ်။


ခင်မမမျိုး

(ဆက်လက်ဖော်ပြပါမည်)

အပြည့်အစုံ ဖတ်ရန် ...

Tuesday, July 12, 2011

လူထုတိုက်ပွဲ မှတ်စုများ



ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

ဒီလောက် ပိတ်ဆို့ထားတဲ့ကြားက မလေးတွေ ဘယ်လိုဆန္ဒပြခဲ့သလဲ

အာဏာပိုင်တွေရဲ့ လမ်းတွေပတ်ဆို့မှု၊ မမှန်သတင်းလွှင့်မှုတွေဟာ သန့်ရှင်းပြီး တရားမျှတတဲ့ ရွှေးကောက်ပွဲလုပ်ဖို့ တောင်းဆိုနေတဲ့ လူအုပ်ကြီးကို တားဆီးနိုင်စွမ်း မရှိခဲ့။

ကွာလာလမ်ပူမြို့ ပူဒုရယ ဘတ်စ်ကားဂိတ်ကို အခြေခံကာ စုရုံးခဲ့တဲ့ လူ ၅၀၀ လောက်ဟာ လူ ၁၀၀၀၀ အထိ ကြီးထွားလာခဲ့ပြီး Petaling လမ်းမကြီးကနေ နေ့ခင်း ၁၂း၄၀ လောက်က စပြီး ချီတက်ခဲ့ကြတယ်။ ဂျလန်ကူဒူရှီ မာဒေးကား အားကစားရုံ စုရပ်အရောက်မှာတော့ လူထုကြီးဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သံဇကာတွေနဲ့ တားဆီးပိတ်ဆို့မှုတွေကို စတင်ရင်ဆိုင်ခဲ့ကြရတယ်။

တမြို့လုံးနဲ့ ရထားဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားတဲ့ အခက်အခဲတွေကြားထဲက ဘယ် လို စည်းရုံးလုပ်ဆောင်ခဲ့ကြသလဲ။ အဖြေကတော့ ပုလိပ်တွေ မျက်စိမှောက်လောက်အောင် အံ့သြဘွယ်ရာ လုပ် ဆောင်နိုင်ခဲ့တဲ့ Bersih 2.0 လှုပ်ရှားမှုကြောင့်ပဲ။ အချက်အချာနေရာတွေဖြစ်တဲ့ ဂျလန်၊ ပဆာစီနီ၊ မတ်ဂျစ်ဂျမက် နဲ့ မဂျစ်နဒရ တို့လို နေရာမျိုးတွေကို ပုလိပ်က ပိတ်ဆို့ခဲ့ပေမဲ့ အတိုက်အခံ စာပီတင်လမ်းမကြီးမျိုးတွေကို အခြေပြုပြီး ချီတက်လာခဲ့ကြတာကြောင့် မပိတ်ဆို့နိုင်ခဲ့တာလည်း ဖြစ်တယ်။

ပီတလင်းလမ်းမကြီးလှုပ်ရှားမှု

ဘူတာရုံဟောင်းရှိရာ မဂျစ်နဂရ အစုအရပ်မှာ ပုလိပ်တွေက လူတွေကို အုပ်လိုက် ဖမ်းနေကြချိန်မှာ ပီတလင်းလမ်းမ ကြီးမှာတော့ လူစုလူဝေးတွေ အားကောင်းလာခဲ့တယ်။

မနက် ၁၁ နာရီလောက်ကနေ အားကောင်းလာခဲ့တဲ့ လူစုလူဝေး တခုဟာ တရုတ်တန်းဈေးကနေ ချီတက်ခဲ့တယ်။

လူထုကြီး ချန်လော့နဲ့ ဂျလန်းပီတလင် အရောက်မှာတော့ လူ ၅၀၀ – ၁၀၀၀ ကနေ တိုးသထက်တိုးလာပြီး မဂျစ်နာရ၊ ပဆာစီနီနဲ့ ဒယဘူမိ အဆောက်အဦကို ဦးတည် ချီတက်ခဲ့ကြတယ်။

၁၅ မီနစ်အတွင်းမှာ လူစုလူဝေးကြီးဟာ ၄၀၀၀ ကျော် ဖြစ်လာခဲ့ပြီး မားဒေးကား အားကစားရုံနဲ့ မီတာ ၇၅၀ အကွာရှိ ဂျလန်း လမ်းမကြီးကို ပြည့်ကျပ်သွားစေခဲ့တယ်။

အဲ့ဒီကစပြီး လူထုချီတက်ပွဲကြီးဟာ ပွဲတော်ကြီးတခုလို ပန်းတွေ၊ အလံတွေ သီချင်း ဂီတတွေနဲ့ ဝေေ၀ဆာဆာကြီး ဖြစ်လာခဲ့ပြီး၊ သူတို့ရဲ့ ကြွေးကျော်သံဟာ “Bersihkan” ဖြစ်လာခဲ့သည်။

လူငယ် လူမျိုးပေါင်းစုံ လူထု

ထူးခြားတာက ဆန္ဒပြသူတွေဟာ အသက် ၂၀ ၀န်းကျင် လူငယ်တွေဖြစ်ပြီ၊ ပထမအကြိမ် ဆန္ဒပြသူတွေ ဖြစ်တယ်။

မားဒေးကား သုတေသနဌာန ဒါရိုက်တာ အီဘရာဟင်ဆဖီယန် ကတော့ သူတို့ကို “Face Book” မျိုးဆက်လို့ တင် စားခဲ့တယ်။

တွေ့နေကျ အတိုက်အခံတွေအစား၊ လူသစ်တွေကိုတွေ့ရတယ်ဗျ ။ “Bersih” ဟာ face book ကနေ ထောက်ခံ ပူး ပေါင်းမှုတွေလုပ်ခဲ့တာလို့ တွက်လို့ရတယ်” လို့ သူက လူစုလူဝေးနဲ့အတူ ချီတက်နေရာကပြောခဲ့တယ်။

ပုလိပ်အရာရှိတွေဟာ ဒီချီတက်မှုတွေကို အနံ့ခံလို့ရခဲ့တဲ့အခါမှာတော့ ပုလိပ်နဲ့ ထိပ်တိုက်တွေ့မယ့် အားကစားရုံကြီးဆီ ကို ဆက်လက် မချီတက်ကြတော့ဘဲ။ ဂျလန်ဆူလတန်နဲ့ ဂျလန် Hs လီ လမ်းထောင့်မှာ ထူးဆန်းစွာ ရပ်တံ့လိုက်ကြ တယ်။

လူထုအင်အားကြောင့် ၄၀၀၀ ကျော် လူထုကြီးဟာ ဂျလန်းတွန်းပီရက် နဲ့ မေဘဏ် ရှေ့မှာ အစုရပ်လုပ်ခဲ့တဲ့ မဂျစ်ဂျ မက်က လူ ၁၀၀၀ ကျော်နဲ့ ထပ်မံပေါင်းစီးမိခဲ့ကြတယ်။

အဲဒီမှာတော့ တကဲ့ခေါင်းဆောင်တယောက် ပေါ်ထွက်လာခဲ့တယ်။ သူကတော့ ရွေးကောင်ပွဲ ဒါရိုက်တာနှင့် Bersih ဦးဆောင်မှု အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာဟဌရမ်လိ ဆိုသူ ဖြစ်တယ်။ သူရဲ့ တိုက်ပွဲဝင် မိန့်ခွန်းကတော့ “အ၀ါရောင် အင်္ကျီ ၀တ်ဆင်ပြီး၊ တိုက်ပွဲဝင်ကြစို့” ဖြစ်တယ်။

အသွင်မတူတဲ့ လူမျိုးစုတွေရဲ့ ညီညွတ်တဲ့ တိုက်ပွဲ

တအောင့်လောက်အကြာမှာတော့ မျက်ရည်ယိုဗုံး ပစ်ခတ်သံတွေကို စတင်ကြားလာ ခဲ့ကြရတယ်။ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ ပူဒုရယ ကနေ မေဘဏ်ကြီးရှိရာကို ဦးတည် ပြေးလွှားနေကြတယ်။ မျက်နှာတွေကို ဗုံးဒဏ် သက်သာအောင် ရေတွေနဲ့ ဆေးကြောနေကြရတယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် လူအုပ်ဟာ ၂ ခြမ်းကွဲသွားခဲ့တယ်။ တစုက ဂျလန်းပူဒု မှာ ပြန်စုပြီး ပုလိပ်နှင့် ထိပ်တိုက် တွေ့ကြတယ်။ နောက်တစုကတော့ လူစုပြီး ကွာလာလန်ပူ စီလင်ဂါ အစည်းအဝေးခန်းမကြီးမှာ စုရုံးနေကြတယ်။

နောက်ဆုံးတော့ ဒီအမျိုးသားခေါင်းဆောင် အဆမတ်ဆိတ် ဦးဆောင်တဲ့ Bersih 2.0 အုပ်စု အီစကာနာနဲ့ မီတာ ၁၀၀ လောက်အလိုမှာ ပိတ်ဆို့တားမြစ်ခြင်း ခံလိုက်ရတယ်။ သူတို့ရဲ့တောင်းတိုချက်ကို ကော်မရှင်မှာ တင်ပြနိုင်ခွင့် ဆုံးရှံး ခဲ့ရတယ်။

သူတို့ရဲ့ မူလရည်ရွယ်ချက်ကို နှောက်ယှက်ခံခဲ့ရသော်လဲ Bersih 2.0 ဟာ လူ့အလွှာပေါင်းစုံ ရှေးရိုးစွဲ အယူရှိသူတွေ ကနေ မျိုးဆက်သစ်လူငယ်ထုအထိ စည်းရုံးလှုပ်ရှား နိုင်ခဲ့တာတော အသေချာပဲ ဖြစ်တယ်။

အရင်ဆန္ဒပြပွဲတွေနဲ့မတူ လူမျိုးပေါင်းစုံပါဝင်တဲ့ ဆန္ဒပြသူတွေကို ညနေ ၄ နာရီမှာ လူထုတွေက ကူညီပြီး ပုလိပ် ရန် ကင်းစွာ ချီတက်နိုင်တဲ့ ဂျလန်ဆူလတန်ကို ချီတက်ဖို့ ညွန်ပြခဲ့ကြတာတွေ၊ အပြန်အလှန် ကျေးဇူးတင်စကား ဆိုကြ တာတွေ၊ အမျိုးသား သီချင်းကို ပြိုင်တူသီဆိုနေကြတာတွေသာ မှတ်တမ်းတင်ရမှာ ဖြစ်တယ်။

ပုလိပ် အဓမ္မမှုများ

မလေးရှား ဘီနီသတင်းထောက် အာမက်ဇလီ ရဲ့ သတင်းအရ။ လူ ၁၅၀၀၀ ကျော် ပါဝင်တဲ့ တန်ပြန်သပိတ်ဆန္ဒပြပွဲကို ခေါ်ဆောင်ခဲ့တဲ့ ပါကစ အဖွဲ့ဟာ လူ ၂၀ ခန့်နဲ့ တမံတီတီဝမ်ဆ ကန်ရှေ့မှာ လမ်းလျှောက်ခဲ့တယ်လို ဆိုတယ်၊ နောက် ပိုင်းမှာတော ပါမစ်မရလို့ ပြန်ကြတယ်လိုလည်း ဆိုတယ်။

တပြိုင်ထည်းမှာပဲ ဘူကစ်ဟင်တန် ရှိ အူနို လူငယ်ထုဟာ မျိုးချစ်လူငယ်လို့ ကိုယ်ကိုကိုယ်တင် စားကာ လူငယ် ၅၀၀ လောက်စုရုံးပြီး တန်ပြန်သပိတ် ဆန္ဒပြခဲ့ကြတယ်။ မနေ့က အဖမ်းခံခဲ့ရတဲ့ လူ ၁,၄၀၀ ထက်စာရင် အများကြီးနည်း ပါတယ်။

ဆန္ဒပြပွဲကို အင်းအားသုံးပြီး၊ မီးသတ်ပိုက်တွေ၊ ရိုက်နှက်မှုတွေ၊ မျက်ရေယိုဗုံးခွဲ ပြီး အကြမ်းဖက်ခဲ့မှုတွေဟာ လက်မခံ နိုင်စရာ ဖြစ်ခဲ့တယ်။

သွေးထွက်သံယိုဖြစ်နေတဲ့ ဆန္ဒပြသူတွေကို ပုလိပ်က ခေါ်ထုတ်သွားခဲ့တာတွေ၊ လူတွေကို လမ်းပေါ်မှာ ရက်ရက်စက် စက် ဖိနပ်နဲ့ နင်းပြီး အတင်းလက်ထိပ်ခတ် ကန်ကြောက်တာတွေဟာ မလိုလားအပ်တဲ့ အင်းအားသုံးမှုတွေ ဖြစ်ခဲ့ တယ်။

ဒါတွေကို TV , Internet တွေကတဆင့် မြင်တွေ့ကြရတဲ့ ပြည်သူတွေဟာ အလွယ်တကူနဲ့ မေ့ပြောက်သွားကြမှာ မဟုတ်သလို၊ အစိုးရရဲ့ မူဝါဒတွေကိုလည်း လွယ်လွယ်နဲ့ လက်မခံတော့မယ့် အခြေအနေကို ဆိုက်ရောက်သွားပါ တယ်။


အီဒီလာရာဇက် … ဇူလိုင် ၁၀၊၂၀၁၁

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ဒီသုံးလ



ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး (အပိုင်း - ၂)

ပြီးခဲ့တဲ့လ၊ ဇွန်လ (၉) ရက်နေ့ကနေ စတင် ဖြစ်ပွားခဲ့တဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရစစ် တပ်တို့ရဲ့ တိုက်ပွဲတွေဟာ၊ ရပ်စဲသွားခြင်း မရှိသေးပါဘူး။ ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က (၅) ဦးပါ “ပြည် နယ်တည်ငြိမ်အေး ချမ်းမှု ညှိနှိုင်းရေးအဖွဲ့” ဖွဲ့ပြီး၊ အဲဒီအဖွဲ့ခေါင်းဆောင် ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန် ကြီးနဲ့ အဖွဲ့ဝင် ကချင်လူကြီး နှစ်ဦးတို့ဟာ၊ KIA နဲ့ ဇွန်လ (၃၀) ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဇူလိုင်လ (၄) ရက်နေ့မှာ၊ အစိုးရဘက်က လိုလားချက်တွေကို ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေး အဖွဲ့ အနေနဲ့ KIA ဘက်ကို၊ စာရေးသား ပေးပို့တောင်းဆိုခဲ့ပါတယ်။။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နောက်ဆုံး အခြေ အနေတွေအပေါ် ထောက်လှမ်းရေးအရာရှိ ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်း က၊ မေးမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍ ကို တင်ဆက်ထားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့် (ကြည်း ၈၄၆၈ OTS 25) မပြုတ် သေးဘူးဗျ။ ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုယ်တိုင် တိုင်းရင်းသားအဖွဲ့တွေဆီ သွားပြီးတော့မှ ဖျောင့်ဖျခဲ့ရ တာတွေ ရှိတယ်။ နောက်ဆုံး မှတ်တမ်းတင် ထားပေးမယ်ပေါ့ဗျာ။ နောက်မှ သူတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့၊ ဖွဲ့စည်းပုံ (အခြေခံဥပဒေ) ပေါ်သေး တာမှ မဟုတ်သေးတာ ဆိုတဲ့ နှစ်သိမ့်မှုနဲ့ပဲ၊ တိုင်းရင်းသားအဖွဲ့တွေ ၀ တို့ ဘာတို့အကုန်အပါအ၀င်က၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် အပေါ်မှာ ယုံကြည်ပြီးတော့မှ၊ သူတို့ လိုက်လျောခဲ့တာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အခု KIA နဲ့ အစိုးရနဲ့ ဒုတိယအကြိမ် ညှိနှိုင်းတယ်လို့၊ ပြောလို့ရတဲ့ သတင်းတပုဒ် ရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင်လ (၄) ရက်နေ့မှာ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုကာလမှာ ပစ်ခတ်တာတို့၊ မိုင်းခွဲတာတို့၊ အစိုးရ အဆောက်အအုံတွေကို သိမ်းပိုက်တာတွေကို မလုပ်ဖို့၊ ဖမ်းဆီးထားတဲ့သူတွေကို ပြန်ပြီး လွှတ်ပေးဖို့ ဆိုပြီးတော့မှ၊ အစိုးရဘက်က အာဏာပိုင်တွေက၊ KIA ကို စာရေးပြီး တောင်းဆိုခဲ့တာ။ အဲဒီတော့ အဲ့ဒီ “ပြည်နယ်တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေးအဖွဲ့” မှာ၊ ပါတာက ကချင်ပြည်နယ်ဝန်ကြီးအဖွဲ့ထဲက နယ်စပ်ဒေ သလုံခြုံရေးနှင့် ဖွံ့ဖြိုးရေး ၀န်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ တခါ (စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီ (UDPKS ပါတီ၏)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် ပါတယ်။ နောက်တခါ ကချင်အမျိုးသားအတိုင်ပင် ခံဥက္ကဋ္ဌ ဦးဆင်ဝါးနော် ပါတယ်။ ဒီ (၅) ယောက်အဖွဲ့မှာ စစ်ဘက်က အရေးပါတဲ့ နှစ်ယောက်က၊ အဲဒီအဖွဲ့မှာ ပါပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေး စစ်ဦးစီးအရာရှိး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီးထွန်း ထွန်းအုန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေး စစ်ဦးစီးအရာ ရှိ (ဒုတိယတန်း) ဗိုလ်မှူးနိုင်လင်းတို့ ပါပါတယ်။ ဒါပေမဲ့ (စစ်ဘက်က) ဒီနှစ်ယောက်ဟာ၊ လွန်ခဲ့တဲ့ ဇွန်လ (၃၀) ရက် နေ့က၊ လဂျာယန်မှာ လာပြီး ဆွေးနွေးတုန်းက၊ သူတို့လည်း မပါဘူး။ အခုလည်း ဒီ (ဇူလိုင် ၄ ရက်နေ့က) ရေးသားလိုက်တဲ့ စာထဲမှာ၊ သူတို့ နံမည်တောင် မပါဘူး။ အဲဒီအခါကျတော့ ဘယ်လိုဖြစ်နေတာလဲ၊ စစ်ဘက်က၊ သူတို့နဲ့ စစ်တိုက်နေတာပဲ။ သူတို့နဲ့ မဆိုင်တဲ့ အနေအထားမျိုး ဘာဖြစ်လို့၊ ဒီလိုမျိုး ရပ်ပြနေတာလဲ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အမှန်တကယ်တော့၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆိုတာက၊ စစ်ဘက် က မပါပဲ၊ လုံးဝ မပြီးတဲ့ ကိစ္စပါ။ အဲဒါကို ကြည့်ခြင်းအားဖြင့် အထက်ပိုင်းမှာ၊ မူဝါဒပိုင်းဆိုင်ရာမှာ အားလုံး တသံထဲ မထွက်ဘူး ဆိုတဲ့ အနေအထားမျိုး သွားဖြစ်နေပါတယ်။ အစိုးရအဖွဲ့က အစိုးရအဖွဲ့၊ စစ်ဘက်က စစ် ဘက်၊ သပ်သပ်စီလို့ မြင်ရင်၊ ရတဲ့အနေအထားမျိုး ရှိနေပါတယ်။ စစ်ဘက်ကတော့ အစိုးရအဖွဲ့ ဘယ်လောက် ပဲ ငြိမ်းချမ်းရေး ပြောနေဆိုနေပေ့ စေ၊ သူတို့ လိုက်လုပ်ချင်မှ လုပ်မယ်၊ သူတို့ သဘောတူချင်မှ တူမယ်ဆိုတဲ့၊ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ “ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့” ဆိုတာ၊ (ကချင်) ပြည်နယ်အစိုးရ က ဖွဲ့တာ၊ ဗဟိုအစိုးရက ဖွဲ့တာတောင် မဟုတ်ဘူး။ အဲဒီတော့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် က၊ ပြည်နယ် အစိုးရက အမိန့်ပေးရင်၊ သူတို့က လိုက်နာမှာလား၊ ဗိုလ်မှူးချုပ်ဇေယျာအောင် (ကြည်း ၁၆၅၀၃ DSA 22) ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ၊ လိုက်နာမှာလား၊ မလိုက်နာဘူးလား၊ ဒါမှမဟုတ် သူ့အထက်မှာ ရှိတဲ့၊ ကစထ (၁) (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၁) ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး - ကြည်း ၁၆၃၉၁ OTS 61)၊ အဲဒီ အထက်က ညှိကွပ် (တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲရေးမှူး နှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း (DSA 20)၊ တခါ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း - ကြည်း ၁၆၄၈၉ DSA 22)၊ ဟိုးအပေါ်က တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - ကြည်း ၁၄၂၃၂ DSA 19) တို့ဆီက၊ (အမိန့်တွေ) ဘယ်လို လာမယ်လို့၊ ထင်မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ဇေယျာအောင် အနေနဲ့က၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က လုပ် တဲ့အလုပ် ကို သူ့အနေနဲ့ လိုက်နာစရာ လိုက်လုပ်စရာ မလိုပါဘူး။ ဗိုလ်ချုပ်ဇေယျာအောင်ကို ကက(ကြည်း)(ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ရုံး) ကနေ တိုက်ရိုက်ညွှန်ကြားမှသာ၊ ဗိုလ်ချုပ်ဇေယျာအောင်တို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်အနေနဲ့၊ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ လိုက်နာလိမ့်မယ့် အနေအထားမျိုး ဖြစ် ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ၊ လူပုဂ္ဂိုလ်ကိုလည်း ထည့်တွက်ကြည့်ရအောင်။ ဘာ့ကြောင့်လဲဆိုတော့၊ အရင် ဗိုလ်မှူးပြောခဲ့တဲ့ (မပခတိုင်းမှူးဟောင်း) ဗိုလ်မှူးချုပ်စောလွင် (ကြည်း ၈၆၇၇ OTS 27) တို့လို KIO/KIA ကို ဆဲဆို ဆက်ဆံမယ့်ပုဂ္ဂိုလ်မျိုးလား၊ ဗိုလ်မှူးချုပ်ဇေယျာအောင် ဟာ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်မှူးချုပ်ဇေယျာအောင်ဟာ၊ အင်မတန်မှ နူးညံ့ပျော့ပြောင်းတဲ့ သူပါ။ ကျနော်နဲ့လည်း ငယ်စဉ်က တွေ့ကြုံခဲ့ဖူးတဲ့ အနေအထားမျိုးရှိသလို၊ နောက်ပိုင်း သူ့သတင်းတွေ ကြားရတဲ့အ ခါမှာလည်း၊ ကောင်းတဲ့သတင်းတွေပဲ ကြားခဲ့ရပါတယ်။ ဥပမာအားဖြင့် သူ တပ်မ (၈၈) တပ်မမှူးဘ၀မှာ၊ နေပြည်တော်ကို စပြီး၊ ဖွင့်ခါစမှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကက(ကြည်း) ကနေ ဗိုလ်မှူးချုပ်ဇေယျာအောင် ရဲ့ တပ်မကို၊ နေပြည်တော်ရဲ့ အရှေ့ဘက်၊ KNU (Karen National Union ကရင်အမျိုးသားအစည်းအရုံး) အနေနဲ့ ပြောရင်၊ (KNU လက်အောက်ခံ KNLA Karen National Liberation Army - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) တပ်မဟာ (၂) နဲ့ (၃) ရဲ့ ဧရိယာ (ညောင်လေးပင်နှင့် သံတောင် ဒေသများမှ၊ ကရင်ရွာများ) ကို အပြတ်ရှင်းရမယ်ဆိုတဲ့ အမိန့်မျိုး ပေးခဲ့တဲ့ အ နေအထားမျိုး ရှိပါတယ်။ အဲဒီအခါမှာ ဗိုလ် ချုပ်ဇေယျာအောင်ဟာ၊ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တယ်လို့၊ ကျနော် ပြန်ပြီး ကြားသိခဲ့ ရပါတယ်။ နောက်ဆုံး၊ သူ့အောက်က သက်ဆိုင်ရာ ဗျူဟာမှူးတွေကို၊ “ မင်းတို့ ကွာ၊ ငါ လည်း မတတ်နိုင်ဘူး။ အပေါ်ကနေ ငါ့ကို ဒီအတိုင်းပဲ ပြောလို့၊ မင်းတို့ကိုလည်း၊ ငါ ဒီအတိုင်းပဲ ပြောရတယ်”လို့၊ ပြန်ပြောခဲ့တဲ့ ပုဂ္ဂိုလ် မျိုးပါ။ ဗိုလ်ချုပ်ဇေယျာအောင်အနေနဲ့၊ တပ်မတော်နဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့၊ တဦးနဲ့တဦး တဘက်နဲ့တဘက် ပစ်ခတ်သတ်ဖြတ်နေတာက၊ ဘာမှ အကျိုးလည်း မရှိ အဓိပ္ပာယ် လည်း မရှိ လို့၊ ခံယူထားတဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးနဲ့၊ (နေပြည်တော်ကို လည်း လုံခြုံအောင်)၊ ဒီ KNLA တပ်မဟာ (၂) နဲ့ (၃) ရဲ့ ဧရိယာကို ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်ထဲမှာ၊ ဒီ KNU ရပ်တည် နေနိုင်တာဟာ၊ ဒီ (ကရင်)ရွာတွေရှိလို့ နေနိုင်တာဖြစ်တယ်၊ ဆိုတဲ့အယူအဆနဲ့၊ အပြတ်ရှင်း ခိုင်းတယ် ဆိုတာ၊ ရှင်းပါတယ်။ အကုန် သတ်ခိုင်းတယ် ဗျာ။ လုပ်ချင်တာလုပ် ဆိုတဲ့ အမိန့်ပေးတဲ့ အနေအထားမျိုး ဖြစ် ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ KIA ဘက်ကို ပြန်ကြည့်ကြရအောင်။ တကယ့် တိုင်းပြည်ရဲ့ အမြင့်ဆုံး ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ကတော့၊ သူ့သတင်းတွေကို ကြားနေရတာက၊ သူက နိုင်ငံရေးအကျဉ်း သားတွေကို လွှတ် ပေးချင်တယ်၊ တိုင်ရင်းသားအဖွဲ့တွေနဲ့ အခုလို တိုက်ပွဲတွေ ဖြစ်နေရတာကိုလည်း၊ သူ စိတ် မချမ်းသာဘူး၊ ဆိုတာတွေ ပေါ့။ အဲဒီတော့ KIA ကိစ္စမှာကော၊ သူ ဘယ်လို အနေအထားရှိလဲ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA နဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေး လုပ်စဉ်တုန်းက၊ အခု သမ္မတ ဦးသိန်း စိန်ဟာ၊ (ကကကြည်းမှာ) စစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း) (Colonel of General Staff - Army) ဗိုလ်မှူးကြီး သိန်းစိန် (ကြည်း ၁၁၂၅၂ DSA 9) အနေနဲ့ ရှိပါတယ်။ ကျနော်တို့ (KIA နှင့် ငြိမ်းချမ်းရေးတာဝန်ယူ လုပ်ဆောင်နေသော တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးမှ အရာရှိများ) တင်ပြတဲ့ report တွေ အားလုံးကလည်း၊ ဗိုလ်မှူးကြီးသိန်းစိန်က တဆင့်၊ ကက(ကြည်း) ဗိုလ်ချုပ် (ဒုတိယဗိုလ်ချုပ်မှူးကြီး) မောင်အေး တို့၊ ဗိုလ်ချုပ် (ဗိုလ်ချုပ်မှူးကြီး)သန်းရွှေတို့ဆီကို through (တဆင့်)သွားနေရတဲ့၊ အနေအထားမျိုးပါ။ သက်ဆိုင် ရာတိုင်းမှူးတွေ ဖြစ်ကြတဲ့၊ ဗိုလ်ချုပ်အေးကျော် (အရှေ့မြောက်တိုင်း) တို့၊ ဗိုလ်ချုပ်စောလွင် (မြောက်ပိုင်းတိုင်း) တို့ ကိုယ်တိုင်ကလည်း၊ ဗိုလ်မှူးကြီးသိန်းစိန်ဆီကို တိုက်ရိုက် သတင်းပို့ကြရပါတယ်။ ဗိုလ်မှူးကြီးသိန်းစိန်ဆီက မှ တဆင့်၊ ဗိုလ်ချုပ် (ဒုတိယဗိုလ်ချုပ်မှူးကြီး) မောင်အေး (ကြည်း ၇၈၇၅ DSA 1) တို့၊ ဗိုလ်ချုပ် (ဗိုလ်ချုပ်မှူး ကြီး) သန်းရွှေ (ကြည်း ၆၇၁၀ OTS 9) တို့ဆီကို၊ ဆက်ပြီး သတင်း ပို့တဲ့ အနေအထားမှာ ရှိပါတယ်။ KIA နဲ့ ဘယ်လို ငြိမ်းချမ်းရေး ယူထားတယ်၊ ဘယ်လို စာချုပ်တွေ ချုပ်ထားတယ် ဆိုတာကို၊ အခု လက် ရှိအနေအ ထားမှာ၊ ဂဃနဏ သိတာဆိုလို့၊ သမ္မတကြီး ဦးသိန်းစိန် တယောက်ပဲ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါ ဆိုရင်၊ အကုန်လုံးကိုလည်း သိနားလည်နေပြီးတော့၊ ငြိမ်းချမ်းရေးကိုလည်း တကယ်လို ချင်နေတဲ့ ပုဂ္ဂိုလ်ဟာ၊ ဒီစစ်တပ်ကို ထိန်းလို့ သိမ်းလို့ မရဘူးလား။ ခုလို ဖြစ်နေတာတွေ အတွက်။ ဗိုလ်ချုပ်ကြီးမင်း အောင်လှိုင် သဘောတခုထဲနဲ့ကော၊ အခုလို တိုက်ပွဲတွေကို လုပ်နေတယ်လို့၊ ဗိုလ်မှူး မြင်သ လား ခင်ဗျ။ ဘယ်သူ့ရဲ့ အမိန့်ပေးမှုတွေ၊ နောက်ကွယ်မှာ ရှိနေလဲ ခင်ဗျ။ အခု သမ္မတကြီးဦးသိန်းစိန်က ငြိမ်း ချမ်းတဲ့တိုင်းပြည်ဖြစ်အောင်၊ သူ ပြောခဲ့တဲ့ good governance ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်အောင်၊ တဘက် က သူကြိုးစားနေတဲ့အချိန်မှာ၊ တဘက် က ဖျက်မြင်းသဘောမျိုးနဲ့၊ အခု ရက်ပေါင်း (၁၀၀) မပြည့်သေးဘူး၊ ဒီအစိုးရသစ်ရဲ့လက်ထက်မှာ၊ တိုင်းရင်းသားအဖွဲ့ တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်နေတာ။ အဲဒီတော့ဒီဟာတွေ ဖြစ်နေတာ၊ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ ခင်ဗျ။ သမ္မတကြီးဦးသိန်းစိန် ဘာမှ မတတ်နိုင်တဲ့ အနေ အထားမျိုး ဖြစ်နေလား။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ သမ္မတကြီးဦးသိန်းစိန်ဟာ စိတ်ရင်း စေတနာအားဖြင့် အင်မတန် နူးညံ့ ပျော့ပျောင်း ပြီးတော့မှ တိုင်းပြည်အပေါ်မှာ တကယ့် စိတ်ကောင်း စေတနာကောင်း ရှိတဲ့လူလို့၊ ကျနော် ပြော ခဲ့ဖူးပါတယ်။ ဒါကလည်း သူနဲ့ကျနော်နဲ့ (စစ်ရုံးချုပ်မှာ) ငါးနှစ်ခြောက်နှစ်လောက် အတူတူနေခဲ့ဖူးလို့၊ သူ့ရဲ့ စိတ်ရင်းစေတနာကို ကျနော် သိလို့ ပြောတာဖြစ်ပါတယ်။ အခုအချိန်အခါမှာ ပြန်ကြည့်ရင်၊ သမ္မတကြီးဦးသိန်း စိန် ဘာကြောင့် ဆုံးဖြတ်ချက်တွေ မချနိုင်လဲ ဆိုတာ၊ ရှင်းပါတယ်။ လက်ရှိမှာ ဗိုလ်ချုပ်သန်းရွှေက (အားလုံး ကို) ခေါ်ပြီးတော့မှ၊ ကွပ်ကဲနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျနော်တို့၊ ကြားသိနေရပါတယ်။ တဘက် ကပေါ့ဗျာ၊ မြှောက်ပေးထားတာက (ဒုသမ္မတ) ဗိုလ် ချုပ် (ကြည်း ၁၁၇၀၁ DSA 12 - စစ်ထောက်ချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး)တင်အောင်မြင်ဦး။ ဒီပုဂ္ဂိုလ်က တော်တော်လေးကို ကြမ်းကြမ်းတမ်းတမ်းနဲ့၊ သမ္မတကြီး ဦးသိန်းစိန်တောင် မဟုတ်ဖူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင် အပေါ်မှာပါ၊ လွှမ်းမိုး ဖို့ ကြိုးစားတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ သမ္မတကြီးဦးသိန်းစိန်ရဲ့ နောက်မှာ၊ ဗိုလ်ချုပ်တင်အောင်မြင်ဦး က ကြိုးကိုင်ထားတယ်၊ ဗိုလ်ချုပ်သန်းရွှေ ကိုယ်စား ကြိုးကိုင်ထားတယ်ဆိုရင် မမှားဘူးလို့၊ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ တဆက်ထဲမှာပဲ သမ္မတကြီးဦးသိန်းစိန်ဟာ၊ KIA တို့လို တိုင်းရင်းသားတွေနဲ့ ကိစ္စတွေမှာ၊ ဘာမှ မတတ်နိုင်ပဲ ရှိနေရတဲ့ အချိန်မျိုးမှာ၊ နောက်ထပ်ကြားရတဲ့ အသံတခုက၊ NIB (National Intelligence Bureau) အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို၊ ပြန်ဖွဲ့မယ်၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အနီးကပ်ကိုယ်ရေးလုံခြုံရေးအရာရှိ သဘောမျိုး၊ စစ်ဘက်လက် ထောက်သဘောမျိုး လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်စိုးရှိန် (OTS 65) က၊ ဦးစီးမယ်၊ ဒီ အမျိုးသားထောက်လှမ်းရေးကို သူ ဦးစီးမှာ ဖြစ်တာကြောင့်၊ စစ်ဘက် ရေးရာ လုံခြုံရေးအရာရှိချုပ် (စရခ) ရာထူးကိုလည်း၊ သူ့ကိုပဲ ပေးလိုက် တယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာမယ့် (လက်ရှိ စရခ) ဗိုလ်ချုပ်ကျော်ဆွေ (ကြည်း ၁၆၄၉၃ DSA 22) ဟာ၊ ကကကျင့် (တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် - ယခု ညှိကွပ် ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၏ ယခင်ရာ ထူး) သို့မဟုတ် ကစထ တခုခု (ကစထ (၃) နှင့် ကစထ (၆) ကစထမှူး ရာထူးများ လစ်လပ်နေ) ကို၊ အရွှေ့ခံ လိုက်ရတယ် ဆိုတဲ့၊ သတင်းလည်း ထွက်ပါတယ် ခင်ဗျ။ အဲဒီ အပေါ်မှာရော၊ KIA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ KNUနဲ့ ဖြစ်နေတဲ့တိုက်ပွဲတွေမှာ၊ ဗိုလ်မှူးချုပ်စိုးရှိန်၊ စရခ ဖြစ်လာမှာနဲ့၊ ဘယ်လောက်များသွားပြီး သက်ရောက် မှု ရှိနိုင်ပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ် စိုးရှိန်ဆိုတာ၊ စစ်မြေပြင်မှာ စစ်ပွဲတပွဲမှ မတိုက်ဖူးပဲနဲ့၊ ဗိုလ်ချုပ် အထိ ဖြစ် လာတဲ့ လူတယောက်ပါ။ ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီးတော့၊ ကျနော်တို့ ရှိစဉ်တုန်းကတော့၊ သူ ဟာ Counter Intelligence Course (တန်ပြန်ထောက်လှမ်းရေးသင်တန်း) ကို၊ လာတက်ခဲ့ဖူးပါတယ်။ ဒီလောက်ပါပဲ။ သူ့အနေနဲ့ အရည်အချင်းအနေနဲ့ ထောက်လှမ်းရေးမှူးချုပ်တယောက် အဇြစ်၊ ကောင်းကောင်း မွန်မွန် လုပ်ကိုင်နိုင်စွမ်း မရှိပါဘူး။ သို့သော်၊ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့တပည့်အရင်း ခေါက်ခေါက် ဖြစ် တယ်ဗျာ။ အခုလို အရေးကြီးတဲ့ ထောက် လှမ်းရေးလိုနေရာမျိုးမှာ ဆွဲခန့်ထားလိုက်ခြင်းအားဖြင့်၊ နှစ်ခွပေါ့ဗျာ၊ အရပ်ဘက်ရော၊ စစ်ဘက်ရော၊ အရပ်ဘက်ဆိုတာ သမ္မတရော၊ စစ်ဘက်က တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရောကို ပေါ့ဗျာ၊ (နောက်ကွယ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ)၊ ထိန်းထားပြီးသား ဖြစ်ပါတယ်။ ထောက်လှမ်း ရေးရဲ့ သဘောသဘာဝ အရကတော့၊ ဗိုလ်ချုပ်စိုးရှိန် မတော် ပေမဲ့၊ အောက်က တက်လာတဲ့ သတင်းတွေ အရ၊ စစ်တပ် ဘာလုပ်နေတယ်၊ အရပ်ဘက်က ဘာလုပ်နေတယ် ဆိုတာ တွေကို၊ သူက ထိုင်ပြီးတော့မှ handle လုပ်မယ့် သဘောပေါ့ဗျာ။ သူ့အနေနဲ့လည်ါ် ငြိမ်းချမ်းရေးကိစ္စတို့ တခြားကိစ္စတို့ ကို၊ ဟိုတုန်းကလည်း ဘာမှ မသိဘူး၊ အခုလည်း ဘာမှ သိမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒါလုပ်ဆိုရင်၊ လိုက်လုပ်မယ့် လူမျိုး တယောက်အဖြစ်ပဲ၊ သူ့ကို ကျနော် မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ စရခ ပေါ့။ အခု အခေါ်တော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ အရင်တုန်း ကတော့ ထောက်လှမ်းရေးမှူးချုပ် ပေါ့ ဒီနေရာမျိုးကို ယူတဲ့ ပုဂ္ဂိုလ်ဟာ၊ တိုင်းရင်းသားကိစ္စတွေကို သူတို့ ဦးစီး လုပ်ခဲ့ရတာကို ကျနော်တို့ မြင်ခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် လုပ်ခဲ့တယ်။ နောက်ပိုင်း အခု မန္တလေးတိုင်းဒေ သကြီး ၀န်ကြီးချုပ် ဖြစ် နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (ကြည်း ၁၂၆၀၇ DSA 15)။ စရခ အနေနဲ့ သူ တိုင်း ရင်းသားကိစ္စတွေကိုလုပ်ခဲ့တာ တွေ့ခဲ့ရတယ်။ ဗိုလ်ချုပ်ကျော်ဆွေလည်း၊ လုပ်ခဲ့တာကို တွေ့ခဲ့ရတယ်။ ဗိုလ်ချုပ် စိုးရှိန်ဟာ၊ KIA ပြဿနာလိုမျိုးကို တကယ် ကိုင်တွယ်ဖြေရှင်းလို့ ရနိုင်မလား၊ ငြိမ်းချမ်းရေး ရအောင်လို့။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ပြဿနာလိုမျိုးကို၊ ဗိုလ်ချုပ်စိုးရှိန်အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့၊ အနေအ ထား မရှိပါဘူး။ ဗိုလ်ချုပ်စိုးရှိန်ဟာ ဗိုလ်ချုပ်သန်းရွှေက “ မင်း ဒါလုပ်၊ ဒါလုပ်၊ ဒါလုပ်” ဆိုတဲ့အတိုင်း၊ ရုပ်သေးရုပ်တရုပ် လို၊ လိုက်လုပ်မယ့် လူမျိုးပါ။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ တရုတ်နဲ့ KIO ကို၊ ပြန်ကြည့်ရအောင်။ အခု KIA ကိုကျတော့၊ တိုက်ရဲ တယ်ဆိုတာ၊ တရုတ်နဲ့ KIO နဲ့က ဘယ်လို အနေအထား ရှိလို့လည်း ခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံတွေအရ နည်းနည်း ရှင်း ပြပေးပါ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ဟာ တရုတ်ရဲ့ သြဇာခံ မဖြစ်ခဲ့ပါဘူး။ KIA က၊ ကွန်မြူနစ်စနစ်ကို၊ လက်မခံ တဲ့အတွက်ကြောင့်၊ ကိုးကန့်တို့ ၀တို့လောက်၊ KIA ဟာ တရုတ်နဲ့ အစေးမကပ်တာတော့၊ အမှန်ပဲ။ KIA ထဲက ခွဲထွက် သွားတဲ့ ဦးဇခုန်တိန်ယိမ်း တို့လောက်ပဲ၊ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ရဲ့ စစ်ဒေသ (၁၀၁) အနေနဲ့ တရုတ်ဘက်ကို၊ ကွန်မြူနစ်ဘက်ကို ပါသွားတဲ့ သဘောရှိပါတယ်။ KIA ဟာ ကိုးကန့်တို့ ၀တို့ လာက်၊ တရုတ်ရဲ့ ထောက်ခံမှုကို အပြည့်အ၀ မရဘူးဆိုတာကို၊ ဒီဘက်အစိုးရကလည်း ကောင်းကောင်းသိပါ တယ်။ အခု ကိစ္စမှာလည်း၊ အားစမ်းတာပါ။ ၂၀၀၉ ခုနှစ်၊ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်ပြည်ကို သွားခဲ့တုန်းက၊ တရုတ်ကို လက်မှတ်ထိုးပေးခဲ့တဲ့ (မြန်မာပြည်ထဲတွင် တရုတ်ကလုပ် မည့်) ရေအားလျှပ်စစ် စီမံကိန်းတွေရဲ့ အများစုဟာ၊ ကချင်ပြည်နယ် KIA နယ်မြေ ထဲမှာ ရှိပါတယ်။ နောက်ပြီးတော့၊ (ရခိုင်ပြည်နယ် မှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ သွယ်တန်းနေသည့်) သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ဟာလည်း၊ KIA နယ်မြေ ထဲက ဖြတ်ပါတယ်။ အဲဒါကို အကြောင်းပြုပြီးတော့မှ၊ အစိုးရစစ်တပ်အနေနဲ့၊ လက်ရှိ ရေအားလျှပ်စစ်စီမံကိန်း ရှိရာ တာစန်းကုန်းကို၊ ရအောင်ယူမယ်။ စမ်းကြည့်တာပါ။ သွေးတိုး စမ်းကြည့်တာပါ။ တကယ်လို့ ဒီလိုတိုက် တာကို၊ တရုတ်ဘက်က သဘောတူတယ် ဆိုရင်တော့၊ ဆက်ပြီး တိုက်သွားဖို့ စီစဉ်ပါလိမ့်မယ်။ ကျန်တဲ့ မေ ခမေလိခမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတို့လို မျိုးတွေနဲ့၊ (တရုတ်ကို) အကြောင်းကိုပြပြီးတော့မှ KIA ကို pressure ပေးသွားမယ့် အနေအထားမျိုး ဖြစ်မှာပါ။ ဒါပေမဲ့၊ သတင်းတွေအရတော့၊ ၀တွေ ကိုးကန့်တွေ လောက် KIA ကို ပြင်းပြင်းထန်ထန်မထောက်ခံပေမဲ့၊ မြန်မာအစိုးရ ဒီလိုလုပ်တာကိုတော့ လက်မခံဘူး ဆို တာကို၊ တရုတ်က ပြသတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ တရုတ်ရဲ့မူက မြန်မာပြည်ရဲ့ နိုင်ငံရေးတည် ငြိမ်မှုကို၊ အဓိက လိုချင်တယ်။ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်မှာ ရှိနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့၊ ငြိမ်းငြိမ်း ချမ်းချမ်းနည်းနဲ့ပဲ ဖြေရှင်းတာကို၊ တရုတ်က လိုချင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အခု လို တိုက်ခိုက်ပြီးတော့မှ ဖြေရှင်းတဲ့ကိစ္စကိုတော့၊ တရုတ်အနေနဲ့ လက်ခံလိမ့်မယ်လို့၊ ကျနော် မထင်ဘူး ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ မြန်မာ့တပ်မတော်ရဲ့ ထောက်လှမ်းရေးအရာရှိဟောင်းနဲ့၊ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဆက်သွယ်မေးမြန်းပြီး၊ တင်ပြခဲ့တာပါ ခင်ဗျာ။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...