ကျောင်းသား သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို ရန်ကုန်မြို့ လှိုင်နယ်မြေရှိ
ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ဒီကနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁ရက်နေ့ နံနက် ၉း၀၀
နာရီအချိန်တွင် ကျင်းပဖွဲ့စည်းခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ် မဆုစန္ဒီဦးမှ
ဆောင်ရွက်ပြီး ကျောင်းပြန်လည်တက်ရောက်ခွင့်ရရှိသည့် ကိုစည်သူမောင်၊
ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦးတို့ အပါအဝင် ကျောင်းသား ၁၅ ဦးခန့်
တက်ရောက်ခဲ့ကြပါသည်။
Friday, June 1, 2012
ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ စတင်ဖွဲ့စည်း
မြန်မာပြည် အလုပ်လက်မဲ့ပြဿနာ ချိန်ကိုက်ဗုံးတခုဟု ဒေါ်စုပြော
“ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဘယ့်လောက် အကျိုးအမြတ်ရမယ် ဆိုတာလောက်ပဲ မစဉ်းစားကြပါနဲ့။ ရင်းနှီးမြှုပ်နှံသူတို့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ် ရချင်ကြတယ်ဆိုတာ ကျမ သဘောတူ ပါတယ်။ သို့သော်လည်း ကျမတို့ တိုင်းပြည်အနေနဲ့လည်း ရင်းနှီးမြှုပ်နှံကြသူတွေလို အကျိုးအမြတ် ရရမှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားလိုက်သည်။
မြန်မာများအတွက် ရနိုင်သမျှ အလုပ်အကိုင် များများနှင့် သင်တန်းများ ရရှိလိုကြောင်း ပြောသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများအနေနှင့် ခြစားလာဘ်စားမှုအား လောင်စာဖြည့်ဆည်းပေးမှုနှင့် စီးပွားရေး ရေပေါ်ဆီ သမားများ၏ အိပ်ထဲသို့ ဖြည့်တင်းမှုများ မလုပ်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။
ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံသားများ သန်းနှင့်ချီ၍ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်စဉ်ကလည်း အလုပ်လက်မဲ့ ပြဿနာ အား အလေးထားခဲ့ပြီး ပြုပြင်ပေးရန်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု မဲဆန္ဒရှင်များအား ကတိပေးထားခဲ့သည်။
ထို့ပြင် အစိုးရအနေနှင့် ဒီမိုကရေစီ၊ လူမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာနေသော်လည်း တရားစီရင်ရေးကဏ္ဍမှာမူ လွတ်လပ်မှုမရှိသေးကြောင်း သတိပေး ထောက်ပြပြောဆိုလိုက်သည်။
“တကယ်လို့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်မယ် ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေသူတွေ အနေနဲ့ သတိထားရမှာက တရားမျှတတဲ့ တရားရုံးတွေ မရှိဘူးဆိုရင် ဒါမှမဟုတ် အဲဒီ့တရားရုံးတွေ အနေနဲ့ ဥပဒေတွေ အတိုင်း တရားမျှတစွာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကလည်း အသုံးဝင်မှာ မဟုတ်ပါဘူး” ဟု အာရှပစိဖိတ်ရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားသည်။
ဖိုရမ်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေလ ၃ဝ ရက်မှ ဇွန် ၁ ရက်
နေ့ထိ ကျင်းပကာ နိုင်ငံပေါင်းများစွာမှ ထိပ်တန်း စီးပွားရေးသမားများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင် များ၊ သတင်းစာဆရာများ စုစုပေါင်း ၂,၅ဝဝ ခန့် လာရောက်သည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
source by : http://www.mizzimaburmese.com
ကမ္ဘာ့စီးပွားရေးဖိုရမ်နောက်ဆုံးနေ့ ဒေါ်စုရဲ့ ဆောင်ရွက်ချက်များ(မေးမြန်းခန်း)
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ် နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ တယောက်ချင်း မေးမြန်းချက်ကို ဖြေကြားတဲ့ အစီအစဉ်နဲ့ အာရှ အမျိုးသမီးတွေရဲ့ အနာဂတ် ဆွေးနွေးဝိုင်း အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မြန်မာ့အရေး ကမ္ဘာ့အရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို ကျင်းပခဲ့ပါတယ်။
အဲဒီ့ ဖိုရမ်မှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဒီနေ့ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ် ကျောက်ဖယားမြစ်ကမ်းမှာ ရှိတဲ့ ဟိုတယ်မှာ ၃ ရက်ကြာ အစည်းအဝေးပွဲ နောက်ဆုံး ဆွေးနွေးပွဲတွေကို မနက်အစောကြီး ကတည်းက မြန်မာ့ ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်နဲ့ စတင် ဖွင့်လှစ်တာကို တွေ့ရတယ်။
one on one အစီအစဉ်ပေါ့။
ကမ္ဘာစီးပွားရေးဖိုရမ်ကို စတင် တည်ထောင်တဲ့သူတွေထဲမှာ ပါတဲ့သူလည်းဖြစ်တဲ့ အမှုဆောင် ဥက္ကဌလည်း ဖြစ်တဲ့ Klaus Schwab နဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်တာပါ။”
“အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့နေရာမှာတော့ နိုင်ငံတနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ တမျိုးသားလုံး အမျိုးသားရေး သံန္တွိဌာန်စိတ်ဓာတ်ရှိဖို့ လိုအပ်တဲ့အကြောင်း အဓိက ပြောသွားပါတယ်။
အဲ့မှာ သူနေအိမ်အကျယ်ချုပ်က မလွတ်ခင်ကာလတုန်းကဆိုရင် မြန်မာနိုင်ငံအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုပဲ လူတွေက ဦးစားပေး ပြောဆိုဆွေးနွေးကြတာတွေ ရှိတယ်ပေါ့။
နောက် သူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်မှာတော့ စီးပွားရေးဘက်ကို ပိုပြီးဇောင်းပေးပြီး ပြောလာကြတာ ကို တွေ့မိတယ်ပေါ့။ နောက် နိုင်ငံတနိုင်ငံဟာ စီးပွားရေးအရ ကျဆုံးရတာဟာ ပညာတတ်တွေ မရှိလို့ပေါ့။ အသားပေးပြောတာကေတာ့ အလယ်တန်းအဆင့် ပညာတတ်တွေ မရှိလို့ပေါ့။
အထူးသဖြင့် လူငယ်လူရွယ်တွေမှာ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ ပညာရပ်တွေ မရှိလို့ နိုင်ငံတနိုင်ငံဟာ စီးပွားရေးအရ ကျဆုံးရတာလို့ ပြောတယ်။ ဒီဟာတွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ဆိုရင် လူငယ်တွေရဲ့ အား အဓိက လိုအပ်တယ်။
နောက် လူငယ်တွေ လုပ်ကိုင်နိုင်ဖို့အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ လိုတယ်။ အလုပ်အကိုင်တွေလည်း လိုအပ်တယ်ပေါ့၊
အဓိကအချက်တွေကို ဇောင်းပေးပြီးတော့ ပြောသွားတယ်။ နောက် ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာက လာတဲ့အခါမှာလည်း အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ ရင်းနှီးမြှုပ်နှံမှုပြီးတဲ့အခါမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ သင်တန်းတွေ၊ အလုပ်သမားတွေအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေပေးဖို့လည်း ဇောင်းပေးပြီး ပြောသွားတာ တွေ့ရပါတယ်။”
“ပထမ မနက်ပိုင်း အစီအစဉ်တွေအပြီးမှာပဲ မနက် ၁၁ နာရီမှာ အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။
ခေါင်းစဉ်ကတော့ အာရှအမျိုးသမီးတွေရဲ့ ရှေ့ခရီးလို့ အဓိပ္ပါယ်ရမယ်ထင်တယ်။ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး စွမ်းဆောင်မှု မြှင့်တင်တဲ့နေရာမှာ အရှေ့အာရှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဘယ်လိုမျိုး ပါဝင်နိုင်မလဲဆိုတဲ့ အကြောင်းအရာတွေ ဆွေးနွေးကြတာပါ။ အဓိက ဆွေးနွေးတဲ့ သူတွေကေတာ့ မြန်မာ့ ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက်တယောက်ကေတာ့ နော်ဝေးနိုင်ငံ ဖုန်းကုမ္ပဏီတခုဖြစ်တဲ့ Telenor Group က Jon Fredrik ဆိုတဲ့ ပုဂ္ဂိုလ်ပါတယ်။ နောက် ဆင်းရဲမှု တိုက်ဖျက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ Care USA ကုမ္ပဏီက Helene D. Gayle ပါတယ်။ နောက် ဘဂင်လားဒေ့ရှ် အမျိုးသမီးစွမ်းဆောင်ရှင်များအဖွဲ့ချုပ်က Rokia Afzal Rahman တို့ ဆွေးနွေးခဲ့ကြပါတယ်။”
မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေရော မေးခွန်းထုတ် မခံရဘူးလား။
“အဓိက ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု အားနည်းတယ် ဆိုတာ ပထမအချက်အနေနဲ့ ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်မှာ ကျားမခွဲခြား ဆက်ဆံခံရမှုတွေ၊ အားနည်းမှုတွေ ရှိနေတုန်းပဲ။
နိုင်ငံရေးမှာ ကြည့်မယ်ဆိုရင်လည်း အမျိုးသမီး ၀န်ကြီးအဆင့် ပုဂ္ဂိုလ်မရှိဘူးပေါ့။ လက်ရှိ အစိုးရအဖွဲ့ထဲမှာ ဒု ၀န်ကြီးတောင် ၂ ယောက်လောက်ပဲ ပါတယ်။ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာလည်း အမျိုးသမီးလွှတ်တော်အမတ်တွေကလည်း ၁၅ ယောက်လောက်ပဲ ပါတယ်ပေါ့။
ဧပြီ ၂၀၁၂ ရွေးကောက်ပွဲ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးအမတ် ၂ ဆေလာက် ထပ်တိုးလာတယ်ပေါ့။ ဒါပေမယ့် ဒါဟာ လုံလောက်မှု မရှိသေးဘူး ဆိုတာ သူထောက်ပြထားတယ်။”
“အခုမေးခွန်းကို အောက်မှာ လာရောက်နားထောင်သူတွေကလည်း မေးကြတာရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာအရဆိုရင်တော့ သူ့ပါတီအတွင်းမှာရှိတဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ပေးတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပါဝင်လာအောင် အားပေးတယ်။ မူဝါဒတွေလည်း ရှိတယ်တဲ့။
ဥပမာ ကြားဖြတ်ရွေးကောက်ပွဲမှာဆိုရင် အမျိုးသမီး အမတ်တွေ ပါနိုင်သလောက်ပါလာအောင် ကြိုးစားခဲ့တယ်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ယဉ်ကျေးမှုအရရော၊ ဓလေ့ထုံးတမ်းစဉ်လာအရ ဖြစ်နေတာက အမျိုးသမီးတွေက သူတို့ကိုယ်တိုင်ကိုက မပါဝင်ချင်တာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ ပါဝင်ချင်လာအောင် ဆွဲဆောင်မှုတွေ လုပ်ရတာလည်း ရှိပါတယ်လို့ ဖြေကြားသွားပါတယ်။”
“အဓိကကေတာ့ ဒီအမျိုးသမီးတွေက နိုင်ငံရေးမှာလည်း ခွဲခြားဆက်ဆံ နှိမ်ချခံရတာရှိတယ်။ နောက်တော့ ပညာရေးမှာဆိုရင်လည်း သူ ဥပမာ ပေးတာက ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အမှတ်များမှ ၀င်လို့ ရတာကလည်း ဒါ ခွဲခြားဆက်ဆံမှု ခံနေရတာ ဆိုပြီး ထောက်ပြ ထားတယ်။
စီးပွားရေးမှာဆိုရင်လည်း အမျိုးသမီးတွေဟာ မိသားစု စားဝတ်နေရေးအတွက် အိမ်ဖော်အလုပ်လုပ်ပြီး ကိုယ့်ရဲ့မောင်တွေ၊ အစ်ကိုတွေကို အထောက်အပံ့ပေးနေရတယ်။ သူ အိပ်ခ်ျအိုင်ဗွီဂေဟာမှာ သွားလေ့လာတုန်းကဆိုရင်လည်း လိင်အလုပ်သမတွေဟာ ဒီအလုပ်နဲ့ သူတို့ရဲ့ အစ်ကိုတွေ မောင်တွေကို ထောက်ပံ့ပေးနေရတယ်ပေါ့ဗျာ။
ဒီအလုပ်တွေကို အမျိုးသမီးတွေပဲ လုပ်ရမှာလားပေါ့။ အမျိုးသားတွေရော မလုပ်သင့်ဘူးလား ဆိုပြီး သူက ပြန်ပြီးမေးခွန်းထုတ်သွားတယ်။”
“အဓိက သူစဉ်းစားချက်ကတော့ ဒါဟာ ရိုးရာယဉ်ကျေးမှု ဓလေ့နဲ့လည်း သွားပြီး သက်ဆိုင်နေတယ်ပေါ့။ အခြေခံကျကျ ပြောင်းလဲရမယ်။ မြန်မာ့ယဉ်ကျေးမှုမှာ အမျိုးသမီးတွေက စွန့်လွှတ်အနစ်နာခံပြီးတော့၊ အမျိုးသမီးဆိုရင် ယောက်ျားကို အနစ်နာခံပြီးတော့ လုပ်ပေးရတယ်ဆိုတဲ့ အတွေးအခေါ်တွေကို ရပ်တန်းက ရပ်သင့်ပြီ ဆိုတာတွေကို သူက ပြတ်ပြတ်သားသား ပြောသွားတာ တွေ့ရပါတယ်။”
“ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီးမှာ နိုင်ငံခြားသတင်းထောက်တွေနဲ့ သီးသန့် အခန်းတခန်းမှာ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားပါတယ်။”
“မေးခွန်းတွေက ကမ္ဘာ့အရေးရော၊ မြန်မာ့အရေးရော ပါတဲ့ထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အိမ်ပြန်နိုင်ဖို့ စီးပွားရေးနဲ့ လူမှုရေး လုံခြုံမှုရှိမှ အိမ်ပြန်နိုင်မယ့် အကြောင်း၊ နောက် မြန်မာနိုင်ငံက ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ဖို့ အချိန်ယူရဦးမယ့်အကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်။ ၂၅ ရာခိုင်နှုန်း စစ်သားထဲကမှ အနည်းဆုံး ၁ ယောက်လောက်ပါမှ ပြင်လို့ရမယ့် အကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုတွေ ရှိဖို့။ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် ပြန်လည် စဉ်းစားဖို့ပေါ့။
နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးလည်း သတိနဲ့ အကောင်းမြင်တဲ့ အကြောင်း၊ နောက် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလည်း ထည့်ပြောသွားပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ ခဏ ဆိုင်းငံ့လိုက်တာ သူထောက်ခံတဲ့အကြောင်းလည်း ပြောပါ တယ်။
နောက်ဆုံးပြောသွားတာက ထိုင်းနဲ့ မြန်မာကြားမှာ စီးပွားရေးကွာဟမှုက ကြီးကြီးမားမား ရှိနေလို့တဲ့။ ဒီလိုမျိုး ကြီးကြီးမားမား မရှိဘူးဆိုရင် မြန်မာနိုင်ငံက အလုပ်သမားတွေ ဒီလောက်ထိ လာကြမှာ မဟုတ်ဘူး ဆိုတာတွေ ပြောသွားပါတယ်။”
“ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရလဲလို့ မေးတဲ့အခါမှာ ဆီးရီးယားပြည်သူတွေနဲ့ အစိုးရနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောတဲ့အခါမှာ ဘယ်နေရာ ဘယ်အရပ်မှာပဲရှိရှိ၊ လူသားတွေရဲ့ တန်ဖိုးဟာ အတူတူပဲဖြစ်တယ်။ လူ့ရဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။
နောက် တရုတ်နဲ့ အမေရိကန်နဲ့ မြန်မာရဲ့ ဆက်ဆံရေးအကြောင်း မေးတော့လည်း တရုတ်နဲ့က နှစ်ပေါင်းများစွာကြာအောင် ဆက်ဆံခဲ့တဲ့ အိမ်နီးချင်း ဖြစ်တဲ့အတွက် ဆက်ဆံရေးကောင်းဖို့ လိုသလိုမျိုး တဖက်မှာလည်း မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ကူညီထောက်ပံ့ချင်တဲ့ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်းဖို့ အဲ့လိုမျိုး နှစ်ခုကို ထိန်းညှိပြီး လုပ်သွားသင့်တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။”
“ညနေ ဖိုရမ်မှာ မေးမလားတော့ မပြောတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီး ဦးသန်းဌေးကလည်း တက်ရောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲတွေ က ဒေသတွင်းနဲ့ ကမ္ဘာကို ဘယ်လိုအဓိပ္ပါယ်ဆောင်၊ သက်ရောက်မှုတွေရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ရှိပါတယ်။ အဲ့အချိန်ကျရင် စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ မေးမြန်းမယ်လို့ မျှော်လင့်ရပါတယ်။”
“ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာဆိုရင် မျက်နှာပွင့်တဲ့ ကာလလို့တောင် ပြောရမလားမသိဘူး။ အားလုံးက ထိုင်းတွေရော နိုင်ငံခြားသားတွေကြားမှာရော တေလးတစားနဲ့ စိတ်ဝင်တစား နဲ့၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြုပြီးတော့ပေါ့နော် တလေးတစားမြင်တွေ့ရပါတယ်။
အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေအပေါ်မှာ တကယ့်ကို တလေးတစားနဲ့ တုံ့ပြန်ကြတာလည်း ကျနော်တို့ တွေ့ရပါတယ်။”
source by : http://burmese.dvb.no
ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် နိုင်ငံသား စိစစ်ရေးရုံး သွားရောက် (ရုပ်/သံ)
၂၀၁၂ ခုနှစ်၊ အရှေ့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်ဖို့
ထိုင်းနိုင်ငံ ရောက်ရှိနေတဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၃၁
ရက်နေ့ မှာ မဟာချိုင်ကို ဒုတိယ အကြိမ် ရောက်ရှိလာပြီး
နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ
ဆွေးနွေးခဲ့သလို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စကားပြောဆိုခဲ့ပါတယ်။
ဒီအကြောင်း ဒေါ်ခင်မေဇော်က တင်ပြထားပါတယ်။
source by : http://www.youtube.com/user/RFABurmeseVideo
မြန်မာနိုင်ငံသားများ အရေး ထိုင်းအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက
ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင် စာရွက်စာတမ်း ရှိမယ်ဆိုရင် ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ တနေ့ကို ဘတ်ငွေ ၃၀၀ ရရှိမှာ ဖြစ်ပြီး ထိုင်းအလုပ်သမားတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ ဘတ် ၃၀ ကျန်းမာရေး အစီအစဉ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောရာမှာ-ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို နေရပ် အတင်းအကြပ် ပြန်ပို့တဲ့ မူဝါဒ မရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း အန္တရာယ် မရှိတော့ဘူးဆိုရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံက တည်ခင်းမယ့် ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် နဲ့ တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာ ထိုင်း-မြန်မာ နယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းကလည်း မြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာ အလုပ်သမား ၂၀၀၀ ကျော်ကို စကားပြောဆိုခဲ့ပါသေးတယ်။
ဒီအကြောင်းသတင်းသွားယူတဲ့ RFA သတင်းထောက် ကိုအောင်မြတ်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နားဆင်ရန်
source by : http://www.rfa.org
ရွှေ့ပြောင်းအလုပ်သမား ယာယီပတ်စ်ပို့နှင့် မှတ်ပုံတင်အရေး ဒေါ်စုဆွေးနွေးခဲ့
Tuesday, May 15, 2012
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်
ဖနိဒါ | တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။
“စာထုတ်ပြန်ထားပြီးပြီ။ နှစ်ခုစလုံး မေလ ၃ ရက်နေ့မှာ ထုတ်ထားတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား အကျိုးဆောင်ပေးနေသူ ဦးဆန်အောင်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း (ဓါတ်ပုံ မဇ္ဈိမ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ၁၂ ဦးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သမ္မတရုံးမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော် စသူတို့ ပါဝင်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ၊ စစ်ဌာနချုပ် တိုင်းမှူးများ အပါအဝင် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
“တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းမှူးတွေ ပါတယ်” ဟု ဦးဆန်အောင် က မဇ္ဈိမကို ပြောသည်။
သို့သော် ယခင် ငြိမ်းချမ်းရေးအဖွဲ့တွင် ပါဝင်ဦးဆောင်သော တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းမှာ အဖွဲ့သစ်တွင် မပါဝင်တော့ကြောင့် ဦးအောင်သောင်း ကိုယ်တိုင် ပြောဆိုခဲ့ပြီး ဖြစ်သည်။
ယခင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိထားသော်လည်း KIO နှင့်မူ သဘောတူညီမှု မရသေးပေ။
ဦးအောင်သောင်း ဦးဆောင်သည့် ၁၁ ဦးပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က အဖွဲ့သစ်တွင်း မပါဝင်တော့ဘူးဟု ယူဆကြောင်း မဇ္စျိမကို ပြောသည်။
“သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ တော်တော်များများ ပါလာမယ်။ ဒီတခါ ကျနော် ပါမပါတော့ မသိဘူး။ ခုထိ အကြောင်းမကြားလာဘူးဆိုတော့ ပြောင်းလိုက်ပြီ ထင်တယ်”ဟု သူက ဆက်ပြောသည်။
ပန်ဝါမြို့နယ်ခွဲ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန်ယိမ်းသည် ယခု ငြိမ်းချမ်းရေးအဖွဲ့သစ်တွင် ပါဝင်လာနိုင်မည်ဟု ယူဆကြောင်း သူက မဇ္စျိမကို ပြောသည်။
တနင်္လာနေ့တွင် ချင်းအမျိုးသားတပ်ဦး CNF မှ တွဲဘက် အထွေထွေ အတွင်းရေးမှူးချုပ် ဆလိုင်းရွှေခါး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ဟားခါးမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံပြီးနောက် အပစ်အခတ် ရပ်စဲရေး အပါအဝင် အချက် ၁၆ ချက်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
နယ်မြေသတ်မှတ်ရေး၊ ဆက်ဆံရေးရုံးများ တည်ဆောက် အတည်ပြုခြင်း၊ နိုင်ငံခြားသား ခံယူထားသည့် ချင်းအမျိုးသားများ မြန်မာပြည်သို့ ပြန်လာရေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး လုပ်ကိုင်ခြင်း စသည့် အချက်များအပါအဝင် အချက် ၁၆ ချက်ကို ဟားခါးမြို့ ပြည်နယ်ရိပ်သာတွင် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက မဇ္စျိမကို ပြောသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလက စတင်၍ တဖွဲ့ချင်း သီးခြားစီ လိုက်လံ တွေ့ဆုံခဲ့ရာ CNF အဖွဲ့ အပြင် ဝ အဖွဲ့၊ KNU၊ SSA-N၊ SSA-S၊ MNSP၊ DKBA၊ KNPP တို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်
ရေးထားခဲ့ပြီး ဖြစ်သည်။
source by :မဇ္စျိမ
