Wednesday, September 15, 2010

နအဖစစ်တပ်နှင့် အပစ်ရပ်သျှမ်းတပ်တို့ တိုက်ပွဲစပြီ

သျှမ်းသံတော်ဆင့် | နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ခံ ဗိုလ်ချုပ်ပန်ဖ ဦးစီး သော တပ်မဟာ ၁ တပ်ဖွဲ့ နှင့် နအဖစစ်တပ်တို့ကြား ယမန်နေ့ ညနေ ၄ နာရီခန့်က သီပေါမြို့နယ် နမ့်မကျန်း ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ သျှမ်းတပ်မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းရူးမြို့နယ်အတွင်းရှိ တပ်မဟာ ၁ ၀မ်ဟိုင်းဋ္ဌာနချုပ်အား နအဖ တပ်မ ၅၅ လက်အောက်ခံတပ်များ စက်တင်္ဘာလဆန်း ကတည်းက ၀န်းရံပိတ်ဆို့ထားရာ မကြာမီ စစ်ဖြစ်လာတော့မည်ဟု တပ်မဟာ ၁ က ကြိုတင် တွက်ဆနေချိန်တွင်နှစ်ဘက် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော်

ဖုန်းလှိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်အား တင်ပြရန် အခက်အခဲရှိသော်လည်း ယခု တိုက်ပွဲ ဖြစ်ပွားမှု သတင်းမှန်ကန်ကြောင်း တပ်မဟာ ၁ က သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။

“မနေ့က ညနေ ၃ နာရီ ၅၀ လောက်မှာ တိုက်ပွဲစဖြစ်တယ် သီပေါမြို့နယ်ထဲမှာပဲ ရန်သူဘက်က အကျအဆုံး မသိရသေး ဘူး ကျနော်တို့ဘက်က တစ်ယောက် ဒဏ်ရာရတယ်” ဟု တပ်မဟာ ၁ မှ အရာရှိတစ်ဦးက ပြောသည်။

ယခုအခြေအနေ မတိုင်မီကတည်းက အပစ်ရပ်လက်နက်ကိုင် အဖွဲ့နယ်မြေများအတွင်း နအဖစစ်တပ်လှုပ်ရှားမှု များ သိသိသာသာတွေ့မြင်လာရပြီး ယခုအခါနှစ်ဘက်စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာကြောင်းသိရသည်။

စက်တင်္ဘာလ ၁၂ ရက်က သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေဆိုက် နအဖ စကခ ၁ လက်အောက်ခံ နည်းဗျူဟာတစ်ခုအား အပစ်ရပ် ဝ နယ်မြေအနီးသို့ စေလွတ်ထားသည့်အပြင် ရမခနယ်မြေအတွင်းရှိ နအဖ တပ် အားလုံးတိုက်ပွဲဝင် အသင့်ဖြစ်စေရေး စစ်ရုံးချုပ်က ညွန်ကြားချက်ထုတ်ထားကြောင်း သိရသည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ကိုကျော်သူ မဲဆောက်မှာ အလုပ်လုပ်နေပြီ

သီဟဟိန်း | မြန်မာနိုင်ငံ မြ၀တီမြို့ရဲ့တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေးဟာ ကျနော်တို့ မြန်မာပြည်သားတွေနဲ့ အထူးပင် စည်ကားလျက်ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ … စတဲ့နေရာတွေအပြင် ဈေးရောင်းဈေးဝယ်တွေကအ စမြန်မာပြည်သားအများစုပါ။ အမေရိက၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား … စတဲ့နိုင်ငံတွေကို မြန်မာပြည်သားတယောက်အနေနဲ့ အလုပ်သွားလုပ်မယ်ဆိုရင် ငွေကြေးအများကြီး ကုန်ကျမှာပါ။ တော်ရုံလူတွေလည်း မသွားနိုင်ပါဘူး။ အဲဒီတော့ ငွေကြေးလည်း အသက်သာဆုံးဖြစ်ပြီး နိုင်ငံခြားလည်းရောက်ဆိုတော့ မဲဆောက်ဟာ မြန်မာနိုင်ငံသားတွေအများစု လာရောက်အလုပ်လုပ်ကိုင်တဲ့နေရာ ဖြစ်လာပါတယ်။ ဘယ်လောက်တောင်များလဲဆိုရင် မဲဆောက်မှာ မြန်မာပြည်သား နှစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ကိုယ့်နိုင်ငံ၊ ကိုယ့်ဌာနေကို ခွဲခွာပြီး ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူမှုဒုက္ခတွေကလည်း အမျိုးမျိုးပါပဲ။ လုပ်ခလစာတွေ အပြည့်အ၀ မရတာတွေ၊ ပုလိပ်တို့ တောမောတို့ ဖမ်းလို့ ထောင်တွေကျပြီး ပြည်တော်ပြန်ရတာတွေ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေ … စသည်ဖြင့် အများကြီးပါပဲ။ ပြောရရင် ကုန်နိုင်မှာမဟုတ်သလို တချို့ကိစ္စတွေဆို ယုံတောင်ယုံနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုများပြားလှတဲ့ ဒုက္ခတွေထဲက လူတိုင်း တနေ့နေ့ တချိန်ချိန်မှာ မဖြစ်မနေ ရင်ဆိုင်ရမယ့် နာရေးကိစ္စအကြောင်းတွေကို ပြောပြချင်ပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတယောက် သေပြီဆိုရင် အဲဒီအိမ်ပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင်တွေက သူတို့နေရာမှာ ပေးမထားပါဘူး။ အသုဘအခမ်းအနားလည်း မလုပ်ရပါဘူး။ ဆေးရုံဆေးခန်းမှာ သေတယ်ဆိုရင်လည်း အဲဒီကတဆင့် သင်္ချိုင်းကိုပို့ပြီး သင်္ဂြိုဟ်ရပါတယ်။ အိမ်ပြန်သယ်လို့မရပါဘူး။ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသရင်း သေဆုံးသွားတဲ့သူတွေထဲက တချို့ဆိုရင် ဆေးကုသစရိတ်လည်း မပေးနိုင်၊ သင်္ဂြိုဟ်စရိတ်လည်း မတတ်နိုင်တော့တဲ့အတွက် အလောင်းကို ပိုင်ရှင်မဲ့အဖြစ် ထားခဲ့ရပါတယ်။ ပိုက်ဆံနည်းနည်း တတ်နိုင်တဲ့သူတွေကတော့ ဆေးရုံက သင်္ဂြိုဟ်ပေးဖို့ ဘတ် (၅၀၀) ပေးပြီး ရေခဲတိုက်မှာ အပ်ခဲ့ရပါတယ်။ မြ၀တီဘက်ကလာပြီး ဆေးကုတဲ့သူတွေ အဲလိုအဖြစ်မျိုး အများဆုံးကြုံရပါတယ်။ ပြန်သယ်ဖို့ အခက်အခဲရှိတာလည်း ပါပါတယ်။

ဘယ်လိုလူမျိုးမဆို သေဆုံးသွားရင် သေတဲ့သူအတွက် နောက်ဆုံးအနေနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ ကောင်းကောင်းမွန်မွန်လေး မြေကျသွားတာကို လိုချင်ကြပါတယ်။ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံလေးတော့ တင်ပေးလိုက်ချင်ကြပါတယ်။

မြန်မာပြည်သားတွေများသလို မြန်မာပြည်သားတွေ အချင်းချင်းကို ကိုယ်တတ်နိုင်တဲ့ဘက်က သာရေးနာရေး အကူအညီပေးနေတဲ့ အဖွဲ့တွေလည်း မဲဆောက်မှာရှိပါတယ်။ တချို့နာရေးတွေဖြစ်လာရင် အဲဒီအဖွဲ့တွေကို အကြောင်းကြားကြပါတယ်။ ဒီလိုအကြောင်းကြားလာတဲ့ နာရေးတွေကိုတော့ တတ်နိုင်သလောက်လုပ်နေတဲ့ အဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ အလောင်းတွေကို ဘုန်းကြီးကျောင်းမှာ ထားရပါတယ်။ အဲဒီကမှတဆင့် သင်္ချိုင်းမှာမီးသင်္ဂြိုဟ်ရပါတယ်။ နာရေးတခုဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်ဖို့ မဖြစ်မနေ ကုန်ကျရမယ့် အသုံးစရိတ်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးပါမယ်။

၁။ ဆေးရုံကြီးမှာ သေတယ်ဆိုရင် ဆေးရုံကြီးကနေ အသုဘထားမယ့် ဘုန်းကြီးကျောင်းဇရပ်ကို အသုဘသယ်တဲ့ ကားခ ဘတ် (၂၀၀)။

၂။ မပုပ်အောင် ဆေးထိုးမယ်ဆို ရေချိုးတာ၊ ဆေးထိုးတာ ဘတ် (၁,၅၀၀)။

၃။ ဘုန်းကြီးကျောင်းမှာ ထားတဲ့အတွက် ရေတို့ မီးတို့အပြင် လိုအပ်တဲ့ အိုးခွက် ပန်းကန် ငှားရမ်းခက ဘတ် (၅၀၀) အလှူငွေ ထည့်ဝင်ရပါတယ်။

၎။ ဆေးမထိုးချင်ဘူး၊ ရေခဲသေတ္တာနဲ့ ထားမယ်ဆိုရင် တညကို ဘတ် (၅၀၀) ဘုန်းကြီးကျောင်းအလှူငွေ ထည့်ဝင်ရပါတယ်။

၅။ သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့အတွက် သင်္ချိုင်းခက ဘတ် (၂,၀၀၀)။

၆။ ဇရပ်ကနေ သင်္ချိုင်းကို ကားခက ဘတ် (၁,၅၀၀)။

သရဏဂုံတင်တာ၊ ဘုန်းကြီးတရားဟောတာကတော့ ကိုယ်စေတနာရှိသလောက် ဘုန်းကြီးကို လှူလို့ရပါတယ်။

ဝမ်းသာစရာ၊ သာဓုခေါ်စရာတခုကတော့ လိုသမျှ အခေါင်းတွေကို မဲဆောက်တရုတ်ဘုံကျောင်းက လှူပါတယ်။ ဘုံကျောင်းရှေ့က ဂိုဒေါင်ထဲမှာ အခေါင်းတွေ ရိုက်ပြီး ထပ်ထားတာ အများကြီးပါပဲ။ အခေါင်း သွားတောင်းမယ်ဆိုရင် သေစာရင်းစာရွက် ယူသွားရပါတယ်။ လက်မှတ်ထိုးရပါတယ်။

အဲဒီတော့ နာရေးတခု ဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန် မြေကျဖို့အတွက် ဟိုဟာချွေတာ၊ ဒီဟာချွေတာ လုပ်တာတောင်မှ အနည်းဆုံး ဘတ် (၃,၀၀၀) နဲ့ (၄,၀၀၀) လောက်ကုန်ပါတယ်။ ချွေတာတယ်ဆိုတာကတော့ ဥပမာ မသာကို ကိုယ်တိုင်ရေချိုးပေးမယ်။ ကားသမားတွေကို ဈေးအတင်းလျှော့ခိုင်း၊ ဘုန်းကြီးတွေကို ပိုက်ဆံမရှိတဲ့အကြောင်း အတင်းအပူကပ်မယ်ဆိုတာမျိုးပါ။ လုံးဝ တပြားမှ မတတ်နိုင်တဲ့သူတွေ ကောင်းကောင်းမွန်မွန်လည်း မြေကျချင်တယ်ဆိုရင်တော့ အကူအညီပေးနေတဲ့အဖွဲ့က ဟိုလူ့ဆီအလှူခံ၊ ဒီလူ့ဆီ အလှူခံပေါ့။ စက်ရုံတွေဘာတွေက သေရင်တော့ စက်ရုံအလုပ်သမားတွေစုပြီး ကူငွေထည့်ကြလို့ တော်သေးတယ်။

အဲလိုမျိုးတွေ ခဏခဏဖြစ်လာတော့ ကူညီပေးနေရတဲ့ အဖွဲ့တွေ လူတွေလည်း ရေရှည်မှာ မတတ်နိုင်ကြတော့ဘူးလေ။ အထက်မှာ ပြောခဲ့သလို ဆေးရုံမှာ ပိုင်ရှင်မဲ့အလောင်းဆိုပြီး ထားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ စုပေါင်းစဉ်းစားကြရင်း နာရေးကူညီမှုအသင်း (မဲဆောက်) ကို ၂၆၊ ၄၊ ၂၀၁၀ နေ့မှာ စတင်ဖွဲ့စည်းလိုက်နိုင်ခဲ့တာပါ။ အဲဒီအသင်းမှာ နာရေးလုပ်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ ပါပါတယ်။ တယောက်ကို လစဉ် ဘယ်လောက်စုထည့်ကြမယ်ဆိုပြီး ဖွဲ့ခဲ့ကြတာပါ။ ဘာအလှူရှင်မှ မရှိပါဘူး။ မဲဆောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီက အလှူခံပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတွေရဲ့ နာရေးကိစ္စတွေကို အကူအညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ဦးဥတ္တမနာရေးကူညီမှုအသင်း၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့၊ ခွန်အားသစ်အဖွဲ့၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ … စတဲ့ အဖွဲ့တွေအပြင် အဖွဲ့အစည်းကမဟုတ်ဘဲ မိမိတို့စိတ်ရင်း စေတနာနဲ့ နာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တွေ့ရပါတယ်။

အခုစုဖွဲ့လိုက်တဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) မှာတော့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ဦးဥတ္တမနာရေးကူညီမှုအသင်းတို့အပြင် စိတ်ပါဝင်စားပြီး အရင်ကလည်း နာရေးကိစ္စတွေကို ကူညီဆောင်ရွက်နေတဲ့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။

နာရေးကူညီမှုအသင်း (မဲဆောက်) မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး နာရေး (၁၀၀) လောက်ကို ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ဆရာပု ခေါ် ဦးသောင်းလှိုင်ကတော့ “ကျနော်တို့အနေနဲ့ နာရေးကိစ္စတွေမှာ တဖွဲ့တည်း၊ တဦးတည်း လုပ်ဆောင်ခဲ့ကြတာ အားနည်းချက်တွေရှိလာတယ်။ ထိထိရောက်ရောက် မကူညီနိုင်ဘူး။ ကျနော်တို့ဆီကို အကြောင်းကြားတဲ့ နာရေးကို တခြားလူတွေ သိချင်မှသိတယ်။ မသိတော့ မကူညီနိုင်ဘူးလေ။ တဦးတဖွဲ့ထဲလုပ်တာနဲ့ စာရင် အများစုပေါင်းပြီးလုပ်တာ ပိုကောင်းမယ်၊ ပိုညီညွတ်မယ်၊ ပိုပြီးထိရောက်မယ်ဆိုပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာပါ’’ လို့ ပြောပါတယ်။ အသင်းဖွဲ့ပြီးနောက်ပိုင်း ယနေ့အချိန်ထိ နာရေးကိစ္စ (၂၀) လောက် လိုအပ်တဲ့ အကူအညီ လူအင်အား၊ ငွေအင်အား ကူညီနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဆရာပုက ဆက်ပြောပြပါတယ်။

မဲဆောက်ကျောင်းသစ်ကျောင်းနောက်က ကုန်တင်ကုန်ချ အလုပ်သမားတန်းလျားက နာရေးတခုကို ကျနော် ရောက်သွားတော့ သေဆုံးသူက အသက် (၄၈) နှစ် အမျိုးသမီး။ သူ့သားက အသက် (၂၀) ၀န်းကျင် အလုပ်သမားတယောက်ပေါ့။ သူပြောပြတာက “ကျနော့်အမေဆုံးတာ ညဘက်ကြီးဗျ။ ကျနော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးလေ။ အဲဒါနဲ့ ထမင်းဆိုင်တဆိုင်မှာ တွေ့ခဲ့တဲ့ နာရေးကူညီမှုအသင်းကြော်ငြာထဲက ဖုန်းကိုဆက်ပြီး အကြောင်းကြားလိုက်တော့ မိုးရွာကြီးထဲမှာ ချက်ချင်းပဲရောက်လာကြတယ်ဗျာ။ ကျနော် ၀မ်းသာလိုက်တာ။ သင်္ဂြိုဟ်ဖို့ကိစ္စတွေကော အကုန်လုပ်ပေးသွားတယ်ဗျ။ ကျနော်တို့ကလည်း အမေ့ရဲ့နောက်ဆုံးခရီးမှာ ကောင်းကောင်းမွန်မွန်လေး ဖြစ်သွားတော့ ၀မ်းသာလို့မဆုံးပါဘူး။ အဲဒီအသင်းကိုလည်း အရမ်းကို ကျေးဇူးတင်ပါတယ်” လို့ ကိုယ့်အမေရဲ့ နာရေးမှာတောင် ၀မ်းနည်းဝမ်းသာ ပြောပြနေတာကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ဘယ်လိုခံစားရမှန်း မသိလိုက်ပါဘူး။

အခုဆိုရင် မဲဆောက်ရောက် မြန်မာပြည်သားများ နာရေးကိစ္စဖြစ်ပေါ်လာပါက အချိန်မရွေး အကူအညီ တောင်းနိုင်ပါတယ်။ နာရေးကူညီမှုအသင်း (မဲဆောက်) ဆိုပြီး ဖုန်းနံပါတ်တွေ၊ နာမည်တွေနဲ့ ကြော်ငြာတွေ အနှံ့ကပ်ထားတာ မဲဆောက်မှာ တွေ့နေရပါပြီ။ ဝေဒနာတွေကို မကြေညာစတမ်းဆိုပေမယ့် မဲဆောက်နာရေးဝေဒနာတွေကို ဖော်ပြထားတဲ့ ဘလော့တွေလည်း ခေတ်နဲ့အညီ ဖွင့်ထားတာကို တွေ့မြင်လေ့လာရပါတယ်။

မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း လူတယောက် ခန္ဓာရပြီဆိုရင် သေချာတာကတော့ တနေ့သေရမှာပါပဲ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဆိုတဲ့အတိုင်း ခန္ဓာရှိရင် အိုရမယ်၊ နာရမယ်၊ သေရမယ်ဆိုတာ လူတိုင်းကြုံတွေ့ရမှာပါ။ လူတယောက်ရဲ့ ဒီဘ၀ နောက်ဆုံးခရီးဖြစ်တဲ့ နာရေးကိစ္စတွေကို တတ်နိုင်တဲ့ဘက်က အကူအညီပေးနေတဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) ကို သာဓုခေါ်ရင်း ဤဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ။

ရည်ညွှန်း။ ။ www.fssms.blogspot.com

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, September 14, 2010

NLD နဲ့ တိုင်းရင်းသား ပါတီတချို့ ပျက်ပြယ်ကြောင်း ကော်မရှင် ကြေညာ

VOA | နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း မရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား တိုင်းရင်းသားပါတီ တချို့ကို နိုင်ငံရေးပါတီ အဖြစ်က ပျက်ပြယ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာတာဟာ ဥပဒေကြောင်းနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ NLD ပါတီက တုံ့ပြန်ပါတယ်။ ဒီကနေ့ ညနေ ၆ နာရီက မြန်မာ့ရုပ်မြင်သံကြား MRTV အပါအ၀င် စစ်အစိုးရ သတင်းမီဒီယာတွေမှာ ပျက်ပြယ်တဲ့ ပါတီတွေ စာရင်းကို ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မရှိတဲ့ ပါတီတွေ ပျက်ပြယ်တယ်လို့ ကြေညာလိုက်တာဟာ ဥပဒေကြောင်းနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ NLD ပါတီဟာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတယ် ဆိုတာကို တရားရုံးမှာ လျှောက်ထားတဲ့ကိစ္စ မပြီးပြတ်ခင် ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကြားဖြတ် ကြေညာလိုက်တာဟာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီအတွက် အခုလို သတင်းထုတ်ပြန်ဖို့၊ အခုလို ကြေညာချက် ထုတ်ဖို့ အာဏာ အပ်နှင်းထားတာ ကျနော် မတွေ့ဘူး။ ကြေညာချက် ထုတ်တယ်ဆိုတာ အာဏာအပ်နှင်းမှ ထုတ်လို့ရတာ။ ကြေညာချက်တခု ထုတ်မယ်ဆိုရင် အဲဒီ ကြေညာချက်ကို အဲဒီအဖွဲ့အစည်းကို အာဏာအပ်နှင်းရမယ်၊ ဒီလို ကြေညာဖို့။ အဲဒီလို အာဏာအပ်နှင်းထားခြင်း မရှိဘဲနဲ့ ကြေညာတာကို Except of Jurisdiction ပေါ့၊ အာဏာအပ်နှင်းခြင်း မရှိဘဲနဲ့ ဆောင်ရွက်တာပေါ့။ ဒါနံပါတ်တစ် အချက်။

“ဒုတိယအချက်က NLD ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားရုံး လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး။ အဲဒီလို မပြီးပြတ်သေးတဲ့ အချိန်မှာ ကော်မရှင်က ကြားဖြတ်ပြီး ဒီလို ကြေညာတာဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်တယ်။ ကျနော် ဒီနှစ်ခုပဲ ပြောချင်ပါတယ်။ ကျနော်တို့က လုပ်ရိုးလုပ်စဉ် ကျနော်တို့လုပ်မယ့် Legal Process ကို ဆက်ပြီး သွားမှာပါ။ တရားစီရင်ရေး လမ်းကြောင်းအရ၊ တရားဥပဒေအရ အဆုံးအဖြတ် ရယူဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာပါ။”

အခုလို နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်တယ်လို့ ကြေညာလိုက်တာဟာ NLD ပါတီ အနေနဲ့ လက်ရှိလုပ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုပ်ရှားမှု အပါအ၀င် အခြား လူမှုရေး လှုပ်ရှားမှုတွေ အားလုံးအတွက် ထိခိုက်စရာ မရှိဘူးလို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြပါတယ်။

“အဲဒါကတော့ အနှောင့်အယှက် ဖြစ်စရာအကြောင်း ဘာမှမရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့က ဒါတွေကိုတော့ မှန်းဆထားပြီးသား၊ တွက်ဆထားပြီးသား။ သို့သော် ကျနော်တို့ အနေနဲ့ ရိုက်တဲ့အခါ၊ ထိုးတဲ့အခါ၊ နှိပ်စက်တဲ့အခါ ခံပြီးတော့ အေးအေးဆေးဆေး ပြည်သူလူထုကြားထဲမှာ ငြိမ်ပြီးတော့ ပြည်သူလူထုတွေ Mandate ပေးထားတဲ့အတိုင်း လွတ်လပ်၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အေးချမ်းရေး၊ ငြိမ်းချမ်းရေး ဒါတွေကို ပြည်သူနဲ့အတူ သူတို့နဲ့ ဝေမျှ ခံစားပြီးတော့ လုပ်ကိုင်သွားမယ်လို့ ဆုံးဖြတ်ပြီးသားပဲဗျာ။ အလံတွေ၊ ဆိုင်းဘုတ်တွေ၊ ရုံးတွေ၊ ကနားတွေ၊ မလိုပါဘူး။”

NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အတွက်လို့ ဆိုပြီး နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နဲ့အတူ ၁၉၉၀ ခုနှစ်က လက်ကျန် တခြား တိုင်းရင်းသားပါတီတချို့ ပျက်ပြယ်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီ တချို့ကို အခြေခံ ဖွဲ့စည်းထားတဲ့ CRPP က အခု ပါတီတွေ ပျက်ပြယ်တယ်လို့ ကြေညာပေမဲ့လည်း ဒီပါတီတွေ လှုပ်ရှားမှု ရှိနေသမျှ ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့ CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ တိုင်းရင်းသား အဖွဲ့အစည်းများရယ်၊ သူတို့က ဘာပဲဖြစ်ဖြစ် ပါတီဖျက်သိမ်းလိုက်ပေမဲ့ နိုင်ငံမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအရ နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒီတော့ ဒီလူတွေ တွေ့ပြီးတော့၊ ဆုံဆည်းပြီးတော့ ၉၀ ရလဒ်ကို အကောင်အထည် ဖော်ရေး၊ ပြီးတော့ ပြည်သူတွေရဲ့ ပေးလိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ကြိုးပမ်းဆောင်ရွက် သွားတာဟာ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ပိုင်ခွင့် ရှိတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒီပါတီတွေ ပျက်ပြယ်သွားပေမဲ့လည်း ဒီပါတီတွေနဲ့ အတူပဲ CRPP ဟာ ကော်မတီဆိုတော့ ဒီပါတီတွေ လှုပ်ရှားနေသမျှ၊ တည်ရှိနေသမျှတော့ ဒီကော်မတီကလည်း ရှိနေမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

CPRR အဖွဲ့က ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ တရားမျှတမှုလည်း မရှိတာကြောင့် ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေးတရပ် ခေါ်ယူပြီး ဆုံးဖြတ်ချက် ချထားတာလည်း ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ပြည်သူအများစု ကျပ် (၁ဝဝ) တန်မီး အားကိုးနေရဆဲ

မျိုးဝင်းဇော် | ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်နေသည်ဟု စစ်အစိုးရက ပြောကြားနေသော်လည်း ရန်ကုန်တိုင်းအတွင်းတွင် ပြည်သူအများစုသည် မီးတပွင့်လျှင် တရက် ကျပ် (၁ဝဝ) ပေးရသည့် ပုဂ္ဂလိက လျှပ်စစ်မီးကို အားကိုးနေရဆဲဖြစ်ကြောင်း တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်သာယာ မြို့ခံများထံမှ စုံစမ်းသိရသည်။

ရပ်ကွက်နေ ပြည်သူအများစုမှာ မီးတာဘောက်တပ်ဆင်ခ မတတ်နိုင်ကြသည့်အတွက် ပုဂ္ဂလိက မီးစက်မောင်းသူများ ရောင်းသည့် တညကျပ် (၁၀၀) တန်မီးကို သုံးစွဲနေကြခြင်းဖြစ်သည်။

မြောက်ဥက္ကလာ (၂) ရပ်ကွက်ဈေး မာဃလမ်းတွင် နေထိုင်သူ အမျိုးသမီးတဦးက “မီတာဘောက် တလုံးတပ်ရင် ကျပ် (၆) သောင်းခွဲ၊ ဓာတ်တိုင်ကနေ ကိုယ့်အိမ်အရောက် ကြိုးသွယ်တာ၊ ကိုယ့်အိမ်ထဲမှာ မီးကြိုးတွေ တပ်ဆင်တာ၊ လက်ခ အားလုံးပေါင်းလိုက်ရင် ကျပ် (၁) သိန်းကျော် ကျမယ်။ ဓာတ်တိုင်နဲ့ဝေးရင် ဒီ့ထက် ပိုကျမယ်။ ရပ်ကွက်ထဲက လူအများစုဟာ တနေ့စာတနေ့ ရှာစားနေရသူတွေဆိုတော့ မီတာဘောက်ဖိုး အဲဒီလောက် မတတ်နိုင်တော့ တရက် (၁ဝဝ) ပေးရတဲ့ မီးကိုပဲ သုံးနေကြတယ်” ဟု ပြောသည်။

ပုဂ္ဂလိက မီးရောင်းစားသူများက နေအိမ်အရောက် လျှပ်စစ်မီးကြိုးဖြင့် (၂) ပေ မီးချောင်း သွယ်တန်းပေးကာ ညနေ (၆) နာရီမှ ည (၁၁) နာရီ အထိ မီးစက်မောင်းပေး၍ နေ့စဉ် ငွေ (၁၀၀) ကောက်ခံနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အရာရှိတဦးက “လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာအရပ်က နေအိမ်တိုင်းကို မီတာဘောက် ချပေးနေတယ်။ မီတာဘောက် တလုံးအတွက် ကျပ် (၆) သောင်းခွဲနဲ့ မီးကြိုးဖိုး တပ်ဆင်ခတော့ ကုန်မှာပေါ့။ ဒီလောက် ငွေကြေး မတတ်နိုင်တဲ့သူတွေ မီတာဘောက် မလျှောက်ကြတာတော့ မတတ်နိုင်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ မီတာဘောက် မရှိသည့် နေအိမ်၊ ရပ်ကွက်၊ ကျေးရွာများကို မီးစက်မောင်းပြီး လျှပ်စစ်မီးပေးသည့်လုပ်ငန်းမှာ ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ်များသာမက မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင်လည်း အမြောက်အမြားရှိကြောင်း ပြန်ပြည့်မြဲစွမ်းအင်အဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း၌ ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကော့ဘဇားဒေသအနီးတွင် (၅ဝဝ) နှင့် (၇၅) မီဂါဝပ်ရှိသည့် ရေအားလျှပ်စစ်စက်ရုံ (၂) ရုံ တည်ဆောက်ပြီးစီးရာမှ ရရှိသည့် လျှပ်စစ်ဓာတ်အားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောင်းချရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဧရာဝတီ မြစ်ဆုံနှင့် မေခ၊ မလိခ မြစ်များပေါ်တွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်နေသကဲ့သို့ ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်းတွင်လည်း တရုတ်နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား (၂,၄၀၀) ကီလိုဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှစ်စစ် စီမံကိန်းတခု တည်ဆောက်ရန် တရုတ်နှင့်သဘောတူစာချုပ် ချုပ်ဆိုထားသည်။

ရတနာနှင့်ရဲတံခွန် သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ (၁) ဘီလီယံကျော် ပို့လွှတ်ရောင်းချပေးလျက်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ ရတနာနှင့်ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချနေပြီး ရခိုင်ကမ်းလွန်မှ ထွက်မည့် သဘာဝဓာတ်ငွေ့ကိုမူ တရုတ်နိုင်ငံကို ရောင်းချရန် သဘောတူ စာချုပ်ချုပ်ထားသည်။

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်နှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော်လည်း နိုင်ငံအတွင်းရှိ တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များသာမက တိုင်းများအတွင်းမှ ကျေးရွာတို့တွင်လည်း လျှပ်စစ်မီး လုံလောက်အောင် မရရှိကြပေ။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု ခေါ်တွင်နေသည့် ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင်လည်း လျှပ်စစ်မီး မရရှိကြသည့်အတွက် ယခုကဲ့သို့ တည ကျပ် (၁ဝဝ) တန်မီး သွယ်တန်း အသုံးပြုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်ရောက် မြန်မာရဟန်းတော်များနှင့် ဒီမိုကရေစီအင်အားစုများမှ ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား သမ္မတအိမ်ဖြူတော်ရှေ့တွင် ကျင်းပမည်



အမေရိကန်နိုင်ငံရောက် ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်တပါးဖြစ်သော
ဘုန်းဘုန်းဦးပညာဇောတ ( ဦးဇင်းနတ်ဇော) မှ ပေးပို့ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, September 13, 2010

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း

RFA | စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲဟာ ၂၀၀၇ ခုနှစ်က သံဃာထုအပေါ် ဖိနှိပ် အကျဉ်းချခဲ့တဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီက ၇၅ ရာခိုင်နှုန်း အမတ်နေရာ ရနိုင်ဖို့ ကြံနေတဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ ပြည်သူများအနေနဲ့ သပိတ်မှောက်ကြဖို့ ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း မေတ္တာပို့ကြွချီလှည့်လည် လာသော သံဃာများကို ၂၀၀၇ စက်တင်ဘာ ၂၆ရက်က ရန်ကုန်မြို့ရှိ လမ်းတခုတွင် စစ်တပ်က ပိတ်ဆို့ တားဆီးထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ကြေညာချက်နဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ သီတင်းသုံးနေတဲ့ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ပြောခွင့်ရှိသူ အရှင် ဓမ္မသီရိကို RFA က ဆက်သွယ် လျှောက်ထားခဲ့ရာမှာ ဆရာတော်က အခုလို မိန့်ပါတယ်။

“ရွေးကောက်ပွဲကို အဓိက ဦးဆောင်ပြီးတော့ ယှဉ်ပြိုင်သွားမဲ့ ကြံ့ဖွံ့ပါတီနဲ့ တစညပါတီ ဖြစ်နေတယ်လေ။ အဲဒီတော့ ကြံ့ဖွံ့ဆိုတာလည်း ဒီ စစ်ယူနီဖောင်း လဲထားတဲ့ လူတွေပဲ ဦးဆောင်တာ ဆိုတော့ အစကတည်းကိုက ဦးဇင်းတို့က ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံကတည်းက ဦးဇင်းတို့က ဆန့်ကျင်ခဲ့တာ။ ဒီ ရွေးကောက်ပွဲဟာလည်း စစ်အာဏာရှင် စနစ်ကို အသက်သွင်းမဲ့ တရားဝင် အစိုးရအဖြစ် ပြောင်းလဲမဲ့ ပွဲ ဖြစ်နေတဲ့အတွက် ဦးဇင်းတို့က ဆန့်ကျင်တယ်။ သပိတ်မှောက်တယ်။ နောက် လူထုတွေကလည်း ဒါ မိမိရဲ့ ဆန္ဒကို မိမိဖော်ထုတ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုး မဲသွားမပေးကြဖို့ ဦးဇင်းတို့ လှုံ့ဆော်ခြင်း ဖြစ်ပါတယ်။”

၂၀၀၇ သံဃာ့အရေးအခင်း ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ သမဂ္ဂီအဖွဲ့ချုပ်တို့ ပူးပေါင်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးခင်း ၃ နှစ်ပြည့် နှစ်ပတ်လည်ကာလမှာ ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ ကြေညာချက်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးတော်ပုံအပြီး ကနေ့တိုင်လည်း စစ်အစိုးရဟာ ဆရာတော် သံဃာတော်တွေ၊ သီလရှင်တွေကို နည်းမျိုးစုံနဲ့ စောင့်ကြည့်၊ အကျပ်ကိုင် ခြိမ်းခြောက်နေဆဲ ဖြစ်ကြောင်း၊ ဖော်ပြထားပါတယ်။

တချိနတည်းမှာလည်း မြန်မာနိုင်ငံတဝန်းက ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ဒကာ၊ ဒကာမတွေနဲ့ အတူ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မသမာမှုတွေကို စောင့်ကြည့် ဖော်ထုတ် ဖွင့်ချဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။

ဒီအကြောင်း သံဃာ့တပ်ပေါင်းစု ပြောခွင့်ရှိသူ အရှင်ဓမ္မသီရိကို RFA မှ ဦးခင်မောင်စိုးမင်း ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန်

source by :http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ကုလ လူ့အခွင့်အရေး မဟာမင်းကြီး မြန်မာ့ရွေးကောက်ပွဲ မျှတမှုရှိရေး တိုက်တွန်း

VOA | ၁၅ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံကို ဒီကနေ့ ဂျီနီဗာမြို့မှာ စတင်ကျင်းပနေပါပြီ။ ဒီညီလာခံအတွင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ညီလာခံဖွင့်တဲ့ ဒီကနေ့မှာပဲ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပေလေး (Navi Pillay) က မြန်မာနိုင်ငံက လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အ၀န်း အနေနဲ့ သတိနဲ့ စောင့်ကြည့်ကြရပါလိမ့်မယ်။ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းနဲ့ ဖယ်ကြဉ်ခြင်း ခံရသူတွေကို သေသေချာချာ အကာအကွယ် ပေးဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။

“ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတနိုင်ဖို့ဆိုရင် လွတ်လပ်စွာ အမြင်ချင်း ဖလှယ်နိုင်တဲ့ အခြေအနေတွေ ရှိရမယ့်အပြင် သက်ဆိုင်သူတွေ အားလုံး ပြည့်ပြည့်၀၀ ပါဝင်နိုင်ရမယ်ဆိုတာ လုံးဝငြင်းလို့ မရပါဘူး။ ရွေးကောက်ပွဲဖြစ်စဉ် အပါအ၀င် တခြား အရပ်ဘက် ကိစ္စတွေမှာ ရာဇ၀တ်မှု ကျူးလွန်တယ်လို့ သံသယဖြစ်ရသူတွေ အနေနဲ့ တရားမျှတတဲ့ ရုံးတင်စစ်ဆေးမှုနဲ့ သင့်တော်တဲ့ ပြစ်ဒဏ်ကို ချခံစေရမှာ ဖြစ်တယ်ဆိုတာ ထပ်လောင်း ပြောချင်ပါတယ်။”

ဒီကနေ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးတင်ပြကြတဲ့ အထဲမှာတော့ ထူးထူးခြားခြား မော်လ်ဒိုက်နိုင်ငံကလည်း မြန်မာရွေးကောက်ပွဲ အခြေအနေအပေါ် စိုးရိမ်မှုကို ပြောသွားပါတယ်။ နိုင်ငံရေးမှာ အတိုက်အခံတွေကို ပါဝင်ပတ်သက်ခွင့် ပေးဖို့နဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မော်လ်ဒိုက်နိုင်ငံက တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်၊ မမြောက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ ပြီးခဲ့တဲ့အခေါက် ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အကြံပြုခဲ့ပါတယ်။ ဒီအပေါ်မှာ အခုအချိန်ထိ နိုင်ငံ ၆ နိုင်ငံက ထောက်ခံထားပြီး ဒီကိစ္စကို အခု လူ့အခွင့်အရေး ညီလာခံအတွင်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...