Friday, July 16, 2010

ဒင်းလိုလူစား သတိထားဟေ့

ဂါမဏိ / ၁၆ ဇူလိုင် ၂၀၁၀


သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွားကြီးပြင်းလာခဲ့ပြီး အင်္ဂလိပ်ခေတ် (၇) တန်းအောင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက် အသက် (၂၇) နှစ်မှာ အောက်တန်းရှေ့နေ စာမေးပွဲဝင်ဖြေတာ အောင်လို့ ရှေ့နေလုပ်ခဲ့ပါတယ်။ အင်မတန် ရဲတင်းပြီး ရည်မှန်းချက်ကြီးလှတဲ့ ဒီလူဟာ တဘက်က ရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာနယ်တွေထဲ ထိုးဖောက်ခြေကုပ်ယူခဲ့ပါတယ်။ သူရိယသတင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။

သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေးအဖွဲ့ကြီးဖြစ်တဲ့ ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ (၂၁) ဦးအဖွဲ့ဘက် ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမယ့် အရွေးမခံရပါ။ သူ့အသက် (၂၇) နှစ်အရွယ် ၁၉၂၇ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်ကနေ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါတယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေးမှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတမြောက်ပိုင်းအမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

၁၉၃၁ သြဂုတ်လမှာ လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံကို အင်္ဂလိပ်တွေ ဖမ်းမိတဲ့အခါ သူဟာ ဆရာစံဘက်က ရှေ့နေလိုက်ပေးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရအရာရှိတွေ၊ စစ်တပ်တွေ၊ ပန်ချာပီပုလိပ်တွေဟာ ပုန်ကန်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်လို့ အင်္ဂလိပ်အစိုးရဆီ အိတ်ဖွင့်ပေးစာတစောင် ရေးခဲ့ပါတယ်။ “၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး” ဆိုတဲ့နာမည်နဲ့ အင်္ဂလိပ်လို စာအုပ်တအုပ်ရေးပြီး နိုင်ငံခြားပို့တဲ့အခါ အင်္ဂလိပ်အစိုးရက ပိတ်ပစ်တာ ခံရပါတယ်။ ဒါဟာ ပုဒ်မ ၁၂၄ (က) နဲ့ ငြိစွန်းနေတယ်လို့လည်း သတိပေးခံရပါတယ်။ သူဟာ ဥပဒေပြုလွှတ်တော်ထဲမှာလည်း ဆရာစံ သူပုန်ထမှုနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အစိုးရရဲ့ အရေးယူကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ ပြည်ထဲရေးအတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီက “မောင်မင်း ဂဠုန်ဖြစ်လာပြီ” လို့ ဝေဖန်ခဲ့ပါတယ်။

၁၉၃၅ မေလမှာတော့ သူဟာ မီဒီယာကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံကိုသွားပြီး အဆာဟိရှင်ဘွန်း သတင်းစာတိုက်မှာ မီဒီယာလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်ငန်းတွေ လေ့လာခဲ့ပါတယ်။ အပြန်မှာ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံတွေဝင်ပြီး နိုင်ငံရေး လေ့လာခဲ့ပါသေးတယ်။ ဗမာပြည်ပြန်ရောက်ပြီးတော့ သူရိယသတင်းစာတိုက် ရှယ်ယာတွေ ထပ်ဝယ်ပြီး ၁၉၃၆ ခုမှာ သူရိယတိုက် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ နောက် (၂) နှစ်အကြာမှာ အယ်ဒီတာချုပ် ဖြစ်လာပြီး သတင်းစာမူဝါဒကို ကြိုးကိုင်နိုင်ခဲ့ပါတယ်။

သူဟာ ဆရာစံသူပုန်ဘက်က ရပ်တည်လို့ နာမည်ထင်ရှားလာတဲ့နောက် ၁၉၃၆ ခုမှာ ဂဠုန်စစ်သူကြီးဘွဲ့ခံယူပြီး ဝါးရင်းတုတ်ကိုင် ဂဠုန်တပ်ရဲ့ ဗိုလ်ချုပ်ရာထူး ယူခဲ့ပါတယ်။ ၁၉၃၆ ခုမှာပဲ ကိုအောင်ဆန်း၊ ကိုနုတို့ ခေါင်းဆောင်တဲ့ ဒုတိယကျောင်းသားသပိတ် ဖြစ်တဲ့အခါ ကျောင်းသားတွေနဲ့ ရင်းနှီးမှုရအောင်လည်း ကြိုးစားခဲ့ပါတယ်။
တက္ကသိုလ်သမဂ္ဂအဆောက်အဦမှာ အင်္ဂလိပ်စာ ကျွမ်းကျင်လှတဲ့ စိန်ပေါကျောင်းထွက် တက္ကသိုလ်ဘွဲ့ရ ဘိလပ်ပြန် ဒေါက်တာဘမော်နဲ့ ကျောင်းသားတွေရှေ့မှောက် အင်္ဂလိပ်လို စကားရည်လုပွဲ လုပ်ခဲ့ရာမှာ (၇)တန်းပဲ အောင်တဲ့ သူ့ကို ကျောင်းသားတွေက ထောက်ခံ အားပေးခဲ့ပါတယ်။

ဒီနောက်မှာ သူဟာ ၁၉၃၈ ခု မတ်လမှာ မျိုးချစ်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၁၉၃၈ သြဂုတ်လ အောက်လွှတ်တော် အစည်းအဝေးမှာ ဒေါက်တာဘမော်အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့တာ မအောင်မြင်ခဲ့ပါ။ ရေနံမြေအလုပ်သမားသပိတ်၊ တတိယကျောင်းသားသပိတ်တွေ ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကာလ ၁၉၃၈ ဒီဇင်ဘာလထဲမှာ မျိုးချစ်ပါတီဝင်တွေ၊ ဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေတိဂုံဘုရားခြေရင်းမှာ ကျောင်းသား-အလုပ်သမား ထောက်ခံရေး အာဏာဖီဆန်မှုလုပ်လို့ အင်္ဂလိပ်အစိုးရရဲ့ ခေတ္တဖမ်းဆီးထိန်းသိမ်းမှုခံရပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီ လွှတ်တော်အစည်းအဝေးမှာတော့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေကို ဖိနှိပ်တဲ့ ဒေါက်တာဘမော်အစိုးရကို သူ ဦးဆောင်ပြီး အယုံအကြည်မရှိ အဆိုသွင်း ဖြုတ်ချနိုင်ခဲ့ပါတယ်။

သူဟာ ၁၉၄၀ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဗမာပြည်ကို သတင်းစာဆရာပုံစံနဲ့ လာထောက်လှမ်းတဲ့ ကာနယ်ဆူဇူးကီး (ဗိုလ်မိုးကြိုး) ကို ခေါ်တွေ့ပြီး ဗမာ့လွတ်လပ်ရေး တိုက်ပွဲအတွက် ဂျပန်နိုင်ငံဆီက လက်နက်ခဲယမ်းပစ္စည်း ငွေကြေး အပါအဝင် စစ်ကူရနိုင်မလား မေးခဲ့ပါတယ်။

၁၉၄၁ အောက်တိုဘာလမှာ သူဟာ အင်္ဂလန်နိုင်ငံကိုသွား၊ ဝန်ကြီးချုပ် ချာချီနဲ့ တွေ့ဆုံပြီး ဒုတိယကမ္ဘာစစ်ပြီးရင် ဗမာပြည်ကို လွတ်လပ်ရေး (ဒိုမီနီယံ ကိုယ်ပိုင်အုပ်ချုပ်ရေး) ပေးဖို့ အဓိက ဆွေးနွေးတောင်းဆိုခဲ့ပေမယ့် ချာချီက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကအပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ဂျပန်ကောင်စစ်ဝန်နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဗမာပြည် လွတ်လပ်ရေးရမယ်ဆိုရင် ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလို ဆက်သွယ်ဆောင်ရွက်ခဲ့တာကို အင်္ဂလိပ်က သိသွားလို့ ၁၉၄၁ ဒီဇင်ဘာလမှာ ပါလက်စတိုင်းနိုင်ငံ (အခု အစ္စရေးနိုင်ငံ) ဟိုင်ဖာမြို့မှာ အဖမ်းခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကာလတလျှောက်လုံး အာဖရိကတိုက် ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်နေခဲ့ရပါတယ်။ စစ်ကြီးပြီးလို့ ၁၉၄၆ ဇန်နဝါရီလကျမှ အင်္ဂလိပ်အစိုးရ ပြန်လွှတ်ပေးလိုက်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းကို ကြည့်လိုက်ရင် ဒီလူဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် တောက်လျှောက် အားကြိုးမာန်တက် ဇွဲနပဲနဲ့ လုပ်ခဲ့တဲ့ မျိုးချစ်နိုင်ငံရေးသမား တော်လှန်ရေးသမားလို့ ထင်စရာပါပဲ။ ဒါပေမယ့် ဒီလူဟာ ဂဠုန်ဦးစော ဖြစ်ပါတယ်။ အပေါ်ယံရွှေမှုန့်တွေကို ဖယ်ကြည့်လိုက်ရင် သူဟာ အာဏာ၊ စည်းစိမ်ချမ်းသာနဲ့ ကျော်ကြားထင်ရှားမှုကိုသာ တသက်လုံး အာသာငမ်းငမ်းတက် လိုက်စားခဲ့တာ မြင်နိုင်ပါတယ်။ သူလုပ်သမျှတွေဟာ မျိုးချစ်ပုဂ္ဂိုလ်အဖြစ် ပြည်သူလူထုက အထင်ကြီးအောင်၊ မဲရအောင် နိုင်ငံရေးစတန့်ထွင် လှည့်စားပြနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နယ်ချဲ့အလိုကျ လုပ်ကြံသတ်ဖြတ်ခဲ့လို့ ကြိုးစင်တက် ဘဝဆုံးသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံမှုနဲ့ တရားရုံးထုတ်တဲ့အခါ သူဟာ (၅)တန်းပဲ အောင်တယ်လို့ တရားသူကြီးရှေ့မှာ ဝန်ခံခဲ့ပါတယ်။ ဝံသာနုဂျီစီဘီအေထဲ ဝင်လုပ်ခဲ့ပေမယ့် ကွဲကြပြဲကြတဲ့အခါ (၂၁) ဦးဆိုတဲ့ အင်္ဂလိပ်နယ်ချဲ့နဲ့ စေ့စပ် အပေးအယူလုပ်ချင်တဲ့ ရာထူးအာဏာ ငမ်းငမ်းတက်အုပ်စုဘက် ပါခဲ့ပါတယ်။ အင်္ဂလိပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ‘ဘူး’ အသင်းတွေ တည်ထောင် အာဏာဖီဆန်ခဲ့တဲ့ ဦးစိုးသိမ်း ဂျီစီဘီအေဘက်ကို မပါခဲ့ပါဘူး။

ဗမာလူထုရဲ့အသည်းနှလုံးကို ဆရာစံက သိမ်းကျုံးယူနိုင်တဲ့အခါကျတော့ ဦးစောဟာ ဂဠုန်သူပုန်တွေဘက်က အာပေါင်အာရင်းသန်သန်နဲ့ ပါခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေး အားသန်သလိုလို အယောင်ပြပြီး သူတည်ထောင်ခဲ့တဲ့ ဂဠုန်တပ်ဟာ သိပ်မကြာခင်မှာ ဒို့ဗမာအစည်းအရုံးဝင် သခင်တွေကို ဝါးရင်းတုတ်နဲ့ ရိုက်တာတွေပဲ လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီကို ယုံကြည်လှပါတယ်ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ ဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဖေ (ဦးစောရဲ့ ဆရာ၊ ၂၁ ဦးဂျီစီဘီအေ ခေါင်းဆောင်) တို့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သခင်တွေ ကျောင်းသားတွေ ထောင်ကျတာ သူ အာဏာရချိန်မှာ အများဆုံးဖြစ်ပါတယ်။ မျိုးချစ်စိတ်ထက်သန်လှပါတယ်ဆိုတဲ့ ဦးစောဟာ “လယ်သမား ဖိုးရွှေလုံးညည်းချင်း” “သခင်ဋီကာ” စာအုပ်တွေထုတ်ပြီး ဒို့ဗမာအစည်းအရုံးကို သိက္ခာချခဲ့ပါတယ်။ ဒါကြောင့် ဦးစော ဝန်ကြီးချုပ်ဖြစ်ချိန်မှာ ကျောင်းသားတွေက လွှတ်တော်အပြင်ကနေ သံပုံးတီး တောထုတ်ခဲ့ပါတယ်။

၁၉၄၆ စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရတက်လာချိန်မှာ ဗိုလ်ချုပ်က သူ့ကို ဝန်ကြီးရာထူး ပေးခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ပြင်းထန်လှပါတယ်၊ လွတ်လပ်ရေးအတွက် စိတ်အားထက်သန်လှပါတယ်ဆိုတဲ့ ဂဠုန်ဦးစောဟာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်တဲ့အခါ လက်မှတ်မထိုးဘဲ ၁၉၃၅ အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) ကိုပဲ လိုလားတယ်လို့ နယ်ချဲ့အင်္ဂလိပ်အကြိုက် လိုက်ပြောပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၄၇ ဖေဖော်ဝါရီမှာ ဝန်ကြီးရာထူးက ထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရ ဖဆပလအဖွဲ့ချုပ်ကို အတိအလင်း ဆန့်ကျင်လာခဲ့ပါတယ်။

လူမှုရေးပိုင်းကိုကြည့်ရင် ဂဠုန်ဦးစောဟာ မိန်းမကိစ္စဘက်မှာ မယားကြီးရှိနေပေမယ့် သမီးကို စာသင်ပေးတဲ့ ဆရာမနဲ့ ရှုပ်ခဲ့တာ၊ ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်ကျနေတုန်း ဂျာမန်မတယောက်နဲ့ ညားခဲ့တာ၊ ဗမာပြည်ပြန်ရောက်ပြီးတော့ (၁၀နှစ် သမီးကတည်းက အိမ်မှာခေါ်ထားခဲ့တဲ့) (၁၉) နှစ်အရွယ် တောင်တွင်းကြီးသူ အိမ်ဖော်မလေးနဲ့ ကလေးတယောက် ရတဲ့အထိ သောင်းကျန်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီ (၃) ယောက်ကတော့ မီဒီယာတွေထဲ ဟိုးလေးတကျော် ဖြစ်လာခဲ့ပေမယ့် သူဖျက်ဆီးခဲ့တဲ့ တခြားမိန်းကလေးငယ်တွေ အများကြီး ရှိပါသေးတယ်။

ဒီအချက်တွေကို သမိုင်းလှန်နေရတာက ဒီကနေ့မှာလည်း ဂဠုန်ဦးစောလို လူမြင်ကောင်းအောင် ဟိတ်ဟန်ထုတ် ညာဝါးလှည့်ဖျားပြီး ရာထူးအာဏာ ချမ်းသာစည်းစိမ် ဂုဏ်ရှိန်ကျော်ကြားမှု သုံးမျိုးစလုံးကိုဖြစ်စေ၊ တမျိုး သို့မဟုတ် နှစ်မျိုးကိုဖြစ်စေ သဲကြီးမဲကြီး လိုက်နေသူတွေ ပြည်တွင်းပြည်ပ တော်လှန်ရေးအဝန်းအဝိုင်း အတိုက်အခံအဝန်းအဝိုင်းထဲ ရှိနေတဲ့အတွက် အားလုံးကို တပ်လှန့်တဲ့အနေနဲ့ ဂဠုန်ဦးစောအကြောင်း ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဂဠုန်ဦးစောခေတ်တုန်းက သူဘယ်လိုပဲ ဟန်ဆောင်လုပ်ပြခဲ့ပေမယ့် အင်မတန်ရိုးသားဖြောင့်မတ် အနစ်နာခံပြီး တိုင်းပြည်အတွက် တကယ်စွန့်လွှတ် စွန့်စားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရှိနေတော့ ဘယ်လိုမှယှဉ်မရ နေရာမရခဲ့ပါဘူး။ ဒါကြောင့်လည်း နောက်ဆုံးမှာ မိုက်မိုက်ရိုင်းရိုင်းနဲ့ လုပ်ကြံသတ်ဖြတ် နေရာလုဖို့ ကြံခဲ့တာဖြစ်ပါတယ်။ အခုခေတ်မှာလည်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အယောင်ဆောင် တော်လှန်ရေးသမားတွေ၊ အယောင်ဆောင် အတိုက်အခံတွေက ယှဉ်မရနိုင်လို့ စစ်အာဏာရှင်နဲ့ပေါင်းပြီး ယုတ်မာ ပက်စက်တာတွေ လုပ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝေးတဲ့ ပြည်ပအတိုက်အခံ နယ်ပယ်မှာလည်း ဂဠုန်ဦးစောလို အယောင်ဆောင် တော်လှန်ရေးသမားတွေ၊ အရေခြုံ ဒီမိုကရေစီသမားတွေ၊ အာဏာရူး တိုင်းရင်းသားခေါင်းဆောင်တွေ လူတွင်ကျယ်လုပ် ဖြီးဖြန်းလုပ်စားပြီး တော်လှန်ရေးကို ဖျက်ဆီးနေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ပမှာရော ပြည်တွင်း အတိုက်အခံနယ်ပယ်မှာပါ ဒင်းလိုလူစား သတိထားပြီး ပြတ်ပြတ်သားသား နှိမ်နင်းကြဖို့ အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။

(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင်လည်း ခွင့်လွှတ်ရန်မလို။)

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, July 13, 2010

ရာဇ၀တ်ဘေးက ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံက ရာဇ၀တ်ကောင်တွေကို အရေးယူအပြစ်ပေးကြပါစို့

ဖိုးဇော်(ဘာသာပြန်) | ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တာနာက မြန်မာနိုင်ငံစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်တဲ့ရာဇ၀တ်မှုတွေ ကျူးလွန်ဖွယ်ရာ ရှိနေတဲ့အကြောင်းနဲ့ အဲဒီလို နိုင်ငံတကာဥပဒေကို ဖောက်ဖျက် ကျူးလွန်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါကို ကျနော် သဘောတူပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ ချိုးဖောက် ကျူ:လွန်မှုတွေအပေါ် ကမ္ဘာကြီးက ယခင့်ယခင်နဲ့ မတူအောင် အာရုံစိုက်လာခဲ့ပါတယ်။ မြန်မာစစ်အာဏာရှင် သန်းရွှေကတော့ ဒါတွေကို ကမ္ဘာကြီးက မကြာခင် မေ့ပျောက်သွားစေဖို့ ရည်ရွယ်မျှော်လင့်ပြီး သူ့ရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်အောင် အရောင်တင်ပေးမယ့် ဟန်ပြရွေးကောက်ပွဲတရပ်ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေရဲ့ ရဲစွမ်းသတ္တိရှိစွာ ဦးဆောင်ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက် ကင်ဂျိနာဂါအိကို သတ်ဖြတ်ခဲ့မှုအပါအ၀င် အဲဒီ ဆန္ဒပြပွဲတွေအပေါ် မြန်မာစစ်အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွင်းမှုတွေက သူ့ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်အခါတုန်းကနဲ့မှ မတူအောင် ရှင်းရှင်းလင်းလင်း ပွင့်ကျသွားစေခဲ့တယ်။

နောက်ရှစ်လအကြာမှာတော့ နာဂစ်မုန်တိုင်းကြီးက မြန်မာပြည်ကို ဖြတ်သန်းတိုက်ခတ် ချေမွပစ်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီ မုန်တိုင်းဘေးဒုက္ခသည်တွေအပေါ် နိုင်ငံတကာရဲ့ စာနာထောက်ထား ကူညီမှုတွေကို မြန်မာစစ်အစိုးရက စောစောပိုင်းကာလမှာ လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ဒီစစ်အစိုးရရဲ့ လူသားမဆန်မှုကို ထင်ထင်ရှားရှား သက်သေပြခဲ့တာပဲဖြစ်တယ်။

တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ မြန်မာစစ်အစိုးရက ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်။ ထင်ရှားအရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင် အနည်းဆုံးတဦးလောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေကိုလည်း အလားတူ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းပြည်နယ်မှာ လူတွေအငတ်ဘေးဆိုက်ပြီး အတိဒုက္ခရောက်နေမှုအပေါ် အကြင်နာတရားကင်းမဲ့စွာ ဥပက္ခာပြုထားခဲ့တယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသားလူနည်းစု တွေကို ရှင်းလင်း သုတ်သင်ပစ်ဖို့ ဒီအစိုးရမှာ အစီအစဉ်ရှိနေတယ်ဆိုတာ ဖော်ထုတ်ပြသနေတာပဲဖြစ်တယ်။

ဒီအစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာ ကမ္ဘာကြီးအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ခံအခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဟားဗတ် ဥပဒေကျောင်းတော်ကြီးက “မြန်မာနိုင်ငံတွင်းက ရာဇ၀တ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။

အမေရိကန်တရားသူကြီး ပက်ထရီရှာဝဲလ်ဒ်၊ မွန်ဂိုးလီးယားက ဂန်ဇိုရစ်ဂွန်ဘိုဆူရင်၊ အင်္ဂလန်က ဆာဂျက်ဖရီနိုက်စ်ကျူစီ၊ တောင်အာဖရိကက တရားသူကြီး ရစ်ချက်ဂိုးလ်စတုန်းနဲ့ ဗင်နီဇွဲလားက တရားသူကြီး ပီထရို နစ်ကင်းန်တို့ အပါအ၀င် ကမ္ဘာတလွှားက ထင်ရှားအရေးပါတဲ့ ဥပဒေပညာရှင်အချို့ တာဝန်ယူကြီးကြပ်ပြုစုထုတ်ဝေခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်ဖောက်ဖျက် ကျူးလွန်တဲ့ အတိုင်းအတာအထိ ရှိနိုင်ကြောင်းနဲ့ အဲဒီ ကျူးလွန်ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း သုံးသပ်ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း တယောက်အနေနဲ့ ကျနော် ဒါကို သဘောတူပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တာဝန်ယူခဲ့စဉ်ကာလက အဓမ္မအလုပ်စေခိုင်းမှု၊ အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းကျင့်မှုကို စစ်လက်နက်တခုသဖွယ် အသုံးချမှု စတာတွေကို မြန်မာနိုင်ငံတ၀ှမ်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာမလိုတဲ့ အထောက်အထားတွေ ကျနော်ရရှိခဲ့တယ်။ အဲဒီအချိန်ကစလို့ နောက်ထပ်ရရှိတဲ့ အထောက်ထားတွေက ခိုင်မာသထက် ခိုင်မာလာနေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်း လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ရဲ့ အဆိုအရ ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသတွေမှာ ကျေးရွာပေါင်း (၃,၅၀၀) လောက် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေကိုလည်း လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးချခဲ့ကြတယ်လို့ ဆိုတယ်။ စစ်ရေး လိုအပ်ချက်အရ မိုင်းကွင်းတွေကို ရှင်းလင်းဖို့အတွက် မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရာ မိုင်းကွင်းတွေအတွင်း ကျေးရွာသားတွေကို ရှေ့ကနေ အတင်း အဓမ္မဖြတ်လျှောက်ခိုင်းပြီး လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခဲ့ကြလို့ မကြာခဏဆိုသလို ကျေးရွာသားတွေ အသက်ဆုံးရှုံးခဲ့ရတာတွေ ခြေတွေ လက်တွေ ပြတ်ခဲ့ရတာတွေ ရှိခဲ့တယ်။

ကျနော် မြန်မာပြည်က ထောင်တွေ တော်တော်များများကို ရောက်ခဲ့တယ်။ နှိပ်စက် ညှဉ်းပန်းမှုပုံစံမျိုးစုံကိုလည်း ကြားနာ သိရှိခဲ့ရတယ်။ ယခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော်လောက် မြန်မာအကျဉ်းထောင်တွေထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ရှိနေဆဲပါပဲ။ သူမဟာ လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ (၁၄) နှစ်ကျော်မျှ အထိန်းသိမ်းခံဘ၀နဲ့ နေနေရသူပါ။

မြန်မာနိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင် လူနည်းစုတွေအပေါ် ညှာတာထောက်ထားမှု လုံးဝမရှိပါဘူး။ ချင်းလူမျိုးနဲ့ ကချင်လူမျိုး တိုင်းရင်းသားအများစုပါဝင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အလားတူ ကရင်နဲ့ ကရင်နီလူမျိုး ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားရှိခိုးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီးခံရမှုအပါအ၀င် ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေခံနေရတယ်။ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို အတင်းဖြိုချ ဖယ်ရှားခိုင်းပြီး အဲဒီနေရာမှာ ဗုဒ္ဓဘာသာဘုရားပုထိုး စေတီတွေ တည်ခိုင်းတယ်။ ဒါတွေကို သေနတ်နဲ့ချိန်ပြီး အတင်းအဓမ္မ လုပ်ခိုင်းနေတာပါ။ မွတ်စလင် ရိုဟင်ဂျာတွေလည်း အလားတူ ဖိနှိပ်ခံနေရပြီး မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ခွင့်မရဘဲ ငြင်းပယ်ခံနေကြရတယ်။ ဒီလို ငြင်းပယ်ခံရတာကြောင့် သူတို့ဟာ သွားလာလှုပ်ရှားမှုနဲ့ လက်ထပ်ထိမ်းမြားမှုတွေမှာ အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ခံနေရပြီး ပညာသင်ကြားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးနေရတယ်။

ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီးသားပါ။ ကျနော့်မိတ်ဆွေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ရာဇူးမားလားလားက ဒီကျူးလွန်ဖောက်ဖျက်မှုတွေဟာ “နိုင်ငံရေးအရရော ဥပဒေအရပါ တာဝန်ရှိတဲ့ အမြင့်ဆုံး အာဏာပိုင်အဆင့်က ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီတွေကြောင့်သာဖြစ်တယ်” ဆိုတာကို ၁၉၉၆ ခုနှစ်ကတည်းက သုံးသပ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ နိုင်ငံတကာဥပဒေ ချိုးဖောက်နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်း တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံကို လူသားမျိုးတုံး သုတ်သင်မှု ရှိမရှိ စောင့်ကြည့်ရမယ့် နိုင်ငံတနိုင်ငံအဖြစ် စာရင်းသွင်းထားပြီး လူသားမျိုးတုံးသုတ်သင်မှု အန္တရာယ်ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံကို ဆူဒန်နိုင်ငံနဲ့အတူ အန္တရာယ်အရှိဆုံး နိုင်ငံ နှစ်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အလားတူပဲ သုံးသပ်အကဲဖြတ်ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် သတ်မှတ်ဖော်ပြထားပြီး လူနည်းစု အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ကလည်း တိုင်းရင်းသား လူနည်းစုတွေအပေါ် အန္တရာယ်ပြု ခြိမ်းခြောက်ခံနေရဆုံး နိုင်ငံ (၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်ထားပါတယ်။ ဖရီးဒမ်းဟောက်စ်အဖွဲ့ကတော့ မြန်မာနိုင်ငံကို “အဆိုးတကာ့ အဆိုးဆုံး” နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ နိုင်ငံတကာ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့တို့ကလည်း အလားတူ သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ “ရွေးကောက်ပွဲကိစ္စတွေ” နေရာယူ လွှမ်းမိုးနေမှုနဲ့အတူ သူ့ရဲ့စိုးမိုးအုပ်ချုပ်မှုအပေါ် တိုင်းရင်းသား လူနည်းစုတွေရဲ့ ဆန့်ကျင်တွန်းလှန်မှုမှန်သမျှကို လက်စတုံးချေမှုန်းပစ်ရေးဆိုတဲ့ သန်းရွှေရဲ့လုပ်ရပ်ကြောင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ပျံ့နှံ့တိုးပွားလာနေတဲ့ အချိန်အခါပါ။ ခုလိုအချိန်အခါမျိုးမှာ နောက်ထပ်အသက်တွေ မဆုံးရှုံးရခင်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် အရေးယူဆောင်ရွက်ဖို့လိုနေပါပြီ။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအပေါ် အရေးယူအပြစ်ပေးမခံရဘဲ လွတ်ကင်းမှုတွေ နေရာအနှံ့ရှိနေပါတယ်။ ဒီရာဇ၀တ်မှုတွေကို ပပျောက်သွားစေမယ့် အရေးယူဆောင်ရွက်မှုတွေလည်း ဘာတမှုမှမရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထောက်ခံတင်ပြထားချက်အပေါ် တုံ့ပြန်ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်စုအပေါ် ဖောက်ဖျက်ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ အကြောင်းရင်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာစစ်အစိုးရအပေါ် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို နိုင်ငံအားလုံးက လိုက်နာဆောင်ရွက်စေမယ့် အရေးယူပိတ်ဆို့မှုမျိုး ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။

မြန်မာစစ်အစိုးရဟာ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့်ရရှိနေခဲ့တာ နှစ်ကာလအလွန် ကြာညောင်းခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ဘာတခုမှ အရေးယူ အပြစ်ပေးမခံရဘဲ ရာဇ၀တ်မှုတွေ ဆက်လက်ကျူးလွန်နေမယ့် အခြေအနေမျိုးကိုတော့ ကျွန်တော်တို့ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။

မှတ်ချက်။ ။
၂၀၁၀ ခု ဇူလိုင် (၆) ရက်ထုတ် The Jakarta Post သတင်းစာပါ Yozo Yokota ၏ Challenge impunity in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

စာရေးသူ Yozo Yokota သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးရသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကုလသမဂ္ဂကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Thursday, July 1, 2010

မြန်မာစစ်ဗိုလ်ချုပ်သမီး သြစတြေးလျ ပြည်နှင်ခံရ

ဦးကျော်အောင်လွင် | မြန်မာစစ်တပ်က စစ်အရာရှိကြီးတဦးရဲ့ သမီးဖြစ်သူကို သြစတြေးလျ အစိုးရက မြန်မာနိုင်ငံ ပြန်ပို့ဖို့ တရားဥပဒေကြောင်းအရ စီစဉ်နေပါတယ်။ မြန်မာ့လေတပ်က ဗိုလ်မှူးချုပ်ဇင်ယော်ဟာ သြစတြေးလျ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ ပါနေတာကြောင့် သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သူ့ရဲ့ သမီးဖြစ်သူကို နိုင်ငံရင်း ပြန်ပို့ဖို့ကိစ္စ ဖြစ်လာတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

တပ်မတော်လေတပ်စခန်း ဌာနချုပ်မှူး တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မဇင်မွန်အေးဟာ ကိုယ့်ရဲ့ မိသားစု အချက်အလက် အမှန်တွေကို ဖုံးကွယ် ပြောင်းလဲပြီး သြစတြေးလျနိုင်ငံ အနောက်ပိုင်း ဆစ်ဒနီ တက္ကသိုလ်မှာ တက်ရောက်နေတာကို သြစတြေးလျ အာဏာပိုင်တွေက သိသွားတဲ့အကြောင်း၊ ဒီလို အခြေအနေတွေ ဖြစ်အောင် သြစတြေးလျရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အစိုးရကို မကြာခဏ တိုက်တွန်းခဲ့တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားတဲ့ ဘားမားကမ်ပိန်း သြစတြေးလျအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက ရှင်းပြပါတယ်။

“မြန်မာနိုင်ငံကလာတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေရဲ့ သားသမီးတွေက မိဘနာမည်တွေ ပြောင်းထားတာ ရှိတယ်၊ လိပ်စာတွေ ပြောင်းထားတာရှိတယ်၊ စသည်ဖြင့် သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေ ပြောင်းပြီးတော့ ဒီမှာလာပြီး ကျောင်းတက်နေကြတာ ရှိတယ်၊ စီးပွားရေး လုပ်နေကြတာ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ နောက်ကြောင်းကို လိုက်စုံစမ်းဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ ဒါပေမဲ့ အဲဒီ အခက်အခဲ ကြားထဲမှာပဲ ကျနော်တို့က သြစတြေးလျ အစိုးရကို ရအောင် ထောက်လှမ်း စုံစမ်းပြီး အရေးယူပါလားဆိုပြီး ကျနော်တို့က မကြာမကြာ သူတို့ကို ဆက်သွယ်ပြီးတော့ အမြဲတမ်း ဖိအားပေးပါတယ်။

“အဲဒီတော့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက ဆစ်ဒနီမြို့မှာရှိတဲ့ တက္ကသိုလ်ကြီးတခုမှာ ကျောင်းတက်နေတယ်။ အဲဒါကို သူတို့ သိသွားလို့ သြစတြေးလျ ထောက်လှမ်းရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့ ပေါင်းပြီးတော့ အခုလို ဖော်ထုတ်ပြီး အရေးယူတာပါ။”

၂၀၀၇ ခုနှစ်တုန်းက မြန်မာပြည်မှာ သံဃာတော်တွေ ဦးဆောင် ဆန္ဒပြခဲ့တဲ့ အရေးအခင်းနောက်ပိုင်း သြစတြေးလျ အစိုးရက မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စုစုပေါင်း ၄၁၈ ဦးကို သြစတြေးလျကို မလာရအောင် ပြည်ဝင်ခွင့် ဗီဇာတွေကို ပိတ်ပင်ထားပြီး သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်တာတွေကို လုပ်ခဲ့တာပါ။ အခု ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက သူ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ချေပခဲ့ပေမဲ့လည်း တရားရုံးက လက်မခံလို့ မြန်မာပြည် အမြန်ဆုံးပြန်ရေး ဒီကနေ့ပဲ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

“အကြောင်းပြတာက တရားရုံးမှာ ရင်ဆိုင်ပြီးတော့ သူ့မိဘနဲ့ သူနဲ့ ဘာမှမဆိုင်ဘူး၊ သဘောထားလည်း မတူဘူး၊ သူက ပညာသင်တဲ့ ကျောင်းသူပဲဖြစ်တယ် ဆိုပြီးတော့ သူ့အနေနဲ့ လူသားချင်း စာနာတဲ့ဘက်က လျှောက်လဲတာမျိုးတွေ ရှိပေမဲ့ တရားသူကြီးတွေက အဲဒီအပေါ်မှာ လက်မခံဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ပညာလာသင်ကြတယ်ဆိုတဲ့ နေရာမှာ ရိုးရိုးသားသား လာသင်တဲ့လူတွေကတော့ အားပေးရမှာပေါ့။

“သို့သော် မြန်မာပြည်သူတွေရဲ့ ချွေးနည်းစာတွေကို ခေါင်းပုံဖြတ်ပြီး ဒေါ်လာတွေကို သုံးဖြုန်း ပညာလာသင်နေတဲ့ ဗိုလ်ချုပ်သားသမီးတွေကျတော့ အစိုးရဘက်က လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအကြောင်းပြချက်နဲ့ သူတို့ကို ပြန်ပို့တာ ဖြစ်ပါတယ်။ ချက်ချင်း ထွက်သွားဖို့တော့ မပြောပါဘူး။ အမြန်ဆုံး ထွက်ခွာဖို့တော့ ပြောထားပါတယ်။ အချိန်တော့ သူတို့ ပေးပါလိမ့်မယ်။”
တကယ်တော့ အခု မဇင်မွန်အေးက သြစတြေးလျကနေ မြန်မာပြည်ကို ပြန်ပို့ခံရသူတွေထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ရှေ့မှာလည်း တချို့ ရှိခဲ့တဲ့အကြောင်း ဒေါက်တာမြင့်ချိုက ဆက်ပြီး ရှင်းပြပါတယ်။

“သူ့ရှေ့မှာ ၂ ယောက် ၃ ယောက် ရှိခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်သားသမီးတွေပဲ။ သူတို့ ကျောင်းတက်နေရင်းနဲ့ နောက်ဆုံး ပေါ်သွားတဲ့ အခါကြတော့ မြန်မာပြည်ကို ပြန်ပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းက ဖြစ်ခဲ့တာပါ။ အဲဒါမျိုးတွေ အများကြီး ရှိသေးတယ်ခင်ဗျ။ ကျနော်တို့ မြန်မာအသိုင်းအ၀ိုင်းကတော့ နီးစပ်ရာ နီးစပ်ရာ ထောက်လှမ်းစုံစမ်းပြီး အစိုးရကို အသိပေးနေတာပဲ။”

ဘားမားကမ်ပိန်း သြစတြေးလျက ဒေါက်တာမြင့်ချို ပြောပြသွားတာ ဖြစ်ပါတယ်။

တကယ်တော့ သြစတြေးလျနိုင်ငံ တခုတည်းက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေကို ပိတ်ဆို့ ဒဏ်ခတ်ထားတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေကလည်း ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ပင်ထားတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် အချက်အလက် အထောက်အထားတွေကို ဖုံးကွယ်ပြောင်းလဲပြီး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေထဲမှာ ၀င်ရောက် နေထိုင်နေကြတာတွေ၊ ပညာသင်ကြားနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေက မကြာခဏ ထွက်ပေါ်နေတာပါ။ ဒါပေမဲ့ ဖော်ထုတ်ဖို့ ခက်ခဲနေလို့ အရေးယူမှုတွေ ဖြစ်မလာသေးတာလို့ မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောကြပါတယ်။


source by :VOA

အပြည့်အစုံ ဖတ်ရန် ...

Wednesday, June 30, 2010

သာသနာရေးရုံး ၀န်ထမ်းများ အလုပ်ကြမ်း လုပ်နေကြရ

အောင်ထက် | ပုဂံမြို့၌ မကြာမီ တည်ဆောက်ပြီးစီးတော့မည့် “ဗုဒ္ဓဓမ္မ စင်တာ” လုပ်ငန်းခွင်သို့ သာသနာရေးဝန်ကြီးဌာန အမှုထမ်းအချို့အား စေလွှတ်ကာ ရုံးလုပ်ငန်းများနှင့် လျော်ညီမှုမရှိသော အလုပ်ကြမ်းများ ခိုင်းစေနေသည်ဟု သာသနာရေးဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ သာသနာရေးဦးစီးဌာန ၀န်ထမ်းများသည် ဗုဒ္ဓဓမ္မ စင်တာ လုပ်ငန်းခွင်သို့ သွားရောက် တာဝန်ထမ်းဆောင်ရန် ရုံးမိန့်ညွှန်ကြားမည်ကို စိုးရိမ်နေကြသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “အုတ်သယ်၊ မြေကြီးသယ်၊ အပင်စိုက်၊ ဆေးသုတ် အောက်ခြေသိမ်းအလုပ်ကြမ်း အကုန်လုပ်ခိုင်းတယ်။ ပုဂံမြို့ရဲ့ အပူဒဏ်က ပြင်း၊ ၀န်ထမ်းတွေလည်းဖြစ်တော့ အရမ်းပင်ပန်းကြတယ်။ ဘဲဥ တခြမ်းနဲ့ ထမင်းစားခဲ့ရတဲ့ရက်တွေက မနည်းဘူး။ အဲလို အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ကြာလာတော့ ကျန်းမာရေး ထိခိုက်လာတယ်” ဟု ပြောသည်။

ထို့အပြင် ရုံးဝန်ထမ်းတို့သည် တည်ဆောက်ရေးလုပ်ငန်းခွင်၌ အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများနှင့်တွဲ၍ အလုပ်ကြမ်းများ လုပ်ကိုင်နေရသည့်အပေါ်တွင်လည်း ၀န်ထမ်းများက စိတ်ပျက်နေကြသည်ဟု သိရသည်။

အဆိုပါ အခြေအနေများကြောင့် ပုဂံစင်တာ တည်ဆောက်ရေး တာဝန်ကျ သာသနာရေးဦးစီးဌာန အမှုထမ်းများသည် ကျန်းမာရေး၊ လူမှုရေး အကြောင်းပြချက်များဖြင့် ရန်ကုန်ရုံးသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးစားနေကြသည်ဟု သိရသည်။

ဗုဒ္ဓဓမ္မ စင်တာသည် နိုင်ငံတော်၏ စိုက်ထုတ်ကုန်ကျမှု၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ပုဂံမြို့၊ ပုဂံယဉ်ကျေးမှုနယ်မြေ၊ အာနန္ဒာဘုရားအနီးတွင် တည်ရှိကာ တည်ဆောက်ချိန် (၁) နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်သည်။

လုပ်ငန်းခွင်အား လက်ရှိ ဦးဆောင် တာဝန်ယူထားသူမှာ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ) ဦးမောင်နီ (ဒု -ဗိုလ်မှူးကြီး-ငြိမ်း) ဖြစ်သည်ဟု သိရသည်။

ဗုဒ္ဓဓမ္မ စင်တာအား လာမည့် ဇူလိုင် (၂၆) ရက်နေ့တွင် ဖွင့်လှစ်မည်ဟု သတ်မှတ်လျာထားသော်လည်း မည်သို့ အသုံးပြုမည်ကိုမူ ၀န်ထမ်းအများစု မသိရှိကြပေ။

အဆိုပါစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဦးစွာ တာဝန်ယူခဲ့သူမှာ သာသနာရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူး ဦးမင်းရွှေလွင် (ဗိုလ်မှူး-ငြိမ်း) ဖြစ်ပြီး ၎င်းအား ပြီးခဲ့သည့် (၄) လခန့်က နယ်ပြောင်းလိုက်ကြောင်း သာသနာရေးဝန်ထမ်းတို့ထံမှ သိရသည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Friday, June 18, 2010

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

ခက်ထန် | စစ်အစိုးရနှင့် အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများ၊ ဘာသာရေး အဖွဲ့အစည်းများ အကြား ရင်ကြား စေ့ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်နေမှုကို အာဆီယံနှင့် နိုင်ငံတကာက အသိုင်းအဝိုင်းက ပံ့ပိုးကူညီကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့ (The Elders) က တိုက်တွန်းကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ - theelders.org)

“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားသည်။

ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။


The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားက ၂၀၀၇ တွင် စတင် တည်ထောင်ခဲ့ပြီး သြဇာ တိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနား ကလည်း ကြေညာချက်တစောင်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂမှ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အနေဖြင့် မြန်မာ အစိုးရကို တိုက်တွန်းလိုကြောင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ကင်တားနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကင်တားနား၏ တိုက်တွန်းချက်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက် မရှိ လွှတ်ပေးရန် ထပ်မံ တိုက်တွန်းထားသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူမှုကွန်ရက် Face Book စာမျက်နှာ (http://www.facebook.com/fcoburma) တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအတွက် စကားလက်ဆောင် လာရောက် ရေးသားကြပါရန်လည်း ဖိတ်ခေါ်ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ ဆိုင်ရာ အခမ်း အနားကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။


source by :ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ မပျက်ရေးနှင့် ကြံ့ဖွံ့ပါတီအား ၀န်းရံရေး နအဖ ချမှတ်

ပေါက်ပေါက် | ပြီးခဲ့သည့်မေလအတွင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် တိုင်းမှူး၊ တပ်မမှူးများ၏ ၂ဝ၁ဝ ပထမ လေးလပတ်အစည်းဝေးတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျောထောက်နောက်ခံ ပြုသွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။


ပြည်သာယာ စစ်ဆင်ရေး ညွှန်ကြားချက်ဟု အမည်ပေး ထားသည့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုင်းမှူး၊ တပ်မမှူးများသို့ ညွှန်ကြားချက်တွင် နိုင်ငံရေး တိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပသွားနိုင်ရေး၊ ကြံ့ဖွံ့ပါတီအား ကျောထောက် နောက်ခံပြု ဝန်းရံပေးရေး အတွက် ဖော်ပြထားသည်ဟု စစ်ဘက်သတင်း ရပ်ကွက်အရ သိရသည်။ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများကိုလည်း ရပ်ဆိုင်းထားကာ နောင်တက်လာမည့် အစိုးရသစ် လက်ထက်၌ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုကာလအတွင်း စစ်တိုင်းဒေသအတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် စီမံချက်များ ရေးဆွဲပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း စစ်ဘက်နှင့် နီးစပ်သူတဦးက ပြောသည်။

နအဖအနေဖြင့် ယခင် ဗိုလ်ချုပ်ကြီးနေဝင်း လမ်းစဉ်အတိုင်း ကျင့်သုံးနေပုံရပြီး ယခုကာလအတွင်း စစ်ရေးထက် နိုင်ငံရေးတိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပသွားရန်ရှိသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဗိုလ်နေဝင်းတုန်းကလည်း သန့်ရှင်းနဲ့ တည်မြဲကွဲတော့ တည်မြဲကို ကျောက်ထောက်နောက်ခံ ပြုခဲ့သေးတယ်၊ မဟန်တော့မှ ဖြုတ်ထုတ်တာတွေ လုပ်ခဲ့တာ။ ၁၉၇၄ တုန်းကလည်း စစ်ဗိုလ်ယူနီဖောင်းချွတ်ပြီး အာဏာယူခဲ့ကြတယ်။ အခုလည်း ဗိုလ်နေဝင်း လုပ်တဲ့အတိုင်း ဆက်လုပ်နေတာပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အာဏာရဖို့၊ အောင်မြင်စွာ ကျင်းပဖို့ လုပ်သွားမယ်။ ဒီကြားထဲ ငြိမ်းအဖွဲ့တွေကို ဖိအားပေးတာတွေ ဘာတွေ မလုပ်တော့ဘူး။ ကိုးကန့်ကို တိုက်ခဲ့တာ အခုချိန်အထိ တပ်မ (၃၃) ကို ပြန်မထုတ်နိုင်သေးဘူး။ တိုက်ပွဲဖြစ်ရင် ရွေးကောက်ပွဲနဲ့ အရမ်းကပ်နေပြီ။ ပြီးတော့ နိုင်ငံတကာနဲ့ တရုတ်ကြီးကလည်း နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်တာခိုက်တာကို မလိုလားဘူး” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နအဖစစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှူးများက ထူထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ နာမည်ပြောင်းထားခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်အား လက်ရှိ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်က တာဝန်ယူထားသည်။


source by
:NEJ

အပြည့်အစုံ ဖတ်ရန် ...

Tuesday, June 15, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂) ဦးအား ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့သည်။ အချိန်နှင့်ငွေဖြုန်းတီးသည့် အလုပ်ကို တားဆီး ထားသော်လည်း မလိုက်နာခြင်းကြောင့် ဟု ထုတ်ပြန်။

ဆိုမာလီ ဘောလုံးပရိသတ်(၂) ဦးအား ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခုမှ သတ်ဖြတ်ကွပ်မျက်ခဲ့သည်ဟု ဗြိတိန်သတင်းစာ Telegraph ၏ တောင်အာဖရိက အခြေစိုက် သတင်းထောက်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။



ယင်းပရိသတ်(၂)ဦးသည် မိုဂါ ဒစ်ရှူးမြို့အနီးရှိ ၄င်းတို့၏နေအိမ်တွင် နိုက်ဂျီးရီးယားနှင့် အာဂျင်တီးနားပွဲ ကြည့်ရှု နေချိန်တွင် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခု (အယ်လ်ရှာဟတ်) ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၄င်းတို့နှင့်အတူ အခြား (၁၀)ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၄င်းတို့(၂)ဦးမှာမူ ခုခံကာကွယ်မှုများ ပြုလုပ်သဖြင့် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပရိသတ်(၂)ဦး၏ ကိုယ်ရေး အချက်အလက်များနှင့် ပတ်သက်၍ လုံးဝရရှိခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

ဆိုမာလီနိုင်ငံ၏ မြို့များစွာကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိချေ။ အယ်လ်ရှာဟတ် အဖွဲ့အစည်းကသာ စိုးမိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုသူများကို မိမိတို့ အပြစ်ပေး အရေးယူမည်ဟုလည်း ကြိုတင် ကြေညာထားသည်။

နိုင်ငံသားအားလုံးကို မြင့်မြတ်သည့် ဘာသာရေးအလုပ်ကိုသာ ပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။ ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှိတ်မိုဟာမက်အဒီအာရို့စ် က 'ကျွန်တော်တို့က ဆိုမာလီမှာရှိတဲ့ လူငယ်အားလုံးကို ကမ္ဘာ့ဖလားပွဲတွေ မကြည့်ဖို့ သတိပေးထားပြီးသားပါ။ ဒါဟာ တကယ်တော့ ငွေနဲ့အချိန်ကို ဖြုန်းတီးတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တားမြစ်မှုကို မလိုက်နာလို့ ဒဏ်ခတ်ခဲ့တာပါ'ဟု ထုတ်ပြန်ခဲ့သည်။ ယင်းနေ့မတိုင်မီ တစ်ရက်ဖြစ်သည့် သောကြာနေ့က ဂျာမနီနှင့်သြစတြေးလျတို့ ကစားသည့်ပွဲတွင်လည်း ဆိုမာလီ ပရိသတ်(၃၀)ခန့်မှာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။ ဆိုမာလီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုရန် အသက်အန္တရာယ် လုံခြုံသည့်နေရာမှာ တစ်နေရာသာရှိပြီး အင်အားချိနဲ့သည့် အစိုးရမှ ထိန်းချုပ်ထားသည့် ဒါမူကီရုပ်ရှင်ရုံ ဖြစ်ကြောင်း သိရှိရသည်။


source by :New-Eleven

အပြည့်အစုံ ဖတ်ရန် ...