Monday, October 18, 2010

မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ်



ပေါက်ပေါက် | ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ လက်နက်ကိုင်တပ်မတော် (ကေအိုင်အေ) ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ (၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိကြောင်း နအဖပိုင် သတင်းစာများ၌ ဖော်ပြမှုအပေါ် ကေအိုင်အိုအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ (၁၇) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကေအိုင်အေ စစ်ရုံးချုပ်၏ကြေညာချက်တွင် မိမိတို့နယ်မြေဖြစ်သော နွားလပို့တောင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ကေအိုင်အေသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအား ထိခိုက်စေမည့်လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်ချက် လုံးဝမရှိပါကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ (၁၅) ရက်ထုတ် နအဖသတင်းစာများတွင် ကေအိုင်အေ သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ ပြည်သူ(၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိခဲ့ ဟူသည့် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု ပင်းကြိုင် ကျေးရွာနေ ရွာသား (၅) ဦး ရွာအနောက်ဘက် (၁ဝ) မိုင်ခန့်အကွာ၊ ကချင်အထူးဒေသ (၂) နယ်မြေ၊ နွားလပို့ တောင်ပေါ်သို့ သွားရောက်စဉ် အောက်တိုဘာ (၁၃) ရက်၊ မွန်းတည့် (၁၂) နာရီခန့်အချိန်၌ နွားလပို့တောင်ထိပ်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ (၂) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မိုင်းပေါက်ကွဲသည့်ဖြစ်စဉ် ဖြစ်ပွားနေရာ ကွဲလွဲနေကြောင်း ကေအိုင်အိုမှ ပြောခွင့်ရသူတဦြးုဖစ်သည့် ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

၎င်းက “ဖြစ်တဲ့နေရာ မိုင်းကွဲတဲ့နေရာက ကွဲနေတယ်။ သတင်းစာမှာပါတာက ပင်းဘောရဲ့ အနောက်ခြမ်းမှာ၊ မိုင်းပေါက်တဲ့ဖြစ်စဉ်က အရှေ့ခြမ်းမှာဖြစ်တာ။ မိုင်းပေါက်တာ၊ လူသေဆုံးမှု ရှိတာတော့ ဟုတ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကြေညာချက်ထဲတွင် ကေအိုင်အေသည် ကန့်သတ်နယ်မြေသတ်မှတ်ကာ လုံခြုံရေးအရ လိုအပ်သောစခန်းအနီး ပတ်ဝန်းကျင်များတွင် လုံခြုံရေးမိုင်းများ ထားရှိပါသည်။ ထိုသို့ လုံခြုံရေးမိုင်းများ ထားရှိခြင်းကိုလည်း ပြည်သူအများသိရှိစေရန် ကြိုတင်ကြေညာချက် ထုတ်ပြန်ခြင်း၊ သတိပေးစာ( ဆိုင်းဘုတ်) များဖြင့် ဖေါ်ပြထားခြင်းတို့ကို ပြုလုပ်ထားပါသည်ဟုလည်း ဖော်ပြထားသည်။

ကေအိုင်အိုအဖွဲ့နှင့် ၁၉၉၄ ခုနှစ် အပစ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နအဖသတင်းစာများမှ ကေအိုင်အိုအား သောင်းကျန်းသူဟု သုံးနှုန်းဖော်ပြ ရေးသားလာခြင်းဖြစ်သည်။

အဆိုပါ သုံးနှုန်းရေးသားမှုအပေါ် ကေအိုင်အိုက ယခု အချိန်တွင် မည်သည့်တုန့်ပြန်ချက်မျှ ပြုလုပ်ရန် အစီစဉ်မရှိကြောင်း ဗိုလ်မှူးကြီး ဆင်ဝါးက ပြောကြားသော်လည်း တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယင်းအသုံးအနှုန်းကြောင့် ကေအိုင်အိုနှင့် နအဖအကြား အပစ်ခတ်ရပ်စဲရေး ပျက်ကာ နဂိုမူလအခြေအနေအတိုင်း ပြန်ရောက်သွားပြီ ဖြစ်ကြောင်း နအဖဘက်မှ ပြောလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။

၎င်းက “ ဒီဟာက ၁၉၉၄ ခုနှစ်မတိုင်မီက အခြေအနေအတိုင်း ပြန်ရောက်သွားပြီဆိုတာ နအဖက ပြောလိုက်တာပါ။ တဖက်ကလည်း စစ်ပွဲအတွက် ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်။ အမှန်တော့ နှစ်ဖက်အကြား အဆက်အဆံတွေက အခု ဒီ မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ် ရောက်လာကတည်းက စလို့ ဘာမှ မရှိတော့ဘူး။ အဲဒီကြားကပဲ ကေအိုင်အို ရဲဘော်တွေကို ဖမ်းတာဆီးတာ လုပ်လာတယ် ”ဟု ပြောသည်။

ကေအိုင်အိုအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် သို့မဟုတ် လက်နက်စွန့်ရန် ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး နအဖဘက်မှ ရာဇသံပေးခဲ့သည်။ ကေအိုင်အိုအဖွဲ့က လူထုအစည်းဝေးနှင့် ကွန်ကရက် တရပ်ခေါ်ယူကာ သြဂုတ် (၃ဝ) ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆိုခဲ့သည်။

ယင်းနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား ဆက်ဆံရေးပြတ်တောက်နေသကဲ့သို့ မြို့ပေါ်သို့ ခရီးသွားလာသည့် ကေအိုင်အို တပ်ဖွဲ့ဝင်များအား နအဖဘက်မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ မြို့ပေါ်ရှိ ကေအိုင်အို တပ်ဖွဲ့ မိသားစုဝင်တို့၏ နေအိမ်များအား ဧည့်စာရင်းစစ်ခြင်း၊ ကေအိုင်အိုတပ်ဖွဲ့ ထိန်းချုပ်ရာဒေသသို့ ရိက္ခာများသယ်ယူမှု ကန့်သတ်ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

နအဖနှင့် ကေအိုင်အိုအကြား ဆက်ဆံရေးပြတ်ကာ နအဖဘက်မှ တင်းကျပ်မှု ပိုမိုလုပ်လာနေချိန်တွင် ယခုကဲ့သို့ သောင်းကျန်းသူဟု ဖော်ပြလာမှုကြောင့် နှစ်ဖက်အခြေအနေ ပိုပြီးတင်းမာသွားစေနိုင်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။

source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

လမ်းခင်းမှုများ တ၀က်တပျက်ဖြင့် ရပ်နားထားရန် မြို့တော်ဝန် ညွှန်ကြား


NEJ| ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခင်းပေးနေသော လမ်းများကို အပြီးသတ်မခင်းဘဲ တ၀က်တပျက်ဖြင့် ရပ်နားထားမည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲကာလတွင် အမတ်အရေအတွက် မည်မျှရမည်ကို ခန့်မှန်းရန်ခက်နေသည့်အတွက် မြို့တော်ဝန်က ယင်းသို့ ရပ်ဆိုင်းခိုင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်စည်ပင်သာယာမှ လမ်းအင်ဂျင်နီယာတဦးက ပြောသည်။


၎င်းက “ကြံ့ခိုင်ဖွံ့ဖြိုးအတွက် ရန်ကုန်စည်ပင်က လုပ်ပေးရတာလေ။ လက်ရှိမှာ မြို့တော်ဝန်ကလည်း အမတ်လောင်းဖြစ်နေတော့ ရန်ကုန်အနေနဲ့ ပြည်သူတွေသဘောထားကို ယုံကြည်မှုမရှိတဲ့အတွက် လမ်းတွေအပြီးသတ်မခင်းဖို့ လုပ်ထားတာ။ ဒါက မြို့တော်ဝန်ရဲ့ ညွှန်ကြားချက်ပဲ” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီမှ ရန်ကုန်မြို့နယ်များရှိ ရပ်ကွက်များအတွင်း လမ်းခင်းပြခြင်းဖြင့် ရွေးကောက်ပွဲအတွက် ပြည်သူများအား မဲဆွယ်လျက်ရှိရာတွင် ပါတီဝင်အင်အား အရေအတွက်ကို ကြည့်ကာ လမ်းခင်းပေးခြင်းဖြစ်ပြီး ပါတီဝင်အရေအတွက် မရသောလမ်းများကို ခင်းပေးခြင်းမရှိကြောင်း ထိုအင်ဂျင်နီယာက ပြောသည်။

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည်ဖြစ်ပြီး မဲဆွယ်မှုပြုရာတွင် ၎င်းနှင့်ကြံ့ဖွံ့ပါတီကို မဲပေးမှသာ လမ်းခင်းပေးကြောင်း မြို့ခံများထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းတွင် နေထိုင်သူ ပြည်သူတဦးက “အခုမြို့တော်ဝန်က ကျနော်တို့မြို့နယ်မှာ ပြိုင်မှာလေ။ ကြော်ငြာတွေတောင် ကပ်ထားပြီးပြီ။ အဲဒါ ကျနော်တို့လမ်းကို ပြင်ဖို့ မြို့နယ်က မြို့တော်ဝန်ကို ပြောကြတော့ ပါတီဝင် ဘယ်လောက်ပေးနိုင်မလဲဆိုတာ အရင်မေးတယ်ပေါ့ဗျာ။ ပါတီဝင်တွေက သူ့ကိုပဲ မဲပေးရမယ်ဆိုတာ ပြောပြီးသား၊ ပြည်သူတွေက ပါတီမ၀င်ချင်ဘူးဆိုတော့ လမ်းမခင်းတော့ဘူး။ အခုတော့ လမ်းပေါ်က အပေါက်တွေကို စည်ပင်က ဖာထေးပေးနေတာလောက်ပဲရှိတယ်။ ကျနော်တို့ လမ်းမှာက လိုင်းကားတွေပြေးတော့ အပေါက်တွေများပြီး ပိုပျက်တာပေါ့” ဟု ပြောသည်။

အချို့မြို့နယ်များတွင် လမ်းတချို့ကို ကွန်ကရစ်လမ်းခင်းပေးနေသော်လည်း တ၀က်သာ ခင်းထားသေးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဆိပ်ကမ်းသာလမ်းတွင်နေထိုင်သူတဦးက “ ကျနော်တို့ ကျောက်တံတားမြို့နယ်မှာ ဆိပ်ကမ်းသာလမ်း အထက်ဘလောက်ကို ကွန်ကရစ်ခင်းတယ်၊ အခုတ၀က်ပြီးပြီ၊ နောက်တ၀က်ကတော့ ဘယ်တော့လဲမေးတာ မသေချာသေးဘူးတဲ့” ဟု ပြောသည်။


တ၀က်ခင်းလမ်းများတွင် မော်တော်ယာဉ်အသွားအလာ အခက်အခဲရှိသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး “ ကျနော်တို့ ဆိပ်ကမ်းသာလမ်းကတော့ အဆိုးဆုံးပဲဗျာ၊ နေ့လယ်ကစပြီးတော့ ဈေးက တမျိုးဆိုတော့ ပိုဆိုးတယ်၊ ဈေးသည်တွေကလည်း ဟိုဘက်ဒီဘက် ရောင်းလိုက်၊ လမ်းကလည်း တ၀က်ပဲပြီးသေးတော့ တော်တော်လေးကို ဆိုးနေတယ်” ဟုလည်း ၎င်းကပြောသည်။


ရန်ကုန်စည်ပင်မှ ၀န်ထမ်းများမှာလည်း စည်ပင်အလုပ်ကို မလုပ်နိုင်တော့ဘဲ ကြံ့ဖွံ့အလုပ်ကိုသာ လုပ်နေရသည့်အတွက် မြို့တော်ဝန်ကို စိတ်ပျက်နေကြကြောင်း သိရသည်။

စည်ပင်မှ အင်ဂျင်နီယာတဦးက “မဲဆွယ်ဖို့သွားတာကိုလည်း လိုက်ရတယ်ဗျာ၊ လမ်းခင်းနေရင် စည်ပင်ယူနီဖောင်းနဲ့၊ စည်းရုံးရေးဆင်းတာကိုလိုက်ရင် ကြံ့ဖွံ့ယူနီဖောင်းနဲ့၊ အ၀တ်တွေကို နေရာအလိုက် ပြောင်းပြီးတော့ လုပ်နေရတာ ကြာတော့ စိတ်ပျက်မိတာအမှန်ပဲ” ဟု ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၄၅) မြို့နယ်ရှိပြီး ယင်းမြို့နယ်များအနက် လွန်ခဲ့သော နှစ်လခန့်က မြို့တော်စည်ပင်မှ ခင်းပေးခဲ့သည့်လမ်းများသည် အဆုံးတိုင် ပြီးစီးမှုမရှိသေးသည်က များကြောင်း သိရသည်။

“ကျမတို့ ပုဇွန်တောင်၊ ရေကျော်လမ်းမကြီးက လမ်းကိုလည်း ကွန်ကရစ်ခင်းနေတာ တ၀က်ပဲပြီးသေးတယ်။ ဘယ်လိုလဲတော့မသိဘူး၊ အဲဒီလမ်းကလည်း ဒေါက်တာတင်ထွန်းဦးက ပုဇွန်တောင်မှာ ကြံ့ဖွံ့ပါတီက ၀င်ပြိုင်မယ်ဆိုပြီး အသံတွေ ထွက်လာတဲ့နောက်ပိုင်းမှ ခင်းတာ၊ အခုတော့စည်းရုံးရေးတွေ ဆင်းနေတာတွေ့တယ်၊ လမ်းကတော့မပြီးသေးဘူး” ဟု ပုစွန်တောင်ဈေးတွင် ဈေးရောင်းသည့် အမျိုးသမီးကြီးတဦးက ပြောသည်။

source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 17, 2010

မကွေး အက်ဖ်စီ ဟု အမည်ထွင်သော ကွန်ပျူတာ ဗိုင်းရပ်စ်

| မြန်မာပြည်တွင်းရှိ အစိုးရ ဌာနများနှင့် ကုမ္ပဏီများရှိ ကွန်ပျူတာ များတွင် မကွေး အက်ဖ်စီ ဟု အမည်တွင်သော ကွန်ပျူတာ ဗိုင်းရပ်စ်များ ပျံ့နှံ့လျှက် ရှိကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ဗိုင်းရပ်စ်၏ တိုက်ခိုက်မှု ပမာဏကိုမှု အသေးစိတ် မသိရှိ ရသေးပေ။ တိုက်ခိုက် ခံရသူများ၏ ပြောစကားများ အရ ကွန်ပျူတာ အတွင်းဖိုင်များအား ဖျက်ပစ်ကြောင်းနှင့် ဝင်းဒိုးစ် ၏ desktopရှိ start menuနေရာတွင် မကွေးအက်ဖ်စီ စာတမ်းသာ တွေ့ရတော့ကြောင်း သိရှိရပါသည်။ Virus အတိုက်ခိုက် ခံရတာ အများစုဟာ .exe ဖိုင်တွေကို အလွယ်တကူ ဖွင့်မိလို့ ဖြစ်တာ အများဆုံးပါ။ Virus နံမည်က mgy.exe ပါ။
  1. mgy.exe Virus တိုက်ခိုက် ခံရသော ကွန်ပျူတာသည် ..
  2. ကွန်ပျူတာသည် နှေးကွေးသွားခြင်း။
  3. Memory Stick များတွင်းမှ Folder များပျောက်သွားကာ ထိုပျောက်သွားသော Folder များ၏ အမည်များဖြင့် .exe File များ အစားထိုး ဝင်ရောက် နေခြင်း။
  4. Folder Option၊ Taskmanager ပျောက်သွားခြင်း။
  5. cmd.exe ဖွင့်လိုက်သည်နှင့် ချက်ချင်း ပြန်ပိတ်သွားခြင်း။
  6. .vbs script များ Run ၍ မရခြင်း။
  7. Desktop ၏ ညာဘက် အောက်ထောင့် ( အချိန် ဖော်ပြသော နေရာ ) တွင် အထက်ပါ ဖော်ပြထားသော Magway FC ပုံ မကြာခဏ ပေါ်လာခြင်းပဲ ဖြစ်ပါသည်။

mgy.exe Virus တိုက်ခိုက်ခြင်း ခံနေရပါက ..

  1. ကွန်ပျူတာတွင် ရှိသော AntiVirus ကို ခေတ္တ ပိတ်လိုက်ပါ။
  2. Virus ကို ဖယ်ရှားခြင်း ပြုလုပ်ရာတွင် System ကို Restart ပြုလုပ်ရန် လိုအပ်သည့် အတွက် လုပ်လက်စ အလုပ်များ ရှိပါက Save ပြုလုပ်ထားရန် လိုအပ်ပါသည်။
  3. Virus ဝင်ရောက်ခြင်း ခံထားရသော Memory Stick များကို ကွန်ပျူတာတွင် တပ်ဆင်ထားပါ။
  4. mgy Virus Removal.exe ကို Run လိုက်ပါ။
  5. System Restart ဖြစ်၍ ပြန်လည် တက်လာသည့် အချိန်အတွင် mgy.exe Virus သည် သင့် ကွန်ပျူတာတွင်းနှင့် Memory Stick များတွင်းမှ ရှင်းလင်းပြီး ဖြစ်သွားသည်ကို တွေ့ရ ပါလိမ့်မည်။
  6. Avast AntiVirus အသုံးပြုသူများ အနေဖြင့် Avast ၏ နေရာကို Virus မှ နေရာ ဝင်ရောက် ယူသွားသဖြင့် Avast ကိုပြန်လည် ထည့်သွင်း ပေးရန် လိုအပ်ပါသည်။
MGY Virus

virus file များရှာရန် command တစ်ကြောင်းသာ အဓိက လိုအပ်ပါတယ်။ အထူးသဖြင့် Made in Myanmar virus တွေပေါ့။ taskmanager , folder options , registry ပျောက်နေရင်တော့ virus ၀င်တာသေချာပါပြီ။ start > run > cmd ရိုက်ပြီး Enter နှိပ်ပါ။ command prompt ထဲမှာ cd\ လို့ရိုက်ပြီး Enter နှိပ်ပါ။command prompt မှာ c:\ လို့ပေါ်ရပါမယ်။နောက်တစ်ခုရိုက်ရမှာက dir/ah *.exe /s/p/b လို့ရိုက်ပြီး Enter နှိပ်ပါ။ virus ရဲ့ source file များ ပေါ်လာပါလိမ့်မယ်။ အခု နာမည်ကြီး နေတဲ့ Loikaw , Funny , chrome , mgy.exe တို့ကို စမ်းပြီးပါပြီ။ virus file အကုန်လုံး တွေ့ပါတယ်။ ဒီ virus file တွေရဲ့ process ကို kill ပြီးမှ သတ်လို့ ရပါတယ်။ အဲဒီအတွက် process explorer software နဲ့ ကြည့်လို့ ရပါတယ်။ download လုပ်လိုက်ပါဦး။ command prompt မှာပေါ်တဲ့ virus file name က process explorer မှာပေါ်ရင် process ကို kill ပြီးvirus ကိုသတ်ပါ။ ဒီ command လေးရှိတော့ virus file ကို အလွယ်တကူ ရှာပြီး သတ်လို့ရတာပေါ့။ အဆင်ပြေပါစေနော် .. ..

File တွေ ဖျက်တာ ကတော့ del filename /s/f/a ပါ။ e.g del chrome.exe /s/f/a ပါ။ s ဆိုသည်မှာ file ရှိတဲ့ folder ခေါ် သူ့ရဲ့ sub-folder တွေပါ ဖျက်တာပါ။ f ကတော့ force deleting ပါ။ a ကတော့ attrib လုပ်ထားတဲ့ file တွေကို ဖျက်တာပါ။ a ထည့်လိုက်ခြင်းဖြင့် hidden , read only ,system တို့ကို ဖျက်လို့ ရပါတယ်။ attrib chrome.exe -s -h -r ဆိုပြီး လုပ်စရာမလိုပါ။ တစ်ခါတည်း ဖြတ်ပစ်တာပါ။

ir/ah *.exe /s/p/b စစ်လို့ ပေါ်လာတိုင်း virus လို့ ပြောလို့မရပါ။ virus name နဲ့ process explorer မှာ ပြတဲ့ name နဲ့ တိုက်ကြည့်လို့ တွေ့မှသာ virus ပါ။ eg. mgy virus ၀င်နေလို့ ရှာမယ် ဆိုပါစို့ ။ cmd မှာ dir/ah *.exe /s/p/b လို့ ရိုက်ပါ။ mgy.exe ပေါ်နေ ပါလိမ့်မယ်။ process explorer ကိုဖွင့်ပါ။ mgy.exe အလုပ်လုပ် နေတာကို ပြနေပါလိမ့်မယ်။ ဒီနည်းအတိုင်း တခြား virus များကို ရှာဖွေ နိုင်ပါတယ်။ dir/ah *.exe /s/p/b လို့ စစ်လို့တွေ့တဲ့ file များကို အကုန် ဖျက်လို့ ရပါတယ်။ ဒါဆို ပို စိတ်ချ ရတာပေါ့။ တချို့ virus ကိုက်လို့ command prompt ခေါ်လို့ မရရင် windows ကို restart လုပ်ပါ။ post လုပ်နေတဲ့ အချိန်မှာ F8 key ကို ဆက်တိုက် နှိပ်ထားပါ။ Safe Mode options ပေါ်လာရင် Safe Mode with command prompt ကို ရွေးပါ။ command prompt ပေါ်လာရင် dir/ah *.exe /s/p/b လို့ ရိုက်ပါ။ တွေ့သမျှ file ကို ဖျက်ပါ။ သူ့ရဲ့ process ကို သတ်စရာ မလိုတော့ပါဘူး။ တစ်ခါတည်း delete လုပ်ပါ။ နောက်ပြီး command prompt မှာ msconfig လို့ ရိုက်ပါ။ startup Tab ကို သွားပြီး ခုနက command prompt မှာ ပေါ်တဲ့ file များကို အမှန်ခြစ် ဖြုတ်ပါ။ ဒါဆိုရင် virus ပါ တစ်ခါတည်း သတ်နည်းပါ။ s/p/b ရဲ့ အဓိပ္ပါယ်ကို သာမက ကျနော် တစ်ကြောင်းလုံးကို ရှင်းပြပါမယ်။

ir/ah *.exe /s/p/b

ir/ah = dir က windows ရဲ့ File & Folder တွေကို ခေါ်ကြည့်တဲ့ နေရမှာ သုံးတာပါ။ ah ဆိုတာကတော့ attrib လုပ်ထားတဲ့ file တွေပါ။ attrib file ဆိုတာ Read only , Hidden , System file တွေကိုပြောတာပါ။ eg. boot.ini // virus file တွေက boot.in file လိုပဲ ttrib file တွေပါ။

.exe = *.exe ကတော့အရှေ့က * က file name ဖြစ်ချင်ရာ ဖြစ်ကို ပြောတာပါ။ ဒါပေမဲ့ exe file ပဲဖြစ်ရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ exe ပါ /s = /s ကတော့ သူ့ရဲ့ ဆင့်ပွား Folder တွေထဲက file တွေကို ကြည့်တာပါ။ eg. c: ရဲ့ ဆင့်ပွား Folder က file ကြည့်ရင် windows system32\cmd.exe ပါ။ cmd.exe က c: ရဲ့ ဆင့်ပွား folder က file ပါ။

p = /p ကတော့ virus file တွေကိုတမျက်နှာဆီပြတာပါ။

b = /b ကတော့ file တွေ ရဲ့ information တွေကိုဖျောက်ပြီးကြည့်တာပါ။


MGY Virus ကို အလွယ် သတ်နည်း

အရင်ဆုံး MGY Virus ၀င်ရင် ဘယ်လို လက္ခဏာဝင်လည်း ဆိုတာကိုတော့ အသိတော့ အသိသာကြီးပါ။ ထုံးစံအတိုင်း Task Manager, Folder Option ပိတ်သွားတယ်။ Start Menu က Start နေရာမှာ MagwayFC ဆိုပြီး ပြောင်းသွားတယ်။ Start Menu ထဲက My Computer Link တွေ Control Panel Link တွေရဲ့ icon က မကွေး FC ရဲ့ Logo တွေ ပြောင်းသွား ပါတယ်။ txt, bat, com ဖိုင်တွေရဲ့ icon တွေလည်း မကွေး FC ရဲ့ Logo တွေ ပြောင်းသွား ပါတယ်။ ပြီးတော့ Welcome to Magway FC ဆိုပြီး အနီရောင် နောက်ခံနဲ့ box လေးက Taskbar ရဲ့ ညာဘက်မှာ အမြဲတမ်း ပေါ်လာပါတယ်။ Folder တွေ တစ်ခုမှ ဖွင့်မရတော့ဘူး။ ဘယ် Software မှ တင်လို့ မရတော့ဘူး။ နောက်ပြီး Start > All Programs ထဲက Program တွေလည်း တစ်ခုမှ မရှိတော့ဘူး။ Program တွေကို ဖျက်လိုက်တာ မဟုတ်ပါဘူး။ .lnk တွေကို hidden လုပ်လိုက်တာပါ။

အဲဒီလိုတွေ အရမ်းများတာမို့ ဗိုင်းရပ်စ် သတ်ပြီးရင် Windows ပြန်တင် လိုက်တာက အမြန်ဆုံးနည်းပါ။ တစ်ခု ရှိတာက မကွေးကို မသတ်ပဲနဲ့ Windows ပြန်တင်လည်း ခဏပါပဲ။ မကွေးက ပြန်ဝင်မှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူက D: တွေ E: တွေထဲမှာပါ ၀င်ကုန်တာကိုး။ ဒါကြောင့် သတ်ပြီးမှ တင်ပါ။ ဒါပေမဲ့ လိုင်စင် Windows ကြီးဆိုရင်တော့ အောက်မှာ ရေးထားသလို အသေးစိပ် သတ်ပြီး ပြင်ပေးမှ ရပါမယ်။ မဟုတ်ဘဲနဲ့ လိုင်စင် Windows ကြီး ဖျက်ပြီး ခိုးကူး Windows ကြီး ပြန်တင်ပေးရင်တော့ ဘယ်ကောင်းပါ့ မလဲ။ ဒါကြောင့် လိုင်စင် Windows ဆိုရင်တော့ ထစ်ခနဲရှိ Windows ပြန်တင် ရတာမျိုးတော့ လုပ်မရတော့ဘူးပေါ့။ မသကာ Recovery လုပ်တာက အလွန်ဆုံးပဲ။

သတ်နည်းလေး ပြောပါဦးမယ်။ လိုအပ်တာတွေက
  • Hiren Boot CD
  • CCleaner
  • Tuneup Utilites
  • RRT, HijackThis
  • XYPlorer
မကွေးဝင်တာနဲ့ တပြိုင်နက် ကွန်ပျူတာကို မသုံးပါနဲ့တော့။ ချက်ချင်း ပိတ်လိုက်ပါ။ ပြီးရင် Hiren နဲ့ Boot တက်ပါ။ အဲဒီထဲက Mini Windows XP နဲ့ boot တက်ပါ။ Mini Windows XP တက်လာရင် C: ထဲက mgy.exe, autorun.inf တွေကို ဖျက်ပစ်လိုက်ပါ။ ပြီးတော့ ရှိပြီးသား Folder တွေနဲ့ နာမည်တူ .exe ဖိုင်တွေ၊ .lnk.exe ဖိုင်တွေ အကုန်ဖျက်ပါ။ C:\Windows ထဲက mgy.exe ကိုလည်း ဖျက်ပါ။ System32 ထဲက 27 နဲ့ စတဲ့ Folder နဲ့ mgy.exe ကိုလည်း ဖျက်ပစ်ပါ။ C: ထဲက System Volume Information နဲ့ Recycler, Recycled တွေကိုလည်း ဖျက်ပါ။ တခြား D: တွေ E: တွေထဲက mgy.exe ကို ရှာဖျက်ပါ။ မကွေးက ပွားလိုက်တဲ့ .exe ဖိုင်တွေဟာ 15.6 MB တွေ ချည်းပဲ ဖြစ်ပါတယ်။

မကွေးနဲ့ သူ့အပေါင်းအပါတွေကို ရက်ရက်စက်စက် သတ်ပြီးသွားရင် HDD ထဲက Windows ပြန်တက်လိုက်ပါ။ RRT နဲ့ ပိတ်ထားတာ တွေကို ပြန်ဖွင့်မယ်။ HijactThis နဲ့ Autorun တွေ ဖြုတ်မယ်။ Software တွေ တင်မရ အောင် လုပ်ထားတာကို Registry ထဲမှာ DisableMSI key ရှာပြီး Value ကို 0 ပေးလိုက်ပါ့မယ်။

Icon တွေကို Windows Default အတိုင်း ပြန်ဖြစ်စေဖို့ အတွက် Tune up သုံးရင် ရပါတယ်။ မကွေးက shell32.dll အစား sxell32.dll အစားထိုး လိုက်တာမို့ အဲဒီလို ဖြစ်သွားတာပါ။

နောက်ပြီး မကွေး ဖျောက်ထားတဲ့ ဖိုင်တွေက Super Hidden တွေဖို့ Folder Options က Show Hidden နဲ့ဆို မြင်ရမှာ မဟုတ်ပါဘူး။ XYplorer နဲ့တော့ မြင်ရမယ်။ ပြီးရင် XY နဲ့ attribute တွေဖြုတ်လိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်။ Start Menu ထဲက ပျောက်နေတာတွေကိုလည်း XY နဲ့ပဲ ပြန်ဖော်လို့ ရပါတယ်။

Start Menu မှာ MagwayFC ဖြစ်နေတာ ကိုတော့ Resource hacker ကို အသုံးပြုပြီး http://www.theeldergeek.com/change_text_on_xp_start_button.htm မှာ ရေးထားတဲ့ အတိုင်း Start ဆိုပြီး ပြန်ပြောင်း လိုက်ပါ။

ဒါဆိုရင် မကွေးလည်း သေသွားပါပြီ။ Windows လည်း ပြန်ကောင်းသွားပါပြီ။ Windows ကို ပိုသန့်သွားအောင် Command Prompt ကိုဖွင့်ပြီး sfc /scannow ပေးလိုက်ပါ။


နောက်တစ်နည်း

MgyVirusCleaner မှ မရှင်းလင်းနိုင်သည်မှာ virus မရှိတော့သော်လည်း software များကို install လုပ်၍မရတော့ခြင်းဖြစ်သည်။ OK ၏ MgyVirusCleaner သုံးပြီး၍ Virus မရှိတော့လျှင် အောက်ပါအတိုင်း ပြုလုပ်ပါ။

အဆင့်(၁)

  1. Start > Control Panel > Administrative Tools ကိုအဆင့်ဆင့်ဖွင့်ပါ။
  2. Administrative Tools ထဲမှ Local Security Policy ကို ဖွင့်ပါ။
  3. Local Security Policy ထဲတွင် Software Restriction Policies ကို Right-click နှိပ်၍ “New Software Rectriction Policies” ကို ရွေးနှိပ်ပါ။
  4. Software Restriction Policies ကို click တစ်ချက် နှိပ်လိုက်လျှင် ညာဘက်ခြမ်းတွင် Enforcement ကိုတွေ့ရမည်။
  5. ၎င်း Enforcement ကို Double-click နှိပ်ပါ။ “All users except localadministrators" ကိုရွေးနှိပ်ပြီး OK နှိပ်ပါ။ Local Security Policy ကိုပိတ်ပါ။ Control Panel ရှိနေသေးလျှင် ပိတ်ပါ။
အဆင့်( ၂ )

  • Registry Editor ကိုဖွင့်ပါ။ (Windows XP အတွက် Start > Run တွင် regedit ဟုရိုက်ပြီး Enter နှိပ်ပါ။ Windows Vista or 7 အတွက် Start နှိပ်ပြီးသည်နှင့် regedit ဟု ရိုက်ပြီး Enter နှိပ်ပါ။)
  • ဘယ်ဘက်ခြမ်းမှ HKEY_LOCAL_MACHINE\Software\Policies\Microsoft\Windows\Installer အထိ အဆင့်ဆင့် Double-click နှိပ်ပြီး ဖွင့်သွားပါ။ ညာဘက်ခြမ်းမှ DisableMSI ကို Double-click နှိပ်ဖွင့်ပြီး 1 ဖြစ်နေသည်ကို 0 ဟုပြင်လိုက်ပါ။ OK နှိပ်ပါ။ Registry Editor ကိုပိတ်ပြီး စက်ကို Restart ပြန်လုပ်လိုက်လျှင် Software များ Install ပြန်လုပ်၍ရသည်ကို တွေ့ရပါမည်။

source by : http://malaysiammbloggers.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

အတု မိမယ် သတိထား

မမခင်| စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ညီလာခံအတုကလာတဲ့ ဖွဲ့စည်းပုံ အတုကြီးဆိုတာတော့ လူတိုင်းသိနေပြီးသားပါ။ လူတိုင်းသိပြီးသားဆိုပေမဲ့ သမာဒိဌိ – အမြင်ကြည်လင်သူတိုင်း သိတာကို ဆိုလိုပါတယ်။ အမြင်မှား အာရုဏ်မှား အတွေးမှားများနဲ့ မောဟတိမ်သလ္လာဖုံးနေသူများကတော့ အတုကို အစစ်ထင်နေချင် နေကြမှာပါဘဲ။

တကယ်တော့ စစ်အစိုးက အာဏာလွဲမပေးချင်လို့ လုပ်နေတဲ့ လမ်းပြမြေပုံတခုလုံးက လမ်းလွဲပြ မြေပုံအတုကြီးပါဘဲ။ ပြည်သူလူထု သွားချင်တာက လွတ်လပ်ပွင့်လင်းပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ ခရီးလမ်း၊ စစ်အစိုးရက ဖေါ်ဆောင် ခေါ်ဆောင်နေတာက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်တဲ့ စစ်ကျွန်ပြုရေးလမ်း၊ လမ်း (၂) လမ်းက လားရာမတူ၊ ဦးတည်ရာမတူ၊ direction မတူ၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်၊ ထက်အောက်ဖီလာ ဆန့်ကျင်နေတာ သေချာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ဦးစီးချုပ် (ခ) ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်ရဲ့အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ လုံခြုံရေး စစ်ကောင်စီ အားလုံးရဲ့အချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဘဲ။

အခုရွေးကောက်ပွဲက ပေါ်ထွက်လာမဲ့ ကိုယ်စားလှယ် လွှတ်တော်အမတ်ဆိုတာ လုံခြုံရေးကောင်စီအောက်က တောက်တိုမယ်ရ ရုံးဝန်ထမ်း စားရေးစာချီအဆင့်ဘဲရှိတယ်။ စစ်တပ်ကထွက်ပြီး ခေါင်းပေါင်းစ တလူလူ၊ အလကားရထားတဲ့ ချိတ်ပုဆိုး တပြောင်ပြောင်နဲ့ လူယောင်ဆောင်နေတဲ့ လူပျက် (လူရွှင်တော် မဟုတ်ပါ။ လူရွှင်တော်များ သီးခံပါ)။ အဲဒီ လူအပျက်တွေကြားမှာ လင်းတတွေကြား စာသူငယ်နားသလို စကားတောင် ကျယ်ကျယ်ပြောရဲဘို့ လွယ်မှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ သတ္တ၀ါက တိုင်းပြည်ရဲ့ အရာရာကိုချုပ်ကိုင်နိုင်တယ်။ သူ့ကိုတော့ ဘယ်သူကမှ မချုပ်ထိန်းနိုင်ဘူး။ အပြန်အလှန်ထိန်းကြောင်းမှု စနစ် (checks and balances systems) က လွတ်နေတဲ့ ဒီသတ္တ၀ါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆိုရင် သက်ဦးဆံပိုင် ဘုရင်တယောက်လိုပါဘဲ။

ဒီနေ့ခေတ် ၂၁ ရာစုကို ရာစုဘယ်နှစ်ခုလောက် နောက်ပြန်ဆွဲပြီး စစ်အာဏာရှင်တွေ စဉ်းစားတွေးခေါ်နေသလဲ မသိပါဘူး။ ဒင်းတို့ ဉာဏ်တထွာ တမိုက်နဲ့ ငြင်းဘို့သန်ရတာလဲ မိုက်ရာကျနေလေမလား။ ကမ္ဘာ့အခြေအနေနဲ့ မပြောဘဲ မြန်မာ့အခြေအနေနဲ့ ပြောရရင် ကုန်းဘောင်ခေတ်က ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ ခေတ်ပြိုင်ရေးခဲ့တာဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေက လက်ခံကောင်းလက်ခံမယ်။

အခု ၂၁ ရာစုမှာတော့ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်ကျယ်နေပြီဖြစ်တဲ့ ပြည်သူလူထု တခုလုံးက လက်မခံနိုင်ကြတော့ဘူး။

၁၉၄၈ ခု (၂၀ ရာစုအလယ်) သူ့ကျွန်ခေတ်လွန် အတွေးအခေါ်နဲ့ ဒီကနေ့ ၂၁ ရာစုခေတ် အတွေးအခေါ်နဲ့လဲ မတူနိုင်တော့ဘူး။ စစ်အာဏာရှင်တွေရဲ့ အိုသော မင်းသော ဟောင်းသော မတိုးတက်သော တိမ်သော တုံးသော အတ္တကြီးသော အတွေးအမြင်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို (တာ့တာ့ ဘိုင့်ဘိုင် ဖွဲ့စည်းပုံ) လို့ နာမည်ပေးရမလား။ ဂက်အောက် (get out) ဖွဲ့စည်းပုံလို့ ကင်ပွန်းတပ်ရမလား။ ပြည်သူလူထုက ဒီဖွဲ့စည်းပုံအကြောင်း လာမပြောနဲ့။ နားကြားမြင်ကပ်တယ်။ ကြားလဲ မကြားချင်ဘူး။ နာဂစ်မုန်တိုင်းကာလ ပြည်သူ့မျက်ရည် ပင်လယ်ဝေနေချိန် အညှာအတာ ကင်းမဲ့စွာ မဲလိမ်ပြီး လုပ်သွားတာလဲ စိတ်ပေါက် ဒေါသဖြစ်တယ်။ သူတို့ပြောသလို၊ သူတို့ဆိုတာ စစ်အစိုးရ၊ စစ်အစိုးရပြောသလို၊ ဘာတဲ့၊ ဘာတဲ့၊ ဘယ်လို ဘယ်လောက်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂.၄၈% ထောက်ခံတယ်။

ဒီလိုသာ လူထုက ထောက်ခံခဲ့ရိုးအမှန်သာဆိုရင် အခုလုပ်နေတဲ့ တပ်ချုပ်ကြီး ဦးသန်းရွှေဟာ ပြည်သူတွေအားလုံး ငါ့လူတွေချည်းဘဲဆိုပြီး ကျပ်ပြေးနေပြည်တော်မှာ သွားပုန်းအောင်းနေစရာတောင် မလိုတော့ဘူး။ လက်ဖြောင့်တပ်သား ကိုယ်ရံတော်အစောင့်လဲ ထားစရာမလိုတော့ဘူး။ တခြားပြည်သူတွေလိုဘဲ စိတ်အေးလက်အေး လမ်းဘေးမှာ လက်ဖက်ရည်ထိုင်သောက် ဆေးလိပ်ထိုင်ဖွာ ကွမ်းမြုံ့နေလို့တောင် ရနိုင်တယ်။ အခုလို ကျပ်ပြေးသူပုန်စခန်းမှာ သွားပုန်းရတာကိုက ထောက်ခံမှု ရာခိုင်းနှုန်းနဲ့ ကန့်ကွက်မှု ရာခိုင်နှုန်းက ပြောင်းပြန်ဖြစ်နေပြီးဆိုတာ သေချာတယ်။ ကန့်ကွက်သူက ၉၂.၄၈%၊ ထောက်ခံသူက ၇.၅၂% ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ယုတ္တိတန်တယ်။ အဲဒီလို မဲပြောင်းပြန်ရေးထားတဲ့ ဖွဲ့စည်းပုံနဲ့ ကမ္ဘာကို လှည့်ချင်လှည့်၊ မြန်မာအချင်းချင်းလှည့်တာတော့ ဘယ်ပြည်သူကမှ မကြည်ဖြူဘူး။

ဒီဖွဲ့စည်းပုံကို ကြည်ကြည်ဖြူဖြူလက်ခံကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားကြည့်သူတွေသာ ရှိကြတာပါ။ ပြည်တွင်းပြည်ပမှာ ၂၀၀၈ ကို လက်ခံ၊ ရွေးကောက်ပွဲသာ တကြောင်းတည်းသော နည်းလမ်းဆိုပြီး ပါးစပ်ပါလို့ လေရှိတိုင်း အပ်ကြောင်းထပ်အောင် အော်နေသူတွေဟာ န.အ.ဖ လက်ဝေခံ အရိုးကိုက်နေသူနဲ့ အရိုးကိုက်ဘို့ ကြံရွယ်နေသူတွေသာ ဖြစ်နိုင်တယ်။ အခုတလောဆိုရင် အရိုးကိုက်ချင်လို့ အမိုက်ခံပြီး ပါတီထောင်၊ ငွေရလို့ ပါတီထောင်၊ မမြင်ဘူးတဲ့ ငွေမကိုင်ဘူးတဲ့ ပိုက်ဆံကိုင်ရလို့ ရွေးကောက်ပွဲကို ထောက်ခံ။ ပါတီထောင်တော့လဲ ရိုးရိုးမထောင်ဘူး။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ခွပ်ဒေါင်းပုံကို အလွဲသုံစားပြုပြီး လူထုလေးစားတဲ့ ကျောင်းသားပါတီလိုလို အင်ထု၊ အတုလုပ်သူက လုပ်။

အမယ်။ လာ လာသေး။ တချိန်တုံးက ကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးကို အားပေးယုံလေးနဲ့တင် စစ်ဆေးမေးမြန်းတာခံကြရတယ်။ ထောင်သွင်းအကျဉ်းကျခံကြရတယ်။ ဒါပေမဲ့ အခုကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာလို့ အစစ်ဆေးအမေးမြန်းခံစရာလဲ မလို၊ သွေးမြေကျစရာလဲ မလို၊ အသက်အသေ အကြေခံစရာလဲ မလို၊ လွတ်လပ်မှုနဲ့ လုံခြုံမှု မပျောက်ဆုံးဘဲ ပါဝင်လာလို့ရနိုင်တဲ့ (ရွေးကောက်ပွဲ) ဥပဒေတွေ ရှိလာခဲ့ပြီတဲ့၊ ခွပ်ဒေါင်းသင်္ကေတသုံး ကျောင်းသားအတုပါတီတခုရဲ့ လက်ကမ်းကြော်ငြာမှာ ဖတ်လိုက်ရတာ။ တော်တော်ရယ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ တော်တော် ဒေါသဖြစ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ (၈၈) ကျောင်းသားမျိုးဆက်အစစ် သံမဏိကျောင်းသားတွေ တပြည်လုံးက အကျဉ်းထောင်တွေထဲမှာ ရှိတယ်။ ခွပ်ဒေါင်းစစ်စစ်တွေ ထောင်ကျနေတယ်။ နောက်ဖေးလမ်းကြားက အကြွင်းအကျန်စား ကျီးကန်းတွေ မအာကြနဲ့။

တချို့ကလဲ ၁၉၉၀ အနိုင်ရပါတီ အဖွဲ့ချုပ် အမှတ်အသား ခမောက်သင်္ကေတကို အလွဲသုံးစား အတုသုံး စည်းရုံးသူက စည်းရုံး။ ခမောက်တံဆိပ်မြင်လို့ ထပြီး က သတဲ့၊ ဘယ် ခမောက်ထင်လို့ ထပြီး ကသလဲ သိသင့်တယ်။ ခမောက်က ခိုးရာပါ ခမောက်မှန်းသိရင် မလွယ်ဘူး။ တကယ့်အခြေအနေမှန်က ခမောက်သူခိုးတွေကို ဆိုက္ကားဆရာတွေကတောင် မတင်ချင်တော့ဘူး။ လက်ဖက်ရည်ဆိုင်စားပွဲထိုးတွေကလဲ ခမောက်အတုတွေ လမ်းသလားတာမြင်ရင် ထွက်ရိုက်ချင်လို့ လက်ယားနေကြတယ်ဆိုတာ မပြောရင်မသိမှာ စိုးလို့ ပြောလိုက်ပါတယ်။

နောက်တမျိုးရှိသေးတယ်။ မသိနားမလည်တဲ့ ပြည်သူတွေ၊ စားဝတ်နေရေးရုန်းကန်နေရလို့ နိုင်ငံရေး မလေ့လာအားတဲ့ ပြည်သူတွေကို ရပ်ထဲရွာထဲလည်ပြီး ရွေးကောက်ပွဲအတု အောင်မြင်ရေး သင်္ကေတ အတုတွေသုံးပြီး ပုံမှားရိုက်သလို (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူဘဲ။ သူက အပြင်က တိုက်မယ်။ ကျွန်တော်/မတို့က လွှတ်တော်အတွင်းက တိုက်မယ်) ဆိုပြီး စကားလုံးအတုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်အတု လုပ်ပြီး စည်းရုံးရေးဆင်းသူက ဆင်း၊ ၁၉၈၈ အရေးတော်ပုံမတိုင်ခင်က မြန်မာပြည်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ် နှိပ်စက်လို့ ပစ္စည်းရှားပါးတဲ့ ခေတ်မှာ သာမန်အိမ်သုံးဆေးဝါးလေးတွေတောင် အတုလုပ်ကြတယ်။ ပါရာစီတမော အတု၊ ဗိုက်တာမင်စီ အတု၊ ဘားပလက် အတု၊ ဖျူရာမင်ဘီစီ အတု စသဖြင့် ဆေးအတုတွေ စားမိပြီး အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိခဲ့ဘူးတယ်။ အခုခေတ်မှာလည်း စံရည်စံသွေး မပြည့်မှီတဲ့ ဆေးဝါးအတုတွေ ရှိတယ်။ ငွေစက္ကူ တထောင်တန် ငါးထောင်တန် အတုတွေ မကြာခဏ ပေါ်တတ်တယ်။

ပစ္စည်းကောင်းလို့ တန်ဘိုးရှိရင် အတုလိုက်လာတတ်တာ ထုံးစံလိုတောင်ဖြစ်နေပြီ။ ဆေးအတုမိတာက တယောက်စ နှစ်ယောက်စ အကန့်အသတ်နဲ့ ဒုက္ခရောက်မယ်။ ငွေအတုမိတာက တရွက်၊ နှစ်ရွက်လောက်ဘဲ ဆုံးရှုံးမယ်။

နိုင်ငံရေးအတု မိရင်တော့ တမျိုးသားလုံး တပြည်လုံး နှစ်ပေါင်း ဆယ်နဲ့ ရာနဲ့ချီပြီး မျိုးဆက်နဲ့ ချီပြီး ဒုက္ခရောက်သွားနိုင်တယ်။

ဘုန်းကြီးရိုက်တဲ့ ကြံ့ဖွတ်လည်း မဲမပေးချင်ဘူး။ တိုင်းပြည်ကို လူမွဲဇာတ်သွင်းသွားတဲ့ မ.ဆ.လအဟောင်း တစညလည်း မဲ မပေးချင်ဘူး။ အခု ခမောက်ဆိုတာ ဘာလဲ။ ခွပ်ဒေါင်းကရော၊ ၀ံသာနုဆိုတာက ရော။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတဖွဲ့ထဲဘဲ ဆိုတာကရော——။

မေးခွန်းလေးတွေ ရှိနေတယ်။ မတွေဝေနဲ့၊ မေ၀၀ါးနဲ့၊ အညာမခံနဲ့၊ အလိမ်မမိစေနဲ့။

အခြေခံဥပဒေ အတု၊ ရွေးကောက်ပွဲ အတု၊ ခွပ်ဒေါင်း အတု၊ ခမောက် အတု၊ ဒေါ်စုကိုယ်စား ရွေးကောက်ပွဲဝင်သူ အတုအပများ ရှိနေတယ်။

အတုဆိုရင် ဘယ်အတုမှ မကောင်းပါ။

ပြည်သူတွေအားလုံး အတုမိမယ် သတိထား။


source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...

ဒို့အခွင့်အရေး ကိုယ်တိုင်ရွေး

စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ဖိနှိပ်မှုတွေအောက်မှာပဲ ရန်ကုန်က လူငယ်တွေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို အခုလို ရဲရင့်ပြတ်သားစွာ ဖော်ပြလာကြတာကို တွေ့ရပါတယ်။



source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲအတွက် မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေး

နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲရေတွက်ပုံ သရုပ်ပြနေစဉ်။
နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲရေတွက်ပုံ သရုပ်ပြနေစဉ်။ အောက်တိုဘာ ၁၊ ၂၀၁၀။ ဓာတ်ပုံ AP
VOA | မြန်မာစစ်အစိုးရက ရှေ့လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ပြည်ပမှာ ရောက်နေသူ မြန်မာနိုင်ငံသားတွေ ကြိုတင် ဆန္ဒမဲပေးတဲ့ အစီအစဉ်တွေထဲက တခုအဖြစ် အမေရိကန် ပြည်ထောင်စုမှာ စတင်လိုက်ပါတယ်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ကြိုတင်မဲပေးဖို့ နိုင်ငံ အတော်များများမှာ စီစဉ်နေပေမဲ့လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေကြား ကျယ်ကျယ်ပြန့်ပြန့် မရှိလှဘူးလို့လည်း ပြောနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဝါရှင်တန် မြန်မာသံရုံးနဲ့ နယူးယောက်က စစ်သံရုံးတွေမှာ တနင်္ဂနွေနေ့ကပဲ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း မဲပေးသူ မဆိုသလောက်သာ လာရောက် မဲထည့်ခဲ့ကြပြီး အများစုကတော့ သံရုံးမိသားစု အသိုင်းအ၀ိုင်းကသာ ဖြစ်တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားတွေကိုတော့ ဆန္ဒမဲပေးဖို့ အကြောင်းကြားစာတွေကို သံရုံးက စာတိုက်ကတဆင့် လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက ပေးပို့ထားပြီး ဖြစ်တယ်လို့ ဆိုပေမဲ့ မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသား တချို့ကတော့ သူတို့အနေနဲ့ မြန်မာသံရုံးက အသိပေး အကြောင်းကြားတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ မကြာသေးခင် အချိန်အထိ မြန်မာသံရုံးနဲ့ အဆက်အဆံရှိခဲ့တဲ့ မြန်မာပညာတော်သင် တယောက် ဆိုရင်လည်း မဲပေးဖို့ သူ့ကို ဘာမှ အကြောင်းမကြားခဲ့ဘူးလို့ ပြောပါတယ်။

“ဒီအချိန်ထိတော့ ကျနော့်ဆီကို မြန်မာသံရုံးက အကြောင်းကြားစာတွေ ဘာတွေ၊ ဘာတခုမှ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မရသေးဘူးဗျ။ ကျနော် စက်တင်ဘာလောက်က မြန်မာနိုင်ငံကူး လက်မှတ်နဲ့ ပတ်သက်ပြီးတော့ သက်တမ်းတိုးဖို့ သံရုံးကို ဆက်သွယ်ပါတယ်။ ဆက်သွယ်တဲ့ အခါကြတော့ ကျနော့်လိပ်စာလည်း သူတို့ သိတယ်။ ကျနော့်လိပ်စာ အတိုင်းပဲ သက်တမ်းတိုးပေးတဲ့ ပတ်စ်ပို့ကို ပြန်ပို့ပေးလိုက်တယ်။ အဲဒီကြားထဲမှာလည်း ကျနော် အီးမေးလ်နဲ့ တခေါက်၊ နှစ်ခေါက် ဆက်သွယ်နေတယ်။

“ဒါပေမဲ့ ကျနော့်ဆီကို ဒီအချိန်ထိတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စာနဲ့သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ ဘာတခုမှ အကြောင်းမကြားသေးပါဘူး။ ကျနော် ကယ်လီဖိုးနီးယားတို့ မစ်ချီဂန်တို့က မြန်မာကျောင်းသား တချို့နဲ့လည်း အဆက်အသွယ်ရှိတော့ အဲဒါနဲ့ ပတ်သက်ပြီး မေးကြည့်သေးတယ်၊ ဖုန်းတွေ ဘာတွေ ဆက်ပြီးတော့။ သူတို့လည်း သူတို့ဆီကို ဘာမှ အကြောင်းမကြားသေးဘူးလို့ ပြောတယ်။”

မြန်မာနိုင်ငံသား အများအပြားရှိရာ ဂျပန်နိုင်ငံမှာလည်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတွေ အနေနဲ့ ကြိုတင်မဲပေးလိုတယ်ဆိုရင် ၁၉ ရက်နေ့မှာ လာရောက် မဲထည့်နိုင်ကြောင်း စာတိုက်ကနေတဆင့် အကြောင်းကြားခဲ့ပါတယ်။ အင်္ဂါနေ့ကျရင် တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ မဲတွေ လာထည့်နိုင်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်းဖြစ်ဖြစ်၊ မိတ္တူဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း နိုင်ငံကူးလက်မှတ် ပြပြီး မဲထည့်နိုင်တယ်လို့ အကြောင်းကြားခဲ့တာပါ။

အလားတူ ဗြိတိန်၊ သြစတြေးလျ၊ စင်ကာပူတို့ အပါအ၀င် မြန်မာနိုင်ငံသားတွေရှိရာ နိုင်ငံ အတော်များများမှာ ကြိုတင်မဲထည့်ဖို့ အကြောင်းကြားတာတွေ ရှိခဲ့ကြောင်း မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ဒါပေမဲ့လည်း မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားတွေကြား အကြောင်းကြားစာ ရသူရ၊ မရသူမရ ဖြစ်ရတာတွေ ရှိတယ်လို့လည်း ပြောကြပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒီလို မဲပေးခွင့် ရှိပေမဲ့ မပေးနိုင်တဲ့ အခြေအနေမျိုးဟာ ရသင့်တဲ့ အခွင့်အရေး တရပ်ကို ငြင်းပယ်ခံရတာပဲလို့လည်း အမေရိကန် ပြည်ထောင်စုရောက် မြန်မာပညာတော်သင်က ဆိုပါတယ်။

“ကျနော်တော့ နိုင်ငံသားတယောက် အနေနဲ့ ရွေးကောက်ပွဲတို့ ဘာတို့ စိတ်ဝင်စားတာပေါ့။ ဒါပေမဲ့ ကိုယ်ကလည်း ဒီလို အဝေးကို ရောက်နေတဲ့ အခါကြတော့၊ ကိုယ့်ကိုလည်း ဘာမှ အကြောင်းမကြားဘူးဆိုတော့ ကျနော်ကတော့ အခွင့်အရေးတရပ် အနေနဲ့ သံရုံးအနေနဲ့ မြန်မာပြည်တွင်းက တရားဝင် ဒီကို ရောက်လာနေတဲ့ ကျောင်းသားတွေ၊ အလုပ်လုပ်နေတဲ့ လူတွေကိုတော့ သူတို့အနေနဲ့ ဆက်သွယ်သင့်တယ်၊ အကြောင်းကြားသင့်တယ်လို့ ထင်တယ်လေ။

“ဒီအချိန်က ရွေးကောက်ပွဲ လုပ်ဖို့လည်း သိပ်ကပ်နေပြီဆိုတော့၊ တကယ်တမ်းကြတော့ ဒီရွေးကောက်ပွဲကို Legitimacy ဖြစ်ဖို့ဆိုတာက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ်။ အဲဒီလို မလုပ်ဘူး ဆိုတာကတော့ နိုင်ငံသားတယောက် အနေနဲ့ ပြောမယ်ဆိုရင်တော့ Right တခုကို မရဘူး၊ ဆုံးရှုံးတယ်လို့ ယူဆရတာပေါ့။ ရွေးကောက်ပွဲဆိုတာ ကိုယ့်ကံကြမ္မာကို ဖန်တီးပေးမယ့် အစိုးရတရပ်ကို ကိုယ်က မဲထည့်ပြီး ကိုယ့်ရဲ့ဆန္ဒကို ဖော်ထုတ်ရတာပဲလေ။ အဲဒါလေးကို မရဘူးဆိုတာတော့ နိုင်ငံသားတယောက် အနေနဲ့တော့ စိတ်မကောင်းဘူးပေါ့။”

မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ ပြည်တွင်း ပြည်ပ အင်အားစုတွေသာမက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဆိုရင်လည်း ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့်ရှိမယ့် အခြေအနေမျိုး မဖန်တီးနိုင်တဲ့အတွက် စိတ်ပျက်ရကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဂုဏ်ပြုမွေးနေ့ အမှတ်တရ









ကျနော်တို့ မလေးရှားရောက် အမျိုးသားနိုင်ငံရေး လူငယ်အင်အားစုမှ ကိုမင်းကိုနိုင်၏ ၄၈နှစ်မြောက်မွေးနေ့ အခမ်းအနားအား မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ပူချုန်းမြို့နယ်တွင် ယနေ့(၁၇/၁၀/၂၀၁၀) ည(၆း၀၀)တွင် စတင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အပြည့်အစုံ ဖတ်ရန် ...