Wednesday, July 25, 2012
၂၄ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံကြီး နှစ်ပတ်လည် အထိမ်းအမှတ် ဆွမ်းကပ် တရားနာ ဖိတ်ကြားလွှာ။(အော်ရီဂွန်ပြည်နယ်)
Sunday, July 22, 2012
လန်ထွက်နေတဲ့ ဦးအောင်သိန်းလင်း
ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောနေပြီ။
မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆို သော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ဖြေကြားပြောဆိုသွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အ စည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၎င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အ ငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံမေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်း ဖြစ်ပါသည်။
ဦးအောင်သိန်းလင်း က “ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကို ရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။
USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အား ပြင်းပြင်ထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် အား လည်း “ကျနော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး” ဟု ဖြေကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ “ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့ နိုင်ငံအတွက်လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ” ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား “သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေး အစိုး ရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ” ဟုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက “ကျနော်တို့ သင်ခန်းစာတွေရတယ်။ လူ ထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ်” ဟု ဆိုပါသည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်း အနေဖြင့် မသိကြောင်း နိုင်ငံရေးလေ့လာသူတဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက” သူ တို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး” ဟု မှတ်ချက်ပြုပါသည်။
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်ပါသည်။
အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများ ပြုလုပ်ရာ၌ ၎င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော် စည်ပင် ငွေကြေးများကို ရောထွေး သုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။
Friday, July 13, 2012
၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ် ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်။တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာ မဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့ နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့ စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့ အကြီးအမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက်ကို ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
ကျုပ်အဖို့ ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေးလို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာ မလိုဘူး။ ဒါပေမယ့် နီပွန်က ပြန်လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှ တတ်မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီး ရဲဘော်တို့ကို သိဘို့ ပြောပြခြင်းပဲ။
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့ မဟုတ်။ လက်နက်အားကိုး တန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေး တရားအစစ်ကို ပြောပြချင်တယ်။
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့ မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုး အကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာ မဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ ထင်တာ တထစ်ချ မှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့ တခြားလူမျိုး တွေကို မုန်းဘို့ မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသား အချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ ပတ်သတ်ပြီး မှာချင်တာပဲ။
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့ မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့ မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့ မဆိုင်ဘူး။
ဒါပေမယ့် ကောင်းတဲ့ကိစ္စ၊ တရားတဲ့ ကိစ္စ၊လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ၊ မိတ်ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက် တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။
တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည် လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်ပါတယ်။
Saturday, July 7, 2012
ဖမ်းဆီးထိန်းသိမ်းခံ လူငယ်ကျောင်းသား ခေါင်းဆောင်များ ပြန်လွတ်ပြီ
ဇူလိုင် ၆ ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ကျောင်းသားသမဂ္ဂ အဆောက်အဦ
ဖြစ်မြောက်ရေးကော်မတီမှ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့်
မဖြိုးဖြိုးအောင်တို့ အပါအ၀င် မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ လားရှိုးနှင့်
မန္တလေးတို့မှ လူငယ်ကျောင်းသားခေါင်းဆောင်များကို ယနေ့ နေ့လည် ၁၁ နာရီက
ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
"အခု ၁၁ နာရီကပဲ မနေ့ညက အဖမ်းခံလိုက်ရတဲ့သူတွေအားလုံး ပြန်လွှတ်ပေးလိုက်ပြီ
ဆိုပြီးတော့ ဖုန်းဝင်လာတယ်။ သူတို့ ဒီကိုတော့ ရောက်မလာသေးပါဘူး" ဟု ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးက အတည်ပြုပြောသည်။
အဆိုပါ လူငယ်ကျောင်းသားခေါင်းဆောင်များကို ဇူလိုင် ၆ ရက် ည ၉း၃၀ ခန့်တွင်
နေအိမ်များသို့ လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ
ကျောင်းသားခေါင်းဆောင် ၄ ဦးကိုမူ ပြည်ထဲရေးရုံးတွင်
ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ မန္တလေးမှ အောင်မှိုင်းဆန်း၊ မိုးထက်နေတို့ အပါအ၀င်
မြင်းခြံမှ ၇ ဦး မုံရွာမှ ၄ ဦး၊ ရွှေဘိုမှ ၄ ဦး၊ လားရှိုးမှ ၄ ဦး တို့
ပါဝင်ကြောင်း သိရပြီး ယင်းတို့အားလုံးကို တပြိုင်တည်း
လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံ လူငယ်များ ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အခမ်းအနားကိုမူ
၈၈ မျိုးဆက်ကျောင်းသားများက ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို
နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ခြင်းဖြစ်ရာ
ယင်းအခမ်းအနားပြီးသည့် နေ့လည် ၁၁ နာရီတွင်
ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
Yangon Media Group
နှစ် ၅၀ ပြည့် 7July အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနား
နှစ် ၅၀ ပြည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ
ဖြိုချဖျက်ဆီးခံရတဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ 7July နှစ် ၅၀ ပြည့်
အထိမ်းအမှတ် အဖြစ် ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းမှာ အခမ်းအနားတရပ်
ကျင်းပခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နာယကအဖွဲ့ဝင် ဦးဝင်းတင်၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ကျောင်းသား အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပ
သတင်းထောက်များ တက်ရောက်ခဲ့ပြီး နံနက် ၉ နာရီကနေ နံနက် ၁၀း၄၅ နာရီအထိ
ကျင်းပခဲ့ပါသည်။
အခမ်းအနား မကျင်းပမှီ ဇူလိုင်လ ၆ ရက်နေ့ ညဦးပိုင်းက
ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို
အထူးရဲတပ်ဖွဲ့ SB တွေနဲ့ နယ်မြေခံရဲတွေက ဖမ်းဆီး ထိန်းသိမ်းသွားပေမဲ့
ဒီကနေ့မှာတော့ ရန်ကုန်မှာရော မန္တလေးမှာပါ 7July ပွဲ အခမ်းအနားတွေကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သတင်းရရှိပါသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များရဲ့ သန်းခေါင်ယံ သတင်းစာရှင်းလင်းပွဲ(ရုပ်/သံ)
Sunday, July 1, 2012
လူထုခေါင်းဆောင် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်မယ့်ရက် ရွှေ့ဆိုင်း
ခရီးပန်းလွန်းတဲ့အတွက် ပထမတပတ်ကို လွှတ်တော် အစည်းအဝေး မတက်နိုင်ကြောင်း ပြီးခဲ့တဲ့တပတ်က တင်ပြခဲ့ပြီးနောက် လွှတ်တော်ကလည်း ခွင့်ပြုခဲ့တဲ့အတွက် အခုလို ရွှေ့ဆိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ ရက်ကြာ ၅ နိုင်ငံခရီး ဆက်တိုက် သွားရောက်ခဲ့တဲ့အတွက် ခရီးပင်ပန်းလွန်းတာကြောင့် လာမယ့် ဇူလိုင်လ ၄ ရက် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်တာသာ ဖြစ်ပြီး လွှတ်တော်ဘက်ကလည်း ဒါကို ခွင့်ပြု လက်ခံတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို အတည်ပြု ပြောကြားခဲ့ပါတယ်။
“ဟုတ်တယ်။ ခရီးပန်းလာလို့ ၄ ရက်၊ ၅ ရက် နဲ့ ၆ ရက်ကို ကျနော်တို့ ခွင့်ယူထားပါတယ်။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့ကို မတက်ပါဘူး။ နောက်တပတ် ၉ ရက်နေ့က စတက်ပါမယ်။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ ကျနော် ဆက်သွယ် မေးမြန်းပြီးပြီ။ သူတို့ လက်ခံတယ်လို့ ပြောပါတယ်။”
ခရီးစဉ် ပင်ပန်းလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပထမတပတ် လွှတ်တော်အစည်းအဝေးကို မတက်ရောက်နိုင်ပေမဲ့လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကတော့ တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥရောပခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် က ပြောပါတယ်။
“အမေစုကို ခွင့်ယူဖို့အတွက် ကျနော်တို့ အားလုံးပဲ ၀ိုင်းဝန်းပြီးတော့ တိုက်တွန်းလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးစဉ်တလျှောက်လုံးလည်း ပင်ပန်းထားတဲ့အတွက်ကြောင့် မိုလို့ အနားယူသင့်တယ်လို့ ကျနော်တို့ တိုက်တွန်းတာပါ။ ကျန်းမာရေး အခြေအနေကြောင့် မဟုတ်ပါဘူးခင်ဗျ။ သွေးအားနည်းလို့ ဆိုတာလည်း မဟုတ်ပါဘူး၊ နောက် တခြား ဘာကိစ္စကြောင့်မှလည်း မဟုတ်ပါဘူး။ ခရီးစဉ်မှာ ခရီးတလျှောက်လုံး ပင်ပန်းလာတဲ့အတွက်ကြောင့်မိုလို့ အဲဒီအတွက် အနားယူသင့်လို့ ကျနော်တို့က အနားယူပါလို့ ၀ိုင်း တိုက်တွန်းလိုက်တာပါခင်ဗျ။ ခွင့်ရက် အနားယူပြီးသွားရင်တော့ အမြန်ဆုံး လိုက်လာမှာပါခင်ဗျ။ ကျနော်တို့က တက်ဖြစ်မှာပါခင်ဗျ။ ကျနော် မနက်ဖြန် သွားမှာပေါ့။ ၂ ရက်နေ့ သွားမှာပါခင်ဗျ။ ကိုယ်စားလှယ်တွေ အားလုံး တက်ဖြစ်မှာပါခင်ဗျာ။”
မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဖို့တော့ ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီကပြောဆိုပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာတော့ လွှတ်တော် အစည်းအဝေးကို ပြန်လည်တက်ရောက်မှာဖြစ်ပါ တယ်။
ဆယ်စုနှစ် ၂ ခုနီးပါးကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် ဥရောပကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ် ၅ နိုင်ငံခရီးစဉ်ကို ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့တာပါ။ ပထမဆုံး ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ပြီး အဲ့ဒီမှာ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ်တာ (Didier Burkhalter) နဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နေမကောင်းတဲ့အတွက် သတင်းစာ ရှင်းလင်းပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးရှည်ကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းတော့ ကျန်တဲ့ခရီးစဉ် အားလုံးကို ချောချောမွေ့မွေ့နဲ့ သွားရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်ခရီးစဉ်ပြီးနောက် နော်ဝေနိုင်ငံ အော်စလိုမြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် နိုဘဲလ် မိန့်ခွန်း ပြောတာပြင် နော်ဝေနိုင်ငံ ဘာဂင်မြို့မှာလည်း Rafto လူ့အခွင့်အရေးဆုကို လက်ခံခဲ့ပါတယ်။
အဲဒီနောက် အိုင်ယာလန်နိုင်ငံဘက် ခရီးဆက်ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ကချီးမြှင့်တဲ့ Ambassador of Conscience ဆုကို လက်ခံပါတယ်။
နောက်တော့ ဗြိတိန်နိုင်ငံမှာ ဗြိတိန် နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ချားလ်စ်နဲ့ရော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်စတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါ့အပြင် တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနဲ့လည်း လန်ဒန်မြို့မှာ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံကို နောက်ဆုံးသွားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ ပြင်သစ်သမ္မတ Francois Hollande၊ သမ္မတဟောင်း နီကိုးလက်စ်ဆာကိုဇီ အပြင် ပြင်သစ်အစိုးရ အဖွဲ့ဝင်တချို့နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့သလို ပါရီမြို့တော်သူ ဆုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံ ရယူခဲ့ပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှာတော့ ဥရောပခရီးစဉ်အဆုံးသတ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ခဲ့တာပါ။
ရန်ကုန်ကို ပြန်လည်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ လူထုကလည်း သောင်းသောင်းဖြဖြ နဲ့ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
နားဆင်ရန်