Saturday, April 30, 2011
Friday, April 29, 2011
ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့် အကြမ်းဖက်မှု
စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ လူအများရဲ့ လုံခြုံရေးကို ထိခိုက်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်မှု (violence) အသွင်သဏ္ဍာန်မျိုးစုံကို ပဋိပက္ခ (conflicts) တွေကို ဖြေရှင်းဖို့အတွက် အသုံးပြုကြပါတယ်။ လူမျိုးစုကွဲပြားမှု၊ ဘာသာရေးအယူအဆကွဲပြားမှု၊ နိုင်ငံရေးအမြင်ကွဲပြားမှုစတဲ့ ကွဲပြားခြားနားမှုတွေ အကြားမှာ အတူတကွ ယှဉ်တွဲ နေထိုင်မှုကို ဦးစားပေးခြင်းမရှိပဲ၊ ပဋိပက္ခတွေ ဖြစ်လာအောင် အကြမ်းဖက်မှု နည်းမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းမှုတွေ ပြုလုပ်ကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တောင်းဆိုမှုတွေ ပေါ်ထွက်နေချိန်မှာပဲ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ဗိုလ်ကျစိုးမိုးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) စတာတွေကြောင့် ပေါ်ထွက်လာတဲ့ ပဋိပက္ခတွေကလဲ အများအပြား ရှိနေဆဲပါပဲ။
ငြိမ်းချမ်းရေးဆိုရာဝယ်
ငြိမ်းချမ်းရေးဆိုတာကို စစ်ပွဲတွေမရှိတာ၊ စစ်ပွဲတွေအဆုံးသတ်တာလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးမှာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် များစွာရှိပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှု၊ အတွင်းစိတ်သဘော တည်ငြိမ်အေးချမ်းမှု၊ ထိပ်တိုက်ရင်ဆိုင် အင်အားသုံးမှုများ ကင်းဝေးမှု စတာတွေဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ အနောက်တိုင်း အတွေးအခေါ်တွေကနေ မြစ်ဖျားခံလာတဲ့ ငြိမ်းချမ်းရေးသိပ္ပံကတော့ စစ်ပွဲတွေမဖြစ်လာအောင် ကာကွယ်ရေးနဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုမှုတွေဟာ တစတစနဲ့ စစ်ပွဲတွေသာမကတော့ပဲ၊ ငြိမ်းချမ်းစွာ တည်ရှိသော အနေအထား (state of peace) ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။
၂၀ ရာစု ကာလ ကမ္ဘာတ၀ှမ်းမှာ ပေါ်ပေါက်လာတဲ့ အမျိုးသမီးလှုပ်ရှားမှုတွေကြောင့် လူတဦးချင်းစီပေါ်မှာ သက်ရောက်နေတဲ့ အကြမ်းဖက်မှု (violence) ကိုလဲ ငြိမ်းချမ်းရေး လေ့လာသူများက ထည့်သွင်းလေ့လာမှုတွေ ပြုလုပ်လာကြပါတယ်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို တိုက်ခိုက်နေသော စစ်ပွဲတွေလို့ သတ်မှတ်ယူဆရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးရှိမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ လူတဦးနဲ့တဦးအကြားမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအပြင် မိမိကိုယ်ကို ထိခိုက်စေခြင်းနဲ့ သေကြောင်းကြံမှု ပြုလုပ်ခြင်းတွေဟာလဲ အတွင်းစိတ်ငြိမ်းချမ်းမှု (‘inner peace’) မရှိခြင်းကြောင့်လို့ ယူဆပြီး၊ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်လာကြပါတယ်။ ငြိမ်းချမ်းရေးသုတေသီတဦးဖြစ်တဲ့ Johan Galtung က ဆေးပညာ နယ်ပယ်မှာ ရောဂါဘယဆိုတာကို ကျန်းမာရေးရဲ့ ဆန်းကျင်ဘက်အနေနဲ့ သတ်မှတ်ချက်ကို နမူနာ ယူပြီး၊ ငြိမ်းချမ်းရေး သုတေသန နယ်ပယ်မှာ အကြမ်းဖက်မှု ဆိုတာ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ တည်ရှိနေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်မှသာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ထင်မြင်ယူဆမှုတွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေ လျှော့ချမှု ဆိုတာမှာ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကနေ စပြီး၊ လူနှစ်ဦးအကြားမှာ ရှိနေတဲ့ အမုန်းတရားတွေ၊ ဒေါသတွေ၊ အာဃာတ တွေကို လျှော့ချမှုအထိ အကျုံးဝင်ပါတယ်။ ဒီလို လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးမှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချတာကို ‘negative peace‘ လို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ ဥပမာ- အိမ်တွင်းအကြမ်းဖက်မှုပြုလုပ်တဲ့ အိမ်ထောင်ဘက်ကို ကွာရှင်းတာ၊ လူအများသေစေတတ်တဲ့ နယူးကလီးယား လက်နက်တွေကို လျှော့ချထိန်းချုပ်တာနဲ့ လူအချင်းချင်း ကျေးကျွန်အဖြစ် အနိုင်ကျင့်စေခိုင်းမှုတွေကို ပယ်ဖျက်ခြင်း စတာတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာကို ဒီလို လျှော့ချခြင်းအသွင်နဲ့ negative peace အဖြစ် သတ်မှတ်မှုတွေ ရှိသလို၊ positive peace အနေနဲ့ ငြိမ်းချမ်းရေးဆိုတာ state of harmony ပေါ်ထွက်လာခြင်းလို့ သတ်မှတ်မှုတွေလဲ ရှိပါတယ်။ State of harmony ဆိုတာမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေ ပါဝင်ပါတယ်။ ဒီလို state of harmony ပေါ်ထွက်လာဖို့အတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှု (Culture of Peace) ရှိဖို့ လိုအပ်ပါတယ်။ 1999 UN Declaration on a Culture of Peace မှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူ့ဘ၀ကိုလေးစားတန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအားရပ်စဲခြင်း၊ အကြမ်းမဖက်ရေး သဘောတရားများကို ပညာပေးစည်းရုံးမှု၊ ဆွေးနွေးအဖြေရှာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင့်သုံးခြင်း၊ အခြားနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ကို လေးစားတန်ဖိုးထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ကျားမတန်းတူညီမျှအခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှုင့်တင်ခြင်း၊ ပဋိပက္ခပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသော အခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများသဘောဆန္ဒအား လေးစားမှု၊ ဆွေးနွေးအဖြေရှာမှု၊ အပြန်အလှန် နားလည်မှုစသည့် သဘောတရားများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများအကြားတွင် ပျံ့နှံ့လာခြင်း စတဲ့ သဘောတရားတွေ အပေါ်မှာ အခြေခံတဲ့ စံနမူနာတန်ဖိုး သတ်မှတ်ချက်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ဘ၀နေထိုင်မှုတွေ ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆိုတာကို ဒီလို negative peace, positive peace တွေအနေနဲ့ သတ်မှတ်မှုတွေ ရှိပေမယ့်၊ ဒီလို သတ်မှတ်မှုတွေဟာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့သာ ဆိုင်ပြီး၊ ပဋိပက္ခတွေ ပေါ်ထွက်လာတာနဲ့ state of peace ကွယ်ပျောက်သွားနိုင်ကြောင်း Galtung က ဆိုထားခဲ့ပြီး၊ ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခတွေကို အကြမ်းမဖက်သော အပြုအမူနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်းရည်ရှိခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းများစွာ ရှိပါတယ်။ ဒီအထဲမှာ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကတော့ ပြဿနာတွေ ဖြေရှင်းဖို့အတွက် ပေးဆပ်ရမှုများတဲ့ ဖြေရှင်းနည်းတွေပါပဲ။ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေကြောင့် လူပေါင်းများစွာရဲ့ အသက်တွေ၊ ဘ၀တွေ ပျက်စီးရုံမကပဲ၊ နောက်ဆက်တွဲအနေနဲ့ စိတ်ဒဏ်ရာတွေပါ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်ခဲ့စေပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ကိုယ်ချင်းစာနာမှု၊ တီထွင်ဆန်းသစ်မှု၊ အကြမ်းမဖက်မှု စတာတွေအပေါ်မှာ အခြေခံပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ရေးသားတင်ပြခဲ့ကြပါတယ်။
ပဋိပက္ခဆိုရာဝယ်
ငြိမ်းချမ်းရေးသိပ္ပံပညာရပ်က ပဋိပက္ခဆိုတာ ဆိုးဝါးမှု၊ အကြမ်းဖက်မှု မဟုတ်ပဲ လူတွေရဲ့ဘ၀၊ လူမှုဆက်ဆံရေးနဲ့ လူသားဖွံ့ဖြိုး တိုးတက်မှုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ အရာဖြစ်တယ်လို့ ရှုမြင်သုံးသပ်ပါတယ်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိပြီး၊ ဒီရည်မှန်းချက်ပန်းတိုင်တွေ အကြားမှာ မတူညီကွဲပြားမှုတွေ၊ သဟဇာတမရှိမှုတွေ ဖြစ်လာတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ပဋိပက္ခတွေဟာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေတတ်ပြီး လူတယောက်ရဲ့ စိတ်ထဲမှာ ဒွိဟဖြစ်နေခြင်း (intra-personal conflict)၊ လူနှစ်ဦးအကြား ပဋိပက္ခ (interpersonal conflict) ၊ အုပ်စုတွင်း ပဋိပက္ခ (intra-group conflict)၊ အုပ်စုများအကြားမှ ပဋိပက္ခ (intergroup conflict), နိုင်ငံတွင်းပဋိပက္ခ (national (intra-state) conflicts) နဲ့ နိုင်ငံများအကြားမှ ပဋိပက္ခ ( international (inter-state) conflicts) ဆိုပြီး၊ အမျိုးမျိုးကွဲပြားပါတယ်။
ပဋိပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေမှာ ဒီလို ကွဲပြားခြားနားပြီး၊ သဟဇာတမဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ (Content or contradiction) အပြင်၊ သက်ဆိုင်သူတွေရဲ့ အမြင်သဘောထား (Attitude) နဲ့ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေလဲ ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး၊ ပဋိပက္ခအေဘီစီ သုံးနာညီတြိဂံ ပေါ်ထွက်လာပါတယ်။ ပဋိပက္ခတွေတိုင်းမှာ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content ဆိုတာတွေရှိနေပြီး၊ ဒီသုံးမျိုးက ဆက်စပ်နေပါတယ်။ ဒီအချက်သုံးခုကို လေ့လာခြင်းအားဖြင့် ပဋိပက္ခတွေအပေါ်မှာ နားလည်မှု ပိုရှိပြီး၊ ဒီလိုပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလဲ ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- အားလပ်ရက်တရက်မှာ ယောက်ျားဖြစ်သူက အိမ်မှာ စာဖတ်ချင်ပြီး၊ မိန်းမဖြစ်သူက ဈေးဝယ်ထွက်လိုတဲ့အခါ သူတို့ဆီမှာ မတူညီကွဲပြားတဲ့ content or contradiction တွေ ရှိနေပါပြီ။ ဒီအခါမှာ တဦးတဘက်ကဖြစ်စေ၊ နှစ်ဦးစလုံးကဖြစ်စေ သူတို့ရဲ့ မိသားစုဆက်ဆံရေးကို အားလပ်ရက် အသုံးချမှု အမြင်သဘောထား (attitude) တွေထက် ပိုပြီး တန်ဖိုးထားရင် (သို့မဟုတ်) တဘက်နဲ့တဘက် လိုအပ်ချက်တွေနဲ့ ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို နားလည်မှုပေးနိုင်ရင်၊ ဒီမိသားစုမှာ ကွဲပြားမှုတွေကို ဖြေရှင်းနိုင်မယ့် shared strategy ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပဋိပက္ခဆိုတာ ပြဿနာမဟုတ်ပဲ ဒါကိုရှုမြင်သုံးသပ်ပုံနဲံ ကိုင်တွယ်ဖြေရှင်းပုံကသာ ပြဿနာဖြစ်ကြောင်း ပညာရှင်တွေက မီးမောင်းထိုး ဖော်ပြခဲ့ကြပါတယ်။ အထက်က ဖော်ပြထားတဲ့ ဥပမာမှာ ယောက်ျားဖြစ်သူက 'မင်းသွားချင်တိုင်း အမြဲလိုက်မပို့ပေးနိုင်ဘူး၊ မင်းဘာသာသွား၊ ငါစာဖတ်စရာရှိတယ်'လို့ ပြောပြီး၊ မိန်းမဖြစ်သူကလဲ 'ရှင်ဟာ မိန်းမတွေရဲ့ လိုအပ်ချက်ကို မလိုက်လျောပေးနိုင်တဲ့ ယောက်ျားပဲ။ ရှင်ပို့ပေးမှ သွားရမှာ မဟုတ်ဘူး။ ကျွန်မဘာသာ တက္ကဆီနဲ့ သွားမယ်' ဆိုပြီး၊ အပြန်အလှန်အော်ဟစ်မှုတွေ ဖြစ်ပွားလာခဲ့ပြီ ဆိုပါစို့။ ဒီလို conflict escalation ဖြစ်ပွားလာမှုဟာ 'ငါမှန်တယ်၊ သူမှားတယ်'ဆိုတဲ့ အမြင်သဘောထား (attitudes) နဲ့ တဘက်နဲ့တဘက် အော်ဟစ်မှု၊ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်တဲ့ အပြုအမူ (behaviour) တွေကြောင့် ပဲ ဖြစ်ပါတယ်။ ဒီလို အမြင်သဘောထားနဲ့ အပြုအမူတွေအပေါ်မှာ အခြေတည်ပြီး၊ ပဋိပက္ခတွေ ကြီးထွားလာချိန်မှာ မိန်းမဖြစ်သူက တက္ကဆီနဲ့ အပြင်ထွက်သွားခဲ့လို့ တဘက်နဲ့ တဘက်စွပ်စွဲမှုတွေ၊ ရန်ပွဲတွေ မဖြစ်လာရင်တောင် ဒါဟာ ပြီးဆုံးသွားတဲ့ ပဋိပက္ခလို့ မဆိုနိုင်ပါဘူး။ တိုက်ဆိုင်ချိန်မှာ အချိန်မရွေး ပြန်လည်ပေါ်ထွက်လာနိုင်ပါတယ်။
ပဋိပက္ခအရေးလေ့လာသူ Keltner ရဲ့ ‘struggle spectrum’ အရ ပဋိပက္ခတွေ ဆင့်ကဲဖြစ်ပေါ်မှုတွေမှာ အဆင့်ခြောက်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ ကွဲပြားမှုဖြစ်ပြီး၊ ဒုတိယအဆင့်ကတော့ သဘောတူညီချက် မရမှုပါ။ အဲဒီအခါမှာ အငြင်းပွားမှု အဆင့်ကို တက်သွားပြီး၊ သူမှန်တယ်-ငါမှန်တယ်နဲ့ ပြောဆိုမှုတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ စွပ်စွဲပြောဆိုမှုတွေ ရှိလာပြီး၊ ရန်ပွဲအသွင် ရောက်သွားတတ်ပါတယ်။ ဒီလို ပဋိပက္ခအဆင့်တွေတိုင်းမှာ ဦးတည်ရာ နှစ်ခုရှိပါတယ်။ တခုကတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာခြင်း (conflict escalation) ဖြစ်ပြီး၊ ဒုတိယဦးတည်ရာကတော့ ပဋိပက္ခရေချိန် လျော့ကျလာခြင်း (conflict de-escalation) ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပေါ်မှု အဆင့်တွေမှာ ပိုမိုကြီးထွားလာခြင်း၊ လျော့ကျလာခြင်းက လူတွေရဲ့ အမြင်သဘောထားတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုပေါ်မှာ မူတည်ပါတယ်။
လူမှုစိတ်ပညာနဲ့ လူမှုမနုဿဗေဒပညာရပ်တွေမှာ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားနဲ့ ပြုမူ ဆောင်ရွက်ပုံတွေကို လေ့လာဖော်ထုတ် ထားပါတယ်။ အမြင်ကျဉ်းမြောင်းခြင်း၊ ခြိမ်းချောက်ခြင်း၊ အင်အားသုံးဖြေရှင်းခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တယူသန်ခြင်း၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်း၊ ဘာသာရေး၊ လူမျိုးရေးအယူအဆ အစွန်းရောက်ခြင်း စတာတွေဟာ ပဋိပက္ခတွေကို ကြီးထွားစေနိုင်ပြီး၊ လူသားဆန်မှု၊ သည်းခံခွင့်လွှတ်မှု၊ လူ့သိက္ခာကို တန်ဖိုးထားမှု၊ ရိုးသားမှု၊ အပြန်အလှန်လေးစားမှု၊ တွေ့ဆုံဆွေးနွေးမှု စတာတွေကတော့ ပဋိပက္ခတွေကို လျော့ကျစေ နိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ မတူညီပါဘူး။ ပဋိပက္ခတွေက ပုံမှန်ဖြစ်ပွားနေတဲ့ အရာတွေဖြစ်ပြီး၊ အေဘီစီ အချက်တွေဖြစ်တဲ့ Attitude, Behaviour and Content သုံးခုပေါင်းစပ်ပါဝင်ပြီး၊ စစ်ပွဲတွေကတော့ ပြုမူဆောင်ရွက်ပုံ (Behaviour) နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေကို ပြုမူဆောင်ရွက်ပုံအား ပြောင်းလဲခြင်း (behaviour change) နဲ့ အဆုံးသတ်လို့ရပါတယ်။ ပဋိပက္ခတွေကိုတော့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲရုံနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ပဋိပက္ခကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ၊ မတူညီတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပဋိပက္ခဖြစ်ပွားမှုအဆင့် လျော့ကျစေနိုင်တဲ့ အမြင်သဘောထားတွေကိုင်စွဲပြီး၊ ခြိမ်းချောက်အင်အားသုံး အနိုင်ကျင့်ဗိုလ်ကျခြင်း မပါသော ပြုမူဆောင်ရွက်ပုံတွေနဲ့ ဖြေရှင်းနိုင်ဖို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
အကြမ်းဖက်မှု (violence) ဆိုရာဝယ်
အကြမ်းဖက်မှုဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ အကြမ်းဖက်မှုဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ အကြမ်းဖက်မှုသဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေအထိ ပါဝင်ပါတယ်။ လူအများက အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ် တွေးမိသွားတတ်ကြပါတယ်။ ဒါတွေက အကြမ်းဖက်မှု အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။ (ဒီနေရာမှာ violence နဲ့ terrorism နှစ်မျိုးစလုံးကို အကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဘာသာပြန်ကြတာကြောင့်လဲ သဘောတရားတွေ ရောထွေးနေတာ ဖြစ်ပါတယ်။ terrorism က အကြမ်းဖက်မှုရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ ရှိပါတယ်)
ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ အကြမ်းဖက်မှု (violence) ဆိုတာကို တိုက်ရိုက်အကြမ်းဖက်မှု (Direct Violence)၊ (Structural Violence) နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (Cultural Violence) ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုက ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုမှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကိုသာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။
ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ တိုက်ရိုက်အကြမ်းဖက်မှုတွေကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ အကြမ်းဖက်ခံရခြင်းပဲ ဖြစ်ပါတယ်။ လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ ကွာဟချက်ကြီးမှု၊ ကျားမခွဲခြားသတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး ၀န်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘ၀အနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင်ရပ်တည်နေရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or repressive structures တွေရဲ့ အကြမ်းဖက်မှုကို ခံစားရလို့ဖြစ်ပါတယ်။
နောက်ထပ် အကြမ်းဖက်မှုတခုကတော့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု (cultural violence) ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှု ရှိခြင်းဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက တိုက်ရိုက်အကြမ်းဖက်မှု ခေါင်းစီးအောက် ရောက်သွားမှာပါ။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုဆိုတာက တိုက်ရိုက်အကြမ်းဖက်မှုနဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစ္ဆာန်တွေ၊ ရောဂါဘယဆိုးတွေနဲ့ နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ်ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။
အကြမ်းဖက်မှု အမျိုးအစားသုံးမျိုးဟာ ပဋိပက္ခ အေဘီစီသုံးနာညီ တြိဂံပါ အချက်တွေနဲ့ ဆက်နွယ်မှုရှိပါတယ်။ structural violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးတည်သွားစေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုဟာ ပြုမူဆောင်ရွက်မှုတွေကို သက်ရောက်စေနိုင်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုက အမြင်သဘောထားတွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။
ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီသဘောတရားကို လက်ခံပြီး၊ ငြိမ်းချမ်းရေး ဆောင်ကျဉ်းဖို့ ကြိုးပမ်းသူတွေက အကြမ်းမဖက်သော အတွေးအခေါ်၊ အမြင်သဘောထားတွေ ပျံ့နှံ့လာဖို့ ကြိုးပမ်းလုပ်ဆောင်လေ့ရှိကြပါတယ်။ သို့ပေမယ့် ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမရှိပဲ၊ အမြင်သဘောထား (attitudes) တွေ ပြောင်းလဲရုံနဲ့ မဖြစ်နိုင်ပါဘူး။ Behaviour change ကို အကြမ်းမဖက်သော အပြုအမူ ဖြစ်လာစေဖို့ ဆိုတာမှာကလဲ လုံခြုံရေးရှိတယ်လို့ ခံစားရမှု (sense of security) ရှိမှ ဖြစ်ပါတယ်။ ညဘက်အပြင်ထွက်ရင် မလုံခြုံနိုင်ဘူးလို့ ခံစားရလို့ လက်နက်ဆောင်သွားတတ်သူများရဲ့ behaviour ကို အကြမ်းမဖက်သော အမြင် သဘောထားတွေ ဖြန့်ဖြူးပေးရုံနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ လက်နက်ဆောင်သွားဖို့ မလိုအပ်တော့တဲ့ sense of security ရှိလာမှသာ လက်နက်နဲ့ အကြမ်းဖက်မှု မလုပ်ဘူးဆိုတဲ့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲခြင်း ရှိလာမှာပါ။
ဒီလိုပါပဲ။ ကျားဆိုးတကောင်ရဲ့ ခြိမ်းချောက်မှုရှိနေတဲ့ ရွာတရွာမှာ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားခြင်းကိုလဲ အကြမ်းမဖက် အတွေးအခေါ်၊ အမြင်သဘောထားတွေ ဖြန့်ဖြူးပေးပြီး၊ လက်နက်ကိုင်စွဲခြင်း ရပ်တန့်ဖို့ လုပ်လို့မရပါ။ အမြင် သဘောထားနဲ့ ပြုမူဆောင်ရွက်မှုက အကြမ်းမဖက်ခြင်း အသွင်ဆောင် လာသည်ပဲထား၊ ကျားဆိုးအန္တရာယ်ကတော့ ကင်းဝေးမှာ မဟုတ်ပါ။ ကျားသနားမှ နွားချမ်းသာမယ့် ဘ၀ ရောက်သွားကြရုံပဲ ရှိမှာပါ။ အဲဒီအခါမှာ လူတွေကလဲ နွားတွေ မဟုတ်တဲ့အတွက် ကျားဆိုးအန္တရာယ်ကို ခုခံကာကွယ်ဖို့ တုတ်၊ ဓား လက်နက်တွေ ပြန်လည်ကိုင်ဆောင်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကို ပညာရှင်တွေက အကြမ်းဖက်မှုသံသရာစက်ဝန်း (cycle of violence) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒါကြောင့် ကျားဆိုးနဲ့တူတဲ့ အန္တရာယ်ကို ဖယ်ရှားပြီး၊ sense of security ရှိလာချိန်ကျမှသာ အကြမ်းမဖက်သော အမြင်သဘောထားများ ဖြန့်ဖြူးမှု၊ အကြမ်းဖက်သဏ္ဍာန် ပြုမူဆောင်ရွက်တတ်မှုနဲ့ ပဋိပက္ခပြဿနာများကို အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သော စွမ်းရည်ရှိလာမှုတို့နဲ့ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုတွေ လျော့နည်းပြီး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေအပေါ်မှာ အခြေတည်တဲ့ state of harmony ပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီအတွက် ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး တိုက်ရိုက်အကြမ်းဖက်မှုကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ ဆိုတာ အကြမ်းမဖက်မှု အမြင်သဘောထားတွေ၊ ပြုမူဆောင်ရွက်မှုတွေ ရှိလာရုံနဲ့ မလုံလောက်ပါဘူး။ sense of security ရှိစေမယ့် political and socio-economic structures တွေ ရှိဖို့လိုအပ်ပါတယ်။ structural violence ရှိနေရင် လူသားလုံခြုံရေး (Human Security) ကို ထိခိုက်စေတဲ့အတွက် ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် structural violence ဖြစ်ထွန်းစေတဲ့ နိုင်ငံရေး-လူမှုစီးပွားရေး စနစ်တွေကို ဖယ်ရှားပြီးမှသာ ရေရှည်ခံ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၈၊ ၄၊ ၂၀၁၁)
ရည်ညွန်းကိုးကား။
Brock-Utne B (1997). Linking the micro and macro in peace and development studies. In Turpin J and Kurtz L (eds). The web of violence: from interpersonal to global. Chicago, University of Illinois Press.
Farmer P (2005). Pathologies of power: health, human rights, and the new war on the poor. Berkeley CA, University of California Press.
Galtung J (1996). Peace by peaceful means: peace and conflict, development and civilisation. London, Prio/Sage.
Galtung J (2002). What is peace studies? In Johansen J, Vambheim V (eds). Three papers by Johan Galtung. Tromsø, Centre for Peace Studies, University of Tromsø.
Galtung J (2004). Transcend and transform: an introduction to conflict work. London, Pluto Press.
Keltner J (1997). The management of struggle: elements of dispute resolution through negotiation, mediation and arbitration. Cresskill, NJ, Hampton Press.
WHO (2002). World report on violence and health. Geneva, WHO.
Thursday, April 28, 2011
အမေရိကန်တွင် လေဆင်နှာမောင်းကြောင့် လူ၂၀၀ကျော်သေဆုံးပြီး နျူကလီယား လျှပ်စစ်ဓါတ်ပေါင်းဖို မီးပြတ်သွား
CNN သတင်းအရ လူပေါင်း၂၀၂ နီးပါး သေဆုံးခဲ့ပြီး အိမ်ခြေတော်တော်များများ ပျက်ဆီးခဲ့ရာ သေဆုံး သူများ ထပ်တိုးလာဘွယ်ရှိသည်။
ထိခိုက်မှုကြီးမားကာ အာလာဘမားပြည်နယ်နှင့် ဂျော်ဂျီယာပြည်နယ်တစ်ဝှိက် ကျယ်ပြန့်စွာ တိုက်ခိုက်ခဲ့ပြီး Reuters သတင်းဌာန အဆိုအရ လေပြင်းဆင်နှာမောင်းတိုက်ပြီး မိုးရွာချခဲ့သည့်အတွက်ကြောင့် အာလာဘမား ( Alabama) ပြည်နယ်ရှိ Brownsferry နျူကလီယား လျှပ်စစ်ဓါတ်ပေါင်းဖို ၃ ခုက မီးပြတ်သွားပြီး စက်ကို ရပ်ထားလိုက်ရသည်။
source by : http://luthuorthan.blogspot.com
Wednesday, April 27, 2011
သမ္မတ အကြံပေးအဖွဲ့ အသုံးချခံရဖွယ်ရှိ
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော် သမ္မတက နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကဏ္ဍ ၃ ခုအတွက် အဖွဲ့ဝင် ၉ ဦးပါ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို အကြံပေးအဖွဲ့ ဖွဲ့လိုက်တယ် ဆိုတဲ့ ကိစ္စဟာ တကယ်တမ်း သူတို့ရဲ့ အကြံဉာဏ်တွေကို လိုချင်တာထက် လက်ရှိအစိုးရရဲ့ လိုအပ်ချက်တွေကို တာဝန်ပေး ခိုင်းစေလိုတဲ့ သဘောသာ ဖြစ်တယ်လို့ တပ်မတော် ထောက်လှမ်းရေးမှာ တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။ သမ္မတရဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ရော ဒီအဖွဲ့မှာ ဦးဆောင် ပါဝင်သူတွေနဲ့ ပတ်သက်လို့ပါ ဦးအောင်လင်းထွဋ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
သမ္မတ အကြံပေးအဖွဲ့ ဆိုပြီးတော့ အဓိက စီးပွားရေး၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာဆိုပြီး အဖွဲ့ ၃ ဖွဲ့ ဖွဲ့ပါတယ်။ စုစုပေါင်း လူ ၉ ယောက် ပါပါတယ်။ အဲဒီတော့ ဒီအဖွဲ့ အခုလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုစဉ်းစားချက်နဲ့ ဖွဲ့တယ်လို့ ထင်ပါသလဲ။ တချို့ အရပ်သားတွေလည်း ပါပါတယ်။
“ပါမောက္ခ ဦးမြင့်နဲ့ ပတ်သက်ပြီးတော့ သူက နိုင်ငံခြားမှာလည်း တော်တော်ကြာကြာ နေခဲ့တယ်၊ စီးပွားရေးကိစ္စ၊ နိုင်ငံရေး ကိစ္စတွေမှာလည်း သိတယ်၊ နောက် ကျနော်တို့ ပိုပြီးတော့ သိတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်လို့ သိပါတယ်။ ဒီအတွက်ကြောင့်လည်း ကျနော်တို့ မြန်မာပြည်မှာ ရှိစဉ်တုန်းကတော့ ပါမောက္ခ ဦးမြင့်က အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာရှိ မဟုတ်ပေမဲ့ တဘက်စကား တဘက် အပြန်အလှန် ပြောခဲ့တာလေးတွေ၊ ပေးပို့ခဲ့တာလေးတွေတော့ ရှိခဲ့ဖူးပါတယ်။”
အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်၊ အတိုက်အခံ အင်အားစုတွေ၊ နိုင်ငံခြား ပညာရှင်တွေနဲ့လည်း ရင်းနှီးတဲ့ ဒေါက်တာ ဦးမြင့်ကို စီးပွားရေး အကြံပေး ခေါင်းဆောင်အနေနဲ့ ထားတာ ဘယ်လိုထူးခြားချက်လို့ မြင်ပါလဲခင်ဗျ။
“အဓိကကတော့ အမေရိကားရယ်၊ ဥရောပနိုင်ငံတွေရယ် စီးပွားရေး Sanction ကို ကင်းလွတ်ခွင့် ပြုအောင်အတွက် ဦးမြင့်ကို တာဝန်ပေးတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဦးမြင့်က အနောက်နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ သူလည်း ကျွမ်းကျွမ်းဝင်ဝင် သိတဲ့သူ တယောက်ပါ။ ကြားထဲမှာလည်း ဆက်စပ်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း သူ့ကို ကြားခံပေါ့ Mediator သဘောမျိုး သုံးကောင်းလည်း သုံးနိုင်ပါတယ်။”
နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင် အကြောင်းလည်း မေးချင်ပါတယ်။ ဦးကိုကိုလှိုင်ကို ဒီလိုနေရာမျိုး ထားရအောင် သူ့မှာ ဘယ်လောက်အထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ အခြေခံ ဘယ်လောက်ရှိပါသလဲခင်ဗျ။
“ကိုကိုလှိုင်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကျောင်းကတည်းက တွေ့ခဲ့ဖူးပါတယ်။ ကျနော့်အမြင် အတွေ့အကြုံနဲ့ ဗဟုသုတ အပိုင်းမှာတော့ ကျန်တဲ့ သဘာရင့်တဲ့ နိုင်ငံရေးသမားကြီး တယောက်တော့ မဟုတ်ဘူးခင်ဗျ။ သူ့မှာ တခုတော့ ရှိပါတယ်၊ စာဖတ်အားနဲ့ လေ့လာအားတော့ ရှိပါတယ်။ တချိန်က ကက(ကြည်း) သုတေသန ဆိုတာက နိုင်ငံတကာရဲ့ နိုင်ငံရေးကိစ္စတွေ၊ စစ်ရေးကိစ္စတွေကို စုံစမ်းလေ့လာ ပြုစုပြီးတော့မှ ကက(ကြည်း) ဗိုလ်ချုပ်ကြီးတွေကို တင်ပြရတဲ့ဌာန ဖြစ်ပါတယ်။
“အခုလည်း သူကိုယ်တိုင် ပြန်ကြားရေးဌာနမှာ တာဝန်ယူနေတာကို ကျနော်သိတယ်။ ဒီ့အပြင် ဘလော့ဂ်ဂါတွေပေါ့၊ ပိတောက်မြေတို့ ဘာတို့က ကိုကိုလှိုင်တို့ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိပါတယ်။ အဓိကအားဖြင့်တော့ တန်ပြန် နိုင်ငံရေးအန်တုမှု လုပ်ငန်းကို ဦးဆောင်ဦးရွက် လုပ်နေတဲ့ လူတယောက်တော့ ဖြစ်ပါတယ်။”
ရဲမှူးကြီး စစ်အေးနဲ့ ပတ်သက်လို့ရော၊ သူ့ကိုတော့ ဥပဒေအကြံပေးအဖွဲ့လို့ ပြောထားတော့ သူ့မှာ ဥပဒေနဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ Background ရှိပါသလဲ။
“ရဲမှူးကြီး စစ်အေးကတော့ ကျနော်သိသလောက် ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘွဲ့ရခဲ့ပါတယ်။ ရဲအရာရှိသင်တန်း အပတ်စဉ် ၁ က ဆင်းတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော်တို့နဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စတွေ လုပ်တဲ့အခါမှာ၊ ကျနော်တို့ ဖမ်းတဲ့ဆီးတဲ့အခါမှာ ရဲမှူးကြီး စစ်အေးတို့ အနေနဲ့ ဥပဒေအကြံပေး အနေနဲ့ လုပ်ခဲ့ ကိုင်ခဲ့တာ ရှိပါတယ်။”
ခုန ဦးအောင်လင်းထွဋ် ပြောပုံအရဆိုရင် ဒီအကြံပေးအဖွဲ့က ဦးဆောင်ပိုင်းတွေကို ကြည့်လိုက်တော့ သူတို့ရဲ့ လိုအပ်ချက်အရ ခေါ်ယူခန့်ထားတဲ့ သဘောမျိုး ဖြစ်နေတော့ တကယ်တမ်း သူတို့ကိုယ်ပိုင် သူတို့မှာ ရှိနေတဲ့ အကြံဉာဏ်တွေ ပေးရင်ရော နိုင်ငံတော် အစိုးရဘက်က လက်ခံမယ့် အနေအထားရော ရှိရဲ့လားခင်ဗျ။
“ကျနော့်အမြင် ပြောရရင် အကြံပေးလို့ သူတို့ သုံးဖို့ထက်စာရင် သူတို့ခိုင်းဖို့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းတယ်လို့ ကျနော် ထင်ပါတယ်။ သဘောက နိုင်ငံရေးအရဆိုရင် ကိုကိုလှိုင် မင်းလုပ်၊ စီးပွားရေးအရ ဆိုရင် ပါမောက္ခ ဦးမြင့်ကို တာဝန်ပေး၊ ဥပဒေရေးအရ ဆိုရင် ရဲမှူးကြီး စစ်အေးကို တာဝန်ပေး ဆိုပြီးတော့မှ ဒီအတွက်ကို သူတို့ ရည်ရွယ်ပြီး ဖွဲ့ပါလိမ့်မယ်။ ဒီလူ၊ ဒီပုဂ္ဂိုလ်တွေ ကိုကိုလှိုင်တို့၊ ဦးစစ်အေးတို့ အနေနဲ့ကတော့ သမ္မတကြီး ဦးသိန်းစိန်ကို အကြံပေးလောက်အောင်၊ အကြံပြုလောက်အောင် ရှိတဲ့ အရည်အချင်းတော့ သူတို့မှာ မရှိပါဘူးခင်ဗျ။”
ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
source by : http://www.voanews.com
သမ္မတ အကြံပေးအဖွဲ့ ဖွဲ့
နိုင်ငံတော်သမ္မတအတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ သမ္မတက အကြံပေးအဖွဲ့ ဖွဲ့တယ်ဆိုတာဟာ နိုင်ငံတကာမှာ လုပ်နေကြတဲ့ နည်းလမ်းနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ အကြံဉာဏ်တွေကို ပေးသွားမှာ ဖြစ်တယ်လို့ အကြံပေးအဖွဲ့မှာပါတဲ့ ပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အကြံဉာဏ်တောင်းပြီးရင် တကယ် အကောင်အထည်ဖော်ဖို့တော့ လိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော်သမ္မတက အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ဧပြီလ ၁၉ ရက် နေ့စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာပါ။ အကြံပေးအဖွဲ့ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာလို့ သုံးဖွဲ့ခွဲထားပြီး တဖွဲ့ဆီမှာ အဖွဲ့ခေါင်းဆောင် ၁ ယောက်၊ အဖွဲ့ဝင် ၂ ယောက်၊ ပေါင်း ၃ ယောက်နဲ့ စုစုပေါင်း ၉ ယောက် ပါဝင်ပါတယ်။ အကြံပေးပုဂ္ဂိုလ်စာရင်း အပြည့်အစုံကို အဖွဲ့ထဲမှာ ပါဝင်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ဗွီအိုအေကို ပြောပြပါတယ်။
“စီးပွားရေး အကြံပေးအဖွဲ့မှာ နံပါတ် ၁ - ဒေါက်တာ ဦးမြင့် ကျနော်ပေါ့ဗျာ၊ အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဦးဆက်အောင် အဖွဲ့ဝင်၊ နံပါတ် ၃ - ဒေါက်တာ တင်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့ နံပါတ် ၁ - ဦးကိုကိုလှိုင် အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဒေါက်တာ နေဇင်လတ် အဖွဲ့ဝင်၊ ဦးရဲတင့် အဖွဲ့ဝင်၊ နောက် ဥပဒေ အကြံပေးအဖွဲ့ နံပါတ် ၁ - ရဲမှူးကြီး စစ်အေး(ငြိမ်း) အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဒေါ်ခင်မျိုးမြင့် အဖွဲ့ဝင်၊ နံပါတ် ၃ - ဦးသန်းကျော် အဖွဲ့ဝင်။”
ဒေါက်တာ ဦးမြင့်ဟာ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်၊ အာရှနဲ့ ပစိဖိတ်ဒေသရုံးမှာ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံတွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင် စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
စီးပွားရေး သုတေသန စာတမ်းတွေ၊ ဆွေးနွေးပွဲတွေအတွက် အထောက်အကူပြု စာတမ်းတွေ၊ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ စီးပွားရေးနဲ့ လူမှုရေးစစ်တမ်း စာစောင်တွေ ပြုစုရေးသားခဲ့သလို မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့သိပ္ပံ ပညာရှင် အဖွဲ့မှာ အဖွဲ့ဝင်တဦးဖြစ်ပြီး ပြည်တွင်း စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့ ဟောပြော ဆွေးနွေး ပို့ချတာတွေ၊ အကြံဉာဏ်ပေးတာတွေ လုပ်နေသူ ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ်၊ မတ်လထုတ် Living Color မဂ္ဂဇင်းကို ကိုးကားပြီး ၀ီကီမြန်မာ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သူ့အနေနဲ့ ဖြစ်သင့်တဲ့ အကြံဉာဏ်တွေကို ပေးသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ဦးမြင့်က ပြောပါတယ်။
“ဘယ်နိုင်ငံမှာမဆို သမ္မတ အနေနဲ့ကတော့ အကြံပေးအရာရှိတွေ ဖွဲ့တာပေါ့ဗျာ။ ဒါ အပြည်ပြည်ဆိုင်ရာ International Practice နဲ့ ညီတယ်ပေါ့။ ဒီဟာတော့ တခါမှ မကြုံခဲ့ရဘူးပေါ့။ အခြေအနေက မတူတဲ့ဟာလေး ဖြစ်နေတာပေါ့။ နိုင်ငံတော် အကြီးအကဲက တခါမှ ဆရာ့ကို ခေါ်တွေ့တာလည်း မရှိဘူး။ ၁၆ နှစ်ရှိပြီ။ တခါမှ မရှိဘူး။ ဒါလေးက နည်းနည်း ထူးခြားတာပေါ့။ ဆရာလည်း ပေးမှာပဲ၊ ကြိုက်တာ မကြိုက်တာတော့ ဆရာ မသိဘူး။ သူတို့ကလည်း ဆရာ့ကို ပေးပါလို့ ပြောထားတယ်။ ဖြစ်တာ မဖြစ်တာတော့ ဆရာ မသိဘူး။ ပေးမှာတော့ သေချာတယ်၊ မပူနဲ့။”
၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူက တိုင်းပြည်အာဏာ အရပ်ရပ်ကို ချုပ်ကိုင်ပြီး စစ်အာဏာရှင်ပုံစံ အုပ်ချုပ်ခဲ့တာပါ။ အခု သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ မပေါ်ခင်ထိ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ အကြံပေးအဖွဲ့ရှိတယ် ဆိုတာမျိုး၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်တောင်းတယ် ဆိုတာမျိုး တခါမှ မကြားခဲ့ရဖူးပါဘူး။
အကြံပေးအဖွဲ့ဆီကနေ လိုအပ်တဲ့ အကြံဉာဏ်တွေကို တောင်းယူပြီး အကောင်အထည်ဖော်ဖို့လည်း လိုမယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အကြံပေးတဲ့ဟာကို လိုက်နာရင်တော့ ကောင်းမှာပေါ့။ အကြံပေးတာကို အကြံပဲ ယူပြီးတော့ မလိုက်နာရင်တော့လည်း အကျိုးမရှိဘူးပေါ့။ ကျနော် အကြံပေးချင်တာက တကယ် လိုအပ်တာကို အကြံဉာဏ် တောင်းဖို့ပါ။ တောင်းပြီးရင်လည်း လေးလေးစားစား ထည့်သွင်း စဉ်းစားဖို့ လိုမယ်လေ။ ဒါ အဓိကပါပဲ။”
သမ္မတဟာ အကြံပေးအဖွဲ့ကို သင့်လျော်တဲ့ ဦးရေနဲ့ ဖွဲ့စည်းနိုင်တယ်၊ အကြံပေးအဖွဲ့ဝင်တွေ ခံစားခွင့်ရှိတဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်တွေကို ပြည်ထောင်စုအစိုးရ အဖွဲ့က သတ်မှတ်ပြီး အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရန်ပုံငွေကနေ ကျခံရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီနှစ်ချက်ကလွဲပြီး အကြံပေးအဖွဲ့နဲ့ ပတ်သက်တဲ့ အကျယ်တ၀င့် ပြဋ္ဌာန်းချက်တွေ မရှိပါဘူး။ အကြံပေးအဖွဲ့တွေနဲ့ အကြံပေး ပုဂ္ဂိုလ်တွေကို ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းကနေစပြီး ဖွဲ့စည်း ခန့်အပ်လိုက်တဲ့အကြောင်း ဧပြီလ ၁၉ ရက် နေ့စွဲတပ် အမိန့်ကြော်ငြာစာနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ အတွင်းရေးမှူး လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပေမဲ့ ခုချိန်ထိတော့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
source by : http://www.voanews.com
Sunday, April 24, 2011
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀နှစ်ပြည့် အခမ်းအနား
အဆိုပါအခမ်းအနားအား မနက်(၉)နာရီမှာ စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မျက်စိခွဲခန်းအတွက် အမေရိကန်ဒေါ်လာ (၁၆၆၅၀) လှုဒါန်းသွားကြောင်း သိရှိရပါတယ်။
Saturday, April 23, 2011
ပျံကျဈေးသည်များ NLD အတိုးမဲ့ ငွေချေး
အရင်းအနှီးမတတ်နိုင်တဲ့ ပျံကျ အသေးစား ဈေးသည်တွေကို အထောက်အပံ့ဖြစ်စေမယ့် အတိုးမဲ့ ငွေချေးစနစ်ကို NLD က စမ်းသပ် အကောင်အထည် ဖော်နေပါတယ်။ ဒီစနစ်သာ အောင်မြင်မှုရရှိခဲ့ရင် တခြား မြို့နယ်တွေကိုပါ တိုးချဲ့ လုပ်ဆောင်သွားမယ့်အကြောင်း လုပ်ငန်းတွေကို ကြီးကြပ် ဆောင်ရွက်ပေးနေတဲ့ NLD ဗဟိုအမျိုးသမီးအဖွဲ့ တာဝန်ခံ ဒေါက်တာ မေ၀င်းမြင့်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဒီငွေချေးတဲ့စနစ်ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နဲ့ တာမွေမြို့ကြားမှာရှိတဲ့ ရာပြည့်ဈေးမှာ စတင် အကောင်အထည် ဖော်နေတာပါ။ အခုလို ဈေးသည်တွေကို ငွေချေးနိုင်ဖို့အတွက် NLD ဗဟိုအမျိုးသမီးအဖွဲ့က သူတို့ကိုယ်ပိုင် ရန်ပုံငွေ ၁၀ သိန်းနဲ့ စတင်မတည်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။
NLD က လက်ရှိအကောင်အထည်ဖော်နေတဲ့ အတိုးမဲ့ငွေချေးစနစ်အကြောင်း ဗဟိုအမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါက်တာ မေ၀င်းမြင့်က ပြောပြပါတယ်။
“ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ တယောက် ၂ သောင်းနှုန်းနဲ့ စလုပ်ပေးတာပေါ့။ လူ ၅၀ ကို။ အခုဆိုရင် ဒါ ၃ လမြောက် ဖြစ်လာပြီပေါ့နော်။ ဒါကို သူတို့က စမ်းသပ်ကာလ ၆ လအထိကို လုံးဝ အတိုးမယူဘဲနဲ့ ပေးပါတယ်။ ၆ လပြည့်သွားရင်တော့ စာရွက်စာတမ်းဖိုး ဆိုပြီးတော့ သူတို့ စေတနာရှိသလောက် နည်းနည်း အလှူငွေ ထည့်ခိုင်းမှာပေါ့။ အတိုးမဟုတ်ပါဘူး။ အသုံးပြုတဲ့ စာရွက်စာတမ်းဖိုးပဲ ယူပါမယ်။ တကယ်လို့ ဒီ ရာပြည့်ဈေးမှာ စမ်းသပ်လို့ အောင်မြင်ရင် တခြား မြို့နယ်တွေမှာရှိတဲ့ ဈေးတွေမှာလည်း ဆက်ပြီးတော့လုပ်သွားဖို့ ရှိပါတယ်။”
ဗဟန်းမြို့နယ်အတွင်းမှာရှိတဲ့ အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အချိန် NLD အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အခက်အခဲတွေ တင်ပြရာက အခုလို အတိုးမဲ့ ငွေချေးဖို့ စတင် အကောင်အထည် ပေါ်လာတာဖြစ်ပါတယ်။
“ဇန်န၀ါရီလက ခရမ်းကိုယ်စားလှယ် ထောင်ထဲမှာဆုံးသွားတဲ့ ဦးတင်မောင်ဝင်းရဲ့ နှစ်ပတ်လည်မှာ ဒေါ်စုကနေ သူတို့အိမ်သွားရင်းနဲ့မှ အဲဒီမှာရှိတဲ့ ဗဟန်းမြို့နယ် အမျိုးသမီးတွေကို တွေ့တော့ စီးပွားရေး အခက်အခဲတွေကို မေးတော့ ဈေးရောင်းတဲ့အခါမှာ အခက်အခဲတွေ့တယ်ဆိုလို့ ဒေါ်စုကနေပြီးတော့ အတိုးမဲ့ ငွေချေးစနစ်နဲ့ အသေးစား ငွေချေးတာကို ရာပြည့်ဈေးမှာရှိတဲ့ ဈေးသည်တွေကို စပြီးတော့ ပေးတာဖြစ်ပါတယ်။ ဒါကို သူက အမျိုးသမီးအဖွဲ့ကို ဦးဆောင်ခိုင်းတာ ဖြစ်တဲ့အတွက် သူတို့အဖွဲ့က ဦးဆောင်တာပေါ့နော်။ ပထမဆုံးကတော့ လူ ၁၀၀ လို့ မှန်းထားပေမဲ့ တကယ်ဖိတ်တဲ့အခါကျတော့ လူ ၅၀ ပဲလာပါတယ်။ တချို့ကလည်း မလာရဲတာပေါ့နော်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ခေါင်းဆောင်တချို့ရဲ့ ဓါတ်ပုံတွေပါတဲ့ လက်ဆောင်ပစ္စည်းတွေ ရောင်းချလို့ရတဲ့ ရန်ပုံငွေထဲက ၁၀ သိန်းကို အမျိုးသမီးအဖွဲ့က မတည်ငွေအဖြစ်နဲ့ စတင် အကောင်အထည် ဖော်ခဲ့တာလို့ ဆိုပါတယ်။
တကယ်တော့ အရင်းအနှီး မတည်ငွေ မတတ်နိုင်ကြတဲ့ အသေးစား အမျိုးသမီး လုပ်ငန်းရှင်တွေကို ငွေချေးပေးတာ အခုမှ စတင်တာတော့ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးပညာရှင် မိုဟာမတ်ယူးနက်စ် (Mohammad Yunus) ရဲ့ ဂရာမင်းန် (Grameen) ဘဏ်ဟာ အဲဒီလို အသေးစား ငွေချေးတဲ့နေရာမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ စီမံကိန်းဖြစ်ပါတယ်။ Grameen ဘဏ်ဟာ သမာရိုးကျ အတိုးနှုန်းများများယူပြီး ငွေချေးငှားတဲ့ စီးပွားရေးဘဏ်တွေနဲ့ မတူဘဲ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးခဲ့ရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်သာမက ကမ္ဘာအနှံ့ လူသိများလာပြီး ၂၀၀၆ ခုနှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုပါ ချီးမြင့်ခံခဲ့ရတာဖြစ်ပါတယ်။ Grameen ဘဏ်က ငွေချေးကြသူ ၉၇ ရာခိုင်နှုန်းဟာ အမျိုးသမီးလုပ်ငန်းရှင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
NLD က အခု စတင်အကောင်အထည်ဖော်နေတဲ့ အတိုးမဲ့ ငွေချေးစနစ်ဟာလည်း Grameen ဘဏ်ရဲ့ စနစ်နဲ့ အရင် ရှိခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွင်းက အတွေ့အကြုံတွေ ပေါင်းစပ် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေါက်တာ မေ၀င်းမြင့်က ဆက်ပြောပါတယ်။
“အဲဒါ (ဂရာမင်းန် ဘဏ်စနစ်) ကိုလည်း ယူပါတယ်။ အန်ကယ် ဦးဝင်းတင် ပြောပြတာကတော့ ဟိုးကတည်းကိုက စာရေးဆရာ ဆရာဦးသော်တာဆွေ ကနေပြီးတော့ အဲဒီလိုပဲပေါ့နော်၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်လေးတွေကို မနက်ငွေပေး၊ ညနေငွေပြန်ယူတဲ့ဟာမျိုး ငွေချေးပေးတာ အောင်မြင်တယ် ဆိုတဲ့အကြောင်း သူက ဒေါ်စုကို ပြောပြတာရှိပါတယ်။ အဲဒီတုန်းက အတွေ့အကြုံကလည်း အောင်မြင်တယ် ဆိုတာကို ဦးဝင်းတင်က ပြောပြတဲ့အတွက် ဒေါ်စုကနေပဲ အဲဒီမှာ ဆုံးဖြတ်ပြီးတော့ ကျမတို့ စခဲ့တာဖြစ်ပါတယ်။”
NLD က လက်ရှိ အတိုးမဲ့ငွေချေးငှားနေတဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ဆောင်ပေးနေတဲ့ ဗဟိုအမျိုးသမီးအဖွဲ့ တာဝန်ခံ ဒေါက်တာမေ၀င်းမြင့် ပြောပြခဲ့တာပါ။
အခု ရာပြည့်ဈေးမှာချေးပေးနေတဲ့ အတိုးမဲ့ ငွေကြေးစနစ် အောင်မြင်မှုရှိခဲ့ရင်တော့ ဒီအစီအစဉ်တွေကို တခြားမြို့နယ်တွေကိုပါ ဆက်ပြီး တိုးချဲ့လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ငွေချေးဖို့အတွက် ဈေးသည်တွေအနေနဲ့ သူတို့အမှန်တကယ် ဈေးရောင်းနေတဲ့အကြောင်း သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မိတ္တူတွေနဲ့ ရုံးချုပ်မှာ လာလျှောက်ကြရတာပါ။ ဒါပေမဲ့ တချို့ဈေးသည်တွေက တခြား မြို့နယ်တွေကနေ ရာပြည့်ဈေးထဲမှာ လာရောင်းချကြတာဖြစ်တဲ့အတွက် လစဉ်ကြေး ၇ ရာ ပြန်ကောက်တဲ့နေရာမှာ အခက်အခဲတချို့ ကြုံတွေ့ရတာတွေ ရှိတယ်လို့ ဒေါက်တာ မေ၀င်းမြင့်က ပြောပါတယ်။
လောလောဆယ် ဈေးသည်တွေကို အခုလို ငွေချေးပေးနေတဲ့အပြင် ဈေးသည်တွေအနေနဲ့ ၂ လုံးထီ၊ ၃ လုံးထီ၊ ချဲ စတာတွေ ထိုးပြီး ပင်ပင်ပမ်းပမ်း ရှာထားတဲ့ငွေတွေ လွယ်လွယ်ကူကူနဲ့ မဖြုန်းကြဖို့၊ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ကြဖို့ရည်ရွယ်ပြီး ၃ ပတ်ကြာ စိတ်ဖွံ့ဖြိုးရေးသင်တန်း ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးသင်တန်းတွေ နှောင်မှာလည်း အလျဉ်းသင့်သလို ဆက်လက် ပို့ချသွားမယ်လို့ သိရပါတယ်။
source by : http://www.voanews.com













