Saturday, June 4, 2011
Thursday, June 2, 2011
Wednesday, June 1, 2011
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံ ရောက်ရှိ
ဒီနေ့ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် ၀ါရင့် ရီပတ်ဘလီကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း(John McCain)ဟာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ၃ ရက်ကြာ အခုလို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အပါအ၀င် တခြား နိုင်ငံရေးပါတီ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဗုဒ္ဓဟူးနေ့ကစပြီး သောကြာနေ့အထိ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်နေကြောင်းနဲ့ သူ့ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ မစ္စတာ မက်ကိန်းဟာ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံမယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
၂၀၀၈ ခုနှစ်က အမေရိကန် သမ္မတလောင်း အဖြစ်နဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်းရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှဒေသဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) မြန်မာနိုင်ငံကို လာခဲ့ပြီး တလလောက် အကြာမှာ ရောက်လာခဲ့တဲ့ မစ္စတာ မက်ကိန်းဟာ မြန်မာအစိုးရသစ် အဖွဲ့ဘက်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဘယ်လောက် လေးနက်မှုရှိတယ် ဆိုတာကို အကဲဖြတ်ဖို့ သွားရောက်မှာလို့ အင်္ဂါနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မစ္စတာ မက်ကိန်း အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်း ပြောကြားဖို့ ရှိတယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ မြန်မာအစိုးရသစ် အဖွဲ့နဲ့ တွေ့ဆုံအပြီးမှာတော့ ရန်ကုန်ကို ပြန်လာပြီး ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
“၂ နာရီမှာ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ စတွေ့ပါမယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့အတူ CRPP အဖွဲ့ရဲ့ ခေါင်းဆောင်များလည်း ပါပါမယ်။ CEC နဲ့ တွေ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ကနေ လက်ခံ တွေ့မှာပါ။”
အဲဒီတော့ ဦးအုန်းကြိုင်တို့နဲ့ NLD ရုံးချုပ်မှာ တွေ့မှာပေါ့။
“ကျနော်တို့နဲ့က ရုံးချုပ် အစည်းအဝေးခန်းမမှာ တွေ့မှာပါ။”
CEC အဖွဲ့နဲ့ တွေ့ပြီးတော့မှ CRPP နဲ့ တွေ့မှာလား၊ တပြိုင်တည်း တွေ့မှာလား။
“CRPP နဲ့ CEC အဖွဲ့က တပေါင်းတည်း တွေ့မှာပါ။ ၂ နာရီမှာပါ။”
ဘယ်လောက် အချိန်ကြာကြာ တွေ့မယ်လို့ သတ်မှတ်ထားလဲ။
“ကျနော်တို့ အကြမ်းဖျင်း သိတာကတော့ ၃ နာရီခွဲလောက်အထိ ကြာလောက်မယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ အချိန်မှာတော့ ဦးဉာဏ်ဝင်းတို့၊ ဦးဟံသာမြင့်တို့ ရှိနိုင်ပါတယ်။ ကျနော်တို့ CEC နဲ့တွေ့တဲ့ အချိန်မှာတော့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် CEC အဖွဲ့ဝင်များပေါ့။ အဲဒီမှာ ဒီနေ့အထိ အခြေအနေကတော့ ဆရာဦးဝင်းတင်က ကျန်းမာရေး မကောင်းလို့ တက်ရောက်နိုင်ဖွယ် မရှိပါဘူးခင်ဗျ။ CEC မှာကတော့ ဆရာ မတက်နိုင်ဘူးဆိုရင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ထဲက ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ ရှိပါတယ်။ နောက် ကျနော်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊ ဦးဝင်းမြင့်ပေါ့ဗျာ။ အဲဒါ CEC အဖွဲ့ဝင်တွေ ရှိပါတယ်။”
CRPP ထဲက ဘယ်သူ့ကို ဖိတ်ထားပါလဲ။
“CRPP ခေါင်းဆောင်တွေ အားလုံးကို ဖိတ်ထားတာပါ။ ဦးအေးသာအောင်၊ ဦးထောင်ကိုထန်း၊ ဦးစိုးဝင်း၊ ဦးနိုင်ထွန်းသိန်း စတဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။”
ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံတွေအပြင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) နဲ့လည်း တွေ့ဆုံမှာမို့ ဒီလိုတွေ့ဆုံတဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဖိအားပေး တိုက်တွန်းဖို့ ပြောကြားမယ်လို့ CRPP က ဦးကျင့်ရှင်းထန်က ပြောပါတယ်။
“ပထမဦးဆုံး National Reconciliation လုပ်နိုင်ဖို့ဟာ အရေးကြီးတယ်။ တိုင်းပြည်မှာ စီးပွားရေးလည်း ချွတ်ခြုံကျနေတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလုပ်မချင်း ကျနော်တို့ တိုင်းပြည်မှာ တိုးတက်မှုက ဘယ်အစိုးရပဲတက်တက် ဖြစ်မှာမဟုတ်ဘူး။ အဲဒါကြောင့် ဒါအရေးကြီးတယ်။ ဒါပေမဲ့ ဒီဥစ္စာ လုပ်ဖို့ဟာက အခု နိုင်ငံရေး အကျဉ်းကျနေတဲ့ ၂,၀၀၀ ကျော်ကို ဒီအတိုင်း ထားနေတာက အဆိုးဆုံးဖြစ်တယ်။ ဒီလူတွေနဲ့ တွေ့ဆုံဆွေးနွေး စကားပြောကြစို့၊ လွှတ်ဖို့ ဖိအားပေးကြပါ ဆိုတာ ကျနော်တို့ တောင်းဖို့က ဒါ အဓိကပဲ။”
မစ္စတာ မက်ကိန်းဟာ NLD CEC နဲ့ CRPP တို့နဲ့ မတွေ့ခင်မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပြင် တခြားပါတီတွေက ကိုယ်စားလှယ် ၅ ဦးနဲ့လည်း နေ့လယ် ၁၂ နာရီမှာ တွေ့ဆုံဖို့ ရှိတယ်လို့ ပါတီခေါင်းဆောင် ဦးသုဝေက ပြောပါတယ်။
“မနက်ဖြန် နေ့လယ် ၁၂ နာရီ အမေရိကန် သံမှူးရဲ့အိမ်မှာ၊ ကျနော်တို့နဲ့ကတော့ NDF က ဦးခင်မောင်ဆွေ ပါမယ်၊ တစညက ဦးခင်မောင်ကြီး ပါမယ်၊ ပြီးတော့ တခြားပါတီက ၂ ယောက်ပါမယ်၊ နောက် ရခိုင်နဲ့ ၅ ယောက်ပေါ့၊ ကျနော်တို့ ချိန်းထားတာ။“
မစ္စတာ မက်ကိန်းဟာ သောကြာနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ ဒဂုံမြို့နယ် တော်ဝင်လမ်းမှာရှိတဲ့ အမေရိကန် စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက အတည်ပြု ပြောကြားခဲ့ပါတယ်။
source by :http://www.voanews.com
Monday, May 30, 2011
ဒီပဲယင်း လုပ်ကြံမှု ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲ
ဒီပဲယင်း လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲဆိုတာ မှန်းဆပြောဆိုမှုတွေ အများအပြား ရှိနေပါတယ်။
စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ကတော့ ဒီပဲယင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်လို့ သူ သိရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောဆိုပါတယ်။
Ad Hoc Commission on Depayin Massacre (Burma)
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး ခရီးစဉ်အတွင်း အနှောင့်အယှက် ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: Ad Hoc Commission on Depayin Massacre- Burma)
နားဆင်ရန်
Friday, May 20, 2011
အင်းစိန်ထောင် အမျိုးသမီးဆောင် ဆန္ဒပြဟု AAPP ပြော
“ကျနော်တို့ သိရသလောက်ကတော့ ၁၇ ရက်နေ့ကတည်းက အင်းစိန်ထောင် အမျိုးသမီးဆောင်မှာ ဆန္ဒပြနေတယ်လို့ သိရပါတယ်။ အဓိကက အစာငတ်ခံ ဆန္ဒပြတာပါ။ ၁၆ ရက်နေ့က ထုတ်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြတယ်လို့ သိရပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။
အကျဉ်းဦးစီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်လိုက်သည်။
နိုင်ငံရေးအကျဉ်းသားများအရေး ကူညီစောင့်ရှောက်နေသူ ရန်ကုန်မြို့ရှိ တက်ကြွလှုပ်ရှားသူ တဦးကတော့ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်
ပေးဟန်ဆောင်သော ကြေညာမှုအပေါ် ရှုတ်ချသော အနေဖြင့် အဆောင် ၇ မှ အမျိုးသမီးများ ဆန္ဒပြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြသူအရေအတွက်ကို မပြောနိုင်သော်လည်း မဥမ္မာမြင့်၊ မသန္တာအောင်နှင့် မအေးချမ်းတို့ ပါဝင်သည်ဟု ဆိုသည်။ သောကြာနေ့ ထောင်ဝင်စာတွေ့ရာတွင် မဥမ္မာမြင့်က အစားအသောက်များကို လက်မခံဘဲ ပြန်ပေးလိုက်သည်ဟု ဆိုသည်။
အကျဉ်းဦးစီး ဝန်ထမ်းတဦး အပြောအရ မဥမ္မာမြင့်နှင့် မသန္တာတို့ ကျန်းမာရေးမကောင်းဘဲ ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။
သတင်းအမှောင်ချခံထားရသော ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုက နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များကို စိုးရိမ်ပူပန်မှုများ တိုးနေစေတော့သည်။
“ကျနော်လည်း ဒီမနက်ပဲ သိရတယ်။ လူဦးရေတော့ အတိအကျ မသိရသေးဘူးခင်ဗျ” ဟု အဆိုပါအဆောင် ၇ မှ အကျဉ်းကျနေသူ အမျိုသမီးတဦး၏ ခင်ပွန်းက မဇ္ဈိမကို ပြောဆိုသည်။
AAPP ၏ မေလ ၃ ရက် ထုတ်ပြန်သည့် စာရင်းဇယားများအရ အင်းစိန်ထောင်တွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူပေါင်း ၄၂ဝ ရှိပြီး၊ ထိုအထဲတွင် အမျိုးသမီး ၃ဝ ကျော် ပါဝင်သည်။ မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသူ ၁၅၆ ဦးနှင့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၆၁ ဦး ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
source by : http://www.mizzimaburmese.com
Thursday, May 19, 2011
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ခရီးထွက်မည်
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ လများအတွင်း ခရီးထွက်၍ ပြည်သူများနှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် တွေ့ဆုံ အပြီးတွင် သတင်းထောက်များကို ပြောဆိုသည်။
မေလ ၁၂ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီယာနှင့် တွေ့ဆုံအပြီး သတင်းထောက်များကို ရှင်းလင်း ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
ထိုသို့ ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ စီစဉ်ထားခြင်း မရှိသေးကြောင်း သိရသည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က အထက်မြန်မာပြည် ခရီးစဉ်၌ ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသူများက ၀ိုင်းဝန်း ရိုက်နှက်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အကျယ်ချုပ် ချခဲ့သည်။
မစ္စတာ ဂျိုးဇက် ဝိုင်ယွန်း နှင့်တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု သက်တမ်း တနှစ် ထပ်မံတိုးမြှင့်လိုက်ခြင်းသည် မြန်မာအစိုးရသစ်အနေဖြင့် လုံလောက်သော အပြောင်းအလဲများ မပြုလုပ်နိုင်သေးသည့်အတွက် ထပ်မံ တိုးမြှင့်ခြင်းဖြစ်နိုင်သည်ဟု သတင်းထောက်များကို ပြောကြားကြောင်း ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်း ထောက်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နှင့် ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ လျော့ပေါ့ခွင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည် ဟုလည်း သိရသည်။
ယခု လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည်။
မစ္စတာ ဂျိုးဇက် ဝိုင်ယွန်း အား ယခုခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် ၎င်း အနေဖြင့် အစိုးရနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားသူများ၏ ပြောဆိုမှုများကို လာရောက် နားထောင်ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်ဟု သိရသည်။
အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ပြီး မြန်မာအစိုးရ ၏ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် လည်း ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။
source by :http://www.irrawaddy.org